Posts Tagged ‘ဆောင်းပါး’
ပခုက္ကူမြို့တစ်ဝိုက် လေပြင်းမုန်တိုင်း တိုက်ခိုက်

26-4-2010 ရက်နေ့ ညနေ (၄း၃၀)ခန့်မှ စတင်တိုက်ခဲ့သော လေမုန်တိုင်းကြောင့် မျက်နှာကျက်များ ပျက်စီးသွားပြီ
26-4-2010 ရက်နေ့က ပခုက္ကူမြို့တစ်ဝိုက် လေပြင်းမုန်တိုင်း တိုက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာခဲ့ပါတယ်.. လေပြင်းမုန်တိုင်းဒဏ်ကြောင့် နေရာစုံမှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်.. လေမုန်တိုင်း အမှန်တစ်ကယ် ပြင်းပြင်းထန်ထန်ကျခဲ့တာ အချိန်နည်းခဲ့ပေမဲ့သစ်ပင်တွေ ကျိုးကျပျက်စီးခဲ့ပါတယ်.. ဓာတ်တိုင်. မီးတိုင်တွေလည်း ကျိုးပဲ့ပျက်စီးခဲ့ပါတယ်.. လူနေအိမ်တွေလည်း အမိုးလန်ပြီး သွပ်ပြားတွေ လွင့်ထွက်ကုန်ပါတယ်.. မခိုင်တဲ့အိမ်တွေ ဆိုရင်လည်း ပြိုကျပျက်စီးတဲအထိ လေပြင်းခဲ့ပါတယ်.. လေပြင်းတိုက်တဲ့အချိန်သိပ်မကြာခဲ့ပေမဲ့ ပျက်စီးဆုံးရှုံးမှုကတော့ များခဲ့ပါတယ်.. တစ်ချို့က တစ်နာရီ မိုင်(၇၀)လို့ပြောပါတယ်. တစ်ချို့ကတော့ မိုင်(၆၀)လို့လည်းဆိုပါတယ်.. ကျွန်မတို့ရဲ့ရုံးလည်း အပျက်အစီးတော်တော်များပါတယ်.. ၀န်ထမ်းအိမ်ယာတွေလည်း ပျက်စီးခဲ့ပါတယ်.. ပခုက္ကူမြို့အလယ်ပိုင်းဒေသအနေနဲ့ ဒါဟာထမဆုံးအကြိမ် ကြုံဖူးတာဖြစ်ပါတယ်.. တစ်ခါမှ အခုလို မကြုံခဲ့သေးပါဘူး.. လူအနည်းအကျဉ်း သေဆုံးခဲ့ပါတယ်.. ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ပါတယ်.. နောက်ထပ် ဒါမျိုး (၂)ကြိမ်လာဖို့ရှိသေးတယ်လို့လည်း ပြောနေကြပါတယ်..ဖြစ်ခဲ့တာ (၂)ရက်ကြာပြီးခဲ့ပါပြီ.. အဲဒီ့နေ့ကတည်းက တင်ဖို့ရာ မီးမလာတာကြောင့် မတင်နိုင်ခဲ့ပါဘူး.. သတင်းတစ်ခုအနေနဲ့သာတင်လိုက်ခြင်းဖြစ်ပါတယ်.
