ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443524
  • Visitors today:40
  • Visitors yesterday:92
  • Visitors last week:644
  • Visitors currently online:0
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘ဝတ္တုတို’

ရာဇဝင်ထဲက ငကြွား

လူတစ်ယောက် ရဲ့ ဘဝကို ကြက်ဥ တစ်လုံးနဲ့ ကျွန်တော် နှိုင်းယှဉ် ကြည့်နေမိပါတယ်။ လူတစ်ယောက်ရဲ့ ရိုးသားဖြူစင်မှု့ နဲ့ နှိမ့်ချ မှန်ကန်မှု့ဟာ ကြက်ဥတစ်လုံးရဲ့ အတွင်းထဲက အနှစ်လို့ဆိုလာရင် အဲဒီလူမှာ ရှိနေသေးတဲ့ ဟန်ဆောင်ဖုန်းကွယ်မှု့နဲ့ လိမ်လည်ကြွားဝါမှု့ ဆိုတဲ့ အရာကိုတော့ ကြက်ဥ တစ်လုံးရဲ့ အကာအစိတ်ပိုင်း ဖြစ်မှတ်ယူနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကြက်ဥတစ်လုံးမှာတောင် အနှစ် နဲ့ အကာ နှစ်မျိုးရှိနေသေးတာ လူတစ်ဦး တစ်ယောက်မှာလည်း ဒီလိုရှိနေတတ်တာ ထူးဆန်းတဲ့ သဘာဝလို့တော့ မှတ်ယူလို့ မရနိုင်ပါဘူး။

စက်သံ၊ လူသံ၊ ဆူညံသံ အမျိုးမျိုး နှင့်ဆူညံနေသော စက်ရုံအတွင်းမှ လမ်းလျှောက်လာသော မောင်ပုံမှန် တစ်ယောက် စက်ရုံ ဘေးတံခါးပေါက်မှ ထွက်လာရင်း စက်ရုံဘေး ခပ်လှမ်းလှမ်းတွင် ခုံလေးများ စီစီရီရီ ရိုက်ထားရာနေရာသို့ လှမ်းလျှောက်လာခဲ့လေ၏။ ခုံလေးများ၏ နံဘေးတွင်လည်း အလှစိုက် ပန်းပင်လေးများဖြင့် သာယာအောင် ဖန်တီးထားလေ၏။ နီးစပ်ရာ ခုံတစ်လုံးတွင် အသာဝင်ထိုင်လိုက်ရင်း အိပ်ကပ်ထဲမှ မြန်မာပြည်ဖြစ် ကြယ်နီဆေးပေါ့လိပ် တစ်လိပ်ကို ထုတ်မီးညှိလိုက်ပြီး အသာအယာပင် ရှိုက်ဖွာလိုက်လေ၏။

အလုပ်ချိန်တွင်း ကျန်စက်ရုံ ဝန်ထမ်းများ အလုပ်လုပ်နေကြသည့် အချိန်တွင် မောင်ပုံမှန် တစ်ယောက် အလုပ်ရှင် သူထေး အဖိုးကြီးကို ကိုယ့်ယောက္ခမကြီးလို သဘောထား၍ အပန်းဖြေနေလေ၏။ (သူထေး အဖိုးကြီး၏ သမီးလေးမှာ လွန်စွာချောမောပေ၏။) တစ်ဝက်ကျော်ကျော် သောက်၍ကောင်းလာသော ဆေးပေါ့လိပ်လေးကို စိမ်ပြေနပြေ ဖွာရှိုက်နေရင်းမှ မောင်ပုံမှန်၏ စိတ်များသည်လည်း မီးခိုးငွေ့များနှင့် အပြိုင်မြောလွင့် နေပေတော့သည်။

ထိုအချိန်တွင် မောင်ပုံမှန်လိုပင် စက်ရုံဘေးပေါက်မှ ထွက်လာပြီး မယောင်မလည်ဖြင့် လာနေသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ စီအိုအို ဟူသော ဘာကြီးမှန်း မသိသော ရာထူးကို ယူထားသည့် ထိုပဂ္ဂိုလ်ကြီးသည်လည်း မောင်ပုံမှန် လိုပင် တန်းရှင်းများ၍ ဟူသော အကြောင်းပြချက်ဖြင့် ညဖက် အချိန်များတွင် ဒီနေရာလေးသို့ လာထိုင်တတ်သော အကျင့်ရှိပေ၏။

ထိုပုဂ္ဂိုလ်ကြီး၏ အဓိကအလုပ်သည် ကုမ္ပဏီတွင် ဘာအလုပ်ဟု မောင်ပုံမှန်တစ်ယောက် သေချာမသိသော်လည်း ကုမ္ပဏီတစ်ခုလုံးတွင် သူထေး နှင့် စီအီးအို မှလွဲ၍ ဂျီအမ် မှစပြီး သန့်ရှင်းရေးအလုပ် သမားထိအောင် သူစိတ်မထင်လျှင် မထင်သလို ခွက်ခွက်လန်အောင် ဟောက်ပိုင်ခွင့် အပြည့် အဝရထားသော ဖူးဟောက်ပါဝါ ပိုင်ရှင် စူပါမန်းကြီး ဖြစ်လေ၏။

ထိုပုဂ္ဂိုလ်ကြီးသည် မောင်ပုံမှန်တို့ ကုမ္ပဏီသို့ မောင်ပုံမှန်တို့ နောက် အတော်ကြာမှ ရောက်လာသော ရွှေကြာပင်ကြီးဖြစ်လေ၏။ ထိုပုဂ္ဂိုလ်ကြီး မရောက်ခင်က ခေတ်စကားနှင့် ပြောရလျှင် အကပ်မရှိသော မောင်ပုံမှန်တို့ မည်သို့မည်ပုံ ကြိုးစား၍ အလုပ်လုပ်စေကာမူ မိန်းကလေးများမှ စကားပြောချင်သော နှာဘူး ဂျီအမ်နှင့် သူတို့ နိုင်ငံသားများကိုသာ သိသိသာသာ မျက်နှာလိုက်တတ်သော မန်နေဂျာ များကြောင့် အလုပ်လုပ်သာနေရသော်လည်း ဘယ်နေရာဖြစ်ဖြစ် တိုးတက်ရန် အခွင့်လမ်း မရှိသလောက်အောင် နည်းပါးလှပါသည်။ မကြာခဏဆိုသလို မန်နေဂျာများနှင့် ပြဿနာ တက်တတ်သောကြောင့် မောင်ပုံမှန်မှာ ကုမ္ပဏီ၏ နာမည်ကျော် ငပွကြီး စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လေ့ ရှိသူ တစ်ယောက်ဖြစ်၏။

ထိုငပွကြီး မောင်ပုံမှန်တွင် မောင်ပုံမှန် နှင့် စိတ်တူ ကိုယ်တူ ပေါင်း၍ ရသော လူမျိုးခြား ဘော်ဒါ တစ်ယောက်ရှိလေ၏။ မောင်ပုံမှန် နှင့် သက်တူရွယ်တူ ခန့် ထိုသူငယ်ချင်းမှာ အလုပ်ဝင်သည့် နှစ်ကလည်း တူနေ၏။ ထို့ပြင် စက်ရှင်ချင်းကပ်လျှက်ရှိသော ထိုသူငယ်ကို မောင်ပုံမှန် အထူးခင်မင်နေရသော အချက်မှာ ထိုသူငယ်၏ သိုးဆောင်းဘာသာ စကားကျွမ်းကျင်မှု့ ကြောင့်ပင်ဖြစ်လေ၏။ သက်တူရွယ်တူခြင်းပင် ဖြစ်သော်လည်း သိုးဆောင်း ဘာသာစကား အရေး၊ အဖတ်၊ အပြော အစစ အရာရာတွင် အတော်ပင် သာလွန်လှပေ၏။

မောင်ပုံမှန်တို့ စက်ရုံအလုပ်သမား အများစုမှာ နိုင်ငံသုံးဘာသာစကားကိုပင် အားပြု၍ ပြောကြလေ၏။ မောင်ပုံမှန်တို့ မြန်မာအများစုမှာလည်း ဒီနိုင်ငံ စကားကိုပင် ကျွမ်းကျင်အောင်လေ့လာ၍ ပြောကြလေ၏။ သိုးဆောင်းဘာသာဖြင့် ပြောသူမှာ လွန်စွာပင် ရှားပါးလေ၏။ ထိုလူများထဲတွင်မှ သူများထက်ထူးသော မောင်ပုံမှန်နှင့် ထိုငတိ နှစ်ယောက်သားကတော့ အလုပ်ကလေး ပါးသည်နှင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒွတ်ဒက် ရွှတ်ရှက်တွေနှင့် ဘူးယိုများ လုပ်နေကြလေ၏။

မြန်မာအများစုကတော့ မောင်ပုံမှန်ကို
“မင်းကွာ ထော့ကျိုး ထော့ကျိုး နဲ့ ဟုတ်တာလည်း မဟုတ်ပဲနဲ့ ပြောမနေပါနဲ့ကွာတဲ့”
မောင်ပုံမှန်ကလည်း ဒါမျိုးကတော့ ဘယ်ခံလိမ့်မလည်း
“လေဖြတ်နေတဲ့ ကောင်တွေနဲ့စာရင် ထော့ကျိုးကောင်က လမ်းသွားလို့ ရပါသေးတယ်ကွာ”
ဆိုပြီး ပြန်ပက်ပေးလိုက်ပါတယ်။ ပြောသာပြောရတယ် မောင်ပုံမှန် ဆိုတာကလည်း သူများသားသမီး ပါရမီရှင်တွေလို မွေးရာပါ ဉာဏ်ရည်ထက်မြက်သူ တစ်ယောက်မဟုတ်တော့ ဘာပဲသင်သင် ဘာပဲလုပ်လုပ် လိပ်ကလေးလိုပဲ တုန်တုန် တုန်တုန်နဲ့ တစ်ရွေ့ရွေ့ လုပ်နေရတဲ့ သူဆိုတော့ ကိုယ်မကျွမ်းကျင် တဲ့ ဘာသာစကားနဲ့ ပြောရတဲ့ အခါကျတော့ အလွန်ပဲ ခက်ပါတယ်။

တစ်ခါတစ်လေ ကျွမ်းကျင်တဲ့ သူတွေ သုံးမိနစ်လောက်ပဲ ပြောရမဲ့ စကားတစ်လုံးကို တစ်ဖက်လူ နားလည်လာအောင် သုံးနာရီလောက် ရှင်းပြပေးရပါတယ်။ ပါးစပ်နဲ့ ပြောလို့မှ အခြေအနေမကောင်းရင် လက်တွေခြေတွေထုတ်ပြီး အင်တာနေရှင်နယ် အကွက်တွေ ထုတ်သုံးရပါတော့တယ်။ ဒါပေမဲ့ မောင်ပုံမှန်လေ သိတယ်မလား ဇွဲကတော့ အလွန်ကောင်း ရှင်းပြခံရတဲ့သူ မျက်ရည်နဲ့မျက်ခွက် ဖြစ်သွားတဲ့အထိတောင် စိတ်လျှော့သေးဘူး ဆိုတဲ့သူ။

ဟုတ်ပြီ ဒီတော့ကာ မောင်ပုံမှန်တို့ နှစ်ယောက် တစ်နေ့တစ်နေ့ ဘာတွေ ရေးကြီးခွင်ကျယ် ပြောကြလည်းဆိုရင် လုပ်ငန်းအကြောင်းတော့ တစ်ခုမှ မပါပါဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ မြင်သာအောင် ပြောရရင်တော့ တစ်ယောက်နဲ့တစ်ယောက် လက်ကုန် အကြွားပြိုင်ကြခြင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် သူကြွားရင် ကိုယ်မြှောက်ပေး ကိုယ်ကြွားရင် သူမြှောက်ပေးနဲ့ တစ်ယောက်တလှည့် အကြွားပြိုင်ခြင်းနဲ့ တစ်ယောက်တစ်လှည့် ပြန်မြှောက်ပေးခြင်း အလုပ်ကို ဘုတ်ကျီးရိုသေ ကျီးဘုတ်ရိုသေ အကွက်ကို သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်အလုပ်ကို နှစ်ယောက်သား အရှက်မရှိ တက်ညီလက်ညီ လုပ်လေ့ရှိပါတယ်။

ငါးပိရည် နဲ့ တို့စရာကို ကမ္ဘာ့ဂုဏ် သရေရှိ အစားသောက် စားရင်းထဲ ထာဝရထည့်ပြီး အမြဲမပြတ် သုံးဆောင်တတ်တဲ့ မောင်ပုံမှန်နဲ့၊ နံပြားနဲ့ပဲဟင်းကို တစ်နေ့နေလို့မှ တစ်နပ်မစားလိုက်ရရင် လူစာရင်း မဝင်တော့ဘူးလို့ ခံယူထားတဲ့ အဆိုပါ ငတိတို့ ရဲ့ ဘိုသံတွေကို နားထောင်ကြည့်လိုက်ရင်တော့ ထော်လာဂျီ အစုတ်နှစ်စီး ရွာအဝင် လမ်းကြမ်းမှာ ဖွတ်ချက်ဖွတ်ချက်နဲ့ အပြိုင်မောင်း လာတဲ့ အသံမျိုးကို ခံစား နားဆင်ရနိုင်ပါတယ်။ မောင်ပုံမှန် တို့ပြောနေကြတာကို တစ်ချက်လောက် နားထောင်ကြည့်လိုက်ပါ…..

မောင်ပုံမှန်။ ။ ဟိုင်း… ဂွတ်တမောနင်း မိုင်ဖရင့်… ဟောင်းအာယူ…
ငတိ။ ။ အိုး… ရက်စ် မောနင်း မိုင်ဖရင့်.. အိုင်အမ်ဖိုင်း (ဒါက ရိုးရိုး နှုတ်ဆက်တာပါ…)

(လာပြီအိုဗာ အကြွားတွေ)
မောင်ပုံမှန်။ ။ အိုင်ဆေး… ယူ့ ရဲ့ ဟဲစတိုင်က ဒီနေ့ ဗဲရီး နိုက်ဖြစ်နေတယ်… ယူဘာ ဂျယ်တွေသုံးလဲ အိုင်လည်းကြိုက်လို့…
ငတိ။ ။ ဗရွတ်ကလင်းလေ.. သိတယ်မလား ဗဲရီး အိတ်စပမ်းစစ် ဝမ်းပေါ့ (အမှန်ကတော့ သူလိမ်းလာတာ မုန်ညှင်းဆီတွေပါ) မင်းသုံးတဲ့ ဖောလိုးမီ ဂျယ်လည်းကောင်းတာပဲ မင်းဟဲစတိုင်လည်းမိုက်တာပဲ(အမှန်က သူအိမ်ကို လာရင်တွေ့တဲ့ ဖောလိုးမီ ဘူးခွံထဲမှာက အုန်းဆီ စစ်စစ်တွေ ထည့်ထားတာ သူမသိပါဘူး)။

မောင်ပုံမှန်။ ။ ယူ့ကိုကြည့်ရတာ အိပ်ရေးသိပ်မဝသလိုပဲ ညက အလန်းလေးတွေနဲ့ ချက်တင်ထိုင်တာ များပြီးအိပ်ရာဝင်တာ နောက်ကျသွားလို့နဲ့ တူတယ်။
ငတိ။ ။ ရက်စ် မိုင်ဖရင့် ဒါလည်းပါတာပေါ့… ပြီးတော့.. (လာဘီ..ကြွားဘီ) အိုင့် ဒက်ဒီ ကဖုန်းဆက်တယ် အိမ်ပြန်လာခဲ့ဖို့.. အိုင်က အိုင်တီနဲ့ ယူနီဗာစီတီ ပြီး ပြီးသားလေ ဒါပေမဲ့ ဒက်ဒီက အော်စီကို သွားပြီး ကျောင်းဆက်တက် ခိုင်းနေတယ် အင်တာနေရှင်နယ် ယူနီဗာစီတီ တစ်ခုခုမှာ ဘွဲ့တစ်ခုထပ်ယူ စေချင်သေးတယ်။ ကျောင်းပြီးသွားရင် ကုမ္ပဏီထောင်ပေးမယ်တဲ့ (ချာပါတီ ကုမ္ပဏီ) နောက်ပြီးတော့ နာမည်ကြီး လေကြောင်းကုမ္ပဏီ တစ်ခုမှာ ရှယ်ယာတွေ အများကြီး ဝင်ထားတဲ့ သူ့သူငယ်ချင်းရဲ့ သမီးနဲ့လည်း နေရာချထား ပေးချင်နေတယ်တဲ့လေ… ဟူး…။

မောင်ပုံမှန်။ ။ အိုး.. ဂေါ့….ဂရိတ်.. ရှိတ်ကင်းမိုင်ဖရန့် ရှိတ်ကင်း ကွန်ဂရက်ကျူလေးရှင်း…။
ငတိ။ ။ သင့်ခယူ.. မိုင်ဖရင့်.. ဒါပေမဲ့ ငါစဉ်းစားပါ အုံးမယ်.. ဒီလိုလုပ်လိုက်ရင်လည်း ငါ့ရဲ့ ဆယ့်သုံးယောက်မြောက် ဂဲဖရန့်က သူ့ကို သူ ဆူဆိုဒ်လုပ် မယ်လို့ ပြောနေတယ်.. ဂဲဖရန့်တွေ အများကြီးရှိတာလည်း မကောင်းပါဘူး။ ဒါနဲ့ မင်းရော ကျောင်းဆက် မတက်တော့ဘူးလား အိမ်ထောင်ရေး ကရော။

မောင်ပုံမှန်။ ။ ရှိတာပေါ့ မိုင်ဖရင့် အိုင့် မှာလည်း အစီစဉ်တွေ အများကြီး ရှိတာပေါ့။ ဟိုတစ်လောကပဲ ဒက်ဒီနဲ့ မာမီ က ဖုန်းဆက်တယ် “မိုင်ဆန်း မင်းလေမနေနဲ့တော့တဲ့ အမေရိကား မှာပဲဖြစ်ဖြစ် အင်ဂလန် မှာပဲဖြစ်ဖြစ် တက္ကသိုလ် တစ်ခုခု ဆက်တက်ရမယ်တဲ့။ မြန်မာပြည်မှာ ရထားတဲ့ ဘွဲ့လေးတစ်ခုနဲ့ ကျေနပ်မနေနဲ့တဲ့။ ဒါလည်း ဟုတ်တာပဲလေ ကိုယ်တို့ အမျိုးတွေ အားလုံးက တကယ့် ဂရိတ်တွေကိုး.. အဖိုးက အမျိုးသားကျောင်းမှာ ကျောင်းအုပ်ကြီး(ရေညှိတွေကိုတက်လို့) အဖွားက စိမ်ရောင်းတယ်(ဒညင်းသီး၊ တမာချဉ်)၊ ဦးလေးက ဗိုလ်မှုး(အရံမီးသတ်) ကျန်တဲ့ ညီ အကိုတွေ အားလုံးကလည်း အဆင့်မြင့် လုပ်ငန်းတွေလုပ်ကြတာ (တိုက်နံရံ ဆေးသုတ်ခြင်း၊ အုန်းပင်၊ ထန်းပင်တက်ခြင်း) ဆိုတော့ကာ အိုင်လည်း အမျိုးဂုဏ်မြှင့်တဲ့ အနေနဲ့ တစ်ခုခုတော့လုပ်ရမယ် လောလောဆယ်တော့ ငါးဖမ်း သင်္ဘောတစ်စီး ဝယ်ထားလိုက်မယ်။ (လူနှစ်ယောက်စီး ကွန်ပြစ်၍ ရသော တံငါလှေ)။

