ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:434517
  • Visitors today:34
  • Visitors yesterday:89
  • Visitors last week:642
  • Visitors currently online:2
  • Counter starts on:February 13, 2010
ဒီကနေ လာကြတာပါ
Posts Tagged ‘ဆင်တဲနောက်ခံဝတ္တုတို’
ဟက်ပီဘတ်ဒေး အင်တာဗျူး
ဒီတစ်ပါတ် အတွင်းမှာရောက်လာမဲ့ မောင်ပုံမှန်ရဲ့ မွေးနေ့ကို မောင်ပုံမှန် ကိုယ်တိုင်တောင် သတိတရ မရှိခဲ့ပါဘူး။ အလုပ်ခွင်ထဲမှာ ဘီးဇီးတွေ တအားပြနေတာလည်း တစ်ကြောင်းပေါ့။ တစ်နေ့ကမှ မောင်ပုံမှန်ရဲ့ ဘော်ဘော် တစ်ယောက်က သတိတရနဲ့ လာမေးပြီး သတိပေးလာပါတယ်။
“ဘာလိုလို နဲ့ ကိုပုံမှန် မွေးနေ့တောင်ရောက်လာတော့မယ်နော်တဲ့”
အောင်မာ.. ရုတ်တရက် ဆိုတော့ ဝမ်းသာတော့ မလိုတောင် ဖြစ်သွားသေးတယ်။ ငါ့မွေးနေ့ကို သတိတရ ရှိတဲ့သူတောင် ရှိနေတယ်ပေါ့.. သူ့အမေးကြောင့် ရင်လေးကော့ မလိုလုပ်နေတုန်း.. သူဆက်ပြောလိုက်တဲ့ စကားကြောင့် ကော့မလိုလုပ်နေတဲ့ ရင်လေးတောင် ပြန်ပိန်သွားပါတယ်။
“ဒီနှစ်ရော ဘာဝါးရမှာလဲ”
တဲ့… ပြောပုံက.. ဟင့် စိတ်နာချင်စရာ။ မောင်ပုံမှန် က ငယ်ငယ်ကတည်းက မွေးနေ့ရောက်ပြီဆိုတာနဲ့ အိမ်မှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ တစ်ခုခုလုပ် ဘော်ဘော်တွေဖိတ်ပြီး ဘတ်ဒေးလုပ်နေကြ ကြီးလာတော့လဲ ငယ်ငယ်တုန်းကလိုပဲ တစ်ခုမဟုတ် တစ်ခုလုပ်နေကြ ဒီလိုမှ မလုပ်ဖြစ်ရင် အသက်တစ်နှစ်ကြီးလာတာကို ကိုယ့်ဘာသာလုံးဝ အသိမှတ်မပြုဘူး။ မောင်ပုံမှန်က နှစ်တိုင်း တစ်ခုမဟုတ် တစ်ခုကျွေးနေကြဆိုတော့ ဒီငတိကလည်း ဒီနှစ် အတွက်ဘာများ ဝါးရမလဲဆိုပြီး လာစပ်စုတာ ဘာရမလဲ မောင်ပုံမှန် ကလဲ ဒီငတိကို ပြန်ရစ်ပေးလိုက်တာပေါ့။
“အေးကွာ ကျန်တဲ့ သူတွေကို ဘာကျွေးဖြစ်မလဲတော့မသိဘူး မင်းကိုတော့ ငါကိုယ်တိုင် ခေါက်ဆွဲကြော် ကြော်ကျွေးမယ်ကွာ ကြက်သားများများနဲ့ ကြက်အသဲ အမြစ်ပါထည့်ပြီး ရှယ်ကြော်ကျွေးမယ်” မောင်ပုံမှန် ၏ မက်လုံးကြောင့် ငတိခမျာ မျက်လုံးများ အရောင်တောက်သွားလေရှာ၏။
“အေးဒါပေမဲ့ ..မင်းငါ့ကိုတော့ အင်တာဗျူးပေးရမယ်… ဟက်ဟက်..” မောင်ပုံမှန်ရဲ့ နောက်ဆက်တွဲ စကားကြောင့် ငတိ ခမျာကြောင်စီစီ ဖြစ်သွားရရှာလေ၏။
“ဘာရယ်… အင်တာဗျူးပေးရမယ်… ဘာဖြစ်လို့ ဗျူးပေးရမှာလဲ… ခင်ဗျားက နာမည်ကြီး အနုပညာရှင်လဲ မဟုတ် အားကစားသမားလဲ မဟုတ်ပဲနဲ့ ဘာလို့ ဗျူးရမှာလဲ..”
ဟုကြောင်စီစီဖြင့် ပြန်မေးလေ၏။ သို့သော်… ထွက်ပြီးသား သွားတိုက်ဆေး ဟူသည် ဘူး အတွင်းသို့ ပြန်ဝင်ရိုးထုံးစံမရှိ။ ဝယ်ပြီးသား ပစ္စည်း ဟူသည် ဆိုင်တွင်ပြန်လဲ၍ မရရိုးထုံးစံတို့ ရှိသလိုပင် မောင်ပုံမှန်၏ ပြောပြီးသား စကားတို့သည်လည်း ပြန်ပြင်ရိုး ထုံးစံမရှိပါလေ။ ထို့ကြောင့် ထိုငတိကို မောင်ပုံမှန်တစ်ယောက် ပြင်းထန်သော ရာဇသံပေးရချေတော့၏။
“ကဲ..ကဲ.. ကိုယ့်လူ… ငါပြောသလို အင်တာဗျူးပေးရင်တော့ ခေါက်ဆွဲကြော်စားရမယ် ပြောသလို ဗျူးမပေးရင်တော့ ငတ်ပြီသာမှတ်ပေတော့…”
မောင်ပုံမှန်၏ ရာဇသံ အဆုံးမတော့ ကြက်သားနိုင်းချင်းနှင့် ကြော်ထားသော ခေါက်ဆွဲကြော်ကို မျက်စိထဲက မထုတ်နိုင်ရှာသော ငတိတစ်ယောက် အင်တင်တင် နှင့် မျက်စိစုံမှိတ်ပြီး သဘောတူရရှာလေတော့၏။
မောင်ပုံမှန် ၏ ဘော်ဒါ ငတိဆိုသူမှာလည်း ခေသူတစ်ယောက်တော့ မဟုတ်ချေ။ (သူ့ကိုယ်သူ) နာမည်အတော်ရနေပြီဟု သတ်မှတ်ထားသော ဘလော့ကာ တစ်ယောက်ဖြစ်လေ၏။ “ဒဗလှူ ဒဗလှူ ဒေါ့ ငတိဘာညာကွိကွ ဘလော့စပေါ့ ဒေါ့ကွန်းဆိုရင် မသိသူ ဘလော့ကာ မရှိဆိုပဲ… ဘလော့ကာ တစ်ယောက်လုပ်နေပြီး ငတိကိုမှ မသိရင် အွန်လိုင်းမတက်နဲ့ ဆိုရလောက်အောင် အတော်ပေါက်နေတယ်လို့ ပြောကြတာပဲ အပြင်မှာ တွေ့ရင်နှုတ်ဆက်လို့ရအောင် ဖက်စဖွတ်မှာတောင် သူ့ပုံကြီးကို သွားအဖြီးသားနဲ့ ခန့်ခန့်ကြီး တင်ထားလိုက်သေးတယ်။
သူ့ဘလော့မှာ ဘာတွေတင်ထားလဲလို့ မေးရင်တော့ သူအလကား သွားစားထားခဲ့ဖူးတဲ့ မွေးနေ့တို့ အလှူတို့မှာ အလှူ့ရှင် မမတွေနဲ့ တွဲရိုက်ထားတဲ့ စပ်ဖြီးဖြီး ပုံကြီးတွေကို တဝကြီးခံစားနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး ဘလော့ကာ တွေအကြောင်းတော့ ဘာသိချင်လဲ ငတိကိုသာ သွားမေးဆိုတဲ့ လူမျိုးပေါ့။ တစ်ခါတစ်လေ ရေးစရာမရှိရင် ဘလော့ဂါမလေးတွေ ခြေသည်း လက်သည်း ကျိုးတာတောင် သတင်းလုပ်ရေးတတ်တဲ့ သူမျိုး ဆိုလဲမမှားပါဘူး သတင်းစုံ ဘလော့ကာကြီး ပေါ့။
အဲဒီမှာ စတွေ့တော့တာပါပဲ။ သတင်းစုံ ဘလော့ငတိနဲ့ ဘတ်ဒေး သတင်းတင်ချင်နေတဲ့ မောင်ပုံမှန်နဲ့ ပေါ့ဗျာ။ ဒီငတိက မောင်ပုံမှန် မွေးနေ့ရောက်တိုင်း ခပ်တည်တည် နဲ့ လာဝါးနေကျ ပြီးရင် မေ့ပြစ်တတ်တဲ့ ငတိမျိုး ဒီတစ်ခါတော့ မောင်ပုံမှန်ကလည်း ဘယ်အမေ့ ခံလိမ့်မလဲ။ မှတ်လောက် သားလောက်အောင် အင်တာဗျူးခိုင်းပြီး ဒင်း ဘလော့မှာ တင်ခိုင်းမယ်ဆိုပြီး ဇွတ်အတင်း လုပ်တော့တာပဲ။ အဲဒီမှာ ငတိတစ်ယောက် အစားတစ်လုတ် အတွက်နဲ့ ပျားတုပ်တော့တာပါပဲ။ မောင်ပုံမှန် ရဲ့ ဇွတ်လုပ်ရပ်ကြောင့် ငတိတစ်ယောက် ငှက်ပျောသီး ခိုးမှု့နဲ့ ထောင်ဒါဏ် အနှစ်နှစ်ဆယ် အပြစ်ပေးခံလိုက်ရတဲ့ မျောက်အိုကြီးလို ငေးမှိုင်နေပါတော့တယ်။ ပြီးမှ “ဘာဗျူးရမှာလဲဗျ ဘာတွေမေးရမှာလဲ” ဆိုပြီး မျက်နှာ အိုကြီးနဲ့မေးပါတယ်…
“အာကွာ… မင်း အတော်တုံးတဲ့ကောင်ပဲ ဒါလေးတောင်မသိဘူးလား.. သွားအိမ်ပြန်ပြီး ဂျာနယ် အဟောင်းလေးတွေ ပြန်ရှာဖတ်ပြီး အနုပညာသမားတွေကို ဗျူးထားတဲ့ ဟာလေးတွေ ရှာကြည့်လိုက်… သူများတွေ ဘယ်လို ဗျူးထားတယ်ဆိုတာ သိရအောင်လို့ ဟင်း..ဟင်း..မပြောချင်ပါဘူး..နုံချက်ကတော့..”
ဆိုပြီး မခံချင်အောင် ခပ်ငေါက်ငေါက်လေးပြောလိုက်တော့ ငတိခမျာ မရှိမဲ့ ရှိမဲ့ မာနလေး ထိခိုက်သွားရှာပုံရပါတယ်။
“ဒီလောက်တော့ အထင်မသေးပါနဲ့ဗျာ.. သူတို့တွေဗျူးနေကြ ခေါက်ရိုးကျိုးတွေလို ပုံစံမျိုးဆိုလို့ကတော့ ခုဗျူးခိုင်းရင် ခုရပါတယ်” ဆိုပြိးပြောရှာပါတယ်။
ဂလိုနှင့် ငတိနှင့်မောင်ပုံမှန်တို့၏ ဗျူးပွဲကြီး စတင်ပါတော့တယ်။ မောင်ပုံမှန်ကလဲ သိတယ်မလား တက်သစ်စ အနုပညာသမားလေးများလိုပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် အရမ်း အရမ်းကို ဖြေချင်နေတာလေ.. ဟိဟိ။ ပထမဆုံး သူစမေးတာက “ဒီနှစ်မွေးနေ့ရက်မှာ ဘာလုပ်မလဲ” တဲ့… (သူမေးချင်တာက ခေါက်ဆွဲကြော်၊ကြာဇံကြော်၊မုန့်ဟင်းခါး တစ်ခုခုပေါ့ ဝါးဇယားကို မေးတာပါ)
မောင်ပုံမှန်ကလဲ သိတယ်မလား.. “အင်း……….ဒီနှစ်တော့…စိုင်းစိုင်းလိုပဲ ဘတ်ဒေးရှိုးလုပ်ပြီး အခွေထုတ်ရင် ကောင်းမလားလို့.. မေးစေ့လေးပွတ်ပြီး ငကြွားမလေး နန်းဆုရတီစိုး လို ခပ်ကြွားကြွားလေး ဖြေလိုက်ရာ ငတိတစ်ယောက် မျက်နှာတစ်ခွင်လုံး ရှုံမဲ့သွားလေတော့၏။ သို့သော် ခေါက်ဆွဲကြော် မျက်နှာကိုထောက်ပြီး
“အင်း…အင်း.. သဘောပဲလေ” ဟု အလိုက်သင့် ပြောရှာလေ၏။
ငတိ ။ ။ ဒါနဲ့ ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲ မသိဘူးနော်….
မောင်ပုံမှန် ။ ။ ကြောဘူး..တတ်ရင်တတ်…ဟီ.ဟီ.. အနုပညာသမားလေကွာ.. ဆယ့်ငါးနှစ် ကျော်လောက်ကတည်းက အသက်ကို မှတ်မထားတော့တာ…
ငတိ ။ ။ ဘယ်တုန်းကများ အနုပညာသမားဖြစ်သွားတာလဲ…
မောင်ပုံမှန် ။ ။ ကြာဘီလေ စာတစ်တန် ပေတစ်တန် မောင်ပုံမှန် ဆိုတဲ့ ဘွဲ့နဲ့လေ။ ကိုယ့်ဘာသာ ပေးထားလိုက်တာလေ မပိုင်ဘူးလား ငှဲငှဲ.. ငှဲ.
ငတိ ။ ။ မွေးနေ့မနက် ရောက်လို့ အိပ်ရာက နိုးလာတာနဲ့ ဘာလုပ်မယ် စိတ်ကူးထားလဲ…
မောင်ပုံမှန် ။ ။ အာ… မျက်နှာသစ်.. သွားတိုက်၊ အိမ်သာတက် ရမှာပေါ့ ဘာလုပ်ရမှာလဲ… မွေးနေ့ ရောက်တာနဲ့ပဲ ဘာမှ မလုပ်ရတော့ဘူးလား.. ဟွန်း…
ငတိ ။ ။ ဟယ်… မဆိုလိုပါဘူး.. မဆိုလိုပါဘူး… အင်း.အင်း.. သဘောပဲဗျာ.. ဟူး… ဒါနဲ့ ကိုပုံမှန်က တစ်ခြား အနုပညာသမားတွေလို မဟုတ်ဘူးနော်။ ဥပမာ ဗျာ မွေးနေ့မနက်ခင်းကို ရောက်တာနဲ့ ဟို စိတ်ကူးယဉ်လေးပေါ့ မနက်ခင်းလေးမှာ နိုးလာတာနဲ့ ချစ်သူကောင်မလေးဆီက ဖုန်းသံလေးကို စောင့်နေမယ်.. နောက်ထပ် သူပို့လာမယ့် မွေးနေ့ လက်ဆောင်လေးကို စောင့်ရင်း ရင်ခုန်နေမယ်… စသဖြင့် ပေါ့ဗျာ… ကျွန်တော် ဆိုလိုချင်တာက.. အဲဒါ.. အဲဒါမျိုး…
မောင်ပုံမှန် ။ ။ ဘာရယ်… ကောင်မလေးဆီက ဖုန်းသံကို မျှော်ရမယ်… အောင်မာ တကယ်လို့ ငါ့မှာ ကောင်မလေးမရှိရင် မင်းကရှာပေးမှာ မိုလို့လား… အပိုတွေ… (မောင်ပုံမှန်၏ အဖြေ စကားများကြောင့် ငတိတစ်ယောက် လွန်စွာမှပင် စိတ်နာလှသော်လည်း ခေါက်ဆွဲကြော် မျက်နှာကို ထောက်ပြီး ကြိတ်မှိတ်ကာ သီးခံလေ၏။)
ငတိ ။ ။ မွေးနေ့မှာ ဘယ်ကို လျှောက်သွားဖို့ ရှိလဲ သွားရင်လဲ သူငယ်ချင်းတွေ နဲ့လား ဒါမှမဟုတ် မိသားစုနဲ့လား…
မောင်ပုံမှန် ။ ။ အင်း.. အဲဒီနေ့မှာ ရှိုးပွဲတွေ ပြောထားတာတော့ ရှိတယ် ဘယ်မှာ ဖြစ်မလဲ တော့မသိဘူး…
ငတိ ။ ။ ဟယ်.. ရှိုးပွဲတွေရှိတယ် ဆိုတော့… စတိတ်ရှိုးလား၊ မော်ဒယ်ရှိုးလား ဘာရှိုးပွဲလဲဟင်… သတင်း လာယူရအုံးမလား… မောင်ပုံမှန် ။ ။ ဟုတ်ပါဘူး… ရှိုးပွဲဆိုတာ ဖဲရိုက်တဲ့ ရှိုးကိုပြောနေတာ.. ဟက်..ဟက် ဆင်တဲတစ်ဘက်ကမ်း ပြည်မြို့မှာဆိုရင်တော့ ကျောင်းသားတွေပေါတဲ့ သရက်တောရပ်ကွက်က အဆောင်တွေဖြစ်ဖြစ်၊ GTC အဆောင်တွေ ဖြစ်ဖြစ် တစ်နေရာမှာ ရှိနေမှာပါ။ တကယ်လို့ ရှိုးပွဲမရှိလို့ မသွားဖြစ်ရင်လဲ နုတ်ခမ်းမွှေး ဆိုင်(ဆင်တဲ၌ရှိသော နုတ်ခမ်းမွေး ကွမ်းယာနှင့်ရှက်ကီဆိုင်) မှာပဲ ဘီအီး တစ်ပိုင်းမှာပြီး ဝက်စွပ်လေးနဲ့ ငြိမ့်နေလိုက်တော့မယ်လေ။
ငတိ ။ ။ မွေးနေ့မှာ နိုင်ငံခြားတို့ ဘာတို ကိုရော သွားလည်ဖို့ ရှိသေးလား ရှော့ပင်းထွက်ရင်းပေါ့…
မောင်ပုံမှန် ။ ။ သွားတော့ သွားချင်ပါတယ်… သူတို့ကလည်း ခေါ်နေကြတယ်… ဒါပေမဲ့ ………. (မောင်ပုံမှန် ၏ စကားမဆုံးခင်.. ငတိက ဝမ်းသာ အားရဖြင့်)
ငတိ ။ ။ ဘယ်သူတွေက ခေါ်နေတာလဲဟင် ဟိုမင်းသမီးလို ဂျပန်မှာ ကုမ္မဏီ ဖွင့်ထားတဲ့ အဖေကခေါ်တာလား။ ဟိုအဆိုတော်မလေးလို အင်္ဂလန်က အမျိုးတွေက ခေါ်တာလား ဟို.. အမေရီးကား မှာရော အမျိုးတွေ ရှိသေးလား…
မောင်ပုံမှန် ။ ။ ထွပ်… ဘာတွေ လျှောက်ပြောနေတာလဲ.. ဘယ်မှာမှ ဘာအမျိုးမှ မရှိဘူး ခေါ်နေတယ်ဆိုတာ ခရီးသွားအေဂျင်စီတွေက ကြော်ငြာပြီးခေါ်နေတာကို ပြောနေတာ အဲဒါ သွားချင်ပေမဲ့ ဘယ်သူမှ လိုက်ပို့မဲ့သူ မရှိလို့ ဘယ်နိုင်ငံမှ မသွားတော့ဘူး…
ငတိ ။ ။ ဟူး…. ပြီးဘီဗျာ မေးစရာ မရှိတော့ဘူး..
