ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443524
  • Visitors today:40
  • Visitors yesterday:92
  • Visitors last week:644
  • Visitors currently online:3
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘ဆင်တဲရင်တွင်းစကား’

ရာဇဝင်ထဲက ငကြွား

လူတစ်ယောက် ရဲ့ ဘဝကို ကြက်ဥ တစ်လုံးနဲ့ ကျွန်တော် နှိုင်းယှဉ် ကြည့်နေမိပါတယ်။ လူတစ်ယောက်ရဲ့ ရိုးသားဖြူစင်မှု့ နဲ့ နှိမ့်ချ မှန်ကန်မှု့ဟာ ကြက်ဥတစ်လုံးရဲ့ အတွင်းထဲက အနှစ်လို့ဆိုလာရင် အဲဒီလူမှာ ရှိနေသေးတဲ့ ဟန်ဆောင်ဖုန်းကွယ်မှု့နဲ့ လိမ်လည်ကြွားဝါမှု့ ဆိုတဲ့ အရာကိုတော့ ကြက်ဥ တစ်လုံးရဲ့ အကာအစိတ်ပိုင်း ဖြစ်မှတ်ယူနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကြက်ဥတစ်လုံးမှာတောင် အနှစ် နဲ့ အကာ နှစ်မျိုးရှိနေသေးတာ လူတစ်ဦး တစ်ယောက်မှာလည်း ဒီလိုရှိနေတတ်တာ ထူးဆန်းတဲ့ သဘာဝလို့တော့ မှတ်ယူလို့ မရနိုင်ပါဘူး။

စက်သံ၊ လူသံ၊ ဆူညံသံ အမျိုးမျိုး နှင့်ဆူညံနေသော စက်ရုံအတွင်းမှ လမ်းလျှောက်လာသော မောင်ပုံမှန် တစ်ယောက် စက်ရုံ ဘေးတံခါးပေါက်မှ ထွက်လာရင်း စက်ရုံဘေး ခပ်လှမ်းလှမ်းတွင် ခုံလေးများ စီစီရီရီ ရိုက်ထားရာနေရာသို့ လှမ်းလျှောက်လာခဲ့လေ၏။ ခုံလေးများ၏ နံဘေးတွင်လည်း အလှစိုက် ပန်းပင်လေးများဖြင့် သာယာအောင် ဖန်တီးထားလေ၏။ နီးစပ်ရာ ခုံတစ်လုံးတွင် အသာဝင်ထိုင်လိုက်ရင်း အိပ်ကပ်ထဲမှ မြန်မာပြည်ဖြစ် ကြယ်နီဆေးပေါ့လိပ် တစ်လိပ်ကို ထုတ်မီးညှိလိုက်ပြီး အသာအယာပင် ရှိုက်ဖွာလိုက်လေ၏။

အလုပ်ချိန်တွင်း ကျန်စက်ရုံ ဝန်ထမ်းများ အလုပ်လုပ်နေကြသည့် အချိန်တွင် မောင်ပုံမှန် တစ်ယောက် အလုပ်ရှင် သူထေး အဖိုးကြီးကို ကိုယ့်ယောက္ခမကြီးလို သဘောထား၍ အပန်းဖြေနေလေ၏။ (သူထေး အဖိုးကြီး၏ သမီးလေးမှာ လွန်စွာချောမောပေ၏။) တစ်ဝက်ကျော်ကျော် သောက်၍ကောင်းလာသော ဆေးပေါ့လိပ်လေးကို စိမ်ပြေနပြေ ဖွာရှိုက်နေရင်းမှ မောင်ပုံမှန်၏ စိတ်များသည်လည်း မီးခိုးငွေ့များနှင့် အပြိုင်မြောလွင့် နေပေတော့သည်။

ထိုအချိန်တွင် မောင်ပုံမှန်လိုပင် စက်ရုံဘေးပေါက်မှ ထွက်လာပြီး မယောင်မလည်ဖြင့် လာနေသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ စီအိုအို ဟူသော ဘာကြီးမှန်း မသိသော ရာထူးကို ယူထားသည့် ထိုပဂ္ဂိုလ်ကြီးသည်လည်း မောင်ပုံမှန် လိုပင် တန်းရှင်းများ၍ ဟူသော အကြောင်းပြချက်ဖြင့် ညဖက် အချိန်များတွင် ဒီနေရာလေးသို့ လာထိုင်တတ်သော အကျင့်ရှိပေ၏။

ထိုပုဂ္ဂိုလ်ကြီး၏ အဓိကအလုပ်သည် ကုမ္ပဏီတွင် ဘာအလုပ်ဟု မောင်ပုံမှန်တစ်ယောက် သေချာမသိသော်လည်း ကုမ္ပဏီတစ်ခုလုံးတွင် သူထေး နှင့် စီအီးအို မှလွဲ၍ ဂျီအမ် မှစပြီး သန့်ရှင်းရေးအလုပ် သမားထိအောင် သူစိတ်မထင်လျှင် မထင်သလို ခွက်ခွက်လန်အောင် ဟောက်ပိုင်ခွင့် အပြည့် အဝရထားသော ဖူးဟောက်ပါဝါ ပိုင်ရှင် စူပါမန်းကြီး ဖြစ်လေ၏။

ထိုပုဂ္ဂိုလ်ကြီးသည် မောင်ပုံမှန်တို့ ကုမ္ပဏီသို့ မောင်ပုံမှန်တို့ နောက် အတော်ကြာမှ ရောက်လာသော ရွှေကြာပင်ကြီးဖြစ်လေ၏။ ထိုပုဂ္ဂိုလ်ကြီး မရောက်ခင်က ခေတ်စကားနှင့် ပြောရလျှင် အကပ်မရှိသော မောင်ပုံမှန်တို့ မည်သို့မည်ပုံ ကြိုးစား၍ အလုပ်လုပ်စေကာမူ မိန်းကလေးများမှ စကားပြောချင်သော နှာဘူး ဂျီအမ်နှင့် သူတို့ နိုင်ငံသားများကိုသာ သိသိသာသာ မျက်နှာလိုက်တတ်သော မန်နေဂျာ များကြောင့် အလုပ်လုပ်သာနေရသော်လည်း ဘယ်နေရာဖြစ်ဖြစ် တိုးတက်ရန် အခွင့်လမ်း မရှိသလောက်အောင် နည်းပါးလှပါသည်။ မကြာခဏဆိုသလို မန်နေဂျာများနှင့် ပြဿနာ တက်တတ်သောကြောင့် မောင်ပုံမှန်မှာ ကုမ္ပဏီ၏ နာမည်ကျော် ငပွကြီး စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လေ့ ရှိသူ တစ်ယောက်ဖြစ်၏။

ထိုငပွကြီး မောင်ပုံမှန်တွင် မောင်ပုံမှန် နှင့် စိတ်တူ ကိုယ်တူ ပေါင်း၍ ရသော လူမျိုးခြား ဘော်ဒါ တစ်ယောက်ရှိလေ၏။ မောင်ပုံမှန် နှင့် သက်တူရွယ်တူ ခန့် ထိုသူငယ်ချင်းမှာ အလုပ်ဝင်သည့် နှစ်ကလည်း တူနေ၏။ ထို့ပြင် စက်ရှင်ချင်းကပ်လျှက်ရှိသော ထိုသူငယ်ကို မောင်ပုံမှန် အထူးခင်မင်နေရသော အချက်မှာ ထိုသူငယ်၏ သိုးဆောင်းဘာသာ စကားကျွမ်းကျင်မှု့ ကြောင့်ပင်ဖြစ်လေ၏။ သက်တူရွယ်တူခြင်းပင် ဖြစ်သော်လည်း သိုးဆောင်း ဘာသာစကား အရေး၊ အဖတ်၊ အပြော အစစ အရာရာတွင် အတော်ပင် သာလွန်လှပေ၏။

မောင်ပုံမှန်တို့ စက်ရုံအလုပ်သမား အများစုမှာ နိုင်ငံသုံးဘာသာစကားကိုပင် အားပြု၍ ပြောကြလေ၏။ မောင်ပုံမှန်တို့ မြန်မာအများစုမှာလည်း ဒီနိုင်ငံ စကားကိုပင် ကျွမ်းကျင်အောင်လေ့လာ၍ ပြောကြလေ၏။ သိုးဆောင်းဘာသာဖြင့် ပြောသူမှာ လွန်စွာပင် ရှားပါးလေ၏။ ထိုလူများထဲတွင်မှ သူများထက်ထူးသော မောင်ပုံမှန်နှင့် ထိုငတိ နှစ်ယောက်သားကတော့ အလုပ်ကလေး ပါးသည်နှင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒွတ်ဒက် ရွှတ်ရှက်တွေနှင့် ဘူးယိုများ လုပ်နေကြလေ၏။

မြန်မာအများစုကတော့ မောင်ပုံမှန်ကို
“မင်းကွာ ထော့ကျိုး ထော့ကျိုး နဲ့ ဟုတ်တာလည်း မဟုတ်ပဲနဲ့ ပြောမနေပါနဲ့ကွာတဲ့”
မောင်ပုံမှန်ကလည်း ဒါမျိုးကတော့ ဘယ်ခံလိမ့်မလည်း
“လေဖြတ်နေတဲ့ ကောင်တွေနဲ့စာရင် ထော့ကျိုးကောင်က လမ်းသွားလို့ ရပါသေးတယ်ကွာ”
ဆိုပြီး ပြန်ပက်ပေးလိုက်ပါတယ်။ ပြောသာပြောရတယ် မောင်ပုံမှန် ဆိုတာကလည်း သူများသားသမီး ပါရမီရှင်တွေလို မွေးရာပါ ဉာဏ်ရည်ထက်မြက်သူ တစ်ယောက်မဟုတ်တော့ ဘာပဲသင်သင် ဘာပဲလုပ်လုပ် လိပ်ကလေးလိုပဲ တုန်တုန် တုန်တုန်နဲ့ တစ်ရွေ့ရွေ့ လုပ်နေရတဲ့ သူဆိုတော့ ကိုယ်မကျွမ်းကျင် တဲ့ ဘာသာစကားနဲ့ ပြောရတဲ့ အခါကျတော့ အလွန်ပဲ ခက်ပါတယ်။

တစ်ခါတစ်လေ ကျွမ်းကျင်တဲ့ သူတွေ သုံးမိနစ်လောက်ပဲ ပြောရမဲ့ စကားတစ်လုံးကို တစ်ဖက်လူ နားလည်လာအောင် သုံးနာရီလောက် ရှင်းပြပေးရပါတယ်။ ပါးစပ်နဲ့ ပြောလို့မှ အခြေအနေမကောင်းရင် လက်တွေခြေတွေထုတ်ပြီး အင်တာနေရှင်နယ် အကွက်တွေ ထုတ်သုံးရပါတော့တယ်။ ဒါပေမဲ့ မောင်ပုံမှန်လေ သိတယ်မလား ဇွဲကတော့ အလွန်ကောင်း ရှင်းပြခံရတဲ့သူ မျက်ရည်နဲ့မျက်ခွက် ဖြစ်သွားတဲ့အထိတောင် စိတ်လျှော့သေးဘူး ဆိုတဲ့သူ။

ဟုတ်ပြီ ဒီတော့ကာ မောင်ပုံမှန်တို့ နှစ်ယောက် တစ်နေ့တစ်နေ့ ဘာတွေ ရေးကြီးခွင်ကျယ် ပြောကြလည်းဆိုရင် လုပ်ငန်းအကြောင်းတော့ တစ်ခုမှ မပါပါဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ မြင်သာအောင် ပြောရရင်တော့ တစ်ယောက်နဲ့တစ်ယောက် လက်ကုန် အကြွားပြိုင်ကြခြင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် သူကြွားရင် ကိုယ်မြှောက်ပေး ကိုယ်ကြွားရင် သူမြှောက်ပေးနဲ့ တစ်ယောက်တလှည့် အကြွားပြိုင်ခြင်းနဲ့ တစ်ယောက်တစ်လှည့် ပြန်မြှောက်ပေးခြင်း အလုပ်ကို ဘုတ်ကျီးရိုသေ ကျီးဘုတ်ရိုသေ အကွက်ကို သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်အလုပ်ကို နှစ်ယောက်သား အရှက်မရှိ တက်ညီလက်ညီ လုပ်လေ့ရှိပါတယ်။

ငါးပိရည် နဲ့ တို့စရာကို ကမ္ဘာ့ဂုဏ် သရေရှိ အစားသောက် စားရင်းထဲ ထာဝရထည့်ပြီး အမြဲမပြတ် သုံးဆောင်တတ်တဲ့ မောင်ပုံမှန်နဲ့၊ နံပြားနဲ့ပဲဟင်းကို တစ်နေ့နေလို့မှ တစ်နပ်မစားလိုက်ရရင် လူစာရင်း မဝင်တော့ဘူးလို့ ခံယူထားတဲ့ အဆိုပါ ငတိတို့ ရဲ့ ဘိုသံတွေကို နားထောင်ကြည့်လိုက်ရင်တော့ ထော်လာဂျီ အစုတ်နှစ်စီး ရွာအဝင် လမ်းကြမ်းမှာ ဖွတ်ချက်ဖွတ်ချက်နဲ့ အပြိုင်မောင်း လာတဲ့ အသံမျိုးကို ခံစား နားဆင်ရနိုင်ပါတယ်။ မောင်ပုံမှန် တို့ပြောနေကြတာကို တစ်ချက်လောက် နားထောင်ကြည့်လိုက်ပါ…..

မောင်ပုံမှန်။ ။ ဟိုင်း… ဂွတ်တမောနင်း မိုင်ဖရင့်… ဟောင်းအာယူ…
ငတိ။ ။ အိုး… ရက်စ် မောနင်း မိုင်ဖရင့်.. အိုင်အမ်ဖိုင်း (ဒါက ရိုးရိုး နှုတ်ဆက်တာပါ…)

(လာပြီအိုဗာ အကြွားတွေ)
မောင်ပုံမှန်။ ။ အိုင်ဆေး… ယူ့ ရဲ့ ဟဲစတိုင်က ဒီနေ့ ဗဲရီး နိုက်ဖြစ်နေတယ်… ယူဘာ ဂျယ်တွေသုံးလဲ အိုင်လည်းကြိုက်လို့…
ငတိ။ ။ ဗရွတ်ကလင်းလေ.. သိတယ်မလား ဗဲရီး အိတ်စပမ်းစစ် ဝမ်းပေါ့ (အမှန်ကတော့ သူလိမ်းလာတာ မုန်ညှင်းဆီတွေပါ) မင်းသုံးတဲ့ ဖောလိုးမီ ဂျယ်လည်းကောင်းတာပဲ မင်းဟဲစတိုင်လည်းမိုက်တာပဲ(အမှန်က သူအိမ်ကို လာရင်တွေ့တဲ့ ဖောလိုးမီ ဘူးခွံထဲမှာက အုန်းဆီ စစ်စစ်တွေ ထည့်ထားတာ သူမသိပါဘူး)။

မောင်ပုံမှန်။ ။ ယူ့ကိုကြည့်ရတာ အိပ်ရေးသိပ်မဝသလိုပဲ ညက အလန်းလေးတွေနဲ့ ချက်တင်ထိုင်တာ များပြီးအိပ်ရာဝင်တာ နောက်ကျသွားလို့နဲ့ တူတယ်။
ငတိ။ ။ ရက်စ် မိုင်ဖရင့် ဒါလည်းပါတာပေါ့… ပြီးတော့.. (လာဘီ..ကြွားဘီ) အိုင့် ဒက်ဒီ ကဖုန်းဆက်တယ် အိမ်ပြန်လာခဲ့ဖို့.. အိုင်က အိုင်တီနဲ့ ယူနီဗာစီတီ ပြီး ပြီးသားလေ ဒါပေမဲ့ ဒက်ဒီက အော်စီကို သွားပြီး ကျောင်းဆက်တက် ခိုင်းနေတယ် အင်တာနေရှင်နယ် ယူနီဗာစီတီ တစ်ခုခုမှာ ဘွဲ့တစ်ခုထပ်ယူ စေချင်သေးတယ်။ ကျောင်းပြီးသွားရင် ကုမ္ပဏီထောင်ပေးမယ်တဲ့ (ချာပါတီ ကုမ္ပဏီ) နောက်ပြီးတော့ နာမည်ကြီး လေကြောင်းကုမ္ပဏီ တစ်ခုမှာ ရှယ်ယာတွေ အများကြီး ဝင်ထားတဲ့ သူ့သူငယ်ချင်းရဲ့ သမီးနဲ့လည်း နေရာချထား ပေးချင်နေတယ်တဲ့လေ… ဟူး…။

