Posts Tagged ‘ဆင်တဲသတင်း’
၁၃ ကြိမ်မြောက် ဆင်တဲ အထက အာစရိယ ပူဇော်ပွဲ
ဆင်တဲ အထက ကျောင်းမှ ခေတ်အဆက်ဆက် ပညာသင်ပေးခဲ့ကြသော ဆရာများ၏ ဂုဏ်ကျေးဇူးကို ဦးထိပ်ပန်ဆင်ကာ ဆင်တဲ အထက ၏ ၁၃ ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ဆင်တဲ အထက ကျောင်းတွင် ပြုလုပ်ပါဦးမည်။ ဆင်တဲ အထက ကျောင်းကြီး၏ နို့ချိုသောက်သုံးခဲ့ကြသော ရပ်နီး ရပ်ဝေး နိုင်ငံတွင်း နိုင်ငံပြင်ပမှ ကျောင်းသားဟောင်းများအတွက် တစ်ထောင့်တစ်နေရာမှ တတ်အားသ၍ လှူဒါန်းနိုင်ရန် အသိပေး နိုးဆော် လိုက်ပါတယ်။
နေ့ရက် – ၂၄-၁၂-၂၀၁၁ (စနေ)နေ့
အချိန် – မနက် (၉)နာရီ၊
နေရာ – ဆင်တဲ အထက ကျောင်း
ဆက်သွယ်လှူဒါန်းမှုအတွက် လက်ခံလုပ်ဆောင်ပေးမည့်သူများ
၁။ ဦးသိန်းလွင် ဖုန်း ၀၅၃-၄၀၁၈၄
၂။ ဦးဇော်ဝင်း ဖုန်း ၀၅၃-၄၀၁၀၆
၃။ ဦးမောင်ဌေး ဖုန်း ၀၉-၅၃၁၃၁၁၀
အထက်ပါ ဆရာကန်တော့ပွဲသတင်းအား ဆရာကတော့ပွဲ မတိုင်ခင် ဆင်တဲကျောင်းသူ/သားဟောင်းများထံသို လက်ဆင့်ကန်း အသိပေး ပေးကြပါရန် ကျွန်တော်တို့ ဆင်တဲကဖေးအဖွဲ့သားများက အထူးမေတ္တာရပါခံအပ်ပါတယ်။
ကြယ်ပွင့်များအားလင်းလက်စေသူ (သို့) အာစရိယပူဇော်ပွဲ
ဘ၀တွေအဖုံဖုံ
အလုပ်မျိုးစုံလင်စွာ
ကိုယ်ဥာဏ်မှီရာ
အသိပညာနဲ့
တိုင်းပြည်တစ်ခွင်
ကမ္ဘာအနှံ
တောက်ပနေသော
ကြယ်ပွင့်များအား
လင်းလက်စေသူ
အာစရိယဟုခေါ်တွင်
ဆရာ၊ဆရာမ များကို
ပူဇော်ကန်တော့ပွဲ
ဆင်ယင်နွှဲတာ
မြန်မာ့ရိုးရာ
မင်္ဂလာပါ…
လူငယ်ဟုခေါ်တွင်သော ကျောင်းသူကျောင်းသားများကို အနာဂါတ်ရဲ့ ကြယ်ပွင့်များလို့ ဆိုကြပါတယ်။ ဒါကြောင့် ကျနော်တို့လို ကျောင်းသားဘ၀ကို ကျော်ဖြတ်ပြီးတဲ့ လူရွယ်နဲ့လူကြီး ဖြစ်နေကြသော ကျောင်းသားဟောင်း အငယ်နဲ့အကြီးတွေကို တောက်ပနေသောကြယ်ပွင့်များလို့ ဆိုနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀တွေမျိုးစုံ အလုပ်တွေစုံလင်စွာနဲ့ တိုင်းပြည်တခွင် ကမ္ဘာအနှံမှာ ကိုယ်ဥာဏ်မှီရာ အသိပညာတွေနဲ့ လောကကြီးကို အလှဆင်နေလို့ပါပဲ။
လောကကြီးကို ပုံစံမျိုးစုံနဲ့ ကျရာနေရာက အလှဆင်နေကြတဲ့ ကျနော်တို့ဟာ ဆရာ၊ဆရာမတွေရဲ့ ကျေးဇူးနဲ့ကင်းတဲ့သူ မရှိပါဘူး။ ထို့ကြောင့် အာစရိယဟုခေါ်တွင်သော ဆရာ၊ဆရာမ များကို ကြယ်ပွင့်များအားလင်းလက်စေသူလို့ တင်စားပြီးဂုဏ်ပြုလိုက်ချင်ပါတယ်။ ထိုကြယ်ပွင့်များအား လင်းလက်စေသူတွေရဲ့ ဂုဏ်ကျေးဇူးကို အောင့်မေ့သတိတရ ပြုလုပ်တဲ့ အာစရိယပူဇော်ပွဲဟာ မြန်မာနိုင်ငံအနှံမှာ ရိုးရာဓလေ့တစ်ခုပမာ မင်္ဂလာရှိစွာ ပေါ်ထွန်းလို့ လာနေပါတယ်။
ယခုအခါ ထိုမင်္ဂလာရှိသော အာစရိယပူဇော်ပွဲကို ကျနော့် မွေးရပ်မြေတွင်ရှိသော ဆင်တဲ ကျောင်းတော်ကြီးမှာ ၁၃ ကြိမ်မြောက်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။


ဆင်တဲ အထက ကျောင်းကြီးနဲ့ ပန်းတောင်း အထက ကျောင်းကြီးက အဆက်အစပ် ရှိပါတယ်။ ပန်းတောင်းမြို့ က ကျောင်းသားတွေ ဆင်တဲအ.ထ.ကကျောင်း မှာ လာတက်ကြသလို ဆင်တဲဒေသက ကျောင်းသားတွေ ပန်းတောင်း အ.ထ.ကကျောင်းမှာ သွားတက်ကြတာ မျိုးရှိတတ်ပါတယ်။ ဆရာ၊ ဆရာမ များလည်း သည်လိုပါပဲ။ ဆင်တဲက ပန်းတောင်းကျောင်းကို ပြောင်းသွားကြတဲ့ သူတွေရှိသလို ပန်းတောင်းကနေ ဆင်တဲ အ.ထ.ကကျောင်းကို ပြောင်းသွားကြသူတွေ ရှိပါတယ်။ ပန်းတောင်းကျောင်းနှင့် ဆင်တဲကျောင်း အနည်းအကျဉ်းဆက်စပ်မှု ရှိနေပါတယ်။ ပန်းတောင်းကျောင်းတော်ကြီးမှာ ဆိုရင်လည်း ၁၉ ကြိမ်မြောက်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်ဆိုတာ အများသိစေဖို့ တင်ပြလိုက်ရပါတယ်။


ဆင်တဲ က အရိယာ မဂ္ဂသန္တိသုခ စေတီတော်
ဆင်တဲ ရှိ အရိယာ မဂ္ဂသန္တိသုခ စေတီတော် သည် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲ၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှုစက်ရုံနယ်မြေ၊ ဓမ္မရက္ခိတ ကုန်းတော်တွင် ကိန်းဝပ်တော်မူ ပါသည်။ ဥာဏ်တော် (၃၁) ပေရှိသော ဤ အရိယာ မဂ္ဂသန္တိသုခစေတီကို ရန်ကုန်မြို့ရှိ ရွှေတိဂုံတော်ကြီး၏ ပုံတော်တူ တည်ထားတော်မှုပါသည်။ သာသနာ သက္ကရာဇ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၂) ရက်၊ ခရစ်နှစ် ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၁၄) ရက် သောကြာနေ့တွင် ရတနာ အုတ်မြစ်တော်စီ မင်္ဂလာ ကျင်းပလျက် စတင်တည်ထားခဲ့ ပြီး သာသနာသက္ကရာဇ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ တပေါင်းလပြည့် ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ထီးတော်တင်လှူ ပူဇော်ခဲ့ပါသည်။ ဆင်တဲမှ အထွေထွေမန်နေဂျာ ဦးကျော်လွင် နှင့် ဇနီး ဒေါ်မြမြ၀င်း တို့အား အမှူးထား၍ ၀န်းထမ်းမိသားစုများ၏ ပေါင်းစုကုသိုလ်ဖြစ်ပါသည်။