မောင်ပုံမှန် ။ ။ အော်.. မေးလို့ပြီးဘီလား.. ဒါဆို ဓါတ်ပုံရိုက်လေ
ငတိ ။ ။ ဟာ.. ဘာလဲဗျ … ဘာလို့ ရိုက်ရမှာလဲ
မောင်ပုံမှန် ။ ။ ဟယ်…ပုံပါထည့်ပေးလေ ဒါမှ မောင်ပုံမှန် ကို ပရိတ်သတ်တွေမြင်ဖူးမှာပေါ့ ဒါလေးတောင်မသိဘူးလား…
ငတိ ။ ။ ဟူး…. (ငတိတစ်ယောက် လွန်စွာလေးကန်လှ သောအသံကြီးဖြင့်) ဟုတ်ကဲ့ပါ…ဟုတ်ကဲ့ပါ… ဒါပေမဲ့ ကင်မရာက ခုပါမလာသေးလို့ နောက်နေ့မှ ဓါတ်ပုံက လာရိုက်ပေးမယ်နော်…
ဟုဆိုပြီး ငတိတစ်ယောက် လေးဖင့်သော ခြေလှမ်း အစုံဖြင့် ထွက်ခွာသွားလေတော့ သတည်း။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင်ပုံမှန် အဖို့ကတော့ ငတိ ထံမှ မွေးနေ့လက်ဆောင် တစ်ခု ရလိုက်ပြီလို့ သတ်မှတ်ရတော့ မှာပါပဲ။ အဲဒါကြောင့် တစ်ယောက်တည်း အားရပါးရ ထအော်လိုက်ပါတယ် …
ဟက်.. ပီ.. ဘတ်… ဒေး…
မင်္ဂလာဆောင် ခရီးသည်
ကျွန်တော်တို့ မြန်မာပြည်မှာ ဝါလကင်းလွတ် သီတင်းကျွတ်လကို ရောက်ပြီဆိုတာနဲ့ လူသားတွေ အလုပ်ရှုပ်နေကြပါတော့တယ်။ အသက် အရွယ် အနေအထားပေါ် မူတည်ပြီး ပုံစံ အမျိုးမျိုး အလုပ်ရှုပ်ကြပါတော့တယ်။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ အသက် အရွယ်နဲ့ အခြေ အနေပေါ် ကိုမူတည်ပြီး ကွဲပြားသွားတာလောက်ပါပဲ “ဝါကျွတ်တော့မည် ..လူကြီးတွေကို ကန်တော့ ကြရမည်”။ “မိုးလေကင်းလွတ်ပြီ ..မီးပုံးပျံ လွတ်ကြရအောင်…”
ဒါတွေကတော့ ကြားနေကြ စကားသံများ ဖတ်ဖူးနေကြ ဝါကျ များနှင့် ပြောရိုးပြောစဉ် များသာဖြစ်ကြပါတယ်။ တကယ်တန်း မြန်မာပြည်မှာ လူတွေ အလုပ်များသောလုပ်လေ့ လုပ်ထရှိသော ကိစ္စများကတော့ “ကလေး အရွယ် တောင်မရောက် မြောက်မရောက် မျောက်ရှုံးလေးများ ကတော့ သီတင်းကျွတ် ခါတော်မှီ မှောင်ခို ဗျောက်အိုးရောင်းသော ဆိုင်များကို သေသေချာချာ လေ့လာထားပြီး အိမ်တွင်း စီးပွားရှာ ရာမှ ရလာသော တိုငွေ ၊ရှိုငွေ၊ ဘတ်ငွေ နိုင်ငံတကာငွေ များဖြင့် ရနိုင်သလောက်ဝယ်ထားပြီး ရပ်ကွက်လူကြီးများ အလစ်တွင်ဖောက်နိုင်ရန် အတွက် အကြံကြီး ကြံပြီး သီတင်း အကျွတ်ကိုစောင့်နေကြလေ၏။
နောက်ထပ် အကြံပိုင်သော အဖွဲ့ တစ်ဖွဲ့ကတော့ သီတင်းကျွတ် အထူးလျှော့ဈေးတို့ ၊ဘာညာရှိုးပွဲ တို့ သီတင်းကျွတ် တွင် လုပ်လေ့ လုပ်ထရှိသော အရပ်ပွဲ ဘာညာတို့တွင် သုံးစွဲနိုင်ရန် အတွက် ကိတ်မုန့် တစ်လုံးကို အရင်းပြုပြီး လူကြီးများကိုကန်တော့ကာ မုန့်ဖိုးများများ ပြန်တောင်းဖို့ ပရောဂျက် ကြီး ဆွဲထားသော ခေတ်သစ် မဟာဒူး တို့ အရွယ်ပေါင်း စုံ အဖွဲ့ ဖြစ်လေသည်။ နောက်ထပ် အကြံပိုင်သော အဖွဲ့ကတော့ ဝါကျွတ်ပြီ ဆိုတာနဲ့ ရှိသမျှ အမျိုးပေါင်းစုံကို ဖိတ်စာတစ်ခုလုံးပြည့်နေအောင်ရိုက်ထည့်ပြီး လမ်းတွေ့လို့ ပြုံးပြဖူးတာနဲ့ ဖိတ်စာ အတင်းလိုက်ပေးဖို့ မစ်ရှင်ဆွဲနေကြသော မင်္ဂလာ စုံတွဲ လောင်းများပဲဖြစ်ပါတယ်။
သီတင်းကျွတ်ရောက်လာပြီ ဆိုတာနဲ့ သူတို့ ခမျာ ကျားရှေ့ ဘဲကင်ချထားသလိုပဲ တားလို့မရအောင်ကို ဝါးချင်နေကြပြီ။ …အဲ..အဲ.မင်္ဂလာဆောင်ချင်နေကြပြီ။ ဆောင်မယ်….ဆောင်မယ်..တကဲကဲ နှင့် ထရိတ်ဒါး တို့ ဆီဒိုးနား တို့မှာ မဆောင်နိုင်လဲ ဘာဖြစ်လဲ ကိုယ့်အိမ်ရှေ့ မှာကိုယ် တိုင်ထောင် အမိုးမိုး ဖော့ပန်းလေးဆင်လိုက်ရင် မဏ္ဍပ်ဖြစ်ပြီပေါ့ မင်္ဂလာခန်းမကြေး ပေးစရာမလိုပဲ စရိတ်တောင်လွတ်သေး သက်သာလေစွ ဆိုတဲ့ အကြံနဲ့ တိုင်ထောင်၊ကျင်းတူး၊ အမိုး မိုးဖို့ အတွက် ရပ်ကွက်ထဲလှည့် တွေ့သမျှလူ ပြုံးပြ ပြီး လုပ်အားပေးခေါ်ဖို့ အတွက် အပြုံးလေးတွေချွေပြီး ဘွတ်ကင်လိုက်လုပ်နေပါတယ်။
ဒီလို အချိန်ဆိုရင်လဲ ရပ်ကွက်ထဲက အိမ်တွေမှာ တစ်ဖွဲဖွဲ နဲ့ ဝင်လာလိုက်တဲ့ ဖိတ်စာတွေက ပြေးမလွတ် ဒုံးကျည်တွေ အိမ်ထဲကို အလုံးအရင်းနဲ့ ဝင်လာသလိုပဲ ရှိနေပါတယ်။ တစ်ချို့ အကွက်မြင်တဲ့ မိဘတွေက ဒီလို အချိန် ရာသီ မျိုးရောက်လာတာနဲ့ အိမ်ရှေ့ လူမြင်ကွင်းမှာ လက်လွတ်စပါယ် ထိုင်မနေရဲတော့ပဲ တင်းကြပ်တဲ့ လုံခြုံရေး အစီ အမံတွေချပြီး အိမ်ရဲ့ မျက်ကွယ် အရပ်မှာ သတိနဲ့ ဝင်နေကြပြီး လူရည်လည်တဲ့ သားသမီးလေးတွေကိုပဲ အိမ်ရှေ့မှာ ကင်းချထားတတ်ကြပါတယ်။ ဖိတ်စာကိုင်ပြီး အိမ်ထဲကိုဝင်လာတဲ့ လူတစ်ယောက်ယောက် ကိုတွေ့တာနဲ့ “ လူဂျီးတွေ အရှိဘူးဂျ ” ဆိုတဲ့ အကွက်ဟောင်းကြီးနဲ့ ထွက်ငွေ လျှော့ချရေးစီမံကိန်း တွေဆွဲထားတဲ့ အချိန်ပဲဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်ပဲ အိမ်ရှေ့ မှာ ခန့်ခန့်ကြီးထိုင်နေပြီး လာသမျှဖိတ်စာကို လက်ခံနေမိလို့ကတော့ လက်အတင်းဆွဲပြီး “ဦး ဆက်ဆက် လာရမယ်နော်”…“အကိုကြီး..မလာလို့ မရဘူးနော်”..“အဘ…လာမှကို ဖြစ်မှာ” ဆိုတဲ့ …မျက်နှာနာစရာ အပြောမျိုးတွေရဲ့ အောက်မှာ အားနာတတ်တဲ့ မြန်မာလူမျိုး ပီသပြဖို့ အတွက် အိပ်ကပ်ထဲက ဖွတ်ကလိဒင်္ဂါးတွေ အတော်ရင်းပေးလိုက်ရမှာပါ။ ဟဲ..ဟဲ ဒီလိုအပြောမျိုးတွေ ပြောနေပြီဆိုတာနဲ့ မောင်ပုံမှန် ကို ဘာကြီးလဲဟ …ဘယ်လို ဟာကြီးလဲဟ သူကြတော့ရော ဒီလို အကွက်တွေ မလုပ်ခဲ့ ဘူးလား… သူရောကင်းလို့လား ဒါမှမဟုတ်.. ဟိုရုပ်ရှင်တွေထဲကလို မင်္ဂလာပွဲပျက်သွားလို့ မင်္ဂလာဆောင် ကိုမုန်းတီးနေတဲ့ သူတစ်ယောက်များ ဖြစ်နေမလား။ ဒါမှမဟုတ်… အီကိုတွေးတွေးပြီး.. မင်္ဂလာဆောင်ဆိုရင် ဘယ်မင်္ဂလာဆောင်ကိုမှ မသွားတဲ့သူ အီကို ကြီးများလားလို့ လည်းမထင်လိုက်ပါနဲ့။
ဟိုတစ်ချိန်တုန်းက.ဆိုရင် မောင်ပုံမှန် တို့ အဖွဲ့ ကို အကြောင်းမသိတဲ့ သူတွေက “ မင်္ဂလာဆောင်ပွဲစားတွေလို့ ” တောင်ထင်ခဲ့ ကြရအောင်ကို မင်္ဂလာဆောင် အလွန်သွားခဲ့တဲ့ သူတွေပါ။တော်ရုံ မင်္ဂလာဆောင် သွားတဲ့ သူတွေကတော့ မောင်ပုံမှန် တို့ အဖွဲ့ကိုလုံးဝမမှီပါဘူး။ မင်္ဂလာဆောင် တစ်ခုကို သွားပြီ ဆိုရင်လည်း ဘယ်တော့ မှတစ်ယောက်ထဲ မသွားတတ်ပဲ လိုက်ချင်သမျှ လက်လှမ်းမှီရာ ဘော်ဒါတစ်အုပ် တစ်မကြီးကိုခေါ်သွားတတ်ပါတယ်။ တစ်ခါ တစ်လေ ကိုယ့်အိမ်က သွားစရာ မင်္ဂလာဆောင် မရှိလို့ အိမ်မှာထိုင်နေရင်တောင် တစ်ခြားဘော်ဒါ တစ်ယောက်က သွားဖို့ ရှိလို့ ထုံးစံ အတိုင်းလာခေါ်ရင်တောင် ထလိုက်သွားလိုက်တာပါပဲ။
မောင်ပုံမှန် တို့ မိဘတွေကို ဖိတ်မိတဲ့ မင်္ဂလာဆောင်တွေကတော့ အတော်နာမဲ့ သဘောရှိပါတယ်။လက်ဖွဲ့တာက တစ်ယောက်ထဲ လိုက်လာတဲ့ သူတွေက တစ်အုပ်ကြီးဆိုတော့ ..။ ဒီလို အချိန် ရာသီမျိုးကို ရောက်လာပြီဆိုတာနဲ့ ပုံမှန် တို့ အဖွဲ့လည်း အင်္ကျီသစ် ပုဆိုးသစ်တွေ ကိုယ်စီနဲ့ အရပ် တကာလှည့်ပြီး မင်္ဂလာဆောင်ပွဲစားတွေလုပ်နေကြပါပြီ။ လူအုပ် တောင့်တဲ့ ပုံမှန် တို့ အဖွဲ့ အဖို့ တစ်ယောက် သွားဖို့ မရှိတောင် တစ်ယောက်က ရှိနေလို့ ဒီရာသီ ရောက်လာပြီ ဆိုတာနဲ့ နားရက် မရှိအောင်ကို သွားရပါတော့တယ်။
သွားခဲ့ဖူးတဲ့ အတွေ့ အကြုံတွေ အရ မင်္ဂလာဆောင်တွေ ထဲမှာ အမျိုးစား အမျိုးမျိုး နဲ့ တွေ့ခဲ့ဖူးပါတယ်။ မိုင်လို၊ ကိုကိုး တို့ တိုက်ပြီး ဘဲသားပတ်(ပ်) ကျွေးတဲ့ မြို့ဆောင်လေးလား၊ ရေခဲမုန့် နဲ့ ရွှေပုစွန်ကိတ် ကျွေးတဲ့ သားသားနားနား မင်္ဂလာဆောင်လား၊ လက်ဖက်ရည်နဲ့ မုန့်နဲ့ ကျွေးပြီး ရေနွေးကြမ်း နဲ့ လက်ဖက်သုပ်ပါ အဆစ်ထည့်ပေး တဲ့ စေတနာပါပါ မင်္ဂလာဆောင်လား၊ လက်ဖက်ရည် ကျဲကျဲဖျော် ပလိန်းကိတ် တစ်ချပ်ချပေးပြီး ပေါ်တင်အလှူခံတဲ့ မင်္ဂလာဆောင် အစုံပါပဲ။ တစ်ခါတစ်လေ တောဘက်က မင်္ဂလာဆောင်ဆိုရင် မနက်ပိုင်း မုန့်ဟင်းခါးကျွေးပြီး နေ့လည်ပိုင်းမှာ ဝက်သားနဲ့ထမင်း ကျွေးတဲ့ တောရှယ် မင်္ဂလာဆောင် မျိုးဆိုရင်လည်း လှည်းကြုံလှေကြုံ စီးပြီး သွားခဲ့ကြဖူးပါတယ်။ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက ကြည်ဖြူကြပေမဲ့ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက သိပ်အစာကြေပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ကတော့ သွားမြဲ သွားခဲ့ကြတာပါပဲ။
ကျွန်တော်တို့ သွားခဲ့ဖူးတဲ့ မင်္ဂလာဆောင်တွေ အများကြီးထဲမှာမှ မှတ်မှတ်သားသား ထင်ကျန်လောက်တဲ့ မင်္ဂလာဆောင် ကတော့ တစ်ခုပဲရှိပါတယ်။ တစ်နေ့ညနေခင်းမှာပေါ့ အိမ်က မင်္ဂလာဆောင်သွားဖို့ မောင်ပုံမှန်ကို ထုံးစံအတိုင်း ကိုယ်စားလှယ် လွှတ်လိုက်ပါတယ်။ မင်္ဂလာဆောင် သွားဖို့ အတွက် ရှိုးအပြည့်နဲ့ အိမ်ကထွက်လာခဲ့တဲ့ မောင်ပုံမှန် တစ်ယောက် ထုံးစံ အတိုင်း အဖွဲ့ဝင်တွေ လိုက်စုတာ တစ်ယောက်မှ မတွေ့ရပဲ အကြောင်းအမျိုးမျိုးနဲ့ လွဲချော်နေတာကြောင့် နောက်ဆုံးမှာတော့ အခိုင်အမာ မန်ဘာကြီး ပေါ့ဆိမ့် တစ်ယောက်ပဲ အဖော်ရပါတော့တယ်။