ဂလို မျိုးလေးတွေ ပေါ့နော်… ဒါလေးတွေက အကင်းလေးတွေ ရှိပါသေးတယ်။ နမူနာ လောက်ကလေးပါ။ ဒီလိုနဲ့ပေါ့ မောင်ပုံမှန်တို့လည်း ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာပေါ့။

တစ်နေ့မှာတော့ စီအိုအို ဟု အမည်ရသည့် ရာထူးနှင့် လူကြီး ကုမ္ပဏီကို ရောက်လာချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ အမေရိကားမှာ စီးပွားရေးပညာရပ်နဲ့ မာစတာယူ လာတယ် ဆိုတဲ့ ထိုပုဂ္ဂိုလ်ကြီးသည် လွန်စွာ ကိန်းကြီးခန်းကြီး နိုင်လှပါတယ်။ သူ့လူမျိုးတွေနဲ့ အချင်းချင်း စကားပြောရာတွင်တောင် သိုးဆောင်းဘာသာ စကားနဲ့ ပြောလေ့ရှိပြီး ကျန်တဲ့ လူမျိုးများနဲ့ ပြောဆိုရာတွင်လည်း အတတ်နိုင်ဆုံး သိုးဆောင်းဘာသာ စကားနဲ့ ပြောလေ့ရှိရာ သိုးဆောင်းဘာသာ စကားမပြောတတ်တဲ့ လူမျိုးများနဲ့တွေ့မှ ဒီနိုင်ငံသုံးဘာသာ စကားကို ကြိတ်မှိတ် ညှစ်ထုတ်ပြီး ပြောလေ့ရှိပါတယ်။

ဒီလူကြီး ဒီနိုင်ငံသုံးဘာသာ စကားနဲ့စကားပြောနေတာကို ကြည့်ရတာ ဗွက်အိုင်ထဲက တီကောင်ကို ကောက် တံတွေးနဲ့ထွေးပြီး သူ့ပါးစပ်ထဲ ထည့်ပေးတာကို ခံနေရသလိုကို ဖြစ်နေပါတယ်။ ရောက်ကာစကတော့ သူ နဲ့ မောင်ပုံမှန်တို့က အနေထားခြင်း အများကြီးကွာနေတော့ ပတ်သက်စရာ မလိုဘူးပေါ့။ နောက်တော့လည်း ပရိုဒတ်ရှင်းပိုင်းထဲကို သူလာလို့ သိချင်တာတစ်ခုခု ရှိလာလို့ ခေါ်မေးရရင် အရာရာသိနေတဲ့ ကိုဖိုးသိ(သူထေး သမက်လောင်းလေး) မောင်ပုံမှန်ကိုပဲ ခေါ်မေးရပါတော့တယ်။

သူက မောင်ပုံမှန်ကို သိုးဆောင်းဘာသာစကား ပြောတတ်သလားလို့ မေးပါတယ်။ မောင်ပုံမှန်ကလည်း သိတယ်မလား သစ်စ အစ်စ အေဘွတ်ခ(ထိုအရာသည် စာအုပ် တစ်အုပ်ဖြစ်ပါသည်)၊ ဗဲရီးဂိုး သစ်ကား (ဒီကား အတော်ကောင်းတယ်)၊ ဂွတ်ချစ်ကင်း(ကောင်းလိုက်တဲ့ ကြက်သား) စတဲ့ စပီကင်တွေနဲ့ ငယ်စဉ်ကတည်းက ရင်းနှီးလာသူ တစ်ယောက်ဖြစ်လေတော့ ဘယ်အညံ့ခံလိမ့်မလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ စိတ်ထဲထင်တာတွေ လျှောက်ပြောလိုက်တာပေါ့။

ဒါကိုပဲ ငတိကြီးက သဘောတွေကျပြီး ဂွတ်ဘရားသား (ကောင်းတယ် အကို)လို့ ပြောသွားပါတော့တယ်။ မောင်ပုံမှန် နဲ့ ထိုလူကြီး ခင်သွားပြီး သိပ်မကြာခင်မှာပဲ သူငယ်ချင်းကောင်းတို့ ဝတ္တရား အရ မောင်ပုံမှန် ရဲ့ သူငယ်ချင်းနဲ့လည်း မိတ်ဆက်ပေးလိုက်ရာ မောင်ပုံမှန်၏ သူငယ်ချင်း မောင်ဖိုးကြွားနှင့်ပါ အထူးတလည် ခင်မင်ခြင်းအဖြစ် သို့ရောက်သွားပါတော့တယ်။ ထိုဘဲကြီးသည် အမြှောက်အပင့် အလွန်ကြိုက်၍ အကြွားသန်သော ဝါသနာသည် လွန်စွာကြီးမားလေ၏။ မောင်ပုံမှန်တို့ သူငယ်ချင်းနှစ်ယောက်လည်း ထိုဘဲကြီးထံတွင် တပည့်ခံ၍ ကြွားဝါခြင်းပညာကို မာစတာ ရသည်အထိ သင်ယူကြလေတော့၏။

တစ်ရက်တွင်တော့ မောင်ပုံမှန်တစ်ယောက် နားချိန်တွင် အိမ်မှယူလာသော ဂျာနယ်တစ်စောင်ကို ဖတ်နေချိန်တွင် ထိုဘဲကြီး ရောက်လာလေ၏။ ထိုအခါ ထွေထွေထူးထူး အကြောင်းလည်း ပြောစရာမရှိ၍ ဂျာနယ်ထဲတွင်ပါလာသော ရုပ်ရှင်မင်းသား ရဲအောင်ပုံကို ပြ၍ ထိုမင်းသားသည် မင်းနှင့် အလွန်တူကြောင်း မင်းရောက်လာစရက်က ရဲအောင်တစ်ယောက် ငါတို့ ကုမ္ပဏီကို အလည်လာသည်ဟုပင် အထင်မှားမိကြောင်း အသားလွတ်ကြီး မြှောက်ပါတော့တယ်။ ထိုအချိန်တွင် ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိသော မောင်ပုံမှန်၏သူငယ်ချင်း ငတိကလည်း လေသံကြားဖမ်း၍ တရားနာပါတော့သည်။

“မောင်ပုံမှန်ပြောတာ အမှန်ပဲဖြစ်ကြောင်း ပုံထဲမှာပါသည့် ရဲအောင်နှင့် သူ့ကို ယှဉ်လိုက်လျှင် ချောတာခြင်း အတူတူပင်ဖြစ်သော်လည်း သူကတောင်ပို၍ စမတ်ကျကြောင်း မဟားတရား မြှောက်ပင့်ပေးလိုက်ရာ မြှောက်ပင့်ပေးလျှင် ရှင်ဘုရင်တောင် မာန်တက်တတ်သောလူ့သဘာဝအရ လူထဲက လူတစ်ယောက်သာ ဖြစ်ရှာသော ထိုလူကြီးမှာ မောင်ပုံမှန်တို့ နှစ်ယောက်မြှောက်ကွက်တွင် တန်းလန်းကြီးဖြစ်နေပြီး သူ့၏ ပါးစပ်ကြီးမှာ နေ့ဝက်လောက်ပါးစပ် မစေ့နိုင်အောင် ဖြစ်နေလေရှာ၏။

မောင်ပုံမှန်၏ ဘော်ဒါကလည်း ရေပတ်မဝင်အောင် ခန့်ခန့်ငြားငြားနဲ့ ပင့်တိုက်လေရာ ထိုဘဲကြီး အကောင်းစားကြီးခမျာ မှိုင်းဝနေသော မီးပုံးပျံကြီးကဲ့သို့ ဖြစ်နေပြီး ကောင်းကင်သို့ပင် ပျံတက်လုလု ဖြစ်နေသဖြင့် မောင်ပုံမှန် တို့နှစ်ယောက်မှာ ထိုဘဲကြီးကို မ၍ သူ့ကားထဲသို့ထည့်ကာ ထိုင်ခုံတွင် ခါးပတ်ပတ်၍ ထားပေးရလေသည်။ ထိုပင့်မှု့ အစုစု တို့ကြောင့် ထိုညနေချမ်းလေးတွင် မောင်ပုံမှန်တို့ ဆရာတပည့် သုံးယောက် အလုပ်ရုံနှင့် ခပ်လှမ်းလှမ်းရှိ အဆင့်မြင့် ရက်စတောရင့် တစ်ခုတွင် ဒင်နာ သုံးဆောင်ကြလေ၏။

အလုပ်ပြန်ဝင်ချိန် အတော်လွန်မှ စက်ရုံသို့ ဟီးဟီး.. ဟား..ဟား ဖြင့်ပျော်ရွှင်စွာ ပြန်ဝင်လာကြသော မောင်ပုံမှန်တို့ သုံးယောက်ကို ဂျီအမ်ကြီး အမှုးပြုသော နှာဘူးကြီးများ အဖွဲ့မှ တအံ့တသြဖြင့် ကြိုဆိုကြလေ၏။ သူတို့ နိုင်ငံသားများ ခမျာမှာလည်း ထိုပုဂ္ဂိုလ်ကြီး၏ ခန့်ထည်လှစွာသော ကားကြီးထဲသို့ ခေါင်းတောင် ဝင်မကြည့်ဖူးကြလေရာ ယခုလို ခန့်ခန့်ထည်ထည်ကြီး လူတစ်ကိုယ်လုံး တက်ထိုင်ပြီး ခန့်ခန့်ညားညားကြီး လိုက်ပါလာကြသော မောင်ပုံမှန်တို့ နှစ်ယောက်ကို မြင်ကြသောအခါ ရင်သပ်ရှု့မော ဖြစ်နေကြကုန်၏။

အနှီ မောင်ပုံမှန် တို့နှစ်ယောက်သည်လည်း ဆင်ဖြူတော်မှီပြီး ကြံစုပ်နေသော၊ စိန်နားကပ်ရောင်ဖြင့်ပါးပြောင်နေကြသော အကွက်ကို အပီပြင်နင်းပြီး ကိုယ်ဖိနပ်ကို မနိုင်ရှာသော ရပ်ပါလေးများလို ကွတကွတနှင့် တရွတ်တိုက် လမ်းလျှောက်ရင်း နှာဘူးကြီးများ အဖွဲ့ကိုလည်း ရပ်ပါ များစတိုင်ဖြင့် စောင်းငန်း စောင်းငန်းကြည့်ရင်း စက်ရုံတွင်းသို့ ဝင်လာကြလေ၏။ ထိုနေ့မှ စ၍ မောင်ပုံမှန် တို့နှစ်ယောက်သည် သူကြီးနှင့် ပေါင်းပြီး ဆယ်အိမ်ခေါင်းကို လူမထင်သည့် အကွက်များ မကြာခဏ ချိုးလာကြတော့သည်။

သောက်လက်စ ဆေးပေါ့လိပ်မှ မီးခိုးငွေ့များကလည်း မောင်ပုံမှန် တစ်ယောက်ကို မဝေးသေးသော နှစ်များဆီသို့ အလည် တစ်ခေါက်ပြန်ခေါ်သွားလေ၏။ အထက်တန်းအောင်ပြီး အလုပ်မရှိ အကိုင်မရှိ ရပ်ကွက်ထဲ လှည့်၍ ဝေလေလေ လုပ်နေသော မောင်ပုံမှန် တစ်ယောက် ကျေးဇူးရှင်မိ ဘနှစ်ပါး၏ ညွှန်ကြားမှု့ဖြင့် တက္ကသီလာတွင် တစ်ပါတ် ငါးရက် အဆောင်မှ ကျောင်းတက်ပြီး စနေ၊ တနင်္ဂနွေ နှစ်ရက် အိမ်ပြန်ကာ အဆောင်နေ နေ့ကျောင်းသား အဖြစ်ပညာ သင်ယူနေစဉ်ကာလကပေါ့။

တနင်္လာနေ့ မနက်စောစော ကားနှင့် ကျောင်းသို့ အမောတကော ပြန်လာလေ့ရှိပါတယ်။ ကျောင်းကို ရောက်တာနဲ့ မောင်ပုံမှန် အရင်ဆုံး လိုက်ရှာလေ့ရှိတာကတော့ စာသင်ခန်း မဟုတ်ပဲ မောင်ပုံမှန် ကြိတ်ကြိုက်နေတဲ့ ကောင်မလေး တစ်ယောက်ကိုပါ။ မောင်ပုံမှန် အရမ်းကြိုက်နေတဲ့ ကောင်မလေး နဲ့ မောင်ပုံမှန် နဲ့က သူငယ်ချင်းတွေ အဆင့်မှာပဲ ရှိပါသေးတယ်။ကောင်မလေးက အရမ်းလှသလို အရမ်းလည်းကြွားတတ်ပါတယ်…ကောင်မလေးနားကို အမောတကောနဲ့ မောင်ပုံမှန် ရောက်သွားတာနဲ့ ကြားနေကျ စကားတွေကတော့…

ကောင်မလေး။ ။ ဟဲ့ ပုံမှန် နင့် အမေက မနက်စာ ဘာတွေကျွေးလိုက်လဲ…
မောင်ပုံမှန်။ ။ ပိုက်ဆံပဲ ပေးလိုက်တယ်လေ သူတို့က ဝန်ထမ်းတွေဆိုတော့ မအားဘူးလေ..။

ကောင်မလေး။ ။ ငါ့မေမေ ကလေ ဒီနေ့မနက်စာကို ပေါင်မုန့်ထောပတ်သုတ် မီးကင်ပြီး ဂျင်သုတ်ထားတာရယ် ကြက်ဥ ဟက်ဘရိုက်ကြော်ရယ် သီးမွှေးငှက်ပျောသီး ရယ်နဲ့ ကော်ဖီဆိမ့်ဆိမ့်လေး တစ်ခွက်ရယ် လုပ်ပေးတယ်။ ငါကလေ “မာမီရယ် သမီးက အဲဒီလောက် ကြီးမစားနိုင်ပါဘူး ဝိတ်တက်မှာ စိုးလို့ပါ ဆိုတာတောင်မရဘူး… ပြီးတော့လေ ပြန်လာရင်စားဖို့တဲ့ ဟမ်ဘာဂါ ပူပူလေးဝယ်ထား အုံးမယ်တဲ့… ပြီးတော့လေ…
ဒါက သာမန်လောက်ကြွားနေကြ လာဘီ အထူးကြွား…

ကောင်မလေး။ ။ ဟဲ့ပုံမှန် ဒီအိတ်ကလေးလှလား… ဘယ်က ဝယ်လာတာလဲ သိလား…
မောင်ပုံမှန်။ ။ အော်.. အေးလှပါတယ်… ဆိုင်က ဝယ်လာတာ နေမှာပေါ့…။

ကောင်မလေး။ ။ အာ… နင်ကလည်း… ဒါ ငါ့ဒက်ဒီ စင်္ကာပူက ဝယ်လာတာ.. စင်္ကာပူမှာ အမျိုးတွေ နေကြတာလေ… စင်္ကာပူက အမျိုးတွေကလေ…
စသဖြင့်ပေါ့ဗျာ ကမ္ဘာပေါ်မှာ သူတို့ အမျိုးတွေ အခြေချ မနေထိုင်တာ အာဖရိကတိုက် တစ်ခုပဲ ကျန်တော့တဲ့ အထိပေါ့… မောင်ပုံမှန် လည်းလူသားထဲက လူတစ်ယောက်ဆိုတော့ ကြွားချင်တဲ့ အထဲမှာ ပါတာပေါ့ ပြီးတော့ အသွင်တူမှ အိမ်သူဖြစ်တယ် ဆိုတော့ ကိုယ်လည်း သူနဲ့ တူအောင် ကြိုးစား ရတော့တာပေါ့…

အဲဒါနဲ့… မောင်ပုံမှန် ကြိုးစားပြီး ကြွားကြည့်တာလေးတွေကို လေ့လာကြည့်ပါအုံး…
ကောင်မလေး။ ။ ပုံမှန် နင့် မေမေ ကဘာစားဖို့လုပ်…
မောင်ပုံမှန်။ ။ မာမီ ကလေ ငါစားချင်တယ်ဆိုလို့ နံပြားကို ထောပတ်သုတ်ပြီး ပဲပြုတ်နဲ့ မနက်စာကျွေးလိုက်တယ် စားလို့ပြီးတော့ လက်ဖက်ခြောက်ကျကျနဲ့ ရေနွေးကြမ်း တစ်ခွက်သောက်လာတယ်။ လမ်းမှာစားဖို့ဆိုပြီး မန်လာကာသီးတစ်လုံး ထည့်ပေးလိုက်တယ် ရော့.. နင်စားအုံးမလား (အမှန်က လမ်းက ကောက်လာတာပါ… အဟီး) ပြန်လာရင် စားဖို့တဲ့ မုန့်ဖက်ထုပ် ပူပူလေး ဝယ်ထားမယ်တဲ့…

ပုံမှန်။ ။ ကောင်မလေးရေ… ငါ့ ဒက်ဒီကလေ ငါ့ကို လေးဂွတစ်လက် ဝယ်ပေးတယ် ငှက်ပြစ်ဖို့တဲ့။ ဘယ်ကဝယ်လာတာလဲ သိလား… အင်္ဂပူကလေ… အင်္ဂပူတို့ ထူးကြီးတို့ ဘက်မှာ ငါတို့ အမျိုးတွေ ရှိတယ်လေ။ အင်္ဂပူက အမျိုးတွေမှာကလေ… လှည်းတွေ နွားတွေ ရှိတယ်… ပြီးတော့လေ…
ဒီလိုနှင့် မောင်ပုံမှန် ၏ ကြိုးစားမှု့များ၏ ရလဒ်ကတော့ ကောင်မလေးက မောင်ပုံမှန်ကို စတန်းဒတ် မရှိသူ၊ မိကျောင်းဘီး မရှိသူ ဖီးဆင့် မရှိသူ အဖြစ် သတ်မှတ်၍ သူငယ်ချင်း အဖြစ်မှပါ အပြီးတိုင် ရပ်စဲလိုက် ပေတော့၏….

