နှလုံးခုန်သံ

အကြောင်းအမျိုးမျိုးကြောင့် ဆိုတာကြီးကြောင့်
မြန်မာပြည်ကိုပြန်ရောက်
ပိုးစုန်းကြူးလို မီးရောင်အောက်
မျက်ရည်တွေကို သောက်နေရပြီ …
အံကိုကြိတ်ပြီး မျိုချနေရတဲ့
ခံစားချက်ပေါင်းများစွာက
ကျနော်ရန်ထဲမှာ ရန်ကုန်မိုးလို
ဘယ်လိုကြီးမှန်းမသိ နေရခက်လိုက်တာ …
ရင်ဘက်ထဲကခံစားတတ်တဲ့အရာကြီး
အပြင်ကိုထုတ်ပစ်လိုက်ချင်ပေမယ့်
အာဂျား အာဂျား ဝိုက်တင်း လို့
အားပေးတတ်တဲ့ ချစ်သူလေးကြောင့် ဖြစ်တာမို့
ထုတ်မပစ်နိုင်သလို ထုတ်မပစ်ရက်ဘူးလေ …
အစွမ်းအစရှိတဲ့ ပုဂ္ဂိုလ်တို့ရေ
ဖြစ်နိုင်မယ်ဆို တစ်လလောက်
ဒါမှမဟုတ်တစ်ပတ်လောက် ဒါမှမဟုတ် တစ်ရက်လောက်
ဒါမှမတတ်နိုင်ရင် တစ်နာရီလောက်တော့
အတူတူနေနိုင်အောင် ဖန်တီးပေးပါလားဗျာ …
မသေချာတဲ့ မနက်ဖြန်များမှာ
ကျနော်တို့ ပေါင်းစည်းခွင့်
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
သေချာတာကတော့ ချစ်နေမယ်ဆိုတာပါပဲ …
ကျနော်တောင်ဒီလောက်ခံစားနေရရင်
အသည်းလေးကပိုခံစားရမယ်ဆိုတာသိနေလို့
သနားလိုက်တာ အသည်းလေးရာ …
အသည်းလေးရေ
ကျနော်တို့က
မချစ်လို့မှမဟုတ်တာ …
အသည်းလေးရေ
… … … …
… … … …
… … … …
ရပ်ကွက်ထဲမှာ…

ရပ်ကွက်ထဲမှာ ဆိုလို့ ကျနော်တို့နယ် ပြည်မြို့က ကာတွန်းဆရာ ကိုရွှေထူး (ပြည်) ရေးတဲ့ ရပ်ကွက်ထဲမှာ…ဗျာ ဆိုတဲ့ ကာတွန်း စာအုပ်တွေကို ငယ်ငယ်တုန်းက အရမ်းဖတ်ခဲ့တယ်ဗျ..။ ကိုရွှေထူးကတော့ (ပြည်) သားဆိုတော့ သိတဲ့အတိုင်း ပြည်မြို့ပေါ်က ရပ်ကွက်တွေဖြစ်တဲ့ ဆင်စု၊ န၀င်း၊ ရွာဘဲ၊ ကိုးသောင်း ၊ စတာတွေထဲက အဖြစ်အပျက်တွေကို ဟာသ ကာတွန်းတွေ ရေးတာပါ..။ သူကာတွန်း စာအုပ်တွေ တော်တော် ပေါက်ပါတယ်..။ ဗွီဒီယို ဇာတ်လမ်း အဖြစ်ရိုက်ရတဲ့ အဆင့်ထိ ရှိပါတယ်..။ အင်း…ကျနော်တို့ ရပ်ကွက်ထဲမှာတော့…
ကျနော်တို့ ဒီရပ်ကွက်ထဲကို ရောက်လာတဲ့ အချိန်၊ ရပ်ကွက်ထဲမှာ မရှိတဲ့ အာရှသားဆိုလို့ ဂျပန်နဲ့ကိုရီးယားပဲ ရှိတာပါ..။ ကျန်တဲ့ အာရှသားမှန်သမျှ ရပ်ကွက်ထဲမှာ အကုန် ရှိပါတယ်..။ ကကြီးကနေ အ အထိကို ရှိတာပါ..။ က ကြီး (ကမ္ဘောဒီးယား)၊ အ (အင်ဒိုနီးရှား) အဆုံး ဆိုပါတော့..။ အို အကုန်ရှိတယ် ဆိုပါတော့ဗျာ…။ ရပ်ကွက်လေးက မြို့ထဲနဲ့ ၁၀ မိနစ်လောက် ကားစီးရတယ်..။ အများစုကတော့ ရွှေတွေ ပါပဲ..။ တခါတလေဆို ကိုယ့်ကိုကိုယ့်တောင် သူများနိုင်ငံ ရောက်နေတယ် ဆိုတာ မေ့မေ့နေတယ်..။ မနက်မိုးလင်းပြီ ဆိုတာနဲ့ အန္တရာယ်ကင်း ပရိတ်တရားခွေ ဖွင့်သံ၊ မင်္ဂလာတေး ဖွင့်တဲ့အသံနဲ့ တကယ်ကို မြန်မာရပ်ကွက်ကြီး တစ်ခုဆိုပါတော့..။
အင်း ..အဲလောက်အစုံ ရှိပါတယ်ဆိုတဲ့ ရပ်ကွက်ထဲမှာ ရှားတာကတော့ မိန်းမပဲဗျို့..။ ရောက်စတုန်းကဆို ရပ်ကွက်ထဲမှာ မြန်မာ အန်တီကြီး (၃) ယောက်လောက်ပဲ ရှိတာပါ..။ သူတို့ကလဲ သူတို့အမျိုးသားတွေနဲ့ လိုက်နေကြတာလေ.။ တရပ်ကွက်လုံး ယောကျာင်္းချည်းပဲ..။
ဒီလိုရပ်ကွက်ထဲကို မြန်မာမလေးတွေ အုပ်စု တခု ပြောင်းပြီး ရောက်လာကြတယ်…။ (၆/ရ) ယောက်လောက်တော့ ရှိမယ်ထင်တယ်…။ အဲ… ရောက်ပြီး (၃) လလောက် အတွင်းမှာ ပဲ မမ တို့တွေက အတွဲလေးတွေ ကိုယ်စီနဲ့ဗျ…။ အမ်မာ.. တချို့များဆို အလုပ်ထဲမှာ ဘဲဘဲက တစ်ယောက်၊ အလုပ်နားလို့ အပြင်တွေ ဘာတွေ သွားရင် ဘဲဘဲ က တစ်ယောက်နဲ့ ထောနေကြတာလေ။
အဲဒီအထဲမှာမှ တဖြည်းဖြည်းနဲ့ အနေကြာလာတော့ ဇင်မာ ဆိုတဲ့ ကောင်မလေးတယောက် တပိန်ပိန် တလိန်လိန် ဖြစ်လာတယ်…။ အလုပ်ဆင်း တရက် မဆင်းတရက် ဖြစ်လာတယ်..။ အနီးအနားက မြန်မာတွေလဲ ၀ိုင်းဝန်းပြီး တတ်နိုင်သမျှ ကူညီကြပေမယ့် ကောင်မလေးရောဂါက တဖြည်းဖြည်း ဆိုးလာတယ်..။ နောက်ဆုံးဆေးရုံ တင်လိုက်ရတယ်..။ ဆေးရုံ တင်တော့ရော.. များပြားလှတဲ့ ကုန်ကျစရိတ်တွေကို မတတ်နိုင်ကြပြန်ဘူး..။
မြန်မာပြည်က အခွင့်ထူးခံ လူတန်းစား တချို့သာ ဒီနိုင်ငံတွေကို ဆေးကုဖို့ လာနိုင်ကြပေမယ့် ကျနော်တို့လို အလုပ်လုပ်ဖို့ အတွက် လာရောက်ကြတဲ့ လူတွေ အတွက်ကြတော့ တကယ့်တကယ် ဖြစ်လာပြီဆိုရင် ကိုယ်နိုင်ငံ ကိုယ်ပဲပြန်ပြီး ကုသတာ အကောင်းဆုံးမို့ ဇင်မာကိုလဲ မြန်မာပြည်ကိုပြန်ပို့ပြီး ဆေးကုဖို့ ဆုံးဖြတ် လိုက်ကြတယ်။ ရပ်ကွက်ထဲမှာက သိတဲ့အတိုင်း မိန်းကလေး ရှားတော့ ဒီမြန်မာမလေးတွေ အဖွဲ့လဲ ရောက်လာရော သုံးလတောင် မခံပါဘူး..။ အားလုံး အတွဲတွေနဲ့ ချည်း ဖြစ်ကုန်တယ်လေ။
