Posts Tagged ‘ဗဟုသုတ’
လန်ကာဝီ ခရီးသည်
ကမ္ဘာပေါ်တွင် ဟိုးယခင်ခေတ် မှသည် ဒီကနေ့ခေတ် တိုင်အောင် ကမ္ဘာ အနှံ့ ခရီးလှည့်လည်သွားခြင်းဖြင့် နာမည်ကျော်ကြားသူ အမြောက်အမြားရှိပါသည်။ ထိုကဲ့သို့ အမြောက်အမြားရှိသညိ့် အထဲတွင်မှ ကျွန်တော်မှတ်မိသော ခရီးသည် မှာ နှစ်ဖွဲ့သာရှိပါသည်။ ထိုသူများမှာ နာမည်ကျော် ခရီးသည်ကြီး “မာကိုပိုလို” နှင့် သူ့ထက်ရှေးကျသော နောက်တစ်ဖွဲ့ မှာ အနောက်သို့ ခြေလျှင်သွားခဲ့ကြသော “ မျောက်မင်း စွန်းဝူခုံး” တို့ အဖွဲ့ပင်ဖြစ်ပါတော့သည်။ “မာကိုပိုလို” ကိုတော့ စာအုပ်ထဲမှာပဲ မြင်ဖူးခဲ့တာဖြစ်ပြီး “စွန်းဝူခုံး”ကိုတော့ တီဗွီထဲမှာပါ အရှင်လတ်လတ်မြင်ဖူး ခဲ့တာပါ။
ကျွန်တော်တို့ သူငယ်ချင်းတွေဆိုရင်လည်း ငယ်စဉ် ကတည်းက ခရီးသွားရတာကို ဝါသနာပါကြသူများ ဖြစ်ပါတယ်။ အကြောင်းကိစ္စမရှိလို့ ဝေးဝေးလံလံကို မသွားနိုင်ကြရင်တောင် အိမ်နဲ့ ခပ်လှမ်းလှမ်းက တောတန်းလေးထဲကို ထမင်းထုပ်ကိုစီ ဆွဲပြီး တောလည်ထွက်တတ်ကြ တဲ့သူတွေပါ။ ဒီလိုနဲ့ ကြီးပြင်းလာကြတော့လည်း ရောက်ရာဒေသမှာ ကိုယ့်အနီးနားတစ်ဝိုက် ခရီးတို၊ ခရီးရှည်လေးတွေ ဆွဲပြီး ကိုယ့်အစီစဉ်နဲ့ ကို ခရီးထွက်ခဲ့ကြပါတယ်။
တစ်လောက အလုပ်ပိတ်ရက် ပိတ်ရက်ရှည် တစ်ခုမှာတော့ ၁၉၈၆ ခုနှစ်ကတည်းက အပန်းဖြေကျွန်း အဖြစ် စတင်ဖွင့်လှစ်ခဲ့တယ်ဆိုတဲ့ နာမည်ကျော် “လန်ကာဝီ” ကျွန်းကိုခရီးထွက်ခဲ့ပါတယ်။ (လန်ကာဝီ ခရီးသည်ကြီးပေါ့နော်)။ ခရီးသွားအေဂျင်စီ တစ်ခုနဲ့လိုက်သွားဖြစ်ခဲ့တာပါ သွားရတာတော့ မလွယ်လှပါဘူး “ကွာလာလမ်ပူ” ကနေ ခြောက်နာရီကျော် ကြာအောင် ကားစီးလာခဲ့ပြီးနောက်မှာတော့ “ကီဒတ်ပြည်နယ် ကွာလာကတာ ဆိပ်ကမ်းကို ” ရောက်သွားပါတယ်။ အဲဒီကမှ သဘောင်္ဆိပ်မှာလက်မှတ်ဝယ် သင်္ဘောစောင့် ကိုယ်စီးရမဲ့ သင်္ဘောရောက်လာကာမှ ပင်လယ်ကြီးကိုဖြတ်ပြီး တစ်နာရီကြာအောင် သင်္ဘာစီးပြီးတော့မှ နာမည်ကျော် “လန်ကာဝီကျွန်း” ကို ရောက်လာပါတော့တယ်။ ကျွန်းပေါ်ကိုရောက်လာပြန်တော့လဲ ကိုယ်တည်းခိုမဲ့ ဟိုတယ်ကိုရောက်အောင် နောက်ထပ်တစ်နာရီကြာအောင် ကားထပ်စီးရပါသေးတယ်။
“လန်ကာဝီ ကျွန်း” ဆိုပေမဲ့ ဟိုတုန်းက စင်္ကာပူနိုင်ငံ ရဲ့ အကျယ်အဝန်းဟာ လန်ကာဝီကျွန်း နဲ့ အတူတူပဲဖြစ်ပြီး နောက်ကျမှ စင်္ကပူနိုင်ငံက ပင်လယ်ထဲမှာမြေဖို့ပြီး တိုင်းပြည်ချဲ့ထွင်ခဲ့တဲ့ အတွက် ပိုမိုကျယ်ဝန်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ လန်ကာဝီ ကျွန်းကိုရောက်လာခဲ့ ပြီဆိုတော့ လန်ကာဝီ ခရီးသည်ကြီး မောင်ပုံမှန် တစ်ယောက် တစ်ခြား မရောက်ဖူးသေးတဲ့ ဘော်ဒါတွေကိုလည်း ပြန်လည်ဝေမျှပေးနိုင်ဖို့ အတွက် မှတ်တမ်းတင် ဓါတ်ပုံတွေကိုလည်း ဖွတ်ချက် ဖွတ်ချက် ကင်မရာလေး တစ်လုံး အားကိုးနဲ့ ကြိုးစားပန်းစားရိုက်ကူးပြီး မှတ်တမ်း တင်လာခဲ့ပါတယ်။
သတင်းနှင့်ဓါတ်ပုံ (ကိုရင်ပုံမှန်) ပေါ့လေ
သတိ အဝင်တောင်း အထွက်တောင်းဖြင့် အတောင်းကြမ်းနေသည်
၁။
လေယာဉ် နိမ့်ကနဲ ဆင်းလာ ခြင်းနှင့်အတူ မှေးခနဲ အိပ်ပျော်သွားသော ကျွန်တော်လဲ ဖျတ်ကနဲ နိုးထလာခဲ့သည်။ ပတ်ဝန်းကျင်ကို မျက်စိ ကစားလိုက်တော့ ခါးပတ်များ ပတ်ထားဖို့ လိုက်လံ သတိပေးရင်း ဖြတ်လျှောက်သွားသော လေယောဉ်မယ်လေး၊ လေယာဉ် မြေပြင်ပေါ်ကို ဆင်းတော့မည်မို့  လှုပ်လှုပ်ရွှရွှ ဖြစ်နေသော လူများကို တွေ့ လိုက်ရသည်။ လေယာဉ်နိမ့်ဆင်းလာ ခြင်းနှင့်အတူ နားတွေ အူတက်လာပြီး ပတ်ဝန်းကျင် ရှုခင်းများကလဲ ပြောင်းလဲလာသည်။ ပထမ ကောင်းကင်ကြီးနှင့် တိမ်တိုက်များကိုဘဲ မြင်နေရပြီး ခပ်ရေးရေးသာ မြင်နေရသော အောက်ခြေကို အခု ရှင်းရှင်လင်းလင်း မြင်လာရသည်။ မတွေ့ မမြင်ရသည်မှာ ကြာပြီဖြစ်သော သစ်ပင်စိမ်းစိမ်းများ၊ လယ်ကွင်းစိမ်းစိမ်းများနှင့် ကွေ့ ကောက် စီးဆင်းနေသော မြစ်ချောင်းများကို မြင်လိုက်ရသည်။ သြော်… မိခင်နိုင်ငံကို ပြန်ရောက်တော့မှာပါလား ဟူသော အတွေးက လူကို နွေးကနဲ ဖြစ်သွားစေသည်။
လေယာဉ်ပေါ်မှ ဆင်းပြီး မိခင်မြေပေါ် ခြေချမိသည်နှင့် အနှစ်နှစ်အလလ ခွဲခွါနေခဲ့ရသော ပတ်ဝန်းကျင်က သူစိမ်းဆန်မနေ နွေးနွေးထွေးထွေး ရှိသည်။ ငါ့တို့ နိုင်ငံ၊ ငါတို့ မြေကို ခြေချခွင့်ရပြီ ဆိုသော ပီတိက လူတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ စက်လှေကားမှ အဆင်းတွင် အပြင်မှ လာကြိုနေသော လူအုပ်ကြီးကို ရုတ်ရုတ် ရုတ်ရုတ်ဖြင့် တွေ့ လိုက်ရသည်။ လူအုပ်ကြီးထဲမှ လူတချို့ က ကိုယ်တွေ ရှိရာဘက်ကို လက်ပြနေသလို ကိုယ်တွေဘက်မှ လူတချို့ ကလဲ လက်ပြန်ပြနေ သည်ကို တွေ့ ရသည်။ လူအားလုံး၏ မျက်နှာများတွင် အပျော်တွေ စီးဆင်းနေသည်ကို အတိုင်းသား တွေ့ နေရသည်။ သြော်… သူတို့ အားလုံးလဲ ကိုယ့်လိုဘဲ ပျော်နေကြပါလားဟု တွေးလိုက်မိသည်။
