Posts Tagged ‘ဆောင်းပါး’
လက်တွဲလို့ ခေါ်ပါ
အလင်းကို ဝါးမြိုကာ အမှောင်တို့ တစစ ကြီးစိုးလာချိန် လူငယ်လေး လေးယောက်သည် ရပ်ကွက်ထိပ်ရှိ အုတ်ခုံလေးတွင် ဂစ်တာ ထိုင်တီးနေကြသည်။ အထက်တန်း စာမေးပွဲ ဖြေပြီးကာစ လွတ်လပ်ရေးရနေသော လူငယ်လေးများ ဖြစ်သည်။ လူငယ်လေးများသည် ယနေ့ ခောတ် နာမည်ကြီး အဆိုတော် ကိုလေးဖြူ၏ သီချင်းတစ်ပုဒ်ကို ခပ်မှန်မှန်ဖြင့် သံစုံ သီဆိုနေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် လူငယ်လေးများ ဂစ်တာ ထိုင်တီးနေသော ရှေ့လမ်းမကြီးအတိုင်း ရပ်ကွက်ထဲမှ ပိုက်ဆံချမ်းသာသော သားအမိ နှစ်ယောက် စက်ဘီးနင်းရင်း ဖြတ်သွားကြသည်။ ဂစ်တာတီးနေသော ကောင်လေးများ ရှေ့အရောက်တွင် စက်ဘီးနင်းလာသော ကောင်မလေးက ဂစ်တာတီးနေသော ကောင်လေးများကို လှည့်ကြည်ကာ ပြုံးပြလိုက်သည်။ ကောင်မလေး ပြုံးပြသည်ကို မြင်လိုက်ရသော ကောင်လေး တစ်ယောက်ကလဲ ကောင်မလေးကို ပြန်ပြုံးပြ လိုက်သည်။ ဒါကို စက်ဘီးနောက်မှ လိုက်လာသော မိခင်ဖြစ်သူက မြင်သောအခါ လေသံ တိုးတိုးဖြင့်-
“သူတို့ က ဘယ်သူတွေလဲ သမီး အသိတွေလား”
“ဟုတ်တယ် မေမေ သမီးတို့ အခန်းထဲက သမီး သူငယ်ချင်းတွေပါ”
“သမီးတို့ အခန်းထဲမှာလဲ ဒီလို ကောင်လေးတွေ ရှိတယ်လား”
“အဲဒီလို မဟုတ်ဘူး မေမေ သူတို့ တွေက အေးပါတယ် စာလဲတော်ကြတယ်”
“အို… ဘာဖြစ်ဖြစ် လမ်းဘေးက ဒီလို လမ်းဘေးက ကောင်လေးတွေနဲ့ အပေါင်းအသင်း လုပ်တာတော့ မေမေ မကြိုက်ဘူး။ နောက်လမ်းတွေ့ ရင် နှုတ်ဆက်စရာ မလိုဘူး။ ကြားလား သမီး…”
ကောင်မလေးက မျက်နှာ မကြည်မသာဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ခပ်တိုးတိုး လွင့်ပျံ့ လာသော စကားလုံးတို့ ရိုက်ခတ်မှုကြောင့် ပြုံးနေသော ကောင်လေး မျက်နှာပေါ်မှ အပြုံးရိပ်တို့ ပျောက်ကွယ် သွားသည်။ သူ့ မျက်နှာပေါ်တွင် ခံပြင်းသော အရိပ်တချို့  ဖြတ်ပြေးသွားသည်။ ဒါပေမယ့် ကောင်လေးက ဘာမှ ပြန်မပြောဘဲ သူငယ်ချင်းများနှင့် ကိုယ့်သီချင်းကို ဆက်ဆိုနေကြသည်။
ကောင်လေးများသီချင်း ဆက်ဆိုနေစဉ် အုတ်ခုံလေး ရှေ့သို့ ကားတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်တွင် ပါလာသည်က သူတို့ ရပ်ကွက်နားက နိုင်ငံပိုင် စက်ရုံကြီးမှ အရာရှိ တစ်ယောက် ဖြစ်သည်။ အရာရှိကြီးက ကောင်လေးများထဲမှ တစ်ယောက်ကို-
“ဟေ့… ကောင်လေး မင်း အဖေ အိမ်မှာ ရှိလား”
“ဟုတ်ကဲ့ ကျွန်တော် အိမ်က ထွက်လာတုန်းကအထိတော့ ရှိပါတယ်”
“အေး… အေး… ဒါဆို ဦးခဏဝင်တွေ့ လိုက်ဦးမယ်”
အရာရှိကြီးက ပြောရင်း မျက်မှောင်ကြုတ်ကာ နာရီကို တချက်ကြည့်သည် ပြီးတော့ ကောင်လေးကို တခါ ပြန်ကြည့်ပြီး-
“ကောင်လေး အိမ်မပြန်သေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ ဦးနဲ့ တခါတည်း ပြန်လိုက်ရင် လိုက်ခဲ့ပါလား။ ဦးလဲ မင်းအဖေနဲ့ ဝင်တွေ့ ပြီး ပြောစရာလေးရှိလို့ ”
“ဟုတ်ကဲ့ဦး ကျေးဇူးပါပဲ။ ဒါပေမယ့် ကျွန်တော် သူငယ်ချင်းတွေနဲ့ ခဏနေလိုက်ဦးမယ်”
အရာရှိကြီးက ကောင်လေးများကို တချက်ဝေ့ကြည့်ပြီးနောက် နှာခေါင်း တချက်ရှုံကာ-
“မင်းကတော့ မိဘသိက္ခာကျအောင် လုပ်နေတာပဲ။ ဒီလို လမ်းဘေးက ကောင်တွေနဲ့ ပေါင်းနေလို့ ကတော့ မင်းလဲ လမ်းဘေးရောက်သွားမှာဘဲ”
အရာရှိကြီးက ကားကို “ဝူး” ကနဲ မောင်းထွက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ကျန်ခဲ့သည်။ ဂီတာသံ ရပ်သွားသည်၊ သီချင်းဆိုသံများ တိတ်သွားသည်။ အုတ်ခုံလေးက တဒင်္ဂ တိတ်ဆိတ်ငြိမ်သက် သွားသည်။ ခဏနေတော့မှ ဂစ်တာတီးနေသည့် ကောင်လေးက ဟင်း… ခနဲ သက်ပြင်းချကာ ဂစ်တာကို ပြန်တီးသည်။ သီချင်းသံစဉ်က ခပ်မျှင်းမျှင်း မှန်မှန်လေး ပြန်ထွက်လာသည်။ ဂီတသံ၊ သီချင်းသံစဉ်များ ထဲတွင် လူငယ်များ ပြန်လည် စီးမျောဝင်သွားပြန်သည်။
“ဟေ့… ဘယ်ကောင်တွေလဲကွ လမ်းမပေါ်မှာ ဆူညံ ဆူညံ လုပ်နေတာ”
စကားသံဖြင့် အတူ လူနှစ်ယောက် ဂစ်တာ တီးနေသော ကောင်လေးများ ရှေ့သို့ ရောက်လာသည်။ အကျီ င်္ပေါ်တွင် ရာထူး အဆင့်အတန်းများကို ဖော်ပြနေသော ယူနီဖောင်းကို ဝတ်ဆင်ထားသော အစိုးရ အာဏာပိုင် ဝန်ထမ်းများ ဖြစ်ကြသည်။ ခြေလှမ်းတွေက မမှန်၊ လူတွေက ရွှဲ့စောင်းလို့ အရက်နံက တထောင်းထောင်း ထွက်နေကာ တစ်ယောက်ကို တစ်ယောက် အမှီသဟဲ ပြုရင်း လျှောက်လာနေကြသည်။ တစ်ယောက်က ဂစ်တာ တီးနေသော ကောင်လေးများကို လက်ညှိုးငေါက်ငေါက် ထိုးကာ-
“ဟေ့… မင်းတို့ ဘယ်က ကောင်လေးတွေလဲ။ ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ”
“ကျွန်တော်တို့ ဒီရပ်ကွက်ထဲကပါပဲ။ ကျွန်တော်တို့ ဘာမှ မလုပ်ပါဘူး သူငယ်ချင်းတွေစုပြီး ဂစ်တာ တီးနေကြတာပါ”
“ဟေ့ ဘယ်အချိန်ရှိနေပြီလဲ မင်းတို့ ကို မှောင်ရိပ်ခိုမှုနဲ့ ဆွဲစိလို့ ရတယ်ကွ သိလား။ ငါ့ကို ဘာမှတ်နေလဲ အေ့… မင်းတို့ မိဘ နာမည်တွေ ပြောစမ်း။ ဒါငါ့နယ်ကွ ငါ့နယ်မှာ ရုတ်ရုတ် ရုတ်ရုတ်တော့ လာမလုပ်နဲ့ သေသွားမယ်”
“လာပါ သူငယ်ချင်းရာ… လမ်းမပေါ်မှာ ဂစ်တာ တဒေါင်ဒေါင်နဲ့ လမ်းသလားနေမှတော့ မိမဆုံးမ ဖမဆုံးမလေးတွေ ဖြစ်မှာပေါ့။ ဒီတော့ သူတို့ မိဘနာမည် မေးပြီးတော့ကော ဘာလုပ်မှာလဲ”
မေးသူကမေး ဖြေသူက ဖြေပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မှီခိုရင်း ဆက်သွားကြသည်။ “ထောက်” ကနဲ ဂစ်တာကြိုး ပြတ်သံက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည် ထင်ရသည်။ ထို့ နောက် ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်ကျ တိတ်ဆိတ်သွားသည်။ လက်တစ်စုံက ပြတ်သွားသော ဂစ်တာကို ဖလက်တံမှ ပြောင်းပြန် ကိုင်ကာ ဆတ်ကနဲ ထရပ်လိုက်ပြီး နောက်က ပြေးလိုက်ရန်ပြင်သည်။ ဒါကို မြင်သော ကောင်လေးတစ်ယောက်က လက်ကို ဖမ်းဆွဲလိုက်ရင်း ခေါင်းခါပြသည်။
