ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443520
  • Visitors today:36
  • Visitors yesterday:92
  • Visitors last week:640
  • Visitors currently online:0
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘ဆင်တဲနောက်ခံဝတ္တုတို’

ရေသန့်၊ တရား၊ ကံကောင်းခြင်း လက်ဆောင်

မင်္ဂလာပါ … …
ကျနော်ကတော့ ဇရာ ဆို့တဲ့ ကဗျာရေးသူ ရရစ်နဲ့ လူပြိုကြီး ရေသန့် ဖြစ်ပါတယ်။ ဆင်တဲကဖေးမှာ ကြွရောက် သုံးဆောင် နေကြတဲ့ မိတ်ဆွေများနဲ့ ဆင်တဲကဖေးမှ ဝိုင်းတော်သား အားလုံးကို ပြောပြပြီး မိတ်ဆက် လိုပါတယ်။ ဆင်တဲကဖေးကို အလည်လာရင်း ပေါ့ဆိမ့် နဲ့ စတင် သိခဲ့ရတယ်။ စကားတွေ ပြောကြရင်း နောက်ပိုင်း တရားကဗျာတွေ ရေးမယ့် ရေသန့် ဖြစ်လာပါတယ်။

ကျနော် ရောက်နေတဲ့ နိုင်ငံက တော်တော်အေး တယ်ဗျ။ ရေခဲခန်းထဲ ဝင်နေရသလိုပဲ။ ခုလိုချိန် ၄ လပိုင်း ၅ လပိုင်း လောက်ဆိုရင်တော့ နေလို့ကောင်းတယ်။ အလုပ်နားရက်ဆိုရင် ဘယ်မှ မသွားပဲ အိပ်ယာထဲ ခွေနေရတာ ဇိမ်တစ်မျိုးပဲ။ ဒီလို အေးအေးနဲ့ ကွေးကွေးနေရင်းက ထားရာမနေပဲ ပျံ့လွင့်နေတဲ့ စိတ်အစဉ်က အတိတ်ဆိုတဲ့ စားကြက်ထဲက ဆင်တဲ မှာနေခဲ့တဲ့ ကလေးဘဝထဲ ပြန်ရောက်သွားခဲ့တယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်ကပေါ့ …

ဆင်တဲ ရဲ့ ဆောင်တွင်းမနက်ခင်းဟာ အားကစား သမားအကြိုက်လို့ ဆိုရမလားပဲ။ လူကြီး၊ လူငယ်၊ အရွယ်စုံဟာ ကိုယ်အဖွဲ့နဲ့ကိုယ် လမ်းလျှောက်သူလျှောက် ပြေးသူပြေး ဘောလုံကန်သူကန် နဲ့ တော်တော်လေးကို စည်ကားလှ ပါတယ်။ ဆင်တဲသားတိုင်း မနက်ခင်း ပြေးဘူးတယ်ဆို ရမလားပဲ။ (ကျနော် ပြေးဘူးလို့ ပြောတာပါ ) ကျနော်လည်း ဆင်တဲ ရဲ့ သားပျိုလေးဆိုတော့ မနက်ဆိုရင် သူငယ်ချင်းတွေနဲ့ ထဲပြေးတာပေါ့။ အထူးသဖြင့် ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နေ့ တွေမှာပေါ့ …

ကျနော် သူငယ်ချင်းတွေက ကျနော့် အိမ်လာပြီးမှ ပြေးကြရပါတယ်။ ကျနော်အိမ်က ဆင်တဲကျောင်း သွားတဲ့ ကွန်ကရစ် လမ်းဘေးမှာပါ။ ကျောင်းအလွန် မောင်ထောင်ဂိတ်တစ်ခုကို ဖြတ်ပြီးရင် ပန်းတောင်း-တောင်ကုတ် ကားလမ်းပေါ် ရောက်တယ် ဆိုတော့ ပန်းတောင်း-တောင်ကုတ် လမ်းပေါ် ပြေးဖို့အတွက် ကျနော့် အိမ်မှာ လူစုကြတာပါ။

မနက် ၅ နာရီပြေးမယ်ဆို ကျနော့်အိမ်ကို ၄ နာရီ ၅၀ အရောက်ပေါ့။ အချိန်မှီရောက်ဖို့ သူငယ်ချင်းတွေအားလုံး ၁၀ မိနစ်လောက် စောထပြီး ကျနော့်အိမ်ကိုလာ အိမ်ကို အရင်ရောက်တဲ့ သူက ကျနော်ကို အိပ်ယာနိုး ရတာပေါ့။  အဲဒီအခါကြမှ ကျနော်က အိပ်ယာထ သွားတိုက် မျက်နှာသစ် အဝတ်လဲ ဟန်ကိုကျနေတာပဲ …

ဆင်တဲ ဆောင်းရဲ့ မနက်ခင်းဟာ အားကစားသမား အကြိုက်ဖြစ်သလို ညပိုင်းဟာလည်း အနုပညာ သမားတွေရဲ့ အကြိုက်ပါပဲ တီဗီရုံမှာ တီဗီကြည့်တဲ့ သူတွေ ဂစ်တာတီး သီချင်းဆိုတဲ့ သူတွေနဲ့ စည်ကားနေလို့ပေါ့။ ကျနော်တို့ က  ရုံးဝန်ထမ်း မိသားစုတွေ ဆိုတော့ အိမ်မှာ တီဗီ မရှိကြဘူး။ ရပ်ကွက်က တီဗီရုံမှာ အားလုံး သွားကြည့်ရတာပါ။ ဒီနေရာမှာ ကြတော့ ကျနော့် သူငယ်ချင်းတွေနဲ့ ကျနော် အကြိုက်ခြင်း မတူတော့ဘူး။ သူတို့က တီဗီကြည့်တာ ဝါသနာ ပါတယ်။

ကျနော်ကတော့ သီချင်းကြိုက်လို့ အစ်ကိုကြီးတွေနဲ့ ဂစ်တာတီး သချင်းဆိုတယ်။ ကျနော်တို့ သီချင်းဆိုတဲ့ နေရာက စက်ရုံမှာလာ အလုပ်လုပ်ကြတဲ့ အနယ်နယ်အရပ်ရပ်က လာသူ အမျိုးသမီးတွေ နေတဲ့ အပျိုဆောင် ရှေ့မှာပါ။ တစ်ခါတစ်လေ အဆောင်သူ အစ်မကြီးတွေက လ္ဘက်သုပ်တို့၊ ဂျင်းသုပ်တို့ ကျွေးပါတယ်။ ပျော်စရာကြီး ပေါ့ဗျာ …

တစ်ခုသော စနေနေ့ ညနေမှာတော့ ကျနော့် သူငယ်ချင်းတွေက သူတို့နဲ့ တီဗီလိုက်ကြည့် ရမယ်တဲ့ မကြည့်လို့ကတော့ မနက်ပြေးရင် မနိုးဘူးတဲ့ ရုပ်ရှင်ကားက အရမ်းကောင်းဆိုပဲ။ ဒါနဲ့ ကျနော် လိုက်သွား ခဲ့ပါတယ်။ ည ၈ နာရီမှာ သတင်းလာတော့ ခဏဆိုပြီး လစ်ထွက်လာ ခဲ့တာပေါ့။ ကျနော်က သီချင်းဆို ချင်နေတာလေ။ ကျနော့် ခြေလှမ်းတွေက အပျိုဆောင်ရှေ့ ကိုပေါ့ အဆောင်ရှေ့ ရောက်တော့ သီချင်းဆို နေလိုက်တာ သူငယ်ချင်းတွေဆီ မပြန်ဖြစ်တော့ဘူး။ သူတို့ စိတ်မဆိုးလောက် ပါဘူးလေ မနက်ကျရင် လာနိုးမှာပဲ ဆိုတဲ့ အသိနဲ့ပေါ့ …

မျက်ရည်မိုး ….. စိတ်သောကမီး ….. ဒုက္ခများ ….. ငြိမ်းစေပြီး ….. ကံကောင်းခြင်းတွေ ကိုလည်း ….. ယူပါမေ ….. ဒါကိုယ့်ရဲ့ ….. လက်ဆောင်ပဲဟေ့ ….

ကျနော် ဆိုနေကြ သီချင်းလေးပေါ့။ သီချင်းဆိုပြီး ချိန်မှာပဲ အဆောင်သူ တစ်ယောက်က “ကံကောင်းခြင်းတွေ ပေးနေတဲ့သူ လာပါဦးတဲ့ …” ထုံစံအတိုင်း လ္ဘက်သုပ် ဒါမှမဟုတ် ဂျင်းသုပ်တော့ စားရတော့မယ် ဆိုတဲ့ အတွေးနဲ့ ကျနော် ထသွားခဲ့ပါတယ်။ အားးးပါးးး ကျနော် ဘာဖြစ်သွားတယ် ဆိုတာ မသိလိုက်ဘူး။ ဒူးတွေတုန် မျက်လုံးတွေပြူး အားတွေခြောက် ပြီး ရေဆာလာသလိုပဲ။ ခင်မောင်တိုး ရဲ့ မဟာဆန်သူ ဆိုတာ သူကိုပြောတာလို့ ထင်မိတယ်။

ကြော်ငြာ ဝင်တယ်လို့တော့ မထင်လိုက်ပါနဲ့ သူ ဆိုတာ အသားက ညိုချော မျက်လုံးဝိုင်းဝိုင်း မျက်ခုံးကွေးကွေးလေး က ထင်းပြီး နှာတံစင်းနေတာက တကယ့် အလှပါ မျက်တောင် ရှည်ပြီးကော့ နေတာကလည်း မီးရောင် မိန်မိန်အောက်မှာတောင် မြင်ရတယ်။ မပွင့်တပွင့် နှုတ်ခမ်းတစ်စုံ ကလည်း ရင်ခုန်စေလေတော့ … တော်တော် လှတယ်ဗျာ။ တကယ်ပါ အရင်က လုံးဝ မတွေ့ဖူးဘူး။ ကျနော်ထက် အသက်ကြီးလှ ၃ နှစ်လောက် ဆိုတော့ စက်ရုံမှာ အလုပ်လုပ်တာ မဖြစ်နိုင်ဘူး။ ဒီနယ်မှာလည်း မမြင်ဖူးဘူး။ ဘယ်သူလဲ ဆိုတာ မသိပေမယ့် မဟာဆန်သူ လို့ပဲ ရင်ထဲက ခေါ်လိုက်မိတယ်။ အသက်မကြီးသေးပေမယ့် တည်ငြိမ်ပုံက အပျိုကြီး စတိုင်နဲ့ …

“ရှင်လား ကံကောင်းခြင်း လက်ဆောင် ဆိုတာ”
“အင်း”
“ရော့ ရှင့်အတွက်”
“ဟင် စားစရာလား လို့ ရေပဲလား”
“ရေ ဆိုလို့ အထင်မသေးနဲ့ အဲဒါ ရေသန့်” ကျနော် ဘာမှ မပြောပဲ ယူသောက်လိုက် ပါတယ်။ အဲဒီချိန်မှာ သူကဆက်ပြောတယ် …
“လူ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုတာ ရေ နေ့တိုင်း သောက်ရတယ် အဲဒီလိုပဲ လူ့ဘဝမှာ မလုပ်မဖြစ် လုပ်ရမှာက တရား နေ့တိုင်း လုပ်ရမယ်” တဲ့ …

ကျနော်တွေဝေ သွားခဲ့တယ်။ သီချင်းအားပေးပြီး မုန့်ကျွေးမယ်ထင်တာ ခေါ်ပြီး တရား ဟောနေသလိုပဲ။ သူပြောတာ ကျနော် နားမလည်ပေမယ့် သူ့ပုံစံလေးက ကြည့်ကောင်းလို့ ယောင်ယမ်းပြီး ခေါင်းငြိမ့် လိုက်မိတယ်။ ဒါကို သူက အဟုတ်ထင်ပြီး
“အဲဒါ ကျမရဲ့ လက်ဆောင် ရှင့်အတွက်”
“ကျနော်က ခုမှ ကျောင်းသားပဲ ရှိသေးတာ တရားလုပ်ရမယ့် အရွယ်မှ မဟုတ်တာ”
“အရွယ်မရွေး ရေသောက်တာပဲ အဲ့ဒီတော့ အရွယ်မရွေး တရား လုပ်ရမယ်လို့ ကျမရဲ့ အဖေ ပြောဘူးတယ်”
သြော် သူသိလို့ ပြောတယ်မှတ်တယ် သူအဖေပြောတာ ပြန်ပြောပြ နေတာပဲ။ ကျေးဇူးပဲ လို့ပြောပြီး ကျနော် ပြန်လာခဲ့တယ်။ နောက်ထပ် ကျနော် မသိတာတွေ ထပ်ပြောနေရင် ခက်ဦးမယ် …

အဲဒီည သီချင်းဆက်မဆို ဖြစ်တော့ဘူး။ မနက်ထပြေးရဦးမယ်လေ အိမ်ရောက်တော့ ၉ နာရီခွဲ လောက်ရှိပြီ။ စောစောအိပ်မယ်ဆိုမှ မဟာဆန်သူရဲ့ ပုံရိပ်က မျက်လုံးမှိတ်လဲ မြင်နေလို့ ပြုံးမိသေးတယ်။ သူရဲ့စကားသံ လည်း ကြားနေမိ သေးတယ်။ “ရေတဲ့ တရားတဲ့ ကံကောင်းခြင်း လက်ဆောင်တဲ့” ဘာမှန်းမသိပေမယ့် တော်တော် ဆရာမကြီး လုပ်တဲ့ မဟာဆန်သူ …

……………….@@@………………………….