ဆင်တဲ မှ အရိယာ မဂ္ဂသန္တိသုခ စေတီတော်သည် ဆုတောင်းပြည့် သိမ်ကုန်းဘုရားကြီး ကုန်းမြေပေါ် တွင်တည်ရှိသည်။ သိမ်ကုန်းဘုရားကြီးတွင် သီတင်းကျွတ်မီးထွန်းပွဲတော်များ၊ ကထိန်းပဒေသာပင်ပွဲများ၊ ၀န်ထမ်းမီသားစုများအတွက် ပျော်ပွဲရွှင်ပွဲများ၊ ရှုပ်ရှင်ပြသခြင်းများ နှင့် ထမင်းနဲထိုးခြင်းများ ပြုလုပ်လေ့ရှိသည်။ စေတီတော်ကို ဘုရား၏ ဘေးဘက်တွင် ကပ်လျက် တည်ဆောက် ကိုးကွယ်ထားသည်။ ဆုတောင်းပြည့် သိမ်ကုန်းဘုရားကြီးကို ဓမ္မဝိဟာရဓမ္မာရုံ အတွင်းတွင် ဖူးတွေ့နိုင်သည်။
ဘုရားနှင့်စေတီ၏ မြေနေရာအ၀န်းသည် ဘောလုံးကွင်းတစ်ကွင်းခန့် အကျယ်ရှိသည်။ ဆင်တဲ ကလေးထိန်း မူကြိုကျောင်းနဲ့ မြေချင်းထိဆက် လျက်ရှိသည်။ ဘုရားမျက်နှာချင်းဆိုင်တွင် ကွန်ကရစ်လမ်းတစ်ခု ရှိသည်။ ထို လမ်းမှနေ၍ ဆင်တဲ အမှတ်(၁) လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှုစက်ရုံ ( လယ်/စက် – ၁ ) သို့ တည့်တည့်ဆင်းသွားလျှင် ယောင်္ကျားခြေလှမ်းဖြင့် ၅ မိနစ်အတွင်း ရောက်နိုင်သည်။ လမ်းတစ်ဘက်တွင် အပျိုဆောင် တစ်ဆောင်လည်းရှိသည်။ ဟိုဘက် ဒီဘက် ထိပ်တွင် စက်ရုံဝန်ထမ်းနှင့် အရာရှိအိမ်ယာ များဖြစ်သော ၈ ထောင်တန်လိုင်း နှင့် ၁၂၀၀၀ တန်လိုင်း တို့ရှိသည်။ ဘုရား၏ ဘေးဘက်နဲ့ အနောက်ဘက်တွင် ကျွန်း၊ သရက်တောအုပ်ငယ် ရှိပြီး အဲဒီနောက်ဘက်တွင် လူနေအိမ်ယာများ ရှိသည်။
ယခုအခါ ဘုရားဖူးသူ၊ အမျိုးမျိုးသော (၁၁) မီး ကြောင့် ယတြာချေ လာသောသူ၊ စိတ်အပန်းဖြေလာသူတို့ သည် ဘုရားနှင့် စေတီတော်ကြီးသို့ အလင်းသင့်သလို လာရောက်ဖူးမျှော် လျက်ရှိပါသည်။ ရာသီဥတုကောင်းသော ညချမ်းချိန်ခါ များတွင်လည်း လူမပျက်ပဲ ဘုရားဖူးသူ အချို့ကို တွေ့မြင်ရသည်။
အရိယာ မဂ္ဂသန္တိသုခ စေတီတော်တွင် ကဗျည်းမော်ကွန်းစာ နှင့် သြ၀ါဒပါတိမောက် ဓမ္မစေတီကျောက်စာတော် တို့ ကို လည်း ရေးသားမှတ်တန်းတင်ထားသည်။
|
၁။ ခန္တီပရမံ တပေါတိတိက္ခာ၊ နဗ္ဗာနံ ပရမံ ဝဒန္တိဗုဒ္ဓါ။ န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံဝိဟေဌယန္တေ။ ၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။ ၃။ အနုအဝါဒေါ အနုပဃာတော၊ ပါတိမောက္ခေ စ သံဝရာ။ မတ္တညုတာ စ ဘတ္တသ္မိံ ၊ ပန္တဉ္စသယနာသနံ။ အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။ |
ဆင်တဲကဖေး ပထမ အကြိမ် နှစ်ပတ်လည်နေ့
ဒီလမ်းပေါ်မှာ တို့အိမ်ဆောက်တော့
စိတ်ကူးတွေကို ကျောက်ချ
ဗျည်းသရတွေနဲ့ ပုံဖော်
စာတိုပေစ လမ်းခင်းထက်
ငါတို့ လျှောက်နင်းခဲ့တယ် …
ရက်လတွေကြွေလို့
နှစ်သစ်ကိုဝေကာစိုးမိုး
၉ ရက် ၉ လ အရ
သူ ၁ နှစ် သားလူလားမြောက်ခဲ့ပေါ့ …
ရေးဖော်ရေးဖက်တွေရေ
အပြောအဟော ဘ၀အမောအစုံနဲ့
လူဇာတ်ခုံ လူဘုံဘ၀မှာ
သိကြားမြင်မှု ခံစားမှု စာစုတွေကို
ပန်းပုရုပ်တစ်ခုလိုထုလုပ်
ရောင်းတမ်းမ၀င်ပေမယ့်
ဝါသနာ ဟဲ့ လို့ သဘောထား
ဟိုး.. အရှေ့တိမ်တိုက်များထိ
ငါတို့အတူ စီးနင်းလိုက်ကြပါစို့ …
ပြိုးပြိုးပြက်ပြက်နှင့် အစွမ်းကုန် လင်းလက် နေသော ရောင်စုံ မီးလုံးလေးများက စီဒိုးနား ဟော်တယ် မြက်ခင်းပြင်ကြီး ထက်မှာ အစွမ်းကုန် လှပ နေပါသည်။ မြက်ခင်းပြင်ကြီး ပေါ်မှာ ညစာစားပွဲ အတွက် ခင်းကျင်းထားတဲ့ ခုံတွေကလည်း ပြည့်နှက်နေသည်။ ကျွန်တော် တာဝန် ယူထား ရတဲ့ ဘူဖေးစားပွဲကြီးနားကို သွားကြည့်တော့လဲ စားစရာ အမယ်တွေက စုံလွန်းအားကြီးလို့ စားစရာတွေကို လိုက်ကြည့် နေရင်းနဲ့ပဲ ဗိုက်ပြည့် သွားနိုင်လောက်သည်။ ကျွန်တော်တို့ ဆင်တဲကဖေးရဲ့ နှစ်ပတ်လည်နေ့ ပွဲကလေးကို စည်စည် ကားကားနဲ့ ဖြစ်စေချင်တဲ့ ကိုပေါ့ဆိမ့်နဲ့ ကျွန်တော်တို့ ဆင်တဲကဖေး ဝိုင်းတော်သားများရဲ့ ကြိုးစားအားထုတ်မှု့ နဲ့ ဖြစ်ပေါ်လာတဲ့ ပွဲကလေး ဆိုရင်လဲ မမှားပါဘူး။