“လူမိုက်နဲ့ ဖက်ဖြစ်လို့ ကတော့ ကိုယ်လဲ လူမိုက် ဖြစ်တော့မှာပေါ့ ထားလိုက်ပါ သူငယ်ချင်း…”
“ဟုတ်တယ် သူငယ်ချင်း… လောကကြီးမှာ ကိုယ့်ကိုယ်ကို မကြည့်ဘဲ သူများကို လက်ညှိုးထိုးချင်ကြတဲ့ လူတွေက အများသားလား။ စိတ်ထဲ ထားမနေပါနဲ့ ကိုယ်ဘဲ ပူလောင်နေရလိမ့်မယ်”
“ခုချိန်မှာ ငါတို့ စိတ်ကို လွှတ်ပေးလိုက်ရင် ငါတို့ ဘဝတွေ အညွှန့် ကျိုးသွားလိမ့်မယ်။ အချိန်တန်ရင် သူ့ အရည်အချင်း အလိုက် သူ့ အဆင့်နဲ့ သူ လောကကြီးထဲမှာ နေသားကျသွားမှာပါကွာ။ မင်းက ခုကတည်းက ကိုယ့်အဆင့် ကိုယ်သတ်မှတ်တော့ မလို့ လား။ နေပါဦး စောပါသေးတယ်၊ ခုတော့ ဒီအတိုင်းဘဲ ထားလိုက်ပါဦး”
ဂစ်တာကို ကိုင်ရင်း ကောင်လေး ငိုင်သွားသည်-
“အေးပါကွာ ငါလဲ နားလည်ပါတယ်။ ဒါပေမယ့် မင်းတို့  မြင်တဲ့ အတိုင်းဘဲလေ ခုလိုဘလိုင်းကြီး အစော်ကားခံ အပြောခံရတော့ နဲနဲတော့ တင်းတာပေါ့”
“တင်းတာတော့ တင်းတာပေါ့ကွာ။ စိတ်ဆိုတာက တင်းတိုင်း လွှတ်ပေးလို့ ကောင်းတဲ့ အရာမှ မဟုတ်တာ”
“အေးပါကွာ ငါမှားသွားတယ်။ ထားပါ ဒါပေမယ့် ငါ နဲနဲတော့ ညစ်သွားတယ်ကွာ။ ငါတို့ စိတ်ထွက်ပေါက် ရလိုရငြား အရက်သွားသောက် ကြရအောင်လား”
“ဘာကြောင့် အရက်သွားသောက်ရမှာလဲ။ ခုလို အနေအထားနဲ့ အရက် သွားသောက်ရင် ငါတို့ ပို အပြောခံရမှာပေါ့။ ခုတောင် ငါတို့ ကို လူတွေက စောင့်ကြည့်နေကြတာ။ ဒီအချိန်မှာ ငါတို့ အနေအထားက အမှားမခံဘူး။ ဘာမှ မမှားဘဲနဲ့ တောင် ပြောချင်နေကြတာ တစ်ခုခုမှားတာနဲ့ ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကို ခံရမှာဘဲ”
“အေး… ဟုတ်တယ် ငါတို့ အနေအထိုင် အသွားအလာ ဆင်ခြင်သင့်တယ်။ ခုအဖြစ်အပျက်တွေကို နမူနာယူပြီး ငါတို့ ဘဝတက်လမ်းကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးရမယ်”
“ဟုတ်တယ် ပြီးတော့ ငါတို့ ဘယ်တုန်းက အရက်သောက်ဖူးလို့ လဲ။ စိတ်ညစ်တိုင်းသာ အရက်သောက်ရမယ် ဆိုရင် ငါတို့ လဲ အရက်သမားဖြစ်ပြီး ခုနက လူတွေလို ဖြစ်သွားတော့မှာပေါ့”
“အေးပါကွာ ငါမှားသွားတယ်။ ဒီတော့ ငါတို့ ခု ဘယ်သွားကြမလဲ”
“ထုံးစံအတိုင်း ငါတို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင် သွားကြတာပေါ့။ ပြီးရင် လက်ဖက်ရည်သောက် စကားစမြည်ပြောဆိုပြီး လေကန် ကြတာပေါ့။ ကဲ… ထကြ လက်ဖက်ရည်ဆိုင် သွားကြရအောင်”
လူငယ်လေးယောက် တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ဆုံးမရင်း တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ တရွေ့ ရွေ့ ထွက်ခွာသွားကြသည်။ အနှစ်ချုပ်လိုက်တော့ သူတို့ လေးတွေထဲက တစ်ယောက်က ဆယ်တန်းတွင် အောင်ချက်ကောင်းသောကြောင့် ဆေးလိုင်းဝင်ကာ ခုဆိုရင် ဆရာဝန်ပေါက်စပင် ဖြစ်နေပြီ။ ကောင်လေး တစ်ယောက်ကတော့ ရေကြောင်းတက္ကသိုလ်တက်ပြီး သင်္ဘောလိုက်နေပြီး နောက်တစ်ယောက်ကတော့ BE ဘွဲ့ ရပြီး စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသည်။ သူတို့ ထဲကတစ်ယောက်ကတော့ မိဘလက်ငုပ်လက်ရင်း အလုပ်များကို ဦးစီးရင်း စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာခဲ့သည်။
တကယ်လို့ သူတို့ သာ စိတ်အလိုလိုက်ခဲ့ရင် ဒီလို နေရာ တစ်နေရာ ရလာနိုင်ပါ့ မလား။ သူတို့ ကိုယ်ပိုင် အသိဥာဏ်လေးတွေနဲ့ ခွဲခြမ်း စိတ်ဖြာပြီး သူတို့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း လျှောက်နိုင်ခဲ့လို့ သူတို့ အတွက် နေရာ တစ်နေရာကို ဖန်တီးနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ တကယ်တော့ ဆယ်တန်းဖြေပြီးကာစ လူငယ်လေးတွေဟာ အညွှန့် တလူလူ တက်နေတဲ့ လူငယ်လေးတွေပါ။ ပြောရရင် မသွေးရသေးတဲ့ ကျောက်ရိုင်းတွေနဲ့ တူပါတယ်။ မသွေးရသေးတဲ့ ကျောက်ရိုင်းတုံးကို တန်ဖိုးဖြတ်ဖို့ ခက်သလို အရွယ်ရောက်လာတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ပိုင် အရည်အချင်းကို အလွယ်တကူ တန်ဖိုးဖြတ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပတ်ဝန်းကျင်က လူတွေ အနေနဲ့ သူတို့ လေးတွေ စိတ်ဒဏ်ရာ ရသွားအောင်၊ သူတို့ လေးတွေ အညွှန့် ကျိုးသွားအောင် ကိုယ်အမူအရာ ဖြင့်သော်လည်းကောင်း၊ အပြောအဆို ဖြင့်သော်လည်းကောင်း မလုပ်သင့်ပါဘူး။ ဒီအရွယ်လေးတွေ အတွက် ပတ်ဝန်းကျင်က အဓိကကျပါတယ်။ ပတ်ဝန်းကျင်ကြောင့် လူတော်လူမွန်လေးတွေ ဖြစ်လာနိုင်သလို ပတ်ဝန်းကျင်ကြောင့်ဘဲ လူဆိုးလူသွမ်းလေးတွေ ဖြစ်လာနိုင်ပါတယ်။