“ဟေ့ကောင် ထတော့ မနက်ရောက်ပြီ”
ကျနော် အိပ်ပျော်သွားလိုက်တာ အိမ်မက်ထဲမှာတောင် မဟာဆန်သူ နဲ့ စကားတွေ ပြောလို့၊ ကျနော့် သူငယ်ချင်းတွေက တော်တော် ဝိရိယ ကောင်းတယ်။ ညတုန်းကလည်း ညည့်နက်တဲ့အထိ တီဗီကြည့်ထားတာ ဒါတောင် အစောကြီး နိုးတယ်။ ကျနော်လည်း အိပ်ချင်မူးတူးနဲ့ ထ မျက်နှာသစ်၊ သွားတိုက် ပြေးဖို့ အဝတ်လဲပြီး ကမန်းကတန်း အိမ်ကနေ ထွက်ခဲ့ပါတယ်။ အပြင်ရောက်တော့ တစ်ယောက်မှ မတွေ့ဘူး။ ဒီကောင်တွေ ဘယ်ရောက် သွားတာလဲ လူမစုံသေးလို့လားပေါ့ … တွေ့ပါပြီ အားလုံး ညတုန်းက အဝတ်အစားတွေနဲ့ ကျနော်ကို ဝိုင်းဟားနေလိုက် ကြတာ။ ကျနော် ကြောင်တောင်တောင် ဖြစ်နေတုန်း တစ်ယောက်က မနေနိုင်လို့ နာရီကိုကြည့်ဦးတဲ့ နာရီကို ကြည့်လိုက်တော့ …

ကျနော် လိုက်ထိုးမှာ စိုးလို့ အားလုံးထွက်ပြေး သွားကြပြီ။ ကျနော် လိုက်မထိုးနိုင် ခဲ့ပါ သူများကို အားကိုး ယုံကြည်မိတာကိုက ကျနော် အမှားပဲလေ။ ခပ်တည်တည်နဲ့ တစ်ယောက်တည်း ပြေးဖို့ ကလည်း မဖြစ်နိုင် ငိုင်တိုင်တိုင်နဲ့ အဝတ်အစား ပြန်လဲပြီး အိပ်ယာထဲ ပြန်ဝင်ခဲ့ရတယ်။ အဲဒီနောက် ကျနော် ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။ ကိုယ်အားကိုယ် ကိုးမယ် ယုံကြည်ရပြီး ကျနော် ထချင်တဲ့အချိန် နိုးပေးမယ့် ဘဝအဖော် ရအောင် ရှာမယ် ဆိုပြီးတော့ပေါ့။ မဆီမဆိုင် မဟာဆန်သူရဲ့ မျက်နှာလဲ ပေါ်လာသေး …

ရှက်ရှက်နဲ့ ပြောရဦးမယ်။ သူတို့တွေ ကျနော်ကို လာနိုးတာက တီဗီကြည့်ပြီး ပြန်လာတဲ့ အချိန်ဗျ။ ည ၁၁ နာရီခွဲ လောက်။ တော်တော် ဆိုးတဲ့ ကောင်တွေ …

အတိတ်စားကြက် ဆင်တဲ ရောက်နေတဲ့ အတွေးစိတ်ကို လက်တွေ့ဘဝထဲ ပြန်ခေါ် လိုက်ပါတယ်။ ညည့်နက်နေပြီပဲ မနက်အလုပ်သွားဖို့ အိပ်ယာ ထရဦးမယ်။ ငယ်ငယ်တုန်းကလိုတော့ မဟုတ်တော့ ဘူးလေ။ မဟာဆန်သူ ပြောတဲ့ စကားတွေကိုလည်း နာလည်နေပြီ။ ဒါကြောင့် ရေသန့် ဆိုတဲ့ နာမည်နဲ့ တရားကဗျာတွေ ရေးနေမိတယ်။ ယုံကြည်ရတဲ့ ဘဝအဖော်လည်း ရှိပြီဆိုတော့ မနက်အိပ်ယာထ မပူရတော့ ဘူးလေ …

ကဲ … … ဆင်တဲ ဝိုင်တော်သားများနဲ့ အလည်လာတဲ့ မိတ်ဆွေတို့ … ကျနော် ဘဝအဖော်ကို ခန့်မှန်း ကြည့်ကြပါဦး။ သိများသိနေမလားလို့ … ဘဝအဖော်ဆိုတဲ့ နာမည်နဲ့ ကဗျာတစ်ပုဒ် ရေးနေပါတယ်။ ကျေးဇူးတင်လို့ပါ။ သူက အခု ကျနော့် အိပ်ယာပေါ်မှာလေ ကျနော် ကျေးဇူးတင်နေတာ သူ သိ မှ သိ ပါ လေ စ … … ..

(ဘဝအဖော် ကဗျာ မကြာမီ မျှော်)

စာကြွင်း …
ကျနော့် ရဲ့ ဘဝအဖော် ကို မှန်အောင်ခန့်မှန်းနိုင်ရင် ရေသန့် နှစ်ဘူး ( နှာ ဘူးမဟုတ်ပါ ) ဆုချမည် ဖြစ်ပါကြောင်း …

ဝိရောဓိ

ည၏ပကတိက မည်းနက်လှချေတော့သည် ပမာပြရလျှင် ကပ္ပလီ တစ်ယောက်ကတ္တရာပုန်းထဲပြုတ်ကျသွားသကဲ့သို့ပင်ရှိချေတော့သည်။ ကောင်းကင်ယံရှိကြယ်ပွင့်လေးတို့မှာလည်း မိုးဉီးကာလအကြို တိမ်ညိုတိမ်မည်းတို့၏ ဖုန်းကွယ်မှူ့ကြောင့် ကော်ဖီမှူန့် နက်နက်ထဲသို့ သကြားလေးလက်တစ်ဆစ်ခန့်ပတ်ထည့်လိုက်သလိုသာမှူန်ဖွားဖွားနှင့် အရောင်မှေးမှိန်နေကြရှာသည်။ဖွင့်ထားသောပြတင်းတံကားမှ မိုးဉီးအကြိုရှေ့တော်ပြေး ဝသန်လေ လေးနှင့်အတူ မိုးစက်မိုးဖွားလေးများကလည်းမကြိုဆိုပဲနှင့်အလည်ရောက်လာကြလေသည်။

တိတ်ဆိတ်နေသော ည၏လွမ်းမိုးမှူ့ အောက်ဝယ် တစ်လောကလုံးအိပ်မောကျနေသော်လည်း ကျွန်တော့်မှာ အိပ်မပျော်နိုင်သေးပါ စာရေးခုံနံဘေးမှ ဟိုတစ်စ ဒီတစ်စ ပြန့်ကြဲနေသောစာရွက်အတိုအစများနှင့် မဆုံးနိုင်အောင်ရှည်လျှားလှသောအတွေးမျှင်များ၏ ရစ်ပတ်ထားမှူ့ကြောင့် တစ်ယောက်ထဲအကျဉ်းကျနေသလိုဖြစ်နေပါတယ်။ပြန့်ကြဲနေသော စာရွက်အတိုအစလေးများကိုကောက်ယူကြည့်မည်ဆိုပါကလည်း ဟိုတစ်စ ဒီတစ်စနှင့် ပြန့်ကျဲနေသောဝါကျအတိုအစများကိုသာတွေ့ရမှာဖြစ်ပါတယ်။

အင်း….ဒီတစ်ခါဘာအကြောင်းရေးရရင်ကောင်းမလည်း….ဒီမေးခွန်းကိုတစ်ယောက်ထဲ အကြိမ်ကြိမ်ပြန်မေးနေမိပါသည်။ ဆိုဒ်ထဲက တစ်ခြားဆရာလေးတွေရေးထားတာမျိုးလိုက်ရေးရ ရင်ရောကောင်းမလား ဉပမာ ။ ။ ပေါ့ဆိမ့်လိုနည်းပညာတွေအကြောင်းရေးရင်ကောင်းမလား? ဟင်း… ဒါလည်းမဖြစ်သေးပါဘူး။ ကိုယ်ကလည်း နည်းပညာပိုင်းနဲ့ပတ်သက်လာရင် စက်ဘီးလေထိုးကျွတ်ဖာတောင်ဖြောင့်အောင် လုပ်တတ်တာမဟုတ်တော့ နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းကတော့ ဘယ်လိုမှရေးလို့ရမှာမဟုတ်ဘူး ဒါဆိုဘယ်သူရှိသေးလည်း ဘလက်ကော်ဖီလို ဆင်တဲသတင်းတွေရေးရင်ကော?.. ဟာ.ဒါလည်းမလွယ်သေးပါဘူး သတင်းလိုက်စုံစမ်းရတာလည်းလွယ်တဲ့ အလုပ်တော့မဟုတ်ဘူး ပြီးတော့ကိုယ်က ဘလက်ကော်ဖီလို အပေါင်းသင်းက သိပ်ရှိတာလည်းမဟုတ်တော့ သတင်းစုံစမ်းဖို့ဆိုတာလည်း သိပ်မလွယ်လောက်ဘူးထင်တယ် တော်ကြာမဆိုင်တာတွေသွားစုံစမ်းမိလို့ လိုက်ရိုက်တာခံနေရအုံးမယ် ဒါလည်းမအိုကေသေးပါဘူး။

ဟာ..မလွယ်ပါ့လား ice ကော်ဖီလို အွန်လိုင်းပေါ်မှာတွေ့တဲ့ကောင်လေးအကြောင်းရေးရင်ကော အင်း…ဒီအကြံကဆိုးတော့မဆိုးဘူး “အွန်လိုင်းပေါ်မှာဘော်ဘော်ကောင်မလေးတစ်ယောက်လောက်ရှာ“ ဇာတ်လမ်းတွေထွင် နောက်မှဘာညာ ဘာညာတွေဖြစ်ပြီးပြသနာဖြစ်လာကြရင် ကောင်မလေးနဲ့ပတ်သက်တဲ့ ခံစားချက်တွေထုတ်ရေးချပြီး ဇာတ်လမ်းတစ်ပုဒ်လောက်ဖန်တီးလိုက်ရင်ကောင်းမယ်ထင်တယ် ပိုပြီးအသက်ပါသွားအောင် ဟုတ်ဟုတ် မဟုတ်ဟုတ် ဇာတ်ဝင်သီချင်းတွေဘာတွေမြိုင်မြိုင်ဆိုင်ဆိုင်ထည့်ပေးလိုက်ရင်ပြတ်ပြီ ဟိုအဆိုတော်ဆိုထားတဲ့သီချင်းကိုကော်ပီလုပ် စာသားပြောင်းပြီး “ဖေဖော်ဝါရီကိုးရက် အွန်လိုင်းပေါ်မှာ စတွေ့ခဲ့တယ် အဲဒီနေ့က မီးမပျက်ပါ ၊ မေလနှစ်ဆယ့်ငါး နင်နဲ့ ငါသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်၊“ chat ခဲ့တာလေးနှစ် အဆက်ဖြတ်ခါဝေးလွင့်၊“ “မင်းငါ့ကိုမကြိုက်ဘူး လုံးဝကိုမမိုက်ဘူး“ ငါမင်းကိုသတ်ချင်တယ်“…. ဟေး.ဟေး စာသားတွေကတော့လုံးဝ မန်းကီးဖြစ်တယ်။

တော်ရုံလူကတော့ဖတ်ပြီး ဘူးသီးလောက်မျက်ရည်တောင်ထွက်သွားနိုင်တယ်။ဒီအကြံလေးကဆိုးတော့မဆိုးပါဘူး ဒါပေမဲ့ iceကော်ဖီ ကအီကိုဆန်ပြီးမူပိုင်ခွင့်ကိစ္စတွေဘာတွေနဲ့ကိုင်လာလို့ မူပိုင်ခွင့်မပေးပဲ ကော်ပီလုပ်တဲ့ အမှူ့နဲ့ ဦးစိမ်းစို ကြီးရုံးကိုရောက်နေလို့ဒုက္ခများနေအုံးမယ် ဒီလူကြီးနဲ့က ကမ္ဘာ့ရန်ကြီးဟိုတစ်လောတုန်းက သင်္ကြန်တွင်းမှာ ရှူ့မညီးတဲ့သူ့သမီးလေးကိုရေပတ်လိုက်တာ ထွန့်ထွန့်လူးအောင်ဒေါသတွေထွက်ပြီး သူ့အဖေကြီးကိုသွားတိုင်လို့ ရပ်ကွပ်ရုံးကိုရောက်ပါလေရော ဘယ်နှယ်ဗျာ သင်္ကြန်တွင်းမို့ရေပတ်တာစိတ်ဆိုးစရာလား။