ကျွန်တော်လဲ Immigration ဖြတ်ရန် အတွက် အများနှင့်အတူ တန်းစီလိုက်သည်။ လိုအပ်သော ပတ်စပို့ စာအုပ်နှင့် white card ကိုထုတ်လိုက်ပြီး white card ကို စင်ကာပူ ဒေါ်လာ တစ်ဆယ်နှင့်အတူ ပတ်စပို့ စာအုပ်ထဲတွင် ညှပ်ထည့်လိုက်သည်။ ဒီလိုမှ အစုံစမ်း အမေးမြန်းလွတ်ပြီး အရစ်ခံ သက်သာမည် မဟုတ်လား။ ဒါက အခုခောတ် မြန်မာပြည် လေဆိပ်မှာ ထုံးစံလို ဖြစ်နေပြီ။ ဘေးနားမှ ကိုယ့်လိုပင် စင်ကာပူ ဒေါ်လာ တစ်ဆယ်ကို ထုတ်ကာ ပတ်စပို့ စာအုပ်ထဲ ထည့်နေသော လူတချို့ ကို တွေ့ လိုက်ရသည်။ အချင်းချင်း မျက်လုံးခြင်း စုံမိတော့ အလိုလို ပြုံးမိကြသည်။ တကယ်တော့ မချိပြူံးသာ ဘယ်သူမှ ခုလို အဖြစ်မျိုးကို လက်မခံချင်ကြ။ ဒါပေမယ့် ဒါက ထုံးစံလို ဖြစ်နေပြီ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာသည့် အချိန် စိတ်ညစ်မခံချင်တော့။ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့်သာ ပြန်လိုသည်။ ဒါကြောင့် ငွေတစ်ဆယ်လောက်ကို မြင်မနေတော့ စကားနဲ ရန်ဆဲ သဘောထားကာ ကြည်ကြည်ဖြူဖြူဘဲ ပေးလိုက်တော့သည်။ ခုလို အဖြစ်တွေကို မြင်တော့ ဒီကို အလာမှာ လေယာဉ်ကွင်းကို လိုက်ပို့ သော သူငယ်ချင်း ပြောလိုက်သော
“မြန်မာပြည် လေဆိပ် ရောက်ရင် ကာစတန်က ပိုက်ဆံချမ်းသာတဲ့ လူကြီးလူကောင်းတွေကို စွန့် ကြဲဖို့ ပိုက်ဆံအကြွေပါရဲ့ လား”
ဟူသော အမေးကို ပြန်ကြားယောင်ရင်း တစ်ယောက်တည်း ပြုံးလိုက်မိသည်။ တန်းစီရင်း တစ်ယောက်တည်း အတွေးလွန်နေစဉ်
“ညီလေး မင်းအလှည့်ရောက်ပြီ”
ဟု လက်မောင်းကို လာလှုပ်ရင်း ပြောလိုက်သော စကားကြောင့် အတွေးစများ ပြတ်သွားပြီး ကောင်တာရှိရာကို လျှောက်လာခဲ့လိုက်သည်။ ထို့ နောက် ပတ်စပို့ စာအုပ်ကို တာဝန်ကျ အရာရှိလက်ထဲ ထည့်ပေးလိုက်သည်။ တာဝန်ကျ အရာရှိက စာအုပ်ကို လှန်ကြည့်ရင်း ထွက်ကျလာသော ပိုက်ဆံ တစ်ဆယ်ကို ကျွမ်းကျင်စွာ သိမ်းယူလိုက်ကာ စာအုပ်ကို ဆွဲလှန်ကြည့်ရင်း
“မင်းက ဘယ်နိုင်ငံက ပြန်လာတာလဲ”
“ကျွန်တော် စင်ကာပူက ပြန်လာတာပါ” ဟု လေးလေးစားစား ပြန်ပြောလိုက်တော့
“ဒါဆို ဒါက ဘာတွေလဲ”
“ဒါက ကျွန်တော်တို့ အလုပ်က အင်ဒိုနီးရှားကို အလည်ပို့ တုန်းက ထုထားတဲ့ တုံးတွေပါ”
“မင်း စင်ကာပူမှာ အလုပ်လုပ်နေတာ ကြာပြီပဲ။ မင်းနောက်ဆုံး ဆောင်ထားတဲ့ အခွန်ပြေစာလေး ပြစမ်းပါဦး”
ဒီလူ ရစ်နေပြီ ဆိုတာကို ကျွန်တော်သိလိုက်ပြီ။ ပိုက်ဆံပေးထားသည့် ကြားက ထပ်ရစ်နေတာကို သိလိုက်ရတော့ ကျွန်တော် နဲနဲ တင်းသွားသည်။ ဒါကြောင့် ကျွန်တော်က
“အခွန်ပြေစာက ကျွန်တော့်မှာ ပါမလာဘူး။ ဟိုမှာ ကျန်နေခဲ့တယ်။ leave latter တော့ ပါလာတယ်။ ကျွန်တော်က ခွင့်နဲ့ ခဏပြန်လာတာပါ။ ဗြုန်းစားကြီး လောလော လောလောနဲ့ ပြန်လာတာဆိုတော့ အခွန်မဆောင်ခဲ့ရဘူး။ အခုဆိုရင် ဟိုမှာအခွန်ဆောင်ရတာကလဲ စာအုပ်ပါ အသစ်လဲရတာဆိုတော့ တစ်လလောက် ကြာတယ်လေ။ ဒီတော့ အချိန်မရလို့ မဆောင်ဖြစ်ခဲ့တာပါ။ ပြန်သွားပြီးရင် ဒီနှစ်ကုန်မှာ ပါမစ် ထပ်တင်ရင် စာအုပ်အသစ်လုပ်ရင်းနဲ့ မှ ဆောင်မှာမို့ ခုမဆောင်ဖြစ်သေးတာပါ”
ဟု ကျွန်တော်က သေသေချာချာ ရှင်းပြတော့
“ထိုလူက အမြင်ကတ်စရာ အိုက်တင်ဖြင့် ခေါင်းကို ယမ်းရင်း”
“မင်းတို့ ပြောတာကတော့ ဟုတ်တယ်။ ဒါပေမယ့် မင်းတို့ အခွန်ဆောင်မဆောင် ဆိုတကို ငါတို့ က ဘယ်လို သိမှာလဲကွ။ ခုမင်းဆောင်ဖို့ ကျန်နေတာကလဲ နဲတာမဟုတ်ဘူး။ ဒါတွေကို မင်းမဆောင်ရင် ဘယ်လို လုပ်မလဲ”
“ကျွန်တော်က အခွန်မဆောင်ရင် စာအုပ်ဘယ်လို သက်တမ်းတိုးမလဲ။ စာအုပ်မရှိဘဲနဲ့ ဘယ်လို ပါမစ်လျှောက်မလဲ။ ပါမစ်မရှိဘဲနဲ့ ကျွန်တော်ဘယ်လို အလုပ်ဆက်လုပ်မလဲ။ ဒီတော့ ကျွန်တော် အခွန်ဆောင်ချင်သည် ဖြစ်စေ မဆောင်ချင်သည် ဖြစ်စေ အခွန်က ဆောင်ကို ဆောင်ရမယ်။ အဲဒါကို ဦးလေးနားလည်ရဲ့ လား”
ဟု ကျွန်တော်လဲ နဲနဲတင်းလာသောကြောင့် လေသံက မာလာသည်။ ဒီလိုနဲ့ ကျွန်တော်တို့ အခြေအတင် ဖြစ်နေကြသည်။ နောက်ဆုံး ထိုသူက
“ဘာပဲဖြစ်ဖြစ်ကွာ မင်း အခွန်ဆောင်ဖို့ ကလဲ ကျန်နေသေးတယ်။ ဒီတော့ မင်းတစ်ဆယ်တော့ မလုပ်နဲ့ ကွာ နောက်တစ်ဆယ်လောက်တော့ လုပ်ဦး”
“ဟာ… ကျွန်တော့်လဲ မပါတော့ဘူး ဦးလေး အကြွေက အဲဒါပဲပါတယ်”
“ပါပါတယ်ကွာ။ လုပ်ဦး လုပ်ဦး တစ်ဆယ်လောက်တော့ လုပ်ဦး။ မင်းလဲ ဟိုမှာ အလုပ်လုပ်နေတာ ကြာပြီ တော်တော် စုမိနေမှာဘဲ ဒီတော့ တစ်ဆယ်လောက်တော့ လုပ်ဦး ဟုတ်ပြီလား”
ကျွန်တော်လဲ သက်ပြင်းရှည်ကြီးကို ချရင်း ဘာမှ ထပ်မပြောတော့ဘဲ ငွေတစ်ဆယ် ထပ်ထုတ်ပေးလိုက်သည်။ ထို့ နောက် အထုပ်များကို ဆွဲပြီး လှည့်အထွက်တွင် ဘေးမှ အရာရှိတစ်ယောက်က
“ဟာ… ဆေးလိပ်တွေ အရက်တွေ ပါလာတာဘဲ ကိုယ့်အစ်ကိုကြီးတွေဖို့ လဲ နဲနဲ လုပ်ပေးခဲ့ဦးလေကွာ။ အစ်ကိုကြီးတို့ လဲ သောက်တတ်ပါတယ်ကွ”
“ဟာ… သောက်တတ်လဲ ဝယ်သောက်တော့ဗျာ… ခင်ဗျားတို့ ဟာက နဲနဲ မဟုတ်တော့ဘူး လွန်လာပြီဗျာ တော်ရုံတန်ရုံ တော်ရောပေါ့”
ဟု ဆိုကာ ကျွန်တော်လဲ အထုပ်အပိုးများကို ဆွဲရင်း လှည့်ထွက်လာခဲ့လိုက်သည်။ လေဆိပ်တွင် အရစ်ခံလိုက်ရသောကြောင့် ကျွန်တော် တော်တော် စိတ်ညစ်သွားသည်။ ဒါကြောင့် ပြန်အထွက်တွင် နောက်တခါ ထပ်အရစ်မခံရအောင် ကျွန်တော့် နောက်မှ လိုက်ပြန်လာမည့် အစ်ကိုနဲ့ အခွန်ဆောင်ထားသော အခွန်ပြေစာ စာရွက်များ ယူလာခဲ့ပေးဖို့ မှာလိုက်သည်။
၂။
ဒီလိုနဲ့ ကျွန်တော် ခွင့်ရက်စေ့၍ စင်ကာပူကို ပြန်ထွက်ချိန် ရောက်လာခဲ့သည်။ ပြန်လာတုန်းက တက်ကြွလန်းဆန်းခဲ့သော ခြေလှမ်းတို့ အပြန်တွင်တော့ နှေးကွေး လေးလံနေကြပြီ။ လိုက်ပါ ပို့ ဆောင်ကြသူများကို လက်ပြနှုတ်ဆက်ပြီးနောက် အထုပ်အပိုးများကို ကီလိုချိန်ပြီးနောက် အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ ဒီလိုဖြင့် တန်းစီလာရင်း ကျွန်တော့် အလှည့်ရောက်သောကြောင့် ကျွန်တော်လဲ ရှေ့တိုးလာရင်း ဓာတ်ပုံတွေ ဘာတွေရိုက်ပြီးသည် အထိ ကျွန်တော့်အရှေ့မှ ကောင်မလေးကို စစ်နေတာ မပြီးသေး။ ဒါနဲ့ ကျွန်တော်လဲ နောက်နားလေးမှ စောင့်နေလိုက်သည်။ ကောင်မလေးက D-Fome မပါသောကြောင့် ရစ်နေခြင်းဖြစ်သည်။ ဒီကောင်မလေးကလဲ တကယ့်ဟာမှ မေ့ကျန်ခဲ့ခြင်း ဖြစ်သည်။
