ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443524
  • Visitors today:40
  • Visitors yesterday:92
  • Visitors last week:644
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘ဟာသ’

သင်္ကြန်တွင်းမှာ အကွက်ထွင်

သင်္ကြန်ရောက်တော့မည် ပိတောက်ပန်းများကလည်း ပွင့်ဝေဖို့အတွက် အပင်ထက်မှာ အရှိန်ယူနေကြပြီ ဖြစ်ပါတယ်။ ပွင့်တာမပွင့်တာအသာထား ခူးမည့်သူတွေကတော့ ညတောင်မအိပ် နိုင်ပဲ ရယ်ဒီ စောင့်နေကြတာ။ ကျွန်တော်တို့အိမ်နားက အုန်းပင်ကြီးဆို သင်္ကြန်ရောက်ရင် သူလည်းအုန်းလက်တွေ အခုတ်ခံရတော့မှာဆိုတော့ မျက်နှာပျက်နေရှာပါတယ်။ အိမ်နဲ့ဝေးဝေးမှာရောက်နေပြီး ပြန်ချင်ရက်နှင့် အိမ်ပြန်ရန်အခွင့် မသာသူတွေအဖို့တော့ သင်္ကြန် သီချင်းလေးတွေ အလွမ်းပြေဖွင့် နေရတဲ့ တကယ့်ကိုလွမ်းစရာလေးတွေ ဖြစ်နေကြချိန်လေးပေါ့ကွယ်။

ကျွန်တော် ကတော့ မွေးကတည်းကပါလာတဲ့ သင်္ကြန်ပိုးကိုဘယ်တော့မှသတ်လို့ရမယ်မထင်ပါဘူး ငယ်ငယ်တုန်းကဆို မနက်ဖြန် သင်္ကြန်အကြိုနေ့ဆိုရင် ဒီနေ့လိုနေ့မျိုးမှာ ဘယ်လိုမှအိပ်လို့ မပျော်နိုင်အောင်ကို သင်္ကြန်ကို ခရေစီ ဖြစ်ခဲ့ရတဲ့သင်္ကြန်ခရေစီ စစ်စစ်တစ်ယောက်ပါ။ ကြီးလာတော့ ဖြစ်လာတဲ့ရောဂါအသစ်ကတော့ သင်္ကြန်ရေပတ်ခံကားဖြင့်ထွက်လည်တတ်တဲ့ရောဂါ တိုးလာပါတယ်။ ခက်နေတာက ပိုက်ဆံပါပဲ သင်္ကြန်လည်ဖို့ ပိုက်ဆံကိုကျွန်တော့်မိဘများက အလွယ်တကူထုတ်ပေးခဲပါတယ်။

ကျွန်တော်မှာသူများတကာလို ရေပတ်ခံကားအထွေအထူးရှာစရာ မလိုပါဘူး။ လက်ထဲသာပိုက်ဆံရောက်လို့ကတော့ ကျွန်တော့်လို သင်္ကြမင်းသားကြီး တစ်ယောက်ဖြစ်တဲ့ ကျွန်တော့် ဘော်ဒါကြီး ဂျိုကာ ကြက်ရိုး လက်ထဲကိုသာငွေထည့်ပေးလိုက် ရုံပါပဲ။ ပြီးရင်ကိုယ်လည်ရမဲ့ နေ့ရောက်မှ အိမ်ရှေ့ကထွက်စောင့်ပြီး သူတို့ကားလာတာနဲ့ တက်လိုက်သွားရုံပါပဲ။ ခုဟာက ပိုက်ဆံကိုရှာလို့ မရသေးတာပါပဲ ပိုက်ဆံရှာတယ်ဆိုလို့ သင်္ကြန်လည်တော့မယ်ဆိုရင် ဘယ်အမျိုးကမှ သင်္ကြန်လည်ဖို့ အလှူငွေကလည်း မထည့်ကြတော့ အိမ်ကအဖေနဲ့ အမေ့ ကိုပဲမျက်လှည့်ပြ ရတော့တာပါပဲ။

မျက်လှည့်ပြတယ်ဆိုတာ ကဒီလိုပါ ကျွန်တော် ၅တန်း၊ ၆တန်းလောက် အရွယ်ရောက်တော့ ကျောင်းသားကြီးတွေနဲ့ ပေါင်းပြီးဆေးလိပ်တွေဘာတွေ သောက်တတ်စပြုနေပါပြီ ဒီတော့ သူတို့တွေ ကျောင်းအိမ်သာကိုသွားပြီး ဆေးလိပ်သောက်ပြီဆိုရင် ကျွန်တော်လည်း ဆရာတွေအလစ် လိုက်သွားပြီး သောက်တတ်ပါတယ်။ ကျွန်တော်တို့ကျောင်းဧရိယာ ကတော်တော်လေးကျယ်ပါတယ်။ ကျွန်တော်တို့ စာသင်ဆောင်နောက်ဖက်ကနေ အိမ်သာအထိကို တော်တော်လေးဝေးပါတယ်။ ကြားထဲမှာလည်း တစ်ခြားစာသင်ဆောင်တွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ စာသင်ဆောင်နောက်က နေစလို့ ကျောင်းအိမ်သာဆောင်တွေ ထိရောက်အောင် မြင့်မားထူထပ်သည့် ခြုံတောကြီးကရှိနေပါတယ်။

ကျွန်တော်တို့သူငယ်ချင်းတစ်စုက ဒီချုံတောကြီးထဲမှာ အရေးပေါ်လမ်းကြောင်းတစ်ခု ဖောက်ထားကြပါတယ်။ တော်ရုံတန်ရုံဘယ်သူမှ မသိနိုင်တဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုပေါ့။ ကျောင်းသားကြီးများနှင့် ဆေးလိပ်လိုက်သောက်ရတာကလည်း တော်တော်မလွယ်တဲ့ ကိစ္စပါ။ သူတို့တွေ အခန်းထဲကနေ ထွက်နေကြပြီဆိုကတည်းက ဆရာတွေကလည်းမသိမသာ လေ့လာနေကြပါတယ်။ လူတွေလည်းများ ထွက်တဲ့အချိန်ကလည်း ကြာပြီဆိုရင်တော့ ဆရာတွေအုပ်လိုက်ကြီး လိုက်လာကြပါလေရောဗျို့။ တော်ရုံလျင်တဲ့ သူတွေတောင် ပြေးလို့မလွတ်ပါဘူး။ အထူး ကျောင်းကွန်မန်ဒိုဆရာ တွေဆိုပါတော့။

သူတို့က ဆရာတွေမိတာလည်း မပြောနဲ့လေ။ အိမ်သာထဲမှာ ဆေးလိပ်ခိုးသောက်တာကို ဟိုတယ်မှာဘီယာသောက်ရင်း စီးကရက်ဖွာနေတဲ့ စတိုင်တွေနဲ့ ဟန်များပြီး သတိလက်လွတ်နေကြတော့ ဆရာတွေပြုန်းကနဲလည်း ဝင်လာရော ဟာ… တွေဘာတွေတောင် လုပ်မနေနိုင်ပါဘူး။ ရုံးခန်းထဲ တန်းပါသွားကြပါလေရော။ ဒီလိုအဖမ်းခံရတဲ့ အီထဲမှာ ကျွန်တော်က ဘယ်တော့မှမပါ ပါဘူး။ မပါဆို ကျွန်တော်က ဆေးလိပ်သာခိုးသောက်နေတာ မျက်လုံးတွေက ဝင်ပေါက်ထွက်ပေါက်တွေကို အာရုံပြုနေပြီး အရေးပေါ်လမ်းကြောင်းဝမှာ ထိုင်နေတာပါ။ ပြီးတော့ ဒီလမ်းရှိတာဘယ်သူ့ကိုမှလည်း ပြောမထားဘူးလေ။ ဒီတော့ ဆရာတွေဝင်ဖမ်းလို့ ဝရုန်းသုန်းကား ဖြစ်ကြပြီဆိုတာနဲ့ အရေးပေါ်လမ်းကြောင်းကနေ ကျွန်တော်က အောင်မြင်စွာ ထွက်ခွာသွားပြီလေ။

ကျန်တဲ့သူတွေကိုလည်း ဒီလမ်းပြပေးမထားတော့ ကျွန်တော်ကို လိုက်ဖမ်းလို့မရတော့ဘူးပေါ့။ အိမ်သာမှာ ဆေးလိပ်ခိုးသောက်တဲ့ ကျောင်းသားတွေကို ဆရာတွေဖမ်းလို့မှ လူမစုံသေးဘူး ကျွန်တော်က အရေးပေါ်လမ်းကြောင်းကနေ ပြေးလာပြီး ကျွန်တော်တို့အခန်းနောက်ပေါက်ရောက်မှ ခြုံထဲကနေထွက် ပြုတင်းပေါက်ကနေကျော်တက် အခန်းထဲဝင်ပြီး ဟန်မပျက်ထိုင်နေလိုက်တာပေါ့။ အခန်းထဲက သူငယ်ချင်းတွေကလည်း မအံ့အောကြပါဘူး။ ကျွန်တော်က ဒါမျိုးကို တစ်ခါတစ်လေ ဘာမှမဖြစ်ပဲတောင် လေ့ကျင့်ခန်းလုပ်နေတာဆိုတော့ သူတို့ကတော့ ဒါမျိုးမြင်နေရတာ ရိုးနေတော့ဘာမှ မပြောကြပါဘူး။

ဆေးလိပ်ခိုးသောက်တဲ့ အဖွဲ့ထဲကနှုတ်မလုံတဲ့ လူတစ်ယောက်က ကျွန်တော်နာမည်ကိုဖော်လိုက်လို့ ကျွန်တော်တို့ အခန်းလာပြီး ကျွန်တော်ကိုလာမကြည့်နဲ့ ကျွန်တော်ကတော့ပုံမပျက် ပါပဲ။ လာစုံစမ်းတဲ့ဆရာက ကျွန်တော်တို့အခန်းထဲက ဆရာကိုမေးကြည့်တော့လည်း ကျွန်တော်နောက်ပေါက်ကနေ အခန်းထဲဝင်လာတာ သူတောင်မသိလိုက်တော့ မဟုတ်ပါဘူးပေါ့။ ဒါနဲ့လာမေးတဲ့ စုံထောက်ကျော် ဆရာကြီးလည်း အီလည်လည်ကြီးနဲ့ ပြန်ထွက်သွားရပါလေရော။ ကျွန်တော်တို့ အဖွဲ့ကို လိုက်ဖမ်းနေကြ ဆရာ “လူပြိုကြီး” တစ်ယောက်ဆို အတော်အကြွားသန်ပါတယ်။

ပြောလိုက်ရင်တော့ ကျွန်တော်တို့ကျောင်းမှာ အပ်ကျတာကအစ သိတယ်ဆိုပြီး ဆေးလိပ်ခိုးသောက်တဲ့အဖွဲ့မှာ ကျွန်တော်ပါတာနဲ့ ကျွန်တော်တို့ဖောက်ထားတဲ့အရေးပေါ်လမ်းက ကျောင်းအိမ်သာနဲ့ကျွန်တော်တို့စာသင်ခန်းနောက် တောက်လျှောက်ပေါက်နေတယ် ဆိုတာကို သူကျောင်းကနေ ပင်စင်ယူသွားတဲ့အထိတောင် သိမသွားရှာပါဘူး။ ဟဲဟဲ.. ကြုံတဲ့တစ်နေ့မှ သွားပြောရအုံးမယ်…။

အိမ်မှာတော့ ကျွန်တော်သိပ်ပြီး မျက်လှည့်မပြရဲပါဘူး။ ကျွန်တော်ကိုမွေးထားတဲ့ ကျွန်တော်အမေက ကျွန်တော့်အကြောင်းကို သိတယ်လေ။ ဒါကြောင့် မပိုင်ရင်တော့ မလုပ်ရဲပါဘူး။ တစ်နှစ် သင်္ကြန်တုန်းကထွက်လည်ဖို့ ပိုက်ဆံမရှိတာနဲ့အိမ်မှာလူကြီးတွေမရှိတုန်း အိမ်တွင်းစီးပွားရေး လုပ်ပါတယ်(ဖွက်ထားတဲ့ ငွေတွေလိုက်ရှာတာပါ)။ တစ်နေကုန်အောင်ရှာတာတောင် ကွမ်းဖိုးထက်ပို မရပါဘူး။ ဒါနဲ့ငွေရှာတဲ့ အလုပ်ကို ရပ်နားလိုက်ရပါတယ်။ ဟူး….ငွေရှာရတာ တကယ်မလွယ်ပါဘူး။

ငွေရှာလို့မရတော့ သယံဇာတ ရှာဖွေရေးဖက်ကို လှည့်ရပြန်ပါလေရောဗျို့.. အိမ်ထဲမှာ လွယ်လွယ်ကူကူနဲ့ ငွေဖြစ်နိုင်မယ့် ပစ္စည်းကိုရှာရတာလည်းအတော့်ကို မလွယ်ကူပါဘူး။ နောက်ဆုံးတော့ ရှိုးကေ့(စ်) ထဲမှာ ကျွန်တော့် အဖေကို နိုင်ငံခြားသားတစ်ယောက်က လက်ဆောင်ပေးထားတဲ့ အလွန်တစ်ရာလှပတဲ့ ပုံစံနဲ့ နိုင်ငံခြားဖြစ် အရက်ပုလင်းတစ်လုံးရှိနေပါတယ်။ အရက်နာမည်ကြီးကတော့ ပုလင်းလှလှကြီးနဲ့မလိုက်ပါဘူး။ ရွံ့စရာနာမည်ကြီးပါ ချီးဖတ် တဲ့ (CHEVAS) ကျွန်တော်အဖေက အရက်မပြောနဲ့ ဘီယာတောင်မသောက်ပါဘူး။ ဒါကြီးကို ရှိုးကေ့(စ်)ထဲထည့်ထားတယ်ဆိုတာလည်း အလှပြထားတဲ့ သဘောပါ။

သူ့ခမျာ သူ့အပေါင်းသင်းတွေလာရင် ဒါကြီးကိုပြပြပြီး ဂုဏ်ယူနေပါတယ် (သောက်ချင်တဲ့သူရှိလည်း မတိုက်ပါဘူး) ဒီပုလင်းကြီးကို သဘောကျကြလို့ တစ်ချို့ အပေါင်းသင်းတွေကပြန်ရောင်းဖို့ပြောရင်လည်း လုံးဝမရောင်းပါဘူး။ ကျွန်တော့် အဖေသူငယ်ချင်း “ဦးမြင့်” ဆိုတဲ့ လူတစ်ယောက်က ဒီပုလင်းကြီးကို အရမ်းသဘောကျနေတာကို ကျွန်တော်သိထားပါတယ်။ ဒါပေမယ့် ဒါကြီးကို ဒီတိုင်းရောင်းလို့ကလည်း မဖြစ်သေးဘူးလေ တော်ကြာသင်္ကြန်လည်ပြီးလို့ သင်္ကြန်ကားပေါ်ကဆင်းတာနဲ့ မြေကြီးပေါ်ပဲနင်းရတော့မှာလေ။ အိမ်ပေါ်ပြန်တက်လို့ရမှာမဟုတ်တော့ဘူး။ တော်ကြာ သင်္ကြန်လည်ရင်းနဲ့ ဖိနပ်တွေဘာတွေ ကျွတ်ကျန် ခဲ့ရင် ပိုဆိုးပြီပေါ့ ဖိနပ်မပါပဲ လမ်းပေါ်လျှောက်သွားနေရတော့မယ်။

ဒါနဲ့ပေါ့ဗျာ “လူမစွမ်း နတ် မ” ဆိုတဲ့ စကားလိုပေါ့ မှောင်ခိုပစ္စည်းတွေ အရောင်း အဝယ်လုပ်တဲ့ နေရာမှာ နတ်တပါးလို စွမ်းပြီး စနေမောင်မောင်လို ထက်တဲ့ ကျွန်တော့် သူငယ်ချင်း စနေဘဘ ရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ်။ စနေဘဘ ရဲ့ လက်ထဲကို ထည့်ပေးလိုက်ပြီး နာရီဝက်လောက် သာသာမှာပဲ မူလကပေးလိုက်တဲ့ ပုလင်းအတိုင်း ပြန်ယူလာတဲ့အပြင် ငွေတွေပါ တစ်ထပ်ကြီး ယူလာတာကို တွေရပါတယ်။ ပုလင်းကို နဂို အတိုင်းပြန်ယူလာတာ တွေ့လို့ ကျွန်တော်မေးကြည့်တော့လည်း စနေဘဘက သူ့ထုံးစံအတိုင်း ဘာမှပြန်မပြောပဲ လက်ကလေးကာပြပြီး ပါလာတဲ့ငွေကို ရေတွက် သူ့အတွက် အကောက်နုတ်ပြီး ကျန်တဲ့ငွေကို အကုန်ပေးပြီး ပြန်သွားပါတော့တယ်။

မည်သို့မည်ပုံ လုပ်လိုက်သည် မသိ ဆိုတာမျိုးပေါ့။ သူ့အတွက် အကောက်ပေးရတာလည်း တန်ပါတယ်(ပွဲစားခပေါ့)။ ဂလို နဲ့ ပုလင်းကို ပုံမပျက် ရှိုးကေ့စ် ထဲကိုပြန်ထည့်ပြီး လောလောလတ်လတ် ရထားတဲ့ ငွေယားလေးတွေ မပျောက်ပျက်သွားရအောင် လက်ကလေးနွေးအောင်မှ မကိုင်ရသေးခင် ဂျော်ကာကြက်ရိုး ဆီကို အပြေးလေးသွားပြီး သွားပေးထားလိုက်ပါတော့တယ်။

အဲဒီနှစ်က သင်္ကြန် နှစ်ရက်ဆက်တိုက် လည်ပြီး ဘီယာတွေလည်း စပါယ်ရှယ်သောက်လိုက်ရပါတယ်…။ သင်္ကြန်ပြီးတဲ့အထိ အိမ်မှာလည်း ဘာမှ မထူးခြားပါဘူး.. အိမ်က အဖေ နဲ့ အမေ ကတော့ သူတို့သား ဒေးဗစ်ကိုပါဖီး ကို အံ့သြ သလိုကြည့်နေကြပါတယ်။ ဒီကောင်လေး မည်သို့ မည်ပုံလုပ်လိုက် သည်မသိပေါ့လေ..။ ကျွန်တော်ကတော့ သိတယ်မလား “အွန်သည်အဲလစ်ဖန့်” ပဲလေ။ စင်ပေါ်ကပဲ။