ပျော်တာကို အပြစ်မပြောလိုပါ
ဆောင်းအကုန်နွေအကူးရောက်တာနဲ့ နှစ်ကူးနှင့်အတူ အတာသင်္ကြန်က ပုံမှန်ဆိုက်ရောက်လာသည်။ အတာသင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ဘာသာရေးပွဲတော်တစ်ခုဖြစ်သလို မြန်မာ့အလှ၊ မြန်မာ့ဟန်၊ မြန်မာ့ဓလေ့၊ မြန်မာ့အလှတွေကို ဖော်ကျူးလှစ်ဟပြတဲ့ နှစ်ကူးပွဲတော်တစ်ခုလဲ ဖြစ်သည်။ မြန်မာလူမျိုးတွေဟာ များသောအားဖြင့် ဒီအချိန် ဒီကာလကိုရောက်ရင် ဘယ်နေရာ ဘယ်ဒေသရောက်ရောက် မိဘဘိုးဘွားတွေကို ပြန်ကန်တော့ရင်း မိသားစုနှင့်အတူ သင်္ကြန်နေ့ရက်တွေကို ကုန်ဆုံးပစ်လေ့ရှိသည်။ဒါကြောင့်လဲ သင်္ကြန်ရောက်ရင် ရထားလက်မှတ်၊ ကားလက်မှတ်တွေ နှစ်ဆဈေးတက်တာတောင် ဝယ်ယူရခက်ခဲလို့ သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်ရလေ့ ရှိသည်။
ယနေ့ မျက်မှောက်ခေတ် သင်္ကြန်က သပြေခတ်နဲ့  ရေပတ်တာမဟုတ်တောင် ရေဖလားနဲ့ ရေလောင်းနေသေးသရွေ့ကတော့ မြန်မာမှု၊မြန်မာ့ဟန်၊ ချစ်စဖွယ်ဓလေ့စရိုက်တွေ မပျောက်ပျက်သေးပါဘူး။ မြန်မာလူမျိုးကို ယဉ်ကျေးသိမ်မွေ့ ပြီး အကြင်နာမေတ္တာတရား ကြီးမားတဲ့လူမျိုးစု အနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက လက်ခံထားခဲ့ကြသည်။ မြန်မာအမျိုးသမီးတွေကိုဆိုရင်လဲ မြန်မာ့ရိုးရာအဝတ်အစားနဲ့ အိနြေ္ဒသိက္ခာကြီးမားတဲ့ မိန်းမချော၊ မိန်းမလှတွေ အနေနဲ့လက်ခံထားခဲ့ကြသည်။ ကျွန်တော့်ရဲ့နိုင်ငံခြားသားမိတ်ဆွေတွေကဆိုရင် မြန်မာအမျိုးသမီးတွေမြင်ဘူးချင်တယ်လို့ အမြဲပြောလေ့ရှိသည်။ နောက်ပြီးရေကစားတဲ့ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော် အတာသင်္ကြန်ကိုလဲ စိတ်ဝင်စားကြသည်။ ထိုင်းသင်္ကြန်နဲ့ ဆက်စပ်ပြီးတော့ မြန်မာသင်္ကြန်ကို လူသိများကြသည်။
စင်ကာပူနိုင်ငံမှာလဲ မြန်မာတွေတဖြည်းဖြည်းများလာတာနဲ့ အမျှ နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန်ပွဲတွေ ပြုလုပ်ပြီး မြန်မာနှစ်ကူးပွဲတော်ကို ကျင်းပလေ့ရှိသည်။ ဟိုးအရင်နှစ်က စင်ကာပူနိုင်ငံရဲ့ မီဒီယာတစ်ခုဖြစ်တဲ့ TV 5 MEDIA CORP က စင်ကာပူနိုင်ငံမှာ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော် အတာသင်္ကြန်အကြောင်းကို penisula plaza အောက်ထပ်မှာ လာရောက်ရိုက်ကူးသည်။ ဒါပေမယ့် ဘယ်နေရာမှာဖြစ်ဖြစ် စုန်းပြူးတွေကပါသည်။ လူကြီးတွေက ရေမပက်ကြပါနဲ့ လို့  ဘယ်လိုတောင်းပန်ပြီး ပြောပြောမရဘူး အပေါ်ထပ်ကနေ ရိုက်ကူးနေတဲ့ လူတွေ၊ စက်တွေ၊ ပေါ်ကို ရေတွေလောင်းချသည်။ အဲဒီစည်းမဲ့ကမ်းမဲ့ လူတစ်စုကြောင့် မြန်မာ့ရိုးရာသင်္ကြန် မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိမဲ့အစီအစဉ် ပျက်ခဲ့ရသည်။