ဒီလိုနဲ့ ဇင်မာ တယောက်လဲ မြန်မာပြည် ပြန်သွားမှ မြန်မာ အန်တီကြီးတွေ ပြောပြလို့ သိရတာက ဒါဟာ သားအိမ် အပုပ်ဆန်တဲ့ ရောဂါ ပါတဲ့လေ..။ သိပ်မကြာပါဘူး.. ဇင်မာ တစ်ယောက်လဲ ရန်ကုန်က ဆေးရုံတစ်ခုမှာ ဆုံးတယ်…။ သူ ဆုံးတာတော့ မြန်မာပြည်…။ ထူးဆန်းတာက သရဲ အဖြစ် လာခြောက်တာက တော့ ဒီမှာပါ…။ သူနဲ့ တခန်းတည်း အတူနေတဲ့ အခန်းဖော် ချိုမာ ကိုဝင်းပူးကပ်ပြီး ပြောလို့အားလုံးက စိတ်မကောင်းဖြစ် ကြရတယ်လေ။ အလုပ်ထဲမှာလဲ ဟိုခုံကို ဒီကိုရွေ့၊ ဒီခုံကို ဟိုကိုရွေ့ လုပ်နေလို့ သူ့ရည်းစားခမြာလဲ တော်တော်လေး ကြောက်နေတယ်လို့သိရတယ်..။
တနင်္ဂနွေ ပိတ်ရက်တစ်ခု မှာတော့ ဘုန်းကြီးတွေ ပင့် တရားတွေ နာလိုက်လို့ ခုတော့ ဇင်မာ တဖြစ်လဲ သရဲမလေးလဲ မခြောက် နိုင်တော့ပါဘူး..။ ဒါတွေကတော့ ဒီ ရပ်ကွက်လေးထဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အချစ်ပုံပြင်လေးတွေထဲက တခန်းရပ် ပြဇာတ် တစ်ပုဒ်ပဲပေါ့…။ ခုလဲ နောက်ရောက်လာတဲ့ က ကြီးမလေးတွေကို ဖုန်းဝယ်ပေးတဲ့ လူနဲ့၊ ဆိုင်ကယ်နဲ့ အပို/အကြို့ လုပ်တဲ့ လူနဲ့ .. အင်း … ဘာတွေများ ဖြစ်လာ ကြဦးမှာပါလဲ နော်…။
လစာ ထုတ်ရက် ဆိုရင်တော့ ရပ်ကွက်လေးထဲမှာ ဖဲဝိုင်းတွေ တော်တော် ပေါပါတယ်…။ တကယ်ကို ချီးကျူးဖို့လဲ ကောင်းပါတယ်။ မအိပ်မနေနဲ့ ကို ရိုက်နိုင်တဲ့ သူတွေပါ..။ ဒါကြောင့် ရပ်ကွက်ထဲကို အလည်လာ ချင်လို့ ခဏခဏ ပြောနေတဲ့ သူငယ်ချင်း ဘလက် ကို ဆို အလည် မခေါ်ရဲ ဘူးလေ..။ (ဖဲဝိုင်းတွေ့ရင် ဘလက်က မထတတ်လို့ပါ)။ ကောင်မလေးတွေနဲ့ အမြဲ ပတ်ပတ်သတ်သတ် နေတတ်တဲ့ ချိုကျ တကောင်ကတော့ မင်းတို့ ရပ်ကွက်ထဲမှာ ကောင်မလေး ရှားတယ်ဆိုရင် ငါ အလည် မလာတော့ဘူး တဲ့လေ.. (တော်တော်ချစ်ဖို့ ကောင်းတဲ့ ကောင်)..။ ငွေတွေ ဘာတွေ အသုံးပြတ်သွား သလား…။ ဘာမှမပူနဲ့။ ရပ်ကွက်ထဲကိုလာခဲ့.. ဘဏ်ကဒ်ထဲမှာ ပိုက်ဆံမရှိလည်း ဘာမှမဖြစ်ဘူး..။ ဘဏ်ကဒ်တခုကို ရပ်ကွက်ထဲမှာ ၅၀၀ နဲ့ပေါင်လို့ရလို့လေ..။ ပေါ့ဆိမ့်တို့ ကျဆိမ့်တို့ လို အသုံးအဖြုန်းကြီးတဲ့ ကောင်တွေ အတွက်ကြတော့ အားဆေးတစ်ခွက် ဖြစ်ပေမယ့် ပုံမုန် လို ကပ်စေးနဲတဲ့ ကောင်က တော့ နှာခေါင်းရှုံ ရင်ဖိစရာ အချက်ပေါ့။
ဒီရပ်ကွက်လေးထဲမှာပဲ ပျော်ရွှင်ဖွယ် နေ့ရက်တွေ၊ စိတ်ညစ်ဖွယ် နေ့ရက်တွေ၊ စိတ်ဓာတ် တက်ကြွဖွယ် နေ့ရက်တွေ၊ မြောက်များစွာကို ဖြတ်သန်းလာခဲ့တာ ခုတော့ ရပ်ကွက်လေးနဲ့ ကျနော်ကတော့ တစိမ်းတွေ မဟုတ် ကြတော့ဘူးလေ..။ ကျနော် ကိုယ်တိုင်လဲ ဒီရပ်ကွက်လေးထဲ မှာပဲ နေထိုင်ရင်း ကျနော်ရဲ့ လက်ရှိနေ့ရက်တွေကို တစ်ရက်ခြင်း၊ တစ်ရက်ခြင်း ပုံမှန်ပဲ ဖြတ်သန်း နေခဲ့လိုက်တာ .. သြော်.. ခုတော့လဲ ကျနော် ဒီရပ်ကွက်သား လုံးလုံးကြီး ဖြစ်ခဲ့ပြီ ပေါ့ဗျာ..။
ကျွန်တော်နေတဲ့ ရပ်ကွက်ကလေးရဲ့ ပုံကို မြင်စေချင်လွန်းလို့ ခြင်ကိုက်ခံ တောတိုးပြီး တောင်ပေါ်တတ်၍ အမှတ်တရ ရိုက်ထား တာပါ။
မမေ့နဲ့နော်

မိုးကုတ်စက်ဝိုင်း အနောက်ဘက်ဆီသို့
လိမ္မော်သီးကြီး ပြုတ်ကျပြန်ပြီး
ပြုတ်ကြပြန်သော လိမ္မော်သီးကြီး
နောက်ထပ်ဘယ်နှစ်ကြိမ် မြင်ခွင့်ရှိမလဲ
မြင်ခွင့်ရှိမယ့် နောက်ထပ်အကြိမ်တွေ
တန်ဖိုးရှိစွာ အသက်ရှင်ပါ
အသက်ရှင်နေမှု့ တန်ဖိုးရှိဖို့
ဝင်လေထွက်လေ သိနေပါ
သိ၍နေသော ၀င်လေထွက်လေ
သံသရာခရီးအဆုံး နိဗ္ဗာန်ဆီ … မို့
မေ မ့ နဲ့ေ နာ်
google မှ ပုံလေးကို နည်းနည်း ပြင်ထားပါတယ် …
ကျောင်းသားဘ၀အမှတ်တရ ဖြစ်ရပ်လေးတစ်ခု