လမ်းဘေးမှာ ဂစ်တာ တဒေါင်ဒေါင် ခေါက်နေတာ မြင်တိုင်း လူရမ်းကားလေးတွေလို့ သတ်မှတ်တော့မှာလား။ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အဆိုတော် ကိုလေးဖြူဆိုရင်လဲ ငယ်ငယ် ကျောင်းသား ဘဝက ကောင်မလေးတွေ အဆောင်ရှေ့မှာ သီချင်းတွေ ဆိုခဲ့တယ် ဆိုတာ သူ့ စကားတွေ အရ သိနိုင်ပါတယ်။ ကျောင်းသား လူငယ်ဘဝမှာ အိုဘားမားကို နောင်တချိန်မှာ အမေရိကန် သမ္မတ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ပြောရဲမှာလဲ။ အညွှန့် တလူလူ တက်နေတဲ့ လူငယ်တိုင်းမှာ သူ့ တန်ဖိုးနဲ့ သူ ရှိနေမှာပါ။ စာမှာ ညံနေပေမယ့် အားကစားဘက်မှာ ထူးချွန်ပြီး နိုင်ငံဂုဏ်ကို ဆောင်ချင် ဆောင်နိုင်မှာပါ။ ဒါမှမဟုတ် စီးပွားရေး နယ်ပယ်၊ လူမှုရေး နယ်ပယ်မှာ အောင်မြင်ချင် အောင်မြင်မှာပါ။ ဒါကြောင့် ကလေးက ကလေးလို နေစမ်းပါကွာ ဆိုတဲ့ စကားနဲ့ လူငယ်တွေရဲ့ စိတ်ကို ဒဏ်ရာ ရအောင်လုပ်သင့် ပါသလား။ လူကြီးတွေ အနေနဲ့ လူငယ်တွေကို လက်တွဲခေါ်သင့်တယ်လို့ မထင်ဘူးလား။ လူငယ်ဆိုတာ အနာဂါတ် တိုင်းပြည်အတွက်အားပါ။ ဒီအားတွေကို လူငယ်တွေကို အရာမသွင်းချင်စိတ်နဲ့ ဖျက်ဆီး ပစ်သင့်ပါသလား။ လူတိုင်း ဘယ်သူမှတော့ မွေးကတည်းက တတ်မလာပါဘူး။ မသိတာကို သိအောင်၊ မတတ်တာကို တတ်အောင် သင်ပေး၊ ပြပေးပြီး လူငယ်တွေကို လက်တွဲ မခေါ်သင့်ဘူးလား။ ဒါကြောင့် အညွှန့် တလူလူ တက်နေသော လူငယ်လေးတွေကို လူတော်လူမွန်လေးတွေ ဖြစ်စေရန်၊ ဖေးမ ကူညီရင်း လက်တွဲခေါ်ယူကာ လူနှင့် လူ့ပတ်ဝန်းကျင်ကို ထိန်းသိမ်း သွားနိုင်ကြဖို့သာ လိုအပ်ပါတော့သည်။
တလွဲဆံပင် ကောင်းနေကြသူများ
သင်္ကြန်အတက်နေ့ ညနေခင်း တစ်ခု။ ။
ပြည်မြို့ ၏ လမ်းမတော်လမ်းတလျှောက် ကားတွေ လူတွေ ကြပ်ညပ်နေသည်။ ကားတန်းရှည်ကြီးက တော်တော်ဖြင့် ဆုံးဖို့ မလွယ်။ သူငယ်ချင်းတချို့ က မဏ္ဍပ်တွင် ကရန် ထွက်သွားကြသည်။ ကားပေါ်တွင် မတ်တပ်ရပ်ရင်း အေးလာသောကြောင့် ကျွန်တော် ကားအောက် ဆင်းလာခဲ့ရင်း
“ကျွန်တော် လမ်းလျှောက်သွားနှင့်မယ်။ ပြီးရင် ညဈေးတန်းထိပ်နားက စောင့်နေမယ်။ အဲဒီနားရောက်ရင် ကျွန်တော့်ကို ရှာကြည့်ဦးနော်”
ဟု ပြောရင်း ကျွန်တော် လျှောက်လာတော့
“ငါလဲ လိုက်မယ်”
ဟု ဆိုကာ ကိုဟိန်းက ကားပေါ်မှ ခုန်ဆင်းရင်း လိုက်လာသည်။ ဒီလိုနဲ့ ကျွန်တော် တို့ နှစ်ယောက် လူနှင့် ကားများကို ရှောင်ရင်း ပလက်ဖောင်းပေါ်မှ လျှောက်လာခဲ့လိုက်သည်။ လမ်းမတော် လမ်းမကြီးတလျှောက် ကားများ လူများဖြင့် ပြည့်ကြပ်ညပ်ပြီး ဆူညံ နေသည်။ ဒီလိုဖြင့် ကျွန်တော်တို့ နှစ်ယောက် တစ်လမ်းမောင်း လမ်းထိပ်ကို လွန်လာခဲ့သည့်နောက် ရှေ့ဘက်နားဆီက ရုတ်ရုတ် ရုတ်ရုတ်ဖြင့် လူများ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို တွေ့ လိုက်ရသည်။
“ဟင် ရှေ့မှာ ဘာတွေ ဖြစ်နေလဲမသိဘူး”
ဟု ကျွန်တော်တို့ နှစ်ယောက်ပြောရင်း ဆက်လျှောက် လာခဲ့တော့ လူငယ်တစ်စု ရုန်းရုန်း ရုန်းရုန်းဖြင့် ဖြစ်နေကြသည်။ တချို့ က ကားတစ်စီးပေါ်ကို လက်ညှိုးထိုးရင်း အော်ဆဲနေပြီး လူငယ်တစ်ယောက်က လမ်းဘေးဆိုင် အဖီတွင် ကြိုးဖြင့် တွဲချည်ထားသော အုတ်ခဲများကို ပြေးဆွဲသည်ကို တွေ့  လိုက်ရပြီး ကျန်အဖော်များကလဲ ထိုလူငယ်လိုပင် တုတ်ဆွဲ၊ အုတ်ခဲ ဆွဲရင်း ကားများရှိရာ လမ်းမဆီကို မကျေမနပ်ဖြင့် လှမ်းကြည့်ရင်း အော်ဆဲနေကြသည်။ ဒါပေမယ့် အော်ဟစ် ဆဲနေကြသော်လဲ နေရာမှ မရွေ့ကြပေ။ သူတို့ နှင့် ပြဿနာ ဖြစ်ဟန်ရှိသော ကားပေါ်မှ လူတစ်စုက သတိအနေ အထားဖြင့် ထိုလူငယ်များကို အကဲခတ်နေဟန်ဖြင့် ကြည့်နေကြသည်။ ထိုစဉ် အခင်းဖြစ်ပွားရာ နေရာသို့ ရဲတစ်ယောက် ရောက်လာပြီး ပြဿနာ မဖြစ်ရန် ဝင်ဖြေရှင်း ပေးနေသည်ကို တွေ့ ရသည်။ ပတ်ဝန်းကျင် အနီးတဝိုက်မှ လူများကလဲ စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။ ထိုစဉ် လူငယ်အုပ်စု ထဲမှ လူငယ်တစ်ယောက်က ခွဲထွက်သွားသည်။
သိပ်မကြာခင်မှာပင် မဏ္ဍပ်ပေါ်နှင့် မဏ္ဍပ်ရှေ့မှ အကျီ င်္စိမ်းများကို ဆင်တူ ဝတ်ဆင်ထားသော လူများ ပြဿနာ ဖြစ်ပွားနေရာသို့ အပြေးအလွှား ရောက်လာ ကြသည်။ ထို့ နောက် ပထမ လူငယ်အုပ်စုနှင့် ပေါင်းမိသွားပြီးနောက် သူတို့ နှင့် ပြဿနာ ဖြစ်သည့် ကားရှိရာသို့ သွားကာ ကားပေါ်မှ လူများကို ဝိုင်းရိုက် ကြတော့သည်။ လူငယ်အုပ်စုမှာ စုစုပေါင်း သုံးဆယ်ကျော် လေးဆယ်နီးပါရှိပြီး သံတုတ်၊ ချိန်းကြိုး၊ သံလက်သီး စသည့် လက်နက်များဖြင့်ပါ ဝိုင်းရိုက်ကြခြင်း ဖြစ်သည်။ ဒီလို အုပ်စုဖွဲ့ ကာ ကြီးနိုင်ငယ်ညှင်း ဝိုင်းရိုက်ကြတာကို မြင်တော့ စိတ်ထဲတွင် တင်းကနဲ ဖြစ်သွားသည်။ ဒါပေမယ့် ဘာမှ မတတ်နိုင် ကိုယ်တွေက နှစ်ယောက်တည်း သွားတားလို့ လဲ ရမည်မဟုတ်။ ပြဿနာကို ဖြေရှင်းပေးနေသည့် ရဲပင် ဘာလုပ်ရမည်မှန်း မသိပဲ ယောင်နနဖြင့် အခင်းဖြစ်ပွားရာ နေရာမှာ ဒီတိုင်းလေး ရပ်နေသည်။ ဘေးပတ်ဝန်းကျင်တွင် လူများ အများအပြားရှိသော်လဲ ဘယ်သူမှ ကိုယ်နဲ့ မဆိုင်သလို ရှိနေကြသည်။
အဒီအချိန်မှာပင် ကျွန်တော့် မျက်လုံးထဲ ပြာခနဲ ဖြစ်သွားသည်။ ကားပေါ်ကို သေချာ ကြည့်လိုက်တော့ မိန်းကလေးများနှင့် ကလေးများ ကိုတွေ့ လိုက်ရသည်။ ကားပေါ်သို့ လူငယ်အုပ်စု များထဲမှ လူဆယ်ယောက်၊ ဆယ့်ငါးယောက်ခန့် တက်ရိုက်ကြသည်။ တချို့ ကလဲ ကားအောက်မှ ဝိုင်းရိုက်ကြသည်။ မိန်းကလေးများ၊ ကလေးများကိုလဲ ဝင်ရိုက်သည်ကို တွေ့ လိုက်ရသည်။ ကားပေါ်မှာ ရှိသမျှ မဲမဲမြင်သမျှကို ရိုက်ခြင်း ဖြစ်သည်။ ကားဘေးပေါ်တွင် ချည်ထားသော ဝါးများ ပြုတ်ထွက်ကုန်သည်။ ပြုတ်ထွက်သွားသော ဝါးလုံးများဖြင့် ရောကာ လူတချို့ လုံးထွေးပြီး အောက်ကို ပြုတ်ကျသွားကြသည်။
“ဟာ… ကားပေါ်မှာ မိန်းမတွေနဲ့ ကလေးတွေ”
နှုတ်မှ စကားလုံး တချို့ အလန့် တကြား ထွက်ကျသွားသည်။ ဘေးနားမှာ ရပ်နေသော အန်တီကြီး တစ်ယောက်ကလဲ
“ဟုတ်ပါ့တော် တော်တော် မိုက်ရိုင်းတဲ့ကောင်လေးတွေ မိန်းကလေးတွေနဲ့ ကလေးတွေကိုတော့ မလုပ်သင့်ပါဘူး။ ယောက်ကျား အချင်းချင်း ချကြပေါ့…”