ဒီနှစ်သင်္ကြန်ကိုလဲ ပြီးခဲ့တဲ့တနင်္ဂနွေ (၄.၄.၂၀၁၀)ရက်နေ့ က city hall ကpenisula plaza အနီး ဘောလုံးကွင်းထဲမှာ ကျင်းပခဲ့သည်။ လူကြီးတွေက ဦးစီးပြီး အလုပ်ထဲမှာပဲ တစ်နှစ်ပတ်လုံး မွန်းကြပ်ပိတ်လှောင်နေတဲ့ စိတ်တွေလွတ်လပ်ပေါ့ပါးစေဖို့  မြန်မာနိုင်ငံက နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ချစ်ကောင်း၊ ရင်ဂို၊ R ဇာနည်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ စသည့်အဆိုတော်များအပြင် မင်းထက်ကျော်ဇင်၊ သက်မွန်မြင့် စသည့်သရုပ်ဆောင်များကိုငှားပြီး နှစ်သစ်ကူး အတာသင်္ကြန်ကို စည်စည်ကားကား ကျင်းပခဲ့တယ်။
ပြောစရာလေးရှိလာတာက အားလုံးပျော်ဖို့ လုပ်တဲ့ပွဲတော်ပဲ ပျော်ပါ ပျော်တာကိုအပြစ်မပြော လိုပါဘူး။ ဒါပေမယ့် အပျော်လွန်တာကိုတော့ နည်းနည်းဝေဖန်ချင်သည်။ လူငယ်တွေ သင်္ကြန်မှာ အသောက်အစားရှိတာ သဘာဝ ဆိုပေမယ့် မြန်မာနိုင်ငံ မဟုတ်ဘူးဆိုတာကိုတော့သိထားသင့်သည်။ မူးရူးကွဲပြဲပြီး လမ်းဘေးမှာမှောက်တဲ့အထိသောက်၊ ကိုယ့်လူမျိုးအချင်းချင်း ရန်ဖြစ်ပြီး ရဲအဖမ်းခံရတာကတော့ လွန်သွားပြီ။ တချို့ ဆိုရင် အပေါ်အင်္ကျီဗလာ ရွှံအလူးလူးနဲ့ မူးရူးပြီး အော်ဟစ်ဆဲဆိုနေတာ၊ အမူးလွန်ပြီး ရွှံတွေ တကိုယ်လုံးပေပွနေလို့  အိမ်အပြန် TAXI ကားတွေကတောင် ရပ်မပေးတာကတော့ သရုပ်ပျက်လွန်းသည်။
မင်းထက်ကျော်ဇင် သီချင်းဆိုတော့လဲ အော်ဟစ်ဆဲဆိုပြီး စင်ပေါ်ကနေ မောင်းချတာကတော့ နဲနဲလွန်သွားပြီ။ ရေခြားမြေခြား ကနေ တကူးတက လာဖျော်ဖြေတဲ့ အနုပညာရှင်တစ်ယောက်ကို ဒီလိုဆက်ဆံတာတော့ ရိုင်းသွားပြီ။ဒါဟာ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေလို့  ဘယ်လိုပြောမလဲ။ မြန်မာအမျိုးသမီးတွေ ဆိုရင်လဲ ရောမရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတာလက်ခံပါတယ်။ ဒူးပေါ်ပေါင်ပေါ်တွေဝတ်တာကို အပြစ်မပြောလိုပါဘူး။ ဒါပေမယ့် အိနြေကြီးပါတယ်ဆိုတဲ့ မြန်မာအမျိုးသမီးတွေ ဒူးပေါ်ပေါင်ပေါ်တွေ ဝတ်ပြီး အရက်မူးနေတာကတော့ လွန်သွားပြီ။