ဟဲဟဲ…တစ်ခုတော့ရှိတာပေါ့ အဲဒီနေ့က ကျွန်တော်လည်း သင်္ကြန်တွင်းလည်စရာပိုက်ဆံမရှိတာနဲ့ အိမ်တွင်းအောင်းနေရတာပေါ့ အဖေ နဲ့ အမေ ကလည်း ဉပုဒ်စောင့်ကြတာနဲ့ ဘူဖေးစနစ်နဲ့ ကိုယ်ဘာသာထမင်းအိုးတည်ဖို့ ဆန်ဆေးနေတုန်း ကောင်မလေးကလည်းလှတပတလေး ဖြစ်အောင်ပြင်ဆင်ပြီး ရေပတ်ခံဖို့ထွက်လာပါလေရော ကျွန်တော်ကလည်းဘယ်မှလျှောက်မလည်နိုင်တဲ့သူဆိုတော့ ကောင်မလေးတွေရေလိုက်လောင်းဖို့ဆိုတာမလွယ်ဘူးလေ ကိုယ်အိမ်နားဖြတ်သွားဖြတ်လာ လုပ်တဲ့ကောင်မလေးတွေကိုပဲ “ အယုတ်အလတ် အမြတ်မရွေးပဲ“ ကျားချောင်းသလိုချောင်းနေရတာ ဒီတော့ကောင်မလေးကလည်းရေပတ်ခံချင်လို့ထွက်လာ ကျွန်တော်ကလည်းရေပတ်ဖို့ချောင်းနေတဲ့သူဆိုတော့ “ဘုန်းကြီးရူးနဲ့ လှေလူး ၊“ “လှအိုးကွဲနဲ့ ဘဖိုးသဲ“ အဲဒီမှာစတွေ့ကြတာပေါ့။

ကျွန်တော်ကလည်း လက်ထဲကဆေးလက်စ ထမင်းအိုးကြီးကိုမေ့ပြီး စိတ်ထဲမှာ သင်္ကြန်ဖလားကြီးထင်သွားပြီး အားရပါးရမသွားပြီး ရေပတ်ခံဖို့ ပဲလေးနဲ့ရပ်စောင့်နေတဲ့ကောင်မလေးကို ခေါင်းကနေလောင်းချလိုက်တာ ဆေးလက်စ ထမင်းအိုးထဲက ဆန်ဆေးရေတွေသာမက ညနေစာ သုံးဆောင်ဖို့ရည်ရွယ်ထားတဲ့အိုးထဲကဆန်တွေပါ ကောင်မလေးတစ်ကိုယ်လုံးကို ဖုံးအုပ်သွားပါတော့တယ် ကောင်မလေးရော ကျွန်တော်ပါ ခဏတော့ကြောင်သွားပါသေးတယ်။

တစ်ခဏအတွင်းမှာပဲ အခြေနေကို သဘောပေါက်သွားတဲ့ ကျွန်တော်က “အရူးကွက်နင်း မထူးဇာတ်ခင်းပြီး“ ထမင်းအိုးဖင်မှာ အနှစ်နှစ် အလလ ကစွဲကပ်နေတဲ့ အိုးမဲတွေကို လက်နဲ့သုတ်ယူပြီး ကောင်မလေးမျက်နှာပေါ် ကာလာထပ်တင်ပေးလိုက်ပါတယ် ကောင်မလေးကမျက်လုံးအကြောင်သားနဲ့ ခဏလောက်ကျွန်တော်ကို ကြောင်ကြည့်နေပါသေးတယ် ကျွန်တော်ကတော့ တစ်ခေါင်းလုံး ဆန်စိတွေပေပွပြီး မျက်နှာတစ်ခုလုံးလည်းအိုးမည်းတွေဖုံးပြီးမကြည့်ရက်စရာဖြစ်နေရှာတဲ့ သူမကို ခပ်တွန့်တွန့်ကြည့်ပြီး အနိစ္စသဘောကိုဆင်ခြင်နေမိပါတယ် အော်သူ့ခမျာ ခုနတုံးကအထိတော့လှရှာသေးတယ် ခုတော့….ခုတော့…ဟင့် ကြည့်ရဲတော့ဘူး။

ဇဝေဇဝါဖြစ်နေတဲ့ကောင်မလေးကလည်း သူ့ဘေးအိပ်ထဲက မှန်ဝိုင်းလေးကိုထုတ်ကြည့်ပြီး…အား..ဆိုပြီးစူးစူးဝါးဝါးအော်ပြီး ပြေးထွက်သွားပါတော့တယ် ပြေးသွားရင်းပါးစပ်ကလည်း“ ငါးစိမ်းသည် စပီကင်တွေကို“ “ရပ်ပါတွေကာရံရွတ်သလို မရပ်မနားရွတ်သွားပါတယ် “ခပ်လှမ်းလှမ်းကကြားလိုက်ရတာတောင် ကျွန်တော့်အမျိုးတွေထဲကတစ်ဝက်လောက် ကံဆိုးသွားပါသေးတယ်“ သွားပြီ ငါတော့“ ဆင်ဖုန်းတရားရုံးကို“ ပါတော်မူတော့မယ်နဲ့တူပါရဲ့ ။ ထင်တဲ့အတိုင်းပါပဲ သိပ်မကြာမီအတောတွင်းမှာပဲ ဆင်ဖုန်းတရားရုံးကပြာတာ မောင်ဖိုးကြောင် တစ်ယောက် ရူးကြောင်မူးကြောင်နဲ့ လာခေါ်ပါတော့တယ်။ ကျွန်တော်လည်း ရုံးရောက်တော့ ဒေါသတွေ အချောင်းလိုက်ထွက်နေတဲ့ ဦးစိမ်းစိုကြီး ကိုတွေ့ရပါတော့တယ်။့ သူ့သမီးလေးကလည်း ငိုလိုက်တာ ငိုချင်းသည် ရှူံးလောက်တယ်ဗျို့ ပြောလိုက်တာတွေကတော့စုံနေတာပါပဲ။

ကျွန်တော်လည်းဘာဆက်လုပ်ရမှန်းမသိတော့တာနဲ့ အသာပဲကြည့်နေလိုက်ပါတယ်။အဲဒီအချိန်မှာပဲ ရပ်ကွက်လူကြီးတစ်ယောက်ဖြစ်တဲ့ ကျွန်တော့် ဦးကြီးတော်တစ်ယောက်လိုက်လာပါတယ် အခြေနေကိုသိသွားတဲ့ ဦးလေးကကောင်မလေးကို မက်လုံးလေးတွေပေးပြီးချော့လိုက်မှငြိမ်သွားပါတယ် ဦးလေးက သူ့သမီးတွေရေပတ်ခံကားနဲ့နောက်နေ့ထွက်လည်ရင် ကောင်မလေးကိုလည်း ကားခပေးစရာမလိုပဲ အခမဲ့လိုက်ခွင့်ပြုပါတယ်လို့ပြောလိုက်တော့ ခုနကဆူနာမီလှိုင်းလုံးလောက်ကြီးတဲ့ မျက်ရည်တွေအားလုံးဟာ “ ခြောက်ခန်းသွားတဲ့ အိမ်မက်မြစ်ဖြစ်သွားပါတော့တယ်။

ကောင်မလေးကလည်း အလကားရရင် မသာအင်္ကျီကိုတောင်ချွတ်ယူတတ်တဲ့ ဖအေတူသမီးပီသပါတယ် အလကားရေပတ်ခံထွက်လိုက်ရမယ်လည်းဆိုရော ခုနက သူ့ပါးစပ်ကထွက်နေတဲ့ ငါးစိမ်းသည် စပီကင်တွေပျောက်သွားပြီး ကျွန်တော်ကိုလည်း “ကာကြီး၊ ကာကြီး နဲ့ ကိုကြီးလို့တောင်ပီအောင်မခေါ်နိုင်တော့ပါဘူး တနားပါတယ်နော် ဂျကားလည်းပီဘူး“ “ဟွန်းဟွန်း..“။ဦးစိမ်းစိုကြီးလည်း ဘာမှထပ်မပြောသာတော့ပါဘူး ဒါပေမယ့် သူကြည့်တဲ့ အကြည့်က ဆင်နာကြီးမျက်စိစွံနေသလိုပဲ။အဲဒီကတည်းက ကျွန်တော်လည်းအမှူ့ဖြစ်မယ့်ကိစ္စဆိုဝေးဝေးကရှောင်နေရပါတော့တယ်။

ကံသီပေလို့နော် နို့မိုဆို ကယ်တင်ရှင်သာရောက်မလာခဲ့ရင်တော့ “ဆင်ဖုန်းတရားရုံး“ထိပ်တုံးထဲကနေ“ happy Myanmar new year“ ဆိုပြီး ငိုသံကြီးနဲ့ အော်နေရမှာ ကံကောင်းပေလို့သာပေါ့။ နောက်စဉ်းစားမိတာတစ်ခုက ice coffee ကဘာမှမပြောလို့ ပြသနာမရှိဘူးပဲထားပါတော့ အွန်လိုင်းပေါ်မှာ ကောင်မလေးတွေကို အီစီကလီလုပ်ဖို့ဆိုတာကလည်း ကျွန်တော့်ရုပ်ကြီးနဲ့ ဘယ်ကောင်မလေးကမှလညှ်း နာမည်အပျက်ခံပြီး ဇာတ်လမ်းအထွင်ခံမယ်လို့မထင်တာနဲ့ ဒီလိုအကြောင်းမျိုးရေးဖို့ကိုလက်လျှော့လိုက်ရပါတယ်။

ဒါဆိုရင်…ဒါဆိုရင်….ချိုကျလို ကဗျာလှလှလေးတွေရေးရင်ကော ချိုကျ ရေးတဲ့ကဗျာလေးတွေကိုတော့ ကျွန်တော်လည်းကြိုက်ပါတယ်။ ကျွန်တော်လည်းတစ်ခါတစ်လေသူ့လို ကဗျာလေးတွေရေးရရင်ကောင်းမလားလို့ တစ်ခါတစ်လေစဉ်းစားမိပါတယ် ကဗျာနဲ့ပတ်သက်လာရင် ကျွန်တော်လည်း “ညအခါလသာသာ“ “ကစားမလားစားမလား“ ဒီလောက်တော့ဖြစ်ပါတယ်။

“ဒီလိုကြယ်ရောင် မှိန်မှိန် လရောင်မသမ်းတဲ့ ညမျိုးမှာ မိုးစက်မိုးငွေ့လေးတွေက သယ်ဆောင်လာတဲ့ လေပြေလေးကိုအဖော်ပြုပြီး ကျွန်တော့်ရဲ့ အခန်းပြုတင်းပေါက် ကနေ မဖိတ်ခေါ်ပဲ အလည်ရောက်လာပါတယ်“ “ မှူန်တိမှူန်ဝါးနဲ့ မြင်နေရတဲ့ ညရဲ့အလင်းရောင်အောက်မှာ လူးလာကျက်စားပြီး ပျံဝဲနေကြတဲ့ ညငှက်လေးတွေနဲ့ ဟိုးအဝေးမှာမီးရောင်လဲ့လဲ့နဲ့ မြင်နေရတဲ့ တန့်ကြည့်တောင်တောင်တန်း“ အို..အားလုံးကတော့ကဗျာတွေချည်းပါပဲ ခက်နေတာက ဒီအလှအပတွေကိုဘယ်လိုဆက်စပ်ပြီးကဗျာ တစ်ပုဒ်ဖြစ်လာအောင်ဘယ်လိုဖန်တီးမလည်းဆိုတဲာ ဘဲဥကိုအစရှာမရသလိုဖြစ်နေပါတယ်

လန်းဆန်းကြည်လင်တဲ့ ကဗျာဉာဏ်လေးတွေထွက်လာအောင် ခုနေအိမ်အပြင်ထွက်လမ်းလျှောက်လိုက်ရင်ကောင်းမလား လမ်းလျှောက်ရင်းတရုပ်ကားထဲကသိုင်းဆရာကြီးတွေလို “ကဗျာရွတ်သံ“ံဆိုပြီးတော့ “ကွိကွိ “ “ကွကွ“ တွေ ရွတ် သိုင်းကွက်တွေထုတ်ပြီး ဘုတ်အုတ်ထဲမှာကဗျာတွေရေးချလိုက်ရင်ကော အဆင်ပြေမလား “ဟာ“…ဒီအချိန်ကြီးလမ်းပေါ်ထွက်ဖို့ကလည်းမလွယ်ပါဘူး တော်ကြာ “ဦးစိမ်းစိုကြီးနဲ့“ တွေ့နေလို့ ကိုယ်အိမ်ရှေ့ ကိုယ်လမ်းလျှောက်နေတာတောင် မှောင်ရိပ်ခိုမှူ့နဲ့ အဆွဲခံနေရအုံးမယ် ဒီလူကြီးနဲ့မတွေ့ရင်တောင် ညဖက်လမ်းပေါ်ထွက်ကျက်စားတတ်တဲ့ ခွေးလေ ခွေးလွင့်တွေနဲ့ တွေ့လို့ကျော်မကောင်းကြားမကောင်းတွေဖြစ်နေအုံးမယ်