မောင်ပုံမှန်။ ။ အိုး.. ဂေါ့….ဂရိတ်.. ရှိတ်ကင်းမိုင်ဖရန့် ရှိတ်ကင်း ကွန်ဂရက်ကျူလေးရှင်း…။
ငတိ။ ။ သင့်ခယူ.. မိုင်ဖရင့်.. ဒါပေမဲ့ ငါစဉ်းစားပါ အုံးမယ်.. ဒီလိုလုပ်လိုက်ရင်လည်း ငါ့ရဲ့ ဆယ့်သုံးယောက်မြောက် ဂဲဖရန့်က သူ့ကို သူ ဆူဆိုဒ်လုပ် မယ်လို့ ပြောနေတယ်.. ဂဲဖရန့်တွေ အများကြီးရှိတာလည်း မကောင်းပါဘူး။ ဒါနဲ့ မင်းရော ကျောင်းဆက် မတက်တော့ဘူးလား အိမ်ထောင်ရေး ကရော။

မောင်ပုံမှန်။ ။ ရှိတာပေါ့ မိုင်ဖရင့် အိုင့် မှာလည်း အစီစဉ်တွေ အများကြီး ရှိတာပေါ့။ ဟိုတစ်လောကပဲ ဒက်ဒီနဲ့ မာမီ က ဖုန်းဆက်တယ် “မိုင်ဆန်း မင်းလေမနေနဲ့တော့တဲ့ အမေရိကား မှာပဲဖြစ်ဖြစ် အင်ဂလန် မှာပဲဖြစ်ဖြစ် တက္ကသိုလ် တစ်ခုခု ဆက်တက်ရမယ်တဲ့။ မြန်မာပြည်မှာ ရထားတဲ့ ဘွဲ့လေးတစ်ခုနဲ့ ကျေနပ်မနေနဲ့တဲ့။ ဒါလည်း ဟုတ်တာပဲလေ ကိုယ်တို့ အမျိုးတွေ အားလုံးက တကယ့် ဂရိတ်တွေကိုး.. အဖိုးက အမျိုးသားကျောင်းမှာ ကျောင်းအုပ်ကြီး(ရေညှိတွေကိုတက်လို့) အဖွားက စိမ်ရောင်းတယ်(ဒညင်းသီး၊ တမာချဉ်)၊ ဦးလေးက ဗိုလ်မှုး(အရံမီးသတ်) ကျန်တဲ့ ညီ အကိုတွေ အားလုံးကလည်း အဆင့်မြင့် လုပ်ငန်းတွေလုပ်ကြတာ (တိုက်နံရံ ဆေးသုတ်ခြင်း၊ အုန်းပင်၊ ထန်းပင်တက်ခြင်း) ဆိုတော့ကာ အိုင်လည်း အမျိုးဂုဏ်မြှင့်တဲ့ အနေနဲ့ တစ်ခုခုတော့လုပ်ရမယ် လောလောဆယ်တော့ ငါးဖမ်း သင်္ဘောတစ်စီး ဝယ်ထားလိုက်မယ်။ (လူနှစ်ယောက်စီး ကွန်ပြစ်၍ ရသော တံငါလှေ)။

ဂလို မျိုးလေးတွေ ပေါ့နော်… ဒါလေးတွေက အကင်းလေးတွေ ရှိပါသေးတယ်။ နမူနာ လောက်ကလေးပါ။ ဒီလိုနဲ့ပေါ့ မောင်ပုံမှန်တို့လည်း ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာပေါ့။

တစ်နေ့မှာတော့ စီအိုအို ဟု အမည်ရသည့် ရာထူးနှင့် လူကြီး ကုမ္ပဏီကို ရောက်လာချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ အမေရိကားမှာ စီးပွားရေးပညာရပ်နဲ့ မာစတာယူ လာတယ် ဆိုတဲ့ ထိုပုဂ္ဂိုလ်ကြီးသည် လွန်စွာ ကိန်းကြီးခန်းကြီး နိုင်လှပါတယ်။ သူ့လူမျိုးတွေနဲ့ အချင်းချင်း စကားပြောရာတွင်တောင် သိုးဆောင်းဘာသာ စကားနဲ့ ပြောလေ့ရှိပြီး ကျန်တဲ့ လူမျိုးများနဲ့ ပြောဆိုရာတွင်လည်း အတတ်နိုင်ဆုံး သိုးဆောင်းဘာသာ စကားနဲ့ ပြောလေ့ရှိရာ သိုးဆောင်းဘာသာ စကားမပြောတတ်တဲ့ လူမျိုးများနဲ့တွေ့မှ ဒီနိုင်ငံသုံးဘာသာ စကားကို ကြိတ်မှိတ် ညှစ်ထုတ်ပြီး ပြောလေ့ရှိပါတယ်။

ဒီလူကြီး ဒီနိုင်ငံသုံးဘာသာ စကားနဲ့စကားပြောနေတာကို ကြည့်ရတာ ဗွက်အိုင်ထဲက တီကောင်ကို ကောက် တံတွေးနဲ့ထွေးပြီး သူ့ပါးစပ်ထဲ ထည့်ပေးတာကို ခံနေရသလိုကို ဖြစ်နေပါတယ်။ ရောက်ကာစကတော့ သူ နဲ့ မောင်ပုံမှန်တို့က အနေထားခြင်း အများကြီးကွာနေတော့ ပတ်သက်စရာ မလိုဘူးပေါ့။ နောက်တော့လည်း ပရိုဒတ်ရှင်းပိုင်းထဲကို သူလာလို့ သိချင်တာတစ်ခုခု ရှိလာလို့ ခေါ်မေးရရင် အရာရာသိနေတဲ့ ကိုဖိုးသိ(သူထေး သမက်လောင်းလေး) မောင်ပုံမှန်ကိုပဲ ခေါ်မေးရပါတော့တယ်။

သူက မောင်ပုံမှန်ကို သိုးဆောင်းဘာသာစကား ပြောတတ်သလားလို့ မေးပါတယ်။ မောင်ပုံမှန်ကလည်း သိတယ်မလား သစ်စ အစ်စ အေဘွတ်ခ(ထိုအရာသည် စာအုပ် တစ်အုပ်ဖြစ်ပါသည်)၊ ဗဲရီးဂိုး သစ်ကား (ဒီကား အတော်ကောင်းတယ်)၊ ဂွတ်ချစ်ကင်း(ကောင်းလိုက်တဲ့ ကြက်သား) စတဲ့ စပီကင်တွေနဲ့ ငယ်စဉ်ကတည်းက ရင်းနှီးလာသူ တစ်ယောက်ဖြစ်လေတော့ ဘယ်အညံ့ခံလိမ့်မလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ စိတ်ထဲထင်တာတွေ လျှောက်ပြောလိုက်တာပေါ့။

ဒါကိုပဲ ငတိကြီးက သဘောတွေကျပြီး ဂွတ်ဘရားသား (ကောင်းတယ် အကို)လို့ ပြောသွားပါတော့တယ်။ မောင်ပုံမှန် နဲ့ ထိုလူကြီး ခင်သွားပြီး သိပ်မကြာခင်မှာပဲ သူငယ်ချင်းကောင်းတို့ ဝတ္တရား အရ မောင်ပုံမှန် ရဲ့ သူငယ်ချင်းနဲ့လည်း မိတ်ဆက်ပေးလိုက်ရာ မောင်ပုံမှန်၏ သူငယ်ချင်း မောင်ဖိုးကြွားနှင့်ပါ အထူးတလည် ခင်မင်ခြင်းအဖြစ် သို့ရောက်သွားပါတော့တယ်။ ထိုဘဲကြီးသည် အမြှောက်အပင့် အလွန်ကြိုက်၍ အကြွားသန်သော ဝါသနာသည် လွန်စွာကြီးမားလေ၏။ မောင်ပုံမှန်တို့ သူငယ်ချင်းနှစ်ယောက်လည်း ထိုဘဲကြီးထံတွင် တပည့်ခံ၍ ကြွားဝါခြင်းပညာကို မာစတာ ရသည်အထိ သင်ယူကြလေတော့၏။

တစ်ရက်တွင်တော့ မောင်ပုံမှန်တစ်ယောက် နားချိန်တွင် အိမ်မှယူလာသော ဂျာနယ်တစ်စောင်ကို ဖတ်နေချိန်တွင် ထိုဘဲကြီး ရောက်လာလေ၏။ ထိုအခါ ထွေထွေထူးထူး အကြောင်းလည်း ပြောစရာမရှိ၍ ဂျာနယ်ထဲတွင်ပါလာသော ရုပ်ရှင်မင်းသား ရဲအောင်ပုံကို ပြ၍ ထိုမင်းသားသည် မင်းနှင့် အလွန်တူကြောင်း မင်းရောက်လာစရက်က ရဲအောင်တစ်ယောက် ငါတို့ ကုမ္ပဏီကို အလည်လာသည်ဟုပင် အထင်မှားမိကြောင်း အသားလွတ်ကြီး မြှောက်ပါတော့တယ်။ ထိုအချိန်တွင် ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိသော မောင်ပုံမှန်၏သူငယ်ချင်း ငတိကလည်း လေသံကြားဖမ်း၍ တရားနာပါတော့သည်။

“မောင်ပုံမှန်ပြောတာ အမှန်ပဲဖြစ်ကြောင်း ပုံထဲမှာပါသည့် ရဲအောင်နှင့် သူ့ကို ယှဉ်လိုက်လျှင် ချောတာခြင်း အတူတူပင်ဖြစ်သော်လည်း သူကတောင်ပို၍ စမတ်ကျကြောင်း မဟားတရား မြှောက်ပင့်ပေးလိုက်ရာ မြှောက်ပင့်ပေးလျှင် ရှင်ဘုရင်တောင် မာန်တက်တတ်သောလူ့သဘာဝအရ လူထဲက လူတစ်ယောက်သာ ဖြစ်ရှာသော ထိုလူကြီးမှာ မောင်ပုံမှန်တို့ နှစ်ယောက်မြှောက်ကွက်တွင် တန်းလန်းကြီးဖြစ်နေပြီး သူ့၏ ပါးစပ်ကြီးမှာ နေ့ဝက်လောက်ပါးစပ် မစေ့နိုင်အောင် ဖြစ်နေလေရှာ၏။

မောင်ပုံမှန်၏ ဘော်ဒါကလည်း ရေပတ်မဝင်အောင် ခန့်ခန့်ငြားငြားနဲ့ ပင့်တိုက်လေရာ ထိုဘဲကြီး အကောင်းစားကြီးခမျာ မှိုင်းဝနေသော မီးပုံးပျံကြီးကဲ့သို့ ဖြစ်နေပြီး ကောင်းကင်သို့ပင် ပျံတက်လုလု ဖြစ်နေသဖြင့် မောင်ပုံမှန် တို့နှစ်ယောက်မှာ ထိုဘဲကြီးကို မ၍ သူ့ကားထဲသို့ထည့်ကာ ထိုင်ခုံတွင် ခါးပတ်ပတ်၍ ထားပေးရလေသည်။ ထိုပင့်မှု့ အစုစု တို့ကြောင့် ထိုညနေချမ်းလေးတွင် မောင်ပုံမှန်တို့ ဆရာတပည့် သုံးယောက် အလုပ်ရုံနှင့် ခပ်လှမ်းလှမ်းရှိ အဆင့်မြင့် ရက်စတောရင့် တစ်ခုတွင် ဒင်နာ သုံးဆောင်ကြလေ၏။

အလုပ်ပြန်ဝင်ချိန် အတော်လွန်မှ စက်ရုံသို့ ဟီးဟီး.. ဟား..ဟား ဖြင့်ပျော်ရွှင်စွာ ပြန်ဝင်လာကြသော မောင်ပုံမှန်တို့ သုံးယောက်ကို ဂျီအမ်ကြီး အမှုးပြုသော နှာဘူးကြီးများ အဖွဲ့မှ တအံ့တသြဖြင့် ကြိုဆိုကြလေ၏။ သူတို့ နိုင်ငံသားများ ခမျာမှာလည်း ထိုပုဂ္ဂိုလ်ကြီး၏ ခန့်ထည်လှစွာသော ကားကြီးထဲသို့ ခေါင်းတောင် ဝင်မကြည့်ဖူးကြလေရာ ယခုလို ခန့်ခန့်ထည်ထည်ကြီး လူတစ်ကိုယ်လုံး တက်ထိုင်ပြီး ခန့်ခန့်ညားညားကြီး လိုက်ပါလာကြသော မောင်ပုံမှန်တို့ နှစ်ယောက်ကို မြင်ကြသောအခါ ရင်သပ်ရှု့မော ဖြစ်နေကြကုန်၏။

အနှီ မောင်ပုံမှန် တို့နှစ်ယောက်သည်လည်း ဆင်ဖြူတော်မှီပြီး ကြံစုပ်နေသော၊ စိန်နားကပ်ရောင်ဖြင့်ပါးပြောင်နေကြသော အကွက်ကို အပီပြင်နင်းပြီး ကိုယ်ဖိနပ်ကို မနိုင်ရှာသော ရပ်ပါလေးများလို ကွတကွတနှင့် တရွတ်တိုက် လမ်းလျှောက်ရင်း နှာဘူးကြီးများ အဖွဲ့ကိုလည်း ရပ်ပါ များစတိုင်ဖြင့် စောင်းငန်း စောင်းငန်းကြည့်ရင်း စက်ရုံတွင်းသို့ ဝင်လာကြလေ၏။ ထိုနေ့မှ စ၍ မောင်ပုံမှန် တို့နှစ်ယောက်သည် သူကြီးနှင့် ပေါင်းပြီး ဆယ်အိမ်ခေါင်းကို လူမထင်သည့် အကွက်များ မကြာခဏ ချိုးလာကြတော့သည်။

သောက်လက်စ ဆေးပေါ့လိပ်မှ မီးခိုးငွေ့များကလည်း မောင်ပုံမှန် တစ်ယောက်ကို မဝေးသေးသော နှစ်များဆီသို့ အလည် တစ်ခေါက်ပြန်ခေါ်သွားလေ၏။ အထက်တန်းအောင်ပြီး အလုပ်မရှိ အကိုင်မရှိ ရပ်ကွက်ထဲ လှည့်၍ ဝေလေလေ လုပ်နေသော မောင်ပုံမှန် တစ်ယောက် ကျေးဇူးရှင်မိ ဘနှစ်ပါး၏ ညွှန်ကြားမှု့ဖြင့် တက္ကသီလာတွင် တစ်ပါတ် ငါးရက် အဆောင်မှ ကျောင်းတက်ပြီး စနေ၊ တနင်္ဂနွေ နှစ်ရက် အိမ်ပြန်ကာ အဆောင်နေ နေ့ကျောင်းသား အဖြစ်ပညာ သင်ယူနေစဉ်ကာလကပေါ့။

တနင်္လာနေ့ မနက်စောစော ကားနှင့် ကျောင်းသို့ အမောတကော ပြန်လာလေ့ရှိပါတယ်။ ကျောင်းကို ရောက်တာနဲ့ မောင်ပုံမှန် အရင်ဆုံး လိုက်ရှာလေ့ရှိတာကတော့ စာသင်ခန်း မဟုတ်ပဲ မောင်ပုံမှန် ကြိတ်ကြိုက်နေတဲ့ ကောင်မလေး တစ်ယောက်ကိုပါ။ မောင်ပုံမှန် အရမ်းကြိုက်နေတဲ့ ကောင်မလေး နဲ့ မောင်ပုံမှန် နဲ့က သူငယ်ချင်းတွေ အဆင့်မှာပဲ ရှိပါသေးတယ်။ကောင်မလေးက အရမ်းလှသလို အရမ်းလည်းကြွားတတ်ပါတယ်…ကောင်မလေးနားကို အမောတကောနဲ့ မောင်ပုံမှန် ရောက်သွားတာနဲ့ ကြားနေကျ စကားတွေကတော့…