သင်္ကြန်ပွဲတော်လာတဲ့ မြန်မာအမျိုးသမီး တော်တော်များများ မူးနေတာကတော့ စိတ်ပျက်ဖို့ ကောင်းလှသည်။ တချို့ တော်တော်ဆိုးသည် အမူးလွန်နေသောကြောင့် အဖော်ပါလာသူများက လိုက်ထိန်းနေရသည်။ ကောင်မလေးတစ်ယောက်ဆိုရင် အရမ်းမူးနေသောကြောင့် ကောင်လေးဖြစ်သူကဘေးမှ တွဲထားရသည်။ အန်ထားတာလဲ တစ်ကိုယ်လုံး ပေပွနေသည်။ဘယ်မှာလဲ အိနြေကြီးပါတယ်ဆိုသော မြန်မာအမျိုးသမီးတွေ၊ ဒါဟာယဉ်ကျေးသိမ်မွေ့ တဲ့မြန်မာအမျိုးသမီးတွေပါလို့ နိုင်ငံခြားသားတွေကို ဘယ်လိုပြောရမလဲ။ အားလုံးကို မဆိုလိုပါ။ တချို့ တချို့ သော လူများကို ပြောခြင်းသာဖြစ်သည်။ပျော်ပါ ပျော်တာကို အပြစ်မပြောလိုပါ။ နဲနဲတော့ ဆင်ခြင်ပေးပါ။
မိမိအပြုအမူကြောင့် လူမျိုးဂုဏ်၊ ယဉ်ကျေးမှုကို မထိခိုက်စေရန်နှင့် တခြားလူမျိုးများရဲ့  အထင်မြင်သေးမခံရစေရန် မိမိအနေအထိုင် အပြုအမူများကို ဆင်ခြင်ပေးရန် ဒီဆောင်းပါ ပို့ စ် လေးကတဆင့် တောင်းပန်လိုပါသည်။ဘယ်သူ့ ကိုမှ ရည်ညွှန်းပြောဆိုခြင်း မဟုတ်ပါ ရင်ထဲရှိတဲ့အတိုင်းရေးခြင်းကြောင့် အမှားပါသွားလျှင်လဲ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါသည်။
နှစ်သစ်ကူးအဓိဌာန်
ဘလော့ မောင်နှမ၊ သူငယ်ချင်းတို့ရေ …
သတိတရ စာရေးလိုက်ပါတယ်။
မကြာခင် သင်္ကြန်ကျတော့မယ်။ သင်္ကြန်ကျပြီးရင် နှစ်ကူးမယ်။ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် တစ်နိုင်ငံနဲ့တစ်နိုင်ငံ နှစ်သစ်ကူးတာ မတူကြဘူး။ အနောက်နိုင်ငံတွေမှာ ဇန်နဝါရီ ၁-ရက်နေ့မှာ နှစ်သစ်ကူးကြတယ်။ နှစ်သစ်ကူးမှာ New Year’s Resolution လို့ခေါ်တဲ့ နှစ်သစ်ကူးအဓိဌာန် လုပ်လေ့ရှိကြတယ်။ 
သူငယ်ချင်းတို့ရော ဘာအဓိဌာန် လုပ်မှာလဲ။ ကျွန်တော်တော့ နေ့တိုင်းစိတ်ချမ်းသာအောင် နေမယ်လို့ အဓိဌာန်လိုက်ပြီး နှစ်သစ်ကူးထိ မစောင့်တော့ဘူး။ ဘာလို့စောင့်ရမှာလဲ။ ငယ်ငယ်ကတည်းက ဘွဲ့ရရင် စိတ်ချမ်းသာမယ်။ ဘွဲ့ရပြီးတော့ အလုပ်ကောင်းကောင်းရရင် စိတ်ချမ်းသာမယ်။ အလုပ်ရပြီးတော့ ကိုယ်ချစ်တဲ့သူနဲ့ အိမ်ထောင်ပြုရရင် စိတ်ချမ်းသာမယ်။ အိမ်ထောင်ကြပြီးတော့ သားသမီး နှစ်ယောက်လောက်ရရင် စိတ်ချမ်းသာမယ်။ New Year’s Resolution မလုပ်ရသေးရင် ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင် နေ့တိုင်း နာရီတိုင်း နေမယ်။ လို့ အဓိဌာန် လိုက်ပါ။
ပြီးတော့ သားသမီးတွေ အရွယ်ရောက်ရင် စိတ်ချမ်းသာမယ်။ သားသမီးတွေ အရွယ်ရောက်တော့ အလုပ်တွေ အဆင်ပြေမှ စိတ်ချမ်းသာမယ်။ ဝင်ငွေတိုးလာမှ စိတ်ချမ်းသာမယ်။ ကိုယ်ပိုင်အိမ်အသစ်ကလေး ဆောက်ပြီးမှ စိတ်ချမ်းသာမယ်။ ကလေးတွေ ဘွဲ့ရပြီးရင်တော့ စိတ်ချမ်းသာပြီ။ အဲလို အဲလို အကြောင်းပြချက်တွေနဲ့ နေလာလိုက်တာ ဒီအသက်အရွယ် ရောက်လာပြီ။