“ဟယ်“..ကိုယ့်ဘာသာအိမ်ထဲမှာနေပြီး အပြင်လောက ကရှူ့ခင်းတွေကိုကြည့်ပြီး ထွက်သလောက်ဉာဏ်လေးနဲ့ပဲ ကဗျာထိုင်စပ်..စပ် .ဟာ…မကြည့်ဖြစ်တာအချိန်အတော်ကြာသွားတဲ့ နာရီကိုအမှတ်တမဲ့ လှမ်းကြည့်လိုက်တော့ နာရီလက်တံတွေက နံနက်လေးနာရီအကျော်မှာ ပြနေပါတယ် မဖြစ်သေးဘူး..မဖြစ်သေးဘူး အိပ်မှဖြစ်တော့မယ် တော်ကြာမနက်မထနိုင်လို့ ကျွန်တော် စာလိုက်ပေးတာကိုယူဖို့ စောင့်နေတဲ့ကောင်မလေးတွေ ရင်ကွဲပက်လက်ဖြစ်နေရှာအုံးမယ် ဒီမှာကဗျာကလည်း ဘာမှစမထားရသေးဘူးတာဝန်ကျေလေးစပြီးခေါင်းစဉ်လောက်တော့ ပေးထားလိုက်မယ် ဘာနာမည်ပေးထားရင်ကောင်းမလည်း ဒါလောက်တောင်ဇဝေဇဝါ ဖြစ်နေတာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြားဖူးနားဝလေးနဲ့ “ဝိရောဓိ“ လို့ယာယီပေးထားလိုက်မယ် ရေးတာကတော့ ကြုံမှပေါ့ ။

ရတနာ အိပ်မက်

ဧပြီလ၏ နံနက်ခင်းလေးတစ်ခု ဘေးအိမ်ကဖွင့်နေတဲ့ ’’တူးပို့’’’’တူးပို့’’… မြူးကြွတဲ့သင်္ကြန်သီချင်းသံလေးနဲ့ အတူလန်းဆန်းတက်ကြွမှူ့တွေနဲ့ ကျွန်တော်အိပ်ရာကနေနိုးထလာခဲ့ပါတယ်။ နာရီကိုလှမ်းကြည့်လိုက်တော့ မနက်ရှစ်နာရီခွဲသာသာပဲရှိသေးပေမဲ့ ကျွန်တော်တို့ အိမ်ရှေ့ပြည်လမ်းမကြီးထက်မှာတော့ လမ်းသွားလမ်းလာ စက်ဘီး၊ဆိုင်ကယ်၊ ကားမျိုးစုံတို့ရဲ့လှူပ်လျားမှူ့ တွေနဲ့အတူမနက်ခင်းလေးကသက်ဝင်စည်ကားလို့နေပါတယ်။ သွားတိုက်မျက်နှာသစ် ထမင်းကြမ်လေးလွေးပြီးသကာလ လမ်းသွားလမ်းလာတွေကို ငေးမောနေရင်းက ညတုန်းကမက်ခဲ့တဲ့ အိပ်မက်ကိုခုမှပြန်တွေးရင်း ရီချင်လာမိပါတယ်။

အိပ်မက်လေးကဒီလိုပါ သင်္ကြန်ရက်နားနီးလာတာနဲ့ သင်္ကြန်တွင်းလည်ပတ်ဖို့အတွက် အရေးပေါ်ရန်ပုံငွေရှာဖွေနေသောကျွန်ုပ်ကို ကျွန်ုပ်၏ မိဘနှစ်ပါးမှ အထူးကြပ်မတ်၍စောင့် ကြည့်နေကြလေသည်။ ကျွန်ုပ်၏မိဘနှစ်ပါးက ကျွန်ုပ်ရန်ကိုကြောက်၍ သူတို့ပိုင်ငွေကြေးများအားလုံးကို ဆွတ်ဇာလန် နိုင်ငံရှိကမ္ဘာ့ ဘဏ်ကြီးများတွင်သွားရောက်၍ အပ်နှံထားကြလေသည်။အိမ်တွင်းပစ္စည်းများကိုမူ အာမခံကုမ္မဏီများတွင် အာမခံထား၍ အထူးအလွတ်စုံထောက်များငှားရမ်း၍ ကျွန်ုပ်ကိုလည်းစောင့်ကြည့်နေကြလေသည်။ ထို့ကြောင့်ကျွန်ူပ်မှာအိမ်တွင် ငွေကြေးများရှာမတွေ့ရုံသာမက ပစ္စည်းများကိုပင်လျင်ပြောပြီးမှကိုင်သုံးရသည့် ဘဝသို့ရောက်နေချေတော့သည်။

နောက်ဆုံးတွင်ကြံရာမရဖြစ်လာသော ကျွန်ုပ်မှာ ကျွန်ုပ်ဖခင်အိမ်နေရင်းစီးသည့် ရွှေဖိနပ်အစုတ်ကြီးကို ဦးကုလားပေါင်ဆိုင်တွင် သွားရောက်ရောင်းချ၍ သင်္ကြန်လည်စရိတ်အဖြစ်ဖန်တီးလိုက်တော့သည်။ ရွှေဖိနပ်အစုတ်ကြီးရောင်းရငွေများကို ကျွန်ုပ်၏ သူငယ်ချင်းသင်္ကြန်မင်းသားကြီး ရေပက်ခံကားထာဝရ စီစဉ်သူကြီး ဂျိုကာကြက်ရိုး လက်သို့အပြီးပိုင်လွှဲအပ်၍ ကျွန်ုပ်၏နေအိမ်သို့ ပေါ့ပါးသွက်လက်သောခြေလှမ်းများဖြင့်ပြန်လာခဲ့သည်။ အိပ်သို့ပြန်ရောက်သော် ရွှေဖိနပ်အစုတ်ကြီးကို သမသွား၍ ဒေါသအလွန်ထွက်နေသော မိခင်ကြီးက ကျွန်ုပ်ခေါင်းကို စိန်လက်စွပ်များပြည့်နေအောင်ဝတ်ထားသော လက်ဖြင့် “ခွပ်“ ကနဲနေအောင်ခေါက်၍ တံတောင်ဆစ်အထိရောက်အောင် လက်ကောက်များဝတ်ထားသောလက်ဖြင့် ကျွန်ုပ်၏ကျောကို “ ဘုန်း“ ကနဲနေအောင်ထုပြန်၏။

ထိုမျှဖြင့်အားမရသေးသဖြင့် ကွန်ပြူတာနှစ်လုံးဖြင့် ကုမ္မဏီလုပ်ငန်းများကို စီမံခန့်ခွဲနေသောကျွန်ုပ်၏ဖခင်ကိုပါ လှမ်း၍ခေါ်ချေသေး၏။ ဒေါသထွက်နေသော ကျွန်ုပ်၏ဖခင်က သူအလုပ်လုပ်နေရာ အဲယားကွန်းခန်းထဲမှ ပြေးထွက်လာပြီးလက်ထဲမှ စကားပြောလက်စ“ အိုင်ဖုန်း “အသစ်စက်စက်ကြီးဖြင့် ကျွန်ုပ်ကိုလှမ်းပေါက်၏ ကျွန်ုပ်ကလည်းလျှင်မြန်စွာရှောင်တိမ်း၍ ဖုန်းကိုဖမ်းယူထားလိုက်ရာ ဒေါသပိုထွက်လာသောဖခင်က သူ့လက်တွင်ပတ်ထားသော စိန်နှင့် ပတ္တမြား စီထားကာရွှေဖြင့်အတိပြီးသော“ ရိုးလက်နာရီကြီးဖြင့်ချွတ်ပေါက်လိုက်ပြန်၏ ကျွန်ုပ်ကလည်းမပျက်စီးသင့်တာမပျက်စီးရလေအောင် လျှင်မြန်စွာဖမ်းပြီးကျွန်ုပ်၏ လက်တွင်ပတ်ထားလိုက်သည်။

ထိုအချိန်တွင် ထမင်းချက်တမ်းကစားနေသော ကျွန်ုပ်၏ အဒေါ်ကလည်း“ကျောက်စိမ်းယောက်မကြီး“ကိုကိုင်၍ ကျွန်ုပ်ကိုရောသမမွှေလုပ်ရန်အတွက် တိုက်ပွဲစည်းအတွင်းသို့ပြေးဝင်လာ၏ အဒေါ်ပြေးလာသည့် တစ်ချိန်ထဲမှာပဲ အပြင်မှရုတ်တရက်ပြန်လာသောကျွန်ုပ်၏။ အမကလည်းစွဲကိုင်စရာလက်နက်တစ်စုံတစ်ရာမတွေ့ရသဖြင့် သူမ၏ စိန်နားကပ်ကြီးကိုချွတ်၍ လက်နက်ပုန်းသဖွယ်ကိုင်ဆောင်၍ ကျွန်ုပ်ကိုပြစ်ရန်ချိန်ရွယ်ထားလေ၏။ ကျွန်ုပ်လည်း မိသားစု စုပေါင်းတိုက်ကွက်ဆန်းကို ရေရှည်ခုခံနိုင်ရန်လမ်းမမြင်တော့သဖြင့် ထွက်ပြေးတိမ်းရှောင်ကွက်ကိုသုံး၍ ခြေကုန်သုတ်ရချေတော့သည်။

ပြေးရင်းလွှားရင်းကမှ နံရံတွင်ချိတ်ထားသော ကျွန်ုပ်အိမ်နေရင်းဆောင်းသည့် “နယူးအေရီယာဦးထုပ် (အစစ်) “ကိုဆောင်း၍ အိမ်ရှေ့တွင်အလွယ်တကူချွတ်ထားပြီးခြံထဲလမ်းလျှောက်ရင်းစီးလေ့ရှိသည့် “အဲယားဖို့(စ်)ဝမ်း (အစစ်)“ ကိုလျှင်စွာစီးပြီး ထမင်းချက်လင်မယား ဈေးဝယ်ထွက်ရာတွင်သုံးလေ့ရှိသည့် “လင်ခရူဇာ“ ကားအသစ်စက်စက်ကြီးပေါ်တက်၍ အရှိန်ဟုန်ပြင်းထန်စွာထွက်လာခဲ့ရာ ကျွန်ုပ်တို့အိမ်ပေါက်ဝမှ ခြံဝင်းဂိတ်တံကားသို့ သုံးနာရီခန့်ကြာအောက်မောင်းခဲ့ရ၏။ အပြင်လမ်းမကြီးသို့ရောက်လတ်သော် စိတ်ပြေလက်ပျောက် ကွမ်းစားရန်အတွက် ကျွန်ုပ်၏ မိတ်ဆွေကြီး “ အောင်ကိုသိန်း“၏ကွမ်းဆိုင်သို့ မောင်းထွက်လာခဲ့သည်။ ဆိုင်ရှေ့တွင်ကားရပ် ကားပေါ်မှ ခန့်ခန့်ထည်ထည်ကြီးဆင်းလာသောကျွန်ုပ်ကို ကျွန်ုပ်၏ဘော်ဒါကြီးအောင်ကိုသိန်းတစ်ယောက် ထုံးစံအတိုင်းမျက်လုံးပြူးကြီးဖြင့် ကြိုဆိုလေ၏။

ကျွန်ုပ်လည်း ဟန်ပါပါဖြင့်ဘေးအိပ်ထဲမှ အသေးသုံးငွေအချို့ကိုထုတ်ယူလိုက်သောအခါမှ ကျွန်ုပ်အိပ်ထဲတွင် မြန်မာငွေသားမပါပဲ ယူအက်(စ်)ဒေါ်လာ တစ်ရာတန်များနှင့်ပြည့်နေသည်ကိုတွေ့၍ သက်ပြင်းတစ်ချက်ချချင်ယောင်ဆောင်ပြီး ငွေအားလုံးကိုအိပ်ထဲပြန်ထည့်ကာ အောင်ကိုသိန်း ၏မျက်နှာကြီးကိုခပ်တည်တည်တစ်ချက်ကြည့်လိုက်ပြီး ရှေ့မျက်နှာနောက်ထားပြီး ကွမ်းယာငါးဆယ်ဖိုး အကြွေးဝယ်ယူအားပေးရာ အောင်ကိုသိန်း၏ မျက်လုံးကြီးများကျွတ်ကျမတတ်ပြူးလာ၍ အံကြီးကိုကြိတ်ထားသည်မှာ အထင်းသားမြင်နေရသည်။ ကျွန်ုပ်လည်းမမြင်ဟန်ပြု၍ လင်ခရူဇာ ပေါ်သို့မာန်ပါပါတက်ပြီး ကားပြုတင်းပေါက်မှရိုးလက်နာရီပတ်ထားသောလက်ကို မြင်သာအောင်ထုတ်ပြီးလက်ပြနှူတ်ဆက်ခဲ့လေရာ အောင်ကိုသိန်း၏ မိုးအုံ့လေထန်မျက်နှာကြီးမှာ ဖုန်ငွေ့တို့နှင့်အတူကျန်ခဲ့လေ၏။