နှစ်ယောက်ထဲရှိလည်း ဘာဖြစ်လဲ သွားကြမယ်ဆိုပြီး နှစ်ယောက်သားရင်ကော့ပြီး ထွက်လာကြပါတယ်။ ဟန်နဲ့ပန်နဲ့ လူကြီးစတိုင်ဖမ်းပြီး လာတဲ့ ကလေးနှစ်ယောက် မင်္ဂလာခန်းမကို ရောက်လာတဲ့ အချိန်မှာတော့ ခန်းမတစ်ခုလုံးမှာ မင်္ဂလာဧည့်ပရိတ်သတ်တွေလည်း အတော်များနေပါပြီ။ အဝင်ဝဧည့်ကြိုနေရာကနေ ခန်းမထဲဖြတ်လျှောက်ပြီး လူလွတ်တဲ့ ခုံမှာဝင်ထိုင်နေတဲ့အထိ မောင်ပုံမှန်တို့ လူကြီးလူကောင်း နှစ်ယောက်ကို အဖက်လုပ်ပြီးခေါ်မယ့် သူတစ်ယောက်မှ မရှိပါဘူး။ နှစ်ယောက်သား ဟိုကြည့် ဒီကြည့်နဲ့ အတော်လေးကြာလာကာမှ ဝတ်ကျေတမ်းကျေ လက်ဖက်ရည် နှစ်ခွက် စားပွဲပေါ်ကို ရောက်လာပါတော့တယ်။
ဘေးနားကစားပွဲဝိုင်းတွေကို မကြာခဏ လာနှုတ်ဆက်တဲ့ သူတို့သား၊ သူတို့ သမီးနဲ့ သူတို့မိဘတွေကလည်း ဘေးနားက ဝိုင်းကလူတွေကို သဲသဲလှုပ် ဧည့်ခံနေကြသလောက် မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကိုတော့ ဆေးဖော်ကြောဖက်တောင် မလုပ်ကြပါဘူး။ တကယ်တော့ မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကလည်း သူတို့ကိုပိုက်ဆံပေးဖို့ လာတဲ့ “ကာစတန်မာ” တွေပဲလေ.. လူကြီးတွေမှ ပိုက်ဆံလာပေးတာမှ မဟုတ်ပါဘူး။ ဆူညံနေတဲ့ သီချင်းသံတွေနဲ့ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ရယ်သံတွေကို အကြီးအကျယ် စိတ်ညစ်သွားတဲ့ ကလေးနှစ်ယောက် တိုင်ပင်စရာမလိုပဲ ထထွက်လာခဲ့ကြပါတော့တယ်။ အပွဲပွဲနွဲလာခဲ့တဲ့ ဝါရင့် ပွဲစားကြီးနှစ်ယောက် ဒီတစ်ပွဲကြမှ ခံလိုက်ရတာ အတော်ရင်နာစရာပါပဲ။ လက်ဖွဲ့ငွေထည့်တဲ့ နေရာကိုရောက်ကာမှ ပြန်ကာနီး ပိုက်ဆံထည့်ဖို့ မေ့သွားမှာစိုးလို့ နဲ့တူပါရဲ့ အဝင်တုန်းကတော့ လာကြပါ မခေါ်တဲ့ လူကြီးတစ်ယောက်က တစ်ပေပတ်လည် အပြုံးတုကြီး ဖန်တီးပြီး ပြန်ပြီလားလို့ မေးပါတယ်။ (ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပြန်ချင်လည်း ပြန်ကြတော့ ပိုက်ဆံတော့  ထည့်သွားဦးဆိုတဲ့ သဘောထင်ပါရဲ့)။
ဒီနေရာရောက်လာတော့ ပုံမှန်ရဲ့ ရွှေးချယ်ခွင့်ဖြစ်သွားပါပြီ။ အဲဒီတုန်းက အိမ်ကလက်ဖွဲ့ ခိုင်းလိုက်တဲ့ ငွေ အစိတ်ကို သူ့ရှေ့တင်ပဲ တစ်ဆယ်တန်ကို နှုတ်လိုက်ပြီး ဆယ့်ငါးကျပ်တန် တစ်ရွက်ပဲ လက်ဖွဲ့လိုက်ပြီး ခပ်တည်တည် နဲ့ ပြန်ထွက်လာကြပါတော့တယ်။ သူတို့ဘက်ကလည်း မရှုံးပါဘူး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ကောင်းကောင်းတစ်ခွက်မှ သုံးကျပ်လောက်ပဲရှိတဲ့ ခေတ်မှာ ချိုကျဲ နှစ်ခွက်သောက်ပြီး ဆယ့်ငါးကျပ်တောင် လက်ဖွဲ့ သွားတယ်ဆိုတော့ မြတ်တောင်မြတ် ပါသေးတယ်။
ဒီလိုနဲ့ နှစ်ယောက်သား အိမ်ပြန်ရောက်တဲ့အထိ ဒေါသထွက်ထွက် နဲ့ သုငယ်ချင်းနှစ်ယောက်ပြောလို့ မဆုံးနိုင်အောင် ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ပြောနေတာကို ကြားသွားတဲ့ မားသားကြီးက မသင်္ကာလို့ အစ်အောက်ကြည့်လိုက်ကာမှ အမှန်ကို သိသွားပြီး ကျွန်တော်တို့ နှစ်ယောက်ကို အကြီးအကျယ် ဆူပွက်ပါတော့တယ်။ လူကြီးချင်းမျက်နှာပျက်ရမှာကို ကြောက်နေတဲ့ မားသားကြီးက ကျန်တဲ့ တစ်ဆယ်ကို ချက်ချင်းသွားပြန်ထည့်ခိုင်းလိုက်လို့ နှစ်ယောက်သား မသွားချင်သွားချင်နဲ့ နောက်တစ်ခေါက်ပြန်သွားပြီး ကျန်တဲ့ တစ်ဆယ်ကို သွားပြန်ထည့်ရပါတော့တယ်။ ဟိုရောက်တော့ အံ့သြ သွားတဲ့ ငွေလက်ခံတဲ့ ငနဲကြီးကို ခုနက မေ့သွားလို့ ဆိုပြီး မိဘနာမည်ပြောပြီး နောက်တစ်ဆယ်ထပ်ပေးပြီး ခပ်တည်တည် နဲ့ ပြန်လှည့် ထွက်လာခဲ့ပါတယ်….။
ကျွန်တော် မင်္ဂလာဆောင် ပွဲစားလုပ်လာတဲ့ သက်တမ်းတစ်လျှောက် အကြီးကျယ် အဆင်မပြေဆုံး နေ့တစ်နေ့ ဖြစ်လာတဲ့ အဲဒီနေ့ကို အမြဲတမ်း အမှတ်ရနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ဒီရာသီကို ရောက်လာပြီဆိုတာနဲ့ ကလေးဘဝတုန်းကလို ဗျောက်အိုးဖောက်ချင်တာ၊ ကိတ်မုန့် တစ်လုံးဝယ်ပြီး ရင်းနှီးမြုပ်နှံမှု့ လုပ်ကြည့်ချင်တာ သီချင်းသံတွေ ဆူညံနေအောင်ဖွင့် ထားတဲ့ မင်္ဂလာဆောင်တွေကို သူငယ်ချင်း တစ်အုပ်နဲ့ သွားချင်တဲ့ အကျင့်တွေ ရှိနေတုန်ုးပါပဲ……….။
မှတ်ချက်။ ။ မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့် ကျွန်တော်တို့သူငယ်ချင်းတစ်ယောက် အကြောင်းတွေးရင်း ငယ်ငယ်က ကျွန်တော်တို့ ဘရုတ်ကြခဲ့မိတာလေးတွေ ပြန်လည်သိရမိ၍ ပို့စ်တစ်ပိုဒ်အဖြစ် တင်လိုက်မိပါသည်။
ဝလုံးလေးမှဝိုင်းအောင်မရေးနိုင်ခင်
ဒီနေ့ ဆင်တဲ အထက ဒဿမတန်း ထဲတွင်ရှိ ကျောင်းသားတစ်ချို့ ကြွက်စိကြွက်စိ ဖြစ်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ကျောင်းလုံးတွင် နှစ်လုံးထဲသာရှိသည့် ကွန်ပြူတာ ဟုခေါ်သော TV နှင့် လက်နှိပ်စက် တွဲထားသောအရာကြီးများအတွက် အနုပညာအသင်း တာဝန်ခံဆရာဦးတိုးကြီးမှ လူလိုက်ရှာနေသည့် သတင်းကြောင့်ဖြစ်ပေတော့သည်။ တကယ်တော့ အဲဒီအရာကြီးနှင့် ကျောင်းသားများ လားလားမှမသက်ဆိုင်ခဲ့တာကြာပြီ။ ဟုတ်ပါသည် တကယ်က ကျောင်းတွင် ကွန်ပြူတာခန်း ဖွင့်ပြီးကတည်းက အလှည့်ကြ ခေါ်ပြ၍ တစ်ခါလားသာ မြင်ဖူးလိုက်သည်။ အဲဒီတုန်းက ကျနော်တို့တွေက ကိုးတန်းနှစ်လားရှိသေးသည်။ ခုတော့လိုက်ရှာနေကြပြီ။ မရှာလည်းခံနိုင်ရိုးလား။ တိုင်းပညာရေးမှူးလာမည်တဲ့လေ။ အဲဒီလာမည့် ဘာမှန်းမသိတဲ့ လူကြီးအတွက် ကျောင်းကအနုပညာအသင်းက အဲဒီအခန်းထဲတွင် ပုံတွေဘာတွေ ဆွဲပြရမည်တဲ့။ တွတ်စိတွတ်စိတွေကြားထဲ အနှီမောင်ချိုကျလည်း ပါပေသည်။ ဟိုကောင် ပေါ့ဆိမ့်ကတော့ ပြောသည်။ ငါ့လာခေါ်ရင်ကတော့ အနွေးထည်ယူသွားမှရမယ်တဲ့။ ပုံဆွဲမဆွဲထက် Aircon ဒါဏ်မခံနိုင်ဘူးတဲ့။ ဒီကြားထဲ black ကဝင်ပြောလေသည်။ ငါကတော့ သွားဘူးကွာ ဆရာဦးတိုးကြီးကိုတော့ နည်းနည်း လန့်တယ်တဲ့။ ပုံမှန်က ဘာဖြစ်လို့လည်းဝင်မေးတော့ black က အင်းးးးးး ဆိုတဲ့သက်ပြင်းရှည်ကြီးဆွဲပြီး ငါတစ်ခုခုကို လန့်နေသလိုဖြစ်နေလို့ပါတဲ့။ အဲဒီကြမှ အကုန်လုံးခေါင်းကို မတိုင်ပင်ပဲ ဆတ်ခနဲ ငြိမ့်မိလိုက်ကြလေသည် ။
ထိုအချိန်မှာပဲ အတန်းပိုင်ဆရာမ ဝင်လာပြီး ချိုကျ ပေါ့ဆိမ့် black ရုံးခန်းကို လိုက်ခဲ့ဟု ပြောပြီးပြန်ထွက်သွားလေတော့သည်။ အင်းတစ်ခုခုတော့ထူးပြီ။ ရုံခန်းဆိုတာက ကျွန်တော်တို့အတွက် နေရာစိမ်းတော့မဟုတ်ပါ။ သို့ပေသည့် နေရာကျက်လည်းမဟုတ်ပြန်။ အဒီအချိန်ကြမှ black ကမေးတော့သည်။ ဟေ့ကောင် ပေါ့ဆိမ့် မင်းမနေ့က ရေအိုးဖိုးတွေ ခန်းဆီးဖိုးတွေ ကောက်ထားတာ ရပြီလား ။ ပေါ့ဆိမ့်ကလည်း ခုလိုအချိန်မှာလာမေးတော့ နည်းနည်းတင်းသွားပုံရသည်။ ငါချိုကျကိုတစ်ဝက်ကောက်ခိုင်းထားတာပဲ။ သူရောရပြီလားမေးကြည့်ဦးဟု ဘောက်ဆတ်ဆတ် ပြန်ဖြေလေတော့သည်။ အနှီမောင်ချိုကျလည်း ကိုယ့်ဘက်တော့ မြားဦးအလှည့်မခံနိုင်ပေ။ black မင်းရော ငါပေးထားတဲ့ တံမြက်စည်းဖိုးတွေ ပါလာလား ဟုမေးလိုက်ရာ black တစ်ယောက် မျက်နှာငယ်လေးနဲ့ ငါအိမ်မှာမေ့ကျန်ခဲ့တယ်ဟုပြောလေသည်။ ထိုအချိန်ကြမှာ ပေါ့ဆိမ့်ကလည်း ချိုကျ မင်းရောပါလားဟုမေးရာ ကျွန်တော်လည်း မေ့ကျန်ခဲ့ကြောင်းနှင့် ပေါ့ဆိမ့်ကလည်း ငါရောအတူတူပဲဟုဖြေလေသည်။ ဒီလိုနဲ့ ရုံခန်းကို စိတ်မပါပဲ ကိုယ်ချည်းသက်သက် သွားကြလေတော့သည် ။
ရုံးခန်းထဲရောက်တော့ ကျောင်းအုပ်ကြီးကို မတွေ့ရပေ။ ဒါပေသည့် ဆရာဦးတိုးကြီးကတော့ မိန့်မိန့်ကြီး ထိုင်လျက်သားတွေ့လိုက်ရသည်။ ကျွန်တော်တို့တစ်သိုက် ဝင်လာတော့ ဆရာက မျက်မှန်အပေါ်မှ ကျော်ကြည့်ပြီး လာကြဟု ပြောလေသည်။ ကျွန်တော်တွေးလိုက်မိသည် ။ မျက်မှန်ပေါ်က ကျော်ကျော်ကြည့်မှ မြင်လျှင် မျက်မှန်ကို ဖြုတ်ကြည့်ရင်ရော ဒါမှမဟုတ် ချွတ်ပြီးကြည့်ရင်ရော ဒါမှမဟုတ်ဘယ်လိုကြည့်ကြည့် မြင်ရတဲ့ မျက်မှန်တတ်လို့ရော မရကြဘူးလား။ ခက်တာက အဲလိုကျော်ကျော်ကြည့်တော့ အကြည့်ခံရတဲ့ လူတွေကို အလိုလို ဦးညွှတ်သလိုဖြစ်နေသည်။ အထူးသဖြင့် ဆရာလိုလူက ဘာမဟုတ်တဲ့ တပည့်တွေကို ဦးညွှတ်နေပုံပေါက်တာ ကျွန်တော်လို တပည့်မျိုးကတော့ လုံးလုံးမှ မနှစ်သက်မိချေ။ ဘာပဲပြောပြော ဆရာရှေ့မှာတော့ သုံးရောက်သား ရင်ကိုကော့ပြီး အသက်ကို ဝဝရှူထားပြီးဖြစ်ချေတော့သည် ။
နင်တို့ကိုခေါ်ရတာ တစ်ခြားတော့မဟုတ်ဘူးဟေ့။ ကျောင်းအနုပညာအသင်း ကွန်ပြူတာပန်းချီအတွက် လူလိုနေလို့ နင်တို့ကို ခေါ်လိုက်တာပဲဟုဆရာကပြောလေတော့သည်။ ဆရာက စကားပြောရင် နင် ဟုပဲသုံးတတ်ပါသည်။ အဲလိုသုံးတာလည်း သူ့အကြောင်းနှင့်သူရှိပါသည်။ ဆရာအကြောင်းမို့ ချိုကျ အကြောင်းမဟုတ်တဲ့အတွက် နည်းနည်းမှ မပြောချင်တော့ပါ ။ ဆရာကဆက်ပြောပါသည်။ ချိုကျ နင်က ဒီအသင်းမှာ အတွင်းရေးမှူး အဖြစ်လုပ်လိုက်။ ဘာလို့လည်းဆိုတော့ နင်က လူကြီးလာရင် ရှင်းပြရမှာ။ ဟိုအကောင် black နဲ့ ပေါ့ဆိမ့်က အနုပညာအသင်းရဲ့ ပန်းချီသရုပ်ပြတွေလုပ်ရမယ်။ ထိုကြမှ သုံးရောက်သား သက်ပြင်းရော သက်မပါချနိုင်ကြတော့သည် ။ အားလုံးပေါင်းကျောင်းသားကရော ဘယ်နှစ်ယောက်လည်းဆရာ ဟု ပေါ့ဆိမ့်ကမေးရာ ဆရာက ငါနဲ့ဆို လေးရောက်လေ။ နင်တို့ကို မနက်ဖြန်ကစပြီး ပုံဆွဲသင်ပေးမယ်။ ကာယချိန်တွေမှာ ဘယ်မှသွားစရာမလိုဘူး ငါဆီလာခဲ့ကြ ဟုပြောရာ black တစ်ယောက် ကျောနဲနဲတွန့်သွားတာကို မြင်ဖြစ်အောင် မြင်လိုက်ကြသေးသည် ။