ကောင်မလေး။ ။ ဟဲ့ ပုံမှန် နင့် အမေက မနက်စာ ဘာတွေကျွေးလိုက်လဲ…
မောင်ပုံမှန်။ ။ ပိုက်ဆံပဲ ပေးလိုက်တယ်လေ သူတို့က ဝန်ထမ်းတွေဆိုတော့ မအားဘူးလေ..။

ကောင်မလေး။ ။ ငါ့မေမေ ကလေ ဒီနေ့မနက်စာကို ပေါင်မုန့်ထောပတ်သုတ် မီးကင်ပြီး ဂျင်သုတ်ထားတာရယ် ကြက်ဥ ဟက်ဘရိုက်ကြော်ရယ် သီးမွှေးငှက်ပျောသီး ရယ်နဲ့ ကော်ဖီဆိမ့်ဆိမ့်လေး တစ်ခွက်ရယ် လုပ်ပေးတယ်။ ငါကလေ “မာမီရယ် သမီးက အဲဒီလောက် ကြီးမစားနိုင်ပါဘူး ဝိတ်တက်မှာ စိုးလို့ပါ ဆိုတာတောင်မရဘူး… ပြီးတော့လေ ပြန်လာရင်စားဖို့တဲ့ ဟမ်ဘာဂါ ပူပူလေးဝယ်ထား အုံးမယ်တဲ့… ပြီးတော့လေ…
ဒါက သာမန်လောက်ကြွားနေကြ လာဘီ အထူးကြွား…

ကောင်မလေး။ ။ ဟဲ့ပုံမှန် ဒီအိတ်ကလေးလှလား… ဘယ်က ဝယ်လာတာလဲ သိလား…
မောင်ပုံမှန်။ ။ အော်.. အေးလှပါတယ်… ဆိုင်က ဝယ်လာတာ နေမှာပေါ့…။

ကောင်မလေး။ ။ အာ… နင်ကလည်း… ဒါ ငါ့ဒက်ဒီ စင်္ကာပူက ဝယ်လာတာ.. စင်္ကာပူမှာ အမျိုးတွေ နေကြတာလေ… စင်္ကာပူက အမျိုးတွေကလေ…
စသဖြင့်ပေါ့ဗျာ ကမ္ဘာပေါ်မှာ သူတို့ အမျိုးတွေ အခြေချ မနေထိုင်တာ အာဖရိကတိုက် တစ်ခုပဲ ကျန်တော့တဲ့ အထိပေါ့… မောင်ပုံမှန် လည်းလူသားထဲက လူတစ်ယောက်ဆိုတော့ ကြွားချင်တဲ့ အထဲမှာ ပါတာပေါ့ ပြီးတော့ အသွင်တူမှ အိမ်သူဖြစ်တယ် ဆိုတော့ ကိုယ်လည်း သူနဲ့ တူအောင် ကြိုးစား ရတော့တာပေါ့…

အဲဒါနဲ့… မောင်ပုံမှန် ကြိုးစားပြီး ကြွားကြည့်တာလေးတွေကို လေ့လာကြည့်ပါအုံး…
ကောင်မလေး။ ။ ပုံမှန် နင့် မေမေ ကဘာစားဖို့လုပ်…
မောင်ပုံမှန်။ ။ မာမီ ကလေ ငါစားချင်တယ်ဆိုလို့ နံပြားကို ထောပတ်သုတ်ပြီး ပဲပြုတ်နဲ့ မနက်စာကျွေးလိုက်တယ် စားလို့ပြီးတော့ လက်ဖက်ခြောက်ကျကျနဲ့ ရေနွေးကြမ်း တစ်ခွက်သောက်လာတယ်။ လမ်းမှာစားဖို့ဆိုပြီး မန်လာကာသီးတစ်လုံး ထည့်ပေးလိုက်တယ် ရော့.. နင်စားအုံးမလား (အမှန်က လမ်းက ကောက်လာတာပါ… အဟီး) ပြန်လာရင် စားဖို့တဲ့ မုန့်ဖက်ထုပ် ပူပူလေး ဝယ်ထားမယ်တဲ့…

ပုံမှန်။ ။ ကောင်မလေးရေ… ငါ့ ဒက်ဒီကလေ ငါ့ကို လေးဂွတစ်လက် ဝယ်ပေးတယ် ငှက်ပြစ်ဖို့တဲ့။ ဘယ်ကဝယ်လာတာလဲ သိလား… အင်္ဂပူကလေ… အင်္ဂပူတို့ ထူးကြီးတို့ ဘက်မှာ ငါတို့ အမျိုးတွေ ရှိတယ်လေ။ အင်္ဂပူက အမျိုးတွေမှာကလေ… လှည်းတွေ နွားတွေ ရှိတယ်… ပြီးတော့လေ…
ဒီလိုနှင့် မောင်ပုံမှန် ၏ ကြိုးစားမှု့များ၏ ရလဒ်ကတော့ ကောင်မလေးက မောင်ပုံမှန်ကို စတန်းဒတ် မရှိသူ၊ မိကျောင်းဘီး မရှိသူ ဖီးဆင့် မရှိသူ အဖြစ် သတ်မှတ်၍ သူငယ်ချင်း အဖြစ်မှပါ အပြီးတိုင် ရပ်စဲလိုက် ပေတော့၏….

“ကဗျာရွတ်သံ….
ကောင်မလေးရေ …
ပန်းပေးမှ အလှမ်းဝေး ရတဲ့အဖြစ်
ပန်းကမ်းမှ မလန်းဆန်း ခဲ့တဲ့အဖြစ်
ပန်းချွေမှ သောကပွေ ရတဲ့အဖြစ်
ပန်းကူမှ ရန်သူမြည် ခဲ့တဲ့အဖြစ်
ကောင်မလေးရေ …
နင့်အဖေနင့်အဘိုးနဲ့ နင့်အမေနင့်အမျိုးတွေ ကြားမှာ
ငါ့ကြွားလုံးတွေက ဆင်ကန်းတောတိုး မြေခင်းကြမ်းပုဆိုး
မိုးပြိုမှ ခိုးငိုရမှန်း သိတဲ့ငါကို မြွေစွယ်ချိုးခဲ့ရဲ့ ပြီပေါ့…
ကောင်မလေးရေ …
ပန်းခရေတွေ ကြွေတဲ့ လမ်းတွေရဲ့ အထက်မှာ
စမ်းရေလို ချိုမြိန်တဲ့ အလွမ်းတွေကို ထွေးပွေ့ပြီး
မင်းနဲ့ ဝေးတဲ့ရပ်ဆီကို ငါ လွင့်ခဲ့ရပြီပေါ့…

အဲဒီ နေ့က မိုးမရွာပါ၊ လေလည်းမတိုက်ပါ ထို့ကြောင့် ညဖက်လူခြေတိတ်ချိန် အဆောင်ရှေ့ သံတစ်ချောင်း လမ်းပေါ်သို့ မောင်ပုံမှန် တစ်ယောက်ထဲထွက်လို့ တရုတ်ကားတွေထဲကလို လက်နှစ်ဖက် မိုးပေါ်မျှောက်ပြီး “ဝေ့စမော” လို့ အသံပြဲကြီးနဲ့ တစ်လောကလုံးကြားအောင် မာန်ပါပါ အော်လိုက်ပါတယ်။

တစ်လောကလုံး ကြားမကြားတော့ မသိဘူး။ ညအချိန်မတော် လမ်းပေါ်မှာ လျှောက်သွားနေတဲ့ ခွေးဝဲစား အုပ်စုကတော့ မောင်ပုံမှန်ကို ဝိုင်းသမ မလို့ပြေးလာတာနဲ့ မောင်ပုံမှန်တစ်ယောက် အဆောင်ထဲကို ကိုယ်ဖော့ပညာသုံးပြီး ကဗျာကယာ ပြေးဝင် ခဲ့ရပါတော့တယ်။

စကားချပ်။ ။ ဒီပို့စ်တွင် ဖီးချားရင်း ကဗျာစပ်သူမှာ မောင်ပေါ့ဆိမ့် ဖြစ်ပါသည်။

ဆုံရာကြုံရာဝယ်

ဒီပိုစ့်လေးကို မရေးခင် ပထမဆုံး ပြောလိုတာတစ်ခုကတော့ ကျွန်တော်တို့ ကဖေး အဖွဲ့သားတွေ တွေ့ဆုံမှု့ကို အရင်ကလည်း ရေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ အထူးအဆန်းကိစ္စ တစ်ခုတော့ မဟုတ်ပေမဲ့ ကျွန်တော်တို့ အတွက်ကတော့ ကျွန်တော်တို့ အချင်းချင်း အပြင်မှာ မျက်နှာခြင်းဆိုင်တွေ့ဆုံ စကားပြောဖို့ အတွက် လုံးဝမလွယ်တဲ့ အခွင့်ရေးတစ်ရပ်ပါပဲ။ တစ်လောကလဲ ကျွန်တော့် သူငယ်ချင်းကြီးနဲ့ ကျွန်တော်တို့ နှစ်ယောက်တွေ့ခဲ့ကြပါတယ်။ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခု မဟုတ်ခဲ့ပေမဲ့ ကျွန်တော်တို့ အတွက်တော့ မှတ်တမ်းလေး တစ်ခုဖြစ်ခဲ့ကြပါတယ်။

နေ့ကိုရက်စား လကို သွေးဆေး အဲ..အဲ ရောသွားလို့ လကို နှစ်စားနဲ့ အချိန်တွေ ကုန်လွန်ခဲ့ တာဖြင့် အချိန် အတန်ပင်ကြာမြင့်ခဲ့ပြီ ထင်ပါရဲ့။ တစ်နေ့သောအခါ အားလပ်ရက် တစ်ရက်ကြုံသည်နှင့် ကျန်သောရက် တစ်ချို့ကိုပါ ခပ်တည်တည် နှင့် ရော ခွင့်ယူလိုက်ပြီး လူခြင်းမတွေ့ ရသည်မှာ နှစ် အတန်ကြာခဲ့ပြီဖြစ်သော မိတ်ဆွေ တစ်ယောက်နှင့် တွေ့ဆုံရန် အတွက် အကြီး အကျယ်ပြင်ဆင်ရလေ၏။ ကျွန်ုပ်၏ မိတ်ဆွေကြီးနေထိုင်ရာ အရပ်နှင့် ကျွန်ုပ်နေထိုင်ရာ အရပ်မှာ ရန်ကုန် နှင့် မန္တလေး လိုပင်ဝေးကွာလှသည့် အတွက် တစ်ဦးနှင့် တစ်ဦး အလွယ်တကူ သွားလာတွေ့ဆုံ ရန်အတွက် မလွယ်ကူလှချေ။ သို့ဖြစ်၍ ကျွန်ုပ်ကိုယ်ပေါ်တွင် ဝန်ထုပ်၊ဝန်ပိုး သဖွယ် ပိနေသော အလုပ်များကို ကြုံရာ ချောင်တွင် ခပ်တည်တည် ထိုးထည့်ထားခဲ့ပြီး ကျွန်ုပ်၏ မိတ်ဆွေကြီး နှင့် တွေ့ဆုံရန် အတွက် မြို့ကြီးသို့ ချီတက်လာခဲ့လေ၏။

ကျွန်ုပ် လွန်စွာတွေ့ချင်နေလှသော ကျွန်ုပ်၏ မိတ်ဆွေကြီးဆိုသူကတော့ ကျွန်ုပ်တို့ ၏ ဘော်ဒါကြီး မောင်ပေါ့ဆိမ့် ပဲဖြစ်ပါတော့တယ်။ အလုပ်ပိတ်ရက် နေအတော်မြင့်ချိန်မှ ကမန်းကတမ်း ထလာခဲ့ရသဖြင့် မောင်ပုံမှန် တစ်ယောက် မြို့ကြီးသို့ ရောက်လာချိန်တွင်တော့ အလွန်ပူပြင်းလှသော နေ့လည်ခင်းသို့ ပင်ရောက်နေခြေတော့သည်။ ရောက်ရောက်ခြင်းပင် ပေါ့ဆိမ့် နှင့် ချိန်းထားသော တည်းခိုမည့် တည်းခိုခန်းသို့ အပြေးသွားပြီး အခန်းနှစ်ခန်း ဘွတ်ကင်သွားပေးရ၏။ ထို့နောက်တော့ ပူပြင်းလှသော နေရောင်အောက်တွင် လမ်းမလျှောက်ချင်တော့သောကြောင့် တည်းခိုခန်းအောက်ထပ်ရှိ စားသောက်ဆိုင်ထဲတွင်ပင် ပေါ့ဆိမ့် ကိုထိုင်စောင့်နေရလေ၏။

မြို့ကြီးသို့ ပေါ့ဆိမ့်ရောက်လာချိန်တွင်တော့ ညနေ လေးနာရီ ခွဲလောက်ပင် ဖြစ်နေချေတော့၏။ မောင်ပုံမှန် ထိုင်စောင့်နေသောနေရာကို ပေါ့ဆိမ့် တစ်ယောက်ရောက်လာသည်နှင့် မောင်ပုံမှန် ၏ စိတ်ထဲတွင်လည်း ငယ်ဘဝသို့ ရုတ်တစ်ရက်ပြန်ရောက်သွားသလို ခံစားရပြီး မတွေ့ရတာ နှစ်နှင့်ချီ ရှိနေပြီဖြစ်သော သူငယ်ချင်းကို အရှင်လတ်လတ်ကြီး တွေရသဖြင့် လွန်စွာ ဝမ်းမြောက်ခြင်းဖြစ်ရလေ၏။ သို့သော် ရုပ်ရှင်တွေထဲကလိုတော့ ဟာ….….သူငယ်ချင်း……… ဘာညာဆို ပိုပိုသာသာတွေလုပ်ပြီး ပြေးတော့ မဖက်ကြပါ။

ထို့နောက် ခဏတဖြုတ်နားပြီး အထုပ်တွေဘာတွေ အခန်းထဲထည့် ရေမိုးချိုးကြပြီး လမ်းပေါ်သို့ ထွက်လာကြလေ၏။ အတန်ကြာအောင် လှည့်ပတ်ကြည့်ပြီးသကာလ ညနေခင်းနှင့် အတူ လိုက်ပါစီးမျှောရန် အတွက် ဆိုင်တစ်ဆိုင်ကို ရှာလေရာ မလှမ်း မကမ်းတွင်လှမ်းမြင်နေရသော ရှမ်းဆိုင် တစ်ဆိုင်ပေါ် သို့ နှစ်ယောက်သားတက်ညီ လက်ညီ ချီတက်ခဲ့ကြလေတော့၏။ ဆိုင်ကလေးမှာ အတန်ငယ်ကျဉ်းသော်လည်း လူအနည်းငယ်ရှင်းပြီး အစား အသောက်လည်း မဆိုးတာမို့ တစ်ခါထိုင်ဖူးသော ကျွန်ုပ်က လူတတ်ကြီးလုပ်ပြီး ဦးဆောင်ခေါ်သွားခြင်းဖြစ်လေ၏။

ထိုဆိုင်တွင် ရနိုင်သော ရှမ်းတရုတ် အစား အသောက်များကလည်း ဘီယာနှင့် တွဲဖက်သောက်သုံးရန် အတွက်လွန်စွာမှပင် သင့်တော်လှ၏။ ကလိုနှင့် အမြည်းလေးစားလိုက် ဘီယာလေးသောက်လိုက် မီနူးလေးကြည့်ပြီး မှာလိုက်နှင့်ကိုယ်ယောက္ခမဆိုင်လို သဘောထားပြီး လေဖုတ်နေကြရာ အတော်လေးပင် အရှိန်ရလာလေတော့၏။ စားပွဲထိုးနေသော ရှမ်းတရုတ် မလေးများကလည်း မဆိုးလှချေ။ သူတို့ကိုကြည့်လိုက်တော့လည်း ပြုံးစိစိ ကိုရင်ပေါ့ဆိမ့်ကြီး ကလည်းပြုံးပြုံးကြီး ကျွန်ုပ်လည်း စိုးစည်းမျှတော့ ပြုံးမိသည်ပေါ့။