၂၀၁၀ ကမ္ဘာဖလား ဘော်လုံးပွဲကြီး ကတော့ တောင်အာဖရိက နိုင်ငံမှာ အောင်မြင်စွာ ကျင်းပပြီးစီး သွားပြီ။ မပြီးသေးတာက စံချိန်ပေါင်း များစွာနဲ့  စပိန်အသင်း ချန်ပီယံ ဖြစ်သွားပုံ၊ မထင်မှတ်ဘဲ ခြေစွမ်း ပြခဲ့တဲ့ ဥရုဂွေး အသင်း၊ လူငယ် ကစားသမား တွေနဲ့ အောင်မြင်ခဲ့တဲ့ ဟော်လန်၊ ဂျာမဏီ အသင်းတွေ၊ နာမည်ကြီး ထမင်းငတ် ဖြစ်သွားတဲ့ အင်္ဂလန်၊ ထင်သလို ဖြစ်မလာတဲ့ ဘရာဇီးနဲ့ အာဂျင်တီးနား၊ အာရှ အပြင်ဘက်မှာ အတိုင်းအတာ တစ်ခု အထိ အောင်မြင်ခဲ့တဲ့ ဂျပန်နှင့် တောင်ကိုရီးယားအသင်း၊ စသဖြင့် သတင်းတွေက ရပ်ကွက်ထဲ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ လူတွေ ပါးစပ်နဲ့ ရောက်တက်ရာရာ ကန်နေကြတဲ့ သတင်းတွေ ပါပဲ။ ၂၀၁၀ ကမ္ဘာ့ဖလား ကလဲ တော်တော် အောင်မြင်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ပုံရိပ်တွေ၊ ရှက်ကီရာ သီချင်းသံ တွေက အခုချိန်ထိ ကမ္ဘာ့ လူထု အတွင်းမှာ ပျံနှံစီးဆင်း နေတုန်းပဲ။ ရှက်ကီရာရဲ့  ကဟန်တွေ ကလဲ အခုထိ မျက်လုံးထဲက မထွက်သေးဘူး .. ဟီး.. ဟီး…. ။ ကမ္ဘာ့ဖလားပွဲရဲ့  အောင်မြင်ပုံကို တွေ့ ရတော့ ကျွန်တော်တို့ ငယ်ငယ်က ဘော်လုံးပွဲလေး တစ်ပွဲကို သွားသတိရမိတယ်။ အဲဒီအချိန်တုန်းက
န၀မတန်း(A)ခန်း အတွင်း သချာင်္ဆရာ ဦးသန့် ဇင် မလာသောကြောင့် ကျွန်တော်နှင့် ပုံမှန် နှစ်ယောက်က လွဲရင် ကျောင်းသားများ တစ်ယောက်မှ မရှိ။ ထုံးစံအတိုင်း ဆရာ မလာတာနဲ့ အားလုံး အပြင်ကို ရောက်ကုန်ကြပြီ။ ကျောင်းသားတွေ တစ်ယောက်မှ မရှိပေမယ့် ကျောင်းသူ တွေကတော့ ပေါချင်း သောချင်းပဲ။ တကယ်ပြောတာ ကျွန်တော်တို့ ကိုးတန်း (A)ခန်း ထဲမှာ ကျောင်းသား/သူ စုစုပေါင်း ၈၀ကျော် ရှိတဲ့ အနက် ကျောင်းသား အင်အားက ၂၂ယောက်ပဲ ရှိတယ် ဆိုတော့ ကျောင်းသူ အင်အား ဘယ်လောက်ရှိမယ် ဆိုတာ စာဖတ် ပရိသတ် ကြီးပဲ တွက်ချက်ကြည့် ပါတော့။ ပုံမှန်ကတော့ အခန်းထဲ ရှိတဲ့ ကျောင်းသူတွေကို ကျောင်းသားတွေ ခွဲယူဆိုရင်တောင် အကြမ်းဖျင်း တွက်ကြည့်တာတင် ကျောင်းသားတစ်ယောက်ကို ကျောင်းသူ သုံးယောက်လောက်တော့ ရတယ်လို့ ကျွန်တော့်ကို ပြောဖူးတာပဲ။ အတိအကျ သိချင်ရင်တော့ ပုံမှန့် ကို မေးကြည့်မှ သိမယ်။ ဒါတောင် န၀မတန်း မို့ နော်။ ဒသမတန်း ကျမှ ခွဲယူ ဆိုရင် ငါယောက်လောက် ရတယ်။ အားလုံး လူ ၉၀ လောက်ရှိတာ ကျောင်းသား အင်အားက ၁၅ ယောက်ပဲ ရှိတယ်။ ဒါတောင် တစ်ယောက်က တစ်လလောက် တက်ပြီး ကျောင်းပြောင်း သွားသေးတယ်။
အဲဒီလို ကျွန်တော်နဲ့ ပုံမှန် စကားကောင်း နေတုန်း မှာပဲ ကျွန်တော့် သူငယ်ချင်း ကိုဟိန်းနဲ့ တခြား ကျောင်းသားတွေ အခန်းထဲ ၀င်လာတာ တွေ့ ရသည်။ ကိုဟိန်းက အခန်းထဲ ၀င်လာရင်း ကျွန်တော်နဲ့ ပုံမှန်အား-
ဟေ့ကောင်တွေ ညနေ ဘောလုံးပွဲ ချိန်းပွဲ ရှိတယ်နော်။ နေ့ ခင်း ထမင်းစား ပြန်ရင် အကျီ င်္ဘောင်းဘီတွေ တခါထဲ ယူခဲ့ကြ
ဟု အော်ပြောသည်။ ဒါနဲ့ ကျွန်တော်က-
အေး… အေး… ယူခဲ့မယ်။ ဒါနဲ့ ဘယ်အခန်းနဲ့ ချိန်းလာခဲ့တာလဲ ဘယ်လောက်ကြေး ကန်မှာလဲ
ဟု ကျွန်တော်က ပြန်မေး လိုက်ရာ။ ကိုဟိန်းက-
ဘယ်အခန်းနဲ့ မှ မကန်ဘူး။ ဒီအခန်းထဲက လူတွေနဲ့ ပဲ ချိန်းထားတာ။ အခန်းထဲက လူတွေပဲ နှစ်ဘက်ခွဲ ကန်မှာ
ဟု ပြန်ဖြေရာ-
ကျွန်တော့်မှာ
ဟေ
ဟုသာ၊ တစ်လုံးတည်း ပြန်ပြောနိုင်သည်။ စာဖတ် ပရိသတ် ကြီးပဲ စဉ်းစားကြည့် ပါဦးဗျာ။အခန်းထဲ ကျောင်းသား ရှိတာမှ ၂၂ ယောက် အဲဒီ ထဲမှာမှ ပေါ့ဆိမ့်တို့ လို ဘော်လုံး ဆိုတာ စာထဲ သင်ဖူးလို့ သာ လုံးမှန်းသိပြီး စာပဲ တကုပ်ကုပ် လုပ်သလိုလိုနဲ့ ကောင်မလေးတွေနောက်ပဲ တကောက်ကောက် လိုက်နေတဲ့ ကောင်တွေက လေး၊ငါး၊ခြောက်ယောက်လောက် ရှိတယ်။ ဒါကို နှစ်ဘက်ခွဲပြီး ဘော်လုံးခွဲကန်မယ် ဆိုတော့ ကျွန်တော် နည်းနည်း မဟုတ်ဘူး တော်တော် အံသြ သွားသည်။
ညနေဘက် ကျွန်တော် နောက်ကျ နေသောကြောင့် ဘော်လုံးကွင်း အတွင်းရောက်တော့ ကျွန်တော်နောက်ဆုံး ဖြစ်သည်။ ကွင်းထဲမှာ လူတွေပင် ခွဲပြီး နေပြီ။ နှစ်ဘက် လူခွဲထား ပုံကို ကြည့်ပြီး ကျွန်တော် တော်တော် စိတ်ပျက်သွားသည်။ ကျွန်တော် သိလိုက်သည် ချိုကျနဲ့ အဘ တို့ တော့ လူလည် ကျပြီဆိုတာကို ကြည့်ဦးလေ လူခွဲထားပုံက ကိုဦး တစ်ယောက်က လွဲရင် သူတို့ ဘက်က အကုန် ဘော်လုံး ကန်တတ်သည်။ ကျွန်တော်တို့ ဘက်က ပေါ့ဆိမ့်၊ ရေနွေး၊ အောင်ကိုဝင်း၊ မာမွတ် တို့ ကို ကျွန်တော် ဒီအချိန်ထိ ဘော်လုံး ကန်တာ တစ်ခါမှ မတွေ့ ဘူးသေးပေ။ သူတို့ အသင်း ဘက်မှာက တခြား အသင်းတွေနဲ့ ချိန်းကန်ရင် first line-up ကန်သည့် ကစားသမား တော်တော် များများ ပါသည်။ ကျွန်တော်တို့ ဘက်မှာက နှစ်ယောက်၊ သုံးယောက်လောက်က လွဲရင် အရန်လောက် ထည့်ကန်သည့် ကစားသမားက များသည်။ နှစ်ဘက် ခွဲထားပုံက သူတို့  ဘက်က တော်တော်ကို သာသည်။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းကြီး ကိုဟိန်းက ရတယ် ဘာမှ မဖြစ်ဘူး ကန်သာကန် နိုင်နိုင်ရှုံးရှုံး ဆိုသဖြင့် ကျွန်တော်လဲ ဘာပြောရမှာလဲ ကန်ပေါ့။ သူက ပိုက်ဆံအများ ဆုံးစိုက်တာ ဆိုတော့ မပြောသာဘူးပေါ့။