ရုံးခန်းထဲမှအထွက်တွင်တော့ အနွေးထည်ယူလာမည့် ပေါ့ဆိမ့်ရယ် ငါမသွားချင်ဘူးကွာဟု ခပ်လေးလေးပြောသော blackရယ် ဘာတွေပြောရမှန်းမသိဖြစ်နေသော ကျွန်တော်ရယ် သုံးယောက်သား ပူသုံးပူနဲ့ အတန်းသို့ပြန်လာခဲ့ကြလေတော့သည်။ နောက်တစ်နေ့ ကာယချိန်သို့ရောက်သောအခါ ကွန်ပြူတာခန်းထဲတွင် သုံးယောက်သား ကွန်ပြူတာဆိုသောအရာကြီးနဲ့ ဝလုံးတွေကို ဆရာက စ ဝိုင်းခိုင်းပါလေတော့သည်။ ခက်ပါသည်။ သုံးယောက်စလုံးရဲ့ စာအုပ်တွေယူကြည့်ရင်တောင် လက်ရေးလှသူဟု ရွေးပင်မရကြသော ကျွန်တော်တို့သုံးယောက် ဒုက္ခရယ် လှလှရယ် လှလှရဲ့ အစ်မရယ်ပါ ပေါင်းတွေ့ကြပါတော့သည်။ တစ်ရက်လုံးလုံး ဝိုင်းလိုက်ရတဲ့ ဝလုံးဆိုတာ ဟို ကြွက်ဟုခေါ်သော အရာကလေးပေါ်က လက်တွင်ထွက်နေသော ချွေးကိုပင် မပွတ်အားခြေ။ ပေါ့ဆိမ့်ကတော့ အနွေးထည်ဝတ်ပြီး ကွေးနေအောင်ထိုင်နေတာ တွေ့ရသည်။ black ကတော့ ဆရာ၏ လက်ထပ်သင်ပေးမှုအောက်တွင် နှဖူးကချွေးများ ခရမ်းသီးလုံးလောက် ကျကျနေတာတွေ့ရသည်။ အနှီမောင်ချိုကျ တစ်ယောက်ကတော့ ဝလုံးလည်းမသိ ကွန်ပြူတာဆိုတာလည်း စိတ်မဝင်စား ဖြစ်နိုင်ရင် ကျောင်းအိမ်သာအဟောင်းဆီသို့သာ သွားနေချင်တော့သည်။ အကြောင်းမှာ ဆေးလိပ်ကို ဟန်ပါပါ ဖွာနေမည့် ပုံမှန်၏ မျက်နှာကိုသာ ပြေးပြေးမြင်နေသောကြောင့်ပေတည်း။
ဤသို့ဤနှယ်ပေါ့ အချိန်တွေသာကြာသွားတယ် ဝလုံးကလည်းဝိုင်းမလာ ဆရာဆွဲပေးတဲ့ပုံကြမ်းလောက်သာ ဆေးရောင်ချယ်တတ်ကြသော အနှီအတွင်းရေးမှူးနှင့် တကွ ပန်းချီဆရာအပေါင်း အတွက် ဆရာတစ်ယောက် ခေါင်းခြောက်ရပေတော့သည်။ ဝလုံးဝိုင်းမလာပေမင့် လာမည့်လူကြီးဆိုသော အရာကြီးကတော့ လာရက်နီးနေပါပြီ။ နောက်ဆုံးတော့ ဆရာ လက်တင်မက စိတ်ပါလျှော့ချလိုက်ပုံရပါသည်။ လူကြီးလာမည့် နှစ်ရက်အလိုတွင်မတော့ ကျွန်တော်တို့ကို ခေါ်ကာ စကားပြောလေတော့သည်။ ကဲ….နင်တို့ဆွဲတဲ့ ပုံသာစောင့်ရရင် လူကြီးအိမ်ပြန်ရုံမကဘူး ရွာဦးကျောင်းက ဘုန်းကြီး နတ်ရွာစံရင်တောင် ပြီးကြမယ့် အကောင်တွေမဟုတ်ဘူး။ အဲဒီတော့ ငါပဲပုံကြမ်းဆွဲပေးထားမယ် ချယ်ရမယ့်အရောင်တွေရဲ့ နေရာတွေပါ ပြောပြမယ်။ ဒီနေ့ကစပြီး စာကျက်သလိုမှတ်ထားလိုက်ကြတော့ဟု ပြောလေတော့သည်။ ဟိုကောင်တွေကတော့ ပျော်သွားပုံရပေမယ့် ကျွန်တော်တစ်ယောက် မပျော်နိုင်သေးပါ။ ထို့ကြောင့် ဆရာ…..အဲဒီနေ့ကြ ဒီလိုပုံတွေနဲ့ စကားထပြောလည်း ကျွန်တော်အကြောင်းကျွန်တော်သိတယ် ဆရာ အကုန်လုံးပေါ်သွာလိမ့်မယ် ဟုပြောရာ ဆရာရဲ့ မျက်နှာကြီး အိုစာသွားပုံကို နှိုင်းပြရရင် စာဆိုတို့လက်မှိုင်ချရမလောက်ဆိုတော့ ဒီနေရာမှာတော့ နှိုင်းပြမနေတော့ပါ။ ဆရာက အေးပါဟယ် လုပ်ကြပါ လုပ်ကြပါ ဒီအချိန်မှာ ငါ့ဘဝ နင်တို့လက်ထဲမှာပဲရှိပါတော့တယ် ဟု တစ်ခွန်းတည်းသာပြောနိုင်ပါတော့သည်။
ထို့နောက်တွင်မတော့ ဆရာတစ်ယောက် ပုံတွေဆွဲပါတော့သည်။ ဆရာက လက်ရေးပန်းချီမှာ တော်တော်လေးကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲနိုင်ပေသည်။ သို့ကြောင့် လက်ရာလှလှပုံလေးများထွက်လာပါတော့သည် ။ ကျန်တာကတော့ ကျွန်တော်တို့ တာဝန်မို့ ကိုယ့်တာဝန်ကိုယ် ကျေရပါတော့သည်။ ဆရာက သေချာအောင် ထပ်ခါထပ်ခါ ဆေးချယ်ခိုင်းသည်။ အလွတ်ကျက်ထားသော ကျွန်တော်တို့ကလည်း ထပ်ခါထပ်ခါချယ်ပါသည်။ သို့ပေမင့် ဆေးသာချယ်ရသည် စိတ်ကမပါ။ အဘယ်သို့ဆိုသော် ဆရာဆွဲထားသောပုံများမှာ ချိုကုတ်တဲ့နေရာကုတ်ပြီး ဒူးကြီးတဲ့နေရာတွေက ကြီးနေသည်။ ထပ်ခါထပ်ခါ မြင်ရတော့ ကြက်သရေပင် မရှိချင်တော့ ကိုယ့်ကိုကိုယ်ပြောပါတယ် ။
ရောက်ပါပြီ လူကြီး……..။ ပုဆိုးက ဗိုက်ပေါ်တက်ပြီး စည်းထားသည်။ လူကြီးလို့ခေါ်ရလောက်အောင် အသက်တော်တော်ကြီးနေပုံရပါသည်။ အခန်ထဲသို့ ဆရာဆရာမများ ဝိုင်းရံကာ ဝင်လာပါလေတော့သည်။ အနှီမောင်ချိုကျတို့ကတော့ မပူပါ။ အလွတ်ကျက်ထားသော နေရာများမှာ အလွတ်ကျက်ထားသော အရောင်များကို စချယ်နေပါပြီ။ ပုံလေးတွေက သူတို့အတွက် တော်တော်ကြက်သရေရှိသည်ထင်သည်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာမှသိပ်မပြောပဲ ခဏကြည့်ကာ ထွက်သွားလေတော့သည် ။ ချနိုင်ကြပါပြီ သက်ပြင်း။ သုံးရောက်သားတစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လက်မပြိုင်တူထောင်လိုက်ကြလေတော့သည်။ နောက်တော့ ကွန်ပြုတာဖန်သားပြင်ပေါ်က ခန့်ခန့်ထည်ထည်ကြီးများကို ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်မထားပဲ ဝါးလုံးကွဲရီချလိုက်ပါတော့သည်။ အော်…..ဝလုံးကလေးတောင် ဝိုင်းအောင်မရေးနိုင်ကြပေမယ့် ပတ်လည်ဝိုင်းနေသော ပြဿနာများကိုတော့ ဝလုံးထဲဝိုင်းနေအောင် ညီညီညာညာထည့်ခဲ့နိုင်ကြပေသည် မဟုတ်ပါလား။
အရူးစကား
(၁)
“ဟာ ! ငမြင့် ဘာလို့ စားပွဲခုံကို အိုးမဲနဲ့ လျှောက်ခြစ် နေတာလဲ သွား.. သွား… ခင်ဗျား သွား…”
စူးစူးရှရှ ပေါ်ထွက်လာသော ဆင်တဲရှိ တိုရှိဘာ လ္ဘက်ရည်ဆိုင်မှ စားပွဲထိုးလေး၏ အရူးငမြင့် အား မောင်းထုတ်သံကြောင့် ကျွန်တော်တို့ သူငယ်ချင်းအုပ်စု အလိုလို လှည့်ကြည့်မိသား ဖြစ်သွားသည်။ စားပွဲထိုးလေး၏ မောင်းထုတ်အော်ငေါက်သံ အဆုံး အရူးငမြင့်လည်း ဇတ်ကနဲ ထထွက် သွားသည်။ ပါးစပ်ကလည်း ပွစီပွစီဖြင့် ဘာတွေပြော သွားမှန်းမသိချေ။
စားပွဲထိုးကလေးက အရူးငမြင့် စားပွဲမှာ ရေးသွားသော စာများကို ရေဖြင့်ဆေး၍ ဖျက်ချဖို့ လုပ်နေသည်။ နေ့လည်ခင်းမို့ ဆိုင်တွင်းမှာလည်း လူကျဲလှသည်။ လူကျဲဆို ရေနွေးကျိုလို့ မလောက်အောင် ဒိုင်ခံအားပေးတတ်တဲ့ ကျွန်တော်တို့ တစ်ဝိုင်းသာ ရှိနေပါသည်။ စပ်စပ်ပါလေ့ရှိသော ကျွန်တော်တို့ အုပ်စုက အရူးငမြင့် ရေးထားသော စာများကို စားပွဲထိုးလေး ဖျက်နေစဉ်မှာ ပြေးထကြည့် လိုက်သည်။
“က ကာ ကား စ စာ စား
ကစားမလား ညစာစားဖို့သွား”
ဆိုသော စာသားများကိုသာ ကောင်းကောင်း ဖတ်လိုက် ရသည်။ ကျန်စာများကို စာပွဲထိုးလေး ဖျက်ထားတာမို့ ၀ါးတားတားသာ ဖြစ်နေသည်။ ငမြင့်က အရူးသာဆိုတယ် လက်ရေးလက်သားက ပန်းချီဆရာလက်ရေး ပြန်ငေးရလောက် ပါသည်။ အရူးငမြင့်၏ မြင်ရခဲသော လက်ရေးကို မချီးကျူးပဲ မနေနိုင်အောင် ကျွန်တော်တို့ စိတ်ထဲဆွဲသွား ခဲ့သည်။
(၂)
ဆင်တဲသားများသည် လူသဘာဝအတိုင်း ယဉ်ကျေးမှုလေးတော့ အရူးငမြင့် အပေါ်တွင် ရှိကြသည်။ အရူးငမြင့်၏ ရှေ့တွင် ငမြင့် ဟုသာခေါ်ဝေါ် ဆက်ဆံပြီး ကွယ်ရာရောက်မှသာ အရူးငမြင့် ဟု ဘွင်းဘွင်း ပဲပြောဆိုကြသည်။ အရူးငမြင့်သည် စိတ်မနံသော ယဉ်ယဉ်လေးရူးနေသော အရူးတစ်ယောက် ဖြစ်သည်။ ရူးနေသော်လည်း ဘယ်သူကိုမှ အန္တရယ်မပေးတတ်ပေ။ သူအကြိုက်ဆုံးအလုပ်မှာ လ္ဘက်ရည်ဆိုင် ထိုင်ခြင်းဖြစ်သည်။ ပိုက်ဆံပေးထိုင်ခြင်းမျိုးတော့ မဟုတ်ပေ။ ဆင်တဲရှိ လ္ဘက်ရည်ဆိုင်တိုင်း သူမထိုင်ဖူးသည့် ဆိုင်မရှိ ဆိုင်ရှင်များက သူအကြောင်း သိနေ၍ ခွင့်ပြုထားကြသည်။ ဒီဆိုင်လူကျနေလျှင် ဘယ်သူမှ သူကိုပြောစရာမလို လူလွတ်စားပွဲရှိသည့် ဆိုင်သို့ ထွက်သွားတတ်သည်။
ကြွေးရင်စားသည်။ ပေးရင်ယူသည်။ ကြွေးပါစေ၊ ပေးပါစေ ဟူသော လိုချင်သော မျက်နှာမျိုးဖြင့် မျှော်ငေးနေသော အရူးမျိုးလည်း မဟုတ်ပေ။ ဆေးလိပ်ကြိုက်တတ်ပုံမှာလည်း အစားမကြွေးရင်နေပါစေ ဆေးလိပ်တိုက်ရင် ပြည့်စုံပြီဆိုသော အရူးမျိုး။ ဆေးလိပ်ပေးမည့် သူမရှိလျှင် ၀ိုင်းမှကျန်သော ဆေးလိပ်အတိုအစများကို ရှာကြံကာ ကောင်တာတွင် မီးညှိ၍ စားပွဲတွင် စိမ်ပြေနပြေ ထိုင်သောက်တတ်သည်။
ဆေးလိပ်သောက်နေစဉ် ပါးစပ်ကလည်း ဘာတွေပြောနေသည်မသိ၊ တည်ကြည်သော မျက်နှာပေးမျိုးဖြင့်လည်း ဘာတွေတွေးနေသည်မသိ၊ တခါတရံ မျက်နှာပြုံးပြုံးကြီးဖြင့် ဘာသီချင်းဆိုနေသည်မှန်းမသိပေ။
(၃)
မိုးကောင်းကင်မှာ လကလေးက ထိန်ထိန်သာလျက်ရှိသည်။ ဒီလိုညမျိုးတွင် ကျွန်တော်တို့ သူငယ်ချင်းများ လ္ဘက်ရည်ဆိုင် မထိုင်ဖြစ်ကြပါ။ ဆင်တဲမှ လူတန်းစားအချို့က ဒီလိုရက်မျိုးမှ လ္ဘက်ရည်ဆိုင်ထိုင်ခြင်း၊ အကြော်ဆိုင်ထိုင်ခြင်း မျိုးပြုလုပ်တတ်ကြသည်။ အမြဲတမ်းထိုင်လေ့ရှိသော ကျွန်တော်တို့က တခါတရံမှ ထိုင်တတ်သော ဆင်တဲသားအချို့ကို အလိုက်တသိ နေရာပေးခြင်းဖြစ်သည်။
ဒီလိုရက်မျိုးတွင် ဆင်တဲရှိ လ္ဘက်ရည်ဆိုင် အကြော်ဆိုင် တို့တွင် အလှူပေးနေတယ်ထင်မှားရလောက်အောင် လူကျိတ်ကျိတ်တိုး စည်ကားလှသည်။ ဒီလိုညမျိုးတွင် ကျွန်တော်တို့အဖွဲ့သည် လူရှင်းသော မောင်းထောင်ဂိတ်နားက အုတ်ခုံတွေ ကျဆိမ့်တို့ရပ်ကွက်ဘက်က လေယာဉ်ကွင်းထဲတွေမှာ ထိုင်စကားပြောလေ့ ရှိသည်။
ဒီနေ့က လပြည့်နေ့။ လမင်းကြီးက ပြည်မင်းကြီးတောင် ထိပ်သာသာတွင် ရှိနေပေအုံးမည်။ ကျွန်တော်တို့ ဆီသို့ လရောင်အပြည့်အ၀ မရောက်သေးသလို သူငယ်ချင်းများလည်း မစုံသေးပါ။ ကျွန်တော်နှင့် ရေနွေးကြမ်း တစ်ယောက်သာ ဆင်တဲဈေးထိပ် မောင်းထောင်ဂိတ်နားက အုတ်ခုံလေးမှာ ရောက်နှင့်နေသည်။ ခဏကြာတော့ ပုံမှန် ရောက်လာသည်။ ရောက်ရောက်ချင်း ပုံမှန်က .