ကျွန်ုပ်၏ ထိုမဆို သလောက်သော အပြုံးများက ငွေရှင်းရန် “ဘီလ်” ရောက်လာသော အချိန်တွင် တုန်းကနဲ ရပ်သွားလေတော့သည် “ဟိုက်….တစ်ရာကျော် ကြီးများတောင်ကျတယ်…. “မရှိလို့ မလှူ မလှူ လို့ မရှိ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက်ရ”… ဟိုက် စိတ်တွေ ဂရောက်..ဂယက် ဖြစ်ပြီး ဘာတွေတောင် ပြောမိကုန်ပါလိမ့်..” “ဟယ်…” ဟိုသီချင်းထဲကလို … “အဲသလောက်တောင် ကျရသလားကွယ်… အဲသလောက်တောင်.. ရိုက်ရသလားကွယ် ဆိုပြီး ..ဆိုင်ဆိုင်..မဆိုင်ဆိုင် ထအော် ချင်စိတ်တောင် ပေါက်သွား လေတော့သည်။ ဘီလ် စာရွက်ကိုကြည့်ပြီး အကြီးအကျယ် မျက်နှာပျက်ယွင်းနေသော မောင်ပုံမှန် တစ်ယောက်ကို ပေါ့ဆိမ့်ကလည်း ကြိုးစားပြီး ဖြောင့်ဖျနေလေ၏။

“ပစ္စည်း သင်္ခါရ လူသင်္ခါရတဲ့ မောင်ပုံမှန်လေးရဲ့ ရှင်းလိုက် ရှင်းလိုက် သံယောဇဉ်တွေ အမြစ်ဖြတ်နေတာလို့ သဘောထား မင်းက ငါ့လို ပြုံးပြုံးလေးမှ မနေတာကိုကွ ကောင်မလေးတွေကို မျက်နှာမာကြီး နဲ့ သွားကြည့်လို့ ကောင်မလေးတွေက အမြင်ကပ်ပြီး ပိုတောင်းလိုက်တာနေမှာ.. ဟိ..ဟိ။”
ကျွန်ုပ်ကို ခပ်တည်တည် နှင့်လွှဲချနေသော ပေါ့ဆိမ့် ၏ စကားကို ကျွန်ုပ်ကလည်းမခံ
“အောင်မလေး ကိုယ့်လူရယ်… အမှန်က မင်းကြောင့်ကွ မင်းက အလကားနေရင်း သွားပြုံးပြနေတာနဲ့ ဟိုက အချဉ်ပဲဆိုပြီး နှက်လွှတ်လိုက်တာ မင်းသိလား”
ဒီလိုနှင့် တစ်ယောက် တစ်ပြန် အပြန်အလှန် ကြိတ်စွပ်ဆွဲလို့ အားရကြကာမှ ကျသင့် ငွေကိုရှင်းပေးလိုက်ချေ၏။

ထို့နောက် နှစ်ယောက်သား ဆိုင်အောက်သို့ ဆင်းရန်အတွက် ထွက်ပေါက်ရှိရာသို့ ချီတက်လာကြရာ ရှေ့မှသွားနေသော ပေါ့ဆိမ့် တစ်ယောက် ထွက်ပေါက်ကိုကျော်ပြီး မီးဖိုခန်းဖက် အထိ ပြုံးပြုံးကြီး ချီတက်သွားလေရာ နောက်မှ စိုက်စိုက်..စိုက်စိုက် နှင့်လိုက်လာသော မောင်ပုံမှန် လည်းခပ်တည်တည် နှင့် ကပ်ပါသွားလေရာ မီးဖိုခန်းနားရှိ ရေခဲသေတ္တာကြီးနားတွင်ရပ်ပြီး ရေခဲသေတ္တာထဲသို့ ပစ္စည်း များထည့်နေသော ကလေးမလေး နားမှ ခပ်တည်တည်ပင် ဖြတ်သွားကြရာ မောင်ပုံမှန်တို့ အနားရောက်လာကာမှ ကောင်မလေးက ပစ္စည်းများ ထည့်နေရင်းမှ ဗူးတစ်ခု အောက်သို့ လွတ်ကျသွားလေ၏။ ထိုအခါ တိုင်ပင်စရာမလိုပဲ ကလေးကွက် နင်းပြီး နှစ်ယောက်သား အားပါးတရ ထရယ်ကြလေ၏။

မောင်ပုံမှန် တို့ နှစ်ယောက် ရယ်လို့ မှ မဆုံးသေးခင် ကောင်မလေး က အပြုံးမပျက်ပဲ
“အကိုကြီး ထွက်ပေါက်က နောက်မှာကျန်နေခဲ့ပြီ ” ဆိုပြီး
ပြန်ပက်လိုက်တော့ နှစ်ယောက်သား အရှက်ပြဲပြီး ရှက်ရှက်နဲ့ နောက်ကြောင်းပြန်လှည့် ပြေးပြီး လှေကားထစ်တွေ ကျော်ဆင်းပြီး အောက်ရောက်အောင် လုဆင်းလာခဲ့ ကြပါတယ်။

တည်းခိုခန်းရောက်တော့ စကားပြောကြရင်းနဲ့ သူမှန်တယ် ကိုယ်မှန်တယ် ငြင်းရမဲ့ နေရာရောက်လာတာနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ပေါ့ဆိမ့် တံခါးပေါက် ကျော်သွားတာကို ထည့်ပြောပြီး အသားယူရတာ အလွန် အရသာရှိလှပါတယ်။ ဒါပေမဲ့ တကယ်တန်းကြတော့ သူတံခါးပေါက်ကျော် သွားတဲ့ နောက်ကို မောင်ပုံမှန် တစ်ယောက်လည်း ခေါင်းလေးငိုက်စိုက်နဲ့ ပါလာတာ သူသေချာ မသိလိုက်ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သား စကား အတန်သင့်ပြောပြီး ခရီးပန်းလာတဲ့ အရှိန်နဲ့ အိပ်ရာဝင်ကြပါတယ်။

နောက်နေ့ မနက်စောစောမှာ ကျွန်တော်တို့ အိပ်ရာ နိုးလာတာနဲ့ မနက်စာစားဖို့ ထွက်လာခဲ့ ကြပါတယ်။ မြို့ကြီး ရဲ့ မြန်မာတန်း မှာက မြန်မာဆိုင်တွေ ပြွတ်သိပ်နေအောင်ကို ရှိပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော် မြို့ကြီးကို ရောက်ရင်စားနေကြ နာမည်ကြီး မြန်မာ ကုလားဆိုင် တစ်ဆိုင်မှာ ဝင်ထိုင်လိုက်ပါတော့တယ်။ ဒီဆိုင်တွေမှာက အစားသောက်ကောင်းသလို ဈေးနှုန်းလည်းကြီးပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့် အကြိုက် ပဲပြုတ်ဆီထမင်း နဲ့ မုန့်ဟင်းခါး လက်ဖက်ရည် မှာပါတယ်။

ပေါ့ဆိမ့်ကို လည်းကျွန်တော် စားသလို စားစေချင်ပေမဲ့ သူက ကျွန်တော် စားသလို မစားပဲ ပုံစံခွက်ထဲမှာ နည်းနည်းပဲ ကျန်တော့တဲ့ ထမင်းကျော်လေးကို သွားထည့်ပြီး ထမင်းကျော်ထဲကို စမူစာထည့်ပါတယ် ပြီးတော့ အရစ်အလွန်ရှည်တဲ့ ပေါ့ဆိမ့် တစ်ယောက် ထမင်းကျော်ထဲမှာ ပါတဲ့ ပဲပြုတ်က နည်းလို့ ဆိုပြီး ဆီထမင်းထဲကို ထည့်ပေးနေတဲ့ ပဲပြုတ်ခွက်ထဲက ပဲပြုတ်နည်းနည်းလောက် ထည့်ပေးဖို့ ဆိုင်က အမျိုးသမီးကို သွားပြောပါတယ်။ ဒါကိုမြင်တော့ ကျွန်တော်ကလည်း ဒီလိုဆိုင်မျိုးမှာ ဒီလိုတောင်းလို့ မရလောက်ဘူးလို့ သူ့ကိုပြောမလို့ ရှိသေးတယ် ဟို အမျိုးသမီးက ဘာမပြော ညာမပြောနဲ့ သူ့ထမင်းကျော် ပန်းကန်ထဲကို ပဲပြုတ်တွေ ဇွန်းကြီးနဲ့ ခပ်ထည့်ပေးလိုက်ပါတယ်။

ပထမတော့ ကျွန်တော်လည်း အံ့အားသင့်သွားပါတယ် အလကားရတယ်ထင်တာပေါ့.. ပေါ့ဆိမ့်လည်း မျက်နှာကြီးဝင်းသွားပါတယ်… ရပါတယ်ပေါ့ ပေါ့ဆိမ့် ဘာလဲဆိုတာ သိပြီလားပေါ့။ ဟုတ်တိပတ်တိနဲ့ ဆိုင်ရှင်အမကြီးက ပဲပြုတ်တစ်စွန်းထည့်ပေး ပြီးကာမှ ပဲပြုတ်ဖိုးထပ်တောင်းပါတော့တယ်… ဟယ်… ပေါ့ဆိမ့်မျက်နှာကို ကြည့်ပြီး ကျွန်တော် အတော်ရယ်ချင်သွားပါတယ်.. ငယ်ငယ်တုန်းကဆိုရင်တော့ ထည့်ပြီးသား ပဲပြုတ်တွေ သူ့ခွက်ထဲပြန်ထည့်ပေးမိလိုက်မလား မသိပါဘူး။ ဒါနဲ့ ကျွန်တော်လည်း ဘာမှ ဆက်မပြောတော့ပဲ ပိုက်ဆံ ကဗျာကယာ ရှင်းပေးလိုက်ပါတယ်။ မပေးလို့လည်းမရဘူးလေ..ဟီ.ဟီ။

ဒါနဲ့ ကျွန်တော်တို့ မနက်စာသုံးဆောင်ကြပါတယ်။ မနက်စာစားနေရင်းက အဆင်မပြေတာ တစ်ခုဖြစ်လာပါတော့တယ်။ ကျွန်တော်တို့ နှစ်ယောက်မှာ တူညီတဲ့ အကျင့်တစ်ခုက ထမင်းစားရင် ရေနွေးသောက်လေ့ရှိတာပါပဲ ရေနွေးမပါတော့ စားရတာ တစ်ခုခု လိုနေသလို ဖြစ်နေပါတယ်။ ဒါကို သိတဲ့ ပေါ့ဆိမ့်က အလိုက်သိစွာနဲ့ ကျွန်တော်တို့ အတွက်ရေနွေး မှာပါတော့တယ်။ အမ…ရေနွေးရလားဆိုပြီး… ခပ်တည်တည် နဲ့ မေးလိုက်တော့ ဆိုင်ကအမကြီးကလည်း သွက်သွက်လက်လက်ပဲ ရတယ်ဆိုပြီး ရေနွေး တစ်ယောက်တစ်ခွက် ယူလာပေးပါတယ် ..ပြီးတော့ ရေနွေးဖိုး တောင်းပါတော့တယ်…

ပေါ့ဆိမ့်မျက်နှာကို ကျွန်တော် မကြည့်တော့ပါဘူး။ ရယ်ချင်နေမှာစိုးလို့ပါ ပေါ့ဆိမ့်ကတော့ သက်ပြင်းကျိတ်ချပါတယ်..။ မနက်စာစားပြီးတော့ နှစ်ယောက်သား တည်းခိုခန်းကိုပြန်ပြီး နားရင်းနဲ့ မနေ့ညက အဆက်ကို ဆက်ပြီး လေဆက်ဖုတ်ကြပါတယ်..။ နေ့ခင်းဖက်ရောက်လာတော့ ထုံးစံ အတိုင်းပဲ မနက်က မနက်စာ စားခဲ့တဲ့ ဆိုင်ကိုပဲပြန်သွားပြီး စားကြပါတယ်။ ဒီဆိုင်မှာက ဒန်ပေါက်ကောင်းကောင်းလည်း ရတာနဲ့ နှစ်ယောက်သား ဒန်ပေါက်မှာ စားကြပါတယ်။

ဒန်ပေါက် ပန်းကန်ယူပြီးတာနဲ့ သူများတွေ ယူသလိုပဲ ကောင်တာပေါ်မှာ တင်ထားတဲ့ရေသန့်ဘူးနှစ်ဘူးကို ဆွဲယူလာတော့ ကောင်တာက အမကြီးက ရေဘူးဖိုးတောင်းပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူများတွေကျတော့ မတောင်းဘူးလားဆိုတော့.. သူက “ရေဘူးက ထမင်းစားတဲ့ သူတွေကိုပဲပေးတာလို့ ပြောပါတယ်” ကျွန်တော်တို့လည်း ထမင်းစားတယ်လေဆိုတော့ သူက ဒန်ပေါက်စားတဲ့ သူတွေမရဘူးတဲ့ ကျွန်တော် အတော် ရယ်ချင်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော်လည်း ဘာမှ အငြင်း အခုန်ဆက် လုပ်မနေတော့ပဲ ရေဘူးအစား ဖာလူဒါပဲ မှာသောက်လိုက်ပါတော့တယ်။

ဆိုင် အကြောင်းကို သဘောပေါက်သွားတဲ့ ပေါ့ဆိမ့်ကတော့ ဘာမှ ထပ်မပြောရဲ တော့ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ ဒီဆိုင်ကတော့ စားလို့သောက်လို့ကောင်းပါတယ် ပိုက်ဆံသာပါ စားချင်တာ အတော်များများ ရှိပါတယ်။ အရက်၊ဘီယာ လုံးဝမရောင်းပဲ အစားသောက်တစ်မျိုးပဲ သေချာရောင်းလို့ အစားသောက်သီးသန့် စားချင်တဲ့ သူတွေ အတွက် အဆင်ပြေပြီး လူလည်း အမြဲပြည့်နေတတ်ပါတယ်။

ဒီလိုနဲ့ စားသောက်ပြီး တည်းခိုခန်းကိုပြန် လေဆက်ဖုတ်ကြပါတယ်။ ညနေ စောင်းရောက်လာတော့ ပေါ့ဆိမ့်က ဘီယာသောက်ဖို့ အဆိုပြုလာတာနဲ့ နှစ်ယောက်သား အောက်ထပ်က စားသောက်ခန်းမှာ ဆင်းပြီးတော့ ဘီယာသောက်ကြပါတယ်။ အဲဒီမှာ မောင်ပေါ့ဆိမ့်က မနေ့က ရှမ်းဆိုင်ကို သွားသောက်ဖို့ အဆိုတင်သွင်း လာပါတယ်။ ဒီတစ်ခါ ကျွန်တော်က အပြင်းထန်ကန့်ကွက်ပြီး ဒီဆိုင်မှာပဲသောက်ဖို့ ပြောတော့ နှစ်ယောက်ထဲရှိတာ တစ်ယောက်က ကန့်ကွက်တော့ သူမအီမလည်ကြီး ဖြစ်သွားပြီး ဆက်ထိုင်နေရပါတယ်။