ဟုတ်တယ် ကလေးတွေနဲ့ မိန်းမများကို တော့ မလုပ်သင့်။ ယောက်ကျား အချင်းချင်း ပြဿနာကို ဖြေရှင်းသင့်သည်။ စည်းလေး တစ်ခုတော့ ရှိသင့်သည်။ အခင်းဖြစ်ပွားရာသို့ တာဝန်ကျ ရဲလေး၊ ငါးယောက်ခန့် အပြေအလွှား ရောက်လာသည်။ ဒါပေမယ့် လူငယ်များက လူအုပ်တောင့်တော့ ရဲများလဲ ဘာမှ မတတ်နိုင် ဝင်ဆွဲမရ ဖြစ်နေသည်။ ကြည့်နေဆဲမှာပင် ကားက လူအုပ်ထဲမှ ဘေးလမ်းသွယ်ထဲသို့ အတင်း မောင်းဝင်သွားသည်။ ကားပေါ်တွင် လူငယ် ဆယ်ယောက် ကျော်ကျော်လောက်က ထိုးရင်းကြိတ်ရင်း ပါသွားသည်။ ထွက်သွားသော ကားနောက်သို့ ရဲများ ပြေးလိုက်သွားသည်ကို တွေ့ လိုက်ရသည်။
ဘယ်ကနေ ဘယ်လို ပြဿနာ စဖြစ်သလဲ မသိလိုက်ရပေမယ့် ပြဿနာ စဖြစ်ကတည်းက လူငယ်များဘက်မှ အုပ်စု ပိုတောင့်သည်။ ကားပေါ်မှာက ယောက်ကျားလေး၊ ငါးယောက်နှင့် ကျန်တာက မိန်းမနှင့် ကလေးများဖြစ်သည်။ ဒီအနေအထားတွင် လူငယ်များက အော်ဟစ် ဆဲဆိုနေကြသော်လဲ တကယ်မချရဲပေ။ နောက်က အကူများ လာမှ ဝိုင်းရိုက်ကြခြင်း ဖြစ်သည်။ အနှစ်ချုပ်လိုက်တော့ အုပ်စု ဖွဲ့ ၍ မိုက်ကြ ခြင်းဖြစ်သည်။ ဒါတွေကို မြင်တော့ မြန်မာပြည် မင်းမဲ့တိုင်းပြည် ဖြစ်နေပြီလားဟု တွေးမိသည်။ လူငယ်တွေက ရဲများကိုလဲ ဂရုမစိုက်ကြတော့ပေ။ ရဲများမှာလဲ အင်အားခြင်း ကွာသဖြင့် ဘာမှ မတတ်နိုင်ကြ ဒါက ပြည်မြို့ မြို့ လယ်ခေါင်တွင် ဖြစ်သွားခြင်းဖြစ်သည်။ ဒါတွေကို မြင်တော့ အနာဂါတ် နိုင်ငံတော် အတွက် ရင်လေးမိသည်။
ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် မြင်ခဲ့ရသည့် ဆိုးသွမ်း လူငယ်လေးများမှာ အသက်နှစ်ဆယ် ဝန်းကျင်နှင့် နှစ်ဆယ်အောက် ကျောင်းသား အရွယ်ကလေးများ ဖြစ်ကြသည်။ ကျွန်တော်တို့ အနာဂါတ် နိုင်ငံတော်အတွက် တကယ်လိုအပ်သည်က ဟိုအရင် ခောတ်က လမ်းစဉ်လူငယ်အဖွဲ့ ၊ ဒီဘက်ခောတ်က နာရေးကူညီမှု အသင်းလိုမျိုး လူငယ် အဖွဲ့ များ၊ ရဲရင့်သည့် ဗိုလ်အောင်ကျော်လို ကျောင်းသားခေါင်းဆောင်မျိုး၊ သခင်ဘသောင်းနှင့် သခင် အောင်ဆန်းတို့ လို တော်သော၊ ထက်မြက်သော ကျောင်းသား လူငယ်များကိုသာ လိုအပ်ပါသည်။ အကြောင်းမဲ့ အုပ်စုဖွဲ့ ရန်ဖြစ် ပြဿနာရှာ တတ်သည့် တလွဲ ဆံပင်ကောင်း နေသည့် လူငယ်များ မလိုအပ်ပါ။ ဒါကြောင့် လမ်းမှားလိုက်ကာ တလွဲ ဆံပင်ကောင်းနေသည့် လူငယ်များ အနေဖြင့် လမ်းမှန်ပေါ် ပြန်ရောက်၍ ရပ်ကျိုး၊ ရွာကျိုး၊ နိုင်ငံအကျိုး သယ်ပိုးထမ်းဆောင် သင့်ပါသည်။
အတ္တဖြင့် တည်ဆောက်ထားသော လူများ- ၂
အလုပ်ပိတ်ရက် ဖြစ်သောကြောင့် ကျွန်တော့် အစ်ကိုရှိရာ boonlay သို့ အိမ်လည် ထွက်လာခဲ့လိုက်သည်။ တနင်္ဂနွေနေ့ ရက်တို့ ထုံးစံအတိုင်း MRT station တွင် လူများဖြင့် ရှုပ်ထွေးနေသည်။ အင်း… ဒီပုံတိုင်း ဆိုရင်တော့ ထိုင်ခုံ ရဖို့ တောင် မလွယ်ဘူး ဟု စိတ်မသက်မသာ တွေးမိသည်။ ကျွန်တော်နေသည့် tampines မြို့ မှ ကျွန်တော့်အစ်ကို နေထိုင်ရာ boonlay မြို့ သို့  သွားလိုလျှင် MRT green line ကို အစအဆုံးနီးပါး တစ်နာရီကျော် စီးရသည်။ ထို့ ကြောင့် ထိုင်ခုံမရ၍ တလမ်းလုံး မတ်တပ်ရပ်ပြီး လိုက်ရလျှင် မချောင်ပေ။ ထို့ ကြောင့် ထိုင်ခုံလေး တစ်ခုံလောက် တောင့်တမိခြင်း ဖြစ်သည်။ ဒီလိုနဲ့ MRT ရထားကြီး ဆိုက်ရောက်လာသည့် ခဏ လူစီးကြောင်းကြီးဖြင့် အလိုက်သင့် စီးမျောလိုက်ပါသွားရင်း ရထားပေါ်သို့ ရောက်လျှင် မျက်စိကစားကြည့်လိုက်သည်။ လူတချို့  အလုအယက် ထိုင်ခုံကို ပြေးထိုင်ကြသလို တချို့ လဲ အိနြေ္ဒရရပင် ထိုင်ကြသည်။ တချို့ ဆိုလျှင် ထိုင်ခုံရှိရာဘက်သို့ ခြေဦးပင်မလှည့် ကိုယ့်ဘာသာ မတ်တပ်ဘဲ ရပ်နေကြသည်။ ကျွန်တော်လဲ ထိုင်ခုံလေး တစ်လုံးလွတ်နေလို့ ဝင်ထိုင်လိုက်သည်။
ကျွန်တော် ထိုင်လိုက်မိသည့် ထိုင်ခုံက ကျွန်တော်တို့ သူငယ်ချင်းတွေ အပြောနဲ့ ဆိုလျှင်တော့ VIP ထိုင်ခုံ Reserved Seat သက်ကြီးရွယ်အိုများ၊ မသန်မစွမ်း ဒုက္ခတများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်လေးများ ပါသော မိခင်များ အတွက် စီစဉ်ထားသော ထိုင်ခုံဖြစ်သည်။ ထိုကဲ့သို့ ထိုင်ခုံများ ရထား၏ တဘက်တချက် လက်ကိုင်နိုင်သည့် တန်းများ ပါသည့်ဘက်တွင် နှစ်ခုံစီ ပါရှိသည်။ ထိုထိုင်ခုံများထဲမှ လွတ်နေသော တစ်ခုံတွင် ကျွန်တော် ထိုင်ခွင့်ရခြင်း ဖြစ်သည်။ ကျွန်တော်လဲ မထူးဘူး လာမှ ဖယ်ပေးတော့မယ် ဟူသော အတွေးဖြင့် ဝင်ထိုင်လိုက်ခြင်း ဖြစ်သည်။ ဒီလိုဖြင့် Bedok MRT station သို့  ရောက်သောအခါ ထုံးစံအတိုင်း လှုပ်လို့ မရနိုင်လောက်အောင်ပင် လူက ကြပ်လာသည်။
ထိုအချိန်မှာပင် အသက်ကြီးကြီး အန်တီကြီး တစ်ယောက် ရထားအပေါ်တက်လာပြီး ကျွန်တော့်အနားတွင် မတ်တပ်လာရပ်သည်။ ကျွန်တော်လဲ ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်လိုက်တော့ ကျွန်တော့် ဘေးနားမှ ငတိက သတင်းစာ ဖတ်နေရင်းက တချက်မော့ကြည့်ကာ မသိချင်ယောင်ဆောင်ပြီး စာဆက်ဖတ်နေသည်။ တကယ်ဆိုလျှင် သူက ပထမ နေရာမှာ ထိုင်နေခြင်းကြောင့် သူက ပထမဦးဆုံး ဖယ်ပေးရမည် ဖြစ်သည်။ ဒါပေမယ့် သူက ခပ်တည်တည်ပင် ဆက်ထိုင်နေသည်။ ရှေ့ဘက်ကို ကြည့်လိုက်တော့လဲ တစ်ယောက်က တကယ်အိပ်ပျော် နေသည်လား အိပ်ချင်ယောင် ဆောင်နေသည်လား မသိ အိပ်နေသည်။ နောက်တစ်ယောက် ကလဲ ဂိမ်းကို သဲကြီးမဲကြီးဆော့နေသည် မော့၍ပင်မကြည့်ပေ။ ဒီတော့ အလှည့်ကျလာတော့ မနွဲ့ စတမ်းဆိုသလိုပင် ကျွန်တော်လဲ နေရာမှထ၍ အန်တီ ဒီမှာလာထိုင်ပါ ဟု ပြောကာ နေရာမှ ဖယ်ပေးလိုက်ရသည်။ အန်တီကြီးကလဲ ရှဲ… ရှဲ ဟုဆိုကာ ကျွန်တော်ဖယ်ပေးသော ထိုင်ခုံတွင် ဝင်ထိုင်သည်။ ဒီလိုနဲ့ ရထားက ပုံမှန်အတိုင်း ဆက်သွားနေသလို ကျွန်တော်လဲ ထိုအဘွားအိုနားတွင်ပင် မတ်တပ်ရပ်ရင်း ဆက်လက် လိုက်ပါလာခဲ့သည်။ ရထားက ဘူတာတွေ တစ်ဘူတာပြီး တစ်ဘူတာ ဖြတ်ကျော်လာရင်း City Hall MRT station အရောက်တွင် ကျွန်တော် နေရာဖယ်ပေးခဲ့သော အန်တီကြီးက ရထားပေါ်မှ ဆင်းရန် ဟန်ပြင်သည်။