ကားကြီးဖြင့်ဆက်ထွက်လာခဲ့ရာ သိပ်မကြာခင်မှာပဲ မြို့ထဲမှနာမည်ကျော်ဦးရွှေသီး ၏မန်ကျည်းဖျော်ရည်ဆိုင်ရှေ့သို့ရောက်သော် ကားကိုစက်မသတ်ပဲရပ်၍ ကားပေါ်မှမဆင်းပဲ ကောင်တာတွင်မိန့်မိန့်ကြီးထိုင်နေသော ဆိုင်ရှင် “ဦးရွှေသီး“ ကိုကျွန်ုပ်က “ခပ်စုတ်စုတ်လက်ဖက်ရည်ဆိုင်မှ“ “ ခပ်နူံနုံ“ စားပွဲထိုးလေးတစ်ဦးပမာသဘောထား၍ လက်ယပ်ခေါ်လိုက်သည် ဦးရွှေသီး တစ်ယောက်အပြေးတစ်ပိုင်းဖြင့် ကားနားသို့ရောက်လာသော် မန်ကျည်းဖျော်ရည်နှစ်ခွက် ပါဆယ်ထုတ်ပေးရန်အမိန့်ပေးလိုက်ပြီး လာပို့သောအခါဦးရွှေသီးကိုယ်တိုင်လာရန်မလိုပဲ“ ဦးရွှေသီး၏သား“ “ မောင်ရွှေကျီး“ ကိုလာရောက်ပို့ပေးရန်ပါထပ်လောင်းပြောကြားလိုက်၏။

ဦးရွှေသီး ၏စိတ်ထဲတွင်ကား ကျွန်ုပ်ကစိတ်ကောင်းရှိ၍ သူ့ကိုညှာတာကာ နောက်တစ်ခေါက်မလာခိုင်းတော့တာဟု ထင်သွားပုံရသည်။ အမှန်ကဒီလိုမဟုတ်ပါ ကျွန်ုပ်၏စိတ်တွင် ဦးရွှေသီး ၏မျက်နှာကြီးကို တစ်နေ့ထဲတွင်နှစ်ခါမမြင်တွေ့လိုသောကြောင့် လူလဲ ပို့ရန်စေခိုင်းလိုက်ခြင်းဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ဦးရွှေသီး တစ်ယောက်ကျွန်ူပ်၏ အပါးမှ ပြတ်ဝပ်ရိုကျိုးသောအမူအရာဖြင့် ထွက်ခွာသွား၏။

သိပ်မကြာမီ အချိန်မှာပဲ မန်ကျည်းဖျော်ရည်ပါဆယ်ထုပ်နှစ်ထုပ်ကို ဆွဲ၍ ခေါင်းမွှေးစုတ်ဖွား နားရွက်ကားကားနှင့် ကျီးကန်း တစ်ကောင်နှင့်လွန်စွာတူ၍ သရီးကွာတားဘောင်းဘီကို မချွတ်တမ်းဝတ်လေ့ရှိသော ဦးရွှေသီး ၏ ရှူ့မညီးလှသော သားလှရတနာ ’’မောင်ရွှေကျီး ’’ဟုအမည်တွင်သည့်ခပ်ညံ့ညံ့ချာတိတ်ကြီး ကျွန်ုပ်၏ ကားအနီးသို့ရောက်လာလေသည်။မောင်ရွှေကျီး တစ်ယောက်ကျွန်ုပ်၏ ကားနားသို့ ရောက်လာသည်နှင့် ကျွန်ုပ်ကအနှီ ချာတိတ်ကြီးကို အဖက်မတန်၍ မဆက်ဆံ ချင်ဟန်ပြု၍ သူလှမ်းပေးလိုက်သော ပါဆယ်ထုတ်ကိုယူပြီး ကျွန်ုပ်အိပ်ထဲမှ ဒေါ်လာတစ်ရာတန်ကြီးကိုမြင်သာအောင်ထုတ်ပြ၍ ဒါလေး အမ်းပေးလို့ရမလားဟုမေးလိုက်ရာ ထိုငတိခမျာ ကျွန်ုပ်ကိုတစ်စုံတစ်ရာ ဘာမှမပြောနိုင်ပဲ အကြောင်သားကြည့်နေသဖြင့် အကြွေမရှိသေးရင်တော့ စောရီးပဲကွာ ဟုဟန်ပါပါပြော၍ ကားမျက်နာကြက်နား နေကားပြားအောက်တွင်ထိုးထားသော ပုလစ်ရေသဘင် မျက်မှန်ကြီးကို ခန့်ခန့်ကြီးထုတ်တပ်၍ ကျွန်ုပ်၏လှူပ်လျှားမှူ့များကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေရှာသော ထိုအူကြောင်ကြောင်ငတိကို မခိုးမခန့်တစ်ချက်ပြုံးပြလိုက်ပြီး ကျွန်ုပ်၏ကားကြီးကိုမောင်းထွက်လာခဲ့လေသည်။

ကျွန်ုပ်၏ ဦးတည်ရာလမ်းကြောင်းကတော့ ကျွန်ုပ်မိတ်ဆွေကြီး ’’ဂျိုကာကြက်ရိုး ’’၏အိမ်ဂေဟာသို့ဖြစ်ပါသည်။ ဂျိုကာကြက်ရိုး ကိုတင်ဆောင်လာပြီးနောက် ကျွန်ုပ်တို့ဦးတည်ရာအရပ်သည်ကား ကျွန်ုပ်တို့အချစ်တော်ရပ်ကွက်လူကြီး“ ဦးစိမ်းစို“ ၏နေအိမ်ရှိရာ ဆင်တောင်ကြား လမ်းသို့ဖြစ်ပါတယ်။ ဆင်တောင်ကြားလမ်းသို့ ရောက်သော် ဦးစိမ်းစို ၏အိမ်ရှေ့တွင်ကားကိုရပ်ကာ အိမ်ထဲသို့လှမ်းကြည့်လိုက်တော့ ရပ်ကွက်လူကြီး ဦးစိမ်းစို ကို သူ့အိမ်ရှေ့ မြေကွက်လပ်တွင်ပက်လက် ကုလားထိုင် တစ်လုံးဖြင့်စည်းစိမ်ယူရင်း လွန်စွာထူထဲကြီးမားလှသော ဘုတ်အုတ်ကြီး တစ်အုပ်ကိုဖတ်နေသယောင်ပြုနေသော မွဲချောက်ချောက် မျက်နှာပိုင်ရှင်“ ဦးစိမ်းစို “ ကိုအခန့်သင့်ပင်တွေရလေသည်။

ကျွန်ုပ်၏ကားစက်သံကိုကြား၍ ထိုပုဂ္ဂိုလ်ကြီးအိမ်ဝသို့ ဘာပါလိမ့် ဟူသောမျက်နှာပေးနှင်လှမ်းကြည့်ရှာလေသည် ကျွန်ုပ်က ထိုပဂ္ဂိုလ်ကြီးကို စိုးစဉ်းမျှ ဂရုစိုက်ဟန်မပြပဲ ကျွန်ုပ်ဖခင် လက်ဆောင်ပေးလိုက်သော အိုင်ဖုန်း ကြီးကိုထုတ်၍ ဟန်ရေးတပြပြလုပ်နေရာ ထိုလူကြီးလည်း လွန်စွာအားကျလှသောမျက်နှာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့ဘုတ်အုတ်ကြီးကိုပြန်ကြည့်နေ၏။ ထိုအခါမှကျွန်ုပ်တို့လည်း “ အောင်ကိုသိန်း “ ဆိုင်မှယူလာသော ကွမ်းယာထုတ်ကို ထုတ်၍ကွမ်းယာများကို စက်ဖြင့်ကြိတ်နေသလိုတရပ်စပ်ဝါးကြနေရင်း ကားထဲမှသီချင်းသံ ကိုအမြင့်ဆုံးတင်ထားပြီး နှစ်ယောက်စလုံး စည်းချက်နှင့် အညီလှူပ်နေကြ၏။ ထိုအခါကျွန်ုပ်တို့ကားထဲ မှဆူညံလှစွာသော သီချင်းသံကြောင့် ဇဝေဇဝါ ဖြစ်လာသောမျက်နှာဖြင့်ထိုလူကြီးကျွန်ုပ်တို့ကိုထပ်ကြည့်ပြန်ရှာသည်။

ထိုလူကြီး ကျွန်ုပ်တို့ကိုလှမ်းကြည့်လိုက်သည့် အခိုက်တွင်မှ ကျွန်ုပ်တို့နှစ်ယောက်လည်း မော်တာဖြင့်ကြိတ်ဝါးထားသလို ဝါးထားသည့်ကွမ်းယာမှ ကွမ်းတံတွေးများကို ထိုလူကြီးအိမ်ရှေ့လမ်းပေါ်မြေပြောင်ပြောင်ပေါ်သို့ နိုင်နိုင်ကြီးထွေးချလေတော့သည်။ ထိုအခါမှ ထိုငတုံးကြီးသည် ဒေါသထွက်ရကောင်းမှန်းသိလာ၍ လွန်စွာပေါက်ကွဲနေလေတော့သည်။

ကျွန်ုပ်တို့မြန်မာပြည်တွင် လမ်းပေါ်ကွမ်း တံတွေးမထွေးရသည့် ဉပဒေက မရှိသဖြင့် ထိုလူကြီးမှာဒေါသထွက်လာရုံမှတပါး တစ်ခြားနည်းလမ်း မရှိလေတော့ဟန်ဖြင့် သူတို့ အိမ်ထဲမှ သူ့ကတော်ကြီးကိုလှမ်းခေါ်လေတော့သည်။ ဖြစ်နိုင်ချေက်တော့ ကျွန်ုပ်တို့ကို သမ ရန်စစ်ကူခေါ်ခြင်းပါ အိမ်ထဲမှ သူ့ကတော်ကြီး ထွက်လာသည်နှင့် ကျွန်ုပ်တို့ကလည်း တစ်ဆင့်တက်၍“ ဦးရွှေသီး“ ဆိုင်မှ ပါဆယ်ထုတ်လာသောမန်ကျည်းဖျော်ရည်ထုပ်ကိုထုတ် ပိုက်ဖြင့်စုပ်၍ ပလုတ်ကျင်းပြီး ထုံးများဖွေးနေအောင်သုတ်ထားသော သူတို့အိမ်ရှေ့ခြံစည်းရိုးကို လှမ်း၍ထွေးကြလေ၏။

ထိုအချင်းအရာကို မြင်နေသော အဖွားကြီးလည်း တစ်ကိုယ်လုံးနတ်ကျသလို တစ်ဆတ်ဆတ် တုန်ရင်လာရုံသာမက တရုတ်သရဲ ကားထဲမှ သရဲများလိုပါ ခုံဆွခုံဆွဖြင့် လက်နှစ်ဖက်ကိုဆန့်တန်း၍ ကြောက်မက်ဖွယ်မျက်နှာထားကြီးဖြင့် မသာတွေ မသာတွေ ဟူသောဂါထာကို အသံနက်ကြီးဖြင့်တွင်တွင်ကြီးရွတ်၍ လေအဟုန်ဖြင့်ကားနားသို့ချီတက်လာလေသည်။

ကားနားသို့ အဖွားကြီးရောက်လာသောအခါ ကျွန်ုပ်က အဖွားကြီးလင်မယား၏ ဒေါသထွက်နေကြခြင်းကို အနည်းငယ်မျှအသိအမှတ် မပြုသောမျက်နှာထားဖြင့် ရော့ အန်တီ ကွမ်းတံတွေးပေသွားတဲ့နေရာ ကိုထုံးပြန်သုတ်ဖို့ ဟုပြော၍ တရုတ်သရဲကားထဲတွင် သရဲနိုင်ဂါထာစာရွက်ကို သရဲနဖူးတွင်ကပ်ပေးလိုက်သကဲ့သို့အဖွားကြီး၏ နဖူးတွင်ဒေါ်လာတစ်ရာတန် တစ်ရွက်ကိုတံတွေးဆွတ်၍ ကပ်ပေးလိုက်ရာ အဖွားကြီးလည်းဘာတစ်ခွန်းမှ ဆက်မပြောနိုင်တော့ပဲ ကြောင်စီစီမျက်နှာလေးနှင့် အိမ်ထဲသို့ပြန်ဝင်သွားလေသည်။ကျွန်ုပ်လည်း အဖွားကြီးထွက်သွားသည်နှင့် ကျွန်ုပ်တို့၏လုပ်ရပ်များကို မျက်လုံးအကြောင်သားလေးနှင့်ကြည့်နေရှာသော ဦးစိမ်းစိုကိုတစ်ချက်ကြည့်လိုက်ပြီး ကျွန်ုပ်ပတ်ထားသော ရိုးလက်နာရီ ကြီးကို ဟန်ပါပါနှင့်ကြည့်၍ အချိန်ပုပ်သည်ဟူသောအမူအရာကိုပြ၍ ကျွန်ုပ်ကပမာမခန့် အလေးပြုသလိုလုပ်ပြပြီး ကားကိုမောင်းထွက်လာခဲ့တော့သည်။