ဒီပွဲလေးလုပ်ဖို့ အတွက် ကျွန်တော်တို့ စည်းဝေးတိုင်ပင်စဉ်က ကျွန်တော့်အတွက် ခွဲတမ်း ရခဲ့တဲ့ တာဝန်က အစားသောက် တာဝန်ခံတဲ့ မသိရင်တော့ စားစရာတွေ အကုန်လုံးကို ကျွန်တော် တစ်ယောက်ထဲ တာဝန်ခံ ပြီး စားပေး ရမလိုလို ဘာလိုလိုနဲ့ အမှန်တော့ မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ နှစ်ပတ်လည်နေ့ ပွဲလေးကို ကြွရောက်လာကြမဲ့ ဧည့်သည်တော် တွေကို ဧည့်ခံ ကျွေးမွေးဖို့ အတွက် အစားအသောက် တွေကို တာဝန်ယူ စီစဉ်ပေး ရမှာပါ။ အဲဒီမှာ စတွေ့တော့ တာပါပဲ ဘာစားစရာ ဘယ်လိုစီစဉ် ရမယ်မှန်းမသိ ကြွရောက်လာကြမဲ့ ဧည့်သည်တော် စာရင်းကလဲ သေးတာ မဟုတ်တော့ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ကလဲတွက်ဖို့ မလွယ် အခက်ဆုံး ကတော့ ဘာအစားစာ ကျွေးရင်ကောင်းမလဲ ဆိုတဲ့ အချက်ပါပဲ။
နောက်ဆုံးတော့ ဘယ်လို မှ စဉ်းစားလို့ မရတော့တဲ့ အဆုံးတော့ အစားအသောက်နဲ့ ပတ်သက်လာရင် ဆရာတစ်ဆူလို့ နာမည်ကြီးနေတဲ့ ကျွန်တော်တို့ အမကြီး နှစ်ယောက် ဖြစ်တဲ့ မချော (အစိမ်းရောင်လွင်ပြင်)နဲ့ မရွှေစင်ဦးတို့ ဆီ အမြန်ဆုံး သွားရောက်ပြီး အကူညီ တောင်းခံ လိုက်တော့မှပဲ အစစ အရာရာ အဆင်ပြေချော မွေ့ သွားပါတော့သည်။ နှစ်ယောက် စလုံးကလည်း အာမခံကတော့ အပြည့်။
ဟင်း … လာပလေ့စေ…. လာပလေ့စေ… တို့ ဟင်းတွေ မြင်ရုံနဲ့ဘူဖေးခင်းထားတဲ့ ခုံရှေ့မှာ မြင်ရုံနဲ့သွားရေ အပုံလိုက် ကျသွားအောင်ကို လုပ်ပစ်လိုက်မယ်။ (အားရစရာကြီးနော် ဟီ..ဟီ)။
ဒီလောက်ထိအောင် တော့ မလုပ်ကြပါနဲ့ မမ တို့ရယ် ဆိုပြီး မနည်းတောင် တားထားရတာ။ ဟင်း.. အကြံ ကောင်းပေလို့ ပေါ့ နို့မို့ဆို ဘာမှ စဉ်းစားလို့ မရတော့ တဲ့ အဆုံးတော့ အနီး အပါးက အလှူပွဲ တွေမှာ အမြဲ လိုက်ချက်ပေးလေ့ ရှိတဲ့ အိုးသူကြီး ဦးလေးတွေကိုပဲ အကူညီ တောင်းပြီး ဆီဒိုးနား ဟိုတယ် မြက်ခင်းပြင်ကြီးပေါ်မှာ ထင်းမီးတွေ ဖိုပြီးတော့ မိုးပြဲဒယ် ကြီးတွေနဲ့ ဝက်သား တို့ ကြက်သားတို့ အညာငါးခြောက် အစိုထိုးတို့ ကို မီးခိုး တစ်လုံးလုံး နဲ့ ချက်ပြုတ်ပြီး အလှူမှာထမင်း ကျွေးသလို ထမင်းရုံကြီး ထိုးကျွေးလိုက်လို့ကတော့ ဟိုတယ်မှာ တည်းနေတဲ့ နိုင်ငံခြားသားတွေပါ အယောင်ယောင် အမှားမှား နဲ့ ဝင်စားကြမှာ မြင်ယောင် ပါသေးတယ်။
ကျွန်တော်လဲ အနားမှာ တောက်တို မယ်ရ လုပ်ရတာနဲ့တင်ပဲ မီးခိုးမှိုင်း ရိုက်ပြီး ချွေးသံ တစ်ရွှဲရွှဲ နဲ့ လူမြင်ကွင်းတောင် ထွက်နိုင် မှာ မဟုတ်တော့ပါဘူး။ ခုတော့ လည်း အားလုံး အဆင် ပြေသွားပါပြီ ။အမကြီး နှစ်ယောက်က အစားသောက် အတွက် စပွန်စာ ယူလိုက် တဲ့ အတွက် ကျွန်တော် လည်း ဘာမှ အထွေ အထူး လုပ်စရာ မလိုတော့ပဲ ယောင်နေပါတော့တယ်။ (ကောင်းလေစွ….ကောင်းလေစွ)။
ဒီလိုနဲ့ ပွဲလုပ်မဲ့ မနက်ခင်း ရောက်လာတော့မှ ရပ်ကွက်ထဲက ဆံပင်ညှပ်ဆိုင်ကို သွားပြီးတော့ ကိုးရီးယားကေလေး ညှပ်ပြီးတော့ ပွဲအတွက် ပြင်ဆင် ရပါတော့သည်။ စကားမစပ် ပြောရရင် ဆံပင်ပုံစံတွေ ထဲမှာ ကိုရီးယားဆံပင် ပုံစံတွေကို ကျွန်တော် အကြိုက်ဆုံးပါ သူများ တွေတော့ ဘာကိုကြိုက်တယ် မသိပါဘူး ကျွန်တော် ကြိုက်တာတော့ တစ်မျိုးပါ ဒီဆံပင်ပုံစံတွေက ညှပ်ပြီးရင် လက်ညောင်းအောင် ခေါင်း ခဏခဏ ဖြီးစရာ မလိုပါဘူး ခေါင်းညှပ်ပြီးတာနဲ့ ခေါင်းလိမ်းဆီလေး လိမ်းပြီးတော့ လေပြင်းပြင်း ဖွင့်ထားတဲ့ ပန်ကာရှေ့ မှာ ခဏလောက် သွားနေလိုက်တာနဲ့ မုန်တိုင်းမိထားတဲ့ ပဲခင်းပုံ ကိုရီးယားကေ ရပါပြီ။
ဒီလို နဲ့ သာယာလှပတဲ့ ညနေခင်းလေး မှာ ကျွန်တော်တို့ အဖွဲ့သားတွေလဲ စုံလင်စွာ ရောက်ရှိလို့လာကြပါသည်။ အံမယ် တစ်ယောက်ချင်းစီကို သေချာလိုက်ကြည့် လိုက်တော့ မဆိုးပါ ကလားကွယ်ရို့ သူတင် ကိုယ်တင်ကို တစ်ယောက် တစ်မျိုး နဲ့ကို ချောနေလိုက် ကြတာများ ဟို ဝက်ဆလိုက် ဆိုတဲ့အဖွဲ့က ကောင်လေးတွေ ကျနေတာပဲ (မှတ်ချက်။ ။ ဝက်ကို ဆလိုက်နှင့် လိုက်ထိုးနေသူများ မဟုတ်ပါ။ west Life အဖွဲ့ ဖြစ်ပါသည်။) အံမယ် ice coffee ကတော့ ဟို M2M အဖွဲ့ထဲက အသားနည်းနည်း ညိုသည့်ကောင် မလေးနဲ့တောင် စိမ်းမစိမ်း ဖြစ်နေပါလား ပရိသတ်။
စီစဉ်ထားတဲ့ စားစရာ အမယ်စုံ ကလည်း ဘူဖေးခုံ တန်းကြီး ပေါ်ကို တစ်မျိုးပြီး တစ်မျိုး ရောက်လို့ လာနေပါသည်။ မုန်တိုင်းမိထား တဲ့ ပဲခင်းပုံ ကိုးရီးယားကေနဲ့ ကျွန်တော်လဲ ဘူဖေးစားပွဲ ကြီးတွေနားမှာ ကြွရောက်လာမဲ့ ဧည့်သည်တော်တွေကို စောင့်စားရင်း စားပွဲပေါ်မှ ဟင်းလျှာများကို တစ်စေ့ တစ်စောင်း အကဲခတ်ကြည့်လိုက်တော့ “ အားပါး” “အမယ်စုံ ပါပဲလား ပရိသတ်”မချောနဲ့ မရွှေစင် တို့ ညွှန်းထားသလိုပဲ ခြေလှမ်း တွေ အခွေလိုက် ပျက်ပြီး သွားရေတောင် အပုံလိုက် ကျသွားလောက်တဲ့ ဟင်းလျှာတွေပါပဲ လိမ္မော်ရည်နဲ့ ချက်ထားသော ငါးလိမ္မော်ဟင်း၊ သံပရာသီးဖြင့် ပေါင်းထားသော ငါးသံပရာပေါင်း၊ ကြက်သား ကချင်ချက်၊ ငါကလီစာ၊ ငါးခူချဉ်စပ်၊ ငါးခုံးမရေခန်း