“မင်း D-Fome မပါဘဲနဲ့ တော့ ထွက်လို့ မရဘူး”
ကောင်မလေး နဲနဲ ပြာသွားသည်။ ဟုတ်တယ်လေ ဒီနေရာထိ ရောက်လာပြီးမှ ပြန်ဖို့ ဆိုတာကတော့…
“အဲလိုတော့ မလုပ်ပါနဲ့ ဦးလေးရယ်။ ကျွန်မကို ကူညီပါဦး”
ဟု ဆိုကာ ကောင်မလေးက တစ်ထောင်တန် နှစ်ရွက်ထုတ်ပေးသည်။ ဒါကို ငတိက ကောက်တောင် ကိုင်မကြည့်ဘဲ။
“နှစ်ထောင်နဲ့ ကတော့ မရဘူး”
“ဒါဆို ဘယ်လောက်ပေးရမလဲရှင် သမီးမှာကလဲ သိပ်မပါဘူး”
“မင်းအခု ဘယ်ကလာတာလဲ”
“သမီး မြောက်ဒဂုံ ကနေ လာတာပါ”
“မင်း… ဒီကို တက္ကစီနဲ့ လာတာ ဘယ်လောက်ပေးရလဲ”
“မြောက်ဒဂုံကနေ ဒီကို သမီး ငါထောင် ပေးခဲ့ရပါတယ်”
“မြောက်ဒဂုံကနေ ဒီထိတောင် ငါးထောင်ပေးရတယ် ဆိုရင် ဒီကနေ စင်ကာပူ သွားဖို့ က ငါးထောင်တော့ တန်ပါတယ်နော် ဟုတ်တယ်… ဟုတ်”
ဟု ဆိုကာ ပေါ်တင်ကြီး တောင်းလေသည်။ နောက်ဆုံး ကောင်မလေးလဲ ဘာမှ မတတ်နိုင်တော့ဘဲ ပိုက်ဆံ ငါးထောင် ထုတ်ပေးလိုက်ရတော့သည်။ ဒီလိုနဲ့ ကျွန်တော့် အလှည့် ရောက်လာတော့သည်။
“အခွန် ပြေစာလေး တစ်ချက်လောက် ပြပါဦး”
“ဟုတ်ကဲ့ ဒီမှာပါ ခင်ဗျ”
“ဟင် မင်းက အခွန်ဆောင်ဖို့ တော်တော် ကျန်နေသေးတာဘဲ”
“အင်း.. ဟုတ်တယ် ကျွန်တော် ခုပြန်မှ ပါမစ် အသစ်တင်ရင်း ဆောင်ရမှာ”
“အင်း… အခွန်ဆောင်ဖို့ ကျန်နေသေးတော့ မင်းနဲနဲတော့ လုပ်ခဲ့ဦးလေကွာ”
“ကျွန်တော်က ဘာကို လုပ်ခဲ့ရမှာလဲ။ ကျွန်တော်က ခုမှ နိုင်ငံခြားကို ထွက်မှာ မဟုတ်ဘူး။ ဒါကြောင့် အခွန်ဆောင်ဖို့ ကျန်ခြင်း မကျန်ခြင်းက ဦးလေးတို့ နဲ့ မဆိုင်ဘူး။ အဓိကက စာအုပ်မှာ သက်တမ်း ခြောက်လ ကျန်ရင် ဝင်ခွင့် ထွက်ခွင့်ရှိတယ်။ ဒါပေမယ့် ဦးလေးတို့ က ပိုက်ဆံရမှ ဖြစ်မယ် ဆိုရင်လဲ ကျွန်တော် ပေးခဲ့မယ်။ ကြောက်လို့ မဟုတ်ဘူးနော် အရစ်မခံချင်လို့ နဲ့ နောက်က တန်းစီနေတဲ့သူတွေကို အားနာလို့ ဟုတ်ပြီလား။ ရော့… ဒီမှာ ပိုက်ဆံ ငါးထောင်”
ဟု ဆိုကာ စားပွဲပေါ်သို့ ပိုက်ဆံ ငါးထောင် ပစ်တင်လိုက်ပြီး ကျွန်တော်လဲ တန်အောင်ပြောကာ လှည့်ထွက်လာခဲ့လိုက်သည်။ ကျွန်တော်တစ်ယောက်တည်း အတောင်းခံ ရခြင်း မဟုတ်ပါ။ ကျွန်တော့် သူငယ်ချင်းများနှင့် အခြား အခြားသော သူများလဲ ဒီလိုပင် အတောင်းခံနေရသည်။ ဒါကြောင့် သူငယ်ချင်း မိတ်ဆွေများကို ပြောချင်တာကတော့
“သတိ အဝင်တောင်း အထွက်တောင်းဖြင့် အတောင်းကြမ်းနေသည်”
မေတ္တာကုန်သည်
တစ်နေရာမှ ကုန်ပစ္စည်းများကို သိုလှောင်ထား၍ တခြားတစ်နေရာကို ပြန်လည်ဖြန့်ချီခြင်းကို ကုန်သည် ဟု အကျွန်ုပ် သဘောပေါက်ပါသည်။ အသိဥာဏ်ရှိသော ကုန်သည်တို့သည် အလွန်တိုးတက်ကြီးပွားကြသည်။ စင်္ကာပူနိုင်ငံသည် ကုန်သည်အလုပ်ဖြင့်ကြီးပွားနေသော နိုင်ငံဖြစ်သည်။ ၎င်းနိုင်ငံတွင် ကိုယ်ပိုင်ထွက်ကုန်ပစ္စည်း ဘာမှမရှိပါ။ စားသောက်ဖွယ်ရာများ လူသုံးကုန်ပစ္စည်းများ ယုတ်စွအဆုံး သောက်စရာ ရေ ပင်လျှင်မရှိဟုသိရပါသည်။ သို့သော်ထိုနိုင်ငံသည် တခြားနိုင်ငံများမှ ကုန်ပစ္စည်းများကို မိမိနိုင်ငံတွင်သိုလှောင်ထား၍ တခြားနိုင်ငံများသို့ ပြန်လည်ဖြန့်ချီခြင်းဖြင့် ကြီးပွားတိုးတက်နေပါသည်။ (တချိန်က ရန်ကုန်မြို့သည် ထိုအလုပ်ကိုလုပ်၍ အာရှကျားဖြစ်ခဲ့သည်ဟု ပုံပြင်တစ်ပုဒ်ပမာ ကြားရဘူးသည်)
စာရေးသောပုဂ္ဂိုလ်တို့သည် တခါတရံ မိမိတို့လေ့လာဖတ်ရှု့ရသော စာကောင်းပေကောင်း တန်ဖိုးရှိသောစာတစ်ချို့ကို တခြားစာဖတ်သူတွေ အသိတိုးပါစေဟူသော စေတနာဖြင့် ပြန်လည်ရေးသားဖေါ်ပြတတ်ပါသည်။ ထိုစေတနာအတိုင်း စာဖတ်သူတွင် အသိတိုးပွားသလို တဆင့်ပြန်လည်ရေးသားသော ပုဂ္ဂိုလ်တွင်လည်း အသိဥာဏ်လည်းတိုးတက် စာဖတ်ပရိတ်သတ်လည်း တိုးပွားလာပါသည်။ စာဖတ်ပရိတ်သတ်များကလည်း ထိုစာရေးသောပဂ္ဂိုလ်ကို ကျေးဇူးတင်ရှိတတ်ကြပါသည်။ (ဥပမာ-ကိုပေါ့ဆိမ့်က ဆရာတော်ဦးဇောတိက ရေးသောအကြောင်းအရာများကို တဆင့်ပြန်လည် ဖော်ပြရေးသားပေးခြင်း)။ တခြားသူများရဲ့ အသိတရားကို မိမိဦးဏှောက်တွင် သိုလှောင်ထားပြီး တခြားသူများကို ပြန်လည် ဖြန့်ဝေပေးနေလို့ ကျေးဇူးတွေနဲ့ အသိဥာဏ်တွေ တိုးတက်နေသော အသိဥာဏ်ကုန်သည် လို့ ပြောရင်မှားမယ် မထင်ပါဘူး။
မေတ္တာပို့ခြင်းသည် ကောင်သည်ဟု အကျွန်ုပ် မှတ်သားရပါသည်။ သို့သော် ကိလေသာထူပြောသော အကျွန်ုပ်တွင် အရည်အသွေးကောင်းသောမေတ္တာ ဖြူစင်သောမေတ္တာမရှိ၍ ဘယ်ကမေတ္တာကို ပို့ရမည်မသိပါ။ ဒါပေမယ့် အကျွန်ုပ်တွင် အကြံကောင်းတစ်ခုရှိပါသည်။ အဲ့ဒါကတော့ စင်္ကာပူနိုင်ငံ နှင့် အသိဥာဏ်ကုန်သည်များကို အတုခိုးပြီး မေတ္တာကုန်သည်လုပ်မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။ မေတ္တာကုန်သည် လုပ်မယ်ဆိုတော့ အရည်အသွေးကောင်းသော မေတ္တာ ဖြူစင်သောမေတ္တာ ရဖို့အရင်လုပ်ရပါမည်။ ဒါမှ မေတ္တာကုန်သည်အလုပ် အောင်မြင်မှာ ဖြစ်ပါသည်။
ပထမအနေနဲ့ အကျွန်ုပ်ကိုယ်အကျွန်ုပ် မေတ္တာသိုလှောင်ရုံကြီးလို့ သဘောထားလိုက်ပါတယ်။ ထို့နောက်မှာတော့ မေတ္တာရှိသူ မေတ္တာပို့နေသူတွေရဲ့ မေတ္တာကို သိုလှောင်ပါတော့တယ်။ သိုလှောင်ပုံကတော့ …….