ဤတွင် ကျွန်ုပ်၏ ဆွတ်ပျံ့ကြည်နူး လွမ်းမောဖွယ်ရာအတိနှင့် ရတနာအိပ်မက် ကြီးကားပြီးဆုံးခြင်းသို့ရောက်ခဲ့ချေတော့သည်။ အင်း….မြိန်ပေစွ….မြိန်ပေစွ ..သက်ပြင်းတစ်ချက်ကိုအသာထုတ်လိုက်ပြီး လမ်းပေါ်တွင်ဉဒဟိုသွားလာ နေသောယာဉ်ကြီး၊ ယာဉ်ငယ် အပေါင်းကို လက်နှစ်ဖက်ကိုအသာနောက်ပြစ်၍ စတိုင်ထုတ်၍ကြည့်နေရင်းမှ ညကအိပ်မက်ကိုပြန်စဉ်းစားမိ၍ တစ်ချက်ပြုံးမိသွားသည်။ ထိုစဉ်…ကျွန်ုပ်၏ နံဘေးမှ ဟင်း…..ဟုသက်ပြင်းချသံမတိုမရှည်အသံကိုကြားမိ၍ လှမ်းကြည့်လိုက်ရာဘယ်အချိန်ကတည်းက ကျွန်ုပ်နံဘေးသို့ရောက်ပြီး ကျွန်ုပ်ကိုမသိမသာအကဲခတ်နေသည်မသိ ကျွန်ုပ်ပြုံးနေသည်ကိုမြင်လိုက်ရသည့်တခဏ တွင်ပြင်းစွာပူပန်သော မျက်နှာကိုဖြစ်ပေါ်လာပြီး လွန်စွာစိုးရိမ်မကင်းသောဟန်ဖြင့် အိမ်ထဲသို့ လျှင်မြန်စွာဝင်၍ သွားလေတော့သည်။

ကျွန်ုပ်အတတ်သိလိုက်ပါပြီ ကျွန်ုပ်၏ မိခင်သည် ကျွန်ုပ်ပြုံးနေသည့်အကြောင်းကို ဖခင်ကြီးကိုသတင်းသွားပို့၍ အိမ်တွင်းပစ္စည်းများကာကွယ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်၍ဆောင်ရွက်ကြရေးဆွေးနွေးနေကြပါပြီ။ ဘာကြောင့်မှန်းတော့မသိ သင်္ကြန်နားနီးလာ၍ ကျွန်ုပ်ပြုံးသည်ကိုမြင်ရလျှင် ကျွန်ုပ်၏ မိဘများလွန်စွာတုန်လှူပ်ကြလေ၏။ .ဘာပဲဖြစ်ဖြစ်လေ ကျွန်ုပ်၏သင်္ကြန်အကြိုနေ့ရက်များကတော့ ညတုန်းကမက်ခဲ့ရသည့် အိပ်မက်လေးကြောင့် စိန်ရောင်၊ရွှေရောင်တွေ တောက်ပြီး လွန်စွာသားနားနေတော့မည်ဟုထင်ပါသည်။ အင်း…ဒီနှစ်သင်္ကြန်တော့ ဇာတာတက်ပြီထင်ပါရဲ့…..။

ဆရာကြီး ဒါပဲလား !

ကျွန်တော် ငယ်ငယ်က အရမ်းကိုအဆဲသန်ပါတယ်။ ကျွန်တော်တို့ဆွေမျိုးတစ်စုလုံးမှာ ကျွန်တော်ကအဆဲအသန်ဆုံးပါ။ ကျွန်တော်တို့ရပ်ကွက်ထဲမှာဆိုရင်လည်း…။ ကျွန်တော်တို့ရပ်ကွက်ထဲကို ဧည့်သည်တစ်ယောက်လာလို့ စပ်စပ်စုစုလုပ်ပြီး ဒီရပ်ကွက်ထဲမှာ ဘယ်ကလေးစာအတော်ဆုံးလည်းလို့ မေးလာရင် ရပ်ကွက်ထဲကလူတွေတော်ရုံနဲ့ မဖြေနိုင်ကြပါဘူး။ အဲ..ဒီရပ်ကွက်ထဲမှာ ဘယ်ကလေးအဆဲသန်ဆုံးလည်းဆိုရင်တော့ ကျွန်တော်ကိုမျက်စောင်းလေးမသိမသာထိုးပြကြပါလိမ့်မယ်။ ရောင်ပြီးလက်ညိုးနဲ့တော့ထိုးမပြလေနဲ့ ကျွန်တော်မြင်လို့ကတော့ အဆဲခံရပြီသာမှတ်။

ကျွန်တော်ငယ်ငယ်က ဆိုးတာလည်းမပြောနဲ့ အမျိုးအင်အားကလည်းတောင့်တာကိုး ဘကြီးတစ်ယောက်ကလည်း ဟိုခေတ်ကလူကြီးဟောင်း၊ ဦးကြီးကလည်း အဲဒီခေတ်အချိန်က ဘာညာ ဘာညာ အဖွဲ့အစည်းမှာလူကြီး တစ်ယောက်ဖြစ်နေတဲ့အချိန် ဆွေမျိုးအင်အားကလည်း တရုတ်သိုင်းကားရိုက်လို့ရလောက်အောင်ကို လူအင်အား တောင့်တင်းတယ် ဦးလေးတွေ၊ အကိုတွေ၊ အဒေါ်တွေ၊ အမတွေ တစ်ပြုံကြီးနဲ့ ပျော်စရာကြီးပေါ့။ ခုလိုတရုတ်ကားသာကြည့်ထားမိလို့ကတော့ ဦးလေး တစ်၊ ဦးလေးနှစ်၊ အကိုကြီး ၊အကိုလေး ၊ဒေါ်ဒေါ်ကြီး၊ ဒေါ်ဒေါ်လေး၊ မမလေး၊ မမကြီးနဲ့ တရုပ်ကားထဲကလိုတောင် လျှောက်ခေါ်ပြစ်လို့ရသေးတယ် ဟေးဟေး ..။ တရုပ်ကားတွေမြဝတီကလာတာ နောက်ကြသွားလို့ နို့မို့ဆိုရင် သိုင်းကားထဲကလို ဘာမိသားစု၊ ညာမိသားစုနဲ့ တောင်နာမည်တွေပေးလို့ရသေးတယ်။

ဒီမိသားစုကြီးတစ်ခုလုံးမှာ ကျွန်တော်နဲ့ ညီမဝမ်းကွဲလေးတစ်ယောက်က အငယ်ဆုံးကလေးတွေဆိုတော့ ကျွန်တော်တို့နှစ်ယောက်ကို အရမ်းချစ်ပြီး အရမ်းအလိုလိုက်ကြပါတယ်။ ကျွန်တော်ငယ်ငယ်က မိဘအိမ်မှာနေတဲ့အချိန်တော်တော်နည်းပြီး သူတို့အိမ်မှာနေတာပဲများပါတယ်။ တစ်ခါတစ်လေ မိဘတွေကအိမ်မှာနေဖို့ပြန်လာခေါ်ရင်တောင် ကျွန်တော်က ပြန်မလိုက်ချင်ပါဘူး။ အမျိုးတွေကအရမ်းချစ်ပြီးအလိုလိုက်ကြတော့ ကျွန်တော်ကလည်းတော်တော် ဆိုးပါတယ်။

ရပ်ကွက်ထဲက လူတစ်ယောက်ယောက်က ကျွန်တော့်ကိုစပြီးလာမဆဲလိုက်ပါနဲ့ ကျွန်တော်ကလည်း အထွေအထူးတောင်အားထုတ်စရာတောင်မလိုဘူး ကကြီးကနေ အ အထိအမျိုးပေါင်းတော်တော်လေးကို ဆဲနိုင်အောင်ကိုတော်ပါတယ်။ ဘယ်လောက်ထိအောင်တော်လည်းဆိုရင် ရွယ်တူကလေးချင်းကိုတောင် နွေရာသီ သုံးလပြတ် အဆဲသင်တန်းပေးလို့ ရလောက်အောင်ကို ဆဲတဲ့နေရာမှာကျွမ်းကျင်အဆင့်ပါ။ ဒါပေမဲ့ အခုအရွယ်ရောက်လာတော့ လုံးဝနီးပါးမဆဲတော့ပါဘူး။ အသက်အရွယ်ကြောင့်လည်းပါတယ်။ နောက်ပြီးတော့ကောင်းကင်ဘုံက ဘိုးဘွားတွေမျက်နှာကိုလည်းထောက်တဲ့ အနေနဲ့ မဆဲတော့တာပါ။ ခုတော့ ’’ပေါ့ဆိမ့်’’ လို အိနြေ္ဒရေ ယယ လေးပဲနေတော့တယ်။

နိုင်ငံခြားမှာထွက်အလုပ်လုပ်တော့ ကျွန်တော်လုပ်ရတဲ့စက်ရုံမှာ နီပေါ၊ ဘင်္ဂလား၊ အင်ဒို၊ မြန်မာဆိုပြီး လူမျိုးပေါင်းစုံရှိပါတယ်။ လူမျိုးပေါင်းစုံဆိုတော့ သိတဲ့အတိုင်း အဆဲလေးကလည်းပေါင်းစုံဆိုပါတော့။ သူတို့ အချင်းချင်းလည်းအတော်ကိုဆဲကြပါတယ် ငယ်တဲ့လူတွေကလည်း ကြီးတဲ့လူတွေကို မအေ၊ နှမတွေနဲ့ စုံနေအောင်ကိုဆဲကြတာပါ။ ကျွန်တော် လည်းဘာသာစကားစုံ ဆဲတတ်အောင်လေ့လာထားရပါတယ်။ သိပ်တော့မခက်ပါဘူး ကျွန်တော်ကပါရမီအခံ ရှိတော့အတတ်မြန်တယ်လေ သိတယ်မဟုတ်လား။ အလုပ်သဘောအရတစ်ခါတစ်လေ အဆီအငေါ်မတည့် ဖြစ်တဲ့အခါမျိုးဆိုရင် ဆဲပြီးတော့ပဲဖြေရှင်းလိုက်ရတာပါပဲ။

အဲဒီမှာထူးခြားတာတစ်ခု မြန်မာတွေက သူများဘာသာ စကားတွေနဲ့ စုံနေအောင်သာဆဲတတ်ကြတာ တစ်ခြားလူမျိုးတွေက မြန်မာလိုတစ်လုံးမှ မဆဲတတ်ကြပါဘူး။ အမြော်မြင်ရှိတဲ့လူဟောင်းတွေက သူတို့ကို မင်္ဂလာပါ နဲ့ ကျေးဇူးတင်ပါတယ်ကလွဲရင်ဘာမှသင်ပေးမထားကြပါဘူး။ သူတို့ကသိချင်လို့အတင်းလာမေးရင်တောင် မြန်မာစကားမှာ အဆဲမပါဘူးဆိုပြီး ဗြောင်လိမ်ထားကြပါတယ်။ ဒီကောင်တွေ ကလည်းမယုံပါဘူး ဘယ်တော့ ဆဲမလည်းဆိုပြီး သတိထားပြီးလေ့လာနေကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာအချင်းချင်းကလည်း တစ်ယောက်နဲ့ တစ်ယောက်လုံးဝမဆဲ ကြပါဘူး။ အရမ်း ယဉ်ကျေးကုန်ကျလို့တော့ မဟုတ်ပါဘူး။

စက်ရုံမှာမြန်မာအင်အားကအရမ်းနည်းတဲ့ အပြင်အသက်အရွယ်တွေကလည်း အရမ်းကွာကြပါတယ် အသက်ကြီးတဲ့လူတွေကို ငယ်တဲ့လူတွေက မဆဲကြသလို ငယ်တဲ့ လူတွေကလည်း ပညာတတ်တွေ ဖြစ်တော့ စက်ရုံမှာ စူပါဘိုက်ဆာ တို့ဘာတို့လူကြီးတွေဖြစ်နေတော့ လူကြီးတွေ ကလည်းလူငယ်တွေကို မဆဲသာပါဘူး ပြီးတော့တစ်ယောက်နဲ့ တစ်ယောက် သိပ်လည်းအရောတဝင်မနေကြတော့ မြန်မာလိုမဆဲ ကြတော့ဘူးပေါ့ဗျာ။ သူတို့ကမသိမသာမေးလည်း ဘယ်သူကမှမပြောပြကြပါဘူး။ကျွန်တော်လည်း ရောက်စမကြာသေးခင် လူကြီးတွေက အဆဲသင်မပေးဖို့ နဲ့ မြန်မာလိုမဆဲဖို့ မှာထားကြလို့ ကျွန်တော်လည်းမြန်မာလို လုံးဝမဆဲပဲသူတို့ဆဲနည်းလေးတွေကိုပဲ သင်ထားလိုက်တယ် မှတ်ကရော…။