ကျွန်တော်မသွားချင်တဲ့ အဓိက အကြောင်းရင်းကတော့ မနေ့က အပေါက်ကျော်ထားတာကို ရှက်နေလို့ပါ ပေါ့ဆိမ့်ကတော့ မနေ့က ဝက်နံရိုးကျော်လေး စားချင်ပါတယ်ဆိုပြီး ဗျစ်တောက်..ဗျစ်တောက်နဲ့ လုပ်နေပြီး ဒီဆိုင်က အမြည်းတွေ အလွန်ညံ့တဲ့ အကြောင်းကို နားပူအောင်ကို ပြောနေပါတော့တယ်။ ကျွန်တော်တို့ နှစ်ယောက် အနည်းပါးသောက်ပြီးတော့ ရေမိုးချိုး ထမင်းစားဖို့အတွက် ထွက်လာပါတယ်။

ဒီတစ်ခါတော့ မြန်မာဆိုင်သွားပြီး မြန်မာ အချင်းချင်း အားပေးလိုက်မဟဲ့ ဆိုပြီး ကျွန်တော့် အသိတစ်ယောက် အလုပ်လုပ်နေတဲ့ မြန်မာဆိုင်ကြီး တစ်ဆိုင်ကို သွားပြီး ညစာစားကြပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်ကြတော့ ဆိုင်သိမ်းချိန်လဲ နီးနေပါပြီ ဒါပေမဲ့ စားသောက်ဆိုင်ခန်းထဲမှာတော့ လူတွေစည်ကား နေတုန်းပါပဲ ဒီလိုနဲ့ စားပွဲမှာဝင်ထိုင်ပြီး နှစ်ယောက်သားစားဖို့ သောက်ဖို့ မှာတဲ့ အချိန်မှာ စတွေ့တော့တာပါပဲ။ ကျွန်တော် ထိုင်ခဲ့ ဖူးတဲ့ ဆိုင်တွေထဲမှာတော့ အတော် ချာတူးလန်တဲ့ ဆိုင်ပါပဲ ဆက်ဆံရေးက ချာတူးလန်သလို အစားသောက်တွေကလည်း တော်တော်ညံဖျင်းပါတယ်။ တောက အရက်ဆိုင်မှာ ထမင်းဝင်စားမိတဲ့ ခရီးသွားလိုပါပဲ ဘာမေးမေး မရှိဘူးနဲ့ မသိဘူး ဆိုတဲ့ အဖြေပဲရပါတယ်။

ပိုဆိုးတာက တို့စရာတို့ဘာတို့ဆိုတာလည်း တစ်ခြားဝိုင်း ကစားပွဲပေါ်မှာကျကျန်နေတာတွေကို ကောက်လာတာနဲ့တူပါတယ်။ ဂေါ်ဖီရွက်ကလေး တစ်ဖတ် နှစ်ဖတ်နဲ့ သခွားသီး နွမ်းနွမ်းဖတ်ဖတ် နှစ်ကွင်း သုံးကွင်းလောက် နဲ့လာချထားပါတယ်။ ဆိုင်နာမည်တပ်ပြောလိုက်ရင်မကောင်းလို့ တော်ကြာ သူများစီးပွားရေးတုတ်နဲ့ ထိုးသလိုဖြစ်နေမှာစိုးလို့ မပြောတော့ပါဘူး။ ဆိုင်မှာက စားပွဲထိုးကောင်လေးတွေ အပြင်ကောင်မလေးတွေလည်းရှိပါတယ်။ လူမိုက်ရုပ်နဲ့ စားပွဲထိုးကောင်လေးကလည်း သူ့အလုပ်ကို သူမလုပ်ပဲ စားပွဲထိုးကောင်မလေးသွားတဲ့ နောက်ကိုလျှောက်လိုက်နေတာနဲ့ ကျွန်တော် အတော်အမြင်ကပ်လာပါတယ်။ ဒါနဲ့ ဒီဆိုင်မှာ လုပ်နေတဲ့ ကျွန်တော့်ဘော်ဒါကို ဖုန်းဆက်ခေါ်လိုက်ပြီး အခြေနေကို သွယ်ဝိုက်ပြောလိုက်တော့ အလုပ်မပြီးသေးတဲ့ ကျွန်တော့် ဘော်ဒါကလည်း သူ့အလုပ်ကနေ စားသောက်ဆိုင်ထဲ ခဏဆင်းလာပြီး ကောင်တာက ကောင်မလေးကို သွားပြောပြီး ပြန်ထွက်သွားပါတယ်။

ဘော်ဒါ ကောင်းမှု့နဲ့ ကောင်လေးရော ကောင်မလေးပါ အနားမှာ လာနေပေးကြပေမဲ့ သိပ်ကြည်ပုံတော့ မရပါဘူး အထူးသဖြင့် အရစ်ရှည်တဲ့ မောင်ပုံမှန်ကိုပေါ့။ ဒီထက်မကြည်စရာက မျက်နာမာကြီးနဲ့ စားနေတဲ့ မောင်ပုံမှန်ကို ကောင်မလေးက ဘာမှမပြောပေမဲ့ အလကားနေရင်းပြုံးနေတဲ့ ပေါ့ဆိမ့်ကို ကောင်မလေးက ဂရုတစိုက်နဲ့ ဘာလိုသေးလဲလာမေးနေပြီး ဟင်းပွဲတွေဘာတွေ ဝိုင်းမှားပြီးလာချပြီး အရှက်ပြေစကားတွေ ဘာတွေလာပြောနေတော့ ဟို.လူမိုက်ရုပ်နဲ့ ငတိက ပေါ့ဆိမ့်ကို အတော်ကြည့် မရဖြစ်နေပါတယ်။

ဒီအချိန်မှာ စုတ်တီး၊စုတ်ပဲ့ စားစရာတွေကို ကြည့်ပြီး စားချင်စိတ်မရှိ တော့တာနဲ့ အားပြီးထိုင်နေတဲ့ မောင်ပုံမှန်ကလည်း ငယ်ကျင့်လေးတွေပေါ်လာပြီး ထမင်းစားနေတဲ့ ပေါ့ဆိမ့်ကို ထိုင်ကြပ်ပေးနေပါတယ်။
“ကိုယ့်လူ… ဟိုမှာကြည့် စားပွဲထိုး ငတိက မင်းကို ကစ်ချင်နေပြီ မြန်မြန်စားပြီး ပြေးကြမယ်။ မင်းကကောင်မလေးကို ရယ်ပြတော့ ဟိုကောင်က တင်းနေတာပေါ့ မင်းတော့ အလှော်ခံရတော့မယ်”
ဘာညာပြောနေပြီး မောင်ပုံမှန် တိုးတိုး..တိုးတိုး နဲ့လုပ်နေတာကို မလုံမလဲ ဖြစ်လာတဲ့ ဟိုငတိက အနားကို မယောင်မလည်နဲ့ လာနားထောင်နေကာမှ
“ဒီလောက်ပိုက်ဆံ ပေးရတာခြင်း အတူတူ kfc တို့ mc Donal တို့သွားစားတာမှ ဟုတ်အုံးမယ်။” ဘာညာနဲ့ ဟိုငတိ မကြားတကြား ပြောနေပါတယ်။ ဟိုငတိလည်း သူ့ဒေါသနဲ့သူ မောင်ပုံမှန်ကို ကြည့်ပြီး အတော်စိတ်ညစ် နေပုံရပါတယ်။

မောင်ပုံမှန် ကလည်း ငယ်ငယ်တုန်းက အကွက်တွေသုံးပြီး
“စားပွဲထိုး ငတိ ကောင်မလေးကို ငေးနေတဲ့ အချိန်ဆို ဒင်းမျက်နှာကို မိုက်ကြည့်ကြည့်နေပြီး ထိုငတိက မောင်ပုံမှန် ကိုပြန်ကြည့်ရင် မောင်ပုံမှန် တစ်ယောက် ကောင်မလေးကို လှမ်းကြည့် နေလိုက်ပါတယ်။ မောင်ပုံမှန် ရဲ့လုပ်ကွက်တွေကို သိနေတဲ့ ပေါ့ဆိမ့် တစ်ယောက် ထမင်းဖြောင့်အောင် မစားနိုင်တော့ပါဘူး သွားမယ် သွားကြမယ် ဆိုပြီး ပိုက်ဆံရှင်းပြီး ကတိုက်ကရိုက်နဲ့ ထထွက်လာခဲ့ပါတယ်။ ထထွက်လာတာတောင် မောင်ပုံမှန်က စားပွဲထိုး ငတိနားရောက်ကာမှ ကောင်မလေးကို အသားလွတ်ကြီး ပြုံးပြခဲ့လို့ ဒီငတိ ရင်မှာ ခံစားဖြစ်ကျန်ခဲ့ပါတယ်။

တည်းခိုခန်းပြန်ရောက်တာနဲ့ နှစ်ယောက်သားရေမိုးချိုးပြီး မောင်ပေါ့ဆိမ့် သောက်စေချင်လို့ လန်ကာဝီ သွားတုန်းက မောင်ပုံမှန် ဝယ်လာခဲ့တဲ့ chevas ချီးဗတ်(အသံထွက် မှန်အောင်ဖတ်ပါ) ပုလင်းကို ထုတ်ပြီး သီဟိုစေ့လှော် ရယ်ဒီမိတ်ထုတ် ဖောက်ပြီး နှစ်ယောက်သား စကားတစ်ပြောပြောနဲ့ သောက်သုံးကြပါတယ်။ နောက်တစ်နေ့ မနက်ကြရင် နှစ်ယောက်လုံးပြန်မှာ ဖြစ်တဲ့ အတွက် နှစ်ယောက်သား အစွမ်းကုန် လေဖုတ်နေကြရတာပါ။ နောက်တစ်ကြိမ်ပြန်တွေ့ ကြဖို့က ဘယ်နေ့မှာ တွေ့ရမယ်ဆိုတာ သိပ်မသေချာလှပါ။

ဒီတော့ တွေ့ကြဆုံကြတုန်း ရောက်တတ်ရာရာ ထွေရာလေးပါး ပြောနေလိုက်ကြတာ ပုလင်းတစ်လုံးလုံး ကုန်လို့ နာရီကို ကြည့်လိုက်တော့ ည နှစ်နာရီတောင် ခွဲနေပါပြီ။ အခန်းပြူတင်းပေါက်ကနေ အောက်ဖက်လမ်းမကြီးကို ငုံကြည့်လိုက်တော့လဲ လူသွားလူလာ မရှိတော့တဲ့ လမ်းမကြီးကို လှမ်းမြင်နေရပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လည်း ကိုယ်စီ အိပ်ရာဝင်လိုက်ကြပါတယ်။

ညက အိပ်ရာဝင်နောက်ကြပေမဲ့ နောက်တစ်နေ့ မနက်စောစော မှာပဲကျွန်တော်တို့ အိပ်ရာက နိုးလာကြပြီး အိမ်အပြန် ခရီး အတွက် ပြင်ဆင်ကြပါတော့တယ်။ အဲဒီနောက်တော့ ကောင်တာမှာ အခန်းသော့ ပြန်အပ်ကြပြီး ကျွန်တော်တို့ နှစ်ယောက်လုံး ကားဂိတ်တွေ ရှိရာကို ထွက်လာခဲ့ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် တွေ့ဆုံမှု့ဟာလည်း အိပ်မက်တစ်ခုလိုပဲ ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်လည်း ကျွန်တော့်ရဲ့ မြို့လေးရှိရာကို ပြန်လာခဲ့ပါတယ် ကျွန်တော့်ရဲ့ လက်ရှိဘဝလေးထဲကိုပေါ့။

ဟက်ပီဘတ်ဒေး အင်တာဗျူး

ဒီတစ်ပါတ် အတွင်းမှာရောက်လာမဲ့ မောင်ပုံမှန်ရဲ့ မွေးနေ့ကို မောင်ပုံမှန် ကိုယ်တိုင်တောင် သတိတရ မရှိခဲ့ပါဘူး။ အလုပ်ခွင်ထဲမှာ ဘီးဇီးတွေ တအားပြနေတာလည်း တစ်ကြောင်းပေါ့။ တစ်နေ့ကမှ မောင်ပုံမှန်ရဲ့ ဘော်ဘော် တစ်ယောက်က သတိတရနဲ့ လာမေးပြီး သတိပေးလာပါတယ်။
“ဘာလိုလို နဲ့ ကိုပုံမှန် မွေးနေ့တောင်ရောက်လာတော့မယ်နော်တဲ့”
အောင်မာ.. ရုတ်တရက် ဆိုတော့ ဝမ်းသာတော့ မလိုတောင် ဖြစ်သွားသေးတယ်။ ငါ့မွေးနေ့ကို သတိတရ ရှိတဲ့သူတောင် ရှိနေတယ်ပေါ့.. သူ့အမေးကြောင့် ရင်လေးကော့ မလိုလုပ်နေတုန်း.. သူဆက်ပြောလိုက်တဲ့ စကားကြောင့် ကော့မလိုလုပ်နေတဲ့ ရင်လေးတောင် ပြန်ပိန်သွားပါတယ်။

“ဒီနှစ်ရော ဘာဝါးရမှာလဲ”
တဲ့… ပြောပုံက.. ဟင့် စိတ်နာချင်စရာ။ မောင်ပုံမှန် က ငယ်ငယ်ကတည်းက မွေးနေ့ရောက်ပြီဆိုတာနဲ့ အိမ်မှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ တစ်ခုခုလုပ် ဘော်ဘော်တွေဖိတ်ပြီး ဘတ်ဒေးလုပ်နေကြ ကြီးလာတော့လဲ ငယ်ငယ်တုန်းကလိုပဲ တစ်ခုမဟုတ် တစ်ခုလုပ်နေကြ ဒီလိုမှ မလုပ်ဖြစ်ရင် အသက်တစ်နှစ်ကြီးလာတာကို ကိုယ့်ဘာသာလုံးဝ အသိမှတ်မပြုဘူး။ မောင်ပုံမှန်က နှစ်တိုင်း တစ်ခုမဟုတ် တစ်ခုကျွေးနေကြဆိုတော့ ဒီငတိကလည်း ဒီနှစ် အတွက်ဘာများ ဝါးရမလဲဆိုပြီး လာစပ်စုတာ ဘာရမလဲ မောင်ပုံမှန် ကလဲ ဒီငတိကို ပြန်ရစ်ပေးလိုက်တာပေါ့။

“အေးကွာ ကျန်တဲ့ သူတွေကို ဘာကျွေးဖြစ်မလဲတော့မသိဘူး မင်းကိုတော့ ငါကိုယ်တိုင် ခေါက်ဆွဲကြော် ကြော်ကျွေးမယ်ကွာ ကြက်သားများများနဲ့ ကြက်အသဲ အမြစ်ပါထည့်ပြီး ရှယ်ကြော်ကျွေးမယ်” မောင်ပုံမှန် ၏ မက်လုံးကြောင့် ငတိခမျာ မျက်လုံးများ အရောင်တောက်သွားလေရှာ၏။
“အေးဒါပေမဲ့ ..မင်းငါ့ကိုတော့ အင်တာဗျူးပေးရမယ်… ဟက်ဟက်..” မောင်ပုံမှန်ရဲ့ နောက်ဆက်တွဲ စကားကြောင့် ငတိ ခမျာကြောင်စီစီ ဖြစ်သွားရရှာလေ၏။

“ဘာရယ်… အင်တာဗျူးပေးရမယ်… ဘာဖြစ်လို့ ဗျူးပေးရမှာလဲ… ခင်ဗျားက နာမည်ကြီး အနုပညာရှင်လဲ မဟုတ် အားကစားသမားလဲ မဟုတ်ပဲနဲ့ ဘာလို့ ဗျူးရမှာလဲ..”
ဟုကြောင်စီစီဖြင့် ပြန်မေးလေ၏။ သို့သော်… ထွက်ပြီးသား သွားတိုက်ဆေး ဟူသည် ဘူး အတွင်းသို့ ပြန်ဝင်ရိုးထုံးစံမရှိ။ ဝယ်ပြီးသား ပစ္စည်း ဟူသည် ဆိုင်တွင်ပြန်လဲ၍ မရရိုးထုံးစံတို့ ရှိသလိုပင် မောင်ပုံမှန်၏ ပြောပြီးသား စကားတို့သည်လည်း ပြန်ပြင်ရိုး ထုံးစံမရှိပါလေ။ ထို့ကြောင့် ထိုငတိကို မောင်ပုံမှန်တစ်ယောက် ပြင်းထန်သော ရာဇသံပေးရချေတော့၏။