ကိုနံနံပင်လေးအုပ်ချက်၊ ငါးဥချက်၊ ဝက်သား အချိုချက်၊ ဝက်သားကို မရမ်းပြား ထည့်ပြီး ချဉ်ငံလေး ဖြစ်အောင် ချက်ထားတာတစ်မျိုး၊ ကြက်တောင်ပံ အကြွတ်ကြော်၊ကြက်ချဉ်စပ် ဝက်ခြေထောက်စွတ်၊ ကန်စွန်းရွက်နဲ့ မှိုကြော်၊ ရတနာခုနစ်ပါး ငန်းသားဟင်း၊ ဘဲသားနှင့် ကြံမဆိုင် ၊ ငါးထမင်း ချဉ်သုပ်၊ ငှက်ပျောရွက်ထုပ် ငါးကင်၊ အင်းတော်ကြီး ငါးချဉ်သုပ်၊ မျှစ်ချဉ်သုပ်၊ မုန်လာဥဖြူ အစိမ်းသုပ်၊ နှမ်းဖတ်ချဉ် သုပ်၊ မန်ကျဉ်းရွက်သုပ်၊ ညောင်ချဉ်ဖူးသုပ်၊ ပဲကြီးဟင်း ပဲကြီး အခြောက်ချက် ၊ အရည်သောက်ထဲမှာ ဆိုရင်တော့ ဆူးပုတ်၊ ပြည်ပန်းညို၊ သနပ်ရွက်….. အစရှိတဲ့ အရွက်ပေါင်း ဆယ့်နှစ်မျိုးလောက် ပါတဲ့ ဟင်းရွက်စုံ ဟင်းရည်၊ မျှစ်စပ်ဟင်း ၊ပြည်ကြီးငါး၊ ပုစွန် စတဲ့ ပင်လယ်စာတွေနဲ့ ဝက်ရိုးပိန်းဥ၊ ကျောက်ဖရုံသီး ဟင်းချို၊ မှိုကပ်ပေါင်း ကြက်ဥ မှိုကပ်ပေါင်း ၊ဟင်းပြင်းဖူးကြော်၊ ဇင်ပြွန်းသီး သနပ်၊ …. အစရှိတဲ့ ဟင်းတွေပါပဲ ဒါတောင် ကျွန်တော် နာမည် မသိတဲ့ ဟင်းတွေ နောက်ထပ် အများကြီး ရှိပါသေးတယ်… ခုနေကဗျာလေး တစ်ပုဒ် လောက်တောင် ကောက်စပ်လို့ ရပါသေးတယ်။
ထိုင်ကြည့်ရုံနဲ့ သွားရေထွက်
ဟင်းစပ်တွေက တကယ်စုံ
တွေးကြည့်ရုံနဲ့ ရင်တွေခုန်
စားဖို့ ခေါ်ရင် မမူအား
ကဗျာကယာ ဝင်ကာစား
နောက်ဆုံးမှာတော့ ဗိုက်ကြီးကား။ ။
ဟင်းခွက် အမယ်စုံကို ကြည့်ပြီး တစ်ယောက်ထဲ တွေးနေလိုက်တာ ကဗျာ တစ်ပုဒ်တောင် ထွက်လာတယ် ဟင်း.. ဟင်း…။ ထမင်း ဆိုရင်လဲ ကြည့်လိုက်ဦး ဒန်ပေါက် ၊အုန်းထမင်း၊ ထောပတ်ထမင်းနဲ့ ရိုးရိုးထမင်း မစားချင်သူတွေ အတွက် ကချင် ငါးထမင်း ချဉ်သုပ် စုံနေအောင်ကို စီစဉ်ထားတာပါ ။ ထမင်း မစားခင် ဂုဏ်ပြုတဲ့ အနေနဲ့ပဲ ဖြစ်ဖြစ်၊ အပျော်သဘောနဲ့ပဲ ဖြစ်ဖြစ် ထမင်း စားကောင်းလေးပဲ ဖြစ်ဖြစ် စီစဉ် ထားတာကတော့ ကချင်ဆေးမြစ်တွေနဲ့ ပေါင်းထားတဲ့ ကချင် ဆေးမြစ်ပေါင်း နှစ်ချို့ ယမကာနဲ့အမြုပ် တစ်ဖွေးဖွေးနဲ့ သောက်ချင်စရာ ကချင်ခေါင်ရေ စစ်စစ်ကတော့ ကိုကိုတွေရဲ့ စိတ်အာရုံကို အတိအကျကို ဆွဲဆောင်လို့နေပါသည်။
နိုင်ငံခြားဖြစ် ဝီစကီ၊ ဘီယာတွေထက်ကို တောက်ပတဲ့ ဆွဲဆောင်မှု့ တစ်ခုပေါ့ ခင်ဗျာ။ ထမင်း သုံးဆောင် ပြီးတာနဲ့ အစာပိတ် သုံးဆောင်ဖို့အတွက် ကတော့ မြန်မာ့ရိုးရာ မုန့် များဖြစ်တဲ့ ဆနွင်းမကင်း အမျိုးမျိုးနဲ့ ကရေကရာ ၊ကျောက်ကျော၊ ထိုး မုန့် လမုန့် ၊ပုသိမ် ဟာလဝါ မုန့် မျိုးစုံ စတာတို့ ပဲဖြစ်ပါတယ်။ အစားအသောက် အစီအစဉ် ကတော့ လုံးဝလန်းပါတယ် ပြည်တွင်းမှာ နေတဲ့ ဘလော့ဂါ တွေအတွက် ကတော့ သိပ်မထူးခြားနိုင်ပေမဲ့ နိုင်ငံရပ်ခြားမှာ နေထိုင်ပြီး ဒီပွဲကို လာရောက်ကြမဲ့ ဘလောဂါတွေ အတွက် ကတော့ အထူးစီစဉ် ထားတဲ့ မြန်မာရိုးရာ အစားအသောက် တွေကို အရမ်းနှစ်သက်မယ်လို့ မျှော်လင့် ပါတယ်။
ကျွန်တော်တို့ ဒေသထွက် အစားအစာတွေ ဖြစ်တဲ့ ဒေါ်ဥ ပြည်ထမင်းသုပ်၊ နွယ်နွယ် မုန့် ဟင်းခါး၊ ရွှေတောင် မုန့် ဟင်းခါး၊ အိုဆာကာ ခေါက်ဆွဲ၊ နို့ မလိုင်လုံး၊ ကျောက်ဖရုံယိုနဲ့ ယိုမျိုးစုံ တို့ ကိုလဲ စီစဉ်ထားသည်။ ကျွန်တော်တို့ ဒေသ အနီးရိုးထဲမှ ရသော တောထွက်ဟင်းလျာများ ဖြစ်သော တောဝက်သား၊ တောကြောင်သား၊ ယုန်သား၊ ချေသား၊ ဆတ်သား၊ မြွေသား၊ ဖားသား၊ ငါရှဥ့်နှင့် ငှက်သားမျိုးစုံ တို့ ကိုလဲ ပရိသတ် အကြိုက် စီစဉ်ထားသည်။ နိုင်ငံခြား အစားအစာမှ ကြိုက်နှစ်သက် သူတွေအတွက်လဲ ဂျပန်နိုင်ငံက ဆူရှီ၊ ကိုရီးယားက ကင်ချီ၊ ပီကင်း ဘဲကင်၊ ဟောင်ကောင်က dimsum၊ ထိုင်းနိုင်ငံက ထိုင်းတုန်ယမ်း ချဉ်စပ်၊ အီတလီ ခေါက်ဆွဲနှင့် ပီဇာမုန့် ၊ KFC ကြက်ကြော်၊ MC donalds ဟမ်ဘာဂါ စသည့် ကမာကျော် ဟင်းလျာများ အပြင် ငါးမန်းတောင် ဟင်းချို၊ ပုဇွန် အမျိုးမျိုးနဲ့ ဂဏန်း အမျိုးမျိုး တို့ ကိုလဲ စီစဉ်ထားပါသည်။
ထမင်းမစားခင် ဖြစ်ဖြစ် စားပြီးတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် အသီးနှံ ကြိုက်နှစ်သက်တဲ့ သူတွေအဖို့ ဒူးရင်း၊ သြဇာ၊ ကြက်မောက်၊ မင်းဂွတ်၊ မာလကာ၊ ငှက်ပျော ၊သင်္ဘော ၊ သခွားမွှေး ၊ သစ်တော် ၊ဖရဲ ၊ သရက် ၊ လိုင်ချီး ၊စတော်ဘယ်ရီ၊ နာနတ် ဒေသထွက် သြဇာသီး စသည့် အသီးနှံ ပေါင်းစုံ ကိုလည်း ခင်းကျင်းပေးထား ပါသေးသည်။ ဒီတိုင်းလှီး ဖြတ်ပြီး မစားချင်သူတွေ အတွက် ကတော့ စက်ဖျော်ပဲ ဖြစ်ဖြစ် လက်ဖျော်ပဲ ဖြစ်ဖြစ် အရည်အဖြစ် သုံးဆောင်လို့ ရအောင် စီစဉ် ပေးထားတဲ့အပြင် သစ်သီးနဲ့ ရောစပ်ဖျော်ထားတဲ့ ယမကာ ပျော့ပျော့ လေးကို သုံးဆောင်ချင်သူများ အတွက် သီးစုံကော့တေးကိုလဲ ဘားဖွင့်ပြီး ဖျော်စပ်ပေးထား ပါသေးသည်။ ဒီလိုနဲ့ အချိန်ကျရောက် လာပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဘလော့ဂါများ အသီးသီး ရောက်လို့ လာကြပါသည်။ ဒီတစ်ခါတော့ ပေါ့ဆိမ်က မှာထားလို့ ကျွန်တော့်မှာ ဧည့်သည်တွေကို သေချာ ဂရုစိုက် နေရပါသည်။ အထူးသဖြင့် အမျိုးသား ဧည့်သည်တော် တွေကိုပေါ့ ဟိုတစ်ခေါက် အစည်းအဝေး လုပ်တုန်းက မမတွေကို ဦးစားပေးမိလို့ ငြိုငြင်နေတဲ့ ကိုကိုတွေကို ဒီတစ်ခါ အထူး ဂရုစိုက်ဖို့ သူက မှာထားပါသည်။