“မြတ်စွာဘုရား ပို့သသောမေတ္တာကို ခံယူပါတယ်”
“ပွင့်ဖူးပြီးသော ဘုရားရှင်တို့ ပို့သသောမေတ္တာကို ခံယူပါတယ်”
“ရဟန္တာပဂ္ဂိုလ်များ ပို့သသောမေတ္တာကို ခံယူပါတယ်”
“အရိယာပုဂ္ဂိုလ်များ ပို့သသောမေတ္တာကိုခံယူပါတယ်”
“မိဘများ ပို့သသောမေတ္တာကိုခံယူပါတယ်”
“ဆရာတော်များ ပို့သသောမေတ္တာကိုခံယူပါတယ်”
“သူတော်ကောင်းများ ပို့သသောမေတ္တာကိုခံယူပါတယ်”
“မေတ္တာပို့သူများ ပို့သသောမေတ္တာကိုခံယူပါတယ်”
လို့ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ သိုလှောင်ထားသော မေတ္တာတွေကိုမိမိကိုယ်နှင့် တခြားသူများအား ပြန်လည်ဖြန့်ချီပါတော့တယ်။
“အကျွန်ုပ် ကျန်းမာ ချမ်းသာပါစေ”
“ဖေဖေ မေမေကျန်းမာ ချမ်းသာပါစေ”
“ဆင်တဲကဖေးနဲ့ ပတ်သတ်သူတွေအားလုံး ကျန်းမာ ချမ်းသာကြပါစေ”
“ဆင်တဲကဖေးကို အလည်လာသူတွေအားလုံး ကျန်းမာ ချမ်းသာကြပါစေ”
“ထိုသူများနှင့်ပတ်သတ်နေသူများလည်း ကျန်းမာ ချမ်းသာကြပါစေ”
“သတ္တ၀ါတွေအားလုံး ကျန်းမာ ချမ်းသာကြပါစေ”
“…………..ကျန်းမာ ချမ်းသာကြပါစေ”
“…………..ကျန်းမာ ချမ်းသာကြပါစေ”
“…………..ကျန်းမာ ချမ်းသာကြပါစေ”
အကျွန်ုပ်သည် မေတ္တာရှိသော မြင့်မြတ်သော ပုဂ္ဂိုလ်တို့ရဲ့ အရည်အသွေးကောင်းမွန်သော ဖြူစင်သော မေတ္တာများကို ပြန်လည်ဖြန့်ဝေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ယုံကြည်စိတ်ချစွာ လက်ခံ ဆောင်ယူသွားကြပါ။ ဤသည်မှာ အကျွန်ုပ်လုပ်သော မေတ္တာကုန်သည် အလုပ်ဖြစ်ပါသည်။ အဆွေတို့တစ်တွေလည်း မေတ္တာကုန်သည် လုပ်ကြည့်နိုင်ပါသည်။ မေတ္တာကုန်သည် လုပ်နေစဉ်မှာတော့ အဆွေသည် မေတ္တာတိုးပွားနေ၍ အေးချမ်းနေမယ် ကိုယ့်ကိုယ် ကိုယုံကြည်မှု့တွေရှိနေမယ် ဆိုတာ အကျွန်ုပ်ရဲဝံစွာအာမခံပါသည်။
ဘာကြောင့်အကျွနုပ်သည် ထိုကဲ့သို့ ရဲဝံစွာအာမခံနိုင်သလဲဆိုလျှင်
“ဘုရားနှင့်တကွ သံဃာတော်အားလုံးကို ဆွမ်းကျွေးခြင်း ကုသိုလ်၊ ကျောင်းဆောက်လှူခြင်း ကုသိုလ်တို့ထက် နံသာတရှူခန့် သို့မဟုတ် နွားနို့တစ်ညှစ်ခန့် သတ္တ၀ါတွေ စိတ်ချမ်းသာကြပါစေ။ ကိုယ်ကျန်းမာကြပါစေ ဟုပွားများလိုက်သော မေတ္တာဘာဝနာ ကုသိုလ်အကျိုးက ပို၍ကြီးမားသည်” ဟု အင်္ဂုတ္တိုရ်ပါဠိတော် န၀က နိပါတ်သီဟနာဒ၀င်္ဂ ဝေလာမသုတ် တွင် ပါရှိသောကြောင့် ဖြစ်ပါသည်။ ။
ပုံလေးကို ဂူဂယ် ကရှာထားပါတယ်။
ကောလဟလလေလား တကယ်လား
မြန်မာပြည်ကို ခွင့်ပြန်ရန်အတွက် ပြီးခဲ့သည့် တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်က ကျွန်တော် ဟိုဟိုဒီဒီ လျှောက်ရင်း ဈေးဝယ်ထွက်ခဲ့သည်။ vivo city အတွင်း လျှောက်ကြည့်ရင်း အားကစားပစ္စည်းများ ရောင်းသောဆိုင်တစ်ဆိုင်ရှေ့ အရောက်တွင် ဆိုင်ရှေ့တွင် ချိတ်ဆွဲပြထားသော မန်ယူဘော်လုံးအသင်းအကျီ င်္ကို အတွေ့  တွင် ဖခင်ဖြစ်သူကို သတိရလိုက်သည်။ ကျွန်တော့် ဖခင်ဖြစ်သူသည် ကမ္ဘာကျော် ဘော်လုံးကလပ်သင်း တစ်သင်းဖြစ်သော မန်ချက်စတာဘော်လုံးအသင်းကို အားပေးသော ပရိသတ်တစ်ဦးဖြစ်သည်။ ထို့ ကြောင့် ဖခင်ဖြစ်သူအတွက် အိမ်အပြန်အမှတ်တရလက်ဆောင်အဖြစ် မန်ယူဘော်လုံးအသင်း အကျီ င်္ တစ်ထည်လောက်ဝယ်သွားမည်ဟု စဉ်းစားမိသည်။
ထို့ ကြောင့် ဆိုင်အတွင်း ဝင်၍အကျီ င်္ကို ကြည့်ရာ အကျီ င်္အသားကောင်း၍ ချုပ်ရိုး၊ချုပ်သားသေသပ်ကာ အလွန်လှပသော အကျီ င်္ဖြစ်ကြောင်းတွေ့ ရသဖြင့် ကျွန်တော်လဲ သဘောကျသွားပြီး ဝယ်ရန်အတွက် အကျီ င်္တွင် ကပ်ထားသော ဈေးနှုန်းကို ကြည့်လိုက်သည်။ ဈေးနှုန်းကို ကြည့်ပြီး ကျွန်တော်နဲနဲ ဖျားသွားသည်။ အကျီ င်္တွင် စင်ကာပူဒေါ်လာ $109.90 ဟုကပ်ထားသော စာတမ်းက ကျွန်တော့်ကို နဲနဲတွန့် ကနဲပင်ဖြစ်သွားစေသည်။ မဝယ်နိုင်သောကြောင့်တော့ မဟုတ်ပေ။ ဒါပေမယ့် အားကစား အကျီ င်္တစ်ထည်ကို ဒေါ်လာတစ်ရာကျော်တော့ ပေးမဝယ်ချင်ပေ။ သို့ သော် မိမိဖခင်ဖြစ်သူအတွက် သူကြိုက်သော ပစ္စည်းတစ်ခုကို လက်ဆောင်ပေးချင်သောကြောင့် ကျွန်တော်ဝယ်ဖို့  ဆုံးဖြတ်လိုက်သည်။ ထို့ ကြောင့် ကျွန်တော်အကျီ င်္ကို ငွေရှင်းရန်အတွက် ချိတ်မှ ဖြုတ်လိုက်စဉ်
‘အင်း… ဖေကြီးသာ ဒီလိုအားကစား အကျီ င်္တစ်ထည်ကို ငွေရှစ်သောင်းလောက် ပေးဝယ်လာမှန်းသိရင် ငါတော့ အဆူခံထိတော့မှာဘဲ ဟူသော အတွေးက ခေါင်းထဲဝင်လာသည်’