“ကဲ..ကဲ.. ကိုယ့်လူ… ငါပြောသလို အင်တာဗျူးပေးရင်တော့ ခေါက်ဆွဲကြော်စားရမယ် ပြောသလို ဗျူးမပေးရင်တော့ ငတ်ပြီသာမှတ်ပေတော့…”
မောင်ပုံမှန်၏ ရာဇသံ အဆုံးမတော့ ကြက်သားနိုင်းချင်းနှင့် ကြော်ထားသော ခေါက်ဆွဲကြော်ကို မျက်စိထဲက မထုတ်နိုင်ရှာသော ငတိတစ်ယောက် အင်တင်တင် နှင့် မျက်စိစုံမှိတ်ပြီး သဘောတူရရှာလေတော့၏။

မောင်ပုံမှန် ၏ ဘော်ဒါ ငတိဆိုသူမှာလည်း ခေသူတစ်ယောက်တော့ မဟုတ်ချေ။ (သူ့ကိုယ်သူ) နာမည်အတော်ရနေပြီဟု သတ်မှတ်ထားသော ဘလော့ကာ တစ်ယောက်ဖြစ်လေ၏။ “ဒဗလှူ ဒဗလှူ ဒေါ့ ငတိဘာညာကွိကွ ဘလော့စပေါ့ ဒေါ့ကွန်းဆိုရင် မသိသူ ဘလော့ကာ မရှိဆိုပဲ… ဘလော့ကာ တစ်ယောက်လုပ်နေပြီး ငတိကိုမှ မသိရင် အွန်လိုင်းမတက်နဲ့ ဆိုရလောက်အောင် အတော်ပေါက်နေတယ်လို့ ပြောကြတာပဲ အပြင်မှာ တွေ့ရင်နှုတ်ဆက်လို့ရအောင် ဖက်စဖွတ်မှာတောင် သူ့ပုံကြီးကို သွားအဖြီးသားနဲ့ ခန့်ခန့်ကြီး တင်ထားလိုက်သေးတယ်။

သူ့ဘလော့မှာ ဘာတွေတင်ထားလဲလို့ မေးရင်တော့ သူအလကား သွားစားထားခဲ့ဖူးတဲ့ မွေးနေ့တို့ အလှူတို့မှာ အလှူ့ရှင် မမတွေနဲ့ တွဲရိုက်ထားတဲ့ စပ်ဖြီးဖြီး ပုံကြီးတွေကို တဝကြီးခံစားနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး ဘလော့ကာ တွေအကြောင်းတော့ ဘာသိချင်လဲ ငတိကိုသာ သွားမေးဆိုတဲ့ လူမျိုးပေါ့။ တစ်ခါတစ်လေ ရေးစရာမရှိရင် ဘလော့ဂါမလေးတွေ ခြေသည်း လက်သည်း ကျိုးတာတောင် သတင်းလုပ်ရေးတတ်တဲ့ သူမျိုး ဆိုလဲမမှားပါဘူး သတင်းစုံ ဘလော့ကာကြီး ပေါ့။

အဲဒီမှာ စတွေ့တော့တာပါပဲ။ သတင်းစုံ ဘလော့ငတိနဲ့ ဘတ်ဒေး သတင်းတင်ချင်နေတဲ့ မောင်ပုံမှန်နဲ့ ပေါ့ဗျာ။ ဒီငတိက မောင်ပုံမှန် မွေးနေ့ရောက်တိုင်း ခပ်တည်တည် နဲ့ လာဝါးနေကျ ပြီးရင် မေ့ပြစ်တတ်တဲ့ ငတိမျိုး ဒီတစ်ခါတော့ မောင်ပုံမှန်ကလည်း ဘယ်အမေ့ ခံလိမ့်မလဲ။ မှတ်လောက် သားလောက်အောင် အင်တာဗျူးခိုင်းပြီး ဒင်း ဘလော့မှာ တင်ခိုင်းမယ်ဆိုပြီး ဇွတ်အတင်း လုပ်တော့တာပဲ။ အဲဒီမှာ ငတိတစ်ယောက် အစားတစ်လုတ် အတွက်နဲ့ ပျားတုပ်တော့တာပါပဲ။ မောင်ပုံမှန် ရဲ့ ဇွတ်လုပ်ရပ်ကြောင့် ငတိတစ်ယောက် ငှက်ပျောသီး ခိုးမှု့နဲ့ ထောင်ဒါဏ် အနှစ်နှစ်ဆယ် အပြစ်ပေးခံလိုက်ရတဲ့ မျောက်အိုကြီးလို ငေးမှိုင်နေပါတော့တယ်။ ပြီးမှ “ဘာဗျူးရမှာလဲဗျ ဘာတွေမေးရမှာလဲ” ဆိုပြီး မျက်နှာ အိုကြီးနဲ့မေးပါတယ်…

“အာကွာ… မင်း အတော်တုံးတဲ့ကောင်ပဲ ဒါလေးတောင်မသိဘူးလား.. သွားအိမ်ပြန်ပြီး ဂျာနယ် အဟောင်းလေးတွေ ပြန်ရှာဖတ်ပြီး အနုပညာသမားတွေကို ဗျူးထားတဲ့ ဟာလေးတွေ ရှာကြည့်လိုက်… သူများတွေ ဘယ်လို ဗျူးထားတယ်ဆိုတာ သိရအောင်လို့ ဟင်း..ဟင်း..မပြောချင်ပါဘူး..နုံချက်ကတော့..”
ဆိုပြီး မခံချင်အောင် ခပ်ငေါက်ငေါက်လေးပြောလိုက်တော့ ငတိခမျာ မရှိမဲ့ ရှိမဲ့ မာနလေး ထိခိုက်သွားရှာပုံရပါတယ်။
“ဒီလောက်တော့ အထင်မသေးပါနဲ့ဗျာ.. သူတို့တွေဗျူးနေကြ ခေါက်ရိုးကျိုးတွေလို ပုံစံမျိုးဆိုလို့ကတော့ ခုဗျူးခိုင်းရင် ခုရပါတယ်” ဆိုပြိးပြောရှာပါတယ်။

ဂလိုနှင့် ငတိနှင့်မောင်ပုံမှန်တို့၏ ဗျူးပွဲကြီး စတင်ပါတော့တယ်။ မောင်ပုံမှန်ကလဲ သိတယ်မလား တက်သစ်စ အနုပညာသမားလေးများလိုပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် အရမ်း အရမ်းကို ဖြေချင်နေတာလေ.. ဟိဟိ။ ပထမဆုံး သူစမေးတာက “ဒီနှစ်မွေးနေ့ရက်မှာ ဘာလုပ်မလဲ” တဲ့… (သူမေးချင်တာက ခေါက်ဆွဲကြော်၊ကြာဇံကြော်၊မုန့်ဟင်းခါး တစ်ခုခုပေါ့ ဝါးဇယားကို မေးတာပါ)

မောင်ပုံမှန်ကလဲ သိတယ်မလား.. “အင်း……….ဒီနှစ်တော့…စိုင်းစိုင်းလိုပဲ ဘတ်ဒေးရှိုးလုပ်ပြီး အခွေထုတ်ရင် ကောင်းမလားလို့.. မေးစေ့လေးပွတ်ပြီး ငကြွားမလေး နန်းဆုရတီစိုး လို ခပ်ကြွားကြွားလေး ဖြေလိုက်ရာ ငတိတစ်ယောက် မျက်နှာတစ်ခွင်လုံး ရှုံမဲ့သွားလေတော့၏။ သို့သော် ခေါက်ဆွဲကြော် မျက်နှာကိုထောက်ပြီး
“အင်း…အင်း.. သဘောပဲလေ” ဟု အလိုက်သင့် ပြောရှာလေ၏။

ငတိ ။ ။ ဒါနဲ့ ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲ မသိဘူးနော်….
မောင်ပုံမှန် ။ ။ ကြောဘူး..တတ်ရင်တတ်…ဟီ.ဟီ.. အနုပညာသမားလေကွာ.. ဆယ့်ငါးနှစ် ကျော်လောက်ကတည်းက အသက်ကို မှတ်မထားတော့တာ…

ငတိ ။ ။ ဘယ်တုန်းကများ အနုပညာသမားဖြစ်သွားတာလဲ…
မောင်ပုံမှန် ။ ။ ကြာဘီလေ စာတစ်တန် ပေတစ်တန် မောင်ပုံမှန် ဆိုတဲ့ ဘွဲ့နဲ့လေ။ ကိုယ့်ဘာသာ ပေးထားလိုက်တာလေ မပိုင်ဘူးလား ငှဲငှဲ.. ငှဲ.

ငတိ ။ ။ မွေးနေ့မနက် ရောက်လို့ အိပ်ရာက နိုးလာတာနဲ့ ဘာလုပ်မယ် စိတ်ကူးထားလဲ…
မောင်ပုံမှန် ။ ။ အာ… မျက်နှာသစ်.. သွားတိုက်၊ အိမ်သာတက် ရမှာပေါ့ ဘာလုပ်ရမှာလဲ… မွေးနေ့ ရောက်တာနဲ့ပဲ ဘာမှ မလုပ်ရတော့ဘူးလား.. ဟွန်း…

ငတိ ။ ။ ဟယ်… မဆိုလိုပါဘူး.. မဆိုလိုပါဘူး… အင်း.အင်း.. သဘောပဲဗျာ.. ဟူး… ဒါနဲ့ ကိုပုံမှန်က တစ်ခြား အနုပညာသမားတွေလို မဟုတ်ဘူးနော်။ ဥပမာ ဗျာ မွေးနေ့မနက်ခင်းကို ရောက်တာနဲ့ ဟို စိတ်ကူးယဉ်လေးပေါ့ မနက်ခင်းလေးမှာ နိုးလာတာနဲ့ ချစ်သူကောင်မလေးဆီက ဖုန်းသံလေးကို စောင့်နေမယ်.. နောက်ထပ် သူပို့လာမယ့် မွေးနေ့ လက်ဆောင်လေးကို စောင့်ရင်း ရင်ခုန်နေမယ်… စသဖြင့် ပေါ့ဗျာ… ကျွန်တော် ဆိုလိုချင်တာက.. အဲဒါ.. အဲဒါမျိုး…
မောင်ပုံမှန် ။ ။ ဘာရယ်… ကောင်မလေးဆီက ဖုန်းသံကို မျှော်ရမယ်… အောင်မာ တကယ်လို့ ငါ့မှာ ကောင်မလေးမရှိရင် မင်းကရှာပေးမှာ မိုလို့လား… အပိုတွေ… (မောင်ပုံမှန်၏ အဖြေ စကားများကြောင့် ငတိတစ်ယောက် လွန်စွာမှပင် စိတ်နာလှသော်လည်း ခေါက်ဆွဲကြော် မျက်နှာကို ထောက်ပြီး ကြိတ်မှိတ်ကာ သီးခံလေ၏။)

ငတိ ။ ။ မွေးနေ့မှာ ဘယ်ကို လျှောက်သွားဖို့ ရှိလဲ သွားရင်လဲ သူငယ်ချင်းတွေ နဲ့လား ဒါမှမဟုတ် မိသားစုနဲ့လား…
မောင်ပုံမှန် ။ ။ အင်း.. အဲဒီနေ့မှာ ရှိုးပွဲတွေ ပြောထားတာတော့ ရှိတယ် ဘယ်မှာ ဖြစ်မလဲ တော့မသိဘူး…

ငတိ ။ ။ ဟယ်.. ရှိုးပွဲတွေရှိတယ် ဆိုတော့… စတိတ်ရှိုးလား၊ မော်ဒယ်ရှိုးလား ဘာရှိုးပွဲလဲဟင်… သတင်း လာယူရအုံးမလား… မောင်ပုံမှန် ။ ။ ဟုတ်ပါဘူး… ရှိုးပွဲဆိုတာ ဖဲရိုက်တဲ့ ရှိုးကိုပြောနေတာ.. ဟက်..ဟက် ဆင်တဲတစ်ဘက်ကမ်း ပြည်မြို့မှာဆိုရင်တော့ ကျောင်းသားတွေပေါတဲ့ သရက်တောရပ်ကွက်က အဆောင်တွေဖြစ်ဖြစ်၊ GTC အဆောင်တွေ ဖြစ်ဖြစ် တစ်နေရာမှာ ရှိနေမှာပါ။ တကယ်လို့ ရှိုးပွဲမရှိလို့ မသွားဖြစ်ရင်လဲ နုတ်ခမ်းမွှေး ဆိုင်(ဆင်တဲ၌ရှိသော နုတ်ခမ်းမွေး ကွမ်းယာနှင့်ရှက်ကီဆိုင်) မှာပဲ ဘီအီး တစ်ပိုင်းမှာပြီး ဝက်စွပ်လေးနဲ့ ငြိမ့်နေလိုက်တော့မယ်လေ။

ငတိ ။ ။ မွေးနေ့မှာ နိုင်ငံခြားတို့ ဘာတို ကိုရော သွားလည်ဖို့ ရှိသေးလား ရှော့ပင်းထွက်ရင်းပေါ့…
မောင်ပုံမှန် ။ ။ သွားတော့ သွားချင်ပါတယ်… သူတို့ကလည်း ခေါ်နေကြတယ်… ဒါပေမဲ့ ………. (မောင်ပုံမှန် ၏ စကားမဆုံးခင်.. ငတိက ဝမ်းသာ အားရဖြင့်)

ငတိ ။ ။ ဘယ်သူတွေက ခေါ်နေတာလဲဟင် ဟိုမင်းသမီးလို ဂျပန်မှာ ကုမ္မဏီ ဖွင့်ထားတဲ့ အဖေကခေါ်တာလား။ ဟိုအဆိုတော်မလေးလို အင်္ဂလန်က အမျိုးတွေက ခေါ်တာလား ဟို.. အမေရီးကား မှာရော အမျိုးတွေ ရှိသေးလား…
မောင်ပုံမှန် ။ ။ ထွပ်… ဘာတွေ လျှောက်ပြောနေတာလဲ.. ဘယ်မှာမှ ဘာအမျိုးမှ မရှိဘူး ခေါ်နေတယ်ဆိုတာ ခရီးသွားအေဂျင်စီတွေက ကြော်ငြာပြီးခေါ်နေတာကို ပြောနေတာ အဲဒါ သွားချင်ပေမဲ့ ဘယ်သူမှ လိုက်ပို့မဲ့သူ မရှိလို့ ဘယ်နိုင်ငံမှ မသွားတော့ဘူး…

ငတိ ။ ။ ဟူး…. ပြီးဘီဗျာ မေးစရာ မရှိတော့ဘူး..
မောင်ပုံမှန် ။ ။ အော်.. မေးလို့ပြီးဘီလား.. ဒါဆို ဓါတ်ပုံရိုက်လေ

ငတိ ။ ။ ဟာ.. ဘာလဲဗျ … ဘာလို့ ရိုက်ရမှာလဲ
မောင်ပုံမှန် ။ ။ ဟယ်…ပုံပါထည့်ပေးလေ ဒါမှ မောင်ပုံမှန် ကို ပရိတ်သတ်တွေမြင်ဖူးမှာပေါ့ ဒါလေးတောင်မသိဘူးလား…

ငတိ ။ ။ ဟူး…. (ငတိတစ်ယောက် လွန်စွာလေးကန်လှ သောအသံကြီးဖြင့်) ဟုတ်ကဲ့ပါ…ဟုတ်ကဲ့ပါ… ဒါပေမဲ့ ကင်မရာက ခုပါမလာသေးလို့ နောက်နေ့မှ ဓါတ်ပုံက လာရိုက်ပေးမယ်နော်…
ဟုဆိုပြီး ငတိတစ်ယောက် လေးဖင့်သော ခြေလှမ်း အစုံဖြင့် ထွက်ခွာသွားလေတော့ သတည်း။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင်ပုံမှန် အဖို့ကတော့ ငတိ ထံမှ မွေးနေ့လက်ဆောင် တစ်ခု ရလိုက်ပြီလို့ သတ်မှတ်ရတော့ မှာပါပဲ။ အဲဒါကြောင့် တစ်ယောက်တည်း အားရပါးရ ထအော်လိုက်ပါတယ် …