“ကဗျာရွတ်သံ….
ကောင်မလေးရေ …
ပန်းပေးမှ အလှမ်းဝေး ရတဲ့အဖြစ်
ပန်းကမ်းမှ မလန်းဆန်း ခဲ့တဲ့အဖြစ်
ပန်းချွေမှ သောကပွေ ရတဲ့အဖြစ်
ပန်းကူမှ ရန်သူမြည် ခဲ့တဲ့အဖြစ်
ကောင်မလေးရေ …
နင့်အဖေနင့်အဘိုးနဲ့ နင့်အမေနင့်အမျိုးတွေ ကြားမှာ
ငါ့ကြွားလုံးတွေက ဆင်ကန်းတောတိုး မြေခင်းကြမ်းပုဆိုး
မိုးပြိုမှ ခိုးငိုရမှန်း သိတဲ့ငါကို မြွေစွယ်ချိုးခဲ့ရဲ့ ပြီပေါ့…
ကောင်မလေးရေ …
ပန်းခရေတွေ ကြွေတဲ့ လမ်းတွေရဲ့ အထက်မှာ
စမ်းရေလို ချိုမြိန်တဲ့ အလွမ်းတွေကို ထွေးပွေ့ပြီး
မင်းနဲ့ ဝေးတဲ့ရပ်ဆီကို ငါ လွင့်ခဲ့ရပြီပေါ့…

အဲဒီ နေ့က မိုးမရွာပါ၊ လေလည်းမတိုက်ပါ ထို့ကြောင့် ညဖက်လူခြေတိတ်ချိန် အဆောင်ရှေ့ သံတစ်ချောင်း လမ်းပေါ်သို့ မောင်ပုံမှန် တစ်ယောက်ထဲထွက်လို့ တရုတ်ကားတွေထဲကလို လက်နှစ်ဖက် မိုးပေါ်မျှောက်ပြီး “ဝေ့စမော” လို့ အသံပြဲကြီးနဲ့ တစ်လောကလုံးကြားအောင် မာန်ပါပါ အော်လိုက်ပါတယ်။

တစ်လောကလုံး ကြားမကြားတော့ မသိဘူး။ ညအချိန်မတော် လမ်းပေါ်မှာ လျှောက်သွားနေတဲ့ ခွေးဝဲစား အုပ်စုကတော့ မောင်ပုံမှန်ကို ဝိုင်းသမ မလို့ပြေးလာတာနဲ့ မောင်ပုံမှန်တစ်ယောက် အဆောင်ထဲကို ကိုယ်ဖော့ပညာသုံးပြီး ကဗျာကယာ ပြေးဝင် ခဲ့ရပါတော့တယ်။

စကားချပ်။ ။ ဒီပို့စ်တွင် ဖီးချားရင်း ကဗျာစပ်သူမှာ မောင်ပေါ့ဆိမ့် ဖြစ်ပါသည်။

ငါးထောင်တန် နှင့် ဖားဟောင်သံ

ခုတစ်လော ဦးစိမ်းစိုတစ်ယောက် ဆင်တဲရုံးတော်တွင် ထိုင်ရင်း အတော်လေး နေမထိထိုင်မသာ ဖြစ်နေရရှာ လေ၏။ နေ့ခင်းလည်းစားမဝင် ညတွင်လည်း အိပ်မရနှင့် ရုံးချိန်များတွင်ပါ အရင်လို တက်တက်ကြွကြွ ဖြင့် လေမပေါနိုင်ရှာတော့ပါ။ ဦးစိမ်းစို ဒီလိုဖြစ်နေရသည့် အကြောင်းရင်းကတော့ ခုတစ်လော မြန်မာပြည်တွင် လူပြောများနေသော ငါးထောင်တန် ဆင်းကဒ် ကြောင့်ပင်ဖြစ်နေချေတော့သည်။ ငွေငါးထောင်တန် ဆင်းကဒ် ထုတ်ပေးမည်ဟု သတင်းကြားစ ရက်များတွင် ဦးစိမ်းစို တစ်ယောက် နေမထိထိုင်မသာ ရွစိရွစိ ဖြစ်အောင်ကို ပျော်နေလေ၏။

ဟိုးတုန်းက သိန်းဆယ်ဂဏန်းလောက် ပေးရတုန်းက အနားတောင် မကပ်နိုင်သည့် တန်ဖိုးမို့ နောက်ထပ် ငါးသိန်းတန် ထပ်ထွက်လာတော့လည်း သူတို့လို လူတန်းစားတွေ အတွက်က လွယ်ကူသည့် ငွေကြေး မဟုတ်သေး။ နောက်ဆုံးပေါ် ဈေးနှုန်းသက်သာသည့် ဆင်းကဒ် ဟု ခပ်တည်တည် အမည်တပ်ပြီး ငွေနှစ်သိန်းတောင် တောင်းသေးသည့် ဆင်းကဒ် ပေါ်လာတော့လည်း မမှီတမှီ လေးဖြစ်နေသေးရာ ခုလို ငါးထောင်တန် ကဒ်ပေါ်တော့မယ်ဆိုတော့ ဦးစိမ်းစို တစ်ယောက် လက်ခမောင်းထခတ် ရှာလေတော့သည်။

အနှစ်နှစ်အလလ ကစောင့်နေခဲ့ရသည့် အခွင့်အရေးကို ရတော့မယ်ဆိုတော့၊ စိတ်ကူးယဉ်ထားသမျှ တွေဖြစ်လာတော့မယ်ဆိုတော့ … ဦးစိမ်းစို ၏ စိတ်ကူးများကလည်း အရမ်းလန်းပါတယ်။
“ဖုန်းကဒ် တစ်ခုကို ငါးထောင်ပဲဆိုတော့ … နှစ်ခုတောင်ဝယ်အုန်းမှာ … စိမ်းစိုတို့က လူကြီးဆိုတော့ အလုပ်တွေကလည်း တစ်အားများတာလေ ဖုန်းနှစ်လုံးမှ အဆင်ပြေမှာ ဟန်းဆက်ကတော့ နိုကီယာ နဲ့ ဆိုနီသဇင် ဆိုတဲ့ ဖုန်း တစ်လုံးဆီ ဝယ်ထားလိုက်မယ် တစ်လုံးက အလုပ်ကိစ္စသုံးဖို့ နောက်တစ်လုံးကတော့ သီချင်းနားထောင်မယ်.. ဓါတ်ပုံရိုက်မယ်.. .ကောင်မလေးတွေဆီကို မက်ဆေ့ ပို့မယ်… ဒီဖုန်းနံပါတ်ကတော့ လူတိုင်းကို ပေးလို့မဖြစ်ဘူး..။”

ထိုကဲ့သို့ ဖုန်းပလန်ကြီးကို တကယ်ချထားသော ဦးစိမ်းစို တစ်ယောက် စားလည်းဒီစိတ် အိပ်လည်းဒီစိတ်ဖြင့် ဒီအကြောင်းသာ ခေါင်းထဲတွင် ရှိနေလေတော့၏။ ရုံးပိတ်ရက်နေ့များတွင်လည်း အရင်လို တစ်လမ်းဝင် တစ်လမ်းထွက် ကျွေးသမျှ အရှက်မရှိ လိုက်စားနေသော အကွက်ဆန်းတွေလည်းထွင် မနေနိုင်ရှာတော့ပါ။

အပြင် မထွက်ရသည့် အကြောင်းရင်းနောက် တစ်ခုကတော့ မျက်နှာတွေမည်း သွားမှာစိုး၍ ဟူသတည်း.. ဖုန်းပြောသော အခါ မျက်နှာမည်းကြီးဖြင့် ပြောရမှာ ရှက်သဖြင့် တစ်သက်လုံးက မည်းနေသော အခွက်ကြီးကို ဖြူစင်ဝင်းမွတ်လာစေရန် ရည်ရွယ်ပြီး ရုံးပိတ်ရက်များတွင် အိမ်တွင်းအောင်း၍ သခွားသီးဖြင့် ပေါင်းတင်ခြင်း မနက်တစ်ခါ ညတစ်ခါ ဖဲအန်လပ်ဘဒီး မှန်မှန် လိမ်းခြင်း အမှု့တို့ကို မရှက်မကြောက် မှန်မှန်လုပ်လေတော့၏။ မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားသာ မှန်မှန် ရှိမခိုး ရှိရမယ်။ ဖဲအန်လပ်ဘဒီး လိမ်းဖို့တော့ လုံးဝမပျက်ကွက် ဟု ခိုင်မာသော သတင်းရပ်ကွက်မှ သတင်းရရှိထားလေ၏။

ရုံးပိတ်ရက် ဦးစိမ်းစိုတစ်ယောက် အိမ်တွင်နေပုံထိုင်ပုံကို မသိမသာ သွား၍လေ့လာကြည့်သော် အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် မှောက်၍တစ်ဖုံ လှဲ၍တစ်မျိုး အကြော ဆန့်နေရင်းမှ သူ့၏ မျက်နှာကိုလည်း မှန်လေးဖြင့် မကြာခဏကြည့်ခြင်း အမှု့ကိုလည်း ပြုလေ၏။ ခေါင်းအုံးပေါ်တွင် တံတောင်ဖြင့်ထောက်ထားရင်း လက်ဝါးနှစ်ဖက်ဖြင့် သူ့မျက်နှာကို ထောက်ထားပြီး ရှေ့တွင်ထောင်ထားသော မှန်လေးထဲ တွင်ကြည့်ရင်း မှန်ထဲတွင်ပေါ်နေသော သူ့အရိပ်ကို မျက်လုံးလေး စွေပြလိုက် မျက်စပစ်ပြလိုက် နှုတ်ခမ်းစူပြလိုက်နှင့် တစ်ယောက်ထဲ အားရအောင် ပေါနေလေတော့သည်။

မှန်ကြည့်နေရင်းမှ စိတ်ကူးယဉ်နေသည့် အကြောင်းကတော့ ဖုန်းသာရလာခဲ့ရင်တော့ ဘယ်လိုပုံနှင့်ပြောမည် ဘယ်လိုအိုက်တင်လေးနှင့် ဖုန်းကိုင်လိုက်မည်။ ဖုန်းအမျိုးစားကတော့ ဘယ်လိုအမျိုးစားကိုဝယ်မည် စသဖြင့် စိတ်ကူးလိုက်သမျှ အရာတွေ အားလုံးကတော့ ဖုန်းမှဖုန်းပဲ ဖြစ်နေလေတော့သည်။ ဒီလိုဖြစ်အောင် ဒီလိုရူးသွားအောင် အရူးကို ပီကေကျွေးလိုက်သူကတော့ ဦးစိမ်းစို၏ တပည့်ကျော် မောင်ဖိုးကြောင်ပဲ ဖြစ်ပါတော့တယ်။

တလောက ထိုင်းတွင် အလုပ်သွားလုပ်နေသော မောင်ဖိုးကြောင် ၏ ဦးလေးဖြစ်သူ အိမ်သို့ အလည်ပြန်လာရာတွင် ထိုင်းနိုင်ငံထုတ် ဟန်းဆက်လေး တစ်လုံးပါလာလေ၏။ ထိုင်းတွင် သူသုံးနေသော ဟန်းဆက်လေး ဟု ဆို၏။ နောက်ဆုံးပေါ် ဟန်းဆက်လေးမှာ ပုံစံလေးလှ ၍ သဘောကျစရာကောင်းသလို ထိုဟန်းဆက်တွင်ကင်မရာ၊ မြူးဇစ်ပလေယာ နှင့်တကွ ကျန်ဘာညာကွိကွ အတော်လေး စုံစုံလင်လင်ပါ ရှိလေ၏။

ဟန်းဖုန်းဆိုလျှင် တီဗွီ ထဲမှာသာမြင်ဖူးရှာသော မောင်ဖိုးကြောင်တစ်ယောက် မျောက်ပလွေရထားသလို လက်မှ မချတမ်း ကိုင်ထားလေတော့သည်။ ဘယ်သွားသွား လက်ကကိုင်သွားပြီး ရိုက်လိုက်ရသည့် ဓါတ်ပုံ ဆိုတာကလည်း အရူးလက် ဓါတ်မီးပေးထားမိသလို ဖျတ်ဖျတ်လက် နေလေတော့၏။ သူကိုင်ကြည့် ရပြီး အတော်တန် ကြာလာသောအခါ လက်ဦး ဦးစိမ်းစို ကိုလည်း မြင်ဖူးစေချင်သဖြင့် ရုံးသို့ ယူလာပြလေတော့သည်။ ဖိုးကြောင်ယူလာသော ဟန်းဆက်ကလေးကို မြင်ရသည်နှင့် ဦးစိမ်းစိုတစ်ယောက် ကမ္ဘာဦးမှမျောက် ဂျေဒိုးနတ်ကို ထိုင်ကြည့်ခြင်းမျိုးဖြင့် ကြည့်လေတော့သည်။

ဖိုးကြောင်ကလည်း ဟန်းဆက်တွင်ပါရှိသည့် လုပ်နိုင်သမျှ အစွမ်းသတ္တိမျိုးစုံကို အားကျိုးမန်တက် ထုတ်ပြရှာလေ၏။ “ဟာဒါကို.နှိပ်လိုက်.. ဟောသလိုလေးပေါ်လာရင် ဟောဒီ နေရာလေးကို နှိပ်လိုက်ရင် ဟောသလို ပုံလေးပေါ်လာပါလေရော တွေ့တယ်နော်။ ဒီမှာ ဓါတ်ပုံ ရိုက်ပြီးသားဖြစ်သွားပြီ။ ဟောဒီ နေရာလေးကိုနှိပ်ပြီး.. ဟောသလို နားကြပ်လေးတပ်ပြီး နားမှာ တပ်ထားလိုက် ကမ္ဘာပြိုတာတောင် မကြားနိုင်တော့ဘူးဖြစ်သွားမယ်… သိပ်ကောင်းတဲ့ မြူးဇစ်ပလေယာပေါ့.. နားကြပ်ကက်ဆက်တွေက ခေတ်မရှိတော့ဘူး။ သီချင်းပဲ နားထောင်ယုံပဲလား အရုပ်ကလေးရော ကြည့်ချင်သေးလား ဟောဒီနေရာကို နှိပ်လိုက် ဗွီဒီယိုကြည့်နေရသလိုပဲ တွေ့လား…။”

ဖိုးကြောင်၏ ကောင်းမှု့ကြောင့် ဟန်းဆက်တစ်လုံးကို သေချာ ကိုင်ကြည့်ဖူးသွားသည့် အပြင် ဟန်းဆက်အတွင်းရှိ ဘာညာသာရကာ ကောင်းမှု့ အဖုံဖုံကိုကြည့်ပြီး ဦးစိမ်းစိုတစ်ယောက် ငါတော့ မေ့လို့မရနိုင်ဘူး ဖြစ်သွားလေတော့သည်။ တစ်သက်လုံးက သူလုံးဝ အထင်မကြီးခဲ့သော ဖိုးကြောင်ဆိုသော ဘာမဟုတ်သည့် ချာတိတ်ကလေးက မမြင်ဖူး ခရမ်းသီး ဗုန်းဆံထင် အကွက်ဖြင့် လုပ်သွားသည်ကို ဦးစိမ်းစိုတစ်ယောက် ကောင်းကောင်း ခံလိုက်ရလေ၏။ ထိုအချိန်မှစ၍ ဦးစိမ်းစိုတစ်ယောက် ဟန်းဖုန်းရူး ရူး သွားလေတော့သည်။ ဒီကြားထဲ ညဖက်ညဖက် တီဗွီမှလာသော ကိုရီးယားကားတွေကလည်း ဖုန်းတစ်ကာားကားဖြင့် မြန်မာကားတွေမှာဆိုလည်း သရုပ်ဆောင်တာက နည်းနည်း ဖုန်းပြောနေကြသည့် အခန်းတွေကများများ ဒါတွေကိုကြည့်မိလေ ဦးစိမ်းစို တစ်ယောက် နေမြင့်လေ အရူးထွားလေ စကားလိုဖြစ်လာခဲ့လေတော့သည်။

ဒါပေသည့် ဦးစိမ်းစို အခြေအနေ နှင့်ကလည်း ဟန်းဖုန်းတစ်လုံး ဖြစ်လာဖို့အရေး ဝုန်းဒိုင်းဆို မဖြစ်နိုင်သဖြင့် တစ်ဆင့်ခြင်းသွားရန် စဉ်းစားနေရချေတော့သည်။ ပထမဆုံး အစီစဉ်ကတော့ ဟန်းဆက်ကလေးတစ်လုံးဖြစ်အောင် ဝယ်ထားရေးဖြစ်ပြီး နောက်တစ်ဆင့် ကတော့ ချဲတွေဘာတွေ ရုတ်တရက် ထပေါက်လို့ကတော့ လိုတဲ့ ငွေလေးကို ရှာကြံချေးငှားပြီး လိုင်းကဒ် တစ်ခုဝယ်ယူရန် ဖြစ်လေတော့သည်။

ဟန်းဆက်အတွက်ကတော့ အတော်လေး နီးစပ်လာသည့် အခြေအနေတွင် ရှိလေ၏။ တစ်လောက ဆိုမာလီယာတွင် အထည်များကို လပေး စနစ်ဖြင့် သွားရောင်းနေသော တူမကြီး တစ်ယောက်က ဖုန်းဆက်လေ၏။ ထိုအခါ စကားစပ်မိလို့ ပြောကြရာမှ ဦးစိမ်းစို ဖုန်းရူး ရူးနေသည်ကို သိသွားသော တူမကြီးမှ ဦးစိမ်းစိုကို အားပေးစကားပြောလေ၏။ ဘာမှမပူနဲ့ဦးလေး ခုတူမကြီးရောင်းနေတဲ့ အထည်လိပ်လုပ်ငန်းသာ အောင်မြင်အောင် ဆုတောင်းပေး ဆိုမာလီိယာမှာ တူမကြီး ဖက်ရှင်ဆိုင်ဖွင့် ရောင်းနိုင်တဲ့နေ့ကြရင် ဦးလေးလိုချင်တဲ့ ဟန်းဆက်ကို တူမကြီးဝယ်ပို့ပေးလိုက်မယ်။ ဘာအမျိုးစား လိုချင်တယ်ဆိုတာသာပြောနော်။ နော်ကီယာတွေဘာတွေ ကိုင်မနေနဲ့ ခေတ်အောက်သွားပြီ နော်ကီယာ ထက်ကောင်းတဲ့ နောက်ဆုံးပေါ် ဂေါ်ဇီလာဆို တဲ့ ဖုန်းဝယ်ပေးလိုက်မယ်…”

ထိုသို့ ပြောချင်ရာပြောပြီး ဖုန်းချသွားလေ၏။ တူမကြီး ဖုန်းဆက်ပြီးနောက်ရက်မှာပဲ လစ်ဗျားတွင် ကွမ်းယာဆိုင် ဖွင့်ထားသော တူတော်မောင်ကလည်း ဖုန်းဆက် လာချေသေး၏။ တူကြီးကလည်း တူမကြီးနင့် အပြိုင်
“ဒါမျိုးကတော့ ကျုပ်တို့ ဦးလေးကိုလုံးဝ မျက်နှာမငယ်စေရဘူး ဦးလေး ဘာဟန်းဆက် အမျိုးစား လိုချင်တယ်ဆိုတာ သာပြောလိုက် တူကြီးဝယ်ပို့ ပေးလိုက်မယ်။ ဒါပေမဲ့ ခုတော့မဟုတ်သေးဘူး.. ဟိုတစ်လောက ပြည်တွင်းစစ် ဖြစ်နေတုန်းက ကဒါဖီ တပ်သားတွေ ဝါးဖို့ ကွမ်းထုတ်တွေပို့ ပေးထားတာရှိတယ်..”