ဘော်လုံးပွဲက မစသေးဘူး။ ဒါပေမယ့် ဒိုင်လူကြီးက ၀ီစီ တရွှီရွှီနဲ့  ဖြစ်နေသည်။ သူလဲ ဒိုင်လုပ်ရမည် ဆိုသဖြင့် တော်တော် ပျော်နေပုံ ရသည်။ ကျွန်တော်တို့  ဘော်လုံးကွင်း အနီးက အနှေးယာဉ်ဂိတ်မှ ဆိုက်ကားသမား တစ်ယောက်ကို အသပြာ အနည်းအကျဉ်း ပေးငှားထားခြင်း ဖြစ်သည်။ ဖီဖာ အသိအမှတ်ပြု မဟုတ်ပေမယ့် ကျွန်တော်တို့ အားလုံး အသိအမှတ် ပြုသည်။ ကွင်းထဲ ရောက်တော့ ကျွန်တော်တို့ ဘက်က ဖြစ်သလို ကြုံသလိုပင် ကိုယ်ကန်ချင်သည့် နေရာ ကိုယ်နေရာ ယူလိုက်တာပင်။ တဘက်အသင်းမှာတော့ နွားကြီး တစ်ယောက်ကတော့ ဟောင်ဖွာ ဟောင်ဖွာဖြင့် ပါးစပ်နဲ့  အရင် ကန်နေသံကို ကြားရသည်။
ဟေ့ကောင်တွေ မင်းတို့ ဘယ်နေရာက ကန်မှာလဲ၊ center back က ဘယ်သူလဲ၊ side back ကရော ဘယ်သူ ကန်မှာလဲ၊ စမ်းမင်းအောင် မင်းက attacking midfielder နော် ကွင်းလယ်ကို ကောင်းကောင်း ထိန်းချုပ်ပြီး ကစား၊ ချိုကျ မင်းက striker ဆိုတော့ ဂိုးရဖို့ က မင်းကိုပဲ အားကိုးရမှာ ကဲ… ကြိုးစားထားကြဟေ့
စသဖြင့် သူ့ ကိုယ်သူ ရွိုင်ကိန်း လိုလို၊ ဗီယာရာ လိုလို ဘာလိုလိုနဲ့ တကွင်းလုံး သူ့ ပါးစပ်နဲ့ အရင် ကန်နေသံက ဆူညံ နေသည်။ ဒါနဲ့ ကျွန်တော်က ပုံမှန်အား မေးငေါ့၍-ဟေ့ကောင် ဒီကောင်က ဘာလဲ ဆိုသည့် သဘောမျိုး မေးလိုက်ရာ ပုံမှန်က-
မသိဘူးကွ… ဒီကောင်က ပန်းတောင်းက ကုလားလေး တူလို့ တော့ ပြောတာပဲ။ အခုလဲ သူအရမ်း ကန်ချင်တယ် ဆိုလို့ အဘတို့ က ချိန်းပေးတာ ပြောတယ်။ ချိုကျ ကတော့ ဒီကောင် ကန်တာ တော်တော် ကောင်းတယ် ပြောတာပဲ။ ဒီကောင်ကလဲ ကွင်းထဲ ရောက်ကတည်းက ဘယ်လို ကန်လိုက်မယ် ညာလို ကန်လိုက်မယ် ခြေထောက် ဘယ်နှစ်ချောင်း ပါလဲနဲ့ ကြိမ်းမောင်း နေတာ ငါတောင် တော်တော် လန့် နေပြီ။
ဟု ပြန်ပြောသည်။ ကုလားလေး ဆိုတာက ပန်းတောင်းမြို့  ၀န်လို ရပ်ကွက်က ပဲခူးတိုင်း အထိ ပါသော ကျွန်တော်တို့ နယ်မှ နာမည်ကြီး ကစား သမား ဖြစ်သည်။ သူ့ တူ ဆိုတော့ ကျွန်တော်လဲ ဟုတ်လောက်မည် တော်တော် ကောင်းမယ်ပေါ့ ဟု တွေးလိုက်သည်။ ၀န်လို ဆိုတာကလဲ ကျွန်တော်တို့ နယ်မှာ နာမည်ကြီး ရပ်ကွက် ဖြစ်သည်။ ဒါကြောင့် ဒီကောင့်ကို သတိထား ရမယ်လို့ တွေးထား လိုက်သည်။
မိုးက တဖွဲဖွဲနဲ့  ရာသီဥတု ကတော့ ဘော်လုံးသမားများ အကြိုက် ဖြစ်သည်။ ဘော်လုံးပွဲ ကစပြီ ဆိုတာနဲ့  သူတို့ ဘက်က ကျွန်တော်တို့ အသင်းဘက်ကို တောက်လျှောက် ဖိကစားသည်။ ဖိထားတာမှ တော်တော်ကို ဖိတာ (အသက်ရှူတွေတောင် ကြပ်တယ် ဟဲ.. ဟဲ) အဲဒီ အချိန်မှာ ကျွန်တော်တို့ ဘက်က မထင်မှတ်ပဲ ခြေစွမ်းပြသော ကစားသမားများက ဘယ်သူမှ မထင်မှတ်သော ရေနွေး၊ အောင်ကိုဝင်းနဲ့  မာမွတ်တို့ ဖြစ်သည်။ နောက်တန်းက ကန်သော ရေနွေး၊ အောင်ကိုဝင်းနှင့် မာမွတ် တို့ အနားကို ပွဲချိန် ကြာလာတာနဲ့  အမျှ ဘယ်သူမှ မကပ်ရဲတော့ပေ။ ကမ္ဘာ့ဖလား ဖိုင်နယ်တွင် ဟော်လန် အသင်းကြမ်းသည်မှာ ဘာဟုတ်မှာလဲ ရေနွေး ဆိုရင် ခြေထောက်က တဘက် ရှေ့တန်း ခေါင်းပေါ် တွေမှာပဲ ၀ဲနေသည်။ မာမွတ်ဆိုရင်လဲ ခြေထောက်က ဓားစက် တပ်ထား သလိုပဲ သူဘော်လုံး ကန်လိုက်ရင် ဘော်လုံး ကန်သည့် အသံက ဘုန်းဘုန်းဆိုတဲ့ အသံ မထွက်ဘဲ ခြေထောက်ခြင်း ရိုက်သံ တဖြောင်းဖြောင်း ဆိုသည့် အသံကို သာကြားရသည်။ အောင်ကိုဝင်း ဆိုရင်လဲ သူတို့ ဘက်က အားထားရတဲ့ ဖြိုးကြီးကို ပြေးတိုက်လိုက်တာ ချုံထဲ ခေါင်းစိုက် နေလို့ မနဲ ဆွဲထုတ်လိုက် ရသည်။
ပြီးတော့ ပုံမှန်ကလဲ ကွင်းလယ်ကနေ ခြေစွမ်းပြ နေတော့ ကျွန်တော်တို့  အသင်းက သူတို့ အသင်းဖက်ကို သူတပြန် ကိုယ်တပြန် ကန်နိုင် လာသည်။ ပုံမှန်က ဘော်လုံး control ကောင်းသလို အလိမ်အလှည့်လဲ ကောင်းသည် (သူက လိမ်ရလို့  ကတော့ မိဘလဲ မထားဘူး)။ ဒါကြောင့် ပုံမှန်နဲ့ ကျွန်တော်တို့ အလယ်တန်း အတွဲက သူတို့ အသင်းဘက်ကို ကောင်းကောင်း ထိန်းထား နိုင်သည်။ ဒါပေမယ့် ကိုယ့်ကောင် အကြောင်းကို ကိုယ်သိတော့ ပုံမှန့် ကို အတင်းမောင်း ကစားနေရတယ်။ ဒီကောင်က နာမည်ကိုက ၁၅မိနစ် ပုံမှန်လေ။ ၁၅မိနစ်လောက်ကတော့ အရမ်းကောင်း လွှတ်ကောင်းပဲ ၁၅မိနစ် ကျော်သွားလို့ ကတော့ သူ့ အနား တစ်တောင်လောက် အကွာက ဘော်လုံး ဖြတ်သွားရင်တောင် မလိုက်တော့ဘူး ရပ်သွားပြီ သူ့ ဆီ ဘော်လုံး တည့်တည့် မလာလို့ ကတော့ မကစား တော့ဘူး ကွင်းထဲမှာပဲ မတ်တပ် ရပ်နေတော့တာ။ ဒီတော့ သူကုန် မသွားသေးခင် တဖက် အသင်းကို ကစားကွက် စီးထားနိုင်အောင် သူ့ ကို အတင်းမောင်း ကစား နေရတာ။ ၁၅မိနစ် ကျော်သွားရင် ဒီကောင်ကြီးက ကုန်သွားပြီ မောင်းမကောင်းတော့ဘူး (ပေကပ်ကပ် ဖြစ်နေပြီ)။