စိတ်ချမ်းသာဖို့ လိုအပ်ချက်တွေကို ကြောင်းပြနေရင် နှစ်ပေါင်းတစ်ရာကြာတောင်မှ လိုအပ်ချက်တွေ ပြည့်စုံမှာ မဟုတ်ဘူးလေ။ ဒါကြောင့် စိတ်ချမ်းသာမှုကို ဦးစားပေးရွေးချယ်လိုက်ပြီ။ ဘာအကြောင်းပြချက်မှ မလိုဘူး။ ဘာဖြစ်လာရင် စိတ်ချမ်းသာမယ်၊ ဘာရရင် စိတ်ချမ်းသာမယ်လို့ မတွေးတော့ဘူး။ စိတ်ချမ်းသာမှုကတော့ ခုရမှဖြစ်မယ်။
စိတ်ချမ်းသာမှုအတွက် အကြောင်းပြချက်တွေ များနေရင် အဲဒီအကြောင်းပြချက်တွေက ကိုယ်ကိုလွမ်းမိုးနေမယ်။ ကိုယ့်စိတ်ချမ်းသာမှုက သူတို့အပေါ်မူတည်နေရင် မရေရာတော့ဘူး။ ကိုယ့်ဘဝကို သူတို့ လွှမ်းမိုးနိုင်အောင် ကိုယ်က ခွင့်ပြုထားသလို ဖြစ်နေမယ်။ ကျွန်တော်တော့ ကျွန်တော်ဘဝကို ပြင်ပကိစ္စတွေနဲ့ လူတွေက လွှမ်းမိုးတာ နည်းနိုင်သမျှနည်းအောင် နေမယ်။ ဒါမှ စိတ်ချမ်းသာအောင် နေလို့ရမယ်။
စိတ်မချမ်းသာတာ ဘာကြောင့်လဲ။ ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်လက်ထဲမှာ မရှိလို့ပဲ။ ကိုယ်ဘဝမှာ အင်မတန် အရေးကြီးတဲ့ တန်ဖိုးကြီးတဲ့ စိတ်ချမ်းသာမှုကို ဘာဖြစ်လို့ သူများလက်ထဲ ထည့်ရမှာလဲ။ ဒါလောက်အရေးကြီးတဲ့ စိတ်ချမ်းသာမှုကို ကိုယ်တိုင်လုပ်တာပဲ ကောင်းပါတယ်။ တခြားအရေးမကြီးတဲ့ ကိစ္စတွေ သူများနဲ့လွဲသင့်ရင် လွဲမယ်။ သူငယ်ချင်းတို့ကို အကြံပေးချင်ပါတယ်။
စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှု တော်တော်များများဟာ ကိုယ်ကတွေကြုံရတဲ့ အခြေအနေကို အဓိပ္ပာယ်ကောက်ပုံပေါ်မှာမှုတည်ပါတယ်။ ကိုယ်ရသင်တဲ့ အခွင့်အရေးကို မရတဲ့အခါ မတရားဘူး။ မမျှတဘူးလို့ တွေးတတ်တယ်။ ရသင့်တဲအခွင့်အရေးကို မရတာထက် ရသင့်တဲ့စိတ်ချမ်းသာမှုကို မရတာက ပိုပြီးနှစ်နာပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ်ရအောင် စိတ်ချမ်းသာအောင်နေ လိုက်တော့မယ်။
စိတ်ငြိမ်းချမ်းနေတာ စိတ်ချမ်းသာမှုအစစ်ပဲ။ စိတ်ငြိမ်းချမ်းနေတဲ့အခါမှာ စိတ်ဆင်းရဲလို့ မရဘူး။ နှစ်ကူးမှာ တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာအောင် ပြောချင်တယ်။ ကျွေးချင်တယ်။ ပေးချင်တယ်။ ကိုယ်ကတကယ် စိတ်ချမ်းသာနေမှ နောက်တစ်ယောက်ကို စိတ်ချမ်းသာစရာ ပြောနိုင်တယ်။ လုပ်ပေးနိုင်တယ်။ ဒါကြောင့် ပျော်အောင်နေပါ။ စိတ်ချမ်းသာအောင် နေပါ။
စိတ်ဆင်းရဲစရာ ရှာပြီးမတွေးရင် စိတ်ချမ်းသာဖို့ မခက်ပါဘူး။ ကိုယ်ကစိတ်ချမ်းသာအောင် နေတာဟာ ကိုယ့်မိသားစု၊ ကိုယ့်အပေါင်းအသင်း၊ ကိုယ့်ဘလော့ မောင်နှမ သူငယ်ချင်းတွေ နဲ့ လောကကြီးကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပါပဲ။ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ပေးလိုက်ကိစ္စဟာ အကောင်းဆုံး စိတ်ထားနဲ့ လုပ်ပေးလိုက်တာပါပဲ။