ကျွန်တော်လဲ အင်း… ဒီလောက်ကနေ ထိုင်လိုက်ရမယ် ဆိုရင်တော့လဲ မဆိုးပါဘူးဟု တွေးလိုက်မိသည်။ ကျွန်တော့်ကို ထိုင်ခုံ ပြန်ဖယ်ပေးမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ တွေးမိတာပါ။ ဒါပေမယ့် ကျွန်တော် မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ အန်တီကြီးက သူရထားပေါ်မှ ဆင်းကာနီးတွင် ကျွန်တော့်ဘေးနားတွင် ရပ်နေသော သူ့ လူမျိုးနိုင်ငံသား တရုတ် တစ်ယောက်ကို ထိုင်ခုံတွင် မျက်နှာ အမူအရာဖြင့် ထိုင်ခိုင်း သည်ကို တွေ့ လိုက်ရသည်။ ကျွန်တော် တော်တော် အံသြသွားသည်။ ဘေးမှ တစ်ယောက်ကလဲ သန်သန်မာမာကြီး ဖြစ်သည်။ သူ့ ကို ထိုင်ခုံဖယ်ပေးခဲ့သော၊ သူ ကျေးဇူးတင်ပါတယ် ဟုပြောခဲ့သော ကျွန်တော်တစ်ယောက်လုံး သူ့ ရှေ့တည့်တည့်တွင် ရပ်နေပါလျက် ကျွန်တော့်ကို ပေးမထိုင်ဘဲ သူ့ လူမျိုးကို ထိုင်ခိုင်းခြင်းကိုလဲ ကျွန်တော် နားလည် ပေးလိုက်ပါသည်။ ကိုယ်စေတနာ ထားခဲ့သော်လဲ ကိုယ့်အပေါ်စေတနာ မထားသည့်အတွက် စိတ်မကောင်း ဖြစ်ခဲ့သော်လဲ ကျွန်တော် မြိုသိပ်ထားလိုက် ပါသည်။ တဆက်တည်းလဲ ကျွန်တော် ဆရာကြီး မောင်သာနိုး ရေးသားခဲ့သော နိုင်ငံခြား ဘာသာပြန် ကဗျားလေး တစ်ပုဒ်ကိုလဲ ပြန်သတိရမိလိုက်သည်။
လူမျိုး
အမုန်း ဒေါသ ငါ လွန်ခဲ့ပြီ။
ကမ္ဘာတစ်ခုတည်း မြင်ရဲ့ ။
ဒါပေမယ့် ငါ မမုန်းတော့ပေမယ့်
ငါ့သားဟာ ငါ့သားကွယ်။
လူအားလုံး နတ်စားပွဲဝိုင်းမှာထိုင်
လူအားလုံးကို ကျွေးရလိမ့်၊
ငါ့လက်ထဲက မုန့် ကတော့
ငါ့သားပဲ စားရလိမ့်။
ကဗျာဆရာက ကဗျာကို စကားပြေလေး ပြန်ထားသေးသည်။ ကဗျာဆရာ ပြောချင်သည်က သူ့ မှာ ငယ်စဉ်ကလို လူမျိုးရေး မုန်းတီးစိတ်တို့ ၊ အာဃာတတို့  မရှိတော့ပါဘူး။ လူမျိုးအားလုံး အတူတူပါဘဲ။ လူမျိုးအားလုံး ချစ်ချစ်ခင်ခင် နေကြရမယ်ဆိုတာ သဘောပေါက် သိမြင်လာပါပြီ။ ဒါပေမယ့် လက်တွေ့  အရေးကြုံလာရင်တော့ မိမိလူမျိုး ကောင်းစားရေး၊ မိမိတိုင်းပြည် ကြီးပွားတိုးတက်ရေးကိုပဲ အားထုတ်ရလိမ့်မယ်လို့ ပြောခြင်း ဖြစ်ပါသည်။
လူဆိုသည့် အမျိုးကလဲ အတ္တနဲ့ မကင်းနိုင်ဘူး ဆိုတာကို ကျွန်တော် လက်ခံယုံကြည်ပါသည်။ ဒီကဗျာလေးကို ဖတ်ထားဘူး သောကြောင့်လဲ သူတို့ ၏ အတ္တကို ကျွန်တော် နားလည် ပေးနိုင်ပါသည်။ နားလဲ နားလည်ပေးခဲ့ ပါသည်။ ဒါပေမယ့် တကယ်ဆိုလျှင် ထိုအန်တီကြီး အနေဖြင့် ကျွန်တော့်ကို ထိုင်ခုံကို ပြန်ဖယ်ပေးသင့်သည်။ ကျွန်တော့် စိတ်ကလဲ ဒီလိုပဲ ဖြစ်သင့်သည်ဟု ထင်ခဲ့မိသည်။ ဒါက ဘာလဲဆိုတော့ ကျွန်တော်လဲ လူသားတစ်ယောက်ပင် ဖြစ်သောကြောင့် အတ္တနှင့် မကင်းနိုင်သေးဘူးလို့ အဓိပ္ပါယ် ရပါသည်။ ဒါကြောင့် ကျွန်တော် ဖယ်ပေးခဲ့သော ထိုင်ခုံကို ပြန်ထိုင်ချင်သည့် အတ္တစိတ် ဖြစ်ပေါ်မိခြင်း ဖြစ်သည်။ ဒီတော့ ကျွန်တော် ပိုနားလည် သဘောပေါက်လာသည်က လူတိုင်းလူတိုင်း အသက်ကြီးမှ အသက်ငယ်မှ မဟုတ်ပါ အားလုံးပဲ အတ္တဖြင့် မကင်းနိုင်ကြပါဘူး။ အတ္တစိတ်ကတော့ ရှိကြတာပင် ဖြစ်သည်။ အနဲ အများ ကွာသွားခြင်းသာ ရှိပါလိမ့်မည်။ ကျွန်တော် ကိုယ်တိုင်ကလဲ အတ္တနဲ့ မကင်းနိုင်သေးပါဘူး။ ဒီတော့ သြော်… လူတွေ လူတွေ အတ္တတွေနဲ့ တည်ဆောက်ထားကြပါလား ဟု တွေးလိုက်မိပါတော့သည်။
မှတ်ချက်။ ။ ကဗျာလေးကို ဆရာကြီး မောင်သာနိုး၏ နိုင်ငံခြားကဗျာ ခံစားချက်များ ကဗျာစာအုပ်ထဲမှ ကူးယူထားခြင်း ဖြစ်ပါသည်။
အတ္တဖြင့် တည်ဆောက်ထားသော လူများ
တစ်ညလုံး အလုပ်ထဲတွင် တမှေးမှပင် မမှေးခဲ့ရသောကြောင့် လူတစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေသည့်အပြင် အိပ်ချင်စိတ်ကလဲ လူကို ကြီးစိုးနေသည်။ လုပ်ဖော်ကိုင်ဖက် အဖော် ဒီနိုင်ငံသား နှစ်ယောက်ဖြင့် အတူတူ ပြန်လာရင်း ဘက်စ်ကားဂိတ်ရှိရာ တဘက်လမ်းသို့ မီးပွိုင့်မှ ကူးလာစဉ်-
“ကျွိ… ဝုန်း…. ဒုန်း”
ဆိုသော အသံများကို ကြားလိုက်ရသည်။ ကားအက်ဆီးဒင့် ဖြစ်ခြင်းဖြစ်သည်။ လမ်းမကြီးပေါ်မှ မီးပွိုင့်လွတ်အောင် အပြင်းမောင်းနှင်လာသော ကားက လမ်းသွယ်အတွင်း ချိုးအကွေ့ တွင် အရှိန်လွန်ပြီး တဘက်လမ်းကြောမှ မောင်းနှင်လာသော ကားကို ဝင်တိုက်မိခြင်း ဖြစ်သည်။ ကျွန်တော်တို့ မျက်စိရှေ့လေးတင် ဖြစ်သွားခြင်းဖြစ်သည်။ အမှတ်တမဲ့ဆိုတော့ မျက်လုံးများပင် ပြာခနဲ ဖြစ်သွားသည်။ ဦးနှောက်က ဘာမှမဆုံးဖြတ်နိုင်သေးခင်မှာပင် မသိစိတ်၏ လှုံဆော်မှုကြောင့် ခြေလှမ်းတွေက အခင်းဖြစ်ရာနေရာဆီသို့ ဦးတည်နေပြီ။ မြန်မာလူမျိုးတစ်ယောက်၏ ကူညီရိုင်းပင်လိုသည့် ပင်ကိုယ်စိတ်ဓာတ်က ဘာကိုမှ မဆုံးဖြတ်နိုင်သေးခင်မှာပင် သူ့ အလိုလို ပေါ်လာခြင်းဖြစ်သည်။ မထင်မှတ်ဘဲ အခင်းဖြစ်ပွားရာ နေရာဆီဦးတည်နေသော ကျွန်တော့်ကို နောက်မှ ဖမ်းအဆွဲ ခံလိုက်ရသည်။ တဆက်တည်း-
“မင်းဘာသွားလုပ်မလို့ လဲ”
ဟု မေးလိုက်သံကိုပါ တဆက်တည်း ကြားလိုက်ရသည်။ ကျွန်တော် နဲနဲ အံသြသွားသည်။ မြန်မာပြည်မှာ ဒီလိုကားအက်ဆီးဒင့် ဖြစ်ပြီဆိုလျှင်လဲ အနီးအနားမှ လူများက ဟာ… တိုက်ကုန်ပြီဟု အော်ဟစ်ကာ ပြေးသွားကြပြီး ကူညီသင့်သည်များကို ကူညီကြသည်။ ဆေးရုံပို့ စရာရှိလျှင်လဲ ကူညီပို့ ပေးကြသည် (မှတ်ချက်။ ။ဆွမ်းကြီး ဝိုင်းလောင်းသူများ မပါ)။ ထို့ ကြောင့် ကျွန်တော်က-