တစ်နေ့တော့ နေ့လည်ပိုင်းထမင်းစားနားတဲ့ အချိန်ထမင်းစားပြီး တစ်ယောက်တည်းထိုင်နေတုန်း ဘင်္ဂလားတစ်ယောက်ရောက်လာပါတယ်။ စားပြီး ပြီလား အလုပ်အဆင်ပြေလားဘာညာနဲ့ လာဖောနေပါတယ်။ ပြီးတော့သူ့အိပ်ထဲက စီးကရက်တစ်လိပ်ကိုထုတ်ပြီး ကျွန်တော်ကိုတိုက်ပါတယ်။ ကျွန်တော်လည်းအတော်လေး အံ့သြသွားပါတယ်။ ဘာလို့လည်းဆိုတော့ဘင်္ဂလားတွေဟာ သိပ်ပြီးကပ်စေးနဲပါတယ်။ သိပ်ကတ်သတ်တဲ့ လူမျိုးပါ ခုလိုစီးကရက်တစ်လိပ် အလကားတိုက်ဖို့ဆိုတာ အတော်လေးကိုမလွယ်ကူတဲ့ကိစ္စပါ ပြီးတော့ဒီဘင်္ဂလားကိုကျွန်တော်သိပါတယ်။ ကျွန်တော်အလုပ် လုပ်ရတဲ့နေရာနဲ့ မလှမ်းမကမ်း စက်ရှင်တစ်ခုကပါ အင်္ဂလိပ်လိုအတန်အသင့် ပြောတတ်ပြီးသူတို့ဘင်္ဂလားတွေထဲမှာတော့ လူလည်တစ်ယောက်ပေါ့။ ဒီလိုနဲ့ စပ်မိစပ်ရာလေးတွေပြောကြပြီး နားချိန်ပြည့်တော့ အလုပ်ပြန်ဝင်လုပ်ကြပေါ့။

လေးရက်လောက်ကြာတဲ့အထိတော့ပုံမှန်ပါပဲ နောက်ငါးရက်မြောက်လောက်ရောက်တော့ သူနဲ့အတူနီပေါတစ်ယောက်ပါ ပါလာပါတယ်။ ဒီနီပေါကောင်ကလည်း သူတို့နီပေါတွေထဲမှာတော့ ဆရာပါပဲ လူလည်ပေါ့။ အတော်လေးခင်လာတော့မှ သူတို့နှစ်ယောက်ကကျွန်တော်ကိုမေးပါတယ်။ မြန်မာစကားမှာ ဟိုဟာကိုဘာခေါ်လည်း ဒီဟာကိုဘာခေါ်လည်းနဲ့ မေးကြပါတယ်။ ကျွန်တော်က အကောင်းမေးတာတွေကိုတော့ အမှန်အတိုင်းပဲပြောပြပါတယ်… ဒီလိုနဲ့ အကောင်းမေးနေရင်းက သူတို့နှစ်ယောက်ကဖောက်လာပါရောဗျို့ ။ ယောင်္ကျားတွေဆဲတဲ့ ဟာကို ဘယ်လိုခေါ်လည်းဆိုပြီးမေးပါလေရော။

ကျွန်တော်ကိုလူသစ်ဆိုပြီးအချဉ် လုပ်ပြီးလာမေးတာပါ။ ကျွန်တော်ကလည်းပထမရက်တွေထဲက မေးလာရင်ပြောဖို့စဉ်းစားထားပြီးသားပါ မသိဘူးလို့ပြောရင်မကောင်းဘူးလေ။ ဒါနဲ့ အဲဒါကိုမြန်မာလိုဆရာကြီးလို့ခေါ်တယ်ကွလို့ပြောလိုက်ပါတယ်။ နှစ်ကောင်သားမျက်နှာတွေ ပြုံးရွှင်သွားပြီး ဆရာကြီး…ဆရာကြီးနဲ့ အစမ်းလေ့ကျင့်နေကြပါတယ်.။ ပြီးတော့နီပေါကောင်ကပါ ဒါဆိုငါတို့ နီပေါတွေအမြဲဆဲနေတဲ့ မင်းအမေ…… ကြတော့ရောဘယ်လိုပြောလည်းဆိုတော့ ကျွန်တော်ကတစ်ချက် စဉ်းစားသလိုလုပ်ပြီးကာမှ အဲဒါမြန်မာလိုပြောရင် “ဒါပဲလား” လို့ပြောရတယ်။

နှစ်ကောင်စလုံးဝမ်းသာမှု့တွေက သူတို့မျက်နှာမှာဖုံးမရဖိမရပေါ်နေပါတယ်။ ကျွန်တောလည်းပြောပြီးကာမှ မရယ်မီအောင် အတော်အောင့်ထားရပါတယ်။ သူ့တို့ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဆရာကြီးနဲ့ ဒါပဲလားကို အပြန်အလှန်ရွတ်နေကြပါတယ်။ ညနေအိမ်ပြန်ရောက်တော့ ဟိုငတိနှစ်ကောင်ရဲ့ စက်ရှင်က စူပါဗိုက်ဇာ ကကျွန်တော်တို့အိမ်ကအကိုကြီးတစ်ယောက်ပါ။ သူကကျွန်တော်ကို ညီလေးမင်း ဟိုနှစ်ယောက်ကိုဘာတွေသင်ပေးထားလည်း ငါကဒီနှစ်ကောင်သူများထက်စကားများလို့ အလုပ်တွေပိုပေးလိုက်တာ ငါ့ကို ဆရာကြီး ဒါပဲလားလို့မကြားတကြားနဲု့ပြောနေတယ်။ ဆိုပြီးလာမေးတော့ ကျွန်တော်က ကျွန်တော့်လက်ချာအကြောင်းကို ရှင်းပြလိုက်တော့ အလွန်မျက်နှာတည်တဲ့ အကိုကြီးတောင်ပြုံးစေ့စေ့ ဖြစ်သွားပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ စက်ရုံမှာလည်း မိုးလင်းကနေ မိုးချုပ် ဆရာကြီး ဒါပဲလား ဆိုတဲ့ အသံတွေနေ့စဉ်ကြားနေရပါတယ်။ သူတို့အချင်းချင်း ရန်ဖြစ်ရင်တောင်ဒီလိုပဲ ပြောနေကြပါတယ်။ တစ်ခါတစ်လေ အပြင်ကစက်တွေလာပြင်တဲ့ ကုမ္မဏီတွေက ကျွန်တော်တို့စက်ရုံကစက်တွေလာပြင်တဲ့ စက်ဆရာတွေထဲမှာ မြန်မာလူမျိုးတွေပါလာတတ်ပါတယ်။ သူတို့ကလည်းသိတော့ ဒီလူတွေသူတို့နားကဖြတ်သွားရင် မကြားတကြားနဲ့ ဆရာကြီး ဒါပဲလား ဆိုပြီးလှမ်းလုပ်လိုက်ပါသေးတယ်။ ဟိုလူတွေကြောင်တောင်တောင်ဖြစ်သွားတာပေါ့ ဒါကိုမြင်ရင်သူတို့ကအရမ်းကျေနပ်ကြပါတယ်။ သူတို့မအဘူးဆိုပြီး ဂုဏ်ယူနေကြရှာပါတယ်။နောက်မှ စက်ပြင်ဆရာတွေကို ကျွန်တော်တို့ကဒီအကြောင်းတွေရှင်းပြပြီး ပြန်မပြောဖို့ပိတ်ထားပါတယ် အကြောင်းစုံ သိရတော့ စက်ဆရာတွေလည်းတဟားဟားနဲ့ ပေါ့ဗျာ……

ပုံမှန်ရဲ့ ပို့စ်မှာ သုံးတဲ့ ပုံလေးကို http://www.shutterstock.com ကယူပြီး မြန်မာမှုပြု လိုက်ပါတယ်။ Edited by ပေါ့ဆိမ့်

ဒေါသ ၏ သင်္ကေတများ

ကျွန်တော်တို့ ဆင်တဲမြို့လေးမှာ နာမည်ကြီးကွမ်းယာဆိုင်တစ်ဆိုင်ရှိပါတယ်။ ဆိုင်နာမည်ကတော့ စာဆိုတော် တဲ့ ဆိုင်နာမည်ကထူးခြားနေသလို ဆိုင်ပိုင်ရှင်ကလည်း နည်းနည်းလေးထူးခြားနေပါတယ်။ ဆိုင်ရှင်နာမည်က အောင်ကိုသိန်း လို့ခေါ်ပါတယ်။ အသက် ၄၀ ဝင်းကျင်ခန့်အသားလတ်လတ် မျက်လုံးပြူးပြူး နဲ့ မကြီးမငယ်အရွယ် လူငယ်ကြီးတစ်ယောက်ပါ။ အောင်ကိုသိန်း၏ ကွမ်းယာဆိုင်မှာ မြို့လေးရှိလူစည်ကားရာ ရပ်ကွက်တစ်ခုမှာ ဖွင့်ထားတာဖြစ်သလို ထုံးအစပ် အဟပ်နှင့် ဆက်ဆံရေးကောင်းမွန်မှု့တို့ကြောင့် ဆင်တဲ၏ ရောင်းအားအကောင်းဆုံး ကွမ်းယာဆိုင်တွေထဲ မှာတစ်ဆိုင် အပါအဝင်ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာလူမျိုးတွေမှာက လူအယောက်တစ်ရာရှိရင် ငါးဆယ်လောက်က ကွမ်းစားတတ်ကြပါတယ်။အဲဒီကွမ်းစားတတ်တဲ့လူတွေထဲမှာ ကျွန်တော်လည်း အပါအဝင်ဖြစ်တာမို့ ကျွန်တော်လည်းကွမ်းသမားတစ်ယောက်လို့ပြောပါတော့။ ကျွန်တော်တို့အိမ်နဲ့ အောင်ကိုသိန်း ရဲ့ ကွမ်းယာဆိုင်က နည်းနည်းဝေးပါတယ် ဒါပေမဲ့ကျွန်တော်က ကွမ်းစားရင် အောင်ကိုသိန်း ရဲ့ ကွမ်းယာဆိုင်လေးမှာပဲ အမြဲသွားစားလေ့ရှိပါတယ်။ အောင်ကိုသိန်း နဲ့လည်းရင်းနှီးနေတဲ့ ဖောက်သည်တစ်ယောက်ပေါ့ တစ်ခါတစ်ရံ ပိုက်ဆံပြတ်နေတဲ့ အချိန်မျိုးဆိုရင်လည်း သူ့ဆိုင်မှာ ဘေထုလို့လည်းရပါတယ်။

အောင်ကိုသိန်း ရဲ့ စာဆိုတော် ကွမ်းယာဆိုင်လေး၏ အခင်းကျင်း အပြင်အဆင်မှာ တစ်ခြားဆိုင်များနဲ့ လုံးဝမတူပါဘူး ဆိုင်ခန်းကကျယ်ဝန်းသပ်ရပ်မှု့ ရှိတဲ့အပြင် ဆိုင်နံရံ အပြည့်မှာဆိုရင်လည်းနိုင်ငံခြား မင်းသား မင်းသမီး အဆိုတော် ပုံများနဲ့ပြည်နှက်နေပါတယ်။ အောင်ကိုသိန်း ကိုယ်တိုင်ကလည်း ဂီတာလေး မတောက် တစ်ခေါက်တီးတတ်တဲ့ ဂီတရူးတစ်ယောက်ပါ။ ကျွန်တော်သူ့ဆိုင်ကွမ်းသွားဝယ်တဲ့ အချိန်ကွမ်းလာဝယ်တဲ့သူရှင်းနေတဲ့ အချိန်မျိုးဆိုရင် ဂီတနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်နဲ့ ဂီတအပေါ်ရူးသွပ်နေမှု့စတဲ့အကြောင်းတွေကို အာဘောင်အာရင်းသန်သန်နဲ့ ရှင်းပြတတ်ပါတယ်။ သူကျွန်တော်ကိုပြောလေ့ရှိတာတစ်ခုက သူ သီချင်းတစ်ပုဒ်စပ်နေတဲ့ အကြောင်းပါ ကျွန်တော်အမြဲတမ်းတွေ့နေတာကတော့ ဘာသီချင်းမှမစပ်ပဲနှင့် နေ့တိုင်းထုံးတွေတော့ စပ်နေတာကိုပါပဲ။

သူကကွမ်းယာသာရောင်းနေတာ သူ့လက်ကလေးတွေကိုတော့ အမြဲတမ်းသန့်နေအောင်ထားလေ့ရှိပါတယ်။ သူ့လက်ကလေး တွေကို သသပြီး သူအမြဲပြောလေ့ရှိတဲ့စကားက ‘ဒီလက်ကလေးတွေကပေါ့သေးသေးလက်တွေမဟုတ်ဘူးကွ’ ဂီတသင်္ကေတတွေ သီချင်းစာသားတွေ ရေးပြီး ‘နောင်တစ်ချိနအနုပညာလောက်မှာ ကျော်ကြားလာမယ့် တေးရေးဆရာရဲ့လက်တွေကွ ‘ ဒီလိုသူအမြဲပြောလေ့ရှိပါတယ်။ ကျွန်တော်တောင်တစ်ခါတစ်လေ သူ့ကို အော်တိုပဲကြိုထိုး ခိုင်းထားရင်ကောင်းမလားလို့ စဉ်းစားမိပါတယ်။