“စစ်ပွဲကာလ ဆိုတော့ ငွေလက်ငင်း မရှင်းနိုင်ဘူးပေါ့…. စစ်ပွဲပြီးမှ ပေးမယ် ပြောထားတာ ခုစစ်ပွဲပြီးသွားတော့ ဂဒါဖီ ဆိုတဲ့ ဘဲကြီးကပျောက်နေတယ်… တစ်ချို့ကတော့ ဘုမသိဘမသိနဲ့ ဒီဘဲကြီးကို သေပြီ ပြောနေကြတာ အမှန်က မသေလောက်သေးပါဘူး…. တကယ်လို့ သူမသေသေးလို့ ပြန်တွေ့ကြရင်တော့ ကျွန်တော် အကြွေးတွေသေချာပါက်ရပြီလို့ သာမှတ်ပေတော့ အဲဒီ အချိန်ရောက်အောင် ခဏလောက်စောင့်ပေး ရပြီဆိုတာနဲ့ ဦးလေး လိုချင်နေတဲ့ဖုန်း ရပြီသာမှတ်ပေတော့။ အိုင်ဖုန်း ယူမလား ဗွက်ဖုန်းယူမလား ကြိုက်ရာသာပြော လှမ်းဝယ်ပေးလိုက်မယ်… ဒါပေမဲ့ လောလောဆယ်တော့ အိမ်ကမိန်းမ ဈေးသုံးပြတ်နေလို့ နည်းနည်းလောက် ချေးပေးထားလိုက်ပါအုံး.. ဒါတွေက ကျွန်တော်ပြန်လာရင် ရှင်းပေးပါ့မယ်…..။

တူတွေတူမတွေ အပြောမှာတင် အမျောကြီး မျော သွားတဲ့ ဦးစိမ်းစိုတစ်ယောက် အယုံကြီးယုံပြီး အရူးကြီး ရူးသွားရှာပါတယ်။ ဟန်းဆက်အတွက် ဟုတ်နေပြီဆိုတော့ ဘာလိုသေးလဲ ဆင်းကဒ် တစ်ခုကိုလဲ ငါးထောင်နဲ့ ရတော့မယ်ဆိုတော့ ပြီးပြီပေါ့။ ဝါတွင်းသုံးလရောက်ရင် ရပ်ကွက်ထဲက တရားဟောဆရာ အောင်ရှန်းတစ်ယောက် ဆွမ်းပတ်တကာ လည်ပြီး မိုက်မချတမ်း ဟောသလိုပဲ ငါလဲ လက်ကကို မချတမ်းပြောမယ် ထိုင်နေရင်းလဲ ပြောမယ်.. လမ်းလျှောက်ရင်းလဲပြောမယ်.. ထနေရင်းလဲပြောမယ်.. အီးအီးပါနေတုန်းလဲ ပြောမယ်.. လူကွယ်ရာလဲပြောမယ်.. လူကြားထဲလဲပြောမယ်..။

ပြောစရာလူမရှိရင် မြူးဇစ်ပလေယာလေးဖွင့်ပြီး နားကြပ်တပ်ပြီး နားထောင်ရင်း ကောင်မလေးတွေကို ဓါတ်ပုံခိုးရိုက်မယ်… ရပ်ကွက်ထဲက ဖုန်းရှိတဲ့ ကောင်လေးတွေနဲ့ ဘီလူးတုနဲ့ သီချင်းကူးမယ်။ မူဗီတွေ ရှယ်မယ်.. ငါ့လို ဖုန်းဝယ် မကိုင်နိုင်သေးတဲ့ အောင်ကိုသိန်း ကွမ်းဆိုင်မှာ ကွမ်း အကြွေးသွာဝယ်ရင် ခါးကြားမှာတစ်လုံး ခါးပိုက်ထောင်ထဲမှာ တစ်လုံး ဖုန်းနှစ်လုံးထိုးပြီးသွားမယ်။ ဘယ်သူမှ ဖုန်းခေါ်မဲ့သူမရှိရင် ဟိုဖက်ဖုန်း နဲ့ ဒီဖက်ဖုန်းကို လှမ်းခေါ်ပြလိုက်မယ်… အားလုံး လုပ်ဖြစ်အောင်ကို လုပ်မယ်…. အစရှိသဖြင့်ပေါ့လေ.. ဦးစိမ်းစိုတစ်ယောက် ရင်ထဲမှာ ကြိတ်ပြီး ကျွေးကြော်နေတာ ကြလှပါဘီ..

ဒါပေသည့် အားလုံးသိကြသည့် အတိုင်း ငါးထောင်တန် ဆင်းကဒ် ဟူသည် လုပ်ပေးမည့် သူများက လုပ်ပေးနိုင်ပါသည် ဆိုသော်ငြားလည်း တတ်သိနားလည်သော ဆရာကြီးများက မဖြစ်နိုင်ပါဟု အတိလင်း ထုတ်ပြောလာပြီး “ကျား” “ကျား” “မီးယပ်” ဟူသော အကွက်မျိုး ခင်းလာသော အခါ… ဦးစိမ်းစို လို လူမျိုးများ အဖို့မှာကား……

စကားချပ် ။ ။ ဖားအော်သံကို နေရာတိုင်း၊ ရာသီတိုင်းတွင်း မကြားနိုင်ပါ။ ဖားသည် အော်တတ်သော သဘောသာရှိပြီး ဟောင်တတ်တဲ့သဘော ရှိလာဖို့နှင့် ဖားဟောင်သံကြားရဖို့ ဆိုရင်တော့ …. ငါးထောင်တန် ဖုန်းဖြစ်လာဖို့ ဆိုရင်လည်း ….. မြန်မာပြည် နှင့် အိမ်နီးချင်း သိပ်မတိုးတက်သေးသော တိုင်းပြည်များတွင် ဆင်းကဒ် ဟူသည်… သူတောင်းစားပင် လွယ်ကူစွာ သုံးဆွဲနိုင်သော ဈေးပေါသောပစ္စည်း ဖြစ်နေပါပြီ။

လက်တွဲလို့ ခေါ်ပါ

အလင်းကို ဝါးမြိုကာ အမှောင်တို့ တစစ ကြီးစိုးလာချိန် လူငယ်လေး လေးယောက်သည် ရပ်ကွက်ထိပ်ရှိ အုတ်ခုံလေးတွင် ဂစ်တာ ထိုင်တီးနေကြသည်။ အထက်တန်း စာမေးပွဲ ဖြေပြီးကာစ လွတ်လပ်ရေးရနေသော လူငယ်လေးများ ဖြစ်သည်။ လူငယ်လေးများသည် ယနေ့ ခောတ် နာမည်ကြီး အဆိုတော် ကိုလေးဖြူ၏ သီချင်းတစ်ပုဒ်ကို ခပ်မှန်မှန်ဖြင့် သံစုံ သီဆိုနေကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် လူငယ်လေးများ ဂစ်တာ ထိုင်တီးနေသော ရှေ့လမ်းမကြီးအတိုင်း ရပ်ကွက်ထဲမှ ပိုက်ဆံချမ်းသာသော သားအမိ နှစ်ယောက် စက်ဘီးနင်းရင်း ဖြတ်သွားကြသည်။ ဂစ်တာတီးနေသော ကောင်လေးများ ရှေ့အရောက်တွင် စက်ဘီးနင်းလာသော ကောင်မလေးက ဂစ်တာတီးနေသော ကောင်လေးများကို လှည့်ကြည်ကာ ပြုံးပြလိုက်သည်။ ကောင်မလေး ပြုံးပြသည်ကို မြင်လိုက်ရသော ကောင်လေး တစ်ယောက်ကလဲ ကောင်မလေးကို ပြန်ပြုံးပြ လိုက်သည်။ ဒါကို စက်ဘီးနောက်မှ လိုက်လာသော မိခင်ဖြစ်သူက မြင်သောအခါ လေသံ တိုးတိုးဖြင့်-

“သူတို့ က ဘယ်သူတွေလဲ သမီး အသိတွေလား”

“ဟုတ်တယ် မေမေ သမီးတို့ အခန်းထဲက သမီး သူငယ်ချင်းတွေပါ”

“သမီးတို့ အခန်းထဲမှာလဲ ဒီလို ကောင်လေးတွေ ရှိတယ်လား”

“အဲဒီလို မဟုတ်ဘူး မေမေ သူတို့ တွေက အေးပါတယ် စာလဲတော်ကြတယ်”

“အို… ဘာဖြစ်ဖြစ် လမ်းဘေးက ဒီလို လမ်းဘေးက ကောင်လေးတွေနဲ့ အပေါင်းအသင်း လုပ်တာတော့ မေမေ မကြိုက်ဘူး။ နောက်လမ်းတွေ့ ရင် နှုတ်ဆက်စရာ မလိုဘူး။ ကြားလား သမီး…”

ကောင်မလေးက မျက်နှာ မကြည်မသာဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ခပ်တိုးတိုး လွင့်ပျံ့ လာသော စကားလုံးတို့ ရိုက်ခတ်မှုကြောင့် ပြုံးနေသော ကောင်လေး မျက်နှာပေါ်မှ အပြုံးရိပ်တို့ ပျောက်ကွယ် သွားသည်။ သူ့ မျက်နှာပေါ်တွင် ခံပြင်းသော အရိပ်တချို့  ဖြတ်ပြေးသွားသည်။ ဒါပေမယ့် ကောင်လေးက ဘာမှ ပြန်မပြောဘဲ သူငယ်ချင်းများနှင့် ကိုယ့်သီချင်းကို ဆက်ဆိုနေကြသည်။

ကောင်လေးများသီချင်း ဆက်ဆိုနေစဉ် အုတ်ခုံလေး ရှေ့သို့ ကားတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်တွင် ပါလာသည်က သူတို့ ရပ်ကွက်နားက နိုင်ငံပိုင် စက်ရုံကြီးမှ အရာရှိ တစ်ယောက် ဖြစ်သည်။ အရာရှိကြီးက ကောင်လေးများထဲမှ တစ်ယောက်ကို-

“ဟေ့… ကောင်လေး မင်း အဖေ အိမ်မှာ ရှိလား”

“ဟုတ်ကဲ့ ကျွန်တော် အိမ်က ထွက်လာတုန်းကအထိတော့ ရှိပါတယ်”

“အေး… အေး… ဒါဆို ဦးခဏဝင်တွေ့ လိုက်ဦးမယ်”

အရာရှိကြီးက ပြောရင်း မျက်မှောင်ကြုတ်ကာ နာရီကို တချက်ကြည့်သည် ပြီးတော့ ကောင်လေးကို တခါ ပြန်ကြည့်ပြီး-

“ကောင်လေး အိမ်မပြန်သေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ ဦးနဲ့ တခါတည်း ပြန်လိုက်ရင် လိုက်ခဲ့ပါလား။ ဦးလဲ မင်းအဖေနဲ့ ဝင်တွေ့ ပြီး ပြောစရာလေးရှိလို့ ”

“ဟုတ်ကဲ့ဦး ကျေးဇူးပါပဲ။ ဒါပေမယ့် ကျွန်တော် သူငယ်ချင်းတွေနဲ့ ခဏနေလိုက်ဦးမယ်”

အရာရှိကြီးက ကောင်လေးများကို တချက်ဝေ့ကြည့်ပြီးနောက် နှာခေါင်း တချက်ရှုံကာ-

“မင်းကတော့ မိဘသိက္ခာကျအောင် လုပ်နေတာပဲ။ ဒီလို လမ်းဘေးက ကောင်တွေနဲ့ ပေါင်းနေလို့ ကတော့ မင်းလဲ လမ်းဘေးရောက်သွားမှာဘဲ”

အရာရှိကြီးက ကားကို “ဝူး” ကနဲ မောင်းထွက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ကျန်ခဲ့သည်။ ဂီတာသံ ရပ်သွားသည်၊ သီချင်းဆိုသံများ တိတ်သွားသည်။ အုတ်ခုံလေးက တဒင်္ဂ တိတ်ဆိတ်ငြိမ်သက် သွားသည်။ ခဏနေတော့မှ ဂစ်တာတီးနေသည့် ကောင်လေးက ဟင်း… ခနဲ သက်ပြင်းချကာ ဂစ်တာကို ပြန်တီးသည်။ သီချင်းသံစဉ်က ခပ်မျှင်းမျှင်း မှန်မှန်လေး ပြန်ထွက်လာသည်။ ဂီတသံ၊ သီချင်းသံစဉ်များ ထဲတွင် လူငယ်များ ပြန်လည် စီးမျောဝင်သွားပြန်သည်။

“ဟေ့… ဘယ်ကောင်တွေလဲကွ လမ်းမပေါ်မှာ ဆူညံ ဆူညံ လုပ်နေတာ”

စကားသံဖြင့် အတူ လူနှစ်ယောက် ဂစ်တာ တီးနေသော ကောင်လေးများ ရှေ့သို့ ရောက်လာသည်။ အကျီ င်္ပေါ်တွင် ရာထူး အဆင့်အတန်းများကို ဖော်ပြနေသော ယူနီဖောင်းကို ဝတ်ဆင်ထားသော အစိုးရ အာဏာပိုင် ဝန်ထမ်းများ ဖြစ်ကြသည်။ ခြေလှမ်းတွေက မမှန်၊ လူတွေက ရွှဲ့စောင်းလို့ အရက်နံက တထောင်းထောင်း ထွက်နေကာ တစ်ယောက်ကို တစ်ယောက် အမှီသဟဲ ပြုရင်း လျှောက်လာနေကြသည်။ တစ်ယောက်က ဂစ်တာ တီးနေသော ကောင်လေးများကို လက်ညှိုးငေါက်ငေါက် ထိုးကာ-

“ဟေ့… မင်းတို့ ဘယ်က ကောင်လေးတွေလဲ။ ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ”

“ကျွန်တော်တို့ ဒီရပ်ကွက်ထဲကပါပဲ။ ကျွန်တော်တို့ ဘာမှ မလုပ်ပါဘူး သူငယ်ချင်းတွေစုပြီး ဂစ်တာ တီးနေကြတာပါ”

“ဟေ့ ဘယ်အချိန်ရှိနေပြီလဲ မင်းတို့ ကို မှောင်ရိပ်ခိုမှုနဲ့ ဆွဲစိလို့ ရတယ်ကွ သိလား။ ငါ့ကို ဘာမှတ်နေလဲ အေ့… မင်းတို့ မိဘ နာမည်တွေ ပြောစမ်း။ ဒါငါ့နယ်ကွ ငါ့နယ်မှာ ရုတ်ရုတ် ရုတ်ရုတ်တော့ လာမလုပ်နဲ့ သေသွားမယ်”

“လာပါ သူငယ်ချင်းရာ… လမ်းမပေါ်မှာ ဂစ်တာ တဒေါင်ဒေါင်နဲ့ လမ်းသလားနေမှတော့ မိမဆုံးမ ဖမဆုံးမလေးတွေ ဖြစ်မှာပေါ့။ ဒီတော့ သူတို့ မိဘနာမည် မေးပြီးတော့ကော ဘာလုပ်မှာလဲ”

မေးသူကမေး ဖြေသူက ဖြေပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မှီခိုရင်း ဆက်သွားကြသည်။ “ထောက်” ကနဲ ဂစ်တာကြိုး ပြတ်သံက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည် ထင်ရသည်။ ထို့ နောက် ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်ကျ တိတ်ဆိတ်သွားသည်။ လက်တစ်စုံက ပြတ်သွားသော ဂစ်တာကို ဖလက်တံမှ ပြောင်းပြန် ကိုင်ကာ ဆတ်ကနဲ ထရပ်လိုက်ပြီး နောက်က ပြေးလိုက်ရန်ပြင်သည်။ ဒါကို မြင်သော ကောင်လေးတစ်ယောက်က လက်ကို ဖမ်းဆွဲလိုက်ရင်း ခေါင်းခါပြသည်။

“လူမိုက်နဲ့ ဖက်ဖြစ်လို့ ကတော့ ကိုယ်လဲ လူမိုက် ဖြစ်တော့မှာပေါ့ ထားလိုက်ပါ သူငယ်ချင်း…”

“ဟုတ်တယ် သူငယ်ချင်း… လောကကြီးမှာ ကိုယ့်ကိုယ်ကို မကြည့်ဘဲ သူများကို လက်ညှိုးထိုးချင်ကြတဲ့ လူတွေက အများသားလား။ စိတ်ထဲ ထားမနေပါနဲ့ ကိုယ်ဘဲ ပူလောင်နေရလိမ့်မယ်”

“ခုချိန်မှာ ငါတို့ စိတ်ကို လွှတ်ပေးလိုက်ရင် ငါတို့ ဘဝတွေ အညွှန့် ကျိုးသွားလိမ့်မယ်။ အချိန်တန်ရင် သူ့ အရည်အချင်း အလိုက် သူ့ အဆင့်နဲ့ သူ လောကကြီးထဲမှာ နေသားကျသွားမှာပါကွာ။ မင်းက ခုကတည်းက ကိုယ့်အဆင့် ကိုယ်သတ်မှတ်တော့ မလို့ လား။ နေပါဦး စောပါသေးတယ်၊ ခုတော့ ဒီအတိုင်းဘဲ ထားလိုက်ပါဦး”

ဂစ်တာကို ကိုင်ရင်း ကောင်လေး ငိုင်သွားသည်-

“အေးပါကွာ ငါလဲ နားလည်ပါတယ်။ ဒါပေမယ့် မင်းတို့  မြင်တဲ့ အတိုင်းဘဲလေ ခုလိုဘလိုင်းကြီး အစော်ကားခံ အပြောခံရတော့ နဲနဲတော့ တင်းတာပေါ့”