ဒီလိုနဲ့ ဘော်လုံးပွဲက ပွဲချိန် မိနစ်၂၀၊ ၃၀လောက် ရောက်လာတော့ နှစ်ဘက်စလုံး သူတင်ကိုယ်တင် အားသွန်ခွန်စိုက် ကစားတဲ့ အတွက် ပွဲက မြိုင်လာပြီး တော်တော် ကောင်းလာသည်။ အဲဒီ အချိန်မှာပဲ ကျွန်တော်တို့ ရဲ့ (ဆိုက်ကား ဆရာ) အဲလေ.. မှားလို့  ကွင်းလယ်ဒိုင်က ကျွန်တော်တို့  အသင်းဘက်ကို ပင်နယ်တီ ပေးလိုက်တယ်။ ပေါ့ဆိမ့်လေ ကွင်းထဲမှာ တောင်ပြေးလိုက် မြောက်ပြေးလိုက် ဘော်လုံးနဲ့  ခြေထောက် တစ်ချက်မှ မထိရသေး ပေမယ့် ကျွန်တော်တို့ အသင်းရဲ့ ဂိုးစည်း ၁၈ကိုက်ထဲမှာ လက်နဲ့ ထိလို့ ပေးလိုက် ရတာ။ အဲဒီမှာ ပြသနာက စတာပဲ ကျွန်တော်တို့ ဘက်က ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေနဲ့ ကမ္ဘာ့ဖလား ပွဲတွေထဲကလို ဒိုင်ကို တွန်းထိုးပြီး အသဲအသန် စောဒက တက်တာပေါ့။ ကျွန်တော်တို့ က ဒါပြိုင်ပွဲ မဟုတ်ဘူး ကြေးစားကန်တာ ဖြစ်တဲ့ အတွက် ပင်နယ်တီ ဆိုတာ မရှိဘူး.. ဘာညာ.. ဆိုပြီး ၀ိုင်းပြော ကြတာပေါ့။ ဒါပေမယ့် ကိုရွှေဒိုင်လူကြီးက မရဘူးဗျို့  ကမ္ဘာ့ဘော်လုံး အဖွဲ့ ချုပ် ဖီဖာ ဒိုင်လူကြီးတွေလိုပဲ ခေါင်းမာတယ်။ ကမ္ဘာကျော် ဒိုင်လူကြီး ကိုလီနာ အိုက်တင်နဲ့ ကျန်တာတွေ သူမသိဘူး ၁၈ကိုက်ထဲမှာ လက်ထိရင် ပင်နယ်တီပဲတဲ့။ တော်သေးတယ် သူ့ မှာ အနှေးယာဉ် ကဒ်က လွဲပြီး ဘာမှမပါလို့  နို့ မို့ အနားကပ်ပြီး အတင်းစောဒက တက်နေတဲ့ ကျွန်တော်တို့ ကို ကဒ်ပြပြီး ထုတ်ပစ် မလားပဲ။ ဒီလိုနဲ့ ကျွန်တော်တို့  ပင်နယ်တီ ပေးလိုက်ရရော။
ပင်နယ်တီကို ကန်ဖို့ သူတို့ ဘက်က နာမည်ကြီး ဘော်လုံးသမား ဖြစ်တဲ့ နွားကြီးက ဘော်လုံးကို အကျအန တည်တယ်။ ပြီးတော့ ဘော်လုံးကို ပြေးကန်လိုက်တာ-
ဘုတ် … ဆိုတဲ့ အသံနဲ့ အတူ -
ဟာ… ဟင်…
စောက်ရူး.. ဘော်လုံးကို ဘယ်လို ကန်လိုက်တာလဲ…
နွားကြီး ကတော့ လုပ်ပြီဟေ့…
ဆိုတဲ့ သူတို့ အသင်း ဘက်က အသံတွေနဲ့  ကျွန်တော်တို့ ဘက်က ၀မ်းသာအားရ ၀ိုင်းအော်လိုက်တဲ့ အသံတွေ တစ်ကွင်းလုံး ဆူညံ သွားသည်။ ဖြစ်ပုံက ဒီလို နွာကြီးက ဘော်လုံးကို မြက်ဖုတ်ပေါ်မှာ အကျအန တည်ပြီး ပြေးကန်လိုက်တာ အောက်က မြက်ဖုတ်ကြီးကို ပြေးကန်မိပြီး ဘော်လုံးက ဖြည်းဖြည်းလေး လိမ့်သွားလို့ ဂိုးသမားက အသာလေး ကောက်ယူလိုက်တော့ နွားကြီးကို ၀ိုင်းဆဲ ကြတာပေါ့။ ချိုကျဆို တောက်တခေါက်ခေါက်နဲ့ -
အဘရာ…ဒါကြောင့် ငါ ကန်ပါမယ်လို့ ပြောတာ ဘာမဟုတ်တဲ့ back ခြေနဲ့ ကောင် သွားကန်ခိုင်းတယ်
ဘာညာနဲ့ ဒေါသတကြီး အဘကို ရန်တွေ့ တယ်။ သူ့ မကန်ခိုင်းလို့  စိတ်ကောက်နေတဲ့ သူ့ အတွက် ပြောစရာ ဖြစ်သွားတာပေါ့။ ဟဲ.. ဟဲ.. ချိုကျက အဲဒီလိုပဲ သူလုပ်ချင်တာ မလုပ်ရရင် စိတ်ကောက် တတ်တယ် (နှာမှုတ်သံကြီး တရှူးရှူးနဲ့  … )။
ဘော်လုံးပွဲက တဖြည်းဖြည်းနဲ့ ပွဲအရှိန်က မြင့်လာတယ် ဘော်လုံးက ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်နဲ့ ပွဲက မြန်လာတော့ ကျွန်တော်တို့ ကိုရွှေဒိုင်လူကြီးက မောလာပြီ သိပ်မလိုက်နိုင်တော့ဘူး ကွင်းလယ်မှာပဲ ရပ်နေပြီ။ ဒီတော့ ဂိုစည်းကျော်တာ ဘေးလိုင်းစည်း ကျော်တာတွေ၊ လက်ထိဘောတွေ၊ နောက်တွေက ဖြတ်ကန်တာတွေကို မမြင်တော့ဘူး။ ဒိုင်မမြင်တော့ စည်းကျော်ရင်လဲ မကျော်သေးဘူး၊ စည်းမကျော်သေးရင်လဲ ကျော်သွားပြီနဲ့ ငြင်းခုန်ပြီး တစ်ယောက်နဲ့ တစ်ယောက် တင်းပြီး ပွဲက ကြမ်းလာသည်။ ဒီတော့ တာဝန်မကျေတဲ့ ဒိုင်ကို ပြသနာ ၀ိုင်းရှာ လာကြသည်။ ဒီလိုနဲ့ ဆက်ကန်ကြရင်း ပုံမှန်က သူ့ ဆီလာတဲ့ ဘော်လုံးကို အသာလေးဖမ်းလိုက်တာ လက်နဲ့ သွားထိသည်။ ဒါပေမယ့် ဒိုင်က မမြင်လိုက်ဘူး။ တဖက်အသင်းက လူတွေက ၀ိုင်းအော်ကြတယ်-
လက်ထိ… လက်ထိဘော..