“ဟိုမှာ ကားအက်ဆီးဒင့် ဖြစ်နေတယ်။ သူတို့ အကူအညီ လိုအပ်နေလိမ့်မယ်။ ဒါကြောင့် ငါတို့ ကူညီသင့်တယ်လို့ ငါထင်တယ်”
ဟု ရှင်းပြလိုက်တော့-
“ဒါမင်း အလုပ်မဟုတ်သလို ငါ့အလုပ်လဲမဟုတ်ဘူး။ ဒါရဲအလုပ် ခဏနေရင် ရဲလာလိမ့်မယ်။ သူတို့ ကိစ္စ သူတို့ ဘာသာသူတို့ ရှင်းလိမ့်မယ်။ ငါတို့ နဲ့ ဘာမှ မဆိုင်ဘူး”
ဟု ကျွန်တော့် အဖော်ဖြစ်သူက ပြန်ပြောသည်။ တခြား အဖော်ဖြစ်သူကလဲ-
“ဟုတ်တယ် သူငယ်ချင်း.. ဒါရဲအလုပ် ခဏနေလို့ ရဲလာရင် သူတို့ ကိစ္စ သူတို့ ဘာသာ ရှင်းလိမ့်မယ်။ မင်းသွားကူညီလို့ ရဲရောက်လာရင် မင်းမျက်မြင်သက်သေ ဖြစ်တဲ့အတွက် မင်းမြင်သမျှကို ပြောပြရမယ်။ အဲဒီလို ပြောပြဖို့ အတွက် မင်းရဲစခန်းကို လိုက်သွားရမယ်။ ဘယ်အချိန် ပြီးမယ်ဆိုတာ မသိဘူး။ ဒါဆိုရင် မင်းဒီည ဘယ်လို အလုပ်ဆင်းမလဲ။ မင်းအလုပ် မဆင်းနိုင်ရင် ဆူပါဗိုက်ဆာကို မင်းဖြေရှင်းချက်ပေးရမယ်။ ဒါကြောင့် အပိုတွေ မလုပ်ချင်နဲ့ သူငယ်ချင်း… အခု ငါတို့ လုပ်သင့်တာက အိမ်ပြန်တာ အကောင်းဆုံးဘဲ”
ဟု ဝင်ပြောသည်။ သူတို့ တွေ ဒီလို ပြောတော့ ကျွန်တော် မယုံနိုင်အောင် ဖြစ်ရသည်။ ပုဂ္ဂိုလ်ရေးအရ ကြည့်လျှင်တော့ သူတို့ ပြောတာ မှန်ပါသည်။ ဒါပေမယ့် လူမှုရေးအရ ကြည့်လျှင်တော့ ဒါဟာ အင်မတန်မှ လူမှုရေး ညံဖျင်းရာ ကျပါသည်။ ဒီတော့ ကျွန်တော်က-
“မင်းတို့ ပြန်ရင် ပြန်နှင့်ကြပါ။ ငါသူတို့ ဘာအကူအညီ လိုအပ်လဲဆိုတာ သွားမေးကြည့်လိုက်ဦးမယ်”
ဟု ပြောကာ လှည့်ထွက်လာခဲ့တော့ ပထမပြောသော အဖော်ဖြစ်သူက ကျွန်တော့်လက်ကို နောက်မှလိုက်ဆွဲရင်း-
“သူငယ်ချင်း ငါတို့ က မင်းအတွက်ပြောနေတာ။ မင်းကြည့်စမ်း… ငါတို့ စကားပြောနေတဲ့ အချိန်အတွင်းမှာ ကားအက်ဆီးဒင့် ဖြစ်တဲ့ နေရာအနားက ဖြတ်သွားတဲ့ လူတွေ အများကြီးဘဲ။ သူတို့ ဘာလုပ်လဲ မင်းသေသေချာချာ ကြည့်”
ဟု လက်ညှိုးထိုးပြသည်။ ဒီတော့ ကျွန်တော်လဲ ပတ်ဝန်းကျင်ကို သတိထားကြည့်တော့။ အခင်းဖြစ်ရာ နေရာအနီး တဘက်လမ်းကြောမှ ဖြတ်သွားသော ကာများ၊ ကားလမ်းမကြီး ပေါ်မှ ဖြတ်သွားသော ကားများ၊ ပလက်ဖောင်းပေါ်မှ ဖြတ်သွားသော လူများမှာ အခင်းဖြစ်ရာ နေရာသို့ ဘာဖြစ်တာလဲဟုတချက်ငဲ့စောင်း ကြည့်သွားရုံက လွဲ၍ ဘာအကူအညီမှ မပေးကြပေ။ တချို့ ဆိုလျှင် လှည့်ပင်မကြည့် မသိသလို ဆက်သွားကြသည်။ ကျွန်တော် တအံတသြဖြင့် တော်တော် ဟုတ်တဲ့ လူတွေဟု တွေးမိသည်။ အဖော်ဖြစ်သူက-
“မင်းတွေ့ တယ်မဟုတ်လား။ အားလုံးကိုယ့်လမ်း ကိုယ်သွားပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာ။ ကဲ… ငါတို့ လဲ အိမ်ပြန်ကြမယ်။ ခုတောင် နောက်ကျနေပြီ။ ခုနက ဘက်စ်ကားတစ်စီး သွားပြီ”
ဟု ပြောရင်း ကျွန်တော့်ကို ကားဂိတ်ဆီသို့ ဆွဲခေါ်သည်။ ကျွန်တော်က ဇွဲမလျှော့သေးဘဲ ယက်ကန်ယက်ကန်ဖြင့် အခင်းဖြစ်ရာ နေရာဆီသို့ လှမ်းကြည့်နေသေးသည်။ ဒီအတိုင်း ထွက်သွားလျှင် ကိုယ့်ကိုယ်ကို တာဝန်မကျေဘူးဟု စိတ်က ထင်နေသည်။ အဲဒီအချိန်မှာပင် ကျွန်တော်ဘယ်လိုမှ ထင်မှတ်မထားသော ကျွန်တော့်ကို အံသြစိတ်ပျက်စေသော အကြောင်းအရာ တစ်ခုဖြစ်လာသည်။ ကားအက်ဆီးဒင့် ဖြစ်သည့်နေရာလေးက လမ်းသွယ်လေး ဖြစ်ကာ ကားနှစ်စီးမောင်း၍ ရသော လမ်းလေး ဖြစ်သည်။ ဒါပေမယ့် ကားနှစ်စီး တိုက်မိပြီး ရပ်နေသောကြောင့် လမ်းပိတ်ရက်သား ဖြစ်နေသည်။
ကားသမား နှစ်ယောက်ကတော့ သိပ်ကြီးကြီးမားမား ထိခိုက်မိပုံမပေါ်။ ကားအောက်ရောက်ပြီး ရဲရောက်မလာသေးခင် စကားအခြေအတင်တွေ များနေကြသည်။ ဒီလို ဝင်တားဝင်ဆွဲမည့်သူ မရှိလို့ ကတော့ ကျွန်တော်တို့ ဆီမှာဆိုလျှင် လူသတ်မှုပင် ဖြစ်သွားနိုင်သည်။ အဲဒီ အချိန်မှာပင် အခင်းဖြစ်ရာနေရာ နောက်ဘက်မှ ကားတစ်စီး မောင်းလာပြီး ကားအက်ဆီးဒင့် ဖြစ်ရာနေရာ အနီးကို ရောက်လာသည်။ ဒါပေမယ့် စကားအခြေအတင် ဖြစ်နေသည့် လူနှစ်ယောက်ကို ဝင်ခွဲပေးဖို့ ကူညီပေးဖို့ အသာထား ဟွန်းကို နားကွဲမတက် ကျယ်လောင်စွာ အဆက်မပြတ် တီးပြီး လမ်းပိတ်ထားသလို ဖြစ်နေသော ကားများကို လမ်းပေါ်မှ ဖယ်ခိုင်းသည်။ စကားအခြေအတင် ဖြစ်နေသော လူနှစ်ယောက် ကိုယ့်ကားပေါ်ကိုယ်တက်ပြီး ကားကို လမ်းဘေးချပေးလိုက်မှ စောင့်ကြီး အောင့်ကြီးဖြင့် ကားကို မောင်းထွက် သွားသည်။ ဒါတောင် ကားသမားနှစ်ယောက်ကို ဒေါသတကြီးဖြင့် အော်ဟစ်သွားသေးသည်။
ဒါတွေကို မြင်လိုက်ရသော ကျွန်တော့် အတွက်ကတော့ မယုံနိုင်စရာ မြင်ကွင်း၊ အံသြစိတ်ပျက်ရသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ကျွန်တော် ဘယ်လိုမှ ထင်မှတ်မထားသော မြင်ကွင်းဖြစ်သည်။ ကျွန်တော့်အဖော် သူငယ်ချင်းဖြစ်သူကို ကြည့်လိုက်တော့ ဘယ်နှယ့်ရှိစ ဟူသော မျက်နှာပေးဖြင့် ကျွန်တော့်ကို ပြုံးကြည့်နေသည်ကို တွေ့ လိုက်ရသည်။ ကျွန်တော်လဲ ဘာမှ ပြန်မပြောနိုင်တော့ဘဲ သူဆွဲခေါ်ရာ ဘက်စ်ကားဂိတ်သို့ အသာတကြည် လိုက်လာခဲ့တော့သည်။ အဲဒီနေ့ က တွေ့ ကြုံခဲ့ရသော အဖြစ်အပျက်များကတော့ ကျွန်တော့် မျက်စိထဲတွင် စွဲထင်နေသည်။ ကားအက်ဆီးဒင့်ဖြစ်ပုံ၊ လူလူချင်း ကူညီရိုင်းပင်းလိုစိတ်မရှိပုံ၊ လူမှုရေးတရား ခေါင်းပါပုံတို့ မှာ ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာ အဖြစ်အပျက်များ ဖြစ်သည်။ ကိုယ့်ကိုယ်ကိုလဲ ထိုနေ့ က လူမှုရေး ပျက်ကွက်ခဲ့ပြီး တာဝန်မကျေခဲ့ဘူးဟု ထင်နေမိသည်။ သြော်… လူတွေ လူတွေ အတ္တတွေ တယ်ကြီးကြပါလား ဟုလဲ တရားရမိ ပါတော့သည်။