“တင်းတာတော့ တင်းတာပေါ့ကွာ။ စိတ်ဆိုတာက တင်းတိုင်း လွှတ်ပေးလို့ ကောင်းတဲ့ အရာမှ မဟုတ်တာ”

“အေးပါကွာ ငါမှားသွားတယ်။ ထားပါ ဒါပေမယ့် ငါ နဲနဲတော့ ညစ်သွားတယ်ကွာ။ ငါတို့ စိတ်ထွက်ပေါက် ရလိုရငြား အရက်သွားသောက် ကြရအောင်လား”

“ဘာကြောင့် အရက်သွားသောက်ရမှာလဲ။ ခုလို အနေအထားနဲ့ အရက် သွားသောက်ရင် ငါတို့ ပို အပြောခံရမှာပေါ့။ ခုတောင် ငါတို့ ကို လူတွေက စောင့်ကြည့်နေကြတာ။ ဒီအချိန်မှာ ငါတို့ အနေအထားက အမှားမခံဘူး။ ဘာမှ မမှားဘဲနဲ့ တောင် ပြောချင်နေကြတာ တစ်ခုခုမှားတာနဲ့ ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကို ခံရမှာဘဲ”

“အေး… ဟုတ်တယ် ငါတို့ အနေအထိုင် အသွားအလာ ဆင်ခြင်သင့်တယ်။ ခုအဖြစ်အပျက်တွေကို နမူနာယူပြီး ငါတို့ ဘဝတက်လမ်းကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးရမယ်”

“ဟုတ်တယ် ပြီးတော့ ငါတို့ ဘယ်တုန်းက အရက်သောက်ဖူးလို့ လဲ။ စိတ်ညစ်တိုင်းသာ အရက်သောက်ရမယ် ဆိုရင် ငါတို့ လဲ အရက်သမားဖြစ်ပြီး ခုနက လူတွေလို ဖြစ်သွားတော့မှာပေါ့”

“အေးပါကွာ ငါမှားသွားတယ်။ ဒီတော့ ငါတို့ ခု ဘယ်သွားကြမလဲ”

“ထုံးစံအတိုင်း ငါတို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင် သွားကြတာပေါ့။ ပြီးရင် လက်ဖက်ရည်သောက် စကားစမြည်ပြောဆိုပြီး လေကန် ကြတာပေါ့။ ကဲ… ထကြ လက်ဖက်ရည်ဆိုင် သွားကြရအောင်”

လူငယ်လေးယောက် တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ဆုံးမရင်း တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ တရွေ့ ရွေ့ ထွက်ခွာသွားကြသည်။ အနှစ်ချုပ်လိုက်တော့ သူတို့ လေးတွေထဲက တစ်ယောက်က ဆယ်တန်းတွင် အောင်ချက်ကောင်းသောကြောင့် ဆေးလိုင်းဝင်ကာ ခုဆိုရင် ဆရာဝန်ပေါက်စပင် ဖြစ်နေပြီ။ ကောင်လေး တစ်ယောက်ကတော့ ရေကြောင်းတက္ကသိုလ်တက်ပြီး သင်္ဘောလိုက်နေပြီး နောက်တစ်ယောက်ကတော့ BE ဘွဲ့ ရပြီး စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသည်။ သူတို့ ထဲကတစ်ယောက်ကတော့ မိဘလက်ငုပ်လက်ရင်း အလုပ်များကို ဦးစီးရင်း စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာခဲ့သည်။

တကယ်လို့ သူတို့ သာ စိတ်အလိုလိုက်ခဲ့ရင် ဒီလို နေရာ တစ်နေရာ ရလာနိုင်ပါ့ မလား။ သူတို့ ကိုယ်ပိုင် အသိဥာဏ်လေးတွေနဲ့ ခွဲခြမ်း စိတ်ဖြာပြီး သူတို့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း လျှောက်နိုင်ခဲ့လို့ သူတို့ အတွက် နေရာ တစ်နေရာကို ဖန်တီးနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ တကယ်တော့ ဆယ်တန်းဖြေပြီးကာစ လူငယ်လေးတွေဟာ အညွှန့် တလူလူ တက်နေတဲ့ လူငယ်လေးတွေပါ။ ပြောရရင် မသွေးရသေးတဲ့ ကျောက်ရိုင်းတွေနဲ့ တူပါတယ်။ မသွေးရသေးတဲ့ ကျောက်ရိုင်းတုံးကို တန်ဖိုးဖြတ်ဖို့ ခက်သလို အရွယ်ရောက်လာတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ပိုင် အရည်အချင်းကို အလွယ်တကူ တန်ဖိုးဖြတ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပတ်ဝန်းကျင်က လူတွေ အနေနဲ့ သူတို့ လေးတွေ စိတ်ဒဏ်ရာ ရသွားအောင်၊ သူတို့ လေးတွေ အညွှန့် ကျိုးသွားအောင် ကိုယ်အမူအရာ ဖြင့်သော်လည်းကောင်း၊ အပြောအဆို ဖြင့်သော်လည်းကောင်း မလုပ်သင့်ပါဘူး။ ဒီအရွယ်လေးတွေ အတွက် ပတ်ဝန်းကျင်က အဓိကကျပါတယ်။ ပတ်ဝန်းကျင်ကြောင့် လူတော်လူမွန်လေးတွေ ဖြစ်လာနိုင်သလို ပတ်ဝန်းကျင်ကြောင့်ဘဲ လူဆိုးလူသွမ်းလေးတွေ ဖြစ်လာနိုင်ပါတယ်။

လမ်းဘေးမှာ ဂစ်တာ တဒေါင်ဒေါင် ခေါက်နေတာ မြင်တိုင်း လူရမ်းကားလေးတွေလို့ သတ်မှတ်တော့မှာလား။ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အဆိုတော် ကိုလေးဖြူဆိုရင်လဲ ငယ်ငယ် ကျောင်းသား ဘဝက ကောင်မလေးတွေ အဆောင်ရှေ့မှာ သီချင်းတွေ ဆိုခဲ့တယ် ဆိုတာ သူ့ စကားတွေ အရ သိနိုင်ပါတယ်။ ကျောင်းသား လူငယ်ဘဝမှာ အိုဘားမားကို နောင်တချိန်မှာ အမေရိကန် သမ္မတ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ပြောရဲမှာလဲ။ အညွှန့် တလူလူ တက်နေတဲ့ လူငယ်တိုင်းမှာ သူ့ တန်ဖိုးနဲ့ သူ ရှိနေမှာပါ။ စာမှာ ညံနေပေမယ့် အားကစားဘက်မှာ ထူးချွန်ပြီး နိုင်ငံဂုဏ်ကို ဆောင်ချင် ဆောင်နိုင်မှာပါ။ ဒါမှမဟုတ် စီးပွားရေး နယ်ပယ်၊ လူမှုရေး နယ်ပယ်မှာ အောင်မြင်ချင် အောင်မြင်မှာပါ။ ဒါကြောင့် ကလေးက ကလေးလို နေစမ်းပါကွာ ဆိုတဲ့ စကားနဲ့ လူငယ်တွေရဲ့ စိတ်ကို ဒဏ်ရာ ရအောင်လုပ်သင့် ပါသလား။ လူကြီးတွေ အနေနဲ့ လူငယ်တွေကို လက်တွဲခေါ်သင့်တယ်လို့ မထင်ဘူးလား။ လူငယ်ဆိုတာ အနာဂါတ် တိုင်းပြည်အတွက်အားပါ။ ဒီအားတွေကို လူငယ်တွေကို အရာမသွင်းချင်စိတ်နဲ့ ဖျက်ဆီး ပစ်သင့်ပါသလား။ လူတိုင်း ဘယ်သူမှတော့ မွေးကတည်းက တတ်မလာပါဘူး။ မသိတာကို သိအောင်၊ မတတ်တာကို တတ်အောင် သင်ပေး၊ ပြပေးပြီး လူငယ်တွေကို လက်တွဲ မခေါ်သင့်ဘူးလား။ ဒါကြောင့် အညွှန့် တလူလူ တက်နေသော လူငယ်လေးတွေကို လူတော်လူမွန်လေးတွေ ဖြစ်စေရန်၊ ဖေးမ ကူညီရင်း လက်တွဲခေါ်ယူကာ လူနှင့် လူ့ပတ်ဝန်းကျင်ကို ထိန်းသိမ်း သွားနိုင်ကြဖို့သာ လိုအပ်ပါတော့သည်။

ကိုကိုမ

သာယာလှပသော အလုပ်နားရက် တနင်္ဂနွေနေ့ လေးတစ်နေ့၏ မနက်ခင်းလေးတစ်ခုတွင် နေအတော်မြင့်ချိန်ရောက်သည်အထိ အိပ်ဖို့ ရည်ရွယ်ထားသော မောင်ပုံမှန် တစ်ယောက် ဘေးခြင်းကပ် အခန်းမှ ကိုကိုမ ၏ ဆူညံစွာ ဖွင့်နေသော နံနက်ချိန်ခါ တေးသံသာများကြောင့် အလန့်တကြားနိုးထလာခဲ့ ရလေတော့သည်။ တေးသီချင်းများကို ဆူညံစွာ ဖွင့်နေသူကတော့ မောင်ပုံမှန် ၏ အချစ်တော် ကိုကိုမ ဆိုသူပင်ဖြစ်လေတော့၏။ ကျန်အိမ်သားများမှာလည်း နတ်ကန္တားပေးနေသော အသံကဲ့သို့ ဆူညံလှစွာသော တေးသံသာ များကြောင့် ဝေးရာသို့ ရှောင်ရှားသွားကြလေတော့သည်။

“ဟင်း….”

သက်ပျင်းရှည်ကြီး တစ်ချက်ကို မသာမယာ ချလိုက်ရင်း မောင်ပုံမှန် တစ်ယောက်လည်း အိမ်အပြင်သို့ ထွက်လာခဲ့လေတော့သည်။ အိမ်ပြင်ရောက်လာကာမှ မောင်ပုံမှန် တစ်ယောက်ထဲ ကိုကိုမ ၏ အကြောင်းကို စဉ်းစားနေမိတော့သည်။

ကိုကိုမ နှင့် မောင်ပုံမှန် သည် တစ်အိမ်ထဲ နေ၍ တစ်လုပ်ထဲတွင် အတူတကွ လုပ်ကိုင်နေကြသော်လည်း တစ်ယောက်နှင့် တစ်ယောက်ကြည့် မရအောင် အမြင်ကပ်ကြသော လူများဖြစ်ကြလေ၏။ ဘယ်ဘဝက ရေစက်လဲတော့မသိ နေ့တိုင်းရှည်ထွက်နေသော မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးများကို နေ့တိုင်းပြောင်အောင်ရိတ်ပြီး အဖုအထစ်များဖြင့် ခရောင်းလမ်းဖြစ်နေသော သူ၏ မျက်နှာကို ပေါင်ဒါ အဖွေးသားဖို့ထားပြီး ခပ်တောင့်တောင့် ယောင်္ကျားတစ်ယောက်ကို မြင်လျှင် ပြီတီတီ ပြုံးပြတတ်သော ကိုကိုမ ဟု အမည်ရသော အသံ အလွန်ကျယ်သော ထိုငတိကို ဘယ်လိုမှ အဆင်ပြေအောင် ပေါင်းလို့ မရတာကတော့ အမှန်ပင် ဖြစ်လေ၏။

ညသန်းခေါင်ကျော်သည် အထိ ဖုန်းပြောသံ၊ သီချင်းသံ တို့ဖြင့် ဆူညံနေသော ကိုကိုမ တစ်ယောက် အလုပ်တက်ရက် မနက်စောစော အချိန်သို့ရောက်လာသော အခါတွင်မူ စိတ်ရင်းစိတ်ထား ကောင်းလှစွာဖြင့် အိမ်သားများ အိပ်ရာမှ မနိုးစေရန် အတွက်လုပ်စရာ ကိစ္စများကို အလွန်တိုးတိတ်စွာလုပ် ၍ အလုပ်သို့ အသာလစ်သွားလေ့ ရှိသည်။ အလုပ်ပိတ်ရက် နေ့များတွင်မူ နံနက်စောစော အိပ်ရာမှ ထ၍ နံနက်ချိန်ခါ တေးသံသာများကို ဆောင်းဘောက်ကြီးများဖြင့် ဖွင့်၍ အိမ်သားများကို ဖျော်ဖြေလေ့ရှိသည်။

နံနက်လင်း၍ အိပ်ရာမှ နိုးသည်နှင့် မနားတမ်းဖွင့်နေသော အသံများကို နားမခံသာသော အိမ်သားများမှာ အိမ်ရာနိုးသည်နှင့် အဝတ်စားလဲ၍ ခြေဦးတည့်ရာသို့ လစ်ကြရလေတော့သည်။ ကိုကိုမ ဖွင့်နေကြသီချင်းမှာ ဒေါ်လုံးတင်မ(ဘောလုံးဘုရင်မ) မေခလာ (ဘယ်သူပေးထားသော ဘွဲ့လဲတော့မသိပါ) ၏ နာမည်ကျော် ဘောသီချင်းများ ဖြစ်လေ၏။

မေခလာ ကလည်း အလွန်တတ်နိုင်၏ “ရစ်ကီမာတင်” ၏ “ဂိုး…ဂိုး..ဂိုး..အာလေ…အာလေး…အာလေး” သီချင်းကို “ဂိုး..ဂိုး..ဂိုး…ကိုကိုရေ သွင်းပါဂိုး.. လုပ်လိုက်ပြီး။ ခုတစ်ခါ..ရှာကီရာ ၏ ဝါကာ.. ဝါကာ အေ့..အေ.. သီချင်းကို “မြန်မာ.. မြန်မာ.. အေ့အေ့” ဟုလုပ်ချလိုက်ပြန်၏။ ကိုကိုမ ကလည်း ထိုသီချင်းများကို အလွန်ကြိုက်လေသည်။ “မေခလာ” နှင့် သြရသ စုံတွဲဆိုထားသော ဟိုသီချင်းကြီးသည် ဘာကြီးမှန်းကို မသိသော သီချင်းဖြစ်လေသည် ဘာတဲ့…
“အရပ်ကခြောက်ပေ… ကြွက်သားတောင့်တယ်.. ခန္ဓာကိုယ် အချိုးစား ကြီးတယ်မိုက်တယ် ဒီမှာလာပြီ တစ်ဂိုး… သွင်းပါတစ်ဂိုး.. ကစ်ပါအုံး…” သီချင်းကြီးက ဘာကြီးမှန်းမသိပါ အရပ်က ခြောက်ပေ ကြွက်သားတောင့်တယ်…တဲ့ ဟင်းဟင်း ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုမ ကတော့ အလွန်ကြိုက်၏။

တစ်ခါတစ်ရံ တစ်ခြားနိုင်ငံသား ဘော်ဒါများ အိမ်လည်လာကြသော အခါများတွင်လည်း အရှက်နည်းသော ကိုကိုမ က ထိုငပေါသီချင်းများကို ဖွင့်ပြပြီး အကျအန ဧည့်ခံရုံသာမက သီချင်းများ၏ အဓိပ္ပါယ်ကိုပါ အသေအချာရှင်းပြလေ၏။ ထိုအခါ ချန်ပီယံ မြန်မာ အသင်း၏ ခြေစွမ်း အမှန်ကို သိနေသော တစ်ခြားနိုင်ငံသားများက သူတို့ အချင်းချင်း ပြော၍ ရယ်ကြလေ၏။ ကိုကိုမ သည် စရိုက်မကောင်းရုံသာမက ဉာဏ်လည်း အလွန်နည်းလေ၏။ ထိုနိုင်ငံခြားသား ငတိများနှင့် မောင်ပုံမှန် တို့ မြန်မာ ဘောလုံးဝါသနာရှင်များကြားတွင် ဇာတ်လမ်းများရှိခဲ့လေ၏။

မောင်ပုံမှန် တို့ အိမ်သားများသည် ဘောလုံးဝါသနာရှင်များ ဖြစ်ကြကုန်၏။ တစ်ပါတ် တစ်ပါတ် ကြည့်လိုက်ရသော ဘောလုံးပွဲနှင့် ဝယ်ဖတ်လိုက်ရသော စာစောင်မှာ အစုံပင်ဖြစ်လေ၏။ “ဗီယက်နမ်” နိုင်ငံတွင် ကျင်းပခဲ့ သော “ဆူဇူကီး” ဘောလုံးပြိုင်ပွဲ စတင်ခါနီးတုန်းကဆို ဘောလုံးဂျာနယ်တွေ ဝယ်ဖတ်ပြီး မြန်မာ အသင်းအကြောင်းကိုကြည့်ကြ ရုံသာမက အွန်လိုင်းရှိ ဘောလုံးဆိုဒ်ပေါင်းစုံတွင်လည်း မြန်မာအသင်းအကြောင်း ဝင်ကြည့်ရတာ အမော မြန်မာအသင်းနည်းပြ ဦးတင်မြင့်အောင် ၏ ကြွားချက်များကိုလည်း တကယ်ထင်နေကြ ပြီး ဆိုဒ်များတွင် တင်ထားသော မြန်မာအသင်းအကြောင်း တွေကိုလည်း အားလုံး ယုံနေကြလေသည်။ “ဦးတင်မြင့်အောင်”၏ “မြန်မာအသင်း နဲ့တွေ့ရင် ဘယ်အသင်းမှ မချောင်ဘူး ဆိုသောအပြောကို ကြားရုံဖြင့် မြန်မာ အသင်းကို ချန်ပီယံ ဘွဲ့ပေးထားလိုက်တော့သည်။

သို့နှင့် အလုပ်သွားချိန်တွင်လည်း ဂျာနယ်တစ်ပုံကြီး မသွား၍ အလုပ်နားချိန်များတွင် တစ်ခြားနိုင်ငံသား ဘော်ဒါများကို ပြ၍ကြွားကြလေတော့၏။ “ဟက်ရောင်တွေ ဒီမှာကြည့် ဒါ မြန်မာဂျာနယ် စာမဖတ်တတ်ရင်လည်း အရုပ်တွေကြည့်ထား”
“ဒါ မြန်မာ အသင်းပုံ တအားကောင်းတယ် မယုံမရှိနဲ့ …ပြီးတော့ ဒီကောင်တွေက ပရိုတွေနော်… လမ်းဘေးမှာ ကန်နေတဲ့ ကောင်တွေ မဟုတ်ဘူး သိလား.. သွားတော့မယှဉ်လေနဲ့ သေသွားမယ် တုန်းကနဲ သေမသွားတောင် ဆန့်ငင် ဆန့်ငင်နဲ့သေသွားမယ်….”