ရုပ်တည်ကြီးနဲ့ အူမြူးနေတဲ့ ကျွန်တော်ကို ဒုက္ခပေးဖို့ ရောက်လာတဲ့ သူကတော့ ကျွန်တော့် အဖေ၏ အစ်ကို ကျွန်တော်၏ ဦးကြီးတော် လူပေကြီး ပဲဖြစ်ပါတယ်။ ကျွန်တော်၏ ဦးကြီးတော်မှာ ကျွန်တော် တို့ အိမ်ကို အလွန်လာခဲလှပါတယ်။ အိမ်ကိုရောက်လာပါကလည်း အလွန်မွှေတတ်သော အကျင့်ရှိပါတယ်။ ဦးကြီးတော် တစ်ယောက်အိမ်ကို ရောက်လာပြီ ဆိုတာနဲ့ ဟို ဟာစားမယ် ဒီ ဟာသောက်မယ်နဲ့ ကလေးကွက်တွေနင်းတတ်ပါတယ်။ အလွန်လည်းသောက်နိုင် ပါတယ်။ သောက်ပြီးပြီဆိုတာနဲ့ မယ်ဒလင် တွေ ဂီတာတွေရှာပြီး ဆိုကြမယ် ပျော်ကြမယ် လုပ်ပါတော့တယ်။ သူဘယ်လိုပဲ အိမ်မှာ သောင်းကျန်း ပါစေ တစ်ခါတစ်လေ မှ ရပ်ဝေးမှ ရောက်လာတတ်တဲ့ အမျိုးဖြစ်တာကြောင့် အဖေနဲ့အမေက မငြိုငြင်ကြပါဘူး။

ဒီတစ်ခေါက် အိမ်ကို ရောက်လာတဲ့ အခါမှာတော့ ထုံးစံအတိုင်း သူစားချင်တာတွေ လျှောက်ပြောနေပါတော့တယ်…။ စားချင်တဲ့ အမြည်းစာရင်းကို ပြောပြီးတဲ့ အခါမှာတော့ သောက်ဖို့ စီစဉ်ပါတော့တယ်။ အဲဒီမှာ စတွေ့တာပါပဲ။ ခါတိုင်းသူလာရင် သူ့ရိက္ခာနဲ့ သူ လာတတ်ပြီး ဒီတစ်ခေါက်တော့ သူလည်းခွင့်ရက်ရတုန်း ကမန်းကတန်း ထွက်လာရလို့ နဲ့ တူပါရဲ့ သူ့အတွက် သောက်စရာ ဘာမှ ဝယ်မလာခဲ့ပါဘူး။ ဒါနဲ့ သူလည်း နီးစပ်ရာကို လိုက်ကြည့်လိုက်တော့ ရှိုးကေ့စ် ထဲမှာ ထည့်ထားတဲ့ အလှပြ အရက်ပုလင်းကြီးကို တွေ့သွားပြီး အတော်မျက်စေ့ ကျသွားပါတယ်။

သူ့ အတွက်ကတော့ ဘယ်နိုင်ငံက လာတဲ့ အရက်ဖြစ်ဖြစ် သောက်လို့ မူးရင်ပြီးတာပါပဲ။ ဒါပေမဲ့ ကျွန်တော် အဖေက သူ့အရက် ပုလင်းကိုတော့ မသောက်ရဘူးပြောတော့ ညီကို နှစ်ယောက် စကားများကြပါသေးတယ်။ နောက်တော့မှ ဒီလို ပုလင်းမျိုး နောက်တစ်လုံး ပြန်ဝယ်ပေးပါ့မယ် ဆိုတဲ့ ကတိကို ရမှ ဦးကြီးတော် လည်းသောက်ခွင့် ရသွားပါတော့တယ်..။ ဦးကြီးတော် တစ်ယောက် ပုလင်းကို စဖွင့်နေကတည်းက ကျွန်တော်လည်း ဖိနပ်ချွတ်မှာ ဖိနပ်စီးထားပြီး ပြေးဖို့ အသင့်စောင့်နေပါတော့တယ်။

ပုလင်းကို ဖွင့်ပြီး ပထမတစ်ခွက် ငှဲ့သောက်လိုက်ပြီးတာနဲ့ ဦးကြီးတော်တစ်ယောက် ဖွီးကနည်း ထွေးထုတ်လိုက်ပါတော့တယ်။ ပါးစပ်ကလည်း “အလယ်လယ်.. ဘာတွေလည်းဟ… ငါ့ညီက ငါ့ကို ညာပြီး အရက်ပုလင်း အစစ်ဝယ်ပေးခိုင်းနေတာကိုး မင်းဟာလေ..ရိုးတယ်.. ရိုးတယ်… နဲ့ …” ဦးကြီးတော်တစ်ယောက် အတောမသတ်နိုင်လောက်အောင် စာသားတွေ ထွက်လာချိန်မှာတော့ အဖြစ်ပျက်ကို တအံ့တသြ လိုက်ကြည့်နေတဲ့ ကျွန်တော့်ရဲ့ မိဘနှစ်ပါးရဲ့ အကြည့်တွေက ကျွန်တော် ရပ်နေရာ နေရာကို ရောက်လာတာနဲ့ ကျွန်တော်လည်းပျောက်ခြင်းမလှ ပျောက်သွားပါတော့တယ်..။

အထက်ပါ အဖြစ်ပျက်များဖြစ်ပြီး တစ်ပါတ်ခန့် အကြာမှာတော့ ကျွန်တော် တို့ အိမ်ရှေ့ကို သင်္ကန်း နီညိုရောင်လေး ဝတ်ထားတဲ့ ကြည်ညိုဖွယ် အဆင်းနှင့် သာမဏေ ငယ်လေးတစ်ပါး ဆွမ်းခံကြွလာပါတော့တယ်.။ သာမဏေလေး ၏ အမည်မှာ ကိုရင်ပုံမှန် ဟု တွင်လေတော့သည်။

ရာဇဝင်ထဲက ငကြွား

လူတစ်ယောက် ရဲ့ ဘဝကို ကြက်ဥ တစ်လုံးနဲ့ ကျွန်တော် နှိုင်းယှဉ် ကြည့်နေမိပါတယ်။ လူတစ်ယောက်ရဲ့ ရိုးသားဖြူစင်မှု့ နဲ့ နှိမ့်ချ မှန်ကန်မှု့ဟာ ကြက်ဥတစ်လုံးရဲ့ အတွင်းထဲက အနှစ်လို့ဆိုလာရင် အဲဒီလူမှာ ရှိနေသေးတဲ့ ဟန်ဆောင်ဖုန်းကွယ်မှု့နဲ့ လိမ်လည်ကြွားဝါမှု့ ဆိုတဲ့ အရာကိုတော့ ကြက်ဥ တစ်လုံးရဲ့ အကာအစိတ်ပိုင်း ဖြစ်မှတ်ယူနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကြက်ဥတစ်လုံးမှာတောင် အနှစ် နဲ့ အကာ နှစ်မျိုးရှိနေသေးတာ လူတစ်ဦး တစ်ယောက်မှာလည်း ဒီလိုရှိနေတတ်တာ ထူးဆန်းတဲ့ သဘာဝလို့တော့ မှတ်ယူလို့ မရနိုင်ပါဘူး။

စက်သံ၊ လူသံ၊ ဆူညံသံ အမျိုးမျိုး နှင့်ဆူညံနေသော စက်ရုံအတွင်းမှ လမ်းလျှောက်လာသော မောင်ပုံမှန် တစ်ယောက် စက်ရုံ ဘေးတံခါးပေါက်မှ ထွက်လာရင်း စက်ရုံဘေး ခပ်လှမ်းလှမ်းတွင် ခုံလေးများ စီစီရီရီ ရိုက်ထားရာနေရာသို့ လှမ်းလျှောက်လာခဲ့လေ၏။ ခုံလေးများ၏ နံဘေးတွင်လည်း အလှစိုက် ပန်းပင်လေးများဖြင့် သာယာအောင် ဖန်တီးထားလေ၏။ နီးစပ်ရာ ခုံတစ်လုံးတွင် အသာဝင်ထိုင်လိုက်ရင်း အိပ်ကပ်ထဲမှ မြန်မာပြည်ဖြစ် ကြယ်နီဆေးပေါ့လိပ် တစ်လိပ်ကို ထုတ်မီးညှိလိုက်ပြီး အသာအယာပင် ရှိုက်ဖွာလိုက်လေ၏။

အလုပ်ချိန်တွင်း ကျန်စက်ရုံ ဝန်ထမ်းများ အလုပ်လုပ်နေကြသည့် အချိန်တွင် မောင်ပုံမှန် တစ်ယောက် အလုပ်ရှင် သူထေး အဖိုးကြီးကို ကိုယ့်ယောက္ခမကြီးလို သဘောထား၍ အပန်းဖြေနေလေ၏။ (သူထေး အဖိုးကြီး၏ သမီးလေးမှာ လွန်စွာချောမောပေ၏။) တစ်ဝက်ကျော်ကျော် သောက်၍ကောင်းလာသော ဆေးပေါ့လိပ်လေးကို စိမ်ပြေနပြေ ဖွာရှိုက်နေရင်းမှ မောင်ပုံမှန်၏ စိတ်များသည်လည်း မီးခိုးငွေ့များနှင့် အပြိုင်မြောလွင့် နေပေတော့သည်။

ထိုအချိန်တွင် မောင်ပုံမှန်လိုပင် စက်ရုံဘေးပေါက်မှ ထွက်လာပြီး မယောင်မလည်ဖြင့် လာနေသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ စီအိုအို ဟူသော ဘာကြီးမှန်း မသိသော ရာထူးကို ယူထားသည့် ထိုပဂ္ဂိုလ်ကြီးသည်လည်း မောင်ပုံမှန် လိုပင် တန်းရှင်းများ၍ ဟူသော အကြောင်းပြချက်ဖြင့် ညဖက် အချိန်များတွင် ဒီနေရာလေးသို့ လာထိုင်တတ်သော အကျင့်ရှိပေ၏။

ထိုပုဂ္ဂိုလ်ကြီး၏ အဓိကအလုပ်သည် ကုမ္ပဏီတွင် ဘာအလုပ်ဟု မောင်ပုံမှန်တစ်ယောက် သေချာမသိသော်လည်း ကုမ္ပဏီတစ်ခုလုံးတွင် သူထေး နှင့် စီအီးအို မှလွဲ၍ ဂျီအမ် မှစပြီး သန့်ရှင်းရေးအလုပ် သမားထိအောင် သူစိတ်မထင်လျှင် မထင်သလို ခွက်ခွက်လန်အောင် ဟောက်ပိုင်ခွင့် အပြည့် အဝရထားသော ဖူးဟောက်ပါဝါ ပိုင်ရှင် စူပါမန်းကြီး ဖြစ်လေ၏။

ထိုပုဂ္ဂိုလ်ကြီးသည် မောင်ပုံမှန်တို့ ကုမ္ပဏီသို့ မောင်ပုံမှန်တို့ နောက် အတော်ကြာမှ ရောက်လာသော ရွှေကြာပင်ကြီးဖြစ်လေ၏။ ထိုပုဂ္ဂိုလ်ကြီး မရောက်ခင်က ခေတ်စကားနှင့် ပြောရလျှင် အကပ်မရှိသော မောင်ပုံမှန်တို့ မည်သို့မည်ပုံ ကြိုးစား၍ အလုပ်လုပ်စေကာမူ မိန်းကလေးများမှ စကားပြောချင်သော နှာဘူး ဂျီအမ်နှင့် သူတို့ နိုင်ငံသားများကိုသာ သိသိသာသာ မျက်နှာလိုက်တတ်သော မန်နေဂျာ များကြောင့် အလုပ်လုပ်သာနေရသော်လည်း ဘယ်နေရာဖြစ်ဖြစ် တိုးတက်ရန် အခွင့်လမ်း မရှိသလောက်အောင် နည်းပါးလှပါသည်။ မကြာခဏဆိုသလို မန်နေဂျာများနှင့် ပြဿနာ တက်တတ်သောကြောင့် မောင်ပုံမှန်မှာ ကုမ္ပဏီ၏ နာမည်ကျော် ငပွကြီး စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လေ့ ရှိသူ တစ်ယောက်ဖြစ်၏။

ထိုငပွကြီး မောင်ပုံမှန်တွင် မောင်ပုံမှန် နှင့် စိတ်တူ ကိုယ်တူ ပေါင်း၍ ရသော လူမျိုးခြား ဘော်ဒါ တစ်ယောက်ရှိလေ၏။ မောင်ပုံမှန် နှင့် သက်တူရွယ်တူ ခန့် ထိုသူငယ်ချင်းမှာ အလုပ်ဝင်သည့် နှစ်ကလည်း တူနေ၏။ ထို့ပြင် စက်ရှင်ချင်းကပ်လျှက်ရှိသော ထိုသူငယ်ကို မောင်ပုံမှန် အထူးခင်မင်နေရသော အချက်မှာ ထိုသူငယ်၏ သိုးဆောင်းဘာသာ စကားကျွမ်းကျင်မှု့ ကြောင့်ပင်ဖြစ်လေ၏။ သက်တူရွယ်တူခြင်းပင် ဖြစ်သော်လည်း သိုးဆောင်း ဘာသာစကား အရေး၊ အဖတ်၊ အပြော အစစ အရာရာတွင် အတော်ပင် သာလွန်လှပေ၏။

မောင်ပုံမှန်တို့ စက်ရုံအလုပ်သမား အများစုမှာ နိုင်ငံသုံးဘာသာစကားကိုပင် အားပြု၍ ပြောကြလေ၏။ မောင်ပုံမှန်တို့ မြန်မာအများစုမှာလည်း ဒီနိုင်ငံ စကားကိုပင် ကျွမ်းကျင်အောင်လေ့လာ၍ ပြောကြလေ၏။ သိုးဆောင်းဘာသာဖြင့် ပြောသူမှာ လွန်စွာပင် ရှားပါးလေ၏။ ထိုလူများထဲတွင်မှ သူများထက်ထူးသော မောင်ပုံမှန်နှင့် ထိုငတိ နှစ်ယောက်သားကတော့ အလုပ်ကလေး ပါးသည်နှင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒွတ်ဒက် ရွှတ်ရှက်တွေနှင့် ဘူးယိုများ လုပ်နေကြလေ၏။

မြန်မာအများစုကတော့ မောင်ပုံမှန်ကို
“မင်းကွာ ထော့ကျိုး ထော့ကျိုး နဲ့ ဟုတ်တာလည်း မဟုတ်ပဲနဲ့ ပြောမနေပါနဲ့ကွာတဲ့”
မောင်ပုံမှန်ကလည်း ဒါမျိုးကတော့ ဘယ်ခံလိမ့်မလည်း
“လေဖြတ်နေတဲ့ ကောင်တွေနဲ့စာရင် ထော့ကျိုးကောင်က လမ်းသွားလို့ ရပါသေးတယ်ကွာ”
ဆိုပြီး ပြန်ပက်ပေးလိုက်ပါတယ်။ ပြောသာပြောရတယ် မောင်ပုံမှန် ဆိုတာကလည်း သူများသားသမီး ပါရမီရှင်တွေလို မွေးရာပါ ဉာဏ်ရည်ထက်မြက်သူ တစ်ယောက်မဟုတ်တော့ ဘာပဲသင်သင် ဘာပဲလုပ်လုပ် လိပ်ကလေးလိုပဲ တုန်တုန် တုန်တုန်နဲ့ တစ်ရွေ့ရွေ့ လုပ်နေရတဲ့ သူဆိုတော့ ကိုယ်မကျွမ်းကျင် တဲ့ ဘာသာစကားနဲ့ ပြောရတဲ့ အခါကျတော့ အလွန်ပဲ ခက်ပါတယ်။

တစ်ခါတစ်လေ ကျွမ်းကျင်တဲ့ သူတွေ သုံးမိနစ်လောက်ပဲ ပြောရမဲ့ စကားတစ်လုံးကို တစ်ဖက်လူ နားလည်လာအောင် သုံးနာရီလောက် ရှင်းပြပေးရပါတယ်။ ပါးစပ်နဲ့ ပြောလို့မှ အခြေအနေမကောင်းရင် လက်တွေခြေတွေထုတ်ပြီး အင်တာနေရှင်နယ် အကွက်တွေ ထုတ်သုံးရပါတော့တယ်။ ဒါပေမဲ့ မောင်ပုံမှန်လေ သိတယ်မလား ဇွဲကတော့ အလွန်ကောင်း ရှင်းပြခံရတဲ့သူ မျက်ရည်နဲ့မျက်ခွက် ဖြစ်သွားတဲ့အထိတောင် စိတ်လျှော့သေးဘူး ဆိုတဲ့သူ။

ဟုတ်ပြီ ဒီတော့ကာ မောင်ပုံမှန်တို့ နှစ်ယောက် တစ်နေ့တစ်နေ့ ဘာတွေ ရေးကြီးခွင်ကျယ် ပြောကြလည်းဆိုရင် လုပ်ငန်းအကြောင်းတော့ တစ်ခုမှ မပါပါဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ မြင်သာအောင် ပြောရရင်တော့ တစ်ယောက်နဲ့တစ်ယောက် လက်ကုန် အကြွားပြိုင်ကြခြင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် သူကြွားရင် ကိုယ်မြှောက်ပေး ကိုယ်ကြွားရင် သူမြှောက်ပေးနဲ့ တစ်ယောက်တလှည့် အကြွားပြိုင်ခြင်းနဲ့ တစ်ယောက်တစ်လှည့် ပြန်မြှောက်ပေးခြင်း အလုပ်ကို ဘုတ်ကျီးရိုသေ ကျီးဘုတ်ရိုသေ အကွက်ကို သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်အလုပ်ကို နှစ်ယောက်သား အရှက်မရှိ တက်ညီလက်ညီ လုပ်လေ့ရှိပါတယ်။

ငါးပိရည် နဲ့ တို့စရာကို ကမ္ဘာ့ဂုဏ် သရေရှိ အစားသောက် စားရင်းထဲ ထာဝရထည့်ပြီး အမြဲမပြတ် သုံးဆောင်တတ်တဲ့ မောင်ပုံမှန်နဲ့၊ နံပြားနဲ့ပဲဟင်းကို တစ်နေ့နေလို့မှ တစ်နပ်မစားလိုက်ရရင် လူစာရင်း မဝင်တော့ဘူးလို့ ခံယူထားတဲ့ အဆိုပါ ငတိတို့ ရဲ့ ဘိုသံတွေကို နားထောင်ကြည့်လိုက်ရင်တော့ ထော်လာဂျီ အစုတ်နှစ်စီး ရွာအဝင် လမ်းကြမ်းမှာ ဖွတ်ချက်ဖွတ်ချက်နဲ့ အပြိုင်မောင်း လာတဲ့ အသံမျိုးကို ခံစား နားဆင်ရနိုင်ပါတယ်။ မောင်ပုံမှန် တို့ပြောနေကြတာကို တစ်ချက်လောက် နားထောင်ကြည့်လိုက်ပါ…..