“ဒီနေ့တော့ လူစုံမှာ မဟုတ်ဘူး။ ဘလက်တစ်ယောက် ဘော ပူမိ အဲ ဘောလုံး ပူမိနေတယ်။ မနေ့ တပ်ထဲကွင်းကမှာ ကန်တဲ့ပွဲမှာ ဒီကောင် ဂိုးရှေ့မှာ ကန်ခွင့်ရတဲ့ ဘောမှန်သမျှ ချော်ကန်တာ ၁၀ လုံးလောက်ရှိမယ်။ ၁ ဂိုးမှ မ၀င်အောင်ကန်လိုက်ပုံများ တော်လိုက်တာ။ လူတွေအားလုံး သူကို ဆဲပြီး ထောမနာပေးကြတာ ရှက်လို့တဲ့ ဒီရက်ပိုင်း အိမ်ထဲက အိမ်ပြင်မထွက်ချင်ဘူးတဲ့ကွာ”
ရေနွေးကြမ်းက …
“ဖြစ်ရမယ် တစ်ပူပေါ်နှစ်ဆင့် ရပ်ကွက်ထဲက ခလေးတွေထိ ဒီကောင် ဘယ်နှစ်လုံးသွင်းပြမယ် ဆိုပြီးလျှောက်ကြွားထားကိုး။ ပြီးတော့ ချိုကျလည်း ဘာထူးလဲ အပူမိနေတယ်။ လပတ်တွေမှာ အောင်မှတ်တောင်မရလို့တဲ့ သူအမေက ည ၁၂ နာရီထိ စာကို အော်ကျက်ရမယ် အမိန့်ထုတ်ထားတယ်.”
ကျွန်တော်က …
“ဒီကောင် မလဲ ဖြစ်မှာပေါ့. အမေကျွန်တော် စာတိုးတိုးကျက်တာပါ ဆိုပြီး ကဗျာတွေချည်း ထိုင်စပ်နေတာကိုး။ ဟိုကောင် ကျဆိမ့်လဲ ခြေပူမိနေတယ်ကြားတယ်. ကျောင်းကလွဲရင် အိမ်ပြင်မထွက်ရဘူးတဲ့.”
အေးလေ ဒီကောင်ကလဲ ဖွန်ပဲ ပတ်ကြောင်နေတာကိုး…
ပုံမှန်က…
“ဒီကောင် ဆိုင်ကယ်တစ်စီးနဲ့ လက်ယားလက်ယား သူကြီးနွားကျောင်းနေတာကိုး။ ခြေချုပ်မိပြီး ပူနေရမှာပေါ့။ သူ့အမေက ဆိုင်ကယ်ဆီဖိုးနဲ့ မုန့်ဖိုးဖြတ်ထားတယ် ပြောတယ်။ ငါလည်း မထူးပါဘူးကွာ အပူထိနေတယ်။ ငါ့အမေပေါ့ကွာ။ ကိုးရီးကားနဲ့ တရုတ်ကားကြည့်ရင် စာအုပ်ဌားဖို့နဲ့ မုန့်ဖိုး မပေးဘူးတဲ့။ ဟိုကားတွေက ဇာတ်သိမ်းကာနီးနေပြီ။ ဖတ်လက်စ သိုင်းဝတ္တု ၁၂ အုပ်တွဲက ၈ အုပ်ပဲ ပြီးသေးတယ်။ ငါ့မလဲ ကံဆိုးလိုက်တာကွာ”
ရေနွေးကြမ်းက…
“ငါလည်း ဒီလိုပါပဲကွာ။ ခုတလော အိမ်က အစ်ကိုကြီးက အိမ်မကပ်တော့ ငါတစ်ယောက်ထဲ ရေခပ်နေရတယ်။ ညနေပိုင်း ခြင်းခတ်ချိန်လေးတောင် မရတော့ဘူး။ စိတ်ညစ်ပါတယ်ကွာ။ အေးလေ အိမ်မှာလဲ လိမ္မာတာဆိုလို့ ငါတယောက်တည်း ရှိတာကိုး၊ မင်းတို့ဘာသိလဲ လိမ္မာတယ်ဆိုတာ နာမည်ပဲ ကောင်းပြီး ကာယကံရှင်က တော်တော်ခံရတာကွ” ဆိုပြီးကြော်ငြာကလဲ ၀င်လိုက်သေးတယ်လေ..”
ကျွန်တော်က…
“မင်းတို့ချည်း ငြီးမနေကြနဲ။ ငါ့အပူက ပိုကြီးသေးတယ်။ လူပေးသိလို့တောင်မရဘူး။”
လို့ကျွန်တော်က ပြောတော့ “ဘာကွ! မင်းမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ရမဲ့ အပူမျိုးရှိနေတယ်ဟုတ်လား..။ ခုတော့ ဘယ်လိုလုပ်ကြမလဲ” ဆိုပြီး ပုံမှန်က သူ့အသံ ပြဲကြီးနဲ့ ကျွန်တော်ကို ထပြီးနောက်တယ်..။
ကျွန်တော်တို့ သုံးယောက် ငါမှာတော့ ဘယ်အပူ ဘယ်အပူရှိသေးတယ်။ ငါ့အပူကမှ ပိုကြီးတယ်ဆိုပြီး ငြင်းခုန်နေကြသည်။ ကိုယ်ခံစားတဲ့အပူကမှ ပိုကြီးတယ် ခံစားနေရသည်။ ဒေါသထွက် နေကြသည်။ အားငယ်နေကြသည်။
ရေနွေးကြမ်းက အားငယ်နေတဲ့စိတ်ကို ဖေါက်ချလိုက်သည်။ လောလောလတ်လတ် ခင်သစ်နွယ် စတိုးက ၀ယ်လာတဲ့ ကော်ရရှင်ပန် ဖြင့် အုတ်ခုံနံရံ မှာ စာလေးတစ်ကြောင်း ကောက်ရေးလိုက်သည်။
“ငါတို့အပူ လူမသိ”
ပုံမှန်ရဲ့ “အေးကွာ နောက်ရက်မှ ပြန်ဆုံကြတာပေါ့”ဆိုတဲ့ စကားအဆုံး အားလုံးနှုတ်ဆက် ပြန်လာခဲ့ကြသည်။
(၄)
နောက် (၃) ရက်လောက်အကြာ ကျွန်တော်တို့ သုံးယောက် အုတ်ခုံလေးမှာ ပြန်ဆုံဖြစ်ကြသည်။ ရေနွေးကြမ်းက စကားပြောနေရင်း သူရေးထားခဲ့သော စာကြောင်းလေးကို ပြန်ကြည့်ရင်း
“ဟရောင်တွေ ဟိုမှာကြည့်စမ်း”
အားလုံး လှည့်ကြည့်လိုက်သည်။ ငါတို့အပူ လူမသိ စာကြောင်းအောက်တွင် မီးသွေးခဲဖြင့်ရေးထားသော
“ဒီလိုအပူ လူတိုင်းရှိ”
ဟူသော စာကြာင်းလေးကို တွေ့ရသည်။ အံ့သြသောမျက်နှာများဖြင့် တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်ရင်း ပါးစပ်က အလိုလို ပြိုင်တူ ရွတ်လိုက်မိကြသည်။
“အရူး ငမြင့်”
ဒီလို လက်ရေးက အရူးငမြင့်ပဲ ရေးလေ့ရှိသည်။ ရေနွေးကြမ်းက
“ဟရောင်တွေ ယူတတ်ရင် ပညာပဲနော်။ အရူးငမြင့်က ငါတို့ကို ပညာပေးသွားတာ။ ရိုးရိုးလူမှတင် အပူရှိတာ မဟုတ်ဘူး။ အရူးမှာတောင် အပူ၇ှိတယ်လို့ သူပြောသွားတာပဲ”
ပုံမှန် က ခေါင်းညိတ်လျက်..
“လူတွေအများစုက ကိုယ်မှာသာအပူရှိတယ် ထင်ကြတယ်။ ကိုယ်ပြဿနာမှ အကြီးကြီးထင်ပြီး အားငယ်စိတ် ဝင်ကြတယ်။ ကိစ္စတစ်ခုကြုံရင် အရင်ဆုံးစိတ်ပူကြတာ အေးချမ်းအောင် ဘယ်လိုလုပ်ကြမယ်ဆိုတာ မစဉ်းစားဖြစ်ကြဘူးနော်.”
ကျွန်တော်က..
“အေး.. ဟုတ်တယ်ကွာ။ လူဘဝထဲမှာ နေကြရင်တော့ ပြဿနာမှ အကြီးအသေး နေ့စဉ်ကြုံနေရမှာပဲ။ ငါတို့လည်း ပြဿနာကြုံလာရင် အရင်လို စိတ်ပူမနေပဲ အရင်ဆုံး စိတ်ချမ်းသာအောင် လုပ်ပြီးမှ ဖြေရှင်းဖို့ နည်းလမ်းရှာကြတာပေါ့။”
ကျွန်တော်စကားအဆုံးတွင် ရေနွေးကြမ်းက အရူးငမြင့် မီးသွေးဖြင့် ရေးသွားသော စာကြောင်းလေးကို ကော်ရရှင်ပန်လေးဖြင့် ထပ်ပိုးရေးနေသည်။ အဲဒီမှာ ပုံမှန်ကလည်း ရေနွေးကြမ်းဆီက ယူ၍ “ဒီအဖြေ ဘယ်လိုညှိ” လို့ဆက်ရေးလိုက်သည်။
ကျွန်တော်လည်း ဆက်ရေးချင်စိတ် ပေါ်လာတာနဲ ပုံမှန်ဆီက ထပ်ဆွဲယူပြီး ဖတ်ဖူးမှတ်ဖူးတဲ့ တရားလေးနှောပြီး အောက်တစ်ကြောင်းမှာ “အရှိကို သတိကပ်ကြည့်” ဆိုပြီး ဆက်ရေးလိုက်သည်။ ကျွန်တော်တို့ ပေါင်းရေးလိုက်သော စာကြောင်းလေးများကို အသံထွက်၍ ဖတ်ဖြစ်ကြသည်။
“ငါတို့အပူ လူမသိ
ဒီလိုအပူ လူတိုင်းရှိ
ဒီအဖြေ ဘယ်လိုညှိ
အရှိကို သတိကပ်ကြည့်”
အတွေးပေါင်းစုံဖြင့် ကျွန်တော်တို့ သူငယ်ချင်းတွေ လမ်းခွဲအိမ်ပြန် ခဲ့ကြသည်။ နောက်နေ့တွင် အရူးငမြင့် ဖတ်ခဲ့မိပါရင် ဘာတွေဆက်ရေးမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
ချုံခိုတိုက်ခြင်း ခံရသော တစ်ထောင်တန်တစ်ရွက်
သာယာလှပသော နံနက်ခင်းတစ်ခုတွင် ဘလက်တစ်ယောက် ဝင့်ကြွားတက်ကြွသော ခြေလှမ်းများဖြင့် ဈေးထိပ်ရှိ ဘိုကျောက် လက်ဘက်ရည်ဆိုင်သို့ ချီတက်လာခဲ့သည်။ အကျီ င်္အိတ်ကပ်ထဲကိုလဲ မကြာမကြာ ငုံကြည့်လိုက်၊ လက်ဖြင့် စမ်းကြည့်လိုက်ဖြင့် တစ်ယောက်ထဲ အလုပ်တွေ ရှုပ်နေသည်။ အကျီ င်္အိတ်ကပ်ထဲမှာတော့ တစ်ထောင်တန် အသစ်စက်စက်လေး တစ်ရွက်က အခန့် သား လိုက်ပါလာသည်။
“အင်း… ဒီနေ့ မနက် ထမင်းသုပ်ထဲကို အမဲကြော်နဲ့ ကြက်ဥကြော် ထည့်စားပြီး လက်ဘက်ရည် ပေါ့ဆိမ့် တစ်ခွက်လောက် သောက်ရမယ်။ ပြီးရင် ကျန်တာကို အကြွေးဆပ်ရမယ်”
ဟု တစ်ယောက်ထဲ တွေးရင်း လျှောက်လာခဲ့သည်။ ဒီတစ်ထောင်တန်လေး တစ်ရွက်ရဖို့ အတွက် တမနက်လုံး မိဘနှစ်ပါးကို နားပူနားဆာလုပ်၊ စကားလုံးစစ်ပွဲတွေ ဆင်နွဲ၊ အလိမ်အညာတွေဖြင့် ဗျုဟာမျိုးစုံခင်း၊ အာပေါက်မတတ် ပြောခဲ့ရသည်။ တစ်ယောက်ထဲ ကိုယ့်ဖီးလေးနဲ့ ကိုယ်လျှောက်လာစဉ် မိမိနာမည် ခေါ်သံကြားသောကြောင့် လှည့်ကြည့်လိုက်တော့ အောင်ကိုသိန်း ကွမ်းယာဆိုင်ရှေ့ ထိုင်ခုံတွင် ထိုင်နေသော ပုံမှန်ကို တွေ့ လိုက်ရသည်။ ပုံမှန်က ကွမ်းချိုး အထပ်ထပ် တက်နေသော သွားသုံးဆယ့်နှစ်ချောင်းလုံး ပေါ်အောင် ပြုံးပြရင်း ကျွန်တော့်ကို လှမ်းခေါ်တာကို တွေ့ လိုက်ရတော့ ကျွန်တော်နဲနဲ တွန့် ခနဲ ဖြစ်သွားသည်။ အခြေအနေက ပုံမှန်မဟုတ်သလို၊ ပုံမှန်ကလဲ ပုံမှန်မဟုတ်သောကြောင့် ပတ်ဝန်းကျင်ကို ကျွန်တော် သတိထားကြည့်လိုက်တော့ နှုတ်ခမ်းကို ထော်နိုင်သမျှ အစွမ်းကုန်စူကာ တလောကလုံးသူ့ လုပ်စာ စားနေရသည့်ရုပ်ဖြင့် ကွမ်းသီးထိုင်ညှပ်နေသော အောင်ကိုသိန်းကို တွေ့ လိုက်ရသည်။ ပုံမှန်ကလဲ ကျွန်တော့်ကို ကယ်တင်ရှင်တစ်ယောက်ကို တွေ့ သလို အားကိုးတကြီး ကြည့်နေသည်။ တချက် အကဲခတ်လိုက်ရုံနဲ့ တင် ကျွန်တော် အခြေအနေ အရပ်ရပ်ကို သဘောပေါက်သွားသည်။ အခြေအနေက ရှင်းရှင်းလေး ဒီကောင်အကြွေးတွေ များနေလို့ အောင်ကိုသိန်းက အကြွေးထပ်မပေး တော့သဖြင့် အကြံအိုက်နေစဉ် ကံဆိုးစွာဖြင့် ရောက်လာသော ကျွန်တော်က သူ့ အတွက် ကယ်တင်ရှင် ဖြစ်ပြီပေါ့။ မူကြို ကတည်းက ဒီအချိန်ထိ တွဲလာသော သူငယ်ချင်းတွေ ဒီကောင် ပါးစပ်ဟလိုက်တာနဲ့ ရင်ခေါင်းကနေ ဖင်ခေါင်းထိ မြင်နိုင်သည်။ ”
ဟင်း… ဟင်း… ပုံမှန် ပုံမှန် ငါ့ကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲ။ ကျွန်တော့် အတွေးပင် မဆုံးသေး… သူငယ်ချင်း ဘလက် ဘယ်သွားမလို့ လဲ.. ငါ့ကောင်ကြီးက ခန့် လို့ သန့် လို့ ပါလားကွ။ ပြောလို့ ပြောတာ မဟုတ်ဘူး မင်းတနေ့ တခြား ပိုခန့် ပိုချောလာတယ်။ ဒါကြောင့်လဲ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ရေနွေးတို့ ညီမတွေက မင်းမှမင်း ဖြစ်နေတာကိုး”
ဟု ဆိုကာ အသားလွတ် ပင့်တော့သည်။ သိတယ်မဟုတ်လား ဒီကောင်က အပြောကောင်းတော့ သတိထားနေသည့် ကြားမှပင် အိတ်ကပ်ထဲမှ တစ်ထောင်တန်က ခပ်လှုပ်လှုပ် ဖြစ်လာလို့ လက်ဖြင့် အတင်း ဖိထားရသည်။ ဒါပေမယ့် ကျွန်တော်ကလဲ ဘလက်ကော်ဖီပဲ ဘယ်ရမလဲ။