ဟက်.. ပီ.. ဘတ်… ဒေး…

အဘွားပေးတဲ့ အမေ့နာမည်

ပြောရမယ်ဆိုရင်တော့ ကျနော့်တို့အဘိုးဟာ ရှေးအင်္ဂလိပ်မင်းများ လက်ထက်တုန်းက နှစ်လုံးပြူးကိုင်ရတဲ့ သူကြီး ကိုးဗျ….။အင်္ဂလိပ်ခေတ်က သူကြီးမို့လို့ သီဟတင်စိုး တော်လှန်ရေး ကားတွေထဲကလို ဗီလိန်သူကြီး မျိုးတော့ မဟုတ်ရရှာပါဘူး..။ရွာသားတွေက တကယ်ရွေးချယ်တင်မြှောက်ထားတဲ့ သူကြီး..။ အဘိုးနာမည်က ” ဦးလှဟန် တဲ့…….။

အဘွားကတော့ ရွာမှာ ကုန်စုံ ဆိုင်ဖွင့်ပြီး ဈေးရောင်းတယ်။ရွာနီး ချုပ်စပ်က ထွက်တဲ့ ဇီးသီး၊ ခရမ်းချဉ်သီး၊သံပုရာသီး စတဲ့ ကုန်တွေကို အိမ်မှာပဲ ၀ယ်တယ်..။ နောက်ရေနံချေးတွေ ၀နေတဲ့ ကျွန်းသားလှေ မည်းမည်းကြီးတွေနဲ့ ဧရာဝတီမြစ်ကိုဆန်ပြီး ပြည်မြို့ကို သွားရောင်းလေ့ရှိတယ်..။အဘွားဟာ အပြန်မှာ သူ့ဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကိုဝယ်ပြီးပြန်လာတတ်သတဲ့..။ကျနော်တို့ ရွာလေးက ပြည်မြို့ရဲ့အောက်ဘက် ဧရာဝတီ မြစ်ကမ်းနံဘေးက ရွာကလေးကိုးဗျ..။

အဘိုးကလဲ အရပ်က တင်မြှောက်ထားတဲ့ သူကြီး…၊ အဘွားက ဈေးရောင်းဆိုတော့ တပည့်တပန်းတွေကလဲပေါ ၊စာရင်းငှားတွေနဲ့ ဇီးသီးရွေးတဲ့ မိန်းခလေးတွေနဲ့ ဆို တနေ့ကို ဆန်တစိတ်လောက် ချက်ရသတဲ့ ။ အော်..ပြောဖို့မေ့နေလို့…အဘိုးနဲ့အဘွားမှာလဲ သားသမီးကချည်း တကျိပ်တယောက်ရှိတာကိုး…။

အဘိုးဦးလှဟန်က ဆင်တဲမြောက်ပိုင်းသားဗျ..။ဦးလှစံ၊ ဦးလှဟန်နဲ့ ဒေါ်အုံးကြင်ဆိုပြီးမောင်နှမ (၃)ယောက်ရှိတယ်.။ ဆင်တဲသားတွေထဲမှာမှ မြောက်ပိုင်းသားတွေဟာ ရှေး ဆင်တဲသားကြီးတွေဗျ..။အလယ်ပိုင်းနဲ့တောင်ပိုင်းတွေက နောက်ပိုင်း ဆင်တဲမှာ စက်ရုံ ၊အလုပ်ရုံတွေနဲ့ဖြစ်လာခါမှပြောင်းလာတဲ့ သူတွေနဲ့ ဆင်တဲသားတချို့ရောယှက်ပြီးနေကြတာလေ..။ စက်ရုံ အလုပ်ရုံတွေဆိုလို့ သတိရတယ်ဗျာ..။ဆင်တဲမှာ စက်ရုံ ၊ အလုပ်ရုံတွေ အတွက် စီမံကိန်းတွေ အကောင်အထည်ဖော်တော့ အဘိုးတို့အဘွားတို့ ပိုင်တဲ့ဥယျာဉ်ခြံတွေနဲ့ လယ်မြေတချို့လဲ အသိမ်းခံရတဲ့အထဲ ပါသွားသတဲ့..။အဘွားဆို အသက်ကြီးလာလို့ဘယ်မှ မသွားမလာနိုင်တော့တဲ့ အချိန်အထိ ခု (က စ လ) ကျောင်းကြီးဆောက်တုန်းကလယ် ဘယ်နှစ်ကျိပ်စိုက် ( အဘွားက အထကဆင်တဲ ကို ကစလ ကျောင်းကြီး လို့ခေါ်ပါတယ်) ၊ ခု ကပစ စက်ရုံတွေရဲ့ ဘယ်နေရာ ဘယ်နေရာတွေဟာဖြင့် ဟိုတုန်းက ဒို့ သရက်ခြံတွေ၊သံပုရာ ခြံတွေပေါ့ ဆိုတာမျိုးလဲ ပြောတတ်ရဲ့..။( အဲ့အချိန်တုန်းကသာ ရှေ့နေ ကိုဖိုးဖြူတို့လို ပုဂ္ဂိုလ်မျိုး ရှိခဲ့မယ်ဆိုရင် အဘွားဘယ်လိုလုပ်မယ်ဆိုတာ သိချင်စမ်းပါဘိ ..) ဘာလို့လဲ ဆိုတော့ အဘွားဟာ သူ့ခေတ်သူ့အခါက ထက်ထက်မြတ်မြတ် မိန်းမတယောက် ဖြစ်ခဲ့လိုပဲဗျ ။ အဘွား နာမည်က “ဒေါ်အေးရှင်” တဲ့ …။

အဘိုး ဦးလှဟန်ရွာမှာ သူကြီးလုပ်သက်လေးကြာလာတော့ ရွာမှာ ဦးလှဟန်သူကြီးလုပ်တာကို တချို့က မနှစ်မြို့ကြဘူး ၊ဦးသာခင် ကို သူကြီး လုပ်စေချင်ကြတယ် ဆိုတဲ့ အသံလေးတွေ ထွက်လာသတဲ့ ။အဘိုး ကတော့ ” အေးရှင်ရယ် ..သူတို့ မလုပ်နဲ့ ဆိုတော့လဲ မလုပ်ယုံပေါ့ ၊ ငါစိတ်ရှုပ် သက်သာပါတယ် ဟာ ” ဆိုပြီး ပြောရှာပါသေးသတဲ့ ။ ဒါပေမဲ့ အဘွားက ” ကိုလှဟန်..ဒီလို ကြမ်းကြားလေကြား ကြားယုံ နဲ့တော့ သူကြီးကနေ ဘာလို့ ဆင်းပေးရမှာလဲ.၊ ၊အဲ့တော့ ရှင် မနက်ဖြန်ကြရင် ပန်းတောင်းကိုသွားပြီး အရာရှိတွေကိုခေါ်ခဲ့..၊ ရွာက လူတွေရဲ့ သဘောထားကို ကျုပ်သေချာသိချင်သေးတယ်..” ဆိုသတဲ့ ။

နောက်နေ့ နေ့လယ်ဘက် ရွာလယ်က စာသင်ကျောင်းလေးမှာ ရွာသူရွာသားတွေရယ်၊ မြို့က အရာရှိတွေရယ် အစည်းအဝေးပွဲလေး လုပ်ဖြစ်ကြသတဲ့..။ အစည်း အဝေး ပြီးတော့ အရာရှိ တယောက်က ” ကဲ ဦးလှဟန် ကို သူကြီးလုပ်စေချင်တဲ့သူ က ဒီဘက်ကိုလာ ၊ ဦးသာခင် ကို သူကြီး လုပ်စေချင်တဲ့ သူတွေက ဟိုဘက်ကိုသွား ” ဆိုပြီး ရွာက လူတွေကို မဲ ခွဲလိုက်သတဲ့ ..။ဦးသာမြ ဆိုတဲ့ တယောက်ကတော့ ဟိုဘက်ကိုလဲ မသွား ၊ ဒီဘက်ကိုလဲ မလာပဲ အလည်မှာပဲ ရပ်နေလို့ ရွာက လူတွေက ၀ိုင်းရီကြသတဲ့လေ..။တကယ်တော့ ဦးသာမြ က ဦးသာခင်နဲကလဲ အမျိုး အဘိုး ဦးလှဟန်နဲ့ ကလဲ သူငယ်ချင်းတွေ ဖြစ်နေလို့ ဘယ်ဘက်ကိုမှ မသွားပဲ အလည်မှာပဲ ရပ်နေခဲ့တာပါ..။ အစည်းအဝေး အပြီးမှာတော့ အဘိုးဘက်မှာ လာပြီး ရပ်တဲ့သူ များလို့အဘိုးဦးလှဟန်ကိုပဲ ရွာသူကြီး အဖြစ် ပန်းတောင်းက အရာ၇ှိတွေက ဆက်လုပ်စေပါတယ် ။ အဘွားဟာ လူအများရဲ့ ဆန္ဒကို ပုရိတ်သတ်အလယ်မှာ သိအောင်လုပ်ရဲတဲ့ ၊ လုပ်နိုင်တဲ့ အစွမ်းအစနဲ့ အရည်အချင်း၊ နောက်ပြီး လူအများက ခေါင်းဆောင် မလုပ်နဲ့တော့ ဆိုရင်လဲအဘိုးကို ဂုဏ်သိက္ခာ ရှိရှိ သူကြီး အလုပ်ကနေ နှုတ်ထွက်ရအောင် စီစဉ်နိုင်ခဲ့တယ်..။ ပြောရမယ်ဆို၇င်တော့ ကျနော်တို့ ရွာလေးမှာ အဲ့ခေတ် အဲ့အခါကတည်းက ဒီမိုကရေစီ စနစ် ထွန်းကားလို့နေခဲ့ပါပြီ..။ဘာလျှို့ဝှက်မဲတွေ ၊ ကြိုတင်မဲတွေမှလဲ မရှိခဲ့ပါဘူး..။

ဒို့ဗမာ အစည်းအရုံးက သခင်တွေ ပြည်မြို့မှာ အစည်းအဝေး လာလုပ်ကြတော့လဲ အဘွားဟာ သွားဖို့ ကြိုးစားခဲ့ပါသေးသတဲ့..။ သခင်ကိုယ်တော်မှိုင်း ဆိုတာကလဲ အားလုံးသိတဲ့အတိုင်း ရွှေတောင်နားက ၀ါးလယ်ရွာသားကိုးဗျ..။ ” သခင်အောင်ဆန်း ၊သခင်အောင်ဆန်းနဲ့ အဲ့လောက်တနိုင်ငံလုံးနာမည်ကြီးနေတာ ဒီတခါ ပြည်မှာ တရားလာဟောရင် ကျုပ်သွားနားထောင်ဦးမယ် ကိုလှဟန် ရယ် “ဆိုပြီး အဘိုးကို ပြောရှာသတဲ့..။ မိုးတွင်းပိုင်းတခုမှာ အဘွားဟာ ထုံးစံ အတိုင်း ပြည်ဈေးကြီး ကို ဈေးရောင်းဈေးဝယ်ကိစ္စ တခုနဲ့ရောက်နေတဲ့အချိန်၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အကြောင်း ကိုကြားသတဲ့..။အဲ့ခေတ် အခါတုန်းက ပြည်မြို့ တမြို့လုံးမှာမှ ရေဒီယိုလေး (၅) လုံးပဲ ရှိရှာ ဆိုပဲ..။ ပြည်ဈေးကြီးကနေ ရွာကို အပြန် လှေပေါ်မှာ အဘွားတို့ တလှေလုံးဟာ ဒီအကြောင်းကိုပဲပြောပြောပြီး ငိုပြီးပြန်လာကြတာ ရွာရောက်တဲ့ အထိတဲ့..။အဲ့အချိန်မှာအဘွားဟာ ကျနော်ရဲ့ မေမေကို ကိုယ်ဝန်လွယ်ထားရတာ (၆) လလောက် ရှိနေပါပြီ..။

အဘွားဟာ သူ့လေးစားရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး သခင်အောင်ဆန်းအတွက် အတော့်ကို စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရပြီး အထူးသဖြင့် အသက်ငယ်ငယ်နဲ့မုဆိုးမဖြစ်ရရှာတဲ့ ကလေး (၃)ယောက်အမေ ဗိုလ်ချုပ်ကတော်ကို မိန်းမချင်း အတော်ပဲ ကိုယ်ချင်းစာမိပုံရပါတယ်..။ ၁၉၄၇ခုနှစ် ရဲ့ အောက်တိုဘာလ(၂၇) ရက်နေ့မှာတော့ အဘွားဟာ ကျနော်မေမေကို မွေးခဲ့ပါတယ်..။ အဘွားဟာ သူချစ်ခင်လေးစားရတဲ့ နာမည်ပဲ ကြားဖူးပြီး လူချင်းမမြင်ဖူးခဲ့ရတဲ့ အမျိုးသားခေါင်ဆောင်ကြီး ကို သူတတ်နိုင်တဲ့ ဘက်ကနေ ဂုဏ်ပြုတဲ့ အနေနဲ့ မွေးလာတဲ့ သမီးလေး (ကျနော်မေမေ့ကို) နာမည်တခု ပေးခဲ့ပါတယ်…။ကျနော့်မေမေ နာမည်ကတော့ “ဒေါ်ခင်ကြည် “ပါတဲ့..။ (နောက်ပိုင်း ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကို အိန္ဒိယ နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ်နဲ့တာဝန်ထမ်းခိုင်းတော့လဲ အဘွားဟာ မနှစ်မြို့ပါဘူး၊ သီပေါ ဘုရင်ဟာ အနောက်ကို ပါတော်မူခဲ့တယ်၊ အနောက်အရပ်ဟာ နေ၀င်တဲ့ အရပ်ပါ၊ဒါကြောင့်များ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့မိသားစုကို နေ၀င်အောင်များ အနောက်အရပ်ကို ပို့လွှတ်ခဲ့သလား ဆိုတာကတော့ ပို့လွှတ်သူ ကာယကံ ရှင်များမှ အပ………………)

တချို့ အချက်အလက်တွေကို မမှန်ကန်မှာစိုးလို့ မေမေ့ဆီကို ပို့စ်ရဲ့မူကြမ်းလေးကို ပို့ပြီး မေမေရဲ့ အတည်ပြုချက်ကို ရယူခဲ့ပါသေးတယ်.။ ငယ်စဉ်က အဘွားပြောပြဖူးတဲ့ အကြောင်းအရာတွေနဲ့ (၂၇-၁၀-၂၀၁၁)ရက်နေ့မှာ ကျရောက်တဲ့ မေမေရဲ့ (၆၄)နှစ်မြောက် မွေးနေ့ အမှတ်တရ အဖြစ် ဒီပို့စ်လေးကို ရေးပါတယ်…။

လွမ်းမောမိတယ် ရင်မောရတယ် ချစ်သောဧရာ…ရယ်

မိုးရွာပြီးခါစ မြစ်ပြင်ကို ဖြတ်၍ တသုန်သုန် တိုက်ခတ်နေသည့် လေပြည်ညင်းက ကွဲကွာနေတာ ကြာပြီ ဖြစ်သည့် သူ့ ကို ဆံပင်၊ အကျီ င်္၊ ပုဆိုးတို့ တဖြတ်ဖြတ် လွင့်လူးသွားသည် အထိ ထွေးပွေ့ ကြိုဆိုသည်။  မိုးရွာပြီးစ အချိန်တိုင်း လေနှင့်အတူ ပါလာတတ်သည့် သူအလွန် နှစ်သက်သော မြေသင်းနံကို ရှူရင်း မြစ်ကမ်းနဖူး (အရင် ဇာတ်ဆိပ်ဟောင်း) နေရာတွင်  ရပ်လိုက်သည်။ သူထွက်သွားစဉ်တုန်းကလို မဟုတ်တော့ ဧရာဝတီမြစ်၏ မြင်ကွင်းတို့ က ပြောင်းလဲနေပြီ။ ဧရာဝတီမြစ်က ဒဏ်ရာဒဏ်ချက်တို့ ဖြင့် မိမိမြင်ကွင်းရှေ့၌ လဲလျောင်းနေသလို စိတ်တွင် ခံစားရသည်။ ဟိုးအရင် ဇက်ဆိပ်ရှိစဉ်က ကားအတက်အဆင်း ပြုလုပ်သော လမ်းတို့  ပျက်စီးနေပြီ ဖြစ်သလို မြစ်ကမ်းပါး တလျှောက်တွင်လဲ ကိုင်းပင်တို့ က အကျည်းတန်စွာ အပြိုင်းအရိုင်း ပေါက်နေကြ၏။