မောင်ပုံမှန်။ ။ ဟိုင်း… ဂွတ်တမောနင်း မိုင်ဖရင့်… ဟောင်းအာယူ…
ငတိ။ ။ အိုး… ရက်စ် မောနင်း မိုင်ဖရင့်.. အိုင်အမ်ဖိုင်း (ဒါက ရိုးရိုး နှုတ်ဆက်တာပါ…)

(လာပြီအိုဗာ အကြွားတွေ)
မောင်ပုံမှန်။ ။ အိုင်ဆေး… ယူ့ ရဲ့ ဟဲစတိုင်က ဒီနေ့ ဗဲရီး နိုက်ဖြစ်နေတယ်… ယူဘာ ဂျယ်တွေသုံးလဲ အိုင်လည်းကြိုက်လို့…
ငတိ။ ။ ဗရွတ်ကလင်းလေ.. သိတယ်မလား ဗဲရီး အိတ်စပမ်းစစ် ဝမ်းပေါ့ (အမှန်ကတော့ သူလိမ်းလာတာ မုန်ညှင်းဆီတွေပါ) မင်းသုံးတဲ့ ဖောလိုးမီ ဂျယ်လည်းကောင်းတာပဲ မင်းဟဲစတိုင်လည်းမိုက်တာပဲ(အမှန်က သူအိမ်ကို လာရင်တွေ့တဲ့ ဖောလိုးမီ ဘူးခွံထဲမှာက အုန်းဆီ စစ်စစ်တွေ ထည့်ထားတာ သူမသိပါဘူး)။

မောင်ပုံမှန်။ ။ ယူ့ကိုကြည့်ရတာ အိပ်ရေးသိပ်မဝသလိုပဲ ညက အလန်းလေးတွေနဲ့ ချက်တင်ထိုင်တာ များပြီးအိပ်ရာဝင်တာ နောက်ကျသွားလို့နဲ့ တူတယ်။
ငတိ။ ။ ရက်စ် မိုင်ဖရင့် ဒါလည်းပါတာပေါ့… ပြီးတော့.. (လာဘီ..ကြွားဘီ) အိုင့် ဒက်ဒီ ကဖုန်းဆက်တယ် အိမ်ပြန်လာခဲ့ဖို့.. အိုင်က အိုင်တီနဲ့ ယူနီဗာစီတီ ပြီး ပြီးသားလေ ဒါပေမဲ့ ဒက်ဒီက အော်စီကို သွားပြီး ကျောင်းဆက်တက် ခိုင်းနေတယ် အင်တာနေရှင်နယ် ယူနီဗာစီတီ တစ်ခုခုမှာ ဘွဲ့တစ်ခုထပ်ယူ စေချင်သေးတယ်။ ကျောင်းပြီးသွားရင် ကုမ္ပဏီထောင်ပေးမယ်တဲ့ (ချာပါတီ ကုမ္ပဏီ) နောက်ပြီးတော့ နာမည်ကြီး လေကြောင်းကုမ္ပဏီ တစ်ခုမှာ ရှယ်ယာတွေ အများကြီး ဝင်ထားတဲ့ သူ့သူငယ်ချင်းရဲ့ သမီးနဲ့လည်း နေရာချထား ပေးချင်နေတယ်တဲ့လေ… ဟူး…။

မောင်ပုံမှန်။ ။ အိုး.. ဂေါ့….ဂရိတ်.. ရှိတ်ကင်းမိုင်ဖရန့် ရှိတ်ကင်း ကွန်ဂရက်ကျူလေးရှင်း…။
ငတိ။ ။ သင့်ခယူ.. မိုင်ဖရင့်.. ဒါပေမဲ့ ငါစဉ်းစားပါ အုံးမယ်.. ဒီလိုလုပ်လိုက်ရင်လည်း ငါ့ရဲ့ ဆယ့်သုံးယောက်မြောက် ဂဲဖရန့်က သူ့ကို သူ ဆူဆိုဒ်လုပ် မယ်လို့ ပြောနေတယ်.. ဂဲဖရန့်တွေ အများကြီးရှိတာလည်း မကောင်းပါဘူး။ ဒါနဲ့ မင်းရော ကျောင်းဆက် မတက်တော့ဘူးလား အိမ်ထောင်ရေး ကရော။

မောင်ပုံမှန်။ ။ ရှိတာပေါ့ မိုင်ဖရင့် အိုင့် မှာလည်း အစီစဉ်တွေ အများကြီး ရှိတာပေါ့။ ဟိုတစ်လောကပဲ ဒက်ဒီနဲ့ မာမီ က ဖုန်းဆက်တယ် “မိုင်ဆန်း မင်းလေမနေနဲ့တော့တဲ့ အမေရိကား မှာပဲဖြစ်ဖြစ် အင်ဂလန် မှာပဲဖြစ်ဖြစ် တက္ကသိုလ် တစ်ခုခု ဆက်တက်ရမယ်တဲ့။ မြန်မာပြည်မှာ ရထားတဲ့ ဘွဲ့လေးတစ်ခုနဲ့ ကျေနပ်မနေနဲ့တဲ့။ ဒါလည်း ဟုတ်တာပဲလေ ကိုယ်တို့ အမျိုးတွေ အားလုံးက တကယ့် ဂရိတ်တွေကိုး.. အဖိုးက အမျိုးသားကျောင်းမှာ ကျောင်းအုပ်ကြီး(ရေညှိတွေကိုတက်လို့) အဖွားက စိမ်ရောင်းတယ်(ဒညင်းသီး၊ တမာချဉ်)၊ ဦးလေးက ဗိုလ်မှုး(အရံမီးသတ်) ကျန်တဲ့ ညီ အကိုတွေ အားလုံးကလည်း အဆင့်မြင့် လုပ်ငန်းတွေလုပ်ကြတာ (တိုက်နံရံ ဆေးသုတ်ခြင်း၊ အုန်းပင်၊ ထန်းပင်တက်ခြင်း) ဆိုတော့ကာ အိုင်လည်း အမျိုးဂုဏ်မြှင့်တဲ့ အနေနဲ့ တစ်ခုခုတော့လုပ်ရမယ် လောလောဆယ်တော့ ငါးဖမ်း သင်္ဘောတစ်စီး ဝယ်ထားလိုက်မယ်။ (လူနှစ်ယောက်စီး ကွန်ပြစ်၍ ရသော တံငါလှေ)။

ဂလို မျိုးလေးတွေ ပေါ့နော်… ဒါလေးတွေက အကင်းလေးတွေ ရှိပါသေးတယ်။ နမူနာ လောက်ကလေးပါ။ ဒီလိုနဲ့ပေါ့ မောင်ပုံမှန်တို့လည်း ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာပေါ့။

တစ်နေ့မှာတော့ စီအိုအို ဟု အမည်ရသည့် ရာထူးနှင့် လူကြီး ကုမ္ပဏီကို ရောက်လာချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ အမေရိကားမှာ စီးပွားရေးပညာရပ်နဲ့ မာစတာယူ လာတယ် ဆိုတဲ့ ထိုပုဂ္ဂိုလ်ကြီးသည် လွန်စွာ ကိန်းကြီးခန်းကြီး နိုင်လှပါတယ်။ သူ့လူမျိုးတွေနဲ့ အချင်းချင်း စကားပြောရာတွင်တောင် သိုးဆောင်းဘာသာ စကားနဲ့ ပြောလေ့ရှိပြီး ကျန်တဲ့ လူမျိုးများနဲ့ ပြောဆိုရာတွင်လည်း အတတ်နိုင်ဆုံး သိုးဆောင်းဘာသာ စကားနဲ့ ပြောလေ့ရှိရာ သိုးဆောင်းဘာသာ စကားမပြောတတ်တဲ့ လူမျိုးများနဲ့တွေ့မှ ဒီနိုင်ငံသုံးဘာသာ စကားကို ကြိတ်မှိတ် ညှစ်ထုတ်ပြီး ပြောလေ့ရှိပါတယ်။

ဒီလူကြီး ဒီနိုင်ငံသုံးဘာသာ စကားနဲ့စကားပြောနေတာကို ကြည့်ရတာ ဗွက်အိုင်ထဲက တီကောင်ကို ကောက် တံတွေးနဲ့ထွေးပြီး သူ့ပါးစပ်ထဲ ထည့်ပေးတာကို ခံနေရသလိုကို ဖြစ်နေပါတယ်။ ရောက်ကာစကတော့ သူ နဲ့ မောင်ပုံမှန်တို့က အနေထားခြင်း အများကြီးကွာနေတော့ ပတ်သက်စရာ မလိုဘူးပေါ့။ နောက်တော့လည်း ပရိုဒတ်ရှင်းပိုင်းထဲကို သူလာလို့ သိချင်တာတစ်ခုခု ရှိလာလို့ ခေါ်မေးရရင် အရာရာသိနေတဲ့ ကိုဖိုးသိ(သူထေး သမက်လောင်းလေး) မောင်ပုံမှန်ကိုပဲ ခေါ်မေးရပါတော့တယ်။

သူက မောင်ပုံမှန်ကို သိုးဆောင်းဘာသာစကား ပြောတတ်သလားလို့ မေးပါတယ်။ မောင်ပုံမှန်ကလည်း သိတယ်မလား သစ်စ အစ်စ အေဘွတ်ခ(ထိုအရာသည် စာအုပ် တစ်အုပ်ဖြစ်ပါသည်)၊ ဗဲရီးဂိုး သစ်ကား (ဒီကား အတော်ကောင်းတယ်)၊ ဂွတ်ချစ်ကင်း(ကောင်းလိုက်တဲ့ ကြက်သား) စတဲ့ စပီကင်တွေနဲ့ ငယ်စဉ်ကတည်းက ရင်းနှီးလာသူ တစ်ယောက်ဖြစ်လေတော့ ဘယ်အညံ့ခံလိမ့်မလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ စိတ်ထဲထင်တာတွေ လျှောက်ပြောလိုက်တာပေါ့။

ဒါကိုပဲ ငတိကြီးက သဘောတွေကျပြီး ဂွတ်ဘရားသား (ကောင်းတယ် အကို)လို့ ပြောသွားပါတော့တယ်။ မောင်ပုံမှန် နဲ့ ထိုလူကြီး ခင်သွားပြီး သိပ်မကြာခင်မှာပဲ သူငယ်ချင်းကောင်းတို့ ဝတ္တရား အရ မောင်ပုံမှန် ရဲ့ သူငယ်ချင်းနဲ့လည်း မိတ်ဆက်ပေးလိုက်ရာ မောင်ပုံမှန်၏ သူငယ်ချင်း မောင်ဖိုးကြွားနှင့်ပါ အထူးတလည် ခင်မင်ခြင်းအဖြစ် သို့ရောက်သွားပါတော့တယ်။ ထိုဘဲကြီးသည် အမြှောက်အပင့် အလွန်ကြိုက်၍ အကြွားသန်သော ဝါသနာသည် လွန်စွာကြီးမားလေ၏။ မောင်ပုံမှန်တို့ သူငယ်ချင်းနှစ်ယောက်လည်း ထိုဘဲကြီးထံတွင် တပည့်ခံ၍ ကြွားဝါခြင်းပညာကို မာစတာ ရသည်အထိ သင်ယူကြလေတော့၏။

တစ်ရက်တွင်တော့ မောင်ပုံမှန်တစ်ယောက် နားချိန်တွင် အိမ်မှယူလာသော ဂျာနယ်တစ်စောင်ကို ဖတ်နေချိန်တွင် ထိုဘဲကြီး ရောက်လာလေ၏။ ထိုအခါ ထွေထွေထူးထူး အကြောင်းလည်း ပြောစရာမရှိ၍ ဂျာနယ်ထဲတွင်ပါလာသော ရုပ်ရှင်မင်းသား ရဲအောင်ပုံကို ပြ၍ ထိုမင်းသားသည် မင်းနှင့် အလွန်တူကြောင်း မင်းရောက်လာစရက်က ရဲအောင်တစ်ယောက် ငါတို့ ကုမ္ပဏီကို အလည်လာသည်ဟုပင် အထင်မှားမိကြောင်း အသားလွတ်ကြီး မြှောက်ပါတော့တယ်။ ထိုအချိန်တွင် ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိသော မောင်ပုံမှန်၏သူငယ်ချင်း ငတိကလည်း လေသံကြားဖမ်း၍ တရားနာပါတော့သည်။

“မောင်ပုံမှန်ပြောတာ အမှန်ပဲဖြစ်ကြောင်း ပုံထဲမှာပါသည့် ရဲအောင်နှင့် သူ့ကို ယှဉ်လိုက်လျှင် ချောတာခြင်း အတူတူပင်ဖြစ်သော်လည်း သူကတောင်ပို၍ စမတ်ကျကြောင်း မဟားတရား မြှောက်ပင့်ပေးလိုက်ရာ မြှောက်ပင့်ပေးလျှင် ရှင်ဘုရင်တောင် မာန်တက်တတ်သောလူ့သဘာဝအရ လူထဲက လူတစ်ယောက်သာ ဖြစ်ရှာသော ထိုလူကြီးမှာ မောင်ပုံမှန်တို့ နှစ်ယောက်မြှောက်ကွက်တွင် တန်းလန်းကြီးဖြစ်နေပြီး သူ့၏ ပါးစပ်ကြီးမှာ နေ့ဝက်လောက်ပါးစပ် မစေ့နိုင်အောင် ဖြစ်နေလေရှာ၏။

မောင်ပုံမှန်၏ ဘော်ဒါကလည်း ရေပတ်မဝင်အောင် ခန့်ခန့်ငြားငြားနဲ့ ပင့်တိုက်လေရာ ထိုဘဲကြီး အကောင်းစားကြီးခမျာ မှိုင်းဝနေသော မီးပုံးပျံကြီးကဲ့သို့ ဖြစ်နေပြီး ကောင်းကင်သို့ပင် ပျံတက်လုလု ဖြစ်နေသဖြင့် မောင်ပုံမှန် တို့နှစ်ယောက်မှာ ထိုဘဲကြီးကို မ၍ သူ့ကားထဲသို့ထည့်ကာ ထိုင်ခုံတွင် ခါးပတ်ပတ်၍ ထားပေးရလေသည်။ ထိုပင့်မှု့ အစုစု တို့ကြောင့် ထိုညနေချမ်းလေးတွင် မောင်ပုံမှန်တို့ ဆရာတပည့် သုံးယောက် အလုပ်ရုံနှင့် ခပ်လှမ်းလှမ်းရှိ အဆင့်မြင့် ရက်စတောရင့် တစ်ခုတွင် ဒင်နာ သုံးဆောင်ကြလေ၏။

အလုပ်ပြန်ဝင်ချိန် အတော်လွန်မှ စက်ရုံသို့ ဟီးဟီး.. ဟား..ဟား ဖြင့်ပျော်ရွှင်စွာ ပြန်ဝင်လာကြသော မောင်ပုံမှန်တို့ သုံးယောက်ကို ဂျီအမ်ကြီး အမှုးပြုသော နှာဘူးကြီးများ အဖွဲ့မှ တအံ့တသြဖြင့် ကြိုဆိုကြလေ၏။ သူတို့ နိုင်ငံသားများ ခမျာမှာလည်း ထိုပုဂ္ဂိုလ်ကြီး၏ ခန့်ထည်လှစွာသော ကားကြီးထဲသို့ ခေါင်းတောင် ဝင်မကြည့်ဖူးကြလေရာ ယခုလို ခန့်ခန့်ထည်ထည်ကြီး လူတစ်ကိုယ်လုံး တက်ထိုင်ပြီး ခန့်ခန့်ညားညားကြီး လိုက်ပါလာကြသော မောင်ပုံမှန်တို့ နှစ်ယောက်ကို မြင်ကြသောအခါ ရင်သပ်ရှု့မော ဖြစ်နေကြကုန်၏။

အနှီ မောင်ပုံမှန် တို့နှစ်ယောက်သည်လည်း ဆင်ဖြူတော်မှီပြီး ကြံစုပ်နေသော၊ စိန်နားကပ်ရောင်ဖြင့်ပါးပြောင်နေကြသော အကွက်ကို အပီပြင်နင်းပြီး ကိုယ်ဖိနပ်ကို မနိုင်ရှာသော ရပ်ပါလေးများလို ကွတကွတနှင့် တရွတ်တိုက် လမ်းလျှောက်ရင်း နှာဘူးကြီးများ အဖွဲ့ကိုလည်း ရပ်ပါ များစတိုင်ဖြင့် စောင်းငန်း စောင်းငန်းကြည့်ရင်း စက်ရုံတွင်းသို့ ဝင်လာကြလေ၏။ ထိုနေ့မှ စ၍ မောင်ပုံမှန် တို့နှစ်ယောက်သည် သူကြီးနှင့် ပေါင်းပြီး ဆယ်အိမ်ခေါင်းကို လူမထင်သည့် အကွက်များ မကြာခဏ ချိုးလာကြတော့သည်။

သောက်လက်စ ဆေးပေါ့လိပ်မှ မီးခိုးငွေ့များကလည်း မောင်ပုံမှန် တစ်ယောက်ကို မဝေးသေးသော နှစ်များဆီသို့ အလည် တစ်ခေါက်ပြန်ခေါ်သွားလေ၏။ အထက်တန်းအောင်ပြီး အလုပ်မရှိ အကိုင်မရှိ ရပ်ကွက်ထဲ လှည့်၍ ဝေလေလေ လုပ်နေသော မောင်ပုံမှန် တစ်ယောက် ကျေးဇူးရှင်မိ ဘနှစ်ပါး၏ ညွှန်ကြားမှု့ဖြင့် တက္ကသီလာတွင် တစ်ပါတ် ငါးရက် အဆောင်မှ ကျောင်းတက်ပြီး စနေ၊ တနင်္ဂနွေ နှစ်ရက် အိမ်ပြန်ကာ အဆောင်နေ နေ့ကျောင်းသား အဖြစ်ပညာ သင်ယူနေစဉ်ကာလကပေါ့။

တနင်္လာနေ့ မနက်စောစော ကားနှင့် ကျောင်းသို့ အမောတကော ပြန်လာလေ့ရှိပါတယ်။ ကျောင်းကို ရောက်တာနဲ့ မောင်ပုံမှန် အရင်ဆုံး လိုက်ရှာလေ့ရှိတာကတော့ စာသင်ခန်း မဟုတ်ပဲ မောင်ပုံမှန် ကြိတ်ကြိုက်နေတဲ့ ကောင်မလေး တစ်ယောက်ကိုပါ။ မောင်ပုံမှန် အရမ်းကြိုက်နေတဲ့ ကောင်မလေး နဲ့ မောင်ပုံမှန် နဲ့က သူငယ်ချင်းတွေ အဆင့်မှာပဲ ရှိပါသေးတယ်။ကောင်မလေးက အရမ်းလှသလို အရမ်းလည်းကြွားတတ်ပါတယ်…ကောင်မလေးနားကို အမောတကောနဲ့ မောင်ပုံမှန် ရောက်သွားတာနဲ့ ကြားနေကျ စကားတွေကတော့…