တစ်နေ့ကျွန်တော်သူငယ်ချင်းတစ်ယောက် သူ့ဆိုင်မှာကွမ်းသွားဝယ်ရင်းနဲ့ သတင်းတစ်ခု ပါလာပါတယ်။ အောင်ကိုသိန်း တစ်ယောက်ကွမ်းဆိုင်ပိတ်ပြီး တေးရေးဆရာလုပ်တော့မလို့ဆိုပဲ။ မကြံကောင်းမစဉ် အပ်ဗျာ။ တော်ရုံတန်ရုံတန်ရုံတောင် မဟုတ်ဘူး တေးရေးဆရာလောကမှာ နာမည်ကြီးနေတဲ့တေးရေး ကေအေတီ ကိုတောင်နောက်ကောက်ချပြစ်မယ်ဆိုပဲ။ သူ့နာမည် အောင်ကိုသိန်း ကို အေကေတီ လို့ပြောင်းမယ် ကေအေတီ ကတရုတ် သီချင်းတွေကို ကော်ပီလုပ်ပြီးအောင်မြင်လာသလို သူကလည်းခုတစ်လော မြန်မာပရိတ်သတ်တွေ အရမ်းကြိုက်နေကြတဲ့ ကိုရီးယားကားတွေထဲက ဇာတ်ဝင်သီချင်းတွေကို ကော်ပီလုပ်ပြီး အဆိုတော် အာကြီး (Rဇာနည်) ကိုဆိုခိုင်းလိုက်ရင်ပျက်ပီဆိုပဲ။ ‘အဲ… အဲ’ ပြတ်ပြီဆိုပဲ။ ကျွန်တော်တို့သိသလောက်ကတော့ အဆိုတော်အာကြီးမပြောနဲ့ ဆိုက်ကားသမားအာကြီးကတောင် အရူးစာရင်းအသွင်းခံရမှာစိုးလို့သူ့ သီချင်းကိုဆိုမှာမဟုတ်ပါဘူး။

ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့က သူ့ကိုဂုဏ်ပြုတဲ့ အနေနဲ့ ကိုရီးယားနာမည် အသစ်လေးတစ်ခုသူ့ကိုပေးထားပါတယ်။ ကြောင်ကွက်သာ တဲ့နေ့နံတွေဘာတွေကြည့်ပြီးပေးထားတာတော့ မဟုတ်ပါဘူး။ သူ့နာမည်က အောင်ကိုသိန်း နောက်ပြီး ကြောင်တဲ့နေရာမှာလည်း သူများထက်အမြဲတစ်ကွက်သာနေလို့ အောင်ကို ကြောင် လို့ပြောင်းပြီး နောက်နှစ်လုံးကိုပါပြောင်းပေးလိုက်တာပါ။ ကောင်းတယ်နော် နာမည်လေးက။

ခုတစ်လော အောင်ကိုသိန်း တစ်ယောက်ဖောက်နေပါတယ် သူ့ဆိုင်မှာကွမ်း အကြွေးဝယ်ချင်ရင် သူ့နာမည်ကို အေကေတီ ခေါ်မှရောင်းပါတယ်။ သူ့အထာမသိပဲနဲ့ သွားပြီး အောင်ကိုသိန်း ကွမ်းတစ်ထုပ်လောက် ဘေ ယူမယ်နော်ဆိုရင်တော့ ကွမ်းအကြွေးမရောင်းဘူးလို့မျက်နှာသေကြီးနဲ့ ပြောလွှတ်ပါတယ်။ သူ့ရောဂါက မသေးပါဘူး။ ကျွန်နော်တို့ကတော့ဒါမျိုးတွေနပ်တယ်လေ ဘယ်ရမလဲ ပိုက်ဆံမပါလို့ဘေထု ရတော့မယ်ဆိုတာနဲ့ အေကေတီ ကြီးနေကောင်းလား ဘာသီချင်းတွေစပ်ထားသေးလည်း ဘာညာနဲ့ဖောလိုက်တာနဲ့ သူ့မျက်နှာပြုံးဖြီးဖြီးကြီး ဖြစ်သွားပြီး ကျွန်တော်တို့လိုသလောက်ကို ထုပ်ပေးတတ်ပါတယ်။

တစ်နေ့ကဘယ်သူသွားပြောလည်း တော့မသိပါဘူး။ သူ့ကိုနာမည်အသစ်ပေးထားတာသိသွားပြီး အရမ်းးပေါက်ကွဲနေတယ်ဆိုပဲ။ ကျွန်တော်တို့လည်းသူ့ဆိုင်ကိုမသွားရဲကြပါဘူး။ ဒီနေ့တော့ ကျွန်တော် လည်းကွမ်းအရမ်းစားချင်လာတာနဲ့ အောင်ကိုသိန်း ဆိုင်မှာကွမ်းဝယ်ဖို့ထွက်လာခဲ့ပါတယ်။ ဆိုင်ကိုရောက်တော့ လူရှင်းနေတာနဲ့ အောင်ကိုသိန်း တစ်ယောက်ကွမ်းရွက်တွေထိုင်ညှပ်နေတာကို တွေ့ရပါတယ်။

ကျွန်တော်လည်းသူ့ကိုကွမ်းတစ်ထုပ်လှမ်းမှာလိုက်ပြီး’’ အေကေတီကြီး ဘာတွေလုပ်နေလည်း သီချင်းအသစ်တွေဘာတွေ လုပ်ထားသေးလား’’ ဆိုပြီးဖောရှောလေးလုပ်လိုက်တော့ သူကမျက်နှာတည်ကြီးနဲ့ ဘာမှမလုပ်ဖြစ်ပါဘူးကွာတဲ့ ကွမ်းထုပ်ပြီးတော့ သူကကွမ်းရွက်တွေဆက်ညှပ်နေပါတယ်။ ကျွန်တော်လည်းသူ့ကိုမသိမသာ လှမ်းကြည့်လိုက်တော့ သူ့ဘေးမှာချထားတဲ့စာရွက်ကလေးတစ်ရွက်ကိုတွေ့တာနဲ့ ’’အေကေတီကြီး ဟိုစာရွက်ကဘာတွေရေးထားတဲ့စာရွက်လည်း သီချင်းစာရွက်လား ဘာသီချင်းအသစ်တွေရေးထားတာလဲ အံမယ် စာသားဘေးမှာ ဂီတသင်္ကေတတွေ ဘာတွေတောင်ပါသေးတယ်’’ မြင့်လှချည်လားဆိုပြီး’’ ဆက်ပြီးဖောကြည့်လိုက်တော့ သူကကွမ်းရွက်ညှပ်နေရင်းက မျက်လုံးလေးစွေကြည့်ပြီးတော့ ’’ဘာသီချင်းမှရေးထားတာမဟုတ်ပါဘူး အကြွေးစာရင်းတွေပါ’’ လို့လှမ်းပြောပါတယ်။

ဒါနဲ့ကျွန်တော်က ’’ဒါဆို ဘေးက အဝိုင်းလေးတွေ၊ လေးထောင့်လေးတွေ သင်္ကေတတွေကရော ဘာတွေလည်းဆိုပြီး ဆက်မေးကြည့်လိုက်တော့ ’’ သူကခုမှအသက်ဝင်လာတဲ့ရုပ်နဲ့’’ ဒါက ဒီလိုရှိတယ်ကွကောင်ကြီးရ ’’ ရေးထားတဲ့နာမည်တွေက ငါဆိုင်မှာအကြွေးဝယ်စားထားတဲ့လူတွေစာရင်းပါ’’ ’’ဘေးမှာသင်္ကေတတွေရေးထားတာက.. ဒီလိုကွ……’’ “ငါ့ဆိုင်မှာကွမ်းယာအကြွေးဝယ်စားထားတာကို လာမဆပ်တဲ့အပြင် ငါကိုပေါက်ကရ နာမည်တွေပေးထားတဲ့ကောင်တွေ စာရင်းကို ငါလုပ်ထားတာ’’ ’’ဘေးမှာ အဝိုင်းလေးတွေဆွဲထားတဲ့ ကောင်တွေကို အဝေးကနေချောင်းပြီးလေးခွနဲ့ ဆော်မယ်ကွာ။”

“တုတ်ချောင်းလေးတွေ ဆွဲထားတဲ့ကောင်တွေကိုတော့ ညဖက်ကျမှ ချောင်းရိုက်ရမယ်။ အေး လေးထောင့်ဆွဲထားတဲ့ ကောင်တွေကိုတော့ ဆိုင်ရှေ့ကဖြတ်သွားတာတွေ့တာနဲ့ အုတ်ခဲနဲ့ လိုက်ထုမယ်ကွာ’’ သီချင်းစာသားနဲ့ ဂီတသင်္ကေတ တွေတော့မဟုတ်ဘူးပေါ့ကွာ။ ဒေါသရဲ့စားသားတွေနဲ့ ဒေါသရဲ့သင်္ကေတတွေပေါ့ကွာ ဟုမိန့်မိန့်ကြီးပြောပြပါတယ် ’’ ’’ဟာ’’ သူပြောတဲ့စကားကြီးတွေက ရင်တုန်စရာကြီး ဒီဘဲကြီး နောက်နေတာလား။ ဖောက်နေတာလားဆိုပြီးမသိမသာ လှမ်းကြည့်လိုက်တော့လည်းသူ့ရုပ်ကြီးက မသာကို ထုံဆေးထိုးပေးထားတဲ့ရုပ်မျိုးနဲ့ရုပ်သေကြီး ကျွန်တော်လည်း သူပြောတဲ့လူတွေထဲမှာပါတာမို့ ကိုယ့်နာမည်များပါနေမလားဆိုပြီး သူ့စာရွက်ထဲကိုလှမ်းကြည့်လိုက်တော့…..

’’ဟူး’’ တော်ပါသေးရဲ့ ကျွန်တော်နာမည်ရေးထားတာမတွေ့ရသေးတာနဲ့ ရင်အေးသွားပါတယ်။ အခြေအနေက သိပ်မကောင်းတာနဲ့ ကျွန်တော်လည်း ’’သွားမယ်နော် ’’……… ’’အဟင်း’’ ဆိုပြီးအသာပဲထပြန်လာခဲ့ပါတယ်။ တော်ကြာစိတ်ထဖောက်ပြီး ဖွင့်ပွဲလုပ်နေကာမှ ပြေးပေါက်မှားနေအုံးမယ်။ အိမ်အပြန်လမ်းတစ်လျှောက် နေမင်းကြီးနဲ့ အပြိုင်ကျွန်တော်ရင်ထဲမှာလည်း အစွမ်းကုန်ပူပြင်းနေပါတယ်…….. ကျွန်တော့်အတွေးထဲမှာတော့ အောင်ကိုသိန်း စာရင်းထဲက အသစ်ထည့်ထားတဲ့ ကျွန်တော်နာမည်ဘေးမှာ သူအသစ်ထွင်ထားတဲ့ ချိန်းကြိုးပုံ၊ ဂျင်ဂလိပုံ၊ လက်သီးပုံစတဲ့ဒေါသ သင်္ကေတ အသစ်တွေအပြည့်နဲ့ပေါ့ ခင်ဗျာ……..။

အားငယ်တာပေါ့

တစ်နေ့ ဆင်တဲဇက်ဆိပ်ကအရက်ဆိုင်ထဲမှာ
လူမိုက်ရုပ်နဲ့ လူကြီးတစ်ယောက်အရက်သောက်နေတယ်။
ခဏကြာတော့
လူကြီးကစားပွဲခုံကိုဝုန်းခနဲထုရင်း
ဟေ့…ဒီဆင်တဲကိုတစ်ယောက်တည်းလာခဲ့တာကွ။
ပြီးအရက်ဆက်သောက်တယ်။
ဆိုင်ထဲကလူတွေလဲလူကြီးကိုကြည့်ပြီး
အသံတွေတိတ်သွားတယ်။
ခဏကြာတော့
စားပွဲကိုထုပြီးထပ်အော်ပြန်တယ်။
ဟေ့…ဆင်တဲကိုတစ်ယောက်တည်းလာခဲ့တာကွ။
အဲဒီအချိန်မှာပဲဆင်တဲကလူမိုက်တစ်စုဆိုင်ထဲဝင်လာတယ်။
လူမိုက်တစ်ယောက်ကလူကြီးဆီသွားပြီးမေးတယ်။
ဆင်တဲကိုတစ်ယောက်တည်းလာတော့ဘာဖြစ်လဲ။
အဲဒီတော့လူကြီးက
ဆင်တဲကိုတစ်ယောက်တည်းလာတော့
…အားငယ်တာပေါ့…

တင်ဆက်သူ…..blackကော်ဖီ

Page 3 of 3123