ဘလော့မောင်နှမ သူငယ်ချင်းများ စိတ်ချမ်းသာအောင် နေနိုင်ကြပါစေ။ ။
အားလုံးရဲ့
ပေါ့ဆိမ့်
Ps; ဒီစာလေးက ဆရာတော် ဦးဇောတိကရဲ့ စိတ်ချမ်းသာဖို့လိုရင်းပါ စာအုပ်မှ ကောက်နုတ်ထားတာပါ။ ဘလော့မောင်နှမ သူငယ်ချင်းအားလုံးကို ဖတ်စေချင်လို့ မူရင်းစာကလည်း အရှည်ကြီးမို့ ဆီလျှော်အောင် ဖြတ်တောက်ဆက်ပြီး နည်းနည်းလေးပြင်တားပါတယ်။ ဆရာတော်ကိုလည်း ကျေးဇူးတင် ကန်တော့လျက် …။
စိတ်ကူးထဲကလူ
ဝေးကျန်ခဲ့တဲ့ အနီးဆုံးနေ့
ပြန်လှည့်မယ့် စိတ်ကူး
သိပ်ရူးတဲ့လူ။ ။
မရောက်သေးတဲ့ အနီးဆုံးနေ့
မြှောက်ပေးမယ့် စိတ်ကူး
ကြိတ်ရူးတဲ့လူ။ ။
အနီးဆုံးရဲ့ အနီးဆုံးနေ့
သီကုံးမယ့် စိတ်ကူး
သိပ်ထူးတဲ့လူ။ ။
ဒီ စိတ်ကူးထဲကလူ ကဗျာလေးက စိတ်ရူးပေါက်လာတဲ့ စိတ်ကူးတွေကို ထိမ်းချုပ်ရင်း ကျွန်တော်ကိုကျွန်တော် ဆုံးမသံဝေဂ ယူနိုင်ဖို့ ကဗျာကောက်စပ် စကားပြေသဘောမျိုးပါ ရေးလိုက်မိတာပါ။ အားလုံးနဲ့လည်း မျှဝေခံစား ချင်ပါတယ်။
လူအမျိုးမျိုးက စိတ်ကူးအမျိုးမျိုးကြောင့် တန်ဖိုးထားမှု အမျိုးမျိုး ကွဲပြားသွားကြတယ်။ သူတို့ တန်ဖိုးထားတဲ့ အချိန်၊ သာယာမိတဲ့ အချိန်တွေလည်း ကွဲပြားသွားကြတယ်။ သူတို့ကိုယ်တိုင်တောင် သတိမထားမိလိုက်ခင် ခံယူမိလျက်သား ဖြစ်သွားကြတာပါ။ တချို့က လွဲမှားမှုထဲမှာ အပူအပင်မရှိ သာယာနေကြတယ်။ အယောင်ဆောင်ခံနေရတာကို သတိမထား မိကြဘူး။ တချို့ကြ အလွဲမှားခံပြီး ဒုက္ခကို ဂိုက်(Guide) လုပ်ဖို့ ဌားထားကြတယ်။ မညှာမတာ ကိုယ့်ကိုယ်ကို ရက်စက်မိတာ သတိမထား မိကြဘူး။ ဒါတွေ အားလုံးကို ကျွန်တော်တို့ရဲ့ စိတ်ကူးထဲကလူက ခိုင်းစေနေတာပါ။ အဲဒါတွေ အားလုံးရဲ့ တရားခံက စိတ်ကူးထဲကလူ ပါဘဲ။
ဝေးကျန်ခဲ့တဲ့ အနီးဆုံးနေ့
ပြန်လှည့်မယ့် စိတ်ကူး
သိပ်ရူးတဲ့လူ။ ။
လူတော်တော်များများမှာ အသံတိတ်ခံယူထားတဲ့ ဝါသနာ တစ်ခုရှိပါတယ်။ အမြဲလိုလို စိတ်ကူးထဲမှာ နေခြင်းပါပဲ။ အတွေးနယ်ချဲ့ နေတတ်ကြပါတယ်။ ဟိုတွေး၊ ဒီတွေး တွေးလိုက်မိပြီ ဆိုတာနဲ့ တချို့က အတိတ်ကို ပြန်ရောက်သွားကြတယ်။ ဟိုးအဝေးမှာ ကျန်ခဲ့တဲ့ အဖြစ်အပျက်တွေ ပြန်တွေးပြီး သာယာနေကြတယ်။ ပျော်ရွှင်စရာတွေ ပြန်တွေးသလို၊ အဆင်မပြောတာတွေလည်း ပြန်တွေးနေ တတ်ကြပါတယ်။