ကောင်မလေး။ ။ ဟဲ့ ပုံမှန် နင့် အမေက မနက်စာ ဘာတွေကျွေးလိုက်လဲ…
မောင်ပုံမှန်။ ။ ပိုက်ဆံပဲ ပေးလိုက်တယ်လေ သူတို့က ဝန်ထမ်းတွေဆိုတော့ မအားဘူးလေ..။

ကောင်မလေး။ ။ ငါ့မေမေ ကလေ ဒီနေ့မနက်စာကို ပေါင်မုန့်ထောပတ်သုတ် မီးကင်ပြီး ဂျင်သုတ်ထားတာရယ် ကြက်ဥ ဟက်ဘရိုက်ကြော်ရယ် သီးမွှေးငှက်ပျောသီး ရယ်နဲ့ ကော်ဖီဆိမ့်ဆိမ့်လေး တစ်ခွက်ရယ် လုပ်ပေးတယ်။ ငါကလေ “မာမီရယ် သမီးက အဲဒီလောက် ကြီးမစားနိုင်ပါဘူး ဝိတ်တက်မှာ စိုးလို့ပါ ဆိုတာတောင်မရဘူး… ပြီးတော့လေ ပြန်လာရင်စားဖို့တဲ့ ဟမ်ဘာဂါ ပူပူလေးဝယ်ထား အုံးမယ်တဲ့… ပြီးတော့လေ…
ဒါက သာမန်လောက်ကြွားနေကြ လာဘီ အထူးကြွား…

ကောင်မလေး။ ။ ဟဲ့ပုံမှန် ဒီအိတ်ကလေးလှလား… ဘယ်က ဝယ်လာတာလဲ သိလား…
မောင်ပုံမှန်။ ။ အော်.. အေးလှပါတယ်… ဆိုင်က ဝယ်လာတာ နေမှာပေါ့…။

ကောင်မလေး။ ။ အာ… နင်ကလည်း… ဒါ ငါ့ဒက်ဒီ စင်္ကာပူက ဝယ်လာတာ.. စင်္ကာပူမှာ အမျိုးတွေ နေကြတာလေ… စင်္ကာပူက အမျိုးတွေကလေ…
စသဖြင့်ပေါ့ဗျာ ကမ္ဘာပေါ်မှာ သူတို့ အမျိုးတွေ အခြေချ မနေထိုင်တာ အာဖရိကတိုက် တစ်ခုပဲ ကျန်တော့တဲ့ အထိပေါ့… မောင်ပုံမှန် လည်းလူသားထဲက လူတစ်ယောက်ဆိုတော့ ကြွားချင်တဲ့ အထဲမှာ ပါတာပေါ့ ပြီးတော့ အသွင်တူမှ အိမ်သူဖြစ်တယ် ဆိုတော့ ကိုယ်လည်း သူနဲ့ တူအောင် ကြိုးစား ရတော့တာပေါ့…

အဲဒါနဲ့… မောင်ပုံမှန် ကြိုးစားပြီး ကြွားကြည့်တာလေးတွေကို လေ့လာကြည့်ပါအုံး…
ကောင်မလေး။ ။ ပုံမှန် နင့် မေမေ ကဘာစားဖို့လုပ်…
မောင်ပုံမှန်။ ။ မာမီ ကလေ ငါစားချင်တယ်ဆိုလို့ နံပြားကို ထောပတ်သုတ်ပြီး ပဲပြုတ်နဲ့ မနက်စာကျွေးလိုက်တယ် စားလို့ပြီးတော့ လက်ဖက်ခြောက်ကျကျနဲ့ ရေနွေးကြမ်း တစ်ခွက်သောက်လာတယ်။ လမ်းမှာစားဖို့ဆိုပြီး မန်လာကာသီးတစ်လုံး ထည့်ပေးလိုက်တယ် ရော့.. နင်စားအုံးမလား (အမှန်က လမ်းက ကောက်လာတာပါ… အဟီး) ပြန်လာရင် စားဖို့တဲ့ မုန့်ဖက်ထုပ် ပူပူလေး ဝယ်ထားမယ်တဲ့…

ပုံမှန်။ ။ ကောင်မလေးရေ… ငါ့ ဒက်ဒီကလေ ငါ့ကို လေးဂွတစ်လက် ဝယ်ပေးတယ် ငှက်ပြစ်ဖို့တဲ့။ ဘယ်ကဝယ်လာတာလဲ သိလား… အင်္ဂပူကလေ… အင်္ဂပူတို့ ထူးကြီးတို့ ဘက်မှာ ငါတို့ အမျိုးတွေ ရှိတယ်လေ။ အင်္ဂပူက အမျိုးတွေမှာကလေ… လှည်းတွေ နွားတွေ ရှိတယ်… ပြီးတော့လေ…
ဒီလိုနှင့် မောင်ပုံမှန် ၏ ကြိုးစားမှု့များ၏ ရလဒ်ကတော့ ကောင်မလေးက မောင်ပုံမှန်ကို စတန်းဒတ် မရှိသူ၊ မိကျောင်းဘီး မရှိသူ ဖီးဆင့် မရှိသူ အဖြစ် သတ်မှတ်၍ သူငယ်ချင်း အဖြစ်မှပါ အပြီးတိုင် ရပ်စဲလိုက် ပေတော့၏….

“ကဗျာရွတ်သံ….
ကောင်မလေးရေ …
ပန်းပေးမှ အလှမ်းဝေး ရတဲ့အဖြစ်
ပန်းကမ်းမှ မလန်းဆန်း ခဲ့တဲ့အဖြစ်
ပန်းချွေမှ သောကပွေ ရတဲ့အဖြစ်
ပန်းကူမှ ရန်သူမြည် ခဲ့တဲ့အဖြစ်
ကောင်မလေးရေ …
နင့်အဖေနင့်အဘိုးနဲ့ နင့်အမေနင့်အမျိုးတွေ ကြားမှာ
ငါ့ကြွားလုံးတွေက ဆင်ကန်းတောတိုး မြေခင်းကြမ်းပုဆိုး
မိုးပြိုမှ ခိုးငိုရမှန်း သိတဲ့ငါကို မြွေစွယ်ချိုးခဲ့ရဲ့ ပြီပေါ့…
ကောင်မလေးရေ …
ပန်းခရေတွေ ကြွေတဲ့ လမ်းတွေရဲ့ အထက်မှာ
စမ်းရေလို ချိုမြိန်တဲ့ အလွမ်းတွေကို ထွေးပွေ့ပြီး
မင်းနဲ့ ဝေးတဲ့ရပ်ဆီကို ငါ လွင့်ခဲ့ရပြီပေါ့…

အဲဒီ နေ့က မိုးမရွာပါ၊ လေလည်းမတိုက်ပါ ထို့ကြောင့် ညဖက်လူခြေတိတ်ချိန် အဆောင်ရှေ့ သံတစ်ချောင်း လမ်းပေါ်သို့ မောင်ပုံမှန် တစ်ယောက်ထဲထွက်လို့ တရုတ်ကားတွေထဲကလို လက်နှစ်ဖက် မိုးပေါ်မျှောက်ပြီး “ဝေ့စမော” လို့ အသံပြဲကြီးနဲ့ တစ်လောကလုံးကြားအောင် မာန်ပါပါ အော်လိုက်ပါတယ်။

တစ်လောကလုံး ကြားမကြားတော့ မသိဘူး။ ညအချိန်မတော် လမ်းပေါ်မှာ လျှောက်သွားနေတဲ့ ခွေးဝဲစား အုပ်စုကတော့ မောင်ပုံမှန်ကို ဝိုင်းသမ မလို့ပြေးလာတာနဲ့ မောင်ပုံမှန်တစ်ယောက် အဆောင်ထဲကို ကိုယ်ဖော့ပညာသုံးပြီး ကဗျာကယာ ပြေးဝင် ခဲ့ရပါတော့တယ်။

စကားချပ်။ ။ ဒီပို့စ်တွင် ဖီးချားရင်း ကဗျာစပ်သူမှာ မောင်ပေါ့ဆိမ့် ဖြစ်ပါသည်။

ငါးထောင်တန် နှင့် ဖားဟောင်သံ

ခုတစ်လော ဦးစိမ်းစိုတစ်ယောက် ဆင်တဲရုံးတော်တွင် ထိုင်ရင်း အတော်လေး နေမထိထိုင်မသာ ဖြစ်နေရရှာ လေ၏။ နေ့ခင်းလည်းစားမဝင် ညတွင်လည်း အိပ်မရနှင့် ရုံးချိန်များတွင်ပါ အရင်လို တက်တက်ကြွကြွ ဖြင့် လေမပေါနိုင်ရှာတော့ပါ။ ဦးစိမ်းစို ဒီလိုဖြစ်နေရသည့် အကြောင်းရင်းကတော့ ခုတစ်လော မြန်မာပြည်တွင် လူပြောများနေသော ငါးထောင်တန် ဆင်းကဒ် ကြောင့်ပင်ဖြစ်နေချေတော့သည်။ ငွေငါးထောင်တန် ဆင်းကဒ် ထုတ်ပေးမည်ဟု သတင်းကြားစ ရက်များတွင် ဦးစိမ်းစို တစ်ယောက် နေမထိထိုင်မသာ ရွစိရွစိ ဖြစ်အောင်ကို ပျော်နေလေ၏။

ဟိုးတုန်းက သိန်းဆယ်ဂဏန်းလောက် ပေးရတုန်းက အနားတောင် မကပ်နိုင်သည့် တန်ဖိုးမို့ နောက်ထပ် ငါးသိန်းတန် ထပ်ထွက်လာတော့လည်း သူတို့လို လူတန်းစားတွေ အတွက်က လွယ်ကူသည့် ငွေကြေး မဟုတ်သေး။ နောက်ဆုံးပေါ် ဈေးနှုန်းသက်သာသည့် ဆင်းကဒ် ဟု ခပ်တည်တည် အမည်တပ်ပြီး ငွေနှစ်သိန်းတောင် တောင်းသေးသည့် ဆင်းကဒ် ပေါ်လာတော့လည်း မမှီတမှီ လေးဖြစ်နေသေးရာ ခုလို ငါးထောင်တန် ကဒ်ပေါ်တော့မယ်ဆိုတော့ ဦးစိမ်းစို တစ်ယောက် လက်ခမောင်းထခတ် ရှာလေတော့သည်။

အနှစ်နှစ်အလလ ကစောင့်နေခဲ့ရသည့် အခွင့်အရေးကို ရတော့မယ်ဆိုတော့၊ စိတ်ကူးယဉ်ထားသမျှ တွေဖြစ်လာတော့မယ်ဆိုတော့ … ဦးစိမ်းစို ၏ စိတ်ကူးများကလည်း အရမ်းလန်းပါတယ်။
“ဖုန်းကဒ် တစ်ခုကို ငါးထောင်ပဲဆိုတော့ … နှစ်ခုတောင်ဝယ်အုန်းမှာ … စိမ်းစိုတို့က လူကြီးဆိုတော့ အလုပ်တွေကလည်း တစ်အားများတာလေ ဖုန်းနှစ်လုံးမှ အဆင်ပြေမှာ ဟန်းဆက်ကတော့ နိုကီယာ နဲ့ ဆိုနီသဇင် ဆိုတဲ့ ဖုန်း တစ်လုံးဆီ ဝယ်ထားလိုက်မယ် တစ်လုံးက အလုပ်ကိစ္စသုံးဖို့ နောက်တစ်လုံးကတော့ သီချင်းနားထောင်မယ်.. ဓါတ်ပုံရိုက်မယ်.. .ကောင်မလေးတွေဆီကို မက်ဆေ့ ပို့မယ်… ဒီဖုန်းနံပါတ်ကတော့ လူတိုင်းကို ပေးလို့မဖြစ်ဘူး..။”

ထိုကဲ့သို့ ဖုန်းပလန်ကြီးကို တကယ်ချထားသော ဦးစိမ်းစို တစ်ယောက် စားလည်းဒီစိတ် အိပ်လည်းဒီစိတ်ဖြင့် ဒီအကြောင်းသာ ခေါင်းထဲတွင် ရှိနေလေတော့၏။ ရုံးပိတ်ရက်နေ့များတွင်လည်း အရင်လို တစ်လမ်းဝင် တစ်လမ်းထွက် ကျွေးသမျှ အရှက်မရှိ လိုက်စားနေသော အကွက်ဆန်းတွေလည်းထွင် မနေနိုင်ရှာတော့ပါ။

အပြင် မထွက်ရသည့် အကြောင်းရင်းနောက် တစ်ခုကတော့ မျက်နှာတွေမည်း သွားမှာစိုး၍ ဟူသတည်း.. ဖုန်းပြောသော အခါ မျက်နှာမည်းကြီးဖြင့် ပြောရမှာ ရှက်သဖြင့် တစ်သက်လုံးက မည်းနေသော အခွက်ကြီးကို ဖြူစင်ဝင်းမွတ်လာစေရန် ရည်ရွယ်ပြီး ရုံးပိတ်ရက်များတွင် အိမ်တွင်းအောင်း၍ သခွားသီးဖြင့် ပေါင်းတင်ခြင်း မနက်တစ်ခါ ညတစ်ခါ ဖဲအန်လပ်ဘဒီး မှန်မှန် လိမ်းခြင်း အမှု့တို့ကို မရှက်မကြောက် မှန်မှန်လုပ်လေတော့၏။ မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားသာ မှန်မှန် ရှိမခိုး ရှိရမယ်။ ဖဲအန်လပ်ဘဒီး လိမ်းဖို့တော့ လုံးဝမပျက်ကွက် ဟု ခိုင်မာသော သတင်းရပ်ကွက်မှ သတင်းရရှိထားလေ၏။

ရုံးပိတ်ရက် ဦးစိမ်းစိုတစ်ယောက် အိမ်တွင်နေပုံထိုင်ပုံကို မသိမသာ သွား၍လေ့လာကြည့်သော် အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် မှောက်၍တစ်ဖုံ လှဲ၍တစ်မျိုး အကြော ဆန့်နေရင်းမှ သူ့၏ မျက်နှာကိုလည်း မှန်လေးဖြင့် မကြာခဏကြည့်ခြင်း အမှု့ကိုလည်း ပြုလေ၏။ ခေါင်းအုံးပေါ်တွင် တံတောင်ဖြင့်ထောက်ထားရင်း လက်ဝါးနှစ်ဖက်ဖြင့် သူ့မျက်နှာကို ထောက်ထားပြီး ရှေ့တွင်ထောင်ထားသော မှန်လေးထဲ တွင်ကြည့်ရင်း မှန်ထဲတွင်ပေါ်နေသော သူ့အရိပ်ကို မျက်လုံးလေး စွေပြလိုက် မျက်စပစ်ပြလိုက် နှုတ်ခမ်းစူပြလိုက်နှင့် တစ်ယောက်ထဲ အားရအောင် ပေါနေလေတော့သည်။

မှန်ကြည့်နေရင်းမှ စိတ်ကူးယဉ်နေသည့် အကြောင်းကတော့ ဖုန်းသာရလာခဲ့ရင်တော့ ဘယ်လိုပုံနှင့်ပြောမည် ဘယ်လိုအိုက်တင်လေးနှင့် ဖုန်းကိုင်လိုက်မည်။ ဖုန်းအမျိုးစားကတော့ ဘယ်လိုအမျိုးစားကိုဝယ်မည် စသဖြင့် စိတ်ကူးလိုက်သမျှ အရာတွေ အားလုံးကတော့ ဖုန်းမှဖုန်းပဲ ဖြစ်နေလေတော့သည်။ ဒီလိုဖြစ်အောင် ဒီလိုရူးသွားအောင် အရူးကို ပီကေကျွေးလိုက်သူကတော့ ဦးစိမ်းစို၏ တပည့်ကျော် မောင်ဖိုးကြောင်ပဲ ဖြစ်ပါတော့တယ်။

တလောက ထိုင်းတွင် အလုပ်သွားလုပ်နေသော မောင်ဖိုးကြောင် ၏ ဦးလေးဖြစ်သူ အိမ်သို့ အလည်ပြန်လာရာတွင် ထိုင်းနိုင်ငံထုတ် ဟန်းဆက်လေး တစ်လုံးပါလာလေ၏။ ထိုင်းတွင် သူသုံးနေသော ဟန်းဆက်လေး ဟု ဆို၏။ နောက်ဆုံးပေါ် ဟန်းဆက်လေးမှာ ပုံစံလေးလှ ၍ သဘောကျစရာကောင်းသလို ထိုဟန်းဆက်တွင်ကင်မရာ၊ မြူးဇစ်ပလေယာ နှင့်တကွ ကျန်ဘာညာကွိကွ အတော်လေး စုံစုံလင်လင်ပါ ရှိလေ၏။

ဟန်းဖုန်းဆိုလျှင် တီဗွီ ထဲမှာသာမြင်ဖူးရှာသော မောင်ဖိုးကြောင်တစ်ယောက် မျောက်ပလွေရထားသလို လက်မှ မချတမ်း ကိုင်ထားလေတော့သည်။ ဘယ်သွားသွား လက်ကကိုင်သွားပြီး ရိုက်လိုက်ရသည့် ဓါတ်ပုံ ဆိုတာကလည်း အရူးလက် ဓါတ်မီးပေးထားမိသလို ဖျတ်ဖျတ်လက် နေလေတော့၏။ သူကိုင်ကြည့် ရပြီး အတော်တန် ကြာလာသောအခါ လက်ဦး ဦးစိမ်းစို ကိုလည်း မြင်ဖူးစေချင်သဖြင့် ရုံးသို့ ယူလာပြလေတော့သည်။ ဖိုးကြောင်ယူလာသော ဟန်းဆက်ကလေးကို မြင်ရသည်နှင့် ဦးစိမ်းစိုတစ်ယောက် ကမ္ဘာဦးမှမျောက် ဂျေဒိုးနတ်ကို ထိုင်ကြည့်ခြင်းမျိုးဖြင့် ကြည့်လေတော့သည်။

ဖိုးကြောင်ကလည်း ဟန်းဆက်တွင်ပါရှိသည့် လုပ်နိုင်သမျှ အစွမ်းသတ္တိမျိုးစုံကို အားကျိုးမန်တက် ထုတ်ပြရှာလေ၏။ “ဟာဒါကို.နှိပ်လိုက်.. ဟောသလိုလေးပေါ်လာရင် ဟောဒီ နေရာလေးကို နှိပ်လိုက်ရင် ဟောသလို ပုံလေးပေါ်လာပါလေရော တွေ့တယ်နော်။ ဒီမှာ ဓါတ်ပုံ ရိုက်ပြီးသားဖြစ်သွားပြီ။ ဟောဒီ နေရာလေးကိုနှိပ်ပြီး.. ဟောသလို နားကြပ်လေးတပ်ပြီး နားမှာ တပ်ထားလိုက် ကမ္ဘာပြိုတာတောင် မကြားနိုင်တော့ဘူးဖြစ်သွားမယ်… သိပ်ကောင်းတဲ့ မြူးဇစ်ပလေယာပေါ့.. နားကြပ်ကက်ဆက်တွေက ခေတ်မရှိတော့ဘူး။ သီချင်းပဲ နားထောင်ယုံပဲလား အရုပ်ကလေးရော ကြည့်ချင်သေးလား ဟောဒီနေရာကို နှိပ်လိုက် ဗွီဒီယိုကြည့်နေရသလိုပဲ တွေ့လား…။”