“အေးကွာ.. ဈေးထိပ်က ဘိုကျောက်လက်ဖက်ရည်ဆိုင် သွားမလို့ ဟာ အိမ်က ပိုက်ဆံတစ်ရာပဲ ပေးလိုက်လို့ လက်ဖက်ရည်ဖိုးဘဲ ရပြီး အီကြာကွေးဖိုး မပါလို့ ငါလဲ ညစ်ပြီး ထွက်လာခဲ့တာ မင်း ပိုက်ဆံလေး ဘာလေးရှိရင် ငါ့ကို ချေးစမ်းပါဦးကွာ”
ဟု ပြန်ပြောလိုက်တော့ –
“ပုံမှန် တစ်ယောက် ကိုယ့်နဖူး ကိုယ်ရိုက်ကာ သေလိုက်ပါတော့ ဘလက်ရာ ငါလဲ ကွမ်းစားချင်နေတာ ပိုက်ဆံမရှိလို့ မင်းကို ဝယ်ကျွေးခိုင်းမလို့ ကွ ဟာ… သွားပါပြီကွာ”
ဟု မျက်နှာငယ်လေးဖြင့် ခိုညည်းညည်းပါတော့သည်။ပုံမှန်တစ်ယောက် မျောက်သေ ပါးရိုက်ထားသော မျက်နှာလေးဖြင့် ချူသံခလောက်သံ ပါအောင် ညီးငြူနေတာ မြင်တော့လဲ ကျွန်တော့်မှ မနေနိုင်။ ကိုယ့်သူငယ်ချင်း တစ်ယောက်လုံး မျက်စိရှေ့တင် ဒီလို ငတ်ပြတ်နေတာကို မြင်တော့ ပစ်မထားရက်သဖြင့်- အင်း.. ငွေတစ်ရာလောက် သုံးလိုက်ရုံနဲ့ တော့ ဘာမှမဖြစ်ပါဘူး ဟု တွေးကာ ကွမ်းတစ်ရာဖိုးလောက် ဝယ်ကျွေးဖို့ ဆုံးဖြတ်လိုက်သည်။ ဒါတောင် တစ်ရာဖိုး မလုပ်ပါနဲ့ နှစ်ရာဖိုးလောက် ဝယ်ကျွေးခဲ့ပါ ဟု အထွန့် တက်နေသဖြင့်  ဟိန်းဟောက် မာန်မဲ ခြောက်လှန့် ခဲ့ရသေးသည်။ ဒီကောင်တွေက နဲနဲမှ လျှော့ပေးလို့ ရသည့်ကောင်တွေမဟုတ်။
ဒီလိုနဲ့ ကျွန်တော် ဆက်လျှောက်လာတော့ ဒေါ်တင်ဆန်း စာအုပ်ဆိုင်ရှေ့တွင် ထိုင်ရမလို ထရမလိုဖြင့် ပျာယာခပ်နေသော ချိုကျကို တွေ့ လိုက်ရသည်။ ဒါနဲ့ 
“ဟေ့ကောင်.. မင်းကြည့်ရတာ မျောက်မီးခဲ ဖင်ခုထိုင်ထား သလိုပဲ ဘယ်လိုတွေ ဖြစ်နေတာလဲ” ဟုမေးလိုက်တော့-
“ဟာ.. ဘလက် သူငယ်ချင်း”
ဆိုသည့် ဝမ်းသာအားရ ခေါ်သံကို ကြားလိုက်ရသည့် ခဏ-
“ဟိုက်.. ငါတော့နာပြီ”
ဟုတွေးလိုက်မိသည်။ မူကြိုကတည်းက တွဲလာတဲ့သူအချင်းချင်း မြင်နေပြီ မြင်နေပြီ ပါးစပ်ဟလိုက်တာနဲ့ ဖင်ခေါင်းထိ မြင်နေရပြီ။ ထင်သည့်အတိုင်း-
“အတော်ပဲ သူငယ်ချင်း ဘလက် ဒီမှာ တာရာမင်းဝေ ကဗျာစာအုပ် အသစ်ထွက်တာ ဒေါ်တင်ဆန်းက ဈေးဦးမပေါက်သေးလို့ မငှားနိုင်သေးဘူး ပြောနေလို့ ငါ့မှာကလဲ ပိုက်ဆံက ပါမလာဘူး။ တခြားလူတွေလဲ မှာထားတာဆိုတော့ အိမ်ပြန်ပိုက်ဆံ ယူနေရင် သူများဦးသွားမှာ စိုးလို့  ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ မင်းလာတာနဲ့ အတော်ဘဲ ငါ့ကို ပိုက်ဆံတစ်ရာလောက် ချီးစမ်းပါကွာ”
” ဟေ.. သြော် တစ်ရာလား။ အေး.. ရပါတယ်ကွာ။ အချင်းချင်းတွေဘဲ ပေးရမှာပေါ့”
ကျွန်တော်လဲ မပေးချင်ပေချင်ဖြင့် ချိုကျကို တစ်ရာ ထုတ်ပေးလိုက်သည်။ ကိုယ့်မရှိလဲ သူ့ ဆီက ယူသုံးနေရတာဆိုတော့ ဒီကောင့်ကိုတော့ မပေးလို့ မဖြစ် ပေးရမည်။ စေတနာ မပါပေမဲ့ မချစ်သော်လဲ အောင့်ကာနမ်းပေါ့။
ဒီလိုနဲ့ ဆက်ထွက်လာခဲ့တော့ ဦးတူးဆိုင်ရှေ့တွင် ဆိုင်ကယ်တစ်စီးဖြင့် လမ်းသလားနေသော ကျဆိမ့်ကို တွေ့ လိုက်ရသည်။ ဒီကောင်ကတော့ မလေးရှားကနေ ပြန်လာတာ မကြာသေးဘူး။ ရွှေတွဲလဲ ငွေတွဲလဲနဲ့ အပြင် ဆိုင်ကယ်တဝီဝီလုပ်နေလို့ ရပ်ကွက်ထဲကတောင် ပြောနေကြတာ ဆိုတော့- ကိုယ့်ဆီကတော့ မပါနိုင်လောက်ပါဘူး။ အခြေအနေ ကောင်းရင် လက်ဘက်ရည်လေး ဘာလေးတောင် အလကားသောက်ရ နိုင်သေးသည်။ ဒါပေမယ့် ပြောသာပြောရတာပါ ဒီကောင်ကပ်စီးနဲ ကော်တရာရယ်။ ပိုက်ဆံဆိုရင် တပြားကနေ နှစ်ပြားခွာနေတဲ့ကောင်။ ဒီလိုကောင်မျိုးဆီကနေ လက်ဖက်ရည်သောက်ဖို့ ဆိုတာက ဂဝံတောင်ထိပ်ပေါ်တက် အဝီစိတွင်း တူးရတာထက်ခက်မည်။ သို့ သော် မျက်စိလည် လမ်းမှားပြီး လက်ဖက်ရည်လေးများ လိုက်တိုက်မလား ဟူသော အတွေးလေးနဲ့ သူ့ ကို ပြုံးပြ နှုတ်ဆက်လိုက်သည်။
“ဟေ့ကောင်ကြီး မင်းဆိုင်ကယ်ကြီး တကားကားနဲ့ ဘယ်သွားမလို့ လဲ။ ဈေးထိပ်ဘက်ရောက်ရင် ငါလိုက်ခဲ့ရအောင်လို့ ”
ဟု ကျွန်တော်က နှုတ်ဆက်လိုက်တော့-
“အေး… ငါလဲ ဈေးထိပ်သွားမလို့ ဟာ ဆိုင်ကယ်က ဘီးပေါက်သွားလို့ ကွ။ ဘီးပေါက်ဖာပြီးရင် ငါနဲ့ လိုက်ခဲ့လေ။ ဒါပေမယ့် ခုလောလောဆယ်တော့ ဆိုင်ကယ်က သံစူးသွားတာဆိုတော့ ကျွတ်ကလဲရမယ်ကွ။ အဲဒါ ကျွတ်ဝယ်ဖို့ ပိုက်ဆံသုံးရာ လိုနေလို့ ငါ့ကို ခဏပေးစမ်းကွာ။ အောင်မာ အောင်မာ နိုင်ငံခြားပြန်တဲ့ သူတောင်းစား ပိုက်ဆံမရှိလို့ ချီးတာတောင် အကြောကြီးနဲ ”
့လို့ ကျွန်တော်တွေးနေတုန်းမှာဘဲ။
“ဟေ့ကောင် ဘလက် မင်းမှာ ပိုက်ဆံ သုံးရာပါတယ်မို့ လား ခဏပေးစမ်းပါ ဆိုတာ ဘာလုပ်နေတာလဲ”
ကျွန်တော်နဲနဲမဟုတ် တော်တော်တင်းသွားသည်။ ကိုယ်ကလဲ သူ့ ကို ပိုက်ဆံချီးရဦးမယ် သူကဘဲ ကိုယ့်ကို အကြောကြီးနဲ့ လာအမိန့် ပေးနေတယ်ဆိုတော့ မိတ်ဆွေတို့ ဆိုရင်ရော စိတ်ဆိုးမှာဘဲ ဟုတ်တယ်မဟုတ်လား။ ဒါနဲ့ ကျွန်တော်လဲ တင်းတင်းနဲ့ မရှိဘူးကွာ မချီးဘူးကွာလို့ အော်ပြီး လှည့်ထွက်သွားမယ်လို့ စိတ်ကူးလိုက်ပြီးမှ ဒီကောင့် ညီမ အလတ်မ၏ ချစ်စရာ မျက်နှာလေးက အာရုံထဲတွင်ပေါ်လာသည်။ ဟာ… မဖြစ်သေးဘူး ဒီကောင်နဲ့ က အခြေအနေပေးရင် ယောက်ဖတော်ရင် တော်ရမှာ ဟူသော အတွေးနှင့်အတူ လက်ကလဲ ပိုက်ဆံသုံးရာကို ထုတ်ပြီးသား ဖြစ်နေသည်။ သိတယ်မဟုတ်လား လူကနေပေမယ့် နှာကမနေဘူးလေ ဟီ… ဟိ။ ဒါနဲ့ ပိုက်ဆံ သုံးရာကို ဆောင့်ကြီးအောင့်ကြီးနဲ့ ပေးလိုက်ပြီးနောက် ကျွန်တော်လဲ သူ့ဆိုင်ကယ်ကိုပင် မစောင့်တော့ဘဲ တစ်ယောက်ထဲ ဆက်ထွက်လာခဲ့သည်။ စိတ်ထဲကလဲ တောက်… နိုင်ငံခြားပြန် သူဌေးနဲ့ တွေ့ မှဘဲ သုံးရာကုန်တော့တယ်။ ထောက်ထားစရာတွေ ရှိနေလို့ သာပေါ့ကွာ။ နို့ မို့ ကတော့ ဒီလိုကောင်မျိုးတွေ ခြေသလုံးဖက်အတင်း တောင်းပန်နေတောင် ဘယ်တော့မှ မချီးဘူး ဟင်း…။
တစ်ယောက်ထဲ မကျေနပ်ချက်တွေကို ပါးစပ်က ပေါက်ပေါက်ဖောက်ရင်း လျှောက်လာတုန်းမှာ နောက်က တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ အသံကြားလို့  လမ်းဘေး ဆင်းပေးရင်း-
“တောက်… ဒီကလေးတွေတော့ ဒီလမ်းကြမ်းထဲမှာ ရေစည်လှည်းအခွံကို ဒရမန်ကြမ်း တွန်းလာပြန်ပြီ”
လို့ တွေးနေတုန်းမှာဘဲ။ ပေါ့ဆိမ့်တစ်ယောက် သူ့ စီးတော် စက်ဘီးအိုကြီးကို နင်းပြီး အနားကို ကိုယ်ထင်ပြသလို ဘွားခနဲ ရောက်လာပြီး ပါးစပ်ကလဲ
“ဟေ့ကောင်… ဘလက် ဘလက် ခဏနေပါဦးဟနဲ့ တတွတ်တွတ်နဲ့ အော်နေလေသည်”
“ဟကောင်ရ ငါ့မှာ ကလေးတွေ ရေစည်လှည်းကြီး တွန်းပြီး ဆော့လာတယ်မှတ်တာ လက်စသပ်တော့ မင်းကိုး။ ပြော ဘာကိစ္စလဲ လို့ ကျွန်တော်က မေးလိုက်တော့”
“အေး… ပုံမှန်က ပြောတယ် မင်းဒီဘက်ထွက်သွားတယ်ပြောလို့ ငါအမှီလိုက်လာတာ”
ပေါ့ဆိမ့် စကားအဆုံးမှာ ကျွန်တော့်ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။ ဘာကြောင့်လဲ ဆိုတော့ ပုံမှန်က လမ်းညွှန်လိုက်တယ် ဆိုလို့ လေ။ ပုံမှန့် ရှေ့တင် ကျွန်တော်က တစ်ထောင်တန် ဖြတ်ထားတာဆိုတော့ ကျွန်တော်စိုးရိမ်သွားတယ်။ အားလုံးလဲ သိကြတဲ့ အတိုင်းလေ ဒီနှစ်ကောင်က အတိုင်အဖောက်က ညီကညီနဲ့ ။ ကျွန်တော့်အတွေး မဆုံးခင်မှာဘဲ ပေါ့ဆိမ့်က-
“ဘလက် မင်းကျော်ကြီးကို သိတယ်မဟုတ်လား။ ခုဒီကောင်တွေ ရွာမှာ ထန်းရည်ပေါ်နေပြီလေ။ အဲဒါ ကျော်ကြီးက တို့ တွေကို ခေါ်ထားတယ်။ အဲဒါ မင်း လိုက်မလားလို့ လာခေါ်တာ cappucino ကတော့ လိုက်မယ်ပြောတယ်”
ဟင်း… ဒီကောင်ကတော့ လိုက်မှာပေါ့ ငါမပြောလိုက်ချင်ဘူး။
“ဒီနေ့ ငါလုပ်စရာတွေ ရှိသေးလို့ ငါမလိုက်တော့ပါဘူးကွာ ဒီကောင်တွေဆီက သွားရင် တနေကုန်တာကွ”
“အေး… ဒါဆိုလဲ မင်းမလိုက်ချင်လဲနေလေ။ ပိုက်ဆံနှစ်ရာတော့ ပေးလိုက်ကွာ အမြည်း ဝယ်သွားဖို့ အတွက်။ အမြည်းလေးတော့ ဝယ်သွားမှကွ”
ဟူသော ပေါ့ဆိမ့် စကားသံအဆုံး-
“ဟေ… ဘာဆိုင်လို့ လဲ”
ဟုတ်တယ်လေ ဘာမှလဲ မဆိုင်ဘူး။ သူတို့ ဘာသာ သူတို့ ထန်းရည်သွားသောက်တာ ကျွန်တော်က ပိုက်ဆံနှစ်ရာ ပေးရမယ်ဆိုတော့။ ကျွန်တော်တော်တော်လေး တင်းသွားတယ်။ ဒါပေမယ့် ကျွန်တော်က ဘာပြောနိုင်မှာလဲ ခုတောင်းနေတာက ကန်တော့ပါစေရဲ့ လို့ ပြောလွှတ်လိုက်လို့ ရတဲ့သူ မဟုတ်ဘူးလေ။ ကျွန်တော်တို့ ရဲ့ ဆိုင်ရှင်ကြီး ပေါ့ဆိမ့်ဆိုတော့ မပေးလို့ က မဖြစ်ဘူး။ တော်ကြာ ပိုက်ဆံနှစ်ရာ မပေးလို့ ကျွန်တော့်ကို ဘလောဒ့်လေးထဲက ထုတ်ပစ်လိုက်မှ ဘလက်ကော်ဖီဆိုတဲ့ နာမည်လေး ပျောက်သွားလို့ ဒီလို မကျေနပ်ချက်တွေကို ဘလောဒ့်ဂါ မိတ်ဆွေတွေကို တင်ပြခွင့် မရဘူး ဖြစ်သွားမှာလဲ စိုးရိမ်ရသေးသည်။