“ဟောဒီကောင်ကိုကြည့်..“ရန်ပိုင်” လို့ခေါ်တယ် တအားကောင်းတာ ကစ်တအားပြင်းတယ်.. ဖရီးကစ်တွေဘာတွေ သူကန်လို့ ကတော့ ဂိုးပေးရမှာ ကြောက်ပြီး ဂိုးရှေ့မှာ သွားမကာကြနဲ့ သူ့ကန်ချက်ထိလို့ ကတော့ အူတောင် အခွေလိုက်ထွက်သွားမယ်….. တအား.. ပြင်းတဲ့ကောင်.. ဟင်း.. ဘာမှတ်နေလဲ” လက်ကုန်ကို လွှတ်ကြွားထားတာပါ ဟက်…ဟက်..

ဒါတောင် တစ်ချို့လူတွေက … “မြန်မာဘောလုံးသမားတွေက ပိန်တယ်နော်တဲ့”
ဒါမျိုးကတော့ မခံဘူး “ပိန်ပေမဲ့ တစ်အားသန်တယ်” လို့ ချက်ချင်း ပြန်ပြောလိုက်တာ (ဘာသန်တာလဲတော့ မသိဘူး.. ဟီဟီ..)….

ဂလိုနဲ့ ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာတော့ လေးသင်းအုပ်စုမှာ မြန်မာ အသင်းက နံပါတ်လေး ချိတ်ပြီး ဇယားအောက်ဆုံးမှာ နေရာယူထားရုံသာမက ပြိုင်ပွဲမှာ ပေးဂိုး အများဆုံး အသင်းအဖြစ် စာရင်းဝင်လေ၏။ ဖွင့်ပွဲမှာပင် ခုနှစ်ဂိုးပေး၍ စိတ်ရင်း စိတ်ထားကောင်းကြောင်းကို အထင်ရှားပြသ ခဲ့ကြ၏။ မောင်ပုံမှန် တို့ အဖွဲ့မှာတော့ အရှက်ကြီးပြဲ ၍ အလုပ်နှစ်ရက် မသွားပဲနေရာ ထိုလက ရက်မှန်ကြေးပါ ပြုတ်လေ၏။

တလောကလည်း မြန်မာပြည်တွင် ကန်ခဲ့သော အာရှခြေစစ်ပွဲများတွင် အိမ်ရှင်အဖြစ်ကန်ရပြီး အောက်သင်းများနှင့် တွေ့ပါလျက် သုံးပွဲကန် တစ်မှတ်ဖြင့် ဇယားအောက်ဆုံးတွင် ပင်တိုင်နေရာယူ၍ သဘောထားကြီးကြောင်းကို ထပ်မံပြသလေ၏။ ထိုအချိန်မှစ၍ မောင်ပုံမှန် တို့ အဖွဲ့မှာ မြန်မာ အသင်းအကြောင်းကို လူရှေ့တွင် မပြောရဲ သလောက် ဖြစ်သွားကြလေ၏။ သို့သော် အရှက်နည်းသော ကိုကိုမ ကတော့ ဧည့်သည်များကို ဘောသီချင်းခွေများ ဖွင့်ပြပြီး စာသားတွေကို ရှင်းပြနေတုန်းပင် ဖြစ်၏။ ထိုကဲ့သို့ ပိတ်ရက် အိပ်ကောင်းခြင်း မအိပ်ရသော ဒုက္ခ ဧည့်သည်လာလျှင် မျက်နှာပူရသော ဒုက္ခများလွတ်ကင်းစေရန် အတွက် ကျွန်တော်တို့ အဖွဲ့ ကိုကိုမ ကို ပညာပေးရန်ကြံစဉ် ကြရလေတော့၏။

အလုပ်နားရက် တစ်နေ့ မနက်ခင်းတစ်ခုတွင် ကိုကိုမ တစ်ယောက် အိပ်ရာမှ နိုးလာပြီး ငပေါ သီချင်းများစဖွင့် သည်နှင့် မောင်ပုံမှန်တို့ အဖွဲလည်း ဧည့်ခန်းတွင်နေရာယူပြီး ဆောင်းဘောက်များ ကို ကိုကိုမ အခန်းဘက်သို့ လှည့်ထားလိုက်ပြီး မိုက်ကိုဖွင့်၍ ဂီတစာဆို မောင်ရင်ပုံမှန် ရေးစပ်သီကုံးထားသော ဘောသီချင်းများကို တီးလုံးသံ မပါပဲနှင့် ကိုကိုမ ၏ သီချင်းသံများနှင့် အပြိုင် လိုက်၍ ကဗျာလွတ်အော်ဆို ကြလေ၏။ ရေးစပ်သီကုံး ထားသော တေးသီချင်းများကလည်း ရေလယ် မန်းကီးဖြစ်လေ၏ တစ်ခါရွတ်ရုံဖြင့် တစ်သက်စွဲသွားစေနိုင်၏။

သီချင်း..ဝါကာ…ဝါကာ
မူရင်း.. ရှာကီရာ
ကော်ပီ…မေခလာ
ထပ်ဆင့်ကော်ပီ… မောင်ရင်ပုံမှန် (ဆင်တဲကဖေး)
(ဖိုးလှ….ဖိုးလှ) ၂ သံပြိုင်…

“အဝါရောင် အရည်သောက်ကာ.. အမြည်းလေးနဲ့ပေါ့ကိုရေ.. နောက်တစ်ပိုင်းဆိုရင် ပိုမူးမယ်… ပွဲစဖို့ကို အရမ်းနီးကပ်လို့နေပြီ.. မဖြစ်ဘူးဆိုရင် ကြိုပြောကွယ်.. အခြေနေမဟန်ရင် နားရွက်လှန် သံပရာရေသာ ညှစ်လေ မူးမူးနဲ့ လေးဖက်ထောက်ကွင်းထဲ ဆင်းတယ် အရက်ကြိုက်တဲ့ ဘောလုံးသမား”

ရှက်ကီ..ရှက်ကီ..အေ့အေ့ အိုပီ…အိုပီ..အေ့အေ့ မူးမူး နဲ့ကြွားပြီးတော့ တလွဲများလုပ်တယ် အရှက်မရှိတဲ့ ဘောလုံးသမား”

“ပြိုင်ပွဲ မကန်ခင် ပိုကြွားမယ် တကယ်တမ်း ကန်ရင် ခြေမထွက်တယ် မူးမူး နဲ့ ကွင်းပတ်ပြေးတယ် အသုံးမကျတဲ့ ခြေစွမ်းများ… ရှက်ကီ သံကို ကြားရင် မနေ မထိုင်အေ့အေ့.. ပွဲစလို့ ငါးမိနစ် မကြာ အနားတောင်းတဲ့ ကစားအား”

(ရှက်ကီ..ရှက်ကီ..အေ့အေ့.. ဘီယာ..ဘီယာ အေ့အေ့…)

သီချင်းက လွန်စွာမြူးကြွ သဖြင့် ဝါသနာရှင် အဆိုတော် မိုက်ခဲကြီးများသာမက အကဝါသနာရှင်များကလည်း နတ်ကတော် စပ်ဆလူး ဓါတ်လိုက်ခံရ သကဲ့သို့ ပင်တွန့်လိမ်နေအောင်ကကြလေ၏။ အတီးမှုတ်ဝါသနာရှင်များကလည်း မီးဖိုချောင်မှ ဒန်အိုး ဒန်ခွက်များ(အင်စတုမန့် အစစ်တွေပေါ့) ပိန်လိမ်ကုန်အောင် လက်စွမ်းပြတီးမှုတ် ကြလေ၏။

နောက်ထပ်တစ်ပုဒ်ဖြစ်သော “မေခလာ” နှင့် သြရသ တို့ စုံတွဲဆိုထားသော သီချင်းက ပို၍ပင်မြူးကြွလေ၏။ ထိုသီချင်းကို ဆိုရာတွင် မီးဖိုချောင် “အင်စတုမန့်များ” ပို၍ ပိန်ကြလေ၏။

“ဒုန်တတုံ..တုံ… ဒုန်တတုံ…တုံ…ချမ်း”၂ “အိုးနာနာ…အိုး ပိန်ပိန် ထုပါဟေ့..”၂ (သံပြိုင်)

“အရပ်က ၄ ပေ.. ဘီအီးသောက်တယ်.. ခန္ဓာကို အချိုးစားသေးတယ် လေးတယ်.. ခေါင်းခုန်တိုက်ရင် တစ်ထွာလောက်မြောက်တယ်… ပိုကာ ပြိုင်ဒေါင်းမလား အရမ်းကို ကျွမ်းတယ်…

{”ကိုကိုရေ လာပြီ တစ်ဂိုး တစ်ဂိုးလောက်ထပ်ပေးလိုက်အုံး… ကိုကိုရေ လာပြီးနှစ်ဂိုး အရှက် မရှိထပ်ပေးလိုက်အုံး (ပေးလိုက်တစ်ဂိုး.. ထပ်ပေးလိုက်အုံး… ပေးမှာပေါ့… မရှက်ပါဘူး)}

ခေါင်းကိုမော့လို့ အရှက်လဲ ကင်းတယ် ဘယ်နှစ်ကြိမ် ရှုံးမလဲ ဂရုကို မစိုက်တယ် …. အရမ်းကို ဒေါင်းတဲ့ ဘောလုံးသမားတွေ စတိုင်အပိုတွေထုတ်လို့ ပဲတွေများတယ်…..

အဆို အတီးတို့ဖြင့် ဖန်တီးအပ်သော “ဘောဂီတ” ပွဲကြီးက ဝက်ဝက်ကွဲ အောင်မြင်လေ၏။ နောက်တစ်ပါတ် အလုပ်ပိတ်ရက် နံနက်စောစောတွင် အထုတ်လေးလွယ်၍ အိမ်မှ ထွက်သွားသူကတော့ ကိုကိုမ ဖြစ်သွားလေတော့သတည်း။

သေရွာပြန် မဲကြီး

ပြည်တက္ကသိုလ်အတွင်း ကျောင်းကန်တင်းကတော့ ရုတ်ရုတ်သဲသဲဖြင့် သက်ဝင် လှုပ်ရှားနေသည်။ ညီရဲသစ် ကန်တင်းနားကို ရောက်တော့ သူငယ်ချင်းများ စုံစုံညီညီ ရောက်နေကြသည်ကို တွေ့ လိုက်ရသည်။ ကန်တင်းထဲသို့ မဝင်မှီကပင် သစ်လွင်၏ ဟောင်ဖွာဟောင်ဖွာ အသံကို ထုံးစံအတိုင်း အဝေးမှပင် ကြားနေရသည်။ အနားကို ရောက်လာသော ညီရဲသစ်ကိုပင် သတိမထား မိနိုင်အောင်ပင် အားလုံး သစ်လွင်၏ တော်ကီထဲတွင် မျောနေကြသည်။ သစ်လွင်က တစ်ဝိုင်းလုံးကို ထိန်းထားခြင်း ဖြစ်သည်။ သစ်လွင်က ကျွန်တော် မကြာခဏ ခိုင်းနှိုင်း ပြောလေ့ရှိသည့် ငှက်ဆိုးထိုးသံကြီးဖြင့်-

“နင်တို့ စိုးမိုးကို သေချာမကြည့်လို့ ဒီကောင်က လူချောဟ ခက်တာက ဝက်ခြမ်းပြားလို ပိန်နေလို့ ကိုယ်ရောင်ကိုယ်ဝါ မထွက်တာ။ လူက ပိန်တော့ မျက်လုံးက ပြူးတယ်ထင်ရတာ တကယ်က ဒီကောင့် မျက်လုံးက ပြူးတာမဟုတ်ဘူး ရွဲတာဟ။ နင်တို့ လဲ ကြားဖူးမှာပါ ပုလဲတစ်လုံး ရွဲတစ်လုံး ဆိုတာကိုလေ။ ဒါပေမယ့် ဒီကောင့်ကို အထင်မသေးနဲ့ နော်။ ဒီကောင်က ပိန်သာပိန်တာ… ”

ဟုဆိုကာ သစ်လွင်က စကားစကို ရပ်ထားပြီး အာခြောက်သွားဟန်ဖြင့် ရေးနွေးတစ်ခွကို ငှဲ့ သောက်လိုက်သည်။ အဲဒီအခါမှာ မွေးရာပါ ဗီဇအရ စပ်စုတာကို ဝါသနာထုံသည့် ကောင်မလေးတစ်သိုက်က သစ်လွင်ကို အတင်း မေးပါလေတော့သည်။

“ဟင်… သူက ပိန်သာပိန်တာ ဘာဖြစ်လဲ ဆက်ပြောလေ သစ်လွင်”

“အာ… နင်က စကားကို ဆက်ပြောတာ မဟုတ်ဘူး။ တိုးလန်းတန်းလန်းနဲ့ ဒီရေနွေးက နောက်မှ သောက်လဲ ဖြစ်တဲ့ဟာကို…”

စသဖြင့် သစ်လွင်ကို ဒိုင်လူကြီးအား ဘော်လုံးသမားများ ကွန်ပလိန်း ဝိုင်းတက်ကြသလို ကောင်မလေးများ ဝိုင်းစောဒက တက်ကြသည်။ အဲဒီတော့မှ သစ်လွင်က အောင်နိုင်သူ စစ်သူကြီး တစ်ယောက်လေသံဖြင့်-

“အေးဟ… ဒီကောင်က လူက ပိန်သာပိန်တာ အရိုးချည်းပဲ။ ပိန်တာမှ အရေပေါ် အရိုးတင်နေတာ ဟား ဟားးး”

ဟု ဆိုကာ သစ်လွင်က သူ့ စကားကို သူ့ ဘာသာ သဘောကျကာ တဟားဟားဖြင့် ရယ်သည်။ ဒီတော့ ကောင်မလေးများက-

“ဒီသစ်လွင်ကတော့ လုပ်တော့မယ်။ အရိုးပေါ် အရေတင်ပဲ ကြားဖူးပါတယ် သူ့ ကျမှ အရေပေါ်တင် ရတယ်လို့ မကြားဖူးပါဘူး”
ဟု ပြောတော့ သစ်လွင်က-
“ဟ နင်တို့ က ဘာသိလို့ ပြောရတာလ။ဲ ဒီကောင်က အရိုးပေါ် အရေတင်တာထက်ဆိုးတယ်။ ကြည့်ပါလား အရိုးတွေက ငေါငေါထွက်နေတာ အရေးပြားတွေကို ဖောက်ထွက်တော့မဲ့ အတိုင်းဘဲ။ ဒါကြောင့် အရေပေါ် အရိုးတင်တယ်လို့ ပြောတာပေါ့”

ဟု သစ်လွင်က သူနဲ့ ရည်းစားလုဘက် စိုးမိုးကို လူပုံအလည်တွင် အသားလွတ်ကို တဖက်သတ် အပေါ်စီးမှ အနိုင်ယူနေတော့သည်။ စိုးမိုးတစ်ယောက်မှာတော့ မျက်နှာလေး အောက်ချပြီး ဘာမှ ခွန်းတုန့် မပြန်နိုင် ဖြစ်နေရှာသည်။ အဲဒီအချိန်မှာပင် ညီရဲသစ်က-

“အဲဒီလောက်လဲ မပြောပါနဲ့ သစ်လွင်ရာ…
သူများကို မှိုချိုး မျှစ်ချိုးပြောရအောင် မင်းကရော ခြောက်ပစ်ကင်း သဲလဲစင်မို့ လား။ ကိုယ်ရုပ်လဲ ကိုယ်ကြည့်ဦး အာလူးမီးဖုတ် ထားတဲ့ ရုပ်နဲ့ ။ ဒီကျောင်းထဲမှာ မင်းထက် ရုပ်ဆိုးတဲ့သူ လိုက်ရှာမယ် ဆိုရင်တောင် လက်တဖက် မပြည့်ပါဘူး”

ဟု ပြောရင်း စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ညီရဲသစ်ကို တွေ့ တော့ သစ်လွင်တစ်ယောက် ပါးစပ်ပိတ်သွားသည်။ မပိတ်လို့ လဲ မဖြစ် ဒီအဖွဲ့ ထဲတွင် ညီရဲသစ် တစ်ယောက်ကိုတော့ သူရှိန်သည်။ ညီရဲသစ် စကားသံကို ကြားတော့ စိုးမိုးတစ်ယောက် အားကိုးတကြီးဖြင့် မော့ကြည့်လာသည်။ မော့ကြည့်လာသော စိုးမိုး မျက်ဝန်းထဲတွင် အရောင်တချို့ လက်ကနဲ တောက်သွားသည်ကို တွေ့ လိုက်ရသည်။ စိုးမိုးကို ကြည့်ရင်း ညီရဲသစ် စိတ်မကောင်းဖြစ်သွားသည်။ သစ်လွင်ကို လှည့်ကြည့်လိုက်တော့ သူနဲ့ မဆိုင်သလို မခုတ်တတ်သည့် ကြောင်ပုံစံမျိုးဖြင့် ထိုင်နေသည်။ ကောင်မလေးများက ညီရဲသစ်ကို တွေ့ တော့ ဝိုင်းနှုတ်ဆက် ကြသည်။

“ဟဲ့… ကောင်စုတ် နောက်ကျလှချည်လား…”

“အေးလေ ရဲစုတ် ရဲပဲ့ ဘယ်တွေ သဝေထိုးနေလို့ ခုမှ ရောက်လာ ရတာလဲ”

“အာ… နင်တို့ ကလဲ ငါက ခုမှ သင်တန်းပြီးလို့ ပါဟ။ အခုလဲ သင်တန်းပြီးပြီးချင်း နင်တို့ ဆီကို တန်းလာခဲ့တာပဲ”

“ဘာ… နင်က ဘာသင်တန်းတွေ တက်နေလို့ လဲ ငါတို့ လဲ မသိရပါလား”

“အေးလေ နင်က ငါတို့ ကို အသိမပေးဘဲ တစ်ယောက်တည်း ကျိတ်လုပ်နေတယ်ပေါ့။ နင်က သစ္စာဖောက် တယ်ပေါ့လေ ဟုတ်လား”

“ဟာ… မဟုတ်ပါဘူးဟာ။ နင်တို့ ကလဲ ဘာမှ မသိဘဲ ရမ်းမတုတ်နဲ့ လေ။ ငါက စနေ၊ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်မှာ ကွန်ပြူတာ သင်တန်း တက်ဖို့ သွားစုံစမ်းတာ။ အဲဒါ သင်တန်း ဆရာက စိတ်ဝင်စားရင် ခဏဝင်တက် သွားလိုက်ဆိုလို့ ငါက အစမ်း သဘောမျိုး ဝင်တက်ကြည့်တာပါ။ အားလုံးစုံစမ်းပြီးမှ နင်တို့ နဲ့ အတူတူ တက်ဖို့ လေ ဘယ်လိုလဲ နင်တို့ စိတ်ဝင်စားလား”