ဖိုးကြောင်၏ ကောင်းမှု့ကြောင့် ဟန်းဆက်တစ်လုံးကို သေချာ ကိုင်ကြည့်ဖူးသွားသည့် အပြင် ဟန်းဆက်အတွင်းရှိ ဘာညာသာရကာ ကောင်းမှု့ အဖုံဖုံကိုကြည့်ပြီး ဦးစိမ်းစိုတစ်ယောက် ငါတော့ မေ့လို့မရနိုင်ဘူး ဖြစ်သွားလေတော့သည်။ တစ်သက်လုံးက သူလုံးဝ အထင်မကြီးခဲ့သော ဖိုးကြောင်ဆိုသော ဘာမဟုတ်သည့် ချာတိတ်ကလေးက မမြင်ဖူး ခရမ်းသီး ဗုန်းဆံထင် အကွက်ဖြင့် လုပ်သွားသည်ကို ဦးစိမ်းစိုတစ်ယောက် ကောင်းကောင်း ခံလိုက်ရလေ၏။ ထိုအချိန်မှစ၍ ဦးစိမ်းစိုတစ်ယောက် ဟန်းဖုန်းရူး ရူး သွားလေတော့သည်။ ဒီကြားထဲ ညဖက်ညဖက် တီဗွီမှလာသော ကိုရီးယားကားတွေကလည်း ဖုန်းတစ်ကာားကားဖြင့် မြန်မာကားတွေမှာဆိုလည်း သရုပ်ဆောင်တာက နည်းနည်း ဖုန်းပြောနေကြသည့် အခန်းတွေကများများ ဒါတွေကိုကြည့်မိလေ ဦးစိမ်းစို တစ်ယောက် နေမြင့်လေ အရူးထွားလေ စကားလိုဖြစ်လာခဲ့လေတော့သည်။

ဒါပေသည့် ဦးစိမ်းစို အခြေအနေ နှင့်ကလည်း ဟန်းဖုန်းတစ်လုံး ဖြစ်လာဖို့အရေး ဝုန်းဒိုင်းဆို မဖြစ်နိုင်သဖြင့် တစ်ဆင့်ခြင်းသွားရန် စဉ်းစားနေရချေတော့သည်။ ပထမဆုံး အစီစဉ်ကတော့ ဟန်းဆက်ကလေးတစ်လုံးဖြစ်အောင် ဝယ်ထားရေးဖြစ်ပြီး နောက်တစ်ဆင့် ကတော့ ချဲတွေဘာတွေ ရုတ်တရက် ထပေါက်လို့ကတော့ လိုတဲ့ ငွေလေးကို ရှာကြံချေးငှားပြီး လိုင်းကဒ် တစ်ခုဝယ်ယူရန် ဖြစ်လေတော့သည်။

ဟန်းဆက်အတွက်ကတော့ အတော်လေး နီးစပ်လာသည့် အခြေအနေတွင် ရှိလေ၏။ တစ်လောက ဆိုမာလီယာတွင် အထည်များကို လပေး စနစ်ဖြင့် သွားရောင်းနေသော တူမကြီး တစ်ယောက်က ဖုန်းဆက်လေ၏။ ထိုအခါ စကားစပ်မိလို့ ပြောကြရာမှ ဦးစိမ်းစို ဖုန်းရူး ရူးနေသည်ကို သိသွားသော တူမကြီးမှ ဦးစိမ်းစိုကို အားပေးစကားပြောလေ၏။ ဘာမှမပူနဲ့ဦးလေး ခုတူမကြီးရောင်းနေတဲ့ အထည်လိပ်လုပ်ငန်းသာ အောင်မြင်အောင် ဆုတောင်းပေး ဆိုမာလီိယာမှာ တူမကြီး ဖက်ရှင်ဆိုင်ဖွင့် ရောင်းနိုင်တဲ့နေ့ကြရင် ဦးလေးလိုချင်တဲ့ ဟန်းဆက်ကို တူမကြီးဝယ်ပို့ပေးလိုက်မယ်။ ဘာအမျိုးစား လိုချင်တယ်ဆိုတာသာပြောနော်။ နော်ကီယာတွေဘာတွေ ကိုင်မနေနဲ့ ခေတ်အောက်သွားပြီ နော်ကီယာ ထက်ကောင်းတဲ့ နောက်ဆုံးပေါ် ဂေါ်ဇီလာဆို တဲ့ ဖုန်းဝယ်ပေးလိုက်မယ်…”

ထိုသို့ ပြောချင်ရာပြောပြီး ဖုန်းချသွားလေ၏။ တူမကြီး ဖုန်းဆက်ပြီးနောက်ရက်မှာပဲ လစ်ဗျားတွင် ကွမ်းယာဆိုင် ဖွင့်ထားသော တူတော်မောင်ကလည်း ဖုန်းဆက် လာချေသေး၏။ တူကြီးကလည်း တူမကြီးနင့် အပြိုင်
“ဒါမျိုးကတော့ ကျုပ်တို့ ဦးလေးကိုလုံးဝ မျက်နှာမငယ်စေရဘူး ဦးလေး ဘာဟန်းဆက် အမျိုးစား လိုချင်တယ်ဆိုတာ သာပြောလိုက် တူကြီးဝယ်ပို့ ပေးလိုက်မယ်။ ဒါပေမဲ့ ခုတော့မဟုတ်သေးဘူး.. ဟိုတစ်လောက ပြည်တွင်းစစ် ဖြစ်နေတုန်းက ကဒါဖီ တပ်သားတွေ ဝါးဖို့ ကွမ်းထုတ်တွေပို့ ပေးထားတာရှိတယ်..”

“စစ်ပွဲကာလ ဆိုတော့ ငွေလက်ငင်း မရှင်းနိုင်ဘူးပေါ့…. စစ်ပွဲပြီးမှ ပေးမယ် ပြောထားတာ ခုစစ်ပွဲပြီးသွားတော့ ဂဒါဖီ ဆိုတဲ့ ဘဲကြီးကပျောက်နေတယ်… တစ်ချို့ကတော့ ဘုမသိဘမသိနဲ့ ဒီဘဲကြီးကို သေပြီ ပြောနေကြတာ အမှန်က မသေလောက်သေးပါဘူး…. တကယ်လို့ သူမသေသေးလို့ ပြန်တွေ့ကြရင်တော့ ကျွန်တော် အကြွေးတွေသေချာပါက်ရပြီလို့ သာမှတ်ပေတော့ အဲဒီ အချိန်ရောက်အောင် ခဏလောက်စောင့်ပေး ရပြီဆိုတာနဲ့ ဦးလေး လိုချင်နေတဲ့ဖုန်း ရပြီသာမှတ်ပေတော့။ အိုင်ဖုန်း ယူမလား ဗွက်ဖုန်းယူမလား ကြိုက်ရာသာပြော လှမ်းဝယ်ပေးလိုက်မယ်… ဒါပေမဲ့ လောလောဆယ်တော့ အိမ်ကမိန်းမ ဈေးသုံးပြတ်နေလို့ နည်းနည်းလောက် ချေးပေးထားလိုက်ပါအုံး.. ဒါတွေက ကျွန်တော်ပြန်လာရင် ရှင်းပေးပါ့မယ်…..။

တူတွေတူမတွေ အပြောမှာတင် အမျောကြီး မျော သွားတဲ့ ဦးစိမ်းစိုတစ်ယောက် အယုံကြီးယုံပြီး အရူးကြီး ရူးသွားရှာပါတယ်။ ဟန်းဆက်အတွက် ဟုတ်နေပြီဆိုတော့ ဘာလိုသေးလဲ ဆင်းကဒ် တစ်ခုကိုလဲ ငါးထောင်နဲ့ ရတော့မယ်ဆိုတော့ ပြီးပြီပေါ့။ ဝါတွင်းသုံးလရောက်ရင် ရပ်ကွက်ထဲက တရားဟောဆရာ အောင်ရှန်းတစ်ယောက် ဆွမ်းပတ်တကာ လည်ပြီး မိုက်မချတမ်း ဟောသလိုပဲ ငါလဲ လက်ကကို မချတမ်းပြောမယ် ထိုင်နေရင်းလဲ ပြောမယ်.. လမ်းလျှောက်ရင်းလဲပြောမယ်.. ထနေရင်းလဲပြောမယ်.. အီးအီးပါနေတုန်းလဲ ပြောမယ်.. လူကွယ်ရာလဲပြောမယ်.. လူကြားထဲလဲပြောမယ်..။

ပြောစရာလူမရှိရင် မြူးဇစ်ပလေယာလေးဖွင့်ပြီး နားကြပ်တပ်ပြီး နားထောင်ရင်း ကောင်မလေးတွေကို ဓါတ်ပုံခိုးရိုက်မယ်… ရပ်ကွက်ထဲက ဖုန်းရှိတဲ့ ကောင်လေးတွေနဲ့ ဘီလူးတုနဲ့ သီချင်းကူးမယ်။ မူဗီတွေ ရှယ်မယ်.. ငါ့လို ဖုန်းဝယ် မကိုင်နိုင်သေးတဲ့ အောင်ကိုသိန်း ကွမ်းဆိုင်မှာ ကွမ်း အကြွေးသွာဝယ်ရင် ခါးကြားမှာတစ်လုံး ခါးပိုက်ထောင်ထဲမှာ တစ်လုံး ဖုန်းနှစ်လုံးထိုးပြီးသွားမယ်။ ဘယ်သူမှ ဖုန်းခေါ်မဲ့သူမရှိရင် ဟိုဖက်ဖုန်း နဲ့ ဒီဖက်ဖုန်းကို လှမ်းခေါ်ပြလိုက်မယ်… အားလုံး လုပ်ဖြစ်အောင်ကို လုပ်မယ်…. အစရှိသဖြင့်ပေါ့လေ.. ဦးစိမ်းစိုတစ်ယောက် ရင်ထဲမှာ ကြိတ်ပြီး ကျွေးကြော်နေတာ ကြလှပါဘီ..

ဒါပေသည့် အားလုံးသိကြသည့် အတိုင်း ငါးထောင်တန် ဆင်းကဒ် ဟူသည် လုပ်ပေးမည့် သူများက လုပ်ပေးနိုင်ပါသည် ဆိုသော်ငြားလည်း တတ်သိနားလည်သော ဆရာကြီးများက မဖြစ်နိုင်ပါဟု အတိလင်း ထုတ်ပြောလာပြီး “ကျား” “ကျား” “မီးယပ်” ဟူသော အကွက်မျိုး ခင်းလာသော အခါ… ဦးစိမ်းစို လို လူမျိုးများ အဖို့မှာကား……

စကားချပ် ။ ။ ဖားအော်သံကို နေရာတိုင်း၊ ရာသီတိုင်းတွင်း မကြားနိုင်ပါ။ ဖားသည် အော်တတ်သော သဘောသာရှိပြီး ဟောင်တတ်တဲ့သဘော ရှိလာဖို့နှင့် ဖားဟောင်သံကြားရဖို့ ဆိုရင်တော့ …. ငါးထောင်တန် ဖုန်းဖြစ်လာဖို့ ဆိုရင်လည်း ….. မြန်မာပြည် နှင့် အိမ်နီးချင်း သိပ်မတိုးတက်သေးသော တိုင်းပြည်များတွင် ဆင်းကဒ် ဟူသည်… သူတောင်းစားပင် လွယ်ကူစွာ သုံးဆွဲနိုင်သော ဈေးပေါသောပစ္စည်း ဖြစ်နေပါပြီ။

ဟက်ပီဘတ်ဒေး အင်တာဗျူး

ဒီတစ်ပါတ် အတွင်းမှာရောက်လာမဲ့ မောင်ပုံမှန်ရဲ့ မွေးနေ့ကို မောင်ပုံမှန် ကိုယ်တိုင်တောင် သတိတရ မရှိခဲ့ပါဘူး။ အလုပ်ခွင်ထဲမှာ ဘီးဇီးတွေ တအားပြနေတာလည်း တစ်ကြောင်းပေါ့။ တစ်နေ့ကမှ မောင်ပုံမှန်ရဲ့ ဘော်ဘော် တစ်ယောက်က သတိတရနဲ့ လာမေးပြီး သတိပေးလာပါတယ်။
“ဘာလိုလို နဲ့ ကိုပုံမှန် မွေးနေ့တောင်ရောက်လာတော့မယ်နော်တဲ့”
အောင်မာ.. ရုတ်တရက် ဆိုတော့ ဝမ်းသာတော့ မလိုတောင် ဖြစ်သွားသေးတယ်။ ငါ့မွေးနေ့ကို သတိတရ ရှိတဲ့သူတောင် ရှိနေတယ်ပေါ့.. သူ့အမေးကြောင့် ရင်လေးကော့ မလိုလုပ်နေတုန်း.. သူဆက်ပြောလိုက်တဲ့ စကားကြောင့် ကော့မလိုလုပ်နေတဲ့ ရင်လေးတောင် ပြန်ပိန်သွားပါတယ်။

“ဒီနှစ်ရော ဘာဝါးရမှာလဲ”
တဲ့… ပြောပုံက.. ဟင့် စိတ်နာချင်စရာ။ မောင်ပုံမှန် က ငယ်ငယ်ကတည်းက မွေးနေ့ရောက်ပြီဆိုတာနဲ့ အိမ်မှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ တစ်ခုခုလုပ် ဘော်ဘော်တွေဖိတ်ပြီး ဘတ်ဒေးလုပ်နေကြ ကြီးလာတော့လဲ ငယ်ငယ်တုန်းကလိုပဲ တစ်ခုမဟုတ် တစ်ခုလုပ်နေကြ ဒီလိုမှ မလုပ်ဖြစ်ရင် အသက်တစ်နှစ်ကြီးလာတာကို ကိုယ့်ဘာသာလုံးဝ အသိမှတ်မပြုဘူး။ မောင်ပုံမှန်က နှစ်တိုင်း တစ်ခုမဟုတ် တစ်ခုကျွေးနေကြဆိုတော့ ဒီငတိကလည်း ဒီနှစ် အတွက်ဘာများ ဝါးရမလဲဆိုပြီး လာစပ်စုတာ ဘာရမလဲ မောင်ပုံမှန် ကလဲ ဒီငတိကို ပြန်ရစ်ပေးလိုက်တာပေါ့။

“အေးကွာ ကျန်တဲ့ သူတွေကို ဘာကျွေးဖြစ်မလဲတော့မသိဘူး မင်းကိုတော့ ငါကိုယ်တိုင် ခေါက်ဆွဲကြော် ကြော်ကျွေးမယ်ကွာ ကြက်သားများများနဲ့ ကြက်အသဲ အမြစ်ပါထည့်ပြီး ရှယ်ကြော်ကျွေးမယ်” မောင်ပုံမှန် ၏ မက်လုံးကြောင့် ငတိခမျာ မျက်လုံးများ အရောင်တောက်သွားလေရှာ၏။
“အေးဒါပေမဲ့ ..မင်းငါ့ကိုတော့ အင်တာဗျူးပေးရမယ်… ဟက်ဟက်..” မောင်ပုံမှန်ရဲ့ နောက်ဆက်တွဲ စကားကြောင့် ငတိ ခမျာကြောင်စီစီ ဖြစ်သွားရရှာလေ၏။

“ဘာရယ်… အင်တာဗျူးပေးရမယ်… ဘာဖြစ်လို့ ဗျူးပေးရမှာလဲ… ခင်ဗျားက နာမည်ကြီး အနုပညာရှင်လဲ မဟုတ် အားကစားသမားလဲ မဟုတ်ပဲနဲ့ ဘာလို့ ဗျူးရမှာလဲ..”
ဟုကြောင်စီစီဖြင့် ပြန်မေးလေ၏။ သို့သော်… ထွက်ပြီးသား သွားတိုက်ဆေး ဟူသည် ဘူး အတွင်းသို့ ပြန်ဝင်ရိုးထုံးစံမရှိ။ ဝယ်ပြီးသား ပစ္စည်း ဟူသည် ဆိုင်တွင်ပြန်လဲ၍ မရရိုးထုံးစံတို့ ရှိသလိုပင် မောင်ပုံမှန်၏ ပြောပြီးသား စကားတို့သည်လည်း ပြန်ပြင်ရိုး ထုံးစံမရှိပါလေ။ ထို့ကြောင့် ထိုငတိကို မောင်ပုံမှန်တစ်ယောက် ပြင်းထန်သော ရာဇသံပေးရချေတော့၏။

“ကဲ..ကဲ.. ကိုယ့်လူ… ငါပြောသလို အင်တာဗျူးပေးရင်တော့ ခေါက်ဆွဲကြော်စားရမယ် ပြောသလို ဗျူးမပေးရင်တော့ ငတ်ပြီသာမှတ်ပေတော့…”
မောင်ပုံမှန်၏ ရာဇသံ အဆုံးမတော့ ကြက်သားနိုင်းချင်းနှင့် ကြော်ထားသော ခေါက်ဆွဲကြော်ကို မျက်စိထဲက မထုတ်နိုင်ရှာသော ငတိတစ်ယောက် အင်တင်တင် နှင့် မျက်စိစုံမှိတ်ပြီး သဘောတူရရှာလေတော့၏။

မောင်ပုံမှန် ၏ ဘော်ဒါ ငတိဆိုသူမှာလည်း ခေသူတစ်ယောက်တော့ မဟုတ်ချေ။ (သူ့ကိုယ်သူ) နာမည်အတော်ရနေပြီဟု သတ်မှတ်ထားသော ဘလော့ကာ တစ်ယောက်ဖြစ်လေ၏။ “ဒဗလှူ ဒဗလှူ ဒေါ့ ငတိဘာညာကွိကွ ဘလော့စပေါ့ ဒေါ့ကွန်းဆိုရင် မသိသူ ဘလော့ကာ မရှိဆိုပဲ… ဘလော့ကာ တစ်ယောက်လုပ်နေပြီး ငတိကိုမှ မသိရင် အွန်လိုင်းမတက်နဲ့ ဆိုရလောက်အောင် အတော်ပေါက်နေတယ်လို့ ပြောကြတာပဲ အပြင်မှာ တွေ့ရင်နှုတ်ဆက်လို့ရအောင် ဖက်စဖွတ်မှာတောင် သူ့ပုံကြီးကို သွားအဖြီးသားနဲ့ ခန့်ခန့်ကြီး တင်ထားလိုက်သေးတယ်။