မေတ္တာကုန်သည်
တစ်နေရာမှ ကုန်ပစ္စည်းများကို သိုလှောင်ထား၍ တခြားတစ်နေရာကို ပြန်လည်ဖြန့်ချီခြင်းကို ကုန်သည် ဟု အကျွန်ုပ် သဘောပေါက်ပါသည်။ အသိဥာဏ်ရှိသော ကုန်သည်တို့သည် အလွန်တိုးတက်ကြီးပွားကြသည်။ စင်္ကာပူနိုင်ငံသည် ကုန်သည်အလုပ်ဖြင့်ကြီးပွားနေသော နိုင်ငံဖြစ်သည်။ ၎င်းနိုင်ငံတွင် ကိုယ်ပိုင်ထွက်ကုန်ပစ္စည်း ဘာမှမရှိပါ။ စားသောက်ဖွယ်ရာများ လူသုံးကုန်ပစ္စည်းများ ယုတ်စွအဆုံး သောက်စရာ ရေ ပင်လျှင်မရှိဟုသိရပါသည်။ သို့သော်ထိုနိုင်ငံသည် တခြားနိုင်ငံများမှ ကုန်ပစ္စည်းများကို မိမိနိုင်ငံတွင်သိုလှောင်ထား၍ တခြားနိုင်ငံများသို့ ပြန်လည်ဖြန့်ချီခြင်းဖြင့် ကြီးပွားတိုးတက်နေပါသည်။ (တချိန်က ရန်ကုန်မြို့သည် ထိုအလုပ်ကိုလုပ်၍ အာရှကျားဖြစ်ခဲ့သည်ဟု ပုံပြင်တစ်ပုဒ်ပမာ ကြားရဘူးသည်)
စာရေးသောပုဂ္ဂိုလ်တို့သည် တခါတရံ မိမိတို့လေ့လာဖတ်ရှု့ရသော စာကောင်းပေကောင်း တန်ဖိုးရှိသောစာတစ်ချို့ကို တခြားစာဖတ်သူတွေ အသိတိုးပါစေဟူသော စေတနာဖြင့် ပြန်လည်ရေးသားဖေါ်ပြတတ်ပါသည်။ ထိုစေတနာအတိုင်း စာဖတ်သူတွင် အသိတိုးပွားသလို တဆင့်ပြန်လည်ရေးသားသော ပုဂ္ဂိုလ်တွင်လည်း အသိဥာဏ်လည်းတိုးတက် စာဖတ်ပရိတ်သတ်လည်း တိုးပွားလာပါသည်။ စာဖတ်ပရိတ်သတ်များကလည်း ထိုစာရေးသောပဂ္ဂိုလ်ကို ကျေးဇူးတင်ရှိတတ်ကြပါသည်။ (ဥပမာ-ကိုပေါ့ဆိမ့်က ဆရာတော်ဦးဇောတိက ရေးသောအကြောင်းအရာများကို တဆင့်ပြန်လည် ဖော်ပြရေးသားပေးခြင်း)။ တခြားသူများရဲ့ အသိတရားကို မိမိဦးဏှောက်တွင် သိုလှောင်ထားပြီး တခြားသူများကို ပြန်လည် ဖြန့်ဝေပေးနေလို့ ကျေးဇူးတွေနဲ့ အသိဥာဏ်တွေ တိုးတက်နေသော အသိဥာဏ်ကုန်သည် လို့ ပြောရင်မှားမယ် မထင်ပါဘူး။
မေတ္တာပို့ခြင်းသည် ကောင်သည်ဟု အကျွန်ုပ် မှတ်သားရပါသည်။ သို့သော် ကိလေသာထူပြောသော အကျွန်ုပ်တွင် အရည်အသွေးကောင်းသောမေတ္တာ ဖြူစင်သောမေတ္တာမရှိ၍ ဘယ်ကမေတ္တာကို ပို့ရမည်မသိပါ။ ဒါပေမယ့် အကျွန်ုပ်တွင် အကြံကောင်းတစ်ခုရှိပါသည်။ အဲ့ဒါကတော့ စင်္ကာပူနိုင်ငံ နှင့် အသိဥာဏ်ကုန်သည်များကို အတုခိုးပြီး မေတ္တာကုန်သည်လုပ်မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။ မေတ္တာကုန်သည် လုပ်မယ်ဆိုတော့ အရည်အသွေးကောင်းသော မေတ္တာ ဖြူစင်သောမေတ္တာ ရဖို့အရင်လုပ်ရပါမည်။ ဒါမှ မေတ္တာကုန်သည်အလုပ် အောင်မြင်မှာ ဖြစ်ပါသည်။
ပထမအနေနဲ့ အကျွန်ုပ်ကိုယ်အကျွန်ုပ် မေတ္တာသိုလှောင်ရုံကြီးလို့ သဘောထားလိုက်ပါတယ်။ ထို့နောက်မှာတော့ မေတ္တာရှိသူ မေတ္တာပို့နေသူတွေရဲ့ မေတ္တာကို သိုလှောင်ပါတော့တယ်။ သိုလှောင်ပုံကတော့ …….
“မြတ်စွာဘုရား ပို့သသောမေတ္တာကို ခံယူပါတယ်”
“ပွင့်ဖူးပြီးသော ဘုရားရှင်တို့ ပို့သသောမေတ္တာကို ခံယူပါတယ်”
“ရဟန္တာပဂ္ဂိုလ်များ ပို့သသောမေတ္တာကို ခံယူပါတယ်”
“အရိယာပုဂ္ဂိုလ်များ ပို့သသောမေတ္တာကိုခံယူပါတယ်”
“မိဘများ ပို့သသောမေတ္တာကိုခံယူပါတယ်”
“ဆရာတော်များ ပို့သသောမေတ္တာကိုခံယူပါတယ်”
“သူတော်ကောင်းများ ပို့သသောမေတ္တာကိုခံယူပါတယ်”
“မေတ္တာပို့သူများ ပို့သသောမေတ္တာကိုခံယူပါတယ်”
လို့ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ သိုလှောင်ထားသော မေတ္တာတွေကိုမိမိကိုယ်နှင့် တခြားသူများအား ပြန်လည်ဖြန့်ချီပါတော့တယ်။
“အကျွန်ုပ် ကျန်းမာ ချမ်းသာပါစေ”
“ဖေဖေ မေမေကျန်းမာ ချမ်းသာပါစေ”
“ဆင်တဲကဖေးနဲ့ ပတ်သတ်သူတွေအားလုံး ကျန်းမာ ချမ်းသာကြပါစေ”
“ဆင်တဲကဖေးကို အလည်လာသူတွေအားလုံး ကျန်းမာ ချမ်းသာကြပါစေ”
“ထိုသူများနှင့်ပတ်သတ်နေသူများလည်း ကျန်းမာ ချမ်းသာကြပါစေ”
“သတ္တ၀ါတွေအားလုံး ကျန်းမာ ချမ်းသာကြပါစေ”
“…………..ကျန်းမာ ချမ်းသာကြပါစေ”
“…………..ကျန်းမာ ချမ်းသာကြပါစေ”
“…………..ကျန်းမာ ချမ်းသာကြပါစေ”
အကျွန်ုပ်သည် မေတ္တာရှိသော မြင့်မြတ်သော ပုဂ္ဂိုလ်တို့ရဲ့ အရည်အသွေးကောင်းမွန်သော ဖြူစင်သော မေတ္တာများကို ပြန်လည်ဖြန့်ဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ယုံကြည်စိတ်ချစွာ လက်ခံ ဆောင်ယူသွားကြပါ။ ဤသည်မှာ အကျွန်ုပ်လုပ်သော မေတ္တာကုန်သည် အလုပ်ဖြစ်ပါသည်။ အဆွေတို့တစ်တွေလည်း မေတ္တာကုန်သည် လုပ်ကြည့်နိုင်ပါသည်။ မေတ္တာကုန်သည် လုပ်နေစဉ်မှာတော့ အဆွေသည် မေတ္တာတိုးပွားနေ၍ အေးချမ်းနေမယ် ကိုယ့်ကိုယ် ကိုယုံကြည်မှု့တွေရှိနေမယ် ဆိုတာ အကျွန်ုပ်ရဲဝံစွာအာမခံပါသည်။
ဘာကြောင့်အကျွနုပ်သည် ထိုကဲ့သို့ ရဲဝံစွာအာမခံနိုင်သလဲဆိုလျှင်
“ဘုရားနှင့်တကွ သံဃာတော်အားလုံးကို ဆွမ်းကျွေးခြင်း ကုသိုလ်၊ ကျောင်းဆောက်လှူခြင်း ကုသိုလ်တို့ထက် နံသာတရှူခန့် သို့မဟုတ် နွားနို့တစ်ညှစ်ခန့် သတ္တ၀ါတွေ စိတ်ချမ်းသာကြပါစေ။ ကိုယ်ကျန်းမာကြပါစေ ဟုပွားများလိုက်သော မေတ္တာဘာဝနာ ကုသိုလ်အကျိုးက ပို၍ကြီးမားသည်” ဟု အင်္ဂုတ္တိုရ်ပါဠိတော် န၀က နိပါတ်သီဟနာဒ၀င်္ဂ ဝေလာမသုတ် တွင် ပါရှိသောကြောင့် ဖြစ်ပါသည်။ ။
ပုံလေးကို ဂူဂယ် ကရှာထားပါတယ်။
အမြင်ကြည်စေဖို့
အခုတစ်လော ကျနော့်ချစ်သူကိုကြည့်ရတာ အားမရဘူး၊အရမ်းဝါးချင်နေတယ် ၊ အချစ်ကြောင့်လို့ပဲထင်ပြီး အမှု့မဲ့အမှတ်မဲ့ နေလိုက်ပါတယ် ၊ ဒီလိုနဲ့သွားရင်းလာရင်း ကောင်လေးတွေကို ကြည့်တော့ ကြည့်မရဘူးဖြစ်လာပြန်တယ်။ သိပ်အမြင် မကြည်ဘူး ဖြစ်နေတယ်လေ။ ကောင်လေးတွေကိုပဲ ဒီလို ဖြစ်တာလားဆိုပြီး ကောင်မလေးတွေကို ကြည့်လိုက်တော့ …. အင်း…..