ဆိုပြီး လက်ထိဘော တောင်းတယ်။ ဒါပေမယ့် ပုံမှန်က ခပ်တည်တည်ပဲ ဒိုင်မှ မမြင်တာ-
ဘယ်မှာထိလို့ လဲကွ… ဒိုင်ရှိတယ် ဒိုင်ပြောလိမ့်မယ် - လို့ ပြန်အော်တော့ ချိုကျက -
ဟေ့ကောင်.. မင်း မငြင်းနဲ့ မင်းလက်နဲ့ ထိတာ ငါသေသေချာချာ တွေ့ တယ် - လို့ ပြောတော့ ပုံမှန်က-
ဘာဖြစ်လဲ မင်းမြင်တာ အကျုံးမ၀င်ဘူး။ ဒိုင်ပြောလိမ့်မယ် ဒိုင်ရှိတယ် ဒိုင်ကွ အလကား ခန့် ထားတာ မဟုတ်ဘူး။ ဒိုင်၊ ဆိုက်ကားသမား မဟုတ်ဘူးကွ
လို့  ပုံမှန် အရပ်ထဲမှာ ပြောနေကျ စကား အတိုင်း ပြောလိုက်တော့ ချိုကျက-
ဟေ့ကောင် မင်း ဒိုင်လူကြီးက ဆိုက်ကားသမား ဆိုတာ တစ်ကျောင်းလုံး၊ တစ်မြို့ လုံး သိတယ်ကွ
လို့ ပြန်ပြောလိုက်တော့ ပုံမှန် ဘာပြန်ပြော ရမှန်းမသိ ဖြစ်သွားတယ်။ သူက ရပ်ကွက်ထဲ သာမန် ပြောနေကျ စကားကို ပြောလိုက်တာပဲ ဒါပေမယ့် ဒိုင်က တကယ် ဆိုက်ကားဆရာ ဖြစ်နေတော့ သူလဲ အကြံအိုက်သွား တာပေါ့။ အဲဒီမှာ ဒိုင်လူကြီးက ဒေါသတကြီးနဲ့ ပြောတော့တာပဲဗျို့ -
ဟေ့ကောင်လေးတွေ မင်းတို့ အကူအညီတောင်းလို့ လာကူညီတာကွ.. စေတနာနဲ့ လာကူညီတာ.. မဖြစ်စလောက် ငွေလေး ပေးပြီး လူကိုတော့ မစော်ကားနဲ့ ကွ။ ငါ့ဘာသာ ဆိုက်ကားနင်းလို့ ဆိုက်ကားသမား ဖြစ်တာ ဘာဖြစ်လဲ။ တော်ပြီ မင်းတို့ ဘာသာ မင်းတို့ ကန်ကြ ငါ ဒိုင်လုပ်မပေး တော့ဘူး။
လို့ အော်ဟစ်ပြောဆိုပြီး ဘော်လုံးကွင်းထဲက ထွက်သွား ပါလေရောဗျာ။ ဒီတော့ ကျွန်တော်တို့ လဲ ဒိုင်မပါပဲ ထပ်ကန်ကြ ရတာပေါ့ဗျာ။
ဒီလိုနဲ့ ဆက်ကန်ကြရင်း ကျွန်တော်တို့ ဘက်က တစ်ဂိုးစရတယ်။ ကျွန်တော် ကွင်းလယ်က နှစ်ယောက်လောက် လိမ်ပြီး ချပေးလိုက်တဲ့ ဘော်လုံးကို သူတို့ ရဲ့  center back က နွားကြီး ရှင်းထုတ်တာ ဘော်လုံးကို ချော်ကန်လိုက်တာ နောက်က ကပ်ပါလာတဲ့ ကိုဟိန်းက ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်သွင်းလိုက်တာ ဂိုးသွားတယ်။ ဂိုးသမား အဘ ဆိုတာ ဒေါသတကြီးနဲ့ နွားကြီးကို ပြောလိုက်တာများ ဆိုတာ-
ဟင်.. ဒါနဲ့ များ ဟိုမှာ ကန်လာတယ်.. ဒီမှာ ကန်လာတယ်နဲ့ ပါးစပ်က ကန်နေတာတော့ ချောနေတာပဲ။ တကယ်ကန်တော့ အဖြစ်ရှိအောင် မကန်နိုင်ဘူး။ သွား.. သွား.. မင်း ဂိုးပဲ သွားစောင့် အသုံးမကျတဲ့ကောင်
ဆိုပြီး အဘ တစ်ယောက် ဂိုးဖမ်းနေတာ ကနေ ရှေ့ကို တက်ကန်တယ်။ အဲဒီတော့မှာ သူတို့ ရှေ့တန်းက ကျွန်တော်တို့ နောက်တန်းကို နဲနဲခြိမ်းခြောက် လာနိုင်တယ်။ ညာဘက်ဝင်း ကနေ အဘတစ်ယောက် ဘော်လုံး ဆွဲလာ ပြီးနောက်တန်းလူ နှစ်ယောက်ကို လိမ်ပြီး ဖြတ်တင်လိုက်တဲ့ ဘော်လုံးက ဂိုးသမားကို ကျော်ပြီး ဂိုးရှေ့မှာ အသင့်နေရာ ယူထားတဲ့ ချိုကျ ရှေ့ကို တည့်တည့်ကျတယ်။ ချိုကျကလဲ သူ့ ဆီကို အနေတော်ကျ လာတဲ့ ဘော်လုံးကို အပိုင် ညာခြေနဲ့ ပိတ်ကန် လိုက်တာ ဘော်လုံး တစ်လုံးလုံးကို ချော်ကန်လိုက်တော့-
ဟာ…. အေး.. ဒါပေါ့ကွ..
ဂိုးးးးးးးးးးးး ဂိုးးးးးးးးးးးး
ဆိုတဲ့ အသံတွေ ဆူညံသွားတယ်။ ဖြစ်ပုံက ချိုကျ အပိုင်ပိတ် လိုက်တဲ့ ဘော်လုံးက ချော်တော့ ကန်လိုက်တာပဲ။ ဒါပေမယ့် ညာခြေနဲ့ အပိုင် ပိတ်လိုက်တာ ချော်ကန် မိပေမယ့် ဘယ်ခြေနဲ့ ထိပြီး ဂိုးဝင် သွားတယ်။ ချိုကျက အဲဒီလို အဆုံးသတ် သေချာတာ ဘော်လုံး ကန်ရင်လဲ ဘယ်တော့ ဖြစ်ဖြစ် ဂိုးရှေ့မှာပဲ နေတယ်။ တခါတခါ ဂိုးသမား ရှေ့တက်သွားရင် ဂိုးရှေ့မှာ သူတစ်ယောက်ပဲ ကျန်ခဲ့တာ။ မသိရင် ဂိုးသမားလိုလို ဘာလိုလိုနဲ့ ။ အခုလဲ သူက အမှန်တော့ ဘော်လုံးကို ချော်ကန်လိုက်တာပဲ။ ဒါပေမယ့် ဘော်လုံးက သူ့ ကိုထိပြီး ဂိုးဝင် သွားတာလေ။ ချိုကျတို့ က အဲဒီလိုကို အဆုံးသတ် သေချာတာ သိတယ် မဟုတ်လား.. ဟဲ… ဟဲ။
ဒီလိုနဲ့ တဖက် တစ်ဂိုးစီ သရေရလဒ်နဲ့  ပထမပိုင်း ပြီးသွားသည်။ ဒုတိယပိုင်း ပြန်စတော့ နှစ်သင်းစလုံးက သရေကျ နေလို့  ထိန်းကန် နေကြတာ ဆိုတော့ ပွဲက နဲနဲပြန်အေး သွားသည်။ ဒီနေ့ ပွဲမှာ သူတို့ ဘက်က ခြေစွမ်းပြနေတဲ့ အဘပဲ ခုနက အတိုင်း ညာခြမ်းကနေ ဆွဲလာပြီး ချိုကျဆီကို ထပ်ချိုးပေးလိုက်တဲ့ ဘော်လုံး ဒီတစ်ခါလဲ ဂိုးသမားကို ကျော်ပြီး ဂိုးထဲကို ကျတယ်။ ဒါပေမယ့် ဒီတခါ နောက်ကျနေတဲ့ ချိုကျက လျှောထိုးပြီး ပိတ်လိုက်တာ ဂိုးထဲသွား နေတဲ့ဘော်လုံးကို ကန်ထုတ်လိုက်သလို ဖြစ်ပြီး ဘော်လုံးက အပြင်ထွက်သွားသည်။ အဘဆိုတာ စိတ်ဆိုးလွန်းလို့ ဒေါသတကြီးနဲ့ ဆွေ့ ဆွေ့ ခုန်နေတာပဲ။ အခုနလေးတင် တဂိုးကန်သွင်းပြီး ဟီးရိုး ဖြစ်ခဲ့တဲ့ ချိုကျ တစ်ယောက် ချက်ချင်းကို ဇီးရိုး ပြန်ဖြစ်သွားသည်။ ဒီလိုနဲ့ ဘော်လုံးပွဲက