တဆက်တည်း လူကလဲ တုန့် ကနဲ ရပ်သွားသည်။ ကိုယ်က ဝယ်ပေးချင်ပေမယ့် လက်ခံမည့်သူက ငြိုငြင်နေရင် ဝယ်သွားတာ အလကားဖြစ်မည်ဟုလဲ တွေးမိသည်။ ကျွန်တော် အကျီ င်္ကို ကိုင်ရင်း တစ်ယောက်တည်း ချီတုံချတုံ ဖြစ်နေစဉ် ဆိုင်က အရောင်းဝန်ထမ်း ကောင်မလေးတွေကလဲ ကျွန်တော့်ကို ဝိုင်းကြည့်နေကြသည်။ ဒီလိုနဲ့ ကျွန်တော်လဲ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး အကျီ င်္ကို နေရာတွင် ပြန်ထားကာ ဆိုင်ထဲမှ ပြန်ထွက်လာခဲ့လိုက်သည်။ ဒီအကျီ င်္ကို တစ်ရာကျော်ပေးဝယ်ပြီး ရွာမှာ ဝတ်တော့ရော ဘယ်သူသိတာမှတ်လို့ ။ ဒီလို အကျီ င်္မျိုးက ကျွန်တော်တို့ ရွာမှာ ဘော်လုံးကန်စဉ် ကတည်းက သူလိုကိုယ်လိုလူတွေ ဝတ်နေကျ။ အသားကောင်းတာတွေ၊ ချုပ်ရိုးချုပ်သားကောင်းတာတွေ၊ အော်ရဂျင်နယ် ဆိုတာတွေကို ဘယ်သူမှ သိမှာမဟုတ် သူတို့ သိတာက ဘော်လုံးအကျီ င်္တစ်ထည်လို့ ပဲ သိမှာဖြစ်သည်။ ဒီတော့ ဒီအကျီ င်္ကို တစ်ရာကျော်ပေးပြီး ဝယ်တော့ ဘာလုပ်မှာလဲ ဟူသော အတွေးဖြင့် တခြား ရှပ်အကျီ င်္ကောင်းကောင်းတစ်ထည်ကို ဝယ်လာခဲ့လိုက်သည်။
ဒီလိုနဲ့ ကျွန်တော် တနေကုန် ဈေးပတ်ဝယ်ပြီးနောက် ညနေဘက်တွင် အိမ်ပြန်ရောက်လာခဲ့သည်။ အိမ်ကို ရောက်တော့ လူကတော်တော် ပင်ပန်းနေပြီ။ ဗိုက်ကလဲ စာနေပြီ။ ဒီတော့ အတူနေ အခန်းဖော်သူငယ်ချင်းကို
“ဟေ့… ရှမ်းလေး ဘာတွေချက်ထားသေးလဲ ဗိုက်စာလိုက်တာကွာ လို့ မေးလိုက်တော့”
“ဝက်အသားနီချက်၊ သီးစုံကုလားပဲဟင်းနဲ့ ငပိထောင်းထားတယ် ကိုရဲ.. ရေ”
လို့ ပြောရင်းအနားရောက်လာသည်။ ကျွန်တော်လဲ ဗိုက်စာနေသောကြောင့် အထုပ်အပိုးများ ပစ်ချပြီး ရေပင်မချိုးတော့ဘဲ ထမင်းကိုအရင်စားလိုက်သည်။ စားကောင်းကောင်းဖြင့် ကျွန်တော် ထမင်းကို ကုန်းလွေးနေစဉ် ရှမ်းလေးတစ်ယောက် အနားတွင် ကျွန်တော့်ကို ကြည့်ရင်းရစ်သီရစ်သီ လုပ်နေတာကို တွေ့ ရသောကြောင့် တစ်ခုခုတော့ တစ်ခုခုပဲဟုတွေးရင်း-
“မင်းဘာပြောစရာရှိလို့ လဲ ရှမ်းလေး လို့ မေးလိုက်တော့”
“အင်း… သတင်းထူးပြောစရာရှိတယ် ကိုရဲရေ.. ထမင်းအရင်စားလိုက်ဦး စားပြီးမှ ပြောတော့မယ်”
ဟုပြန်ပြောသဖြင့်- ကျွန်တော်လဲ သိချင်သွားပြီး
“ပြောပါ ဘာအကြောင်းလဲ စားရင်းပြောလဲရပါတယ်”
ဟုပြောလိုက်တော့- ရှမ်းလေးလဲ ဘယ်အချိန်ကတည်း ပြောချင်နေသည်မသိ
“ဒီလို ကိုရဲရေ သတင်းကတော့ သတင်းထူးဘဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဦး(-) က အင်္ဂလန်နိုင်ငံက ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက် ဘော်လုံးအသင်းကို ဒေါ်လာသန်းတစ်ထောင်နဲ့  ဝယ်တော့မယ် ဆိုတဲ့ သတင်း”
ဟု ပြောလိုက်ရာ ကျွန်တော်လဲ စားလက်စ ပါးစပ်နားရောက်နေသော ထမင်းလုတ်ပင် အောက်ပြန်ပြုတ်ကျသွားပြီး။
“ဟေ.. ဘယ်လို ဘယ်လို မင်းဘာပြောလိုက်တယ်”
ဟုပင် ပြန်မေးလိုက်ရသည်။
“ဟာ… ကိုရဲကလဲ ဒီလောက်ကပ်ပြောနေတာတောင်မကြားဘူးလား။ မန်ယူအသင်းကို မြန်မာနိုင်ငံက သူဌေးကြီးတစ်ဦးက ဝယ်တော့မယ်လို့ ပြောတာ”
“ဟုတ်ပါ့မလား ငါကောင်ရာ.. မြန်မာပြည်မှာ အဲဒီလောက်ချမ်းသာတဲ့လူရော ရှိလို့ လား”
“ရှိလို့ အသံထွက်လာတာပေါ့ ကိုရဲရာ.. မဖြစ်နိုင်ဘူးလို့ တော့ ပြောမရဘူးဗျ။ ထိုင်နိုင်ငံက သက်ဆင်တောင် မန်ယူနဲ့ တစ်မြို့ တည်း ဖြစ်တဲ့ မန်ချက်စတာစီးတီး ဘော်လုံးအသင်းကို ဝယ်သေးတာ ဒီသတင်းမဖြစ်နိုင်ဘူးလို့ တော့ ပြောမရဘူး”
“အေး… ဟုတ်ချင်လဲ ဟုတ်မှာပေါ့ကွာ”
ဟု ပြန်ပြောရင်း ဒီနေ့ မနက်ဈေးဝယ်ထွက်တော့ မန်ယူအသင်းအကျီ င်္တစ်ထည်ကိုပင် ချီတုံချတုံဖြင့် ဝယ်ဖို့ စဉ်းစားရင်း ဈေးကြီးသည်ထင်၍ မဝယ်ဖြစ်ဘဲ ဒီအတိုင်းထွက်လာခဲ့သည့် အဖြစ်ကို ပြန်မြင်ယောင်မိသည်။ ကိုယ်ကသာ အကျီ င်္တစ်ထည်ကို ဈေးကြီးလို့ မဝယ်ဖြစ်ခဲ့ပေမယ့် ဝယ်နိုင်သူတွေကတော့ မန်ယူအသင်းကြီး တစ်သင်းလုံးကိုပင် ဝယ်မယ်တဲ့။ မန်ယူလို ကမ္ဘာကျော်ဘော်လုံးအသင်းကြီးကို ဝယ်ဖို့ ဆိုသည်မှာ လွယ်သည့်ကိစ္စမဟုတ်ပေ။ ဝယ်တော့သာဒေါ်လာသန်းတစ်ထောင်၊ ဝယ်ပြီးဒီအတိုင်းပြီးသည်မဟုတ် ဘော်လုံးသမားဝယ်ဖို့ အတွက် ငွေထုတ်ပေးရဦးမည်။ အလုပ်သမားတွေအတွက် လစာငွေကိစ္စတွေကရှိသေးသည်။ သန်းတစ်ထောင်နဲ့ ပြီးသွားမှာမဟုတ်။ အမေရိကန်မှ သန်းကြွယ်သူဌေး များဖြစ်သော ဂလေဇာမိသားစုပင် အကြွေးတွေဖြင့် လုံးထွေးနေသည့် သတင်းများက နားဖြင့်ပင် မဆံပေ။ ဒီလိုအသင်းမျိုးကို မြန်မာနိုင်ငံက သူဌေးတစ်ယောက်က ဝယ်မယ်ဆိုတော့ ကျွန်တော်နဲနဲမဟုတ် တော်တော်အံသြသွားသည်။ ဒီလောက်ချမ်းသာသည့်လူ မြန်မာနိုင်ငံမှာ ရှိတယ်လား ဟုလဲ တွေးမိသည်။
တဆက်တည်း မြစ်ရိုးတစ်လျှောက် ကျောက်စက်လှေပေါ်မှ ကျောက်များကို ခြစ်ခြစ်တောက် ပူနေသော နေရောင်အောက်တွင် ကိုယ်တစ်ပိုင်းရေစိုဖြင့် ကျောက်သယ်၊ ကျောက်ရွက်နေသူများ၊ သဲသယ်၊ သဲရွက်နေသူများ၊ ချွေးတလုံးလုံးဖြင့် ဆိုက်ကားကို ကြုံးရုံးနင်းနေသူများ၊ လမ်းမကြီးတွေ ဘေးတလျှောက် ကျောက်ထုကျောက်ခွဲနေသော လမ်းလုပ်သားများ၊ ဝမ်းဝရုံလောက်ရသော လစာငွေကို ရရှိသည့် ဝန်ထမ်းများ၊ ဘက်စ်ကားများကို အလုအယက်တိုးဝှေ့တက်နေသော အခြေခံလူတန်းစားများက အမြင်အာရုံတွင် ပေါ်လာသည်။ မြန်မာနိုင်ငံတွင် လူတန်းစားတွေ ဒီလောက်ထိ ကွာဟနေပြီလားဟုလဲ တွေးမိသည်။မြန်မာနိုင်ငံသည်လဲ အိန္ဒိယနိုင်ငံကဲ့သို့ ဖြစ်လာပြီလား ဟုလဲ တွေးမိသည်။ ဒီသတင်းက ကောလဟလ ဖြစ်ဖို့ များသည်။ ဒါပေမယ့် ဖြစ်မလာနိုင်ဘူးဟုလဲ ပြောမရပေ။ ထိုင်းနိုင်ငံသား သက်ဆင်ပင် အင်္ဂလန်နိုင်ငံမှ မန်ချက်စတာစီးတီး အသင်းကို ဝယ်နိုင်ခဲ့သေးတာ ဆိုတော့ ဒီသတင်းက မဖြစ်နိုင်ဘူးဟု တရားသေတွက်လို့ မရပေ။ ဒီအကြောင်းက အတွေးထဲ ရောက်လာပြီးနောက် ထမင်းပင် ကောင်းကောင်းစားမရတော့။ ဒီသတင်းက အတွေထဲမှာ တဝဲလည်လည်နဲ့ ပြန်ပြန်ရောက်လာသည်