သူတို့ကျတော့ ကြည့်ရတာ အားမရဘူးဗျာ … အားလုံးကို ၀ါးချင်နေပြန်တယ် ။ ကျနော်တော်တော် ၀မ်းနည်းသွားတယ် အသက်ကကြီးမယ်မှ မကြံသေးဘူး လက္ခဏာတွေက ပြနေပြီလေ။ တစ်ချို့ကပြောတယ် ဇရာရဲ့ရိုက်ချက်တဲ့ …. ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်လေ သေချာတာကတော့ ကျနော့်မျက်စိ အားနည်းလာပြီဆိုတာပါပဲ။
ဒါနဲ့စကားမစပ် စာဖတ်နေတဲ့ ကိုကို မမ ညီ ညီမတို့ရော အမြင်ကြည်ကြရဲ့လား။ ကြည့်နေရင်းနဲ့ ၀ါးချင်လာတာတွေများ ရှိနေပြီလား။ အကယ်၍ ရှိနေရင် အားမငယ်ကြပါနဲ့ စိတ်မပျက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အခုကျနော့်မှာ မျက်စိအားကောင်းစေမယ့် နည်းလမ်းကောင်းတွေ ရှိနေလို့ပါ။ မျက်မှန်တပ်ရတဲ့ သူတွေတောင် မျက်မှန်မတပ်ရတော့တဲ့ အထိ ပုံမှန်အတိုင်း ပြန်ကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ သက်တော်(၇၀)ကျော်မှ မျက်မှန် မတပ်ရတော့တဲ့ မန္တလေးမြို့က ကျမ်းပြု စာချအကျော် ဆရာတော် ဦးဝိဒါဘိဝံသ ရဲ့ကျင့်စဉ်နဲ့ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ပျောက်ကျင့်စဉ်ကို ပေါင်းစပ်ထားတဲ့ လေ့ကျင့်ခန်းလေး တစ်ခုပါ ။
ဒီနည်းလေးကို နေ့စဉ်ကျင့်သုံးမယ် ဆိုရင် ဇာတ်ကြောတတ်ခြင်း မျက်ရည်ပူများကျခြင်း၊ မျက်မှန်တပ်ရခြင်းတွေ မရှိတော့ပါဘူး။ မျက်နှာက ၀က်ခြံတွေပျောက်ပြီး အသားအရည်လည်း လှတယ်လို့ ဆိုပါတယ်။ အခုကစပြီး နည်းလမ်းကို ပြောပါတော့မယ်။ သေသေချာချာမှတ် ထားပေးနော်။ ကိုယ်မဟုတ်လည်း လိုအပ်တဲ့သူတွေကို အကူအညီပေးလို့ ရတာပေါ့။
ပထမဆုံး အိပ်ရာနိုးနိုးချင်း မျက်နှာအရင်မသစ်ရပါဘူး ၊ ခြေထောက်နှစ်ဘက်လုံး ဒူးကနေ ရေသုံးခွက်စီလောက်လောင်းပေးပါ ၊ ဒါက တစ်ကိုယ်လုံးမှာရှိတဲ့ အပူငွေ့တွေကို ခြေထောက်ရောက်အောင် ဆွဲချလိုက်တဲ့ သဘောပါ။ မျက်နှာကိုအရင် သစ်လိုက်ရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာကို တစ်ကိုယ်လုံးက အပူတွေ ပြေးဝင်လာပါတယ်။ ဒါကြောင့် မျက်စိကို အပူခိုးအပူငွေ့တွေက လာရိုက်ပြီး မျက်စိမှုန် အားနည်းစေ တတ်ပါတယ်။ ဒူးကနေ ရေလောင်းပြီးတဲ့ အခါ ချိုင်းကြားနှစ်ဘက်မှာ ကပ်နေတဲ့ အပူခိုးတွေ ထွက်အောင် မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြောက်တင်လိုက် အောက်ချလိုက်နဲ့ အနည်းဆုံးအကြိမ် (၂၀) လောက်လုပ်ပေးပါ။ နောက်ပြီး ဇာတ်ကြော လျှော့သွားအောင် ခေါင်းကို နောက်ကျောဘက် ရောက်နိုင် သလောက် လှန်ချရပါမယ်။ ရှေ့ကိုလည်း ရသလောက် ငုံပေးရပါမယ်။ နောက်ပြီး ခေါင်းကို ဘယ် ညာ လှည့်ပေးရပါမယ်။ ဒါတွေကိုလည်း အကြိမ် (၂၀)လောက်လုပ်ပေးရပါမယ်။ ဒါဆိုရင် တစ်ကိုယ်လုံးက အပူငွေ့တွေ ခြေထောက်ကထွက်သွားပြီးပေါ့။ ဇာတ်ကြောလည်း လျော့သွားပြီလေ။
ဒါတွေလုပ်ပြီးရင် မျက်နှာသစ်လို့ရပါပြီ။ သွားတော့မတိုက်ပါနဲ့ဦး ၊ ပါးစပ်ကိုပိတ်ထားပြီးတော့မျက်နှာသစ်ပါ ၊ ပြီးတာနဲ့ မျက်နှာအရင်သုတ်လိုက်ပါ ၊ မျက်နှာမှာရှိတဲ့မွှေးညင်းပေါက်တွေ အကုန်ပွင့်သွားအောင်လို့ပါ ၊ အဲ့လိုလုပ်ပြီးမှ သွားတိုက်ပါ ၊ သွားတိုက်ရင်းနဲ့ သွားကြို သွားကြား ပါးစပ်ထဲက အခိုးအငွေ့တွေဟာ မျက်နှာမှ မွှေးညင်းပေါက်တွေကတဆင့် ထွက်ကုန်တာပေါ့ ၊ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို ကြိုတင်ကာကွယ်တဲ့အပြင် မျက်နှာရဲ့အသားအရည်ကိုလည်း လှပပြီးနုပျိုစေပါတယ် ။ အဲ့ဒါတွေကတော့ မိဘတွေမွေးပေးခဲ့တဲ့ ပကတိမျက်စိ အမြင်ကြည်လင်စေဖို့ နည်းလမ်းတွေပါပဲ ၊ သစ္စာလေးပါးဆိုတဲ့ တရားကိုမြင်စေတဲ့ ဥာဏ်မျက်စိအမြင်ကြည်ဖို့ကတော့ တရားစာအုပ်တွေများများဖတ် တရားတွေများများနာကြားပြီး ရှင်တော်မြတ်ဘုရားဟောကြားထားတဲ့ ၀ိပဿနာတရားကို အားထုတ်ရမှာဖြစ်ပါတယ် ။
ဒူးကနေရေလောင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ် မျက်နှာသစ် သွားတိုက် အဲ့ဒါတွေကို အစဉ်လိုက်လုပ်ရင်း ဘုရားဂုဏ်တော်ပွားခြင်း မေတ္တာပို့ခြင်း ၀ိပဿနာလုပ်တတ်ရင်တော့ ၀ိပဿနာလုပ်ရင်း ဒါမှမဟုတ် ကိုယ်အားသန်ရာ ဘုရားစာတစ်ခုခုရွတ်ရင်း နေ့စဉ်လုပ်ပေးနေရင်တော့ အချိန်ကုန်မှန်းလည်းမသိ ကျန်းမာရေးလည်းဖြစ် ကုသိုလ်လည်းရ အတိုင်းထက်အလွန်ပေါ့ဗျာ ….
ကျနော် အဲ့ဒီနည်းအတိုင်းလုပ်လာတာ တစ်လလောက်ရှိပြီ ၊ နောက်တစ်နှစ်လောက်ဆိုရင် ကျနော်ဟာ လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း တည်ငြိမ်အေးချမ်းတဲ့ စိတ်ဓာတ်တွေရဲ့ပိုင်ရှင် ဖြစ်နေလောက်ပြီပေါ့ ၊ ခင်လို့ပြောတာနော် သူများတွေကိုလျှောက်မပြောနဲ့ဦး ကြွားတယ်လို့ထင်နေဦးမယ်… ၊ မိတ်ဆွေတို့ လက်တွေ့လုပ်ကြည့်ကြပါ ၊ လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း တည်ငြိမ်အေးချမ်းတဲ့စိတ်ဓာတ်တွေရဲ့ ပိုင်ရှင်ဖြစ်လာရင်တော့ ကျနော့်ကို မုန့်ကျွေးဖို့မမေ့နဲ့နော် …..။
သြော်….ဒါနဲ့…ဒီနည်းလေးက မေတ္တာရှင် (ရွှေပြည်သာ)ရေးတဲ့ စာရိတ္တသတ္တိဆိုတဲ့ စာအုပ်လေးထဲကရတာပါ ၊ ပကတိမျက်စိ အမြင်ကြည်ပြီး ဥာဏ်မျက်စိလည်း အမြင်ကြည်ပါစေဆိုတဲ့ ဆန္ဒနဲ့ မျှဝေရေးသားလိုက်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ……..