သူ့ဘလော့မှာ ဘာတွေတင်ထားလဲလို့ မေးရင်တော့ သူအလကား သွားစားထားခဲ့ဖူးတဲ့ မွေးနေ့တို့ အလှူတို့မှာ အလှူ့ရှင် မမတွေနဲ့ တွဲရိုက်ထားတဲ့ စပ်ဖြီးဖြီး ပုံကြီးတွေကို တဝကြီးခံစားနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး ဘလော့ကာ တွေအကြောင်းတော့ ဘာသိချင်လဲ ငတိကိုသာ သွားမေးဆိုတဲ့ လူမျိုးပေါ့။ တစ်ခါတစ်လေ ရေးစရာမရှိရင် ဘလော့ဂါမလေးတွေ ခြေသည်း လက်သည်း ကျိုးတာတောင် သတင်းလုပ်ရေးတတ်တဲ့ သူမျိုး ဆိုလဲမမှားပါဘူး သတင်းစုံ ဘလော့ကာကြီး ပေါ့။

အဲဒီမှာ စတွေ့တော့တာပါပဲ။ သတင်းစုံ ဘလော့ငတိနဲ့ ဘတ်ဒေး သတင်းတင်ချင်နေတဲ့ မောင်ပုံမှန်နဲ့ ပေါ့ဗျာ။ ဒီငတိက မောင်ပုံမှန် မွေးနေ့ရောက်တိုင်း ခပ်တည်တည် နဲ့ လာဝါးနေကျ ပြီးရင် မေ့ပြစ်တတ်တဲ့ ငတိမျိုး ဒီတစ်ခါတော့ မောင်ပုံမှန်ကလည်း ဘယ်အမေ့ ခံလိမ့်မလဲ။ မှတ်လောက် သားလောက်အောင် အင်တာဗျူးခိုင်းပြီး ဒင်း ဘလော့မှာ တင်ခိုင်းမယ်ဆိုပြီး ဇွတ်အတင်း လုပ်တော့တာပဲ။ အဲဒီမှာ ငတိတစ်ယောက် အစားတစ်လုတ် အတွက်နဲ့ ပျားတုပ်တော့တာပါပဲ။ မောင်ပုံမှန် ရဲ့ ဇွတ်လုပ်ရပ်ကြောင့် ငတိတစ်ယောက် ငှက်ပျောသီး ခိုးမှု့နဲ့ ထောင်ဒါဏ် အနှစ်နှစ်ဆယ် အပြစ်ပေးခံလိုက်ရတဲ့ မျောက်အိုကြီးလို ငေးမှိုင်နေပါတော့တယ်။ ပြီးမှ “ဘာဗျူးရမှာလဲဗျ ဘာတွေမေးရမှာလဲ” ဆိုပြီး မျက်နှာ အိုကြီးနဲ့မေးပါတယ်…

“အာကွာ… မင်း အတော်တုံးတဲ့ကောင်ပဲ ဒါလေးတောင်မသိဘူးလား.. သွားအိမ်ပြန်ပြီး ဂျာနယ် အဟောင်းလေးတွေ ပြန်ရှာဖတ်ပြီး အနုပညာသမားတွေကို ဗျူးထားတဲ့ ဟာလေးတွေ ရှာကြည့်လိုက်… သူများတွေ ဘယ်လို ဗျူးထားတယ်ဆိုတာ သိရအောင်လို့ ဟင်း..ဟင်း..မပြောချင်ပါဘူး..နုံချက်ကတော့..”
ဆိုပြီး မခံချင်အောင် ခပ်ငေါက်ငေါက်လေးပြောလိုက်တော့ ငတိခမျာ မရှိမဲ့ ရှိမဲ့ မာနလေး ထိခိုက်သွားရှာပုံရပါတယ်။
“ဒီလောက်တော့ အထင်မသေးပါနဲ့ဗျာ.. သူတို့တွေဗျူးနေကြ ခေါက်ရိုးကျိုးတွေလို ပုံစံမျိုးဆိုလို့ကတော့ ခုဗျူးခိုင်းရင် ခုရပါတယ်” ဆိုပြိးပြောရှာပါတယ်။

ဂလိုနှင့် ငတိနှင့်မောင်ပုံမှန်တို့၏ ဗျူးပွဲကြီး စတင်ပါတော့တယ်။ မောင်ပုံမှန်ကလဲ သိတယ်မလား တက်သစ်စ အနုပညာသမားလေးများလိုပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် အရမ်း အရမ်းကို ဖြေချင်နေတာလေ.. ဟိဟိ။ ပထမဆုံး သူစမေးတာက “ဒီနှစ်မွေးနေ့ရက်မှာ ဘာလုပ်မလဲ” တဲ့… (သူမေးချင်တာက ခေါက်ဆွဲကြော်၊ကြာဇံကြော်၊မုန့်ဟင်းခါး တစ်ခုခုပေါ့ ဝါးဇယားကို မေးတာပါ)

မောင်ပုံမှန်ကလဲ သိတယ်မလား.. “အင်း……….ဒီနှစ်တော့…စိုင်းစိုင်းလိုပဲ ဘတ်ဒေးရှိုးလုပ်ပြီး အခွေထုတ်ရင် ကောင်းမလားလို့.. မေးစေ့လေးပွတ်ပြီး ငကြွားမလေး နန်းဆုရတီစိုး လို ခပ်ကြွားကြွားလေး ဖြေလိုက်ရာ ငတိတစ်ယောက် မျက်နှာတစ်ခွင်လုံး ရှုံမဲ့သွားလေတော့၏။ သို့သော် ခေါက်ဆွဲကြော် မျက်နှာကိုထောက်ပြီး
“အင်း…အင်း.. သဘောပဲလေ” ဟု အလိုက်သင့် ပြောရှာလေ၏။

ငတိ ။ ။ ဒါနဲ့ ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲ မသိဘူးနော်….
မောင်ပုံမှန် ။ ။ ကြောဘူး..တတ်ရင်တတ်…ဟီ.ဟီ.. အနုပညာသမားလေကွာ.. ဆယ့်ငါးနှစ် ကျော်လောက်ကတည်းက အသက်ကို မှတ်မထားတော့တာ…

ငတိ ။ ။ ဘယ်တုန်းကများ အနုပညာသမားဖြစ်သွားတာလဲ…
မောင်ပုံမှန် ။ ။ ကြာဘီလေ စာတစ်တန် ပေတစ်တန် မောင်ပုံမှန် ဆိုတဲ့ ဘွဲ့နဲ့လေ။ ကိုယ့်ဘာသာ ပေးထားလိုက်တာလေ မပိုင်ဘူးလား ငှဲငှဲ.. ငှဲ.

ငတိ ။ ။ မွေးနေ့မနက် ရောက်လို့ အိပ်ရာက နိုးလာတာနဲ့ ဘာလုပ်မယ် စိတ်ကူးထားလဲ…
မောင်ပုံမှန် ။ ။ အာ… မျက်နှာသစ်.. သွားတိုက်၊ အိမ်သာတက် ရမှာပေါ့ ဘာလုပ်ရမှာလဲ… မွေးနေ့ ရောက်တာနဲ့ပဲ ဘာမှ မလုပ်ရတော့ဘူးလား.. ဟွန်း…

ငတိ ။ ။ ဟယ်… မဆိုလိုပါဘူး.. မဆိုလိုပါဘူး… အင်း.အင်း.. သဘောပဲဗျာ.. ဟူး… ဒါနဲ့ ကိုပုံမှန်က တစ်ခြား အနုပညာသမားတွေလို မဟုတ်ဘူးနော်။ ဥပမာ ဗျာ မွေးနေ့မနက်ခင်းကို ရောက်တာနဲ့ ဟို စိတ်ကူးယဉ်လေးပေါ့ မနက်ခင်းလေးမှာ နိုးလာတာနဲ့ ချစ်သူကောင်မလေးဆီက ဖုန်းသံလေးကို စောင့်နေမယ်.. နောက်ထပ် သူပို့လာမယ့် မွေးနေ့ လက်ဆောင်လေးကို စောင့်ရင်း ရင်ခုန်နေမယ်… စသဖြင့် ပေါ့ဗျာ… ကျွန်တော် ဆိုလိုချင်တာက.. အဲဒါ.. အဲဒါမျိုး…
မောင်ပုံမှန် ။ ။ ဘာရယ်… ကောင်မလေးဆီက ဖုန်းသံကို မျှော်ရမယ်… အောင်မာ တကယ်လို့ ငါ့မှာ ကောင်မလေးမရှိရင် မင်းကရှာပေးမှာ မိုလို့လား… အပိုတွေ… (မောင်ပုံမှန်၏ အဖြေ စကားများကြောင့် ငတိတစ်ယောက် လွန်စွာမှပင် စိတ်နာလှသော်လည်း ခေါက်ဆွဲကြော် မျက်နှာကို ထောက်ပြီး ကြိတ်မှိတ်ကာ သီးခံလေ၏။)

ငတိ ။ ။ မွေးနေ့မှာ ဘယ်ကို လျှောက်သွားဖို့ ရှိလဲ သွားရင်လဲ သူငယ်ချင်းတွေ နဲ့လား ဒါမှမဟုတ် မိသားစုနဲ့လား…
မောင်ပုံမှန် ။ ။ အင်း.. အဲဒီနေ့မှာ ရှိုးပွဲတွေ ပြောထားတာတော့ ရှိတယ် ဘယ်မှာ ဖြစ်မလဲ တော့မသိဘူး…

ငတိ ။ ။ ဟယ်.. ရှိုးပွဲတွေရှိတယ် ဆိုတော့… စတိတ်ရှိုးလား၊ မော်ဒယ်ရှိုးလား ဘာရှိုးပွဲလဲဟင်… သတင်း လာယူရအုံးမလား… မောင်ပုံမှန် ။ ။ ဟုတ်ပါဘူး… ရှိုးပွဲဆိုတာ ဖဲရိုက်တဲ့ ရှိုးကိုပြောနေတာ.. ဟက်..ဟက် ဆင်တဲတစ်ဘက်ကမ်း ပြည်မြို့မှာဆိုရင်တော့ ကျောင်းသားတွေပေါတဲ့ သရက်တောရပ်ကွက်က အဆောင်တွေဖြစ်ဖြစ်၊ GTC အဆောင်တွေ ဖြစ်ဖြစ် တစ်နေရာမှာ ရှိနေမှာပါ။ တကယ်လို့ ရှိုးပွဲမရှိလို့ မသွားဖြစ်ရင်လဲ နုတ်ခမ်းမွှေး ဆိုင်(ဆင်တဲ၌ရှိသော နုတ်ခမ်းမွေး ကွမ်းယာနှင့်ရှက်ကီဆိုင်) မှာပဲ ဘီအီး တစ်ပိုင်းမှာပြီး ဝက်စွပ်လေးနဲ့ ငြိမ့်နေလိုက်တော့မယ်လေ။

ငတိ ။ ။ မွေးနေ့မှာ နိုင်ငံခြားတို့ ဘာတို ကိုရော သွားလည်ဖို့ ရှိသေးလား ရှော့ပင်းထွက်ရင်းပေါ့…
မောင်ပုံမှန် ။ ။ သွားတော့ သွားချင်ပါတယ်… သူတို့ကလည်း ခေါ်နေကြတယ်… ဒါပေမဲ့ ………. (မောင်ပုံမှန် ၏ စကားမဆုံးခင်.. ငတိက ဝမ်းသာ အားရဖြင့်)

ငတိ ။ ။ ဘယ်သူတွေက ခေါ်နေတာလဲဟင် ဟိုမင်းသမီးလို ဂျပန်မှာ ကုမ္မဏီ ဖွင့်ထားတဲ့ အဖေကခေါ်တာလား။ ဟိုအဆိုတော်မလေးလို အင်္ဂလန်က အမျိုးတွေက ခေါ်တာလား ဟို.. အမေရီးကား မှာရော အမျိုးတွေ ရှိသေးလား…
မောင်ပုံမှန် ။ ။ ထွပ်… ဘာတွေ လျှောက်ပြောနေတာလဲ.. ဘယ်မှာမှ ဘာအမျိုးမှ မရှိဘူး ခေါ်နေတယ်ဆိုတာ ခရီးသွားအေဂျင်စီတွေက ကြော်ငြာပြီးခေါ်နေတာကို ပြောနေတာ အဲဒါ သွားချင်ပေမဲ့ ဘယ်သူမှ လိုက်ပို့မဲ့သူ မရှိလို့ ဘယ်နိုင်ငံမှ မသွားတော့ဘူး…

ငတိ ။ ။ ဟူး…. ပြီးဘီဗျာ မေးစရာ မရှိတော့ဘူး..
မောင်ပုံမှန် ။ ။ အော်.. မေးလို့ပြီးဘီလား.. ဒါဆို ဓါတ်ပုံရိုက်လေ

ငတိ ။ ။ ဟာ.. ဘာလဲဗျ … ဘာလို့ ရိုက်ရမှာလဲ
မောင်ပုံမှန် ။ ။ ဟယ်…ပုံပါထည့်ပေးလေ ဒါမှ မောင်ပုံမှန် ကို ပရိတ်သတ်တွေမြင်ဖူးမှာပေါ့ ဒါလေးတောင်မသိဘူးလား…

ငတိ ။ ။ ဟူး…. (ငတိတစ်ယောက် လွန်စွာလေးကန်လှ သောအသံကြီးဖြင့်) ဟုတ်ကဲ့ပါ…ဟုတ်ကဲ့ပါ… ဒါပေမဲ့ ကင်မရာက ခုပါမလာသေးလို့ နောက်နေ့မှ ဓါတ်ပုံက လာရိုက်ပေးမယ်နော်…
ဟုဆိုပြီး ငတိတစ်ယောက် လေးဖင့်သော ခြေလှမ်း အစုံဖြင့် ထွက်ခွာသွားလေတော့ သတည်း။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင်ပုံမှန် အဖို့ကတော့ ငတိ ထံမှ မွေးနေ့လက်ဆောင် တစ်ခု ရလိုက်ပြီလို့ သတ်မှတ်ရတော့ မှာပါပဲ။ အဲဒါကြောင့် တစ်ယောက်တည်း အားရပါးရ ထအော်လိုက်ပါတယ် …

ဟက်.. ပီ.. ဘတ်… ဒေး…

မင်္ဂလာဆောင် ခရီးသည်

ကျွန်တော်တို့ မြန်မာပြည်မှာ ဝါလကင်းလွတ် သီတင်းကျွတ်လကို ရောက်ပြီဆိုတာနဲ့ လူသားတွေ အလုပ်ရှုပ်နေကြပါတော့တယ်။ အသက် အရွယ် အနေအထားပေါ် မူတည်ပြီး ပုံစံ အမျိုးမျိုး အလုပ်ရှုပ်ကြပါတော့တယ်။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ အသက် အရွယ်နဲ့ အခြေ အနေပေါ် ကိုမူတည်ပြီး ကွဲပြားသွားတာလောက်ပါပဲ “ဝါကျွတ်တော့မည် ..လူကြီးတွေကို ကန်တော့ ကြရမည်”။ “မိုးလေကင်းလွတ်ပြီ ..မီးပုံးပျံ လွတ်ကြရအောင်…”

ဒါတွေကတော့ ကြားနေကြ စကားသံများ ဖတ်ဖူးနေကြ ဝါကျ များနှင့် ပြောရိုးပြောစဉ် များသာဖြစ်ကြပါတယ်။ တကယ်တန်း မြန်မာပြည်မှာ လူတွေ အလုပ်များသောလုပ်လေ့ လုပ်ထရှိသော ကိစ္စများကတော့ “ကလေး အရွယ် တောင်မရောက် မြောက်မရောက် မျောက်ရှုံးလေးများ ကတော့ သီတင်းကျွတ် ခါတော်မှီ မှောင်ခို ဗျောက်အိုးရောင်းသော ဆိုင်များကို သေသေချာချာ လေ့လာထားပြီး အိမ်တွင်း စီးပွားရှာ ရာမှ ရလာသော တိုငွေ ၊ရှိုငွေ၊ ဘတ်ငွေ နိုင်ငံတကာငွေ များဖြင့် ရနိုင်သလောက်ဝယ်ထားပြီး ရပ်ကွက်လူကြီးများ အလစ်တွင်ဖောက်နိုင်ရန် အတွက် အကြံကြီး ကြံပြီး သီတင်း အကျွတ်ကိုစောင့်နေကြလေ၏။

နောက်ထပ် အကြံပိုင်သော အဖွဲ့ တစ်ဖွဲ့ကတော့ သီတင်းကျွတ် အထူးလျှော့ဈေးတို့ ၊ဘာညာရှိုးပွဲ တို့ သီတင်းကျွတ် တွင် လုပ်လေ့ လုပ်ထရှိသော အရပ်ပွဲ ဘာညာတို့တွင် သုံးစွဲနိုင်ရန် အတွက် ကိတ်မုန့် တစ်လုံးကို အရင်းပြုပြီး လူကြီးများကိုကန်တော့ကာ မုန့်ဖိုးများများ ပြန်တောင်းဖို့ ပရောဂျက် ကြီး ဆွဲထားသော ခေတ်သစ် မဟာဒူး တို့ အရွယ်ပေါင်း စုံ အဖွဲ့ ဖြစ်လေသည်။ နောက်ထပ် အကြံပိုင်သော အဖွဲ့ကတော့ ဝါကျွတ်ပြီ ဆိုတာနဲ့ ရှိသမျှ အမျိုးပေါင်းစုံကို ဖိတ်စာတစ်ခုလုံးပြည့်နေအောင်ရိုက်ထည့်ပြီး လမ်းတွေ့လို့ ပြုံးပြဖူးတာနဲ့ ဖိတ်စာ အတင်းလိုက်ပေးဖို့ မစ်ရှင်ဆွဲနေကြသော မင်္ဂလာ စုံတွဲ လောင်းများပဲဖြစ်ပါတယ်။

သီတင်းကျွတ်ရောက်လာပြီ ဆိုတာနဲ့ သူတို့ ခမျာ ကျားရှေ့ ဘဲကင်ချထားသလိုပဲ တားလို့မရအောင်ကို ဝါးချင်နေကြပြီ။ …အဲ..အဲ.မင်္ဂလာဆောင်ချင်နေကြပြီ။ ဆောင်မယ်….ဆောင်မယ်..တကဲကဲ နှင့် ထရိတ်ဒါး တို့ ဆီဒိုးနား တို့မှာ မဆောင်နိုင်လဲ ဘာဖြစ်လဲ ကိုယ့်အိမ်ရှေ့ မှာကိုယ် တိုင်ထောင် အမိုးမိုး ဖော့ပန်းလေးဆင်လိုက်ရင် မဏ္ဍပ်ဖြစ်ပြီပေါ့ မင်္ဂလာခန်းမကြေး ပေးစရာမလိုပဲ စရိတ်တောင်လွတ်သေး သက်သာလေစွ ဆိုတဲ့ အကြံနဲ့ တိုင်ထောင်၊ကျင်းတူး၊ အမိုး မိုးဖို့ အတွက် ရပ်ကွက်ထဲလှည့် တွေ့သမျှလူ ပြုံးပြ ပြီး လုပ်အားပေးခေါ်ဖို့ အတွက် အပြုံးလေးတွေချွေပြီး ဘွတ်ကင်လိုက်လုပ်နေပါတယ်။