သြော်….. ကောလဟလလေလား တကယ်လား……လို့ 
စင်ကာပူမြေပေါ်မှအလွဲ ၂
ညဆိုင်း အလုပ် ဆင်းရတဲ့ တစ်ရက် ကျွန်တော် မောင်းရတဲ့ စက်က ပျက်နေသောကြောင့် ပျင်းပျင်း ရှိတာနဲ့ အခန်းဖော် သူငယ်ချင်းရှိရာ ဌာန ဘက်ကို ထွက်လာ ခဲ့သည်။ သူတို့ ဌာနကို ရောက်တော့ သူ့ လုပ်ဖော် ကိုင်ဖက် တရုတ် တစ်ယောက်နဲ့  ဘာပြဿနာတွေ တက်နေသည် မသိ၊ လက်ဟန် ခြေဟန်တွေနဲ့  စကား အခြေ အတင်တွေ ဖြစ်နေဟန်ကို အဝေးမှပင် လှမ်းမြင် နေရသည်။ ကျွန်တော်လဲ ဘာတွေများ ဖြစ်သလဲလို့ စိတ်ဝင် စားစွာဖြင့် အနားကို အလျင်အမြန် သွားကြည့် မိသည်။ အနားကို ရောက်တယ် ဆိုရင်ပဲ သူငယ်ချင်း ဖြစ်သူ၏ သူ့ လုပ်ဖော် ကိုင်ဖက် တရုတ်အား ရှင်းပြနေသံ -
Before you never talk လား၊ နောက်ကျမှ talk တော့ I don’t know လား
ဆိုသည့် အသံကို ကြားရသည်။ သူဘာ ပြောလိုက်သလဲ ဆိုတာ အမှတ်တမဲ့ ကျွန်တော်ပင် နားမလည် ဒါပေမယ့် တရုတ် ကတော့ နားလည်သည်။ သူမသိဘူး မန်နေဂျာဆီ သွားပြောဟု ပြောသည်။ ထိုအခါ သူက ဒေါသတကြီးဖြင့် you go လား ဟုပြောသည်။ တရုတ်ကလဲ you go လား ဟုပြန်ပြော သဖြင့်၊ နှစ်ယောက်သား you go၊ you go ဖြင့် မုန့် လုံး စက္ကူကပ် နေကြတာ တော်တော်ပင် ကြာသည်။ ခဏနေတော့ သူငယ်ချင်း ဖြစ်သူက တရုတ်ကို လက်ညိုးထိုး ကိုယ့်ကိုယ်ကိုယ် လက်ညိုးထိုးပြီး
ok, You go၊ I go အတူတူ go လား
ဟုပြောပြီး နှစ်ယောက်သား မန်နေဂျာဆီ အတူတူ go သွား သဖြင့် ကျွန်တော်လဲ ကိုယ့်နေရာ ကိုယ်တစ်ယောက် တည်းပြန် go လာခဲ့ ရသည်။ ဒီမှာ ကတော့ အင်္ဂလိပ် စကားတွေ ကတော့ ကျိုးချင် တိုင်းကျိုး ပဲ့ချင်တိုင်း ပဲ့နေတော့သည်။
တစ်ရက် ကျွန်တော်တို့  ထမင်းစား နားချိန် စားသောက် ပြီးနောက် ဝိုင်းဖွဲ့ စကားပြောမိ ကြစဉ် တရုတ်တစ်ယောက်က ကျွန်တော့်အား မင်းဘာကိုးကွယ်လဲဟု မေးသည်။ ကျွန်တော်က Buddhist ဟု ပြန်ပြောရာ တရုတ်က ငါလဲ Buddhist ပဲ တို့ နှစ်ယောက် ကိုးကွယ်တဲ့ ဘာသာ အတူတူ ပဲလို့  ပြန်ပြောသည်။ အဲဒီ အချိန်မှာပဲ အားလုံး သိတဲ့ အတိုင်းပဲ ကျွန်တော့်ရဲ့ သူငယ်ချင်း ဖြစ်သူက တရုတ်ကို ဝင်ပြောသည်။
no…no….,we are ထေရဝါဒ . you are မဟာယာန no same ဟု
ဝင်ပြောရာ တရုတ်က တဟင်… ဟင်နဲ့  ဘာပြောတာလဲ ဘာပြောတာလဲ ဟုသာ ပြန်မေး နေသဖြင့် ကျွန်တော်က ဘာမှ မဟုတ်ပါဘူး ဟုပြန်ပြော လိုက်ရသည်။ ကျွန်တော်လဲ သူတို့ ဆီမှာ ထေရဝါဒနဲ့  မဟာယာန ရှိမရှိ သေချာမသိ ထို့ ကြောင့် သေချာ ရှင်းမပြ နိုင်သောကြောင့် ဘာမှ မဟုတ်ဘူး လို့ သာ ပြန်ပြော လိုက်ရသည်။
တစ်ရက် ကျွန်တော် ညဆိုင်း ဆင်းပြီး ပြန်လာတော့ ဘက်စ်ကား ပေါ်မှာ မနက် အစောကြီးမို့  လူတစ်ယောက်မှ ပါမလာ သေးဘူး။ ကျွန်တော် ကတော့ ခပ်တည်တည်ပဲ စီးလာ ခဲ့တာပေါ့ မသိရင် တစ်ယောက်တည်း ကားစီးလုံးပဲ ငှားလာ သလိုလို။ ဒါနဲ့  ရှေ့မှတ်တိုင် ရောက်တော့ တရုတ်တစ်ယောက် ကုလား တစ်ယောက် ကားပေါ် တက်လာပြီး ကျွန်တော့် နောက်ဖက် နှစ်ခုံကျော် လောက်မှ လာထိုင်တယ်။ ကျွန်တော်လဲ တစ်ညလုံး အလုပ်ဆင်း ထားတာ ဆိုတော့ ကားပေါ်မှာ ခဏ မှေးခနဲ အိပ်ပျော် သွားတယ်။ ခဏကြာတော့ ကျွန်တော့် နားထဲ စကားသံ တချို့ ကြားရတယ်။ ကြားရတဲ့ အသံက မြန်မာလို ပြောသံကို ကြားရတာ ပထမတော့ ကျွန်တော်လဲ အိပ်မက်လိုလို ဘာလိုလို ဇဝေဇဝါ ဖြစ်နေတာ နောက်မှ အိပ်မက် မဟုတ်ဘဲ တကယ် ကြားနေရမှန်း သိရတာ။ အဲဒီိမှာပဲ ကျွန်တော့် ကျောထဲက နဲနဲ စိမ့်တက်လာတယ်။ အားလုံးပဲ သိတဲ့ အတိုင်း ပဲလေဗျာ ကားပေါ်တက်လာတာက တရုတ်တစ်ယောက် ကုလားတစ်ယောက် နားထဲမှာ ကြားရတာက မြန်မာ စကားသံ ကျွန်တော် နဲနဲတော့ လန့် သွားတာပေါ့။ သိတယ် မဟုတ်လား သတ္တိက အဲဒီလို ကောင်းတာ။ ဒါနဲ့ ကျွန်တော်လဲ နောက်ကို ဆက်ခနဲ လှည့်ကြည့် လိုက်တော့ တရုတ်နဲ့ ကုလားနဲ့ က မြန်မာလို အပီအပြင်ကို ငြင်းခုန် နေကြ တာဗျို့ ။ အဲဒီ တော့မှ ကျွန်တော်လဲ ဟင်းချ နိုင်တယ် မြန်မာ တရုတ်နဲ့  မြန်မာ ကုလား ဖြစ်နေ တာလေ လှည့်ကြည့်တော့ ကျွန်တော့်ကို တောင်ပြုံးပြ လိုက်သေးတယ်။