သူတပြန် ကိုယ်တပြန်နဲ့ ပြန်မြိုင်လာသည်။ သူ့ ဘက်က ဖောက်လိုက် ကိုယ့်ဘက်က ဖောက်လိုက်နဲ့ ဂိုးရဖို့ တွေက ပိုပိုနီးစပ် လာသည်။ အဲဒီလို သူများတွေ အကြိတ်အနယ် ကန်နေတဲ့ အချိန်မှာ ပေါ့ဆိမ့်က ထဖောက်တယ်။ ဘယ်လို ဖောက်သလဲ ဆိုတော့ တဘက်အသင်း နောက်တန်းက ကန်တင်လိုက်တဲ့ ဘော်လုံးကို အကျီ င်္ကို အောက်ကနေ ဆွဲမပြီး လင်းပတ် ပိုက်ကွန်နဲ့ အောက်ကနေ ခံသလို ခံပြီး ဗိုက်နဲ့ ညှပ်ပြီး ဂိုးဆီ သယ်ပြေးလို့ မနဲ လိုက်ဆွဲရတယ်။ နှစ်ဘက်အသင်း ကစားသမားတွေ ၀ိုင်းအော်လိုက် ကြတာ ဆိုတာ တစ်ကွင်းလုံးကို ဆူညံသွားတာပဲ။ ကျွန်တော်က ပေါ့ဆိမ့်ကို အတင်းလိုက်ဆွဲပြီး-
ဟေ့ကောင်… ပေါ့ဆိမ့်.. ပေါ့ဆိမ့် မင်းဘာလုပ်တာလဲ -လို့ မေးတော့ ပေါ့ဆိမ့်က-
ဘာလဲ ဘာလဲ ဒီလိုလုပ်လို့ မရဘူးလားလို့ ပြန်မေးတော့ -
ကျွန်တော်မှာ ငိုရခက် ရီရခက် ဖြစ်ရတယ်။ ပြီးတော့ သူက ထပ်ပြောသေးတယ်-
ငါ ကိုရွှေထူး(ပြည်) ရေးတဲ့ ကာတွန်းထဲက ဆင်စုနဲ့ န၀င်းကန်တော့ ဒီလို ဆွဲတာ သတိရလို့ လုပ်လိုက်တာ
ဆိုတော့ ကျွန်တော် ဘာထပ်ပြော ရမှန်း မသိ ဖြစ်သွားရသည်။ ဒီလိုနဲ့ ကျွန်တော်တို့ ဖောင်းဘော ပေးရပြီး ထပ်ကန်ကြသည်။ ဒုတိယပိုင်း ရောက်လာပြီ ဆိုတော့ နှစ်ဘက်စလုံး အကြိတ်နယ်နဲ့ ပွဲက စိတ်လှုပ်ရှားဖို့ ပိုကောင်းလာတယ်။ သူတို့ ဘက်က အားထားရတဲ့ ချိုကျကို အရပ်အမောင်း တူတဲ့ ရေနွေးက အပိုင်ကပ်ထားလို့  ချိုကျတစ်ယောက်လဲ ဘာမှ လုပ်မရဘူး ဖြစ်နေသည်။ သူအားသန်တဲ့ ခေါင်းလဲ တစ်လုံးမှ အပိုင်မတိုက် ရဘူးဖြစ်နေတယ်။ ဒါတောင် သူက တချက်တချက် ၁၈ကိုက် ထိပ်ကနေ ကြုံရင်ကြုံသလို လစ်ရင်လစ် သလို ဘောပျောက်တွေ လှမ်းလှမ်း ကန်လို့ ချုံထဲကနေ ဘော်လုံးကို မနဲ ပြန်ပြန် ရှာနေရတယ်။
အဲဒီအချိန်မှာ မိုးက ပိုသည်း လာတော့ ဘော်လုံးကန်ရတာ သိပ်မမောတော့ဘူး။ ဘော်လုံးသမားတွေ အမောပြေသွားပေမယ့် ကွင်းက ချောလာတော့ ကန်ရတာ နဲနဲခက် လာတယ်။ ဂိုရှေ့ ၁၈ကိုက် ထဲမှာလဲ ရေက၀ပ် လာသည်။ နှစ်ဘက်အသင်း ဘော်လုံးသမားတွေလဲ မိုးရေထဲ ရွှံရေထဲမှာ အနိုင်ရဖို့ အတွက် ကြိုးစားနေရင်း လုံးထွေး နေကြတာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့ ဘက်က သူတို့ အသင်းဘက်ကို ထိုးဖောက်လာရင်း သူတို့ ၁၈ကိုက် စည်းထဲကို ရောက်လာတဲ့ ဘော်လုံးကို သူတို့ နောက်တန်းက နေထွန်းနဲ့ ကိုဟိန်းတို့ တွန်းထိုး ယှဉ်လုကြရင်း စင်ထွက်လာတဲ့ ဘော်လုံးက ခြောက်ကိုက်ထိပ်မှာ အသင့် နေရာယူ ထားတဲ့ ကျွန်တော့်ရှေ့ကို တည့်တည့် ကျလာသည်။ ကျွန်တော်ကလဲ ကျလာတဲ့ ဘော်လုံးကို နန်းစတော့ တန်းပြီး ကျုံးကန်တာ ဖြစ်ချင်တော့ အောက်ကနေ ကျုံးကန်တာ ဆိုတော့ ရွှံဗွက်ကို ကန်မိပြီးတော့ ဘော်လုံးက အဲဒီ နေရာကိုပဲ ပြန်ကျတယ်။ ဒါပေမယ့် ကျွန်တော် ကန်လိုက်တဲ့ ရွှံရေတွေက ဘော်လုံး ဖမ်းဖို့ ပြေးလာတဲ့ နွားကြီးမျက်နှာကို စင်ကုန်တော့ ရွှံတွေက မျက်စိတွေထဲ ၀င်ကုန်တယ်။ အဲဒီတော့မှ ကျွန်တော်က ဖမ်းမဲ့သူ မရှိတဲ့ ဂိုးထဲ ဘော်လုံးကို အသာလေး ကန်သွင်းပြီး အောင်ပွဲ ခံပစ်လိုက်သည်။ နွားကြီးကတော့ မျက်နှာကို လက်နဲ့ အုပ်ပြီး ဗွက်ထဲမှာ လူးနေတာပဲ။ ကျွန်တော်လဲ တမင်လုပ်တာ မဟုတ်တော့ ဘာမှ မတတ်နိုင်ဘူး။
ဒီလိုနဲ့  ကျွန်တော်တို့ ဘက်က ဦးဆောင်ဂိုး တစ်ဂိုး ရလိုက်သည်။ သူတို့ ဘက်ကလဲ တစ်ဂိုးပေးလိုက်တဲ့ အတွက် ကျွန်တော်တို့ ဘက်ကို အတင်းပြန် ထိုးဖောက် တိုက်စစ်ဆင် လာကြသည်။ ရေနွေးတို့ နောက်တန်း လူတွေကလဲ ကျောက်ဆောင် ကြီးတွေလို ကြံကြံခံ ခုခံ ကာကွယ်လို့ ပေါ့။ သူတို့ ဘက်က တိုက်စစ်ဆင် ထိုးဖောက်လာရင်း ထောင့်ကန်ဘော ကန်ခွင့် ရသည်။ ရေနွေးကလဲ သူတို့ ဘက်က အရပ်အမောင်း ကောင်းကောင်းနဲ့ ခေါင်းတိုက် ဂိုးသွင်းနိုင်ချေ ရှိတဲ့ ဖြိုးကြီးကို အသေကပ် ထားတာပေါ့။ အဲဒီလို သူတို့ တွန်းထိုးနေကြတုန်း အဘ ကန်တင်
လိုက်တဲ့ ဘော်လုံးက ဖြိုးကြီး ခေါင်းပေါ် တည့်တည့် ကျပြီး ဖြိုးကြီး ခေါင်းတိုက်ပြီး ဂိုးသွင်းလိုက်တာ ဂိုးထဲ ၀င်သွား ပါလေရော- ဖြိုးကြီးလဲ ၀မ်းသာအားရနဲ့ -
ဂိုးးးးးးးးးး ဂိုးးးးးးးးးးး
ဆိုအော်ပြီး အလံတိုင် ထောင့်ကို ပြေးသွားရင်း တခါတည်း ချုံပုတ်ထဲထိ ပြေးဝင်သွားသည်။ ကျွန်တော်တို့ လဲ ဒီကောင် ဘာဖြစ်ပါလိမ့်လို့ တွေးနေတုန်း ချုံထဲက ဖြိုးကြီး ခေါင်းလေး ပြူထွက်လာပြီး
ဘောင်းဘီ ဘောင်းဘီ ကျွတ်ကျန်ခဲ့ပြီ