“အေး ငါတို့ တောင် ပြောနေသေးတယ်။ ပိတ်ရက်မှာ သင်တန်း တစ်ခုခု တက်ကြရင် ကောင်းမယ်လို့ ။ ခုနင်က စုံစမ်းလာခဲ့ပြီ ဆိုတော့ အဆင်ပြေတာပေါ့။ နင်တော်တယ် ညီရဲသစ်”

“နင်တော်တော် ညံတာဘဲ ငါနဲ့ တွဲနေပြီး ခုမှ သိလား။ ငါက နဂိုကတည်းက တော်တာကို…”

“အေးပါ ဟုတ်ပါပြီ ကိုဖိုးတော်ကြီးရယ်။ ငါတို့ ကိုလဲ နင်စုံစမ်း လာတဲ့ အကြောင်းလေးတွေ ရှင်းပြပါဦး”

“အဲဒီအကြောင်း မပြောခင် ငါနင်တို့ ကို သတင်း စကားတစ်ခု ပြောဖို့ ပါလာတယ်။ သတင်းဦး သတင်းထူ ဆိုတော့ နင်တို့ လဲ စိတ်ဝင်စားကြမှာဟ”

ဟု ညီရဲသစ်က သစ်လွင်ကို တချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။ ဒီိတော့ သစ်လွင်တစ်ယောက် ဂနာမငြိမ် ဖြစ်သွားသည်။ အစကတည်းကမှ သူက ညီရဲသစ်ကို လန့် နေသည် မဟုတ်လား။ သူ ညီရဲသစ်ကို တစ်ခုခု ပြောချင်ပေမယ့် ဘာကို ဘယ်က စပြောရမှန်းမသိ ဖြစ်နေသည်။ ဒီတော့ ဘာမှ မပြောပဲ ငြိမ်နေလိုက်သည်။ ကျောထဲကတော့ စိမ့်သလိုလို ဖြစ်နေသည်။ သတင်းဦး သတင်းထူးဆိုသောကြောင့် စပ်စုတတ်သော မိန်းမတို့ သဘာဝအတိုင်း ကောင်မလေးတစ်သိုက် စိတ်ဝင်စားသွားကြပြီး တစ်ယောက် တစ်ပေါက်ဖြင့် ဝိုင်းမေးကြသည်။ တစ်ယောက် တစ်ပေါက်မို့ သာ တော်တော့သည်။ နို့ မို့ ညီရဲသစ် နားတွေပင် ကွဲသွားလောက်သည်။

“ဒီလိုဟ ငါသင်တန်းတက်ဖို့ စုံစမ်းရင်း သင်တန်းဆရာက ခဏဖြစ်ဖြစ် အစမ်း ဝင်တက်ကြည့်ပါလား ဆိုလို့ ငါလဲ ဝင်တက်ကြည့်တော့ ငါဘေးနားခုံမှာ ထိုင်နေတဲ့ ကောင်မလေးက အလန်းလေးဟ။ တော်တော်ကို လှတာ…။ အဲဒါနဲ့ ငါလဲ အတင်းဝင်ရော ပစ်လိုက်တယ်”

“စောက်ကောင် နှာဘူး ဖွန်ကြောင်ဖို့ ဘဲ သိတယ်။ ဘယ်နေရာ ရောက်ရောက် မီးတောက်လိုက်ရမှ နဲနဲလေးမှ မတောက်လိုက် ရရင် မနေနိုင်ဘူး”( မှတ်ချက်။ ။ စာရေးသူတို့ သူငယ်ချင်းများ ကြားတွင် ဖွန်ကြောင်သည်ကို မီးတောက်သည်ဟု နာမ်စားသုံး ခေါ်ဝေါ်လေ့ ရှိသည်)

ဟု ဝိုင်းထောပနာ ပြုကြသည်။

“ဟ ဟ နေကြပါဦးဟ… နင်တို့ ကလဲ တွယ်မယ်ဆိုတာ ချည်းပဲ။ စကားကိုလဲ သေချာ နားထောင်ဦးလေ ကြားထဲက ဖြတ်ဖြတ်ပြီး ဝင်မတွယ်နဲ့ လေ။ နင်တို့ က အဲဒီလို ဖြတ်ဖြတ် ပြောနေရင် ငါက ဘယ်လို ဆက်ပြောရမလဲ”

“မသိဘူးလေ နင်ပြောတာကိုလဲ ကြည့်ဦးလေ။ စပြောကတည်းက ကောင်မလေး အကြောင်းက စပြောတာ ဆိုတော့ ငါတို့ က ပြောတာပေါ့။ ကဲ… ဆက်ပြော”

“အဲဒီမှာ ကောင်မလေးနဲ့ စကားစပ်မိလို့ မေးကြည့်တော့ ကောင်မလေးက သစ်လွင်တို့ ရွာက ဖြစ်နေတယ်။ ဒါနဲ့ ငါက အဲဒီရွာမှာ သစ်လွင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သိလားလို့ မေးကြည့်တော့ ကောင်မလေးက ပြန်မေးတယ်။ ဘယ်သစ်လွင်လဲတဲ့။ အဲဒီမှာ ငါနဲနဲ အံသြသွားတယ်။ ဒါနဲ့ ငါလဲ ပြန်မေးလိုက်တယ်။ သစ်လွင်က ဘယ်နှစ်ယောက်များ ရှိလို့ လဲလို့ ပေါ့။ ကောင်မလေးက သစ်လွင်နှစ်ယောက် ရှိတယ် ပုံသဏ္ဍန်ကို ပြေပြပါတဲ့။ ဒါနဲ့ ငါက ကျွန်တော့် သူငယ်ချင်း သစ်လွင်က အသားမဲမဲ ပုပုဝဝနဲ့ အားလူးမီးဖုတ်ထားတဲ့ ရုပ်နဲ့ လို့ ပြောလိုက်တော့ ကောင်မလေးက သြော်… ဒါဆို မဲကြီးပေါ့။ ငါလဲ ဗျာ… မဲကြီး ဟုတ်လား။ အင်းလေ ဟုတ်တယ် သူ့ ကို ရွာမှာ မဲကြီး သေရွာပြန် မဲကြီးလို့ ခေါ်ကြတာလေ။ သူငယ်ချင်း ဖြစ်ပြီး ဒါတောင်မသိဘူးလားတဲ့”

“ဘာ… မဲကြီး သေရွာပြန်မဲကြီး ဟုတ်လား”

“ဟဲ့ ဘယ်လို သစ်လွင်က ဘယ်နှယ့် သေရွာပြန် မဲကြီး ဖြစ်သွား ရတာလဲ”
ဟု ကောင်မလေးများက တစ်ယောက် တစ်ပေါက်ဖြင့် ဝိုင်းမေးကြသည်။ ညီရဲသစ်က မျက်လုံး တစ်ချက် ဝေ့ကြည့်ပြီး အကဲခတ်လိုက်တော့ အားလုံး သူ့ စကားကို စိတ်ဝင်တစား နားထောင်နေကြောင်း တွေ့ လိုက်ရသဖြင့် ကျေနပ်သွားသည်။ သစ်လွင်က ညီရဲသစ်ကို တခုခု ပြောမည့် ဟန်ဖြင့် ပါးစပ်ပြင်လိုက်သည်။

“ညီရဲသစ် မင်း…. မဟုတ်…”

ညီရဲသစ်က သစ်လွင်ကို စကား အဆက်မခံ-

“သူတို့ တွေက အရမ်း သိချင်နေပြီ သစ်လွင် ငါမပြောဘဲ နေလို့ မရတော့ဘူး။ ဒီတော့ ငါ့ကို ခွင့်လွှတ်ကွာ”
ဟု ညီရဲသစ်က ခပ်တည်တည်ဖြင့် ပြောလိုက်တော့-

“အေးလေ သစ်လွင် နင်က ဘာတွေ မဟုတ်တာတွေ လုပ်ထားလို့ လဲ”

“အာ… ငါက ဘာမဟုတ်တာမှ လုပ်မထားပါဘူးဟာ”

“ဒါဆို နင်က ဘာဖြစ်လို့ ညီရဲသစ်ကို တားနေရတာလဲ”

“အေးလေ နင်မဟုတ်တာ ဘာတစ်ခုမှ လုပ်မထားရင် နင်ဘာကြောက် နေစရာ ရှိလဲ”

“ညီရဲသစ် ဆက်ပြော”

သူငယ်ချင်း တသိုက် စကားအဆုံးမတော့ သစ်လွင် ခေါင်းကြီး ငုံသွားပြီး ဘာမှ ထပ်မပြောတော့ပဲ မြေကြီးကို သုတေသန လုပ်နေသည်။ ညီရဲသစ် သူ့ ကို ရိုက်ချဖို့ ခွင်ဆင်နေသည်ကို သူသိသည်။ သူတခုခုကို ပြောချင်နေသည်။ ဒါပေမယ့် ဘာကို ဘယ်ကနေ စပြောရမှန်း မသိပေ။ သူ့ ကိုယ်သူ သတ်ကွင်း တစ်ခုထဲ ရောက်နေသလို ခံစားနေရသည်။ ဒါပေမယ့် ဒီသက်ကွင်းထဲက သူဘယ်လို ရုန်းထွက်ရမလဲ ဆိုတာ စဉ်းစားမရ ဖြစ်နေသည်။

“ညီရဲသစ် ဆက်ပြောလေ ဘာလုပ်နေတာလဲ”

“အေးပါ ငါပြောပြမှာပါ မလောပါနဲ့ ဖြေးဖြေးပေါ့။ ဒီလိုဟာ အဲဒီကောင်မလေးကလဲ ငါ့ကို သေသေချာချာကို ပြောပြတာဟေ့…။ သစ်လွင် ငယ်ငယ်က အရမ်း အဆော့သန်တယ်တဲ့။ အဲဒါ တစ်နေ့ သူတို့ တွေ အတူတူ ဆော့နေကြတုန်း ဘယ်လိုကနေ ဘယ်လို သစ်လွင် လက်ကမြင်း လိုက်လဲ မသိဘူး။ သစ်လွင် တစ်ယောက် ဓာတ်လိုက်တာတဲ့။ ဘေးနားက လူကြီးတစ်ယောက်က ကပျာကယာ ဝါးလုံးခြောက်တစ်လုံး ဆွဲပြီး ဖြတ်ရိုက်လိုက်လို့ သစ်လွင် တစ်ယောက် ကံကောင်းသွားတာ ပြောတာဘဲ”

“ဟယ်… ဟုတ်လား ဒါဆို သစ်လွင် တစ်ယောက် ကံကောင်းသွားတာပေါ့နော်”

“ဒါပေါ့ ကံကောင်းသွားတာပေါ့။ ဒါမျိုးက အသက်ပါ သေသွားနိုင်တယ်လေ”

“အေးနော် တော်သေးတာပေါ့။ စကားမစပ် ဒါနဲ့ ဒီကိစ္စနဲ့ သစ်လွင် သေရွာပြန် မဲကြီး ဖြစ်သွားတာနဲ့ ဘာဆိုင်လို့ လဲ”

“အေးလေ ဘာဆိုင်လို့ လဲ နင်ဟာကလဲ မဟုတ်သေးပါဘူး”

“ဆိုင်ပါပြီကောဟာ နင်တို့ ကလဲ အဲဒီအဖြစ်အပျက်မှာ သစ်လွင်က သေတော့ မသေဘူး။ ဒါပေမယ့် သေလုမျောပါး ခံစားလိုက်ရတယ်။ ဆေးရုံကို မြန်မြန်ရောက်လို့  အသက်ကိုတော့ လုလိုက်နိုင်တယ်။ ဒါပေမယ့် ကံကောင်းလို့ အသက်ကို လုလိုက်နိုင်ပေမယ့် အသားတွေတော့ မဲသွားတယ်။ ကုလို့ 
မရတော့ဘူးတဲ့။ အရင် သစ်လွင်က ဒီလို အသားမဲနဲ့ မဟုတ်ဘူးတဲ့ အသားဖြူတယ်တဲ့… ။ ဒါပေမယ့် ဒီကိစ္စဖြစ်ပြီး နောက်ပိုင်းမှာ အသားမဲတာက ဘယ်လိုမှ ကုမရတော့လို့ ဒီလိုပုံစံ ဖြစ်သွားပြီး အဲဒီနောက်ပိုင်းလဲ သေရွာပြန် မဲကြီးလို့ နာမည်တွင် သွားခဲ့တယ်ပြောတာပဲ”

“ဟယ် ဟုတ်လား ဒီလိုဆိုတော့လဲ သစ်လွင် ဘဝက သနားစရာပါလားနော်”

“အေးဟယ် ငါဖြင့် သနားလိုက်တာ”

ဟူသော ကောင်မလေးများ ရေရွတ်သံများ အဆုံးတွင် သစ်လွင် တစ်ယောက် ဝုန်းကနဲ ကန်တင်းထဲမှ ထွက်ပြေး သွားလေတော့သည်။ ထိုနေ့ မှ စ၍ သစ်လွင်လဲ သေရွာပြန် မဲကြီး ဆိုသော နာမည်တစ်လုံးကို အပိုင်စား ရသွားလေတော့သည်။

ကြောင်… ကြည်နူး

ဆောင်းမနက်ခင်းက အုံအုံမှိုင်းမှိုင်းဖြင့် လူတစ်ယောက်ကို မပျင်းပျင်းအောင် တိုက်တွန်းနေသည်။ ဒီနေ့ လဲ အိပ်ယာထ နောက်ကျ၍ ညီရဲသစ် တစ်ယောက် ထုံးစံအတိုင်း အတန်းမမှီ သောကြာင့် သူငယ်ချင်းများကို ကန်တင်းမှပင် ထိုင်စောင့်နေလိုက်သည်။ ခပ်ငေါင်ငေါင်ဖြင့် တစ်ယောက်တည်း ဟိုတွေးဒီတွေးဖြင့် အတွေးများနေစဉ် ဆူညံဆူညံဖြင့် ကျောင်းသားတစ်စု မိမိနောက်ကျောဘက်တွင် လာထိုင်သောကြောင့် အတွေးစများ ပျက်သွားသည်။ စားပွဲဝိုင်းက နောက်ကျောဘက်တွင် ကပ်နေသောကြောင့် တမင်နားစွင့်ထားခြင်း မဟုတ်သော်ငြားလဲ သူတို့ ပြောသမျှ အသံများက နားထဲသို့ အလိုအလျောက် စီးမျောဝင်လာသည်။ ကျောင်းသားသုံးယောက်နှင့် ကျောင်းသူနှစ်ယောက် ဖြစ်ကြောင်းကို သူတို့ စကားသံများကို နားထောင်ကြည့်ရင်း သိလိုက်သည်။ ကျောင်းသား သုံးယောက်က အလွန်တက်ကြွနေသော လေသံများဖြင့် ပါးစပ်များက အငြိမ်မနေဘဲ ပေါက်ပေါက်ဖောက် သလိုကို ပြောနေကြသည်။

“အစ်ကိုတို့ ဘာမှာကြမလဲ ခင်ဗျာ…” စားပွဲထိုးလေး၏ တရိုတသေ မေးသံကို ကြားလိုက်ရသည်။
“သြော်… အေး နင်တို့ ဘာစားမှာလဲ မှာကြလေ။ ငါတို့ ရှင်းမှာပါ။ နင်တို့ ကြိုက်တာ မှာ…”

ဟု ကျောင်းသားတစ်ယောက်က လောကွတ်လုပ်သည်။ တခြား တစ်ယောက်ကလဲ အားကျမခံ

“ဘာမှအားမနာနဲ့ နော်။ ကြိုက်တာ မှာ…။ ငွေအတွက်က ဘာမှမပူနဲ့ ဈေးနဲတာကို မမှာနဲ့ ဈေးအကြီးဆုံး ဆိုတာတွေကို ရွေးမှာ။ ဈေးနဲရင် စေတနာ နဲသွားမှာ စိုးလို့  ဟဲ ဟဲ…”

ဟု ဆိုကာ စာရေးဆရာ မင်းမြတ်သူရ လေသံဖမ်း ပြောရလျှင် အလွန်မှ ကြောင်စီစီ နိုင်လှသော လေသံဖြင့် မျက်နှာချိုသွေးရင်း ဝင်ပြောသည်။ ဟင့်… ဒီကန်တင်းမှာ ဈေးအကြီးဆုံးကမှ ဘယ်လောက်ရှိမှာမို့ လဲဟု ညီရဲသစ်အမြင်ကပ်စွာ တွေးလိုက်မိသည်။ တခြားတစ်ယောက်ကလဲ အားကျမခံ

“မှာလေ ဘာမှ အားနာမနေနဲ့ ကြိုက်တာမှာလိုက် ငါတို့ ရှင်းမှာပါ။ နင်တို့ ကို မရှင်းခိုင်းပါဘူး”

ဟုဆိုကာ ပိုက်ဆံ အိတ်ကပ်ကို လက်ဖြင့် ပုတ်ရင်း ပြောသည်။ အင်း… တော်တော်ပိုက်ဆံပေါနေတယ်နဲ့ တူတယ် ငါ့ဟာလေးပါ ထည့်ရှင်းခိုင်းလိုက်မှနဲ့  တူတယ်။ ထိုစကားသံများကို ကြားတော့ ဘာရယ်မဟုတ် ညီရဲသစ် တစ်ယောက်တည်း တွေးရင်း ပြုံးမိလိုက်သည်။

“ရပါတယ်ဟာ… ငါတို့ စားတာ ငါတို့ ဘာသာ ရှင်းမှာပါ။ မောင်လေး လက်ဖက်ထမင်း တစ်ပွဲ ကြက်ဥကြော် ထည့်မယ်နော်”

ဟု ကျောင်းသူ တစ်ယောက်က ပြောရင်း မှာလိုက်သည်။

“ဟာ… မဟုတ်တာ ငါတို့ မုန့် ကျွေးမယ်ပြောပြီး ခေါ်လာတာ ငါတို့ ရှင်းမှာပေါ့။ လက်ဖက်ထမင်းကိုလဲ ကြက်ဥကြော်ပဲ မလုပ်နဲ့ လေ။ ဝက်အူချောင်းကြော်နဲ့ အမဲကြော်ပါလုပ်လိုက် နောက်ပြီး လက်ဖက်ရည် ပေါ့ဆိမ့် ရှယ်တစ်ခွက်ပါ လုပ်လာခဲ့လိုက် ဟုတ်လားညီလေး”

ဟုဆိုကာ စားပွဲထိုးလေးကို ထပ်မှာနေသည်။ တခြားတစ်ယောက်ကလဲ

“သူငယ်ချင်း တစ်ခုခုမှာလေ ဘာမှ အားမနာနဲ့ နော်။ တို့ က တကယ် စေတနာရှိပါတယ် ဟန်ဆောင်ပန်ဆောင် ပြောနေတာ မဟုတ်ပါဘူး။ တကယ် ကျွေးနေတာပါ…”