ဒီမှာကလဲ မြန်မာ လူမျိုးတွေက နေရာ အနှံ ရှိနေကြတာလေ။ တခါကလဲ ကျွန်တော်နဲ့  သူငယ်ချင်း နှစ်ယောက် BOONLAY ကို အလည်သွားကြတော့ MRT ရထား စီးသွား ကြတယ်။ CITY HALL MRT STATION ကိုလဲ ရောက်ရော တရုတ်မလေး တစ်ယောက် တက်လာတယ်။ ထုံးစံအတိုင်း MRT ရထားတွေက city Hall လောက် ရောက်ရင် လူတွေ ပြည့်ကြပ်ပြီး ခြေချစရာ နေရာတောင် အနိုင်နိုင်ရယ်။ ဖြစ်ချင်တော့ အဲဒီ ကောင်မလေးက ကျွန်တော့် သူငယ်ချင်းတွေ ရပ်နေတဲ့ နေရာမှာ လာရပ်တယ်။ ဟိုကောင် တွေကလဲ သိတယ် မဟုတ်လား ကောင်မလေး တစ်ယောက် အနား ရောက်လာတော့ ဝိုင်းရှိုး ကြတာပေါ့။ တစ်ယောက်က ကောင်မလေး ချစ်စရာ လေးကွ အသား အရည်လေးက ဖွေးညက်ပြီး မျက်နှာလေးက နုဖတ် နေတာပဲ။ ဟေ့ကောင်… လာမထိနဲ့ နော် ဒါငါအရင် ဦးပြီးသား ငါနဲ့ က မျက်လုံးချင်း စကားပြော ပြီးသွားပြီ။ ကောင်မလေးက ငါမှ ငါပဲတဲ့။ မရတော့ဘူး သူငယ်ချင်း ငါ့ရင်ထဲမှာ ငြိသွားပြီ ကြည့်ပါလား ငါကို မျက်လုံးလေး ကလယ် ကလယ်နဲ့  ကြည့်နေတာ။ သေချာတယ် သူငါ့ကို ချစ်နေပြီ မင်းမနှောင့်ယှက်နဲ့ တော့ စသဖြင့် တစ်ယောက်နဲ့  တစ်ယောက် အပြန် အလှန် စနောက် နေကြသည်။ ကျွန်တော် ကတော့ သူတို့ ကို အဝေးက ကြည့်ပြီး ပြုံးနေမိသည်။ ဒီလိုနဲ့  ခရီး ဆက်လာ ခဲ့ကြရာ ခဏ နေတော့ ကောင်မလေးထံ ဖုန်းလာ သဖြင့် ဖုန်းပြန် ဖြေသံကို ကြားရသည်။
ဟဲလို… မမလား… အင်း… နောက်နှစ် မှတ်တိုင် ဆိုရင် Jurong East MRT ကိုရောက်ပြီ ခဏလေး စောင့်နော် မမ
ဟု ပြန်ဖြေပြီး ဟိုနှစ်ကောင်ကို မျက်စောင်း ဒိုင်းခနဲ လှမ်းထိုး လိုက်တော့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်ခမျာ ပြူးတူး ပြာတာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ဘုရားပွဲ တွေမှာ တိုးတဲ့ အတိုင်း လူအုပ်ထဲ အတင်း ဖြဲတိုးပြီး အဲဒီနေရာ ကနေ အဝေးဆုံးကို တရွေ့ရွေ့ ထွက်သွား လေရဲ့ ။ ကျွန်တော့်မှာ သူတို့ ကို ကြည့်ပြီး အူတွေ တက်လို့ ။ဒီမှာ အဲဒီလို အဖြစ် အပျက်တွေ ကလဲ အများကြီးပဲ။
နောက်ဆုံး အနေနဲ့  ကျွန်တော် ပြောပြချင် တာကတော့ ကျွန်တော့် ညိုကြီးကိုကြီး အကြောင်းလေးပါ။ ကျွန်တော်တို့ သူငယ်ချင်းတွေ santosa ကျွန်းကို အလည် သွားကြတော့ Boonlay MRT မှာ လူစု ကြတယ်။ လူစုနေတုန်း ညိုကြီးကိုကြီး ခဏနေတော့ ပျောက်သွားတယ်။ သူကတော့ ထုံးစံ အတိုင်း လူက နေပေမယ့် ပညာက မနေ ဆိုသလိုပဲ ကောင်မလေး နှစ်ယောက် ဒုက္ခရောက်နေလို့  သွားကူညီ နေတာဗျ။ သူက အဲဒီလိုပဲ ကောင်မလေးတွေ ဒုက္ခ ရောက်နေရင် ကူညီိတတ်တယ် ယောက်ကျားလေးတွေ ဆိုရင်တော့ လှည့်တောင် မကြည့်ဘူး အကူအညီ လာတောင်းမှာ စိုးလို့ ။ သူက အဲဒီိလို သဘော ကောင်းတာလေ ဟဲ.. ဟဲ.. သိတယ်မလား။ နှာလေ… နှာ…
ဖြစ်ပုံက ဒီလို – ကောင်မလေး နှစ်ယောက် တစ်ယောက်က စင်ကာပူမှာ အလုပ် လုပ်နေတာ တစ်ယောက်က မြန်မာပြည် ကနေ စင်ကာပူမှာ အလုပ် လုပ်နေတဲ့ ကောင်မလေး ဆီကို အလည် လာတာ။ သူတို့ နှစ်ယောက် MRT စီးမယ် လုပ်တော့ ဒီမှာနေတဲ့ ကောင်မလေးက ကော့ကော့ ကော့ကော့နဲ့  ကဒ်ဖြတ်ပြီး ရှေ့ကနေ ဝင်သွားတယ်။ အဲဒီမှာ နောက်က ကောင်မလေးက ဒုက္ခရောက် တော့တာပဲ။ သူ့ မှာက MRT ကဒ် မရှိဘူးလေ။ အဲဒီတော့မှ ရှေ့က ကောင်မလေးက သူ့ အဖော်မှာ ကဒ်မပါမှန်း သတိရပြီး အဖော် ကောင်မလေးကို ဘယ်လို ဘယ်လို လုပ်ရတယ် သင်ပေး လိုက်ပြီး တစ်ခါသုံး ကဒ်ကို စက်ကနေ သွားထုတ် ခိုင်းတယ်။ အပြင်က ကောင်မလေးက စက်ကနေ ကဒ်ကို မထုတ် တတ်ဘူး ဖြစ်နေတယ်။ အထဲ ရောက်နေတဲ့ မရွှေချော ကလဲ ပိုက်ဆံ ပြားလေးဆယ် ကုန်မှာ ကြောက်ပြီး အပြင် ပြန်မထွက်ပဲ အထဲကနေ မိန်းမတို့ အိနြေ္ဒ ခုနစ်ချီ အသံနဲ့  လှမ်းလှမ်း အော်တယ်။ ဟိုကလဲ နားမလည်ဘူး။ ညိုကြီးကိုကြီး အဲဒီ အသံတွေကို ကြားပြီး ကြားထဲက မနေနိုင် ဖြစ်ပြီး ကောင်မလေး တွေကို သွားကူညီတာ။
ကဒ်က ဘယ်ထုတ် ရမလဲ ပိုက်ဆံမှ ပြည့်အောင် မထည့်တာ။ ဒါနဲ့ ညိုကြီးကိုကြီးက အိတ်ထဲကနေ ပြားငါးဆယ်ကြီး များတောင် စိုက်ပြီး ကောင်မလေးကို ကဒ် ထုတ်ပေး လိုက်တယ်။ ပြီးတော့မှ ညိုကြီးကိုကြီးက ကျေးဇူးတွေ အထပ်ထပ် အတင်ခံ လိုက်ရတဲ့ မျက်နှာကြီးနဲ့  ကျွန်တော်တို့  ဆီကို ပြန်ရောက် လာတယ်။ အပေါ်က အကြောင်းအရာ တွေကို အဲဒီတော့မှ ညိုကြီးကိုကြီး ပြောပြလို့  ကျွန်တော်တို့ က သိရတယ်။ ကျွန်တော်တို့ လဲ လူစုံတာနဲ့  station ထဲ ဝင်ပြီး MRT ပေါ် ရောက်တယ် ဆိုရင်ပဲ ရထားက စထွက်တယ်။အဲဒီအချိန်မှာပဲ စောစောက ကောင်မလေး ဗြုန်းဆို ကျွန်တော်တို့ အနားရောက် လာပြီး ညိုကြီးကိုကြီးကို အိပ်ကပ်ထဲ ကငါးမူးစေ့ တစ်စေ့ ထုတ်ပြီး အတင်း လိုက်ပေး တော့တာပဲဗျို့ ။ ညိုကြီးကိုကြီး ကလဲ ခေါင်းတခါခါ လက်တကာကာနဲ့  အကြောက်အကန်ကို ငြင်းတယ် ကူညီတာပါ မလိုပါဘူး ဘာညာ ပြန်မယူ တော့ပါဘူး စသဖြင့် ပေါ့ဗျာ (ပြားငါးဆယ် ထဲဆိုတော့ ကူညီ နိုင်တာပေါ့) ကောင်မလေး ကလဲ မရဘူး အတင်းကို လိုက်ပေး တာဗျို့ ညိုကြီးကိုကြီး ကလဲ အတင်းငြင်းနဲ့  