ဒီလို့နဲ့ ပေါ့ ပြိုးပြိုးပြက်ပြက် လင်းလက် နေတဲ့ မီးရောင်အောက်မှာ ဝတ်ကောင်း စားလှတွေ ကိုယ်စီနဲ့ ကျွန်တော် တို့ ရဲ့ မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လို့ လာကြပါသည်။ ပထမဆုံး ဘူဖေးစားပွဲ ကြီးနားကို ရောက်လာတဲ့ သူကတော့ “ကိုဇော်” ပါ ဧည့်ခံ ကြိုဆိုရေး အဖွဲ့ က ပေါ့ဆိမ့် နဲ့ ချိုကျ တို့ နှစ်ယောက်က ဝင်လာတဲ့ ဧည့်သည် မှန်သမျှကို အသံပြဲကြီးနှင့် အော်ပေး နေသဖြင့် ဘယ်သူ ရောက်လာပြီ ဆိုတာကို အလွယ် တကူပဲ သိနိုင်ပါသည်။ “ကိုဇော်” ရောက်လာပါပြီ… ဟု အော်သံ အဆုံးမှာ ဘူဖေးစားပွဲ နားသို့ ရောက်လာသော ကိုဇော် ကို ကျွန်တော် အပြေးလေး သွား၍ နှုတ်ဆက် လိုက်ပါသည် “ဟိုင်း… ကိုဇော် နေကောင်း တယ်နော် ” ကြည့်ပါခင်ဗျာ ဘာဟင်းတွေ သုံးဆောင် မလည်း ကြိုက်ရာ သုံးဆောင်ပါနော် လက်ငင်းတော့ ရှင်းရမယ်…. အယ်… မှားကုန်ပြီ… နောက်တာနော် ဟီး… ကြိုက်ရာ သုံးဆောင်ပါ..” ။ ကိုဇော်က ဘာမှတော့ ပြန်မပြော အသာပဲ ပြုံးပြပြီး “ ပြီးမှပဲ စားတော့မယ် ဟုပြောပြီး ထွက်သွားပါသည်
”အဖြူလေး ရောက်လာပါပြီ” ဟယ် အဖြူလေး ဆိုတဲ့ အတိုင်းပဲ အဖြူရောင် လောင်းကုတ်ကြီးကို ဝတ်ပြီး အောက်ကလည်း အဖြူရောင် ဘောင်းဘီ၊ အဖြူရောင် ဝေါ့ကင်းရှုး ကို ဝတ်ပြီး ရင်ဘတ်တွင် လည်း အဖြူရောင်ကြယ် ပွင့်ပုံ ရင်ထိုးလေးကို တပ်ဆင် ထားလေသည်။ ရန်အောင်နှင့် သူ၏ ချစ်သူများ ရှိုးထဲက လိုပါပဲ ဟီး…။ “ဟယ်…. ကိုအဖြူလေး ကြွပါ ဘာများ သုံးဆောင် ချင်ပါသလဲ ကြည့်ပါနော် ” ကျွန်တော်၏ ဧည့်ဝတ်စကား အဆုံးမှာ “ အင်း… ဖြေးဖြေးပေါ့ ညီလေးရာ” ဟုစကားကို ခပ်လေးလေး ဆိုပြီး ကြက်တောင်ပံ အကြွတ်ကြော် တစ်တုံးကို အသာကောက်၍ မြည်းလိုက်ပြီး ကောင်းသားပဲ ဂွတ်… ပြီးမှ ဆက်ဆော် တော့မယ် ဟုဆိုပြီး ထွက်သွား လေတော့သည်။
“ဆူစီကတိုး လာပြီဟေ့” ကိုယ့်ဘာသာ ကိုယ်ကြေညာ၍ စားပွဲ အနီးသို့ ရောက်လာသော လူတစ်ဦးကို အသာ လှမ်းကြည့် လိုက်တော့ ပုဆိုး တိုက်ပုံ ကတ္တီပါ ဖိနပ် တို့ဖြင့် မြန်မာ ဆန်စွာ ဝတ်ဆင် ထားသော ကိုဆူစီကတိုး ကို တွေ့ရ လေတော့ သည် “လာအကို နောက်တောင်ကျနေပြီ” ကျွန်တော့် ၏ အလှူအိမ် လက်စွဲ ဧည့်ခံစကားကို ဆူစီကတိုးက “အာ…ကုန်ပြီလား.” ဟု အမေး ပြုသဖြင့် “ အလကား နောက်တာပါ စားတောင် မစားကြသေး ပါဘူး ” ကျွန်တော့် ၏ အဖြေ စကားကို ကြားရကာမှ ရင်အေး သွားဟန်ဖြင့် “ဟူး… တော်ပါသေးရဲ့ ပြီးမှပဲ စားတော့မယ်ကွာ လောလောဆယ် သွားပွား လိုက်အုံးမယ်” ဟုဆို၍ ထွက်သွား လေတော့သည်။
“ကိုမြစ်ကြီး” ကြွလာပါပြီ ဧည့်ခံ ကြိုဆိုရေး မှ အသံပင် မဆုံးသေးခင် အရိပ်ဖျောက် ကိုယ်ဖော့ ပညာကို သုံး၍ မြစ်ကျိုးအင်း တစ်ယောက် ရောက်လာ ပါတော့သည် “မင်္ဂလာပါ ကိုမြစ်ရေ လျှာရင်းမြက် ဖို့ ဘာဟင်းခွက်တွေ သုံးဆောင်ချင် ပါသလဲ ” ကျွန်တော့် ၏ အမေး အဆုံးမှာ ကိုမြစ်ကြီးက တစ်ချက်လောက် စဉ်းစားဟန် ပြုနေပြီးမှ “ဒီလိုရှိတယ်ကွဲ့ စားတာတော့ ဟုတ်ပါပြီ တွဲဖက်ပြီး မစားသင့်တဲ့ အစားတွေကို စားမိရင် ဘယ်လို လုပ်မလဲ အဲဒါရှော့ ရှိတယ်နော် ” ဟုပြောလေရာ ကျွန်တော်လည်း မစဉ်းစား တတ်တော့ သဖြင့်“ ဒီလိုလုပ် ကိုမြစ် ရာ ကိုမြစ် စိတ်ထဲမှာ မသင်္ကာ ဖြစ်နေတဲ့ စားစရာ ဆိုရင် တစ်ယောက်ယောက် ကို အရင် ကျွေးကြည့် နာရီဝက်လောက် နေလို့ မှ ဘာမှ မဖြစ်ရင် အိုကေတယ် မှတ်ပေါ့ ဒီအကြံ ကျွန်တော်ပေးတာလို့ တော့ လျှောက်မပြောနဲ့ပေါ့ ဟုတ်ပြီလား” ကျွန်တော့် အကြံပြုချက်ကို သဘောကျသွားသော ကိုမြစ်ကြီး တစ်ယောက် စမ်းသပ်ဖို့ လူရှာရန် ထွက်ခွာ သွားလေ တော့သည်။