လူအများစုကတော့ အဆင်ပြေတဲ့ အကြောင်းကို ပိုတွေးတတ်ကြတယ်။ အဲဒီ အဆင်မပြေတဲ့ အကြောင်းတွေကို စိတ်ကူးထဲမှာ ပြန်ညှိ၊ ပြန်ပြင် နေတတ်ကြတာပါ။ သူငါကို အဲလိုပြောတုန်းက ငါဘယ်လို ပြန်ပြောလိုက်ရမှာ၊ နောက်တစ်ခါဆို ဘယ်လိုပြန်ပြော လိုက်မယ်။ ဒါလေး ဝယ်ချင်လိုက်တာ၊ အဲဒါလေး ဝယ်ပြီးတော့လည်း ဒါလေးဝယ်မယ့်အစား ဟိုဟာလေး ဝယ်လိုက်ရမှာ၊ သူတို့ကြ အဆင်ပြေနေကြပြီး ငါကြမှ ဘာလို့ အဆင်မပြောတာလဲ၊ ငါဘာလို့ ညံ့ရတာလဲ စသည်ဖြင့် ပြန်ပြန်တွေးပြီး ပူပန် နေတတ်ကြပါတယ်။
ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေကိုလည်း အတွေးနဲ့ ကြိုးစားပြင် နေကြတယ်။ အတွေးတွေမှာလည်း အရှိန်တွေရှိပါတယ်။ အဆင်မပြေစရာ တွေးနေတဲ့ အတွေးတွေက အရှိန်ပိုပြင်းတယ်။ ကုန်းဆင်းကလွတ်ချလိုက်တဲ့ ဘီးတစ်ခုလိုဘဲ။ ထိန်းချုပ်ရပ်တန့်ဖို့ သိပ်ခက်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ အစားမစားနိုင်၊ အချိန်တန်လို့သာ စားရတယ် အရသာကမရှိ ပြီးတော့ မစားချင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အိပ်ရင်လည်းကောင်းကောင်း အိပ်လို့မပျော်တတ်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ အကြာင်းပဲ စဉ်းစားနေမိတတ်ပါတယ်။ တကယ်လို့ အိပ်ပျော်သွားခဲ့ရင်တောင် မအိပ်ခင်စဉ်းစားခဲ့တဲ့ အတွေးတွေက အိပ်မက်ထဲမှာ ထပ်ဆက် နေတတ်ပါတယ်။ ဖြစ်ပြီးသားအတွေးတွေ စိတ်ကူးတွေက လူကို အရမ်းကို စိတ်ပင်ပန်းစေပါတယ်။
ကျန်ခဲ့တဲ့ အချိန်တွေ နေ့ရက်တွေက အတွေးတွေကို အသဲအသန်စိတ်ကူးနဲ့ ပြန်ပြင်နေတော့ရော အဲဒီအဆင်မပြေတာတွေက ပြန်အဆင်ပြေ သွာရောတဲ့လား။ အဆင်မပြေနိုင်ပါဘူး။ ဒီလိုအခက်အခဲတွေက ကိုယ်တစ်ဦးထဲကြမှ အကြီးအကျယ် ဖြစ်တတ်တာမဟုတ်ပါဘူး။ လူတိုင်းဖြစ်နေတာပါ။ ကျန်ခဲ့တဲ့ အချိန်တွေ နေ့ရက်တွေဟာ အမှတ်အသား တစ်ခုအနေနဲ့ ကျန်ခဲ့ပါပြီ။ ပြန်သွားလို့ မရတော့ပါဘူး။ ပြန်သွားဖို့ ကြိုးစားနေတဲ့လူဟာ သိပ်ရူးတဲ့လူ ပါပဲ။
မရောက်သေးတဲ့ အနီးဆုံးနေ့
မြှောက်ပေးမယ့် စိတ်ကူး
ကြိတ်ရူးတဲ့လူ။ ။
အတွေးမရှိရင် မနေတတ်တဲ့ စိတ်ကူးတွေက တခါတလေ အနာဂတ်ထဲကို ရောက်နေတယ်။ ပျော်ပျော်နေတတ်တဲ့ လူအချို့က အနာဂတ်ထဲမှာ ပျော်စရာတွေ ရှာတွေးနေမယ်။ ဖြစ်မလာမှန်း သိပေမယ့်လည်း အချိန်ကုန်ခံ၊ အချိန်ဖြုန်းပြီး ပျော်စရာဖြစ်ရုံ လောက်သက်သက် စိတ်ကူးယှဉ်နေတဲ့လူတွေ ဒုနဲ့ဒေးပါ။ မနေတတ်မထိုင်တတ်တဲ့ လူအချို့ကြ အဆင်ပြေပါ့မလားဆိုပြီး တွေးပူနေမယ်။ သူတပါး မှားသလား မှန်သလား သေချာမသိသေးဘူး ကြိုးတွေးပြီး ဒေါသဖြစ်နေမယ်။