ရထားပေါ်မှာ တဝုန်းဝုန်းနဲ့  ရထားပေါ်က တရုတ် တွေတောင် ဘာဖြစ်တာလဲ ဆိုပြီး ဝိုင်းကြည့် ကြတယ်။ ကြည့်တာ ကြည့်တာ သူတို့ တွေလဲ ဘာမှ နားမလည်ဘူး။ သူတို့ မြင်တာကတော့ ကောင်မလေး တစ်ယောက် ငါးမူးစေ့ တစ်စေ့ကိုင်ပြီး ကောင်လေး တစ်ယောက်ကို အတင်း လိုက်ပေး နေတာကိုပဲ သိတယ်။ ကောင်လေးကို ကျပ်မပြည့်ဘူးလို့ လဲ ထင်ချင် ထင်မှာပေါ့။ ကျွန်တော်တို့ ကတော့ သူတို့  နှစ်ယောက်ကို ကြည့်ပြီး ဝိုင်းဟား ကြတာ ပေါ့ဗျာ။ ပြီးတော့ ခွင်လေး ဝင်တုန်း ညိုကြီးကိုကြီးကို ယူလိုက်ပါဗျာ ကောင်မလေး အားနာစရာ သူ့ ခမျာ ခင်ဗျား ကျပ်မပြည့် ရှာဘူး ထင်လို့  ကျပ်ပြည့် သွားအောင် ငါးမူး ဖြည့်ပေး နေတဲ့ဟာကို လို့ ဝင်ပြော လိုက်တော့ ညိုကြီးကိုကြီး တစ်ယောက် ငါးမူးစေ့ကို ပိုပြီး မယူရဲ ဖြစ်သွားတယ်။
အဲဒီနေ့ က စပြီး ကျွန်တော်တို့ အဖွဲ့ ထဲမှာ ဟေ့လူ.. ဘယ်လိုလဲ ကျပ်ပြည့် သွားပြီလား။ ကောင်မလေး ငါမူးဖြည့်ပေး လိုက်တာမှ မပြည့်သေးရင်လဲ ခင်ဗျား တော်တော် လိုနေလို့ ပဲ ဖြစ်ရမယ် ဆိုတဲ့ စကား သံတွေ အောက်မှာ ညိုကြီးကိုကြီး တစ်ယောက် ခေါင်းတောင် မဖော်နိုင်ဘူး။ အစား မတော်တလုတ် အသွား မတော်တော့ တစ်လှမ်း ဆိုသလိုပဲ အဲဒီိနေ့ က စပြီး ညိုကြီးကိုကြီး တစ်ယောက် ခေါင်းမထောင် နိုင်တော့တာ ဒီနေ့ ထိဘဲ။
အားလုံးပျော်ဖို့  နင်ငိုပေးပါ
ပျင်းရိညီးငွေ့ဖွယ်ကောင်းတဲ့ နေ့ တစ်နေ့ မှာ သူရိန်နေမင်း အားကိုးနဲ့ အခန်းအောင်း ချွေးထုတ်နေရင်း သူ့ ကို မကြာမကြာ မော့ကြည့်မိသည်။ ကြည်လင် ရှင်းသန့်နေတဲ့ သူ့မျက်နှာကတော့ မနာလိုချင်စရာ ကောင်းလောက်အောင်ကို ကျက်သရေရှိရှိ လှပနေသည်။ ကျွန်တော် တော်တော် စိတ်ပျက် သွားမိတယ်။ တကယ်ဆို သူ ငိုနေသင့်သည်။ ဘာကြောင့်လဲဆိုတော့ သူငိုနေရင် ကျွန်တော် ပျော်တယ်၊ စိတ်ချမ်းသာသည်။ ဒါကြောင့် သူ့ကို ကျွန်တော်ကငိုစေချင်တာ။ သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့  ကျက်သရေရှိရှိ အစွမ်းကုန် လှပ နေတော့ စိတ်ပုပ်တယ် ပြောပြော ကျွန်တော်တောင် ငိုချင် သွားမိသည်။ ဒါပေမယ့် ကျွန်တော် ဘာများ တတ်နိုင်မှာလဲ၊ သူမှ မငိုချင်တာ၊ ကျွန်တော်မှ မဟုတ်ဘူး ဘယ်သူမှလဲ မတတ်နိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ သူ့ကို ဘယ်သူမှ control လုပ်လို့ မရဘူးလေ။ ဟိုတိုင် ဒီတိုင် တိုင်ရအောင်ကလဲ သူ့မှာ အုပ်ထိန်းသူကမရှိဘူး။ သူကလဲ သူလုပ်ချင်ရာ လုပ်ဖို့ အတွက် ဆိုရင် ဘယ်သူ ဘာပြောပြော ဂရုစိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်တယ်။ သူကတော့ ကျွန်တော့်အပေါ်မှာ ပုံမှန်ပဲလို့ ပြောရမှာထက် ရှိမှန်းတောင် မသိလောက်ဘူး။ ဘာဖြစ်ဖြစ် ကျွန်တော်ကတော့ သူ့ကို ချစ်တယ်။ ဒါကြောင့် သူ့ကို ငိုစေချင်တယ်။ ဒါပေမယ့် သူကတော့…….
ဒီလိုနဲ့  ကျွန်တော်လဲ တစ်ယောက်တည်း ချွေးဆက်ထုတ် နေတုန်း သူက ကျွန်တော့်ကို လေနုအေးလေးနဲ့  လာချော့သည်။ သူ့အရိပ်အငွေ့  သူ့အငွေ့အသက်တွေ ပျော်ဝင် စီးဆင်းနေတဲ့ လေနုအေးလေးပေါ့။ ကျွန်တော့် ရင်ထဲ လှိုက်ခနဲ အံ့သြဝမ်းသာ သွားတယ်။ ဒါနဲ့  သူ့ကို မော့ကြည့်မိတော့ ကြည်လင် ရှင်းသန့်နေတဲ့ သူ့မျက်နှာက ရုတ်ချည်း ညိုမှောင် လာတာ တွေ့ရသည်။ ကျွန်တော်လေ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ ဝမ်းသာလွန်းလို့  ထခုန်မိ မတတ်ပါဘဲ။ ကြည့်နေဆဲမှာပဲ သူ့မျက်နှာက တဖြည်းဖြည်း မဲ့လာပြီး ရှိုက်ကြီးတငင် အော်ဟစ်လို့  ငိုပါတော့သည်။ မငိုဘူး… မငိုဘူး…နဲ့  သူတကယ် ငိုတော့လဲ နင့်နင့်သည်းသည်း ငိုတာပါ။
ကျွန်တော်လဲ ဝမ်းသာအားရ အိမ်ရှေ့လမ်းမကြီးပေါ် ပြေးထွက် သူ့မျက်ရည်တွေထဲ ခိုဝင်မိတဲ့ ခဏ၊ ကျွန်တော့် တကိုယ်လုံး အေးမြ လန်းဆန်းပြီး ပေါ့ပါးသွားသည်။ ပတ်ဝန်းကျင်ကို သတိထား ကြည့်မိတော့ လူတွေ လူတွေ အပျော်တွေ စီးဝင်နေတဲ့ မျက်နှာတွေနဲ့ အော်ဟစ် ကခုန်လို့၊ တချို့လဲ ပါးစပ်က မိုးရွာပြီ… မိုးရွာပြီ… အော်ဟစ်လို့၊ သြော်…. သူတို့တွေလဲ ကျွန်တော့်လိုပဲ သူ့ကို မျှော်နေကြတာပဲ။ အခုတော့ အားလုံး အတွက် အားလုံး ပျော်ဖို့အတွက် သူငိုပြီ… မိုးရွာပြီ… မိုးတွေ ရွာနေ ပြီလေ။ ကျွန်တော် သူ့  ကိုချစ်သလို အားလုံးကလဲ သူ့ကို ချစ်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့  အားလုံး သူ့  ကို အချိန် မှန်မှန် ငိုစေချင် ကြသည်။ ဒါကြောင့် အားလုံး ပျော်ဖို့  အတွက် အချန်မှန် နင်ငိုပါလေ…
မိုး… လာပြီ
မုတ်သုံကိုစီး
ဝုန်းဒိုင်းကြဲပြီး
ငိုကြီးချက်မ
မိုး… ရောက်လာပြီ ။ ။
နင်… လာခဲ့စမ်း
လူသားတွေ
သစ်တောတွေ
စိုက်ခင်းတွေ
ပင်လယ်တွေ
အားလုံး…အားလုံး
စောင့်မျှော်ခြင်းတွေ
အဆုံးသတ်ဖို့ 
ဒီရင်ခွင်ထဲ
ခုန်ဆင်းခဲ့စမ်း…။ ။