ဒီလိုနဲ့ ကျွန်တော်လဲ လက်ဖက်ရည်ဆိုင်နား နီးလာလေ တစ်ထောင်တန်က ပဲ့လာလေမို့ တော်တော်လေးလဲ စိတ်က တိုနေပြီ။ မလွှဲသာတဲ့ အခြေအနေတွေ ဆိုတော့ မပေးလို့ ကလဲ မဖြစ်ဘူးလေ။ ဒါနဲ့ ကျွန်တော်လဲ စိတ်တိုတိုနဲ့ ဒီတခါ ဘယ်ကောင်လာလာ မပေးတော့ဘူး။ ဘယ်ကောင့်ကိုမှ သနားနေ၊ အားနာမနေတော့ဘူးလို့ တေးထားလိုက်တယ်။ ဒီလိုနဲ့ ကိုယ့်အတွေးနဲ့ ကိုယ် ခေါင်းလေးငုံရင် လျှောက်လာနေတုန်း ဒူဝေဝေ ဆိုတဲ့ အသံကြားလို့ အမောတကော မော့ကြည့်လိုက်တော့။ ကျွန်တော့်ရှေ့ မလှမ်းမကမ်းမှာ တဒူဒူနဲ့ မောင်းကြီးထောင်းရင်း အလှူခံ ကြွလာသည့် လူတစ်စုကို တွေ့ လိုက်ရသည်။ အလှူခံကြွလာသည့် လူစုကို ကြည့်ရင်း ကျွန်တော် မျက်လုံးပြူးသွားပြီး ပုန်းဖို့ နေရာ အသည်းအသန် ရှာတော့သည်။ မပုန်းလို့ ကလဲ မဖြစ် အလှူခံအဖွဲ့ ရှေ့ဆုံးမှာ ငွေဖလားကြီး ကိုင်ပြီး မားမားမားမားနဲ့ လျှောက်လာနေတာက ရေနွေးလေ။ ရေနွေးမှ ရေနွေးအစစ် အရင်လို စုတ်ပြတ်သပ်နေတဲ့ အရက်သမားရုပ် မဟုတ်တော့ဘူး။ ဘယ်သူ့ ဆီက ငှားလာမှန်းမသိတဲ့ လည်ကတုံးနဲ့ တိုက်ပုံနဲ့ ငွေဖလားကြီးကိုင်လို့ အပြတ်သားနားနေတာလေ။ လမ်းမလယ်ခေါင်ကြီးမှာ ကျွန်တော်လဲ ပုန်းစရာ ရှာနေတုန်းမှာဘဲ ရေနွေးက ကျွန်တော့်ကို မြင်သွားပြီး-
“ဟေ့ကောင်ကြီဘလက် အတော်ပဲ မင်းကုသိုလ်ရအောင် အလှူငွေလေး ဘာလေးထည့်သွားဦး။ ဒါမှ မင်း အကုသိုလ်တွေ လျှော့မှာကွ”
ကြည့်ပါလား ပြောပုံကိုက တော်တော်လှူချင်စရာ ကောင်းတယ်။ တဘက်သား လှူချင်အောင် မပြောဘူး။ ဒါပေမယ့် ကုသိုလ်အရေး ဆိုတော့လဲ ကျွန်တော်လဲ မနေသာတော့ဘူးပေါ့။ ဒါကြောင့် ငွေတစ်ရာ ထုတ်လှူလိုက်ရတယ်။ ဒါတောင် ပိုကုသိုလ်ရအောင် နှစ်ရာလောက်တော့ လှူပါကွဆိုလို့ မနဲ လစ်ပြေးလာခဲ့ရသည်။ သြော်… ဘယ်သူကိုမှ မသနား၊ အားမနာတော့ ပါဘူးဆိုကာမှ အလှူခံနဲ့ လာတိုးနေရတယ်လို့ ဟင်း… ဒီနေ့ ဘလက်တို့ ကံမကောင်းပါလားဟေ့ လို့ စိတ်ထဲက အော်ညည်းမိသည်။
ဒီလိုနဲ့ ဘိုကျောက်လက်ဖက်ရည်ဆိုင် ရောက်တော့ ကျွန်တော့် လက်ထဲမှာ ပိုက်ဆံ နှစ်ရာဘဲကျန်တော့သည်။ ကျွန်တော်လဲ ဘိုကျောက်ကို လက်ဖက်ရည် တစ်ခွက်၊ ပဲပလာတာ တစ်ချပ်အမြန်မှာပြီး လက်ထဲရှိသည့် နှစ်ရာဖြင့် ပိုက်ဆံ အရင်မြန်မြန် ရှင်းထားလိုက်သည်။ နို့ မို့ သိတဲ့ အတိုင်းလေ ပိုက်ဆံကို လက်ထဲမှာ ထားရင် စိတ်မချရဘူး။ အဲဒီ အချိန်မှာဘဲ လက်ဖက်ရည်ဆိုင်ထဲက လူတွေ ဆိုင်ရှေ့ကို စုပြုံကြည့်နေကြလို့ ကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင် တဘက်လမ်းက ဗန်ဒါပင်အောက်တွင် စက်ဘီးလေး ကိုင်ပြီး မတ်တပ်ရပ်နေသော ကောင်မလေးတစ်ယောက်ကို တွေ့ လို့ ကျွန်တော်လဲ ဝမ်းသာအားရနဲ့ -
“ဟေ့… ice နင်ဒီမှာ တစ်ယောက်ထဲ မတ်တပ်ရပ်ပြီး ဘာလုပ်နေတာလဲလို့ အော်လိုက်တော့”
ဆိုင်ထဲက ယောက်ကျားလေးတွေ ဝိုင်းကြည့်နေမှန်း သိသဖြင့် ပုံပေးနေသော ice တစ်ယောက် နဲနဲတွန့် ခနဲ ဖြစ်သွားသည်။ ဒါနဲ့ ကျွန်တော်လဲ လာလေ
“ice လက်ဖက်ရည် သောက်ဦး”
လို့ ဟန်လုပ် ခေါ်လိုက်တော့ ice တစ်ယောက် လက်ဖက်ရည် ဆိုင်ထဲ ဝင်လာရင်း
“မသောက်တော့ပါဘူး ဘလက်ရယ်။ ငါ အိမ်က သောက်လာခဲ့ပြီ။ အမေ့ကို စောင့်နေတာလေ ဈေးက ဝယ်ပြီးနေပြီ အသိတစ်ယောက်နဲ့ တွေ့ ပြီး စကားကောင်းနေလို့ ငါဒီ သစ်ပင်ရိပ်အောက်ကစောင့်နေတာ။ ငါလဲ တစ်ယောက်ထဲ ပျင်းနေတာနဲ့ အတော်ဘဲ နင်နဲ့ စကားပြောဖော်ရပြီ”
ဟုဆိုကာ ice တစ်ယောက်စကားကို မနားတမ်း တစ်ယောက်ထဲ လုလုပြောပါတော့သည်။ ကျွန်တော့်မှာသာ အင်း… အေး… ဟုတ်တယ် ဖြင့် စကားထောက်ရင်း ဖော်လို လိုက်နေတုန်း ဘိုကျောက်က လက်ဖက်ရည်နဲ့ ပဲပလာတာကို လာချပေးသည်။ ဒါနဲ့ ကျွန်တော်လဲ ice လက်ဖက်ရည် သောက်ပါဦးလား ဟု လောကွတ်လုပ်လိုက်တော့ ice က
“မသောက်တော့ပါဘူးဟာ… ဒါနဲ့ ဒါက ပဲပလာတာလား။ လက်ဖက်ရည်တော့ မသောက်တော့ဘူး ပဲပလာတာတော့ နဲနဲစားမယ်”
ဟု ပြောတော့ ကျွန်တော်လဲ တံတွေးတချက်နင်သွားပြီး
“သြော်… အေး.. စား.. စားလေ သူငယ်ချင်း လို့ ပြောလိုက်ရသည်”
ice တစ်ယောက်လဲ ပဲပလာတာ စားရင်း စကားကို တစ်ယောက်ထဲ လုလုပြောနေတာကို နားထောင် နေရတာနဲ့ ကျွန်တော့်မှာ လက်ဖက်ရည်တောင် မသောက်အားဘူး။ ဒီလိုနဲ့ ice တစ်ယောက်လဲ စားရင်း၊ စကားပြောရင်း နဲ့ ပဲပလာတာလဲကုန်ရော စကားရပ်ပြီး – အေးဟာ စကားကလဲ ပြောလို့ ကောင်းလိုက်တာ အာတောင်ခြောက်လာပြီ လက်ဖက်ရည် နဲနဲသောက်မယ်နော်လို့ ပြောရင်း ကျွန်တော် ဘာမှ မပြောနိုင်သေးခင်မှာပင် လက်ဖက်ရည် ခွက်ကို ယူ၍ ကောက်သောက်လိုက်သည်။ ကျွန်တော်လဲ သူတကြိုက်သောက်ပြီး ပြန်ချလိုက်သော ဖင်ကပ်သာသာ ကျန်တော့သော လက်ဖက်ရည်ခွက်ကို ကြည့်နေတုန်းမှာဘဲ ice တစ်ယောက် ပြူးတူးပြဲတဲနဲ့ 
“ဟယ်… အမေရောက်နေပြီဟဲ့ ငါ့ကို ဗံဒါပင်အောက်မှာ မတွေ့ လို့ လိုက်ရှာနေတော့မှာဘဲ ငါသွားတော့မယ် သူငယ်ချင်း။ လက်ဖက်ရည်နဲ့ ပဲပလာတာအတွက် ကျေးဇူး”
လို့ အော်ရင်း ဆိုင်ပြင် ပြေးထွက်သွား လေတော့သည်။
ကျွန်တော့်မှာသာ သူမသောက်ချင်ဘဲ သောက်သွားသည့် လက်ဖက်ရည်ခွက်ကို ကြည့်ရင်း ကျွန်တော်တပြားမှ မသုံးလိုက်ရသော တစ်ထောင်တန် တစ်ရွက်ကို ပြန်မြင်ယောင် နေမိသည်။ အိမ်က ထွက်လာတုန်းကတော့ တစ်ထောင်တန်ကို အိပ်ထဲ ထည့်ပြီး ဟိုဟာ စားမယ် ဒီဟာ စားမယ်၊ အကြွေးဆပ်မယ်နဲ့ ကြုံးဝါးလာ ခဲ့တာ။ ခုတော့ အကြွေးမဆပ်နိုင်သည့် အပြင် ဘာမှလဲ မစားလိုက်ရပေ။ တစ်ယောက်ပြီးတစ်ယောက် ပိုက်ဆံကို ချီးတယ် ချီးတယ် ပြောသွားကြပေမယ့် ကိုယ်ကောင်တွေ အကြောင်းကို ကိုယ်သာ အသိဆုံး ဖြစ်သည်။ ကျွန်တော့် အဖြစ်က မြွေပါလဲဆုံး သားလဲဆုံး အဖြစ်မျိုး ဖြစ်နေသည်။ ဒါနဲ့ ကျွန်တော်လဲ ပေါက်သည့် နဖူးမထူး ဟု ဆုံးဖြတ်ကာ -
“ဒေါ်ဘုတ်ကြီး ကျွန်တော့်ကို ထမင်းသုပ်တစ်ပွဲ အမဲကြော်၊ ကြက်ဥကြော်နဲ့ ဝက်အူချောင်းထည့်မယ်။ ဘိုကျောက် ကျွန်တော့်အတွက် ပေါ့ဆိမ့်တစ်ခွက်၊ ပြီးရင် ထုံးစံအတိုင်း ကျွန်တော့် စာရင်းထဲ ထည့်ထားလိုက်ဗျာ”
ဟု အော်မှာလိုက်တော့သည်။ ဒီလိုနဲ့ ဆင်တဲကဖေး ဝိုင်းတော်သားများ ကျေးဇူးနဲ့ ကျွန်တော့်မှာ အကြွေးပေါ် အကြွေးထပ်ခဲ့ ရတော့သည်။
လူပျိုကြီး-၃
ရပ်ကွက်လူကြီး ဦးစိမ်းစိုကြီး၏ ဆင့်ခေါ်မှုကြောင့် ကျွန်တော်နှင့် ရပ်ကွက်အတွင်းမှ ကာလသားလူငယ်တစ်စု သို့ လောသို့ လော အတွေးများဖြင့် ရ.ယ.ကရုံးသို့  ရောက်ရှိလာခဲ့ကြသည်။ ကျွန်တော်တို့ ကို တွေ့ တော့ ဦးစိမ်းစိုကြီးက-
‘လာကြဟေ့.. လာကြ ဒါနဲ့ မင်းတို့ ကာလသားခေါင်း လူပျိုကြီးရောမပါဘူးလား’ ဟု မေးသည်။
‘ဟုတ်ကဲ့ဦး.. အလုပ်လေးတွေ လက်စသပ်ပြီးရင် လိုက်လာခဲ့မယ်လို့ မှာလိုက်ပါတယ်’
‘သြော်.. အေး.. အေး ဒါဆိုလဲ ခဏစောင့်လိုက်ကြတာပေါ့’ ဟု ဦးစိမ်းစိုကြီးက ပြန်ပြောသဖြင့်-
လူပျိုကြီး မပါလဲ ကျွန်တော်တို့ နဲ့ ဖြစ်ပါတယ် ဥက္ကဌကြီး သူ့ ကို အသက်ကြီးလို့ ကာလသားခေါင်း ခန့် ထားတာပါ။ သူက ဘာမှ သုံးလို့ မရပါဘူး။ လူပျိုကြီးက ဥက္ကဌကြီးတို့ လို မဟုတ်ပါဘူး။ အသက်ကြီးပြီး ခိုင်းလို့ မကောင်းပါဘူး’ ဟု ကျွန်တော်က ပြန်ပြောလိုက်တော့ ဦးစိမ်းစိုကြီး တစ်ယောက် –
‘ဘာကွ မင်းက ငါတို့ ကိုတော့ ခိုင်းလို့ ကောင်းတယ်လို့ ပြောချင်တာလား’
‘အဲဒီ သဘောမျိုးပြောတာ မဟုတ်ပါဘူး ဥက္ကဌကြီးတို့ က အထက်က ပေးတဲ့တာဝန်ကို အားသွန်ခွန်စိုက်နဲ့ ကျေကျေပွန်ပွန် ထမ်းဆောင်ကြတယ် ဆိုတဲ့ အကြောင်းကို ပြောလိုတာပါ။ လူပျိုကြီးက ပျင်းတာပါ။ ဥက္ကဌကြီးတို့ က တာဝန်ကျေပွန်တာပါ။ ဒါကြောင့် လူပျိုကြီးက ဥက္ကဌကြီးတို့ လောက် ခိုင်းမကောင်း.. ကောင်း..’ ဟု စကားပင်မဆုံးသေး ဦးစိမ်းစိုကြီး တစ်ယောက် တရှူးရှူး တရှဲရှဲဖြင့် နှာတွေမှုတ်ရင်း ကျွန်တော့်ကို ထအော်ပါလေတော့သည်။
‘ရဲလေး.. မင်းတော်မှာလား မတော်ဘူးလား။ မင်းအဖေမျက်နှာကြောင့်နော် တခြားသူဆိုရင် ငါ ခြောက်ပေါက်ထဲ ဆွဲထည့်လိုက်ပြီ’
ဟု ဒေါသတကြီးထအော်တော့ ကျွန်တော်လဲ ငြိမ်နေလိုက်ရသည်။ (ဥက္ကဌကြီးတို့ က တခြားသူကိုကျ ခြောက်ပေါက်ထဲ ထည့်မယ် ကျွန်တော့်ကိုကျ အဖေ့မျက်နှာကြောင့် ခြောက်ပေါက်ထဲမထည့်ဘူးဆိုတော့ ဒါဟာ မျက်နှာလိုက်တာပဲဆိုပြီး ကျွန်တော်ထပ်ကြပ် ဦးမလို့ ဘဲ ။ ဒါပေမယ့် စိတ်ဆိုးပြီး ခြောက်ပေါက်ထဲ တကယ်ထည့်ထားမှ ဆိုတဲ့ အတွေးနဲ့ ကိုယ့်ပါးစပ်ကိုယ် ဘရိတ်အုပ်ထားလိုက်ရတယ် ဟဲ.. ဟဲ )။
ဒီလိုနဲ့ ခဏနေတော့ ဦးစိမ်းစိုကြီးတစ်ယောက် ဒေါသပြေသွားပြီး စကားစလာသည်။
‘အေး.. ဒီနေ့  မင်းတို့ ကို ခေါ်လိုက်ရတဲ့ အကြောင်းကတော့ ရပ်ကွက်ထဲက အကြောင်းလေးတွေ နဲနဲဆွေးနွေးချင်လို့ ဘဲ’ 
‘အခုတလော ရပ်ကွက်ထဲက ထမီတွေ ပျောက်တဲ့ အကြောင်းလား ဒါဆိုရင်တော့ ပုံမှန့် ကိုမေး ဥက္ကဌကြီး..’ လို့ ကျွန်တော်က ပြောလိုက်တော့ –