မသေချာတာတွေကို ထိုင်တွေးနေရတာက စိတ်ကိုအရမ်းပင်ပန်းစေပါတယ်။ မရောက်သေးတဲ့ ခရီးတစ်ခုကို တွေးပူပြီး သောကတွေနဲ့ လျှောက်နေမယ်။ လိုရာခရီးကို ရောက်တဲ့အချိန် ကိုယ်ထင်ထားတဲ့ အတွေဆိုးတွေ တစ်ခုမှ ဖြစ်မလာခဲ့ဘူးဆိုရင် အချိန်တွေ ဘယ်လောက်ဆုံးရှုံး သွားမလဲ။ လမ်းတလျှောက် သာယာတဲ့ ရှုခင်းတွေ၊ ကျေးငှက်ကလေးတွေရဲ့ တေသီသံတွေ၊ ချိုမြတဲ့ စမ်းရေတွေ၊ ညင်သာတဲ့ လေပြေတွေ ခံစားနိုင်ရမယ့်အစား စိတ်တစ်ခုလုံး သောကတွေနဲ့ လေးလံခဲ့ရမှာပါ။
ဖြစ်မလာသေးတဲ့ အနာဂတ်က ရှိချင်မှလည်းရှိလာမယ်။ ဘာမှသေချာမှု မှမရှိဘဲ။ ကိုယ်ကိုတိုင် အဲဒီအနာဂတ်ထဲမှာ ရှိနေမှာလား သေချာ မသိနိုင်ဘူးလေ။ မရောက်သေးတဲ့ အချိန်တစ်ခုကို ကြိုတွေးပြီး ပူပန်နေရတာ လက်ရှိအချိန်ရဲ့ တန်ဖိုးနှင့် ခွန်အားကို ကုန်ခန်းစေပါတယ်။ မသေချာတာကို ထိုင်တွေးနေတဲ့လူဟာ ကြိတ်ရူးတဲ့လူ ပါပဲ။
အနီးဆုံးရဲ့ အနီးဆုံးနေ့
သီကုံးမယ့် စိတ်ကူး
သိပ်ထူးတဲ့လူ။ ။
ကိုယ်ရဲ့စိတ်ဟာ အတိတ်တွေ၊ အနာဂတ်တွေမှာပဲ ရှိနေမယ်ဆိုရင် စိတ်ဓာတ်တည်ငြိမ်တဲ့လူ ဖြစ်ဖို့သိပ်ခဲရင်းပါတယ်။ မလိုအပ်ပဲ အမှားတွေ လုပ်မိတတ်ပါတယ်။ လုပ်သင့်တာနဲ့ လုပ်ချင်တာတွေ တသားတည်း မကျနိုင်တော့ပါဘူး။ ဆုံးဖြတ်ချက် တစ်ခုချတော့မယ်ဆိုရင် အမြဲတမ်း စိတ်နှစ်ခုလွန်ဆွဲတာ ခံနေရတတ်ပါတယ်။ ကျိုးကြောင်းမဆင်ချင်နိုင်ပဲ လုပ်မိလုပ်ရာလုပ်လိုက်မိတဲ့ အမှားဒဏ်တွေကို ပြန်ခံနေတတ်ကြရပါတယ်။
ကိုယ့်စိတ်က အတိတ်နဲ့ အနာဂတ်ထဲကိုပဲ သွားနေမယ်ဆိုရင် လက်ရှိအချိန်က အသက်မဲ့သလို ဖြစ်သွားပါပြီ။ အတိတ်နဲ့ အနာဂတ်မှာ မရှိတဲ့စိတ်က စိတ်အေးချမ်းမှု တစ်မျိုးပါ။ စိတ်အေးချမ်းတဲ့လူဟာ ပြည့်စုံမှုတစ်မျိုးကို ပိုင်ဆိုင်နေရသလိုပါပဲ။ စိတ်အေးချမ်းတဲ့လူမှသာ ပတ်ဝန်းကျင်က အရာတွေအားလုံး သာယာနေတာမြင်နိုင်မယ်။ ကိုယ်မိသားစု၊ သူငယ်ချင်းတွေ၊ လူသားတွေအားလုံးဟာ ချစ်ဖို့ပိုကောင်းလာမယ်။ ကိုယ်ရဲ့အတွေးနဲ့ ဆုံးဖြတ်ချက်တွေအားလုံး တိကျမှန်ကန်လာမယ်။ လက်ရှိအချိန်မှာ ကိုယ့်စိတ်ကို မြှုပ်နှံထားနိုင်တဲ့သူဟာ သိပ်ထူးတဲ့လူ ပါပဲ။
သိပ်ရူးတဲ့လူ၊ ကြိတ်ရူးတဲ့လူ နဲ့ သိပ်ထူးတဲ့လူ တွေဟာ စိတ်ကူးထဲကလူပါပဲ။ ကျွန်တော်တို့အားလုံးရဲ့ စိတ်ကူးထဲမှာ အသေအချာ လူတစ်ယောက်ရှိပါတယ်လို့ ကျွန်တော်တင်စားလိုက်တာပါ။ စိတ်ကူးထဲကလူကို ကျွန်တော်တို့ကိုယ်တိုင် ရှာမှပဲတွေ့နိုင်မှာပါ။ မတွေ့နိုင်သ၍ကတော့ စိတ်ကူးထဲကလူ ခိုင်းသမျှ၊ လွမ်းမိုးသမျှကို ကျွန်တော်တို့ ခံနေကြရမှာပါ။ ကျွန်တော်တို့အားလုံး ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ စိတ်ကူးထဲကလူကို ရအောင်ရှာပြီး ထိန်းချုပ် ကြရအောင်လားဗျာ…။