ဒီလို အချိန်ဆိုရင်လဲ ရပ်ကွက်ထဲက အိမ်တွေမှာ တစ်ဖွဲဖွဲ နဲ့ ဝင်လာလိုက်တဲ့ ဖိတ်စာတွေက ပြေးမလွတ် ဒုံးကျည်တွေ အိမ်ထဲကို အလုံးအရင်းနဲ့ ဝင်လာသလိုပဲ ရှိနေပါတယ်။ တစ်ချို့ အကွက်မြင်တဲ့ မိဘတွေက ဒီလို အချိန် ရာသီ မျိုးရောက်လာတာနဲ့ အိမ်ရှေ့ လူမြင်ကွင်းမှာ လက်လွတ်စပါယ် ထိုင်မနေရဲတော့ပဲ တင်းကြပ်တဲ့ လုံခြုံရေး အစီ အမံတွေချပြီး အိမ်ရဲ့ မျက်ကွယ် အရပ်မှာ သတိနဲ့ ဝင်နေကြပြီး လူရည်လည်တဲ့ သားသမီးလေးတွေကိုပဲ အိမ်ရှေ့မှာ ကင်းချထားတတ်ကြပါတယ်။ ဖိတ်စာကိုင်ပြီး အိမ်ထဲကိုဝင်လာတဲ့ လူတစ်ယောက်ယောက် ကိုတွေ့တာနဲ့ “ လူဂျီးတွေ အရှိဘူးဂျ ” ဆိုတဲ့ အကွက်ဟောင်းကြီးနဲ့ ထွက်ငွေ လျှော့ချရေးစီမံကိန်း တွေဆွဲထားတဲ့ အချိန်ပဲဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်ပဲ အိမ်ရှေ့ မှာ ခန့်ခန့်ကြီးထိုင်နေပြီး လာသမျှဖိတ်စာကို လက်ခံနေမိလို့ကတော့ လက်အတင်းဆွဲပြီး “ဦး ဆက်ဆက် လာရမယ်နော်”…“အကိုကြီး..မလာလို့ မရဘူးနော်”..“အဘ…လာမှကို ဖြစ်မှာ” ဆိုတဲ့ …မျက်နှာနာစရာ အပြောမျိုးတွေရဲ့ အောက်မှာ အားနာတတ်တဲ့ မြန်မာလူမျိုး ပီသပြဖို့ အတွက် အိပ်ကပ်ထဲက ဖွတ်ကလိဒင်္ဂါးတွေ အတော်ရင်းပေးလိုက်ရမှာပါ။ ဟဲ..ဟဲ ဒီလိုအပြောမျိုးတွေ ပြောနေပြီဆိုတာနဲ့ မောင်ပုံမှန် ကို ဘာကြီးလဲဟ …ဘယ်လို ဟာကြီးလဲဟ သူကြတော့ရော ဒီလို အကွက်တွေ မလုပ်ခဲ့ ဘူးလား… သူရောကင်းလို့လား ဒါမှမဟုတ်.. ဟိုရုပ်ရှင်တွေထဲကလို မင်္ဂလာပွဲပျက်သွားလို့ မင်္ဂလာဆောင် ကိုမုန်းတီးနေတဲ့ သူတစ်ယောက်များ ဖြစ်နေမလား။ ဒါမှမဟုတ်… အီကိုတွေးတွေးပြီး.. မင်္ဂလာဆောင်ဆိုရင် ဘယ်မင်္ဂလာဆောင်ကိုမှ မသွားတဲ့သူ အီကို ကြီးများလားလို့ လည်းမထင်လိုက်ပါနဲ့။

ဟိုတစ်ချိန်တုန်းက.ဆိုရင် မောင်ပုံမှန် တို့ အဖွဲ့ ကို အကြောင်းမသိတဲ့ သူတွေက “ မင်္ဂလာဆောင်ပွဲစားတွေလို့ ” တောင်ထင်ခဲ့ ကြရအောင်ကို မင်္ဂလာဆောင် အလွန်သွားခဲ့တဲ့ သူတွေပါ။တော်ရုံ မင်္ဂလာဆောင် သွားတဲ့ သူတွေကတော့ မောင်ပုံမှန် တို့ အဖွဲ့ကိုလုံးဝမမှီပါဘူး။ မင်္ဂလာဆောင် တစ်ခုကို သွားပြီ ဆိုရင်လည်း ဘယ်တော့ မှတစ်ယောက်ထဲ မသွားတတ်ပဲ လိုက်ချင်သမျှ လက်လှမ်းမှီရာ ဘော်ဒါတစ်အုပ် တစ်မကြီးကိုခေါ်သွားတတ်ပါတယ်။ တစ်ခါ တစ်လေ ကိုယ့်အိမ်က သွားစရာ မင်္ဂလာဆောင် မရှိလို့ အိမ်မှာထိုင်နေရင်တောင် တစ်ခြားဘော်ဒါ တစ်ယောက်က သွားဖို့ ရှိလို့ ထုံးစံ အတိုင်းလာခေါ်ရင်တောင် ထလိုက်သွားလိုက်တာပါပဲ။

မောင်ပုံမှန် တို့ မိဘတွေကို ဖိတ်မိတဲ့ မင်္ဂလာဆောင်တွေကတော့ အတော်နာမဲ့ သဘောရှိပါတယ်။လက်ဖွဲ့တာက တစ်ယောက်ထဲ လိုက်လာတဲ့ သူတွေက တစ်အုပ်ကြီးဆိုတော့ ..။ ဒီလို အချိန် ရာသီမျိုးကို ရောက်လာပြီဆိုတာနဲ့ ပုံမှန် တို့ အဖွဲ့လည်း အင်္ကျီသစ် ပုဆိုးသစ်တွေ ကိုယ်စီနဲ့ အရပ် တကာလှည့်ပြီး မင်္ဂလာဆောင်ပွဲစားတွေလုပ်နေကြပါပြီ။ လူအုပ် တောင့်တဲ့ ပုံမှန် တို့ အဖွဲ့ အဖို့ တစ်ယောက် သွားဖို့ မရှိတောင် တစ်ယောက်က ရှိနေလို့ ဒီရာသီ ရောက်လာပြီ ဆိုတာနဲ့ နားရက် မရှိအောင်ကို သွားရပါတော့တယ်။

သွားခဲ့ဖူးတဲ့ အတွေ့ အကြုံတွေ အရ မင်္ဂလာဆောင်တွေ ထဲမှာ အမျိုးစား အမျိုးမျိုး နဲ့ တွေ့ခဲ့ဖူးပါတယ်။ မိုင်လို၊ ကိုကိုး တို့ တိုက်ပြီး ဘဲသားပတ်(ပ်) ကျွေးတဲ့ မြို့ဆောင်လေးလား၊ ရေခဲမုန့် နဲ့ ရွှေပုစွန်ကိတ် ကျွေးတဲ့ သားသားနားနား မင်္ဂလာဆောင်လား၊ လက်ဖက်ရည်နဲ့ မုန့်နဲ့ ကျွေးပြီး ရေနွေးကြမ်း နဲ့ လက်ဖက်သုပ်ပါ အဆစ်ထည့်ပေး တဲ့ စေတနာပါပါ မင်္ဂလာဆောင်လား၊ လက်ဖက်ရည် ကျဲကျဲဖျော် ပလိန်းကိတ် တစ်ချပ်ချပေးပြီး ပေါ်တင်အလှူခံတဲ့ မင်္ဂလာဆောင် အစုံပါပဲ။ တစ်ခါတစ်လေ တောဘက်က မင်္ဂလာဆောင်ဆိုရင် မနက်ပိုင်း မုန့်ဟင်းခါးကျွေးပြီး နေ့လည်ပိုင်းမှာ ဝက်သားနဲ့ထမင်း ကျွေးတဲ့ တောရှယ် မင်္ဂလာဆောင် မျိုးဆိုရင်လည်း လှည်းကြုံလှေကြုံ စီးပြီး သွားခဲ့ကြဖူးပါတယ်။ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက ကြည်ဖြူကြပေမဲ့ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက သိပ်အစာကြေပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ကတော့ သွားမြဲ သွားခဲ့ကြတာပါပဲ။

ကျွန်တော်တို့ သွားခဲ့ဖူးတဲ့ မင်္ဂလာဆောင်တွေ အများကြီးထဲမှာမှ မှတ်မှတ်သားသား ထင်ကျန်လောက်တဲ့ မင်္ဂလာဆောင် ကတော့ တစ်ခုပဲရှိပါတယ်။ တစ်နေ့ညနေခင်းမှာပေါ့ အိမ်က မင်္ဂလာဆောင်သွားဖို့ မောင်ပုံမှန်ကို ထုံးစံအတိုင်း ကိုယ်စားလှယ် လွှတ်လိုက်ပါတယ်။ မင်္ဂလာဆောင် သွားဖို့ အတွက် ရှိုးအပြည့်နဲ့ အိမ်ကထွက်လာခဲ့တဲ့ မောင်ပုံမှန် တစ်ယောက် ထုံးစံ အတိုင်း အဖွဲ့ဝင်တွေ လိုက်စုတာ တစ်ယောက်မှ မတွေ့ရပဲ အကြောင်းအမျိုးမျိုးနဲ့ လွဲချော်နေတာကြောင့် နောက်ဆုံးမှာတော့ အခိုင်အမာ မန်ဘာကြီး ပေါ့ဆိမ့် တစ်ယောက်ပဲ အဖော်ရပါတော့တယ်။

နှစ်ယောက်ထဲရှိလည်း ဘာဖြစ်လဲ သွားကြမယ်ဆိုပြီး နှစ်ယောက်သားရင်ကော့ပြီး ထွက်လာကြပါတယ်။ ဟန်နဲ့ပန်နဲ့ လူကြီးစတိုင်ဖမ်းပြီး လာတဲ့ ကလေးနှစ်ယောက် မင်္ဂလာခန်းမကို ရောက်လာတဲ့ အချိန်မှာတော့ ခန်းမတစ်ခုလုံးမှာ မင်္ဂလာဧည့်ပရိတ်သတ်တွေလည်း အတော်များနေပါပြီ။ အဝင်ဝဧည့်ကြိုနေရာကနေ ခန်းမထဲဖြတ်လျှောက်ပြီး လူလွတ်တဲ့ ခုံမှာဝင်ထိုင်နေတဲ့အထိ မောင်ပုံမှန်တို့ လူကြီးလူကောင်း နှစ်ယောက်ကို အဖက်လုပ်ပြီးခေါ်မယ့် သူတစ်ယောက်မှ မရှိပါဘူး။ နှစ်ယောက်သား ဟိုကြည့် ဒီကြည့်နဲ့ အတော်လေးကြာလာကာမှ ဝတ်ကျေတမ်းကျေ လက်ဖက်ရည် နှစ်ခွက် စားပွဲပေါ်ကို ရောက်လာပါတော့တယ်။

ဘေးနားကစားပွဲဝိုင်းတွေကို မကြာခဏ လာနှုတ်ဆက်တဲ့ သူတို့သား၊ သူတို့ သမီးနဲ့ သူတို့မိဘတွေကလည်း ဘေးနားက ဝိုင်းကလူတွေကို သဲသဲလှုပ် ဧည့်ခံနေကြသလောက် မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကိုတော့ ဆေးဖော်ကြောဖက်တောင် မလုပ်ကြပါဘူး။ တကယ်တော့ မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကလည်း သူတို့ကိုပိုက်ဆံပေးဖို့ လာတဲ့ “ကာစတန်မာ” တွေပဲလေ.. လူကြီးတွေမှ ပိုက်ဆံလာပေးတာမှ မဟုတ်ပါဘူး။ ဆူညံနေတဲ့ သီချင်းသံတွေနဲ့ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ရယ်သံတွေကို အကြီးအကျယ် စိတ်ညစ်သွားတဲ့ ကလေးနှစ်ယောက် တိုင်ပင်စရာမလိုပဲ ထထွက်လာခဲ့ကြပါတော့တယ်။ အပွဲပွဲနွဲလာခဲ့တဲ့ ဝါရင့် ပွဲစားကြီးနှစ်ယောက် ဒီတစ်ပွဲကြမှ ခံလိုက်ရတာ အတော်ရင်နာစရာပါပဲ။ လက်ဖွဲ့ငွေထည့်တဲ့ နေရာကိုရောက်ကာမှ ပြန်ကာနီး ပိုက်ဆံထည့်ဖို့ မေ့သွားမှာစိုးလို့ နဲ့တူပါရဲ့ အဝင်တုန်းကတော့ လာကြပါ မခေါ်တဲ့ လူကြီးတစ်ယောက်က တစ်ပေပတ်လည် အပြုံးတုကြီး ဖန်တီးပြီး ပြန်ပြီလားလို့ မေးပါတယ်။ (ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပြန်ချင်လည်း ပြန်ကြတော့ ပိုက်ဆံတော့  ထည့်သွားဦးဆိုတဲ့ သဘောထင်ပါရဲ့)။

ဒီနေရာရောက်လာတော့ ပုံမှန်ရဲ့ ရွှေးချယ်ခွင့်ဖြစ်သွားပါပြီ။ အဲဒီတုန်းက အိမ်ကလက်ဖွဲ့ ခိုင်းလိုက်တဲ့ ငွေ အစိတ်ကို သူ့ရှေ့တင်ပဲ တစ်ဆယ်တန်ကို နှုတ်လိုက်ပြီး ဆယ့်ငါးကျပ်တန် တစ်ရွက်ပဲ လက်ဖွဲ့လိုက်ပြီး ခပ်တည်တည် နဲ့ ပြန်ထွက်လာကြပါတော့တယ်။ သူတို့ဘက်ကလည်း မရှုံးပါဘူး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ကောင်းကောင်းတစ်ခွက်မှ သုံးကျပ်လောက်ပဲရှိတဲ့ ခေတ်မှာ ချိုကျဲ နှစ်ခွက်သောက်ပြီး ဆယ့်ငါးကျပ်တောင် လက်ဖွဲ့ သွားတယ်ဆိုတော့ မြတ်တောင်မြတ် ပါသေးတယ်။

ဒီလိုနဲ့ နှစ်ယောက်သား အိမ်ပြန်ရောက်တဲ့အထိ ဒေါသထွက်ထွက် နဲ့ သုငယ်ချင်းနှစ်ယောက်ပြောလို့ မဆုံးနိုင်အောင် ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ပြောနေတာကို ကြားသွားတဲ့ မားသားကြီးက မသင်္ကာလို့ အစ်အောက်ကြည့်လိုက်ကာမှ အမှန်ကို သိသွားပြီး ကျွန်တော်တို့ နှစ်ယောက်ကို အကြီးအကျယ် ဆူပွက်ပါတော့တယ်။ လူကြီးချင်းမျက်နှာပျက်ရမှာကို ကြောက်နေတဲ့ မားသားကြီးက ကျန်တဲ့ တစ်ဆယ်ကို ချက်ချင်းသွားပြန်ထည့်ခိုင်းလိုက်လို့ နှစ်ယောက်သား မသွားချင်သွားချင်နဲ့ နောက်တစ်ခေါက်ပြန်သွားပြီး ကျန်တဲ့ တစ်ဆယ်ကို သွားပြန်ထည့်ရပါတော့တယ်။ ဟိုရောက်တော့ အံ့သြ သွားတဲ့ ငွေလက်ခံတဲ့ ငနဲကြီးကို ခုနက မေ့သွားလို့ ဆိုပြီး မိဘနာမည်ပြောပြီး နောက်တစ်ဆယ်ထပ်ပေးပြီး ခပ်တည်တည် နဲ့ ပြန်လှည့် ထွက်လာခဲ့ပါတယ်….။

ကျွန်တော် မင်္ဂလာဆောင် ပွဲစားလုပ်လာတဲ့ သက်တမ်းတစ်လျှောက် အကြီးကျယ် အဆင်မပြေဆုံး နေ့တစ်နေ့ ဖြစ်လာတဲ့ အဲဒီနေ့ကို အမြဲတမ်း အမှတ်ရနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ဒီရာသီကို ရောက်လာပြီဆိုတာနဲ့ ကလေးဘဝတုန်းကလို ဗျောက်အိုးဖောက်ချင်တာ၊ ကိတ်မုန့် တစ်လုံးဝယ်ပြီး ရင်းနှီးမြုပ်နှံမှု့ လုပ်ကြည့်ချင်တာ သီချင်းသံတွေ ဆူညံနေအောင်ဖွင့် ထားတဲ့ မင်္ဂလာဆောင်တွေကို သူငယ်ချင်း တစ်အုပ်နဲ့ သွားချင်တဲ့ အကျင့်တွေ ရှိနေတုန်ုးပါပဲ……….။

မှတ်ချက်။ ။ မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့် ကျွန်တော်တို့သူငယ်ချင်းတစ်ယောက် အကြောင်းတွေးရင်း ငယ်ငယ်က ကျွန်တော်တို့ ဘရုတ်ကြခဲ့မိတာလေးတွေ ပြန်လည်သိရမိ၍ ပို့စ်တစ်ပိုဒ်အဖြစ် တင်လိုက်မိပါသည်။

ကိုကိုမ

သာယာလှပသော အလုပ်နားရက် တနင်္ဂနွေနေ့ လေးတစ်နေ့၏ မနက်ခင်းလေးတစ်ခုတွင် နေအတော်မြင့်ချိန်ရောက်သည်အထိ အိပ်ဖို့ ရည်ရွယ်ထားသော မောင်ပုံမှန် တစ်ယောက် ဘေးခြင်းကပ် အခန်းမှ ကိုကိုမ ၏ ဆူညံစွာ ဖွင့်နေသော နံနက်ချိန်ခါ တေးသံသာများကြောင့် အလန့်တကြားနိုးထလာခဲ့ ရလေတော့သည်။ တေးသီချင်းများကို ဆူညံစွာ ဖွင့်နေသူကတော့ မောင်ပုံမှန် ၏ အချစ်တော် ကိုကိုမ ဆိုသူပင်ဖြစ်လေတော့၏။ ကျန်အိမ်သားများမှာလည်း နတ်ကန္တားပေးနေသော အသံကဲ့သို့ ဆူညံလှစွာသော တေးသံသာ များကြောင့် ဝေးရာသို့ ရှောင်ရှားသွားကြလေတော့သည်။

“ဟင်း….”