ဒီလိုနဲ့ ကျွန်တော်လဲ နောက်ရောက်လာသော ကိုဏီလင်းညို၊ သက်တန့် ချို၊ ကိုအုပ်ကြီး၊ ညအလင်္ကာ၊ ဇော်သိင်္ခ၊ မင်တာရာ၊ အကြမ်းထည်၊ ညဆူးလင်္ကာ၊ ကိုတိုးကြီး၊ မိုးစက်အိမ်၊ ဒေါင်းမင်း၊ ဖိုးသား၊ စိုင်းဇော်ခါး၊ ဒေါင်းမင်း၊ နေမိုးဝေ၊ သင်္ဂါကျော်၊ စိုင်းကိုကို၊ ကိုကိုကြီး၊ သော်ဇင်စိုး၊ တို့ ကို အစဉ်လိုက် ထိုင်ခုံရှည်ကြီး တစ်လုံးပေါ်မှာ တဘက်တချက် စီမှာ နေရာချပေးပြီး လိုအပ်သော အစားအသောက် စီစဉ်ပေးနဲ့ အလုပ်ရှုပ်သွားလို့ ကိုးယိုးကားယား အဲ… ဟုတ်ပေါင် ကိုရီးယား ကေလေးတောင် ပျက်ချင်ချင် ဖြစ်သွားသည်။ ကိုကို ကာလသားတို့ အကြိုက် ဟိုအကြောင်း ဒီအကြောင်းလေးတွေ စကားစမြည် ပြောဆိုရင်း အဲဒီဝိုင်းမှာ အဖွဲ့ ကျနေတော့သည်။
ကိုဏီနဲ့ မလကာမြို့ အကြောင်းကို ဟိုပြောဒီပြောနဲ့ စကားကောင်း နေတော့ တခြားသူတွေက ကျွန်တော့်ကို ကြည့်ပြီး အံသြလို့ ။ မလေးရှားမှာ သုံးနှစ်နီးပါး နေလာခဲ့သော ကျွန်တော့် အတွက်ကတော့ မလကာ ကမ်းခြေ၊ မြို့ ဟောင်းနှင့် zoo တို့ က ကျွန်တော်နဲ့ စိမ်းမနေပါဘူး။ ဒီကြားထဲ ကိုအုပ်ကြီးက ကိုရေသန့် ကို ခဏခဏ မေးနေလို့ အနားက တောက်တိုမယ်ရ ခိုင်းဖို့ ခေါ်ထာတဲ့ ကျဆိမ့်ကို ကိုရေသန့် ကို ရှာခိုင်း လိုက်ရသေးတယ်။ ကျွန်တော်လဲ သူတို့ ဝိုင်းကို ဧည့်ခံရင်း ပတ်ဝန်းကျင်ကို မျက်စိ ဒေါက်ထောက် ကြည့်နေရသည်။ ဧည့်သည်တွေက အရမ်းများလို့ နေရာ အခက်အခဲ ဖြစ်မှာစိုးရိမ်လို့ မျက်ခြေမပျက် ကြည့်နေရသည်။
အဲဒီဝိုင်းက ထလာပြီး sosegado၊ yuyuko၊ noblemoe၊ chocothazin၊ hanna၊ chindwinthu၊ flowerpoem၊ SHINKU၊ တို့ အတွက် စားပွဲတစ်ဝိုင်း စီစဉ်ပေးရင်း ကျွန်တော်လဲ သူတို့ ဝိုင်းမှာ ခဏဝင်ပွား နေလိုက်သေးတယ်။ ကျွန်တော်တို့ ညီမလေး noblemoe က ပိုစ့်တွေကို ရုံးမှာ ခိုးခိုးဖတ်ပြီး ရီရတာ အားမရလို့ အခု ရီစရာလေး နဲနဲြောခဲ့ပါဦး ဆိုလို့ ဟာသလေး နဲနဲပြောပြီး အရွှန်းဖောက်ခဲ့ ရသေးသည်။ သူက ကိုယ့်ဆိုင် လာနေကျ ဧည့်သည်ဆိုတော့ စိတ်ငြိုငြင် သွားလို့ မဖြစ်ပေ။ ကျွန်တော် သူတို့ ဝိုင်းကနေ ထွက်လာတော့ အဝင်ဝ နားမှာ ကိုရေသန့် နဲ့ စကားပြော နေသော မလသာည ကိုတွေ့ တော့ အပြေးအလွှား သွားနှုတ်ဆက်လိုက်သည်။ သြော်… အစ်မ ရောက်တာ ကြာပြီလား ဂျပန် အစားအစာတွေက ဒီဘက်မှာနော် ဆူရှီက အစ်မပြောတဲ့ နည်းအတိုင်း ကျွန်တော် ကိုယ်တိုင် လုပ်ထားတာ အရသာ ဘယ်လိုလဲ ဆိုတာ မြည်းကြည့်ဦးနော် အစ်မ ဘာညာ သကာ ပြောဆိုပြီး ကျွန်တော်လဲ တခြားဝိုင်းတွေဘက် ထွက်လာခဲ့ လိုက်သည်။
ကျွန်တော်တို့ နဲ့ ဌာနေတူသော ဦးသက်ဦး၊ ကိုလင်းဦး(စိတ်ပညာ)၊ သင်္ဂါရမောင်၊ ရွှေပြည်သူ၊ ဧည့်သည်၊ z@wko တို့ ကို ဝိုင်းတဝိုင်း ထဲမှာ တွေ့ လိုက် ရသည်။ အင်ကြင်းသန့် ကိုတော့ မတွေ့ ရပေ မြတ်မွန်တို့ ဝိုင်းကို ရောက်နေတာ ဖြစ်ရမယ်။ သူတို့ နှစ်ယောက်က အရမ်းခင်ကြတာ ဆိုတော့ အဲဒီဝိုင်းမှာပဲ ဖြစ်ရမည်။ အဲဒီကမှ ကျွန်တော်တို့ ၏ မိတ်ဟောင်း၊ ဆွေဟောင်းများ ဖြစ်သော ဇောင်း၊ ကိုမိုး၊ ဖြူစင်ကြယ်၊ ကိုဝင်းကြည်၊ ဘရာဗို၊ calmhill တို့ ဝိုင်းမှာ ခဏ ဝင်ထိုင်ကာ လေကန် နေလိုက်သေးသည်။
ကျွန်တော်လဲ တွေ့ တဲ့လူကို နှုတ်ဆက် ပြုံးပြရင်း ဆက်လျှောက် လာလိုက်တာ ဟိတ်… ဆိုတဲ့ အသံကြားလို့ လှည့်ကြည်လိုက်တော့ ကျွန်တော့် သူငယ်ချင်းတွေ ဖြစ်တဲ့ မြတ်မွန်၊ blackroze တို့ ထိုင်ဝမ် မမတို့ ကို အင်ကြင်းသန့် ၊သဒ္ဒါလှိုင်း တို့ နဲ့ အတူတွေ့ လို့ ဟေးးးး သူငယ်ချင်းတို့ ဘယ်အချိန်က ဘယ်လို ရောက်နေတာလဲ လူတွေ အရမ်းရှုပ်နေလို့ မမြင်လိုက်မိဘူး ဘာညာ ပြောရင်း သူတို့ ဝိုင်းကို သွားနှုတ်ဆက် လိုက်တော့ အောင်မယ် မမြင်ချင်ယောင် ဆောင်ချင် ဆောင်နေတယ်ပေါ့ ဆိုတဲ့ ရန်တွေ့ သံတွေကို မနည်း လွတ်အောင် ရှောင်လိုက်ရတယ်။
မွန် သူငယ်ချင်း အားမနာနဲ့ နော် ထိုင်ဝမ်က အဝေးကြီးကနေ လာရတာ အဝသာစား သိလား လိုအပ်တာ ရှိရင်လဲ ပြောနော် အားမနာနဲ့ ။ ဒါနဲ့  ရောက်တုန်း ရောက်ခိုက် အင်ကြင်းနဲ့ လိုက်ပြီး ပြည်မှာ လျှောက်လည်လိုက်ဦးပေါ့။ သူငယ်ချင်းတွေ တွေ့ တုန်းတွေ့ ခိုက် အေးဆေးပေါ့။ ဘလက် သူငယ်ချင်း စားနော် ဒံပေါက်ရော ကြေးအိုးရောရှိတယ်။ ကြေးအိုးက သူငယ်ချင်း ပြောတဲ့ YKKO ကပဲ အော်ဒါ မှာထားတာ ဒံပေါက်စားမယ် ဆိုရင်လဲ ဒိန်ချဉ်ရော သံပုရာရည်ရော စီစဉ်ထားတယ် အားမနာနဲ့ သိလား။ အင်ကြင်းလဲ ဘာမှစိတ်မပူနဲ့ အပြန်စက်လှေ စင်းလုံး ငှားပေး လိုက်မယ် ဘာညာနဲ့ လေကန်နေတုန်း ဖြူတစ်ယောက် ခန်းမထဲ လျှောက်ဝင်လာတာ တွေ့ လို့ ခရီးဦးကြို ပြုရင်း ခုံတစ်လုံး ဆွဲပြီး သူတို့ ဝိုင်းမှာပဲ နေရာ စီစဉ်ပေးလိုက်သည်။ သူငယ်ချင်း နေကောင်းသွားပြီလား မွေးနေ့ ပွဲပြီး နောက်ပိုင်း မတွေ့ ရတော့ဘူးနော် လိုအပ်တာ ရှိတာပြော သိလား နဲ့ စကားကောင်းနေတုန်း ကိုမိုးယံ တို့ အဖွဲ့ တွေ လာတယ်ဟေ့ ဆိုတဲ့ ပေါ့ဆိမ့်ရဲ့ အသံကွဲ၊ အသံပြဲကြီးကို ကြားလိုက်ရတဲ့ အတွက် ကျွန်တော်လဲ အပြေးအလွှားလေး ထွက်ကြိုလိုက်ရသည်။