“အင်း… ဒါဆိုလဲ အားမနာတော့ဘူး မှာမယ်နော်။ မောင်လေးရေ… အစ်မဖို့ ကြေးအိုး တစ်ပွဲနဲ့ ကော်ဖီမစ် ရှယ်တစ်ခွက်ပါ ယူခဲ့ပါကွယ်”

ဟု တခြားတစ်ယောက်ကလဲ မှာလိုက်သံကို ကြားလိုက်ရသည်။ ညီရဲသစ်တစ်ယောက်လဲ သူငယ်ချင်းတွေ လာရာလမ်းကို မျှော်ရင်း အတွေးတွေထဲ မျောလွင့် နေမိသည်။ တခါတခါ ကျောင်းသားသုံးယောက်၏ ပလီပလာ တီတီတာတာ ကြောင်တောင်တောင် နိုင်လှသော အသံများက နားအတွင်း စီးမျောဝင်လာ တတ်သေးသည်။ အတွေးထဲ မျောနေသော ညီရဲသစ် နောက်ဘက်ဝိုင်းမှ ဒါဆို ငါတို့ အရင် ပြန်နှင့်မယ်နော် ဆိုသော အသံနှင့် ကောင်မလေး နှစ်ယောက် ထွက်သွားပြီးနောက် ကျွတ်စီကျွတ်စီဖြင့် တွတ်ထိုးနေသော ကျောင်းသားသုံးယောက် အသံများကြောင့် နိုးထလာခဲ့သည်။

“ဟာ… ဒီလောက်တောင် ကျတယ်လား”
“အေးလေ… ဒီလောက်ထိတောင် ကျတယ်လားကွာ။ ငါ့မှာ အဲဒီလောက်ပိုက်ဆံ မပါဘူးကွ”
“ဟာ… အဲဒီလိုတော့ မရဘူး ဟေ့ကောင် ခုနကတော့ မင်းအသံချည်းပဲ မင်းဘဲ အတင်းမှာခိုင်းနေတာလေ။ သူ့ ဘာသာသူ ကြက်ဥကြော်နဲ့ စားနေတာ ဟုတ်ရဲ့ သားနဲ့ လျှာရှည်ပြီး ဝက်အူချောင်းကြော်နဲ့  အမဲကြော်ပါ မင်းဘဲ မှာပေးလိုက်တာလေ”
“အောင်မာ မင်းကရော ဘာထူးလို့ လဲ ဟိုက မစားပါဘူးဆိုတဲ့ဟာကို အတင်းမှာခိုင်းလို့ ဟိုက ကြေးအိုးမှာလိုက်တာလေ။ ဟင်း… ကော်ဖီမစ်ရှယ်ကပါ အဆစ်ပါလိုက်သေးတယ် မပြောလိုက်ချင်ဘူး”
“ကဲကဲ ဟေ့ကောင်တွေ မင်းတို့ အပိုတွေ ပြောမနေနဲ့ ခုမှ ဟိုကောင့်ကို လွှဲချ ဒီကောင့်ကို လွှဲချ လုပ်မနေကြနဲ့ ပါတဲ့ပိုက်ဆံ အကုန်ထုတ်ကြ မလောက်ရင် ဆိုင်ရှင်ဆီမှာ ခဏ အကြွေးထားခိုင်းရမှာဘဲ။ ကျောင်းသားကဒ်တွေပါ တခါတည်း ပေးလိုက်”

ဆိုသော စကားသံများကို ကြားပြီး ညီရဲသစ် တစ်ယောက် ပြုံးရင်း
သြော်… ကြောင်နေရရင် ကြည်နူးနေတဲ့ ကောင်တွေပါလား ဟု တွေးလိုက်မိသည်။ ညီရဲသစ် အတွေးမဆုံးမှီမှာပင် စိုးမိုးနှင့် သန်းဇော် တို့ ငြင်းရင်းခုန်ရင်း ရောက်လာကြသည်။ ဒီနှစ်ကောင်က ဒီအတိုင်းပင် အမြဲငြင်းခုန်နေကြသည် မတည့်အတူနေဆိုတာ ဒီနှစ်ကောင်မှ အစစ်။ သူတို့ နှစ်ယောက်ကို မတည့်အတူနေမို့  မင်းတို့ နှစ်ယောက်ကလဲ ခွေးနဲ့ မျောက်လိုဘဲလို့ ပြောလိုက်လို့ ကတော့ သူခွေး ငါခွေးနဲ့ ငြင်းလို့ ကို မဆုံးနိုင်တော့ပေ။

“ဘာတွေ ဖြစ်လာပြန်ပြီလဲကွာ… မင်းတို့ ကလဲ တွေ့ လိုက်တာနဲ့ ငြင်းခုန် နေတော့တာဘဲ” ဒီတော့ သန်းဇော်က-

“မနေ့ က ကိစ္စကို ပြောနေကြတာပါကွာ”

“မနေ့ က ကိစ္စ ဘာကိစ္စမို့ ဒီလောက် အော်ဟစ် ငြင်းခုန်နေကြတာလဲ”

“ဘာဖြစ်ရမှာလဲကွာ။ ဟိုကောင် သစ်လွင်ပေါ့ ငါတို့ ကို လူလည်လုပ်သွားတယ်လေ။ ငါက ပြန်ပြောမယ်လုပ်တော့ ဒီကောင်က ထားလိုက်ပါကွာ ဒီလောက်လေးနဲ့  ပြောမနေပါနဲ့ တော့ ဆိုပြီး ငါ့ဝင်ကို တားတယ်လေ။ ဟင်း… ငါမသိရင် ခက်မယ် ဒီကောင်ကလဲ အဲဒီ ကောင်မလေး အုပ်စုထဲက တစ်ယောက်ကို ကြောင်နေတာလေ ငါတို့ မသိဘူး ဆိုပြီး သူ့ ကိုယ်သူ ဟုတ်လှပြီ မှတ်နေတာ”

“နေကြပါဦးကွာ။ မင်းတို့ ပြောနေတာတွေကို ငါနားမလည်ဘူး။ ငါ့ကိုလဲ ရှင်းရှင်းလင်းလင်းလေး ပြောစမ်းပါဦး” ဟု ကျွန်တော်က မေးလိုက်တော့-

“ဖြစ်ပုံက ဒီလို ငရဲရေ… မနေ့ က မင်းဆင်တဲကို ပြန်သွားလို့ ငါနဲ့ ဒီကောင်နဲ့ နှစ်ယောက်တည်း မေတ္တာရိပ်မှာ လက်ဖက်ရည် ထွက်သောက်ကြတာ။ အဲဒီအချိန်မှာဘဲ ဟိုကောင် သစ်လွင်တစ်ယောက် ပေါက်ချလာပြီး ငါတို့ ဝိုင်းမှာ လာထိုင်တယ်။ မင်းလဲ သိတဲ့ အတိုင်းဘဲ ဒီကောင်က ဖွန်ကြောင်လေ။ ကြောင်နေရရင် ကြည်နူးနေတဲ့ကောင်… မြင်မြင်သမျှထန်းတော ငါ့ထန်းတော မြင်မြင်သမျှ မိန်းကလေး ငါ့ကောင်မလေး ဆိုတဲ့ကောင်လေ။ ဒါကို မင်းလဲ သိတယ်မဟုတ်လား”

“အေးပါ… ဒီကောင် ဖွန်ကြောင်တာ ငါသိပါတယ်။ မင်းကိစ္စကိုသာ ဆက်ပြောပါ”

“အေးဟေ့ ဒီကောင်က ငါတို့ ဝိုင်းမှာ စွေ့ ကနဲ ဝင်ထိုင်ပြီးရုံ ရှိသေးတယ်။ ရှေ့က ဖြတ်လျှောက်သွားတဲ့ အတန်းထဲက ချောချောတို့ ကိုလဲ တွေ့ ရော အတင်းခေါ်ပြီး မုန့် ကျွေး၊ လက်ဖက်ရည်တိုက် လုပ်တော့တာပဲဟေ့…”

“သူ့ ဘာသာသူ ဝယ်ကျွေးတာဘဲကွာ။ ဘာဖြစ်လဲ မင်းတို့ နဲ့ ဘာဆိုင်လို့ လဲ” ဟု ညီရဲသစ်က မေးလိုက်တော့ သန်းဇော်က ညီရဲသစ်ကို ဘုကြည့်ကြည့်ရင်း-

“မင်းက ဘာမှ မသိပဲ ရမ်းမပြောနဲ့ လေ။ မဆိုင်ရင် ငါက ပြောပါ့မလားကွာ။ ဒီကောင့်အကြောင်းလဲ မင်းသိသားနဲ့ ဒီကောင်က ကောင်မလေးတွေ ပြန်သွားပြီး ပိုက်ဆံရှင်း တော့မှ ဘယ်လောက်ကျတယ်။ ငါတို့ က သုံးယောက်ဆိုတော့ မင်းတို့ နှစ်ယောက်က တစ်ယောက်ကို ဘယ်လောက်ကျတယ် လုပ်တာလေ။ ဒါဒီကောင် လူလည်ကျတာ မဟုတ်လို့ ဘာလဲ။ ကောင်မလေးတွေကတော့ ဒီကောင် ဝယ်ကျွေးတာလို့ ဘဲ ထင်သွားတာလေ။ ငါတို့ မှာသာ လက်ဖက်ရည် တစ်ယောက် တစ်ခွက် သောက်ပြီး ပိုက်ဆံ နှစ်ထောင်စီ ထုတ်ရှင်းလိုက်ရတာ။ ဒါကို ငါက ပြောမယ်လုပ်တော့ ဒီကောင်က တားတယ်လေ။ ငါသိတာပေါ့ ဒီကောင်က အဲဒီထဲက ဖြူဝင်းကို ကြောင်နေတာကိုလေ။ ဒီကောင်လဲ ဘာမှ မထူးဘူး ဖွန်ကြောင်ဘဲ…”

ဟု သန်းဇော်က စကား အရှည်ကြီးကို မမောတမ်း ပြောချသွားလေသည်။ ဒီတော့မှ ကျွန်တော်ကလဲ-

“အေးလေ… ဒါကတော့ မင်းတို့ ညံတာဘဲ။ စိုးမိုး မင်းကလဲ ဟုတ်တယ်။ သန်းဇော်ပြောလဲ ပြောချင်စရာဘဲ။ဒီကောင့် အကြောင်းလဲ သိသားနဲ့ ပြီးရင် သူက ဘယ်သူတွေကို ဘာဝယ်ကျွေးလိုက်တယ် ဆိုတာ အသံကောင်း ဟစ်ဦးမှာ မင်းတို့ ပိုက်ဆံ စိုက်လိုက်ရတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ မင်းကြောင်ချင်လဲ တခြားနည်းနဲ့ ကြောင်တာမဟုတ်ဘူး။ ဒီကောင်နဲ့ မှ သွားပတ်သက်ရတယ်လို့ ကွာ”

“ဟာ… ငါတို့ က သွားပတ်သက်တာ မဟုတ်ပါဘူးကွာ။ ငါတို့ ဘာသာ ထိုင်နေတာကို ဒီကောင်က လာပတ်သက်တာပါ”

“အေးဒါဆိုလဲ ဒီကောင် ဒီဇာတ်ခင်းတော့မှာကို သိမှတော့ ကြိုကာ ထားမှပေါ့ကွ” ဟု ညီရဲသစ်ကပြောတော့။

“မင်းကလဲ ပြောတော့ လွယ်တယ် ကြိုကာထားရအောင် ဘယ်လို ကြိုကာထားရမှာလဲ”

“သူဒီလို လုပ်တော့ မှာကို သိနေမှတော့ ဒီလိုကွာ….”

ညီရဲသစ် စကားပင် မဆုံးသေး။ သူတို့ ဝိုင်းဆီ ဦးတည်၍ သစ်လွင် တစ်ယောက် အော်ကြီးဟစ်ကျယ်ဖြင့် ရောက်လာသောကြောင့် ပြောလက်စ စကားတန်လန်းဖြင့် ရပ်သွားသည်။ု သစ်လွင်က တောသား မြို့ တက် ဂျင်းဝမ်းဆက် ဆိုသည့် စကားအတိုင်း ဂျင်းဝမ်းဆက်ဖြင့် တောက်ပြောင်သားနားနေသည်။ မှတ်ချက်။ ။ ရုပ်ကတော့ တော်တော်ဆိုးသည်။

“ဟေ့ကောင်တွေ မင်းတို့ က ဒီမှာ လာနှပ်နေကြတာကိုကွ။ ဒါနဲ့ ချောချောတို့ အဖွဲ့ ကို တွေ့ လိုက်သေးလား။ သူတို့ ကို မုန့် ကျွေးမယ်ပြောပြီး ခေါ်ထားတာလေ။ မရောက်သေးဘူးထင်တယ်”

“အေး… ဟုတ်မယ်ထင်တယ်ကွ။ ငါရောက်နေတာ ကြာပြီ ခုထက်ထိတော့ မတွေ့ သေးဘူး” ဟု ညီရဲသစ်က ပြန်ပြောလိုက်တော့

“အေး ဒီကနေဘဲ စောင့်နေလိုက်တော့မယ်ကွာ။ သူတို့ လဲ လာကြတော့မှာပါ”

ပြောနေရင်းမှာပင် ချောချောတို့ အဖွဲ့ တစ်အုပ်တစ်မကြီး ချီတက်လာကြသည်။ ကျောင်းသူအုပ်လိုက်ကြီးကို မြင်တော့ သစ်လွင်တစ်ယောက် ဝမ်းသာအားရ လှမ်းခေါ်သည်။ ဒါကို မြင်တော့ စိုးမိုးနဲ့ သန်းဇော်က ညီရဲသစ်ကို ဘယ်လိုလဲ ဟူသည့် အမူအရာဖြင့် မျက်စလှမ်းပြသည်။ ညီရဲသစ်ကလဲ အသာနေဆိုသည့် အမူအရာဖြင့် လက်ကာပြသည်။ အဲဒီအချိန်မှာပဲ ချောချောတို့ ကောင်မလေးတစ်သိုက် လက်ပံပင် ဆက်ရက်ကျသလို ထိုင်ခုံတွေ ကိုယ်စီကိုယ်စီဖြင့် တဝုန်းဝုန်းဖြင့် ဝင်ထိုင်ကြသည်။ သစ်လွင်ကတော့ အော်ကြီးဟစ်ကျယ်ဖြင့် ထုံးစံအတိုင်း အလုပ်ရှုပ်သွားသည်။ ကောင်မလေးတွေကို

“ဟဲ့… ဘာစားမှာလဲ ဟိုဟာစားပါလား ဒီဟာ စားပါလား၊ ဘယ်ဟာကတော့ ကောင်းတယ် ဒီဟာကတော့ ကောင်းတယ်”

ဖြင့် လောကွတ်တွေ လုပ်နေသည်။ ဒါကို ကြည့်ပြီး ဟိုနှစ်ကောင်ကတော့ မျက်စိ မျက်နှာတွေ ပျက်နေကြသည်။ သစ်လွင် ဘယ်အချိုးချိုးတော့ မည်ကို သိနေသည်ကိုး။ ညီရဲသစ်ကတော့ ဘာမှမပြော ပြုံးပြုံးဖြင့် ကြည့်နေပြီး ကောင်မလေးတွေနှင့်ပင် တဝါးဝါး တဟားဟားဖြင့် အဖွဲ့ ကျနေသေးသည်။ ခဏနေတော့ ကျောင်းသူ အုပ်စုက ပိုက်ဆံထုတ်ပြီး ရှင်းမယ်လုပ်တော့ သစ်လွင်ကလဲ ထုံးစံအတိုင်း နေနေ သူရှင်းလိုက်မည် ဆိုသည့်အကြောင်း ပြောသည်။ ကောင်မလေးတွေ ပြန်သွားပြီး ပိုက်ဆံရှင်းမည် လုပ်တော့ သစ်လွင်က ထုံးစံအတိုင်းပင်

“ပိုက်ဆံက ဒီလောက်ကျတယ် တို့ ကလေးယောက် ဆိုတော့ တစ်ယောက်ကို ဘယ်လောက်ကျလဲ ဆိုရင်”

သစ်လွင် စကားမဆုံးသေးခင်မှာပင် ညီရဲသစ်က-

“ပိုက်ဆံ ဘယ်လောက်ကျကျ သူတို့ တွေကို မုန့် ဝယ်ကျွေးမယ်လို့ ပြောပြီး မင်းခေါ်လာတာလေ၊ ခုနကလဲ မင်းရှင်းလိုက်မယ်လို့ မင်းပါးစပ်ကပဲ ပြောလိုက်တာ ဒီတော့ ငါသောက်ထားတဲ့ လက်ဖက်ရည်ဖိုးတော့ မရှင်းပါနဲ့ ငါပဲ ရှင်းလိုက်ပါ့မယ်။ ညီလေးရေ… ဒီမှာ လက်ဖက်ရည်ဖိုး ကျန်တာ ဒီက အစ်ကို ရှင်းလိမ့်မယ်နော် ဟုတ်ပြီလား”

ဟု ပြောကာ စိုးမိုးတို့ ဘက်လှည့်၍ ငါသွားတော့မယ် မင်းတို့ ကရော ဘယ်လိုလုပ်မှာလဲ မေးလိုက်တော့-

“ဟေ… ဟာ… နေဦးလေ ငါတို့ လဲ လိုက်မှာပေါ့ ဒီမှာ ငါတို့ လက်ဖက်ရည်ဖိုး” ဟုဆိုကာ ပိုက်ဆံကို စားပွဲပေါ် တင်ထားခဲ့ပြီး ညီရဲသစ် နောက်ကနေ ဒရောသောပါးဖြင့် ပြေးလိုက်လာကြသည်။သစ်လွင် တစ်ယောက်မှာသာ စားပွဲဝိုင်းတွင် တစ်ယောက်တည်း ထိုင်ကျန်ရစ်ခဲ့ရင်း

“ဟာ… ဟေ့ကောင်တွေ နေဦးလေ ခဏနေပါဦးဟ”

ဖြင့် တစ်ယောက်တည်း အော်ဟစ် ကျန်ခဲ့လေတော့သည်။ ထိုအချိန်တွင် ညီရဲသစ်တို့ မှာတော့ အတန်းရှေ့ရောက်ပြီး သုံးယောက်သား တစ်ယောက်လက်ဝါး တစ်ယောက်ရိုက်ရင်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ အော်ရယ်လိုက် မိကြသည်။ သြော်… ကြောင်နေရရင် ကြည်နူးနေသည့် ကြောင်… ကြည်နူး လေးတွေကလဲ နေရာ အနှံမှာ ရှိနေကြပါလားဟု ညီရဲသစ်တစ်ယောက် တွေးလိုက်မိသေးသည်။

Page 1 of 41234