သက်ပျင်းရှည်ကြီး တစ်ချက်ကို မသာမယာ ချလိုက်ရင်း မောင်ပုံမှန် တစ်ယောက်လည်း အိမ်အပြင်သို့ ထွက်လာခဲ့လေတော့သည်။ အိမ်ပြင်ရောက်လာကာမှ မောင်ပုံမှန် တစ်ယောက်ထဲ ကိုကိုမ ၏ အကြောင်းကို စဉ်းစားနေမိတော့သည်။

ကိုကိုမ နှင့် မောင်ပုံမှန် သည် တစ်အိမ်ထဲ နေ၍ တစ်လုပ်ထဲတွင် အတူတကွ လုပ်ကိုင်နေကြသော်လည်း တစ်ယောက်နှင့် တစ်ယောက်ကြည့် မရအောင် အမြင်ကပ်ကြသော လူများဖြစ်ကြလေ၏။ ဘယ်ဘဝက ရေစက်လဲတော့မသိ နေ့တိုင်းရှည်ထွက်နေသော မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးများကို နေ့တိုင်းပြောင်အောင်ရိတ်ပြီး အဖုအထစ်များဖြင့် ခရောင်းလမ်းဖြစ်နေသော သူ၏ မျက်နှာကို ပေါင်ဒါ အဖွေးသားဖို့ထားပြီး ခပ်တောင့်တောင့် ယောင်္ကျားတစ်ယောက်ကို မြင်လျှင် ပြီတီတီ ပြုံးပြတတ်သော ကိုကိုမ ဟု အမည်ရသော အသံ အလွန်ကျယ်သော ထိုငတိကို ဘယ်လိုမှ အဆင်ပြေအောင် ပေါင်းလို့ မရတာကတော့ အမှန်ပင် ဖြစ်လေ၏။

ညသန်းခေါင်ကျော်သည် အထိ ဖုန်းပြောသံ၊ သီချင်းသံ တို့ဖြင့် ဆူညံနေသော ကိုကိုမ တစ်ယောက် အလုပ်တက်ရက် မနက်စောစော အချိန်သို့ရောက်လာသော အခါတွင်မူ စိတ်ရင်းစိတ်ထား ကောင်းလှစွာဖြင့် အိမ်သားများ အိပ်ရာမှ မနိုးစေရန် အတွက်လုပ်စရာ ကိစ္စများကို အလွန်တိုးတိတ်စွာလုပ် ၍ အလုပ်သို့ အသာလစ်သွားလေ့ ရှိသည်။ အလုပ်ပိတ်ရက် နေ့များတွင်မူ နံနက်စောစော အိပ်ရာမှ ထ၍ နံနက်ချိန်ခါ တေးသံသာများကို ဆောင်းဘောက်ကြီးများဖြင့် ဖွင့်၍ အိမ်သားများကို ဖျော်ဖြေလေ့ရှိသည်။

နံနက်လင်း၍ အိပ်ရာမှ နိုးသည်နှင့် မနားတမ်းဖွင့်နေသော အသံများကို နားမခံသာသော အိမ်သားများမှာ အိမ်ရာနိုးသည်နှင့် အဝတ်စားလဲ၍ ခြေဦးတည့်ရာသို့ လစ်ကြရလေတော့သည်။ ကိုကိုမ ဖွင့်နေကြသီချင်းမှာ ဒေါ်လုံးတင်မ(ဘောလုံးဘုရင်မ) မေခလာ (ဘယ်သူပေးထားသော ဘွဲ့လဲတော့မသိပါ) ၏ နာမည်ကျော် ဘောသီချင်းများ ဖြစ်လေ၏။

မေခလာ ကလည်း အလွန်တတ်နိုင်၏ “ရစ်ကီမာတင်” ၏ “ဂိုး…ဂိုး..ဂိုး..အာလေ…အာလေး…အာလေး” သီချင်းကို “ဂိုး..ဂိုး..ဂိုး…ကိုကိုရေ သွင်းပါဂိုး.. လုပ်လိုက်ပြီး။ ခုတစ်ခါ..ရှာကီရာ ၏ ဝါကာ.. ဝါကာ အေ့..အေ.. သီချင်းကို “မြန်မာ.. မြန်မာ.. အေ့အေ့” ဟုလုပ်ချလိုက်ပြန်၏။ ကိုကိုမ ကလည်း ထိုသီချင်းများကို အလွန်ကြိုက်လေသည်။ “မေခလာ” နှင့် သြရသ စုံတွဲဆိုထားသော ဟိုသီချင်းကြီးသည် ဘာကြီးမှန်းကို မသိသော သီချင်းဖြစ်လေသည် ဘာတဲ့…
“အရပ်ကခြောက်ပေ… ကြွက်သားတောင့်တယ်.. ခန္ဓာကိုယ် အချိုးစား ကြီးတယ်မိုက်တယ် ဒီမှာလာပြီ တစ်ဂိုး… သွင်းပါတစ်ဂိုး.. ကစ်ပါအုံး…” သီချင်းကြီးက ဘာကြီးမှန်းမသိပါ အရပ်က ခြောက်ပေ ကြွက်သားတောင့်တယ်…တဲ့ ဟင်းဟင်း ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုမ ကတော့ အလွန်ကြိုက်၏။

တစ်ခါတစ်ရံ တစ်ခြားနိုင်ငံသား ဘော်ဒါများ အိမ်လည်လာကြသော အခါများတွင်လည်း အရှက်နည်းသော ကိုကိုမ က ထိုငပေါသီချင်းများကို ဖွင့်ပြပြီး အကျအန ဧည့်ခံရုံသာမက သီချင်းများ၏ အဓိပ္ပါယ်ကိုပါ အသေအချာရှင်းပြလေ၏။ ထိုအခါ ချန်ပီယံ မြန်မာ အသင်း၏ ခြေစွမ်း အမှန်ကို သိနေသော တစ်ခြားနိုင်ငံသားများက သူတို့ အချင်းချင်း ပြော၍ ရယ်ကြလေ၏။ ကိုကိုမ သည် စရိုက်မကောင်းရုံသာမက ဉာဏ်လည်း အလွန်နည်းလေ၏။ ထိုနိုင်ငံခြားသား ငတိများနှင့် မောင်ပုံမှန် တို့ မြန်မာ ဘောလုံးဝါသနာရှင်များကြားတွင် ဇာတ်လမ်းများရှိခဲ့လေ၏။

မောင်ပုံမှန် တို့ အိမ်သားများသည် ဘောလုံးဝါသနာရှင်များ ဖြစ်ကြကုန်၏။ တစ်ပါတ် တစ်ပါတ် ကြည့်လိုက်ရသော ဘောလုံးပွဲနှင့် ဝယ်ဖတ်လိုက်ရသော စာစောင်မှာ အစုံပင်ဖြစ်လေ၏။ “ဗီယက်နမ်” နိုင်ငံတွင် ကျင်းပခဲ့ သော “ဆူဇူကီး” ဘောလုံးပြိုင်ပွဲ စတင်ခါနီးတုန်းကဆို ဘောလုံးဂျာနယ်တွေ ဝယ်ဖတ်ပြီး မြန်မာ အသင်းအကြောင်းကိုကြည့်ကြ ရုံသာမက အွန်လိုင်းရှိ ဘောလုံးဆိုဒ်ပေါင်းစုံတွင်လည်း မြန်မာအသင်းအကြောင်း ဝင်ကြည့်ရတာ အမော မြန်မာအသင်းနည်းပြ ဦးတင်မြင့်အောင် ၏ ကြွားချက်များကိုလည်း တကယ်ထင်နေကြ ပြီး ဆိုဒ်များတွင် တင်ထားသော မြန်မာအသင်းအကြောင်း တွေကိုလည်း အားလုံး ယုံနေကြလေသည်။ “ဦးတင်မြင့်အောင်”၏ “မြန်မာအသင်း နဲ့တွေ့ရင် ဘယ်အသင်းမှ မချောင်ဘူး ဆိုသောအပြောကို ကြားရုံဖြင့် မြန်မာ အသင်းကို ချန်ပီယံ ဘွဲ့ပေးထားလိုက်တော့သည်။

သို့နှင့် အလုပ်သွားချိန်တွင်လည်း ဂျာနယ်တစ်ပုံကြီး မသွား၍ အလုပ်နားချိန်များတွင် တစ်ခြားနိုင်ငံသား ဘော်ဒါများကို ပြ၍ကြွားကြလေတော့၏။ “ဟက်ရောင်တွေ ဒီမှာကြည့် ဒါ မြန်မာဂျာနယ် စာမဖတ်တတ်ရင်လည်း အရုပ်တွေကြည့်ထား”
“ဒါ မြန်မာ အသင်းပုံ တအားကောင်းတယ် မယုံမရှိနဲ့ …ပြီးတော့ ဒီကောင်တွေက ပရိုတွေနော်… လမ်းဘေးမှာ ကန်နေတဲ့ ကောင်တွေ မဟုတ်ဘူး သိလား.. သွားတော့မယှဉ်လေနဲ့ သေသွားမယ် တုန်းကနဲ သေမသွားတောင် ဆန့်ငင် ဆန့်ငင်နဲ့သေသွားမယ်….”

“ဟောဒီကောင်ကိုကြည့်..“ရန်ပိုင်” လို့ခေါ်တယ် တအားကောင်းတာ ကစ်တအားပြင်းတယ်.. ဖရီးကစ်တွေဘာတွေ သူကန်လို့ ကတော့ ဂိုးပေးရမှာ ကြောက်ပြီး ဂိုးရှေ့မှာ သွားမကာကြနဲ့ သူ့ကန်ချက်ထိလို့ ကတော့ အူတောင် အခွေလိုက်ထွက်သွားမယ်….. တအား.. ပြင်းတဲ့ကောင်.. ဟင်း.. ဘာမှတ်နေလဲ” လက်ကုန်ကို လွှတ်ကြွားထားတာပါ ဟက်…ဟက်..

ဒါတောင် တစ်ချို့လူတွေက … “မြန်မာဘောလုံးသမားတွေက ပိန်တယ်နော်တဲ့”
ဒါမျိုးကတော့ မခံဘူး “ပိန်ပေမဲ့ တစ်အားသန်တယ်” လို့ ချက်ချင်း ပြန်ပြောလိုက်တာ (ဘာသန်တာလဲတော့ မသိဘူး.. ဟီဟီ..)….

ဂလိုနဲ့ ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာတော့ လေးသင်းအုပ်စုမှာ မြန်မာ အသင်းက နံပါတ်လေး ချိတ်ပြီး ဇယားအောက်ဆုံးမှာ နေရာယူထားရုံသာမက ပြိုင်ပွဲမှာ ပေးဂိုး အများဆုံး အသင်းအဖြစ် စာရင်းဝင်လေ၏။ ဖွင့်ပွဲမှာပင် ခုနှစ်ဂိုးပေး၍ စိတ်ရင်း စိတ်ထားကောင်းကြောင်းကို အထင်ရှားပြသ ခဲ့ကြ၏။ မောင်ပုံမှန် တို့ အဖွဲ့မှာတော့ အရှက်ကြီးပြဲ ၍ အလုပ်နှစ်ရက် မသွားပဲနေရာ ထိုလက ရက်မှန်ကြေးပါ ပြုတ်လေ၏။

တလောကလည်း မြန်မာပြည်တွင် ကန်ခဲ့သော အာရှခြေစစ်ပွဲများတွင် အိမ်ရှင်အဖြစ်ကန်ရပြီး အောက်သင်းများနှင့် တွေ့ပါလျက် သုံးပွဲကန် တစ်မှတ်ဖြင့် ဇယားအောက်ဆုံးတွင် ပင်တိုင်နေရာယူ၍ သဘောထားကြီးကြောင်းကို ထပ်မံပြသလေ၏။ ထိုအချိန်မှစ၍ မောင်ပုံမှန် တို့ အဖွဲ့မှာ မြန်မာ အသင်းအကြောင်းကို လူရှေ့တွင် မပြောရဲ သလောက် ဖြစ်သွားကြလေ၏။ သို့သော် အရှက်နည်းသော ကိုကိုမ ကတော့ ဧည့်သည်များကို ဘောသီချင်းခွေများ ဖွင့်ပြပြီး စာသားတွေကို ရှင်းပြနေတုန်းပင် ဖြစ်၏။ ထိုကဲ့သို့ ပိတ်ရက် အိပ်ကောင်းခြင်း မအိပ်ရသော ဒုက္ခ ဧည့်သည်လာလျှင် မျက်နှာပူရသော ဒုက္ခများလွတ်ကင်းစေရန် အတွက် ကျွန်တော်တို့ အဖွဲ့ ကိုကိုမ ကို ပညာပေးရန်ကြံစဉ် ကြရလေတော့၏။

အလုပ်နားရက် တစ်နေ့ မနက်ခင်းတစ်ခုတွင် ကိုကိုမ တစ်ယောက် အိပ်ရာမှ နိုးလာပြီး ငပေါ သီချင်းများစဖွင့် သည်နှင့် မောင်ပုံမှန်တို့ အဖွဲလည်း ဧည့်ခန်းတွင်နေရာယူပြီး ဆောင်းဘောက်များ ကို ကိုကိုမ အခန်းဘက်သို့ လှည့်ထားလိုက်ပြီး မိုက်ကိုဖွင့်၍ ဂီတစာဆို မောင်ရင်ပုံမှန် ရေးစပ်သီကုံးထားသော ဘောသီချင်းများကို တီးလုံးသံ မပါပဲနှင့် ကိုကိုမ ၏ သီချင်းသံများနှင့် အပြိုင် လိုက်၍ ကဗျာလွတ်အော်ဆို ကြလေ၏။ ရေးစပ်သီကုံး ထားသော တေးသီချင်းများကလည်း ရေလယ် မန်းကီးဖြစ်လေ၏ တစ်ခါရွတ်ရုံဖြင့် တစ်သက်စွဲသွားစေနိုင်၏။

သီချင်း..ဝါကာ…ဝါကာ
မူရင်း.. ရှာကီရာ
ကော်ပီ…မေခလာ
ထပ်ဆင့်ကော်ပီ… မောင်ရင်ပုံမှန် (ဆင်တဲကဖေး)
(ဖိုးလှ….ဖိုးလှ) ၂ သံပြိုင်…

“အဝါရောင် အရည်သောက်ကာ.. အမြည်းလေးနဲ့ပေါ့ကိုရေ.. နောက်တစ်ပိုင်းဆိုရင် ပိုမူးမယ်… ပွဲစဖို့ကို အရမ်းနီးကပ်လို့နေပြီ.. မဖြစ်ဘူးဆိုရင် ကြိုပြောကွယ်.. အခြေနေမဟန်ရင် နားရွက်လှန် သံပရာရေသာ ညှစ်လေ မူးမူးနဲ့ လေးဖက်ထောက်ကွင်းထဲ ဆင်းတယ် အရက်ကြိုက်တဲ့ ဘောလုံးသမား”

ရှက်ကီ..ရှက်ကီ..အေ့အေ့ အိုပီ…အိုပီ..အေ့အေ့ မူးမူး နဲ့ကြွားပြီးတော့ တလွဲများလုပ်တယ် အရှက်မရှိတဲ့ ဘောလုံးသမား”

“ပြိုင်ပွဲ မကန်ခင် ပိုကြွားမယ် တကယ်တမ်း ကန်ရင် ခြေမထွက်တယ် မူးမူး နဲ့ ကွင်းပတ်ပြေးတယ် အသုံးမကျတဲ့ ခြေစွမ်းများ… ရှက်ကီ သံကို ကြားရင် မနေ မထိုင်အေ့အေ့.. ပွဲစလို့ ငါးမိနစ် မကြာ အနားတောင်းတဲ့ ကစားအား”

(ရှက်ကီ..ရှက်ကီ..အေ့အေ့.. ဘီယာ..ဘီယာ အေ့အေ့…)

သီချင်းက လွန်စွာမြူးကြွ သဖြင့် ဝါသနာရှင် အဆိုတော် မိုက်ခဲကြီးများသာမက အကဝါသနာရှင်များကလည်း နတ်ကတော် စပ်ဆလူး ဓါတ်လိုက်ခံရ သကဲ့သို့ ပင်တွန့်လိမ်နေအောင်ကကြလေ၏။ အတီးမှုတ်ဝါသနာရှင်များကလည်း မီးဖိုချောင်မှ ဒန်အိုး ဒန်ခွက်များ(အင်စတုမန့် အစစ်တွေပေါ့) ပိန်လိမ်ကုန်အောင် လက်စွမ်းပြတီးမှုတ် ကြလေ၏။

နောက်ထပ်တစ်ပုဒ်ဖြစ်သော “မေခလာ” နှင့် သြရသ တို့ စုံတွဲဆိုထားသော သီချင်းက ပို၍ပင်မြူးကြွလေ၏။ ထိုသီချင်းကို ဆိုရာတွင် မီးဖိုချောင် “အင်စတုမန့်များ” ပို၍ ပိန်ကြလေ၏။

“ဒုန်တတုံ..တုံ… ဒုန်တတုံ…တုံ…ချမ်း”၂ “အိုးနာနာ…အိုး ပိန်ပိန် ထုပါဟေ့..”၂ (သံပြိုင်)

“အရပ်က ၄ ပေ.. ဘီအီးသောက်တယ်.. ခန္ဓာကို အချိုးစားသေးတယ် လေးတယ်.. ခေါင်းခုန်တိုက်ရင် တစ်ထွာလောက်မြောက်တယ်… ပိုကာ ပြိုင်ဒေါင်းမလား အရမ်းကို ကျွမ်းတယ်…

{”ကိုကိုရေ လာပြီ တစ်ဂိုး တစ်ဂိုးလောက်ထပ်ပေးလိုက်အုံး… ကိုကိုရေ လာပြီးနှစ်ဂိုး အရှက် မရှိထပ်ပေးလိုက်အုံး (ပေးလိုက်တစ်ဂိုး.. ထပ်ပေးလိုက်အုံး… ပေးမှာပေါ့… မရှက်ပါဘူး)}

ခေါင်းကိုမော့လို့ အရှက်လဲ ကင်းတယ် ဘယ်နှစ်ကြိမ် ရှုံးမလဲ ဂရုကို မစိုက်တယ် …. အရမ်းကို ဒေါင်းတဲ့ ဘောလုံးသမားတွေ စတိုင်အပိုတွေထုတ်လို့ ပဲတွေများတယ်…..

အဆို အတီးတို့ဖြင့် ဖန်တီးအပ်သော “ဘောဂီတ” ပွဲကြီးက ဝက်ဝက်ကွဲ အောင်မြင်လေ၏။ နောက်တစ်ပါတ် အလုပ်ပိတ်ရက် နံနက်စောစောတွင် အထုတ်လေးလွယ်၍ အိမ်မှ ထွက်သွားသူကတော့ ကိုကိုမ ဖြစ်သွားလေတော့သတည်း။

Page 1 of 812345...Last »