ဧည့်သည်တွေကလဲ ဝင်လာမစဲ တသဲသဲ ဆိုသလို ဘဲဗျို့ ကျွန်တော့်မှာ ဧည့်ဝတ်မကျေရင် ဆင်တဲကဖေး အပြောခံထိမှာ စိုးလို့ အပြေးအလွှား လိုက်ဧည့်ခံနေရတာ ကိုရီးယား ကေလေးတောင် နဲနဲ ရွဲ့ စောင်း နေပြီ။ မချစ်ကြည်အေး၊ မဗေဒါ(၈၈)၊ ခိုင်နုငယ်၊ ယွန်း၊ မလင်းပြာ၊ နေဝသန်၊ ဇူး၊ မစိုးရိမ် တို့ ကို တွေ့ လို့ သွားနှုတ်ဆက်ရ သေးသည်။ အစ်မ ဗေဒါ(၈၈) နော်ဝေး ကနေတောင် လာခဲ့ရတာ ဆိုတော့ ခရီးပန်းနေမှာပေါ့နော် ဖြည်းဖြည်းနဲ့ အေးအေး ဆေးဆေးသာ စားနော် ဘာမှ အားနာစရာ မလိုဘူးနော် ဘာညာ အလာသ ပလာသ စကားတွေ ပြောဆို နှုတ်ဆက်ပြီး ထွက်လာ ခဲ့လိုက်သည်။ အဲဒီ ဝိုင်းမှာ ကြာကြာ ထိုင်နေလို့ အမျိုးသမီး ထုနဲ့ ပတ်သတ်လို့ စကားမှား သွားရင် မဗေဒါရဲ့ ဒေါသနဲ့ တွေ့ သွားမှာလဲ စိုးရသေးသည်။
ဆက်လျှောက်လာရင်း ခွန်သဒ္ဒါ၊ မေပယ်၊ ပန်းနုနှင်းဆီ၊ နှင်းဆီဖြူ၊ နန်းလေပြေနု တို့ ဝိုင်းမှာ လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးပြီး ကျွန်တော်လဲ ဆက်ထွက်လာခဲ့ လိုက်သည်။ အံမယ် ဒီဘက်မှာက ကျွန်တော်တို့ မမကြီး တွေဖြစ်တဲ့ မချော၊ မရွှေစင်ဦး တို့ ကို ကျွန်တော်တို့ ဆင်တဲကဖေးရဲ့ ဖောက်သည် အသစ်လေးတွေ ဖြစ်တဲ့ နိုးအိမ်ရှင်၊ မြလေးသျှင်၊ phoe aung၊jpz၊ ရည်ရွယ်သူ၊ ထက်သူရ၊ သိန်းမင်း တို့ နဲ့ စကားစမြည် ပြောဆို ဧည့်ခံနေတာကို တွေ့ ရသဖြင့် လိုအပ်တာလေးတွေ ဝင်ကူညီ လုပ်ကိုင်ပေး ခဲ့ရသေးသည်။
ကျွန်တော်လဲ ဟိုဟိုဒီဒီ လိုက်လံ ဧည့်ခံရင်း ဟာ… တောသားလေး နောက်တောင်ကျ နေပြီ လာ… လာ ဒီဘက်ကို ဘူဖေး စီစဉ်ထားတာနော် ကြိုက်တာ ယူစားလို့ ရတယ် ဘာမှ အားနာစရာ မလိုဘူးနော်နဲ့ လောကွတ်လုပ်ရင်း သုခုမနန်းတော်၊ ခုနစ်စင်ကြယ်အဖွဲ့၊ ကိုကြီးကျောက် တို့ ကို အချိုပွဲတွေ တင်ထားတဲ့ စားပွဲကြီးနားမှာ တွေ့ လို့ သြော်… ရောင်းရင်းကြီးတို့ စားလို့ သောက်လို့ ကောင်းကြရဲ့ လား လိုအပ်တာ ပြောနော်။ ကျွန်တော် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ် လို့ နှုတ်ဆက် စကားဆို လိုက်သည်။ အဲဒီ အချိန်မှာပဲ အချိန်တော်တော်ကြာ ပျောက်နေတဲ့ ကျွန်တော်တို့ ရဲ့ မိတ်ဆွေကြီး ဘရာဗိုကို ပြုံးပြုံး ပြုံးပြုံနဲ့  တွေ့ လို့  ဝမ်းသာအားရ နှုတ်ဆက် စကားတွေ ဖောင်ဖွဲ့ ပြီး အားလုံး လိုလေသေး မရှိရလေအောင် စီစဉ်ပေးနေဆဲ မှာပဲ ပေါ့ဆိမ့်ရဲ့ အသံကွဲ အသံပြဲကြီးကို ထပ်ကြားလိုက်ရ ပြန်သည်။ မိတ်ဆွေတို့ .. အားမနာတမ်း စားကြသောက်ကြပါ စားလို့ သောက်လို့ ပြီးရင်လဲ မပြန်ကြပါနဲ့ ဦး ကျွန်တော်တို့ မှာ အစီအစဉ် လေးတွေ ရှိပါသေးတယ်။
ကျွန်တော် မျက်စိရှမ်းပြီး ကျော်ကျော် သွားတဲ့ သူငယ်ချင်း မိတ်ဆွေ တွေ၊ လူတွေ တအား ရှုပ်နေတော့ တစ်ဦးချင်းလိုက် နှုတ်မဆက် နိုင်ဘူးလေ မိတ်ဆွေ တွေကလဲ အရမ်းများ တာဆိုတော့ တာဝန်မကျေ တာတွေ ဘာတွေ ဖြစ်ခဲ့ရင်လဲ ဆင်တဲကဖေး မိသားစုက တောင်းပန်ပါတယ်။ နာမည်ခေါ်ပြီး လိုက်ဧည့်မခံ ဖြစ်ခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုလဲ တောင်းပန်ပါတယ်။
တနေ့ တနေ့ အလုပ်တွေ ထဲမှာပဲ အချိန်ကုန်နေတဲ့ သူငယ်ချင်းတို့ အတွက် စိတ်အပန်း ပြေစေမယ့် အစီအစဉ်လေးတွေ စီစဉ်ထားပါတယ်။ အောက်မှာ ဆက်လက် ရှုစားကြပါ ဆိုပြီး မိုက်ခရိုဖုန်းကို ကိုင်ပြီး သာယာနာပျော်ဖွယ် မကောင်းတဲ့ အသံကြီးနဲ့ အော်ဟစ် ကြေညာ နေပါတော့သည်။ သူလဲ တော်တော်ပျော်နေပုံပဲ အင်းလေ ပျော်မှာပေါ့ မွေးနေ့ ပွဲမှာ အကြီးအကျယ် ပေါချင်းသောချင်း ဘယ်လောက် ကျွေးကျွေး ပိုက်ဆံ တပြားမှမှ မကုန်တဲ့ဟာ ဒီတော့ သူပျော်မှာပေါ့လေ ဟဲ… ဟဲ….။ ကဲ အောက်မှာ ဆက်လက် ရှုစားကြပါနော်။
မြန်မာ့ အငြိမ့်ကို နှစ်သက်တဲ့ သူများ အတွက် အငြိမ့်အဖွဲ့ တစ်ခုကို စီစဉ်ထားပါ …
မမ ဘလော့ကာ တွေ ကြည့်ချင် နားထောင်ချင်မယ် ထင်လို့ ခန့်ခန့်ချောချောလေး တွေဖြစ်တဲ့ west life အဖွဲ့ကို သွားရောက် ဌားထားတာ သူတို့ တွေ ဖြေဖျော်ဖို့ အဆင်သင့် ဖြစ်နေပါပြီ…
ကိုကိုမောင်မောင် ဘလောကာတွေ နှင့် အကြိုက်ချင်းတူမယ် ထင်လို့ ဒီ အဖွဲ့ လေးကို ပါ ခေါ်ထားတယ်။ သူတို့တွက်လည်း လက်ခုပ်သံ ချပ်.. ချပ် ..