လို့ အော်တယ်။ သြော်… အဲဒီတော့မှ တွန်းရင်းထိုးရင်း ဆွဲရင်း ဘောင်းဘီ အောက်လျှောကျ နေတာကို ဂိုးသွင်းပြီး ၀မ်းသာအားရ ပြေးရင်း ခြေထောက်နဲ့ ခတ်ထုတ်ခဲ့တာ ကျွတ်ကျန်ခဲ့တာလေ။ ဟင်း… ကံကောင်းလို့ ဘယ်သူမှ မမြင်လိုက်လို့  တော်သေးသည်။
ဒီလိုနဲ့ နှစ်ဂိုးစီ သရေကျ သွားတော့ အနိုင်ရချင်ဇောနဲ့ ကန်ကြတာ ပွဲက ပိုမြန်ပိုကြမ်း လာသည်။ ဒုတိယပိုင်း ပြီးဖို့ ကလဲ သိပ်မလိုတော့ဘူး ဆိုတော့ အနိုင်ရဖို့ နှစ်သင်းစလုံးက အသဲအသန် ကန်လာကြသည်။ ဘော်လုံးကလဲ ဟိုဘက်ဂိုးနား ရောက်သွားလိုက် ဒီဘက်ဂိုးနား ရောက်လာ လိုက်နဲ့ ပွတ်သီ ကာသီလေးတွေနဲ့ ရင်တဖိုဖို ဖြစ်နေကြတာပေါ့။ ဒီလိုနဲ့ ပွဲပြီးခါနီး အချိန်လေးမှာ ပုံမှန်တို့ ဂိုးရဖို့ အတင်းကြိုးစားလာသည်။ ဘော်လုံးက သူ့ ခြေထဲမှာ အနေများလာသည်။ နောက်ဆုံး မီးစာ ထတောက်တယ်ပဲ ပြောရမလားပဲ ပုံမှန်တစ်ယောက် လက်ကျန် ရှိသမျှ အားလေးထုတ်ပြီး တဘက် ကစားသမား သုံးယောက်ကို လိမ်ပြီး ကျွန်တော့်ကို ထိုးပေးလိုက်တဲ့ ဘော်လုံးကို ဖမ်းပြီး ကျွန်တော်ကလဲ တဘက်အသင်း ၁၈ကိုက်ထဲ အတင်း ဆွဲပြေးဝင်ပြီး ကန်မယ်လုပ်တော့ အရှိန်လွန်သွားလို့ တချက် ပြန်ခေါက်ပြီး အလိုက်သင့် ပြေးဝင်လာတဲ့ ကိုဟိန်းဆီကို အနေတော်လေး လှိမ့်ပေး လိုက်တော့ ကိုဟိန်းကလဲ အပိုင်ပြေး ကန်တာပေါ့။ ကျွန်တော်က အပိုင်ဂိုးလို့ တွက်ထားပေမယ့် ဘော်လုံး ရေဗွက်ထဲ ကျတဲ့အချိန်နဲ့ ကန်တဲ့အချိန်က ကွက်တိဖြစ်ပြီး ဘော်လုံးက ထိချက် မမှန်ဘဲ ဖွတ်ဆို ဂိုးသမားဆီ အသာလေး လိမ့်သွားတော့ ကျွန်တော်လဲ တော်တော် စိတ်ဓာတ်ကျ ခေါင်းခါပြီး နောက်ပြန် လှည့်ထွက်လာတဲ့ အချိန်မှာပဲ-
ဂိုးးးးးးးးးး ဂိုးးးးးးးးးးးး
လို့ ဝိုင်းအော်လိုက်တဲ့ အသံတွေ ကြားလို့ ကျွန်တော်လဲ အံသြပြီး နောက်ကိုလှည့် ကြည့်မိတော့ ဟုတ်တယ်ဗျာ ဂိုးနိုင်စရာ အခြေအနေ လုံးဝမရှိတဲ့ ဘော်လုံးက ဂိုးထဲရောက်နေပြီ။ ဖြစ်ပုံက ကိုဟိန်း ကန်လိုက်တဲ့ ဘော်လုံးက ပျော့ပျော့လေး သွားတာ ဂိုးသမား နွားကြီး ဖမ်းတာကလဲ အမှန်ပဲ။ ဒါပေမယ့် နွားကြီးက ဘော်လုံးကို ဖမ်းပြီးတဲ့နောက် ပဲများပြီး မြေကြီးပေါ်မှာ နှစ်ပတ်လောက် လှမ့်လိုက်တာ လူက ဘော်လုံး ပိုက်ရင်း တန်းလန်းကြီး ဂိုးထဲ ၀င်သွားလို့ ဂိုးသွားပါလေ ရောလား။ ဒီတော့ ကျွန်တော်လဲ -
ဂိုးးးးးးးးးး ဂိုးးးးးးးးးးးး
ဆို အော်ပြီး အော်ဟစ် အောင်ပွဲခံနေ လိုက်သည်။ ဟုတ်တယ် ဒါပွဲသိမ်း ဂိုးပဲလေ။ ဒီဂိုးလဲ ပြီးရော ပွဲလဲ ပြီးတာပဲ နောက်ဆုံးမှာ ကျွန်တော်တို့ အသင်းက သူတို့ အသင်းကို ၃ဂိုး ၂ဂိုးနဲ့  နိုင်လိုက်တာပေါ့။ ကျွန်တော်တို့ အနိုင်ဂိုးကို လက်ဆောင် ပေးလိုက် တာကတော့ နွားကြီးပဲပေါ့။
ကျေးဇူးပဲ နွားကြီးရေ
ဒီဘဝ နဲ့ ဒီမေတ္တာ

နှလုံးသား ပွင့်ခက်
ချစ်ရည်ဖွဲ့ အပြုံးတစ်စက်
ချစ်သူ့တွက် နှင်းဆက် …
တစ်သက်မှာ တစ်ခါ
သူ့အတွက်သာ ဒီမေတ္တာ
ခိုင်မြဲမယ့် သစ္စာ
ပြစ်ခွာရှောင်မပြေး
စိုးထင့်နစ်နာ ကြားလေသွေး
နှစ်ရှည်ကြာ ချစ်ရေး
အချစ်ကြွေး ကြမ္မာ
လောင်မြိုက်စေ တစ်ဘဝစာ
သူ့နားက မခွာ
မုသားတွေ ဘေးဖယ်
မြတ်ဘုရားထံ ဆုချွေမယ်
ကြင်သူ သိစေကွယ် …
ပုံလေးကို ဒီက ရှာ ယူထားပါတယ်.။
Lingoes Portable Dictionary
ဒီ Portable ဆော့ဝဲလေးက အသံထွက်နှင့်တကွ အသုံးပြုလို့ ရတဲ့ အဘိဓာန် ဆော့ဝဲလေး ပါ။ ဖိုင်ထဲက Lingoes.exe ကို Run ပါ။ ဆော့ဝဲလေးကို Run ထားရင် ပုံမှာ ပြထားတဲ့အတိုင်း Lingoes window လေးတတ်လာ ပါလိမ့်မယ်။ ကိုယ်ရှာချင်တဲ့ အင်္ဂလိပ် ဝေါဟာရ တစ်ခုကို အကျယ် ပြန်ရှင်း ပေးပါတယ်။

အသံကလစ်ကို နှိပ်ကြည့်ပြီး ကိုယ်ရှာတဲ့ စကားလုံးရဲ့ အသံထွက်ကို လည်း နားထောင် နိုင်ပါသေးတယ်။ ထိုပြင် ကွန်ပျူတာထဲက အင်္ဂလိပ် စကားလုံးကို ဖြစ်ဖြစ်၊ အင်တာနက်ပေါ်က စကားလုံးကို ဖြစ်ဖြစ် အဓိပ္ပာယ် သိချင်တယ် ဆိုရင်လည်း ကိုယ်သိချင်တဲ့ စကားလုံးကို ကလစ်ပေးပြီး Ctrl ကို နှိပ်လိုက်ရင် Lingoes က ချက်ချင်း အဓိပ္ပာယ် ပြန်ဖွင့်ပေးပါတယ်။ မိမိစက်က အင်တာနက် သုံးမထားရင် english to english ဘာသာ ပြန်ပေး ပါတယ်။ အင်တာနက် အွန်လိုင်း သုံးထားစဉ်မှာတော့ Text Translation ကို နှိပ်ပါက ဘာသာပေါင်း ( ၅၀ ) ကျော်ကို အပြန်အလှန် ရှာလို့ ရပါတယ်။

ခုကျွန်တော် ပြောတာတွေက Default style အတိုင်း ပြောလိုက်တာပါ။ အသေးစိတ် ကိုတော့ Help ထဲကို ၀င်ဖတ် နိုင်ပါတယ်။ Lingoes ကို Exit လုပ်ချင်ရင်တော့ gtalk တို့လိုပဲ မော်နီတာက Tool Bar မှာ Lingoes logo ကို Right ကလစ် နှိပ်ပြီး Exit လုပ်လို့ ရပါတယ်။
ဒေါင်းရန် ။ ။ 7.24MB