‘ဟေ… ရပ်ကွက်ထဲက ထမီတွေ ပျောက်တဲ့သတင်းတွေတော့ ကြားတယ်။ ဒါနဲ့ ထမီသူခိုးက မောင်ပုံမှန်လေးလာကွဲ့ ’
လို့ ဦးစိမ်းစိုကြီးက မေးလိုက်တော့- ပုံမှန်တစ်ယောက် မျက်စိပျက် မျက်နှာပျက်နဲ့ ’ဟာ… ဟေ့ကောင် ဘလက် မင်း.. မင်း.. ဘာတွေလျှောက်ပြောနေတာလဲ.. ဟာကွာ ယောက်ခမကြီးတော့ အထင်တွေလွဲတော့မှာဘဲ’
လို့ ဝင်ပြောတော့- ကျွန်တော်က-
ကျွန်တော်က ပြောလိုက်တော့-
‘ရပြီိ.. ဘလက် ရပြီ  ထပ်မပြောနဲ့ တော့။ မင်းပြောမှ ပိုဆိုးနေပြီ.. ငါလဲ တကယ် ထမီသူခိုး ဖြစ်တော့မယ်’ လို့ ဝင်ပြောတော့-
‘အေးပါ စိတ်မပူနဲ့ မင်းထမီမခိုးတဲ့အကြောင်း ငါရှင်းပြနေပါတယ်’
လို့  ပုံမှန့် ပေါင်ကို တချက်ပုတ် နှစ်သိမ့်လိုက်ပြီး၊
‘ဥက္ကဌကြီးကို ကျွန်တော်က ပုံမှန့် ကိုမေးလို့ ပြောတာက ပုံမှန်က ရပ်ကွက်ထဲမှာ နှံနှံစပ်စပ်ရှိလို့  ထမီခိုးတဲ့သူတွေ ဘယ်သူတွေလဲဆိုတာ သိနိုင်လို့ မေးကြည့်ဖို့ ပြောတာပါ။ ဦးလေးအနေနဲ့ ရပ်ကွက်လူကြီး ဥက္ကဌ တစ်ယောက်လုပ်နေပြီး စကားကို ဒီလို လက်လွတ်စပယ် မပြောသင့်ပါဘူး’ လို့ ကျွန်တော်က ဖိဟောက်လိုက်တော့- ဦးစိမ်းစိုကြီး တစ်ယောက် ပျာယာခတ်သွားပြီး
‘အေးပါ.. အေးပါကွာ မင်းကလဲ ဥက္ကဌကြီး ဥက္ကဌကြီးနဲ့ ငါ့ကိုဘဲ စွတ်ဟောက် နေတော့တာဘဲ ငါပြောဖို့ လဲထားပါဦး။ ဟိုဘက်က မောင်ပုံမှန်လေးကိုလဲ စကားမှားသွားတဲ့ အတွက် ဦးလေးကဘဲ တောင်းပန်ပါတယ်။ ဦလေးစကားကြောင့် မောင်ပုံမှန်လေး ယောက်ခမကြီးက အထင်လွဲသွားရင်လဲ ဦးလေးလိုက်ရှင်းပြပေးပါ့မယ်’ ဆိုပြီး ကိုယ့်ပြောလို့ ပြောမှန်းမသိ စွတ်ရွတ်တောင်းပန်နေလိုက်တာ ပုံမှန်တောင် နေမထိ ထိုင်မသာ ဖြစ်သွားတယ် ဟဲ.. ဟဲ။ ခဏလောက်နေတော့ ဦးစိမ်းစိုကြီးက ထပ်ပြောတယ်။
‘ငါပြောချင်တာက ဒီထမီခိုးတဲ့ အကြောင်း မဟုတ်ဘူးကွ’
‘ဒါဆိုဘာအကြောင်းလဲ ဥက္ကဌကြီး စက်ရုံထဲက ဆီခိုးတဲ့ အကြောင်းလား။ ဒါဆိုရင်တော့ ချိုကျကိုမေး’ လို့  ကျွန်တော်က ပြောလိုက်တော့ အမှတ်မရှိတဲ့ ဥက္ကဌကြီးတစ်ယောက်- ‘ဟေ… မောင်ချိုကျလေးက စက်ရုံထဲက ဆီတွေခိုးတယ်လား… ‘
လို့ မေးတော့ ကျွန်တော်လဲ
‘ဟာ..  ဒီဥက္ကဌကြီးတော့ ဘာမှမသိဘဲ ရမ်းပြောရော့မယ် ချိုကျက ဆီသူခိုးဖြစ်ရမလားဗျ သူ့ အဖေက စက်ရုံထဲမှာ အပ်ကျတာက အစသိတယ် ဒီတော့ ဆီဘယ်သူ ခိုးတယ်ဆိုတာ သိတယ် ဒါကြောင့် ချိုကျကို မေးလို့ ပြောတာ ဥက္ကဌကြီးနဲ့ တွေ့ မှဘဲ ချိုကျလဲ ဆီသူခိုးဖြစ်ရတော့တယ်’ လို့ ထပ်ဟောက်လိုက်တော့ ဥက္ကဌကြီးလဲ ငြိမ်ကျသွားတယ်။ ဒါတောင် သူကမမှတ်သေးဘူး။
‘အေး.. ဒါနဲ့ ရဲလေး မင်းအဖေရော နေကောင်းရဲ့ လား။ ငါလဲ သူနဲ့ မတွေ့ တာတောင် ကြာသွားပြီ တွေ့ မှ မင်းစကားတွေ အရမ်းတတ်နေတယ် ဆိုတဲ့ အကြောင်း မင်းအဖေကို ပြောပြရဦးမယ်’ ဆိုပြီး ကျွန်တော့်ကို အဖေနဲ့  လှည့်ခြောက်တယ်။ ကျွန်တော်ကလဲ ဘယ်ရမလဲ
‘ဟုတ်ကဲ့ ဥက္ကဌကြီး နေကောင်းပါတယ်။ အဖေကတောင် မနက်ကဘဲ ပြောနေသေးတယ် ဥက္ကဌကြီးနဲ့ တွေ့ ပြီး ကလေးတွေ ကိစ္စပြောရဦးမယ်လို့ ပြောတယ်လို့ ပြောလိုက်တော့ ဦစိမ်းစိုကြီးတစ်ယောက် မျက်နှာကြီး မွဲခြောက်သွားပြီး ဟာ.. ဒီကောင်တော့ လူတွေကြားထဲ ဘာတွေ ပြောနေလဲမသိဘူး။ ဒီလိုကိစ္စက လူကြီးတွေချင်း ပြောရမဲ့ဟာကို’ လို့ ပြောတော့
‘ဥက္ကဌကြီးက ဘာတွေ ပြောနေတာလဲ။ ကျွန်တော့်အဖေပြောတာက ပြည်တက္ကသိုလ်မှာ ကျောင်းသွားတက်မဲ့ ကလေးတွေ အတွက် ကျောင်းကားစီစဉ်ပေးဖို့ အကြောင်းကို ဥက္ကဌကြီးနဲ့ ဆွေးနွေးရဦးမယ် လို့ ပြောတာ ဥက္ကဌကြီးက တလွဲတွေ တွေးနေပြန်ပြီ။ သမီးတစ်ယောက်လက်စွဲပြီး မရမ်းချင်ပါနဲ့ ဥက္ကဌကြီး ရပ်ကွက်ထဲက လူငယ်တွေ မငြိမ်မသက် ဖြစ်နေပါ့မယ်’ လို့ သတိပေးလိုက်ရသေးသည်။
ဒီလိုနဲ့ ကျွန်တော့်စကားလုံးတွေကို မခံနိုင်တော့တဲ့ အဆုံးမှာ ဥက္ကဌကြီးက
‘ကဲ.. ကဲ ငါပြောချင်တာက ဒီအကြောင်းတွေ မဟုတ်ဘူး’
လို့ ပြောရင်း ကျွန်တော့်ဘက်လက်ကာ ပြပြီး
‘ရဲလေး.. မင်းဝင်ဝင် မပြောနဲ ‘့လို့ လှမ်းတားလိုက်သေးသည်။
‘ငါပြောချင်တဲ့ အကြောင်းက ဒီနှစ်ရပ်ကွက်ထဲမှာ ပွဲလမ်းသဘင်လေး ဖြစ်အောင် ဇာတ်ပွဲသွင်းဖို့  စဉ်းစားထားတယ်။ ဒီတော့ ဘယ်ဇာတ်အဖွဲ့ ကိုငှားရင်ကောင်းမလဲဆိုတာနဲ့ မင်းတို့ သဘောက ဘယ်လို ရှိသလဲ ဆိုတာကို မေးချင်လို့ အစည်းအဝေး လုပ်ရတာဘဲ။ ပြီးတော့ ဒီလို ကိစ္စမျိုးက မင်းတို့ လူငယ်တွေ လုပ်အားလဲလိုတယ်လေ’
လို့ ဥက္ကဌကြီးက ရှင်းပြသည်။ ဒီတောာ့ ကျွန်တော်တို့ လူငယ်တွေလဲ ခေါင်းချင်းတွေဆိုင်ပြီး ဘယ်ဇာတ်အဖွဲ့ ကို ငှားရင် ကောင်းမလဲလို့ တိုင်ပင်ကြသည်။ ခဏနေတောာ့ ကျွန်တော်ကဘဲ
‘ဥက္ကဌကြီး ဟိုးအရင်နှစ်တွေကလဲ ဇာတ်ပွဲတွေ သွင်းဘူး နေတာ ဆိုတောာ့ ဒီနှစ်တော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ဒီဇာတ် ဒီအဖွဲ့ ကို သွင်းရင်ကောင်းမလားလို ‘့
တင်ပြလိုက်တော့ လူကြီးတွေကလဲ သဘောကျသွားကြပြီး ကျွန်တော်တင်ပြလိုက်တဲ့ ဇာတ်အဖွဲ့ ကိုဘဲ ငှားဖို့ အတည်ပြုလိုက်တယ်။ ဒီလိုနဲ့ အစည်းအဝေးသိမ်းမယ် လုပ်တော့ လူပျိုကြီးတစ်ယောက် အပြေးအလွှားရောက်လာပြီး ဇာတ်ပွဲသွင်းမယ် ဆိုတာလဲ သိသွားရော
‘ဟာ.. ကောင်းတယ် ကောင်းတယ် ဇာတ်ပွဲသွင်းမဲ့ ကိစ္စကို ကျွန်တော်လဲ ထောက်ခံတယ်။ ဒါပေမယ့် ဇာတ်ပွဲမှာ ကျွန်တော်ဘဲ ခေါင်းဆောင်မင်းသား လုပ်မှာနော်’ လို့  ဥက္ကဌကြီးကို ပြောလိုက်သည်။ ဥက္ကဌကြီးနဲ့ ရပ်ကွက်လူကြီးများက လူပျိုကြီးကို ပြုံးစိစိနဲ့ ကြည့်ပြီး
‘ဒီကိစ္စ တစ်ခုလုံးကို ငါတို့ ရဲလေးတို့ ကာလသားအဖွဲ့  ကိုလွှဲလိုက်ပြီ မင်းတို့ လူငယ်တွေ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း လုပ်ကြပေါ့’
လို့ ပြောတော့ လူပျိုကြီးတစ်ယောက် ကိုယ်ထင်ပြသလို ဝုန်းဆို ကျွန်တော့်ရှေ့ရောက်လာပြီး
‘ငရဲ.. မင်းအစီအစဉ်ဆွဲတာလား ဒီပွဲမှာ ငါခေါင်းဆောင်မင်းသား လုပ်မယ်နော်’
လို့ ကျွန်တော့်ကို တတွတ်တွတ်နဲ့ နားပူတိုက်ပါတော့သည်။ ကျွန်တော်က လူပျိုကြီးကို ကြည့်ပြီး ‘ခင်ဗျားနဲ့ ဖြစ်မှာမဟုတ်ပါဘူး’ လို့ ပြောလိုက်တော့ လူပျိုကြီးက ‘ဟာ… ဘာလို့ မဖြစ်ရမှာလဲကွ အရင်နှစ်တွေကလဲ ငါပဲ ခေါင်းဆောင်မင်းသား နေရာက ကတဲ့ဟာကို ဒီနှစ်မှ ဘာလို့ မဖြစ်ရမှာလဲ။ အသက်နဲနဲကြီးသွားပေမယ့် မိတ်ကပ်နဲနဲ ဖို့ လိုက်ရင် ခုခောတ်မင်းသားတွေကို ယှဉ်လို့ ရပါသေးတယ်ကွ’ ဆိုပြီး ကိုယ့်ကိုယ်ကို အသားလွတ် မြှောက်ပြီး အတင်းကာရော တောင်းဆိုတော့တာဘဲဗျို့ ။ လူကြီးတွေနဲ့ ကာလသားတွေကလဲ ကျွန်တော်တို့ နှစ်ယောက်ကို ကြည့်ပြီး ပြုံးစိစိ ဖြစ်နေကြတာပေါ့။
‘ကျွန်တော်က လူပျိုကြီးကို ဖြောင်းဖျရတာပေါ့။ ဒီဇာတ်အဖွဲ့ မှာ ခင်ဗျားကလို့ မဖြစ်ပါဘူးဗျာ။ လူပျိုကြီး ကလဲကတတ်မှာ မဟုတ်ပါဘူး။ သူတို့ ဘာသာ သူတို့ ကကြပါစေ တခြားသူ ဝင်ကလို့ လဲမရပါဘူး’
လို့ ကျွန်တော်က ရှင်းပြတော့ လူပျိုကြီးက ငိုသံပါကြီးနဲ့ 
‘ဒါတော့ မင်းငါ့အတွေ့ အကြုံနဲ့ ပညာကို အထင်သေးတာဘဲ။ ငါက မင်းတို့ ငယ်ငယ်ကတည်းက ကလာခဲ့တာပါကွ မင်းတို့  တောင်အထင်တကြီး တလေးတစားနဲ့ ကြည့်ခဲ့ကြရတာဘဲ ဒီမှာ.. ဒီလိုလေကွာ’
ဆိုပြီး ဟန်နဲ့ မောင်းနဲ့ သရုပ်ဆောင်ပြနေသေးသည်။ ဒီတော့ ကျွန်တော်လဲ စဉ်းစားလိုက်ပြီး
‘လူပျိုကြီး အတွက် ကျွန်တော်က ပြောနေရတာပါ။ လူပျိုကြီး လုပ်နိုင်မယ်မထင်လို့ လေ ဒါပေမယ့် လူပျိုကြီး အရမ်းအာသီသ ရှိနေရင်တော့ စီစဉ်ပေးမယ်လေ’
လို့ ပြောလိုက်တော့ လူပျိုကြီးလဲ ဝမ်းသာသွားပြီး
‘အေး… ငါလုပ်နိုင်မှာပါကွ ငရဲရ…’
ဆိုပြီး ဝမ်းသာ အားရဖြစ်သွားလေတော့သည်။ တလက်စတည်း ကျွန်တော်က လူပျိုကြီးကို
‘ဒါနဲ့ လူပျိုကြီး ခေါင်းဆောင်မင်းသား လုပ်တာကတော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ပွဲကတဲ့ အချိန်ရောက်ရင် လူပျိုကြီး ဖင်ကိုတော့ တုတ်ထိုးခံရမှာနော်’
လို့ ပြောလိုက်တော့ လူပျိုကြီး ပထမတော့ လန့် သွားတယ် နောက်တော့ တရှူးရှူးနဲ့ ဒေါသတွေ ထွက်ပြီး
‘ဟေ့ကောင် ငရဲ ဘာစကားပြောတာလဲ မင်းလူကြီးကို မိုက်ရိုင်းလှချည်လားကွ’
ဆိုပြီးစိတ်ဆိုးသွားလေတော့သည်။ ဒီတော့ ကျွန်တော်ကလဲ
‘ကျွန်တော်က ဘာတွေ မိုက်ရိုင်းနေလို့ လဲဗျ။ ဒီနှစ်သွင်းမဲ့ ဇာတ်ပွဲက တုတ်ထိုးရုပ်ပွဲလေ ဒီလိုပွဲမျိုးမှာ ခေါင်ဆောင်မင်းသား လုပ်မဲ့လူက ဖင်ကို တုတ်မထိုးဘဲ ဘယ်လိုကမလဲ’လို့ ပြောလိုက်တော့ ကျွန်တော့်စကားကို နားထောင်ပြီး ကြောင်အအ ဖြစ်သွားတဲ့ လူပျိုကြီးကို ကြည့်ပြီး ရပ်ကွက်လူကြီးတွေနဲ့ ကာလသားလူငယ်တွေ ဝိုင်းရယ်လိုက်သံကြီးက အုန်း ဆို ရ.ယ.က ရုံးအတွင်း ထုံးစံအတိုင်း ထွက်ပေါ်လာလေတော့သည်။
Page 1 of 3123