အားလုံး သုံးဆောင်ပြီး အပန်ဖြေလို့ အဆင်ပြေမယ် ထင်ပါတယ်။ အိမ်ကို ပြန်ကြတော့မယ် ဆိုရင် အိမ်ပြန်လောက်ဆောင် အဖြစ် ကျွန်တော်တို့ ဆင်တဲကဖေး မိသားစုက ပေးလိုက်ချင်တာလေးတွေက ကျွန်တော်တို့ တစ်နှစ်စာ လုပ်ထားတဲ့ ကဗျာလေး တွေ၊ ၀တ္တုလေးတွေကို စာအုပ်ကလေး ချုပ်ထားပါတယ်
အောက်မှာ ဒေါင်းယူ၍ လက်ဆောင် အဖြစ် အိမ်ပြန်လက်ဆောင် အဖြစ်ယူသွားနိုင်ကြ ပါတယ် ..
ဆင်တဲကဖေး ၀တ္တုတိုများစုစည်းမှု စာအုပ် Download
ဆင်တဲကဖေး ကဗျာပန်းခင်းစာအုပ် Download
ကြွရောက် အားပေးသွားကြသော မိတ်ဆွေအပေါင်းကို ဆင်တဲကဖေး မိသားစု မှ အထူးပဲ ကျေးဇူးတင် ရှိပါတယ်။ ဆင်တဲကဖေး မိသားစုမှ လိုအပ်တာများ အားနည်း ချက်များရှိခဲ့ရင် ခွင့်လွတ် ကြပါ။ နာမည် ကျန်ရစ်ခဲ့သော မိတ်ဆွေ သူငယ်ချင်းများ ရှိနိုင်ပါတယ်။ အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ…
ကျွန်တော်တို့ ဆင်တဲကဖေး ဟာ ဒီနေ့ဆို ၁ နှစ် သက်တမ်း ရှိလာခဲ့ပါပြီ။ ဒီနှစ်တွေအတွင်းမှာ ရင်းနှီးခဲ့ကြသော blog ညီအစ်ကို မောင်နှမများ၊ follow သူငယ်ချင်းများ၊ Register လုပ်ထားကြသော Subscriber သူငယ်ချင်းများ၊ Post နှင့် cbox ထဲမှာ comment များရေးသွားကြတဲ့ သူငယ်ချင်းများ၊ ကျော်ခွပြီး လာရောက်လည်ပတ် ကြသော သူငယ်ချင်းများ၊ တိတ်တိတ်ကလေး လာရောက်သုံးဆောင် သွားကြတဲ့ သူငယ်ချင်းများ၊ မရောက်ဖြစ်သေးတဲ့ သူငယ်ချင်းများ အားလုံး အားလုံး ကို အထူးကျေးဇူးတင် ကြောင်းပြောချင်ပါတယ်။
ဒီပို့စ်လေး ဆင်တဲကဖေး မိသားစု အားလုံး ၀ိုင်းဝန်းပုံဖော် ရေသားပါသည် …
ပြည်မြို့ တွင် အပြင်းစားကြက်လည်လိမ်ရောဂါကြောင့် ရောင်းချခွင့်ယာယီပိတ်ထား
ပြည်မြို့ နယ်မှာ အပြင်းစားကြက်လည်လိမ်ရောဂါဖြစ်ပွားမှုကြောင့် မျြိ့ က ဈေးတွေမှာ ကြက်၊ဘဲ ရောင်းချခွင့်ကို ယာယီပိတ်ထားကြောင်း ပဲခူးတိုင်း(အနောက်ပိုင်း) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီး ဦးသန်းဝင်းက ပြောကြားခဲ့ပါတယ်။ပြည်မြို့ ဝက်ထီးကန်တိုက်နယ်ရှိ မွေးမြူရေးခြံတစ်ခြံတွင် ကြက်သေဆုံးမှုရှိခဲ့သောကြောင့် သွားရောက်စစ်ဆေးခဲ့ရာ ကြက်လည်လိမ်ရောဂါ ဖြစ်ပွားကြောင်း တွေ့ ရှိရသောကြောင့် ကြက်ကောင်ရေ ၁၅၅ ကောင်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပြည်-တောင်ကုတ်ကားလမ်းအဆင့်မြှင့်
ရခိုင်ပြည်နယ်နှင့် ရိုးမအရှေ့ဒေသသို့  ဆက်သွယ်ပေးနေသည့် ပြည်-တောင်ကုတ်ကားလမ်းကို နေလသစ္စာဆောက်လုပ်ရေးအဖွဲ့ မှ (BOT) စနစ်ဖြင့် အဆင့်မြှင့်ခြင်းလုပ်ငန်းများကို မတ် ၁၁ ရက်တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ပြည်-တောင်ကုတ်ကားလမ်းမှာ (၁၀၁) မိုင် လေးဖာလုံ ရှည်လျားပြီး ကုန်တင်ကားကြီးများ လူစီးကားများ ရာသီမရွေး သွားလာနိုင်ရန်အတွက် အဆင်မြင့်ကတ္တရာများ ခင်းကျင်းသွားမည်ဖြစ်ကာ စတင်ဆောင်ရွက်သည့်နေ့ မှ သုံးနှစ်အတွင်းအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။တောင်ကုတ်တောင်ကြားလမ်းမှာ ရခိုင်ပြည်မှ ရိုးမအရှေ့သို့  သွားရောက်သည့် ခရီးသည်များ သွားလာဆက်သွယ်ရေးနှင့် ကုန်စည်သယ်ယူရေးအတွက် အဓိကအရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း သိရသည်။ဆင်တဲ-ပန်းတောင်း-တောင်ကုတ်လမ်းကိုလဲ ပြုပြင်၍ ကတ္တရာအသစ်များခင်းနေကြောင်းသိရသည်။