ငယ်ဘဝ တလျှောက်လုံး မြစ်ကမ်းပါးတလျှောက် ပြေးလွှားဆော့ကစားရင်း ကြီးပြင်းခဲ့သည့် သူနှင့် ဧရာဝတီကြားတွင်  အမှတ်ရစရာပေါင်း များစွာ ရှိခဲ့သည်။ သူ့ လိုပင် ဤဆင်တဲရွာကလေးတွင် မှီတင်း နေထိုင်ကြသော လူများသည်လဲ ဧရာဝတီမြစ်နှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြသည်။ တံငါလုပ်သူများ၊ စက်လှေလုပ်ငန်း လုပ်သူများ၊ ရေရောင်းသူများ၊ လယ်၊ ယာလုပ်ငန်းနှင့် ကိုင်းကျွန်းလုပ်သူများသည် ဧရာဝတီမြစ်ကို မှီခို၍ အသက်မွေးဝမ်းကြောင်း ပြုကြရ၏။ ယုတ်စွအဆုံး ဧရာဝတီမြစ် အတွင်းမှ ရေကိုပင် ဆင်တဲတစ်ရွာလုံး သောက်ရေ၊ သုံးရေအဖြစ် ခပ်ယူ သုံးစွဲရ၏။ တချို့ ဆိုလျှင် ပေါင်းမိုးလှေလေးများဖြင့် မြစ်ထဲတွင် နေထိုင်ကြပြီး မြစ်ကမ်းပါးမှာပင် ချက်ပြုတ်စားသောက်ကြ၏။ ကျွန်တော်အပါအဝင် ကလေးများအတွက်တော့ ဧရာဝတီမြစ်ကြီးက အခမဲ့ ကစားကွင်းကြီး ဖြစ်ခဲ့သည်။

ကျွန်တော်နှင့် ဧရာဝတီ ပတ်သက်မှုက  ငယ်ဘဝ လေးနှစ်သား အရွယ်ကပင် စခဲ့သည်ဟု ဆိုရမည်။ ထိုနေ့ ကို ကျွန်တော် အခုအချိန်ထိ မှတ်မိနေသေးသည်။ နောင် နှစ်ပေါင်း များစွာထိလဲ မှတ်မိနေဦးမည်သာ ဖြစ်သည်။ အဲဒီနေ့ က ကျွန်တော့် အဒေါ်ဖြစ်သူနှင့် ကျွန်တော် မြစ်ဆိပ်ကို ရေချိုးလိုက်သွားခဲ့သည်။ ကျွန်တော် ခုရပ်နေသည့် ဒီနေရာရှ့က ကမ်းစပ်လေးမှာပင် ကျွန်တော်နှင့် ညီဝမ်းကွဲ တော်သူတို့ ရေချိုးကြ၏။ အဒေါ်ဖြစ်သူက မလှမ်းမကမ်းတွင် အဝတ်လျှော်နေသည်။ မြောက်ရှူံးအောင် ဆော့သော ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ခရီးသည်များ ချပြီး ပြန်ထွက်သော စက်လှေကို လက်ဖြင့် ခိုပြီးလိုက်သွားကြ၏။ ကမ်းစပ်မှ အဒေါ်ဖြစ်သူနှင့် တခြားသူများ ပွတ်လောရိုက်မတတ် အော်မှ ကြောက်လန့် ပြီး လက်လွှတ်ချ လိုက်တော့ ရေနက်ပိုင်းကို ရောက်နေပြီမို့ ရေနစ်ပါလေတော့သည်။ စက်လှေပေါ်မှ အိမ်နီးချင်း အစ်ကို ဖြစ်သူက ကယ်တင်ခဲ့ခြင်းကြောင့်သာ ဒီနေ့ ထိ ကျွန်တော်  အသက်ရှင် နေနိုင်ခြင်း ဖြစ်သည်။ အဲဒီနေ့ က ကျောပြင် ဗျောတင် ခံခဲ့ရပြီး မြစ်ဆိပ် ရေဆင်း မချိုးရ အမိန့် ထုတ်ခြင်း ခံရသည်။

Read the rest of this entry »

ဂမ္ဘီရဆန်သောညတစ်ည

ဘယ်သူကိုမှ မပြောဖြစ်တော့တဲ့ အကြောင်းအရာလေးတစ်ခုပါ။ ပြောလည်းဘယ်သူမှ မယုံကြဘူးလေ။ ဒါကြောင့် မပြောဖြစ်တော့တာပါ။ အခုတော့ မျိုသိပ်မထားနိုင်တော့လို့ ဖွင့်ဟလိုက်ခြင်း ဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၉၉၅ ခုနှစ် ပတ်ဝန်းကျင် လောက်ကပေါ့။ ရန်ကုန်မှာ ၂ နှစ်လောက်နေပြီး ဆင်တဲကို အလည်ပြန်ခဲ့တုန်းက ဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးပါ။

ထိုအချိန်က န၀ဒေးတံတားကြီး မရှိသေးပါဘူး။ ဆင်တဲကဇာတ်ဆိပ် ကမ်းနားလမ်းအလယ်ပိုင်းဟာ ခရီးသွားတွေနဲ့ တော်တော်စည်ကား လှပါတယ်။ ဒေါ်နှင်းလှိုင်ခေါက်ဆွဲဆိုင်ဆိုရင် နာမည်ကြီး လူသိများတဲ့ဆိုင်ပေါ့။ ကျနော်တို့ သူငယ်ချင်းတွေလည်း အခါအားလျှော်စွာ အကြောင်းရှာပြီး စားသောက်ပွဲလုပ်လေ့ရှိတဲ့ နေရာလေးပေါ့။ အခုလည်း အကြောင်းရလာပါပြီ။ ခဏအလည်ပြန်လာတဲ့ ကျနော်ကိုအကြောင်းပြုပြီး ၀မ်းမြောက်ကြောင်း အထိမ်းအမှတ်နဲ့လေ။

သူငယ်ချင်းတွေနဲ့ ညနေ ၇ နာရီလောက်မှာ စားသောက်ပွဲ စဖြစ်ပါတယ်။ စားတယ်ဆိုတာထက် သောက်တာကများ ပါတယ်။ ဆိုင်မှာချည်းသောက်ရင် ကုန်မှာစိုးလို့ အိမ်မှာအရင် မော့လာကြတယ်လေ။ ဟိုအကြောင်းဒီအကြောင်း ရောက်တက်ရာရာပြောပြီး သောက်လာလိုက်တာ ၉း၃၀ လောက်ရှိသွားပါတယ်။ ဘာမှမကြာလိုက်ဘူးထင်ရပေမယ့် အချိန်ကုန် တော်တော်မြန်သလိုပါပဲ။ ခရီးပန်းလာတဲ့ ကျနော် တော်တော်မူးလာပေမယ့် သူငယ်ချင်းတွေကတော့ အခုမှအရှိန်ရတုန်း ရှိသေးတယ်လေ။ ဒါနဲ့ အားလုံးကိုနုတ်ဆက်ပြီး ကျနော်တစ်ယောက်တည်း ပြန်လာခဲ့ပါတယ်။

၂ နှစ်လောက်ဝေးကွာခဲ့ရပြီး ၀ဲယာသစ်ပင်တွေနဲ့ အုံဆိုင်းနေတဲ့ ပန်းတောင်းတောင်ကုတ် ကတ္တရာလမ်းမကြီး ရဲ့အပေါ် မလင်းတလင်း မီးရောင်အောက်မှာ မူးဝေပြီး လမ်းလျှောက်နေတဲ့ ကျနော်ဟာ လှပသောကဗျာမဟုတ်ပေမယ့် ကာရံမဲ့ကဗျာ တစ်ပုဒ်များဖြစ်နေမလားပဲ။ ထိုအချိန်မှာ လေတချက် ဝှေ့တိုက်လိုက်လို့  ရင်ထဲစိမ့်ပြီး ဘာမှန်းမသိ လန့်သွားခဲ့ပါတယ်။ ကြက်သီးထစွာနဲ့ အနောက်ဘက်ကို ပြန်လှည့်ကြည့်လိုက်တော့ ဘာမှမရှိလို့ တော်ပါသေးရဲ့ဆိုပြီး သက်ပြင်းရှည်ကြီး မှုတ်ထုတ် လိုက်ပါတယ်။

ဒါနဲ့ခါးကိုမတ်ပြီး ရှေ့ကို မျှော်ကြည့်လိုက်တော့ လူတစ်ယောက်ကျော်ခိုင်းပြီး လျှောက်နေတာကို တွေ့ရပါတယ်။ ကျနော်သွားမယ်လမ်းနဲ့ အတူတူဆိုတော့ အဖော်ရပြီဆိုပြီး ပျော်သွားခဲ့ပါတယ်။ ဒါနဲ့အဲ့ဒီလူကိုမှီဖို့ ကမန်းကတန်းပြေး သွားခဲ့ပါတယ်။ ဘေးချင်းယှဉ်တဲ့အချိန်မှာ ကျနော်က လှည့်ကြည့်ပေမယ့် သူကတော့ကျနော့်ကို လုံးဝလှည့်မကြည့်ပါဘူး။ သူ့ပုံစံက ခပ်နွမ်းနွမ်း ယောဂီဝတ်စုံလေးကို ၀တ်ထားပြီး လည်ပင်းမှာ ပုတီးတစ်ကုံးဆွဲထားတဲ့ အဘိုးအိုတစ်ယောက်ပါ။ ရှည်နေတဲ့ဆံပင်ကို ယောင်ထုံး ထုံးထားပြီး မျက်နှာအမူအရာက တည်ငြိမ်အေးချမ်း နေတဲ့ပုံပါ။

အဘိုးအိုကိုကြည့်ပြီး ကျနော် ကြောက်စိတ်တွေ ပျောက်သွားခဲ့ပါတယ်။
“အဘိုးဘယ်အထိသွားမှာလဲ”
ကျနော်က ပဲစတင်နုတ်ဆက် လိုက်ပါတယ်။ အဘိုးအိုက ကျနော်နုတ်ဆက်တာကို မကြားလို့ပဲလားမသိ လှည့်မကြည့်ပါဘူး။ ဒါနဲ့အသံကျယ်ကျယ်နဲ့ ထပ်ခေါ်လိုက်ပါတယ်။
“အဘိုး……အဘိုး”
ဒီတော့မှအဘိုးအိုက အံသြသော မယုံကြည်သော မျက်လုံးအစုံနဲ့ ကျနော့်ကို လှည့်ကြည့် ပါတော့တယ်။ ထိုနောက်
“ငါ့ကိုခေါ်တာလား” လို့ပြန်မေးပါတယ်။
“ဟုတ်တယ်လေအဘိုးရဲ့ ဒီနားမှာအဘိုးတစ်ယောက်တည်းရှိတာ တခြားဘယ်သူ့ကို ခေါ်ရမှာလဲ”
လို့ မကျေနပ်တဲ့လေသံနဲ့ ကျနော်ပြောလိုက်ပါတယ်။

ထိုအခါအဘိုးအိုက ကျနော့်ကို ဘာမှမသိတဲ့ ကလေးတစ်ယောက်ကို ကြည့်သလိုမျိုးပြုံးပြီး ကြည့်နေပြန်ပါတယ်။
“အဘိုး…..ဘယ်ကိုသွားမှာလဲ”
“ ဂျာကုန်းဘုန်းကြီး ကျောင်းပြန်မလို့”
“အတော်ပဲ ကျနော်လည်း အဲ့ဒီဘက်ကို ပြန်မလို့ အဖော်ရတာပေါ့”
“အေး….အေး….လူလေးအဆင်ပြေ မယ်ဆိုရင် ကောင်းပါတယ်”
“ကျနော်တစ်ယောက်တည်း ပြန်ရမှာကြောက်သလိုဖြစ်နေတာ အဘိုးကိုတွေ့လိုက်ရတော့မှ ၀မ်းသာသွားတယ်”
“လူလေးကဘာကိုကြောက်တာလဲကွယ့်”
“ဘာရယ်မဟုတ်ပါဘူး စိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့ပါ အဘိုး”
“သြော်…. ဒီလိုလား…. အဘိုးမှာ ဘာကိုမှ မကြောက်တော့ တဲ့နည်းရှိတယ် လိုချင်လား”
“လိုချင်တာပေါ့.. အဘိုးရ… ပြောပြပါလား”
“ဒီလိုကွ…. သရဏဂုံ မြဲအောင်နေပြီး မေတ္တာပို့ပေးပါ ဘာမှ ကြောက်စရာ မရှိတော့ပါဘူး”
“ဟုတ်ကဲ့”
“မေတ္တာအကြောင်း သိချင်ရင်တော့ မေတ္တာသုတ်ဖြစ်လာပုံနဲ့ မေတ္တာသုတ်ပရိတ်ကို လေ့လာရင် သိနိုင်ပါတယ် အောင်ခြင်းရှစ်ပါးဆိုတာလည်း မေတ္တာကြောင့် အနိုင်ရတာပဲလေ”
“ဟုတ်ကဲ့ အဘိုး အောင်ခြင်းရှစ်ပါး သီချင်းဆိုထားတာတော့ နားထောင်ဘူးတယ် မေတ္တာနဲ့အနိုင်ယူတာတော့ အဘိုးပြောမှ သိရတော့တယ်”
“လေ့လာရင် သိနိုင်ပါတယ်ကွာ… လူလေးအတွက် အကျိုးရှိလာမှပါ”

အဘိုးအိုနဲ့ကျနော် စကားပြောလာလိုက်တာ က စ လ ထဲဝင်တဲ့ ဂိတ်ကို ရောက်လာခဲ့ပါတယ်။ ဂိတ်ကိုဖြတ်အသွား ဂိတ်စောင့်တစ်ယောက်က လှမ်းနုတ်ဆက်လို့ကြည့်လိုက်တော့ ကျနော့် သူငယ်ချင်းတစ်ယောက် ဖြစ်နေတယ်။ သူငယ်ချင်း နဲ့စကားပြောချင်ပေမယ့် အဘိုးအိုပါနေတာနဲ့ ဘာမှမပြောတော့ပဲ လက်ပြ နုတ်ဆက်ခဲ့ပါတယ်။ ဂိတ်ကိုကျော်ပြီးတာနဲ့ ဂျာကုန်းဘုန်းကြီးကျောင်းပေါ်တက်တဲ့ တောင်ခြေလေးကို ရောက်လာပါတယ်။

“ကဲ ……… အဘိုးသွားတော့မယ် လူလေး”
အဘိုးအိုက ကျနော့်ကို နုတ်ဆက်နေစဉ်မှာပဲ လေတစ်ချက် ဝှေ့သွားပြန်ပါတယ်။ လေအဝှေ့မှာတော့ ခရေပန်းနံသင်းပျံ့လာလို့ ရင်ထဲလန်းသွားခဲ့ပါတယ်။
“ဟုတ်ကဲ့အဘိုး….ကျနော့်ကို မကြောက်တော့တဲ့ နည်းသင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ အဘိုး…. ခရေပန်းနံ ရလား”
“အေး…. ငါနေတဲ့နေရာမှာ ခရေပန်းတွေ ပွင့်နေပြီကွ…. သရဏဂုံမြဲဖို့နဲ့ မေတ္တာပို့တာကိုတော့ မမေ့နဲ့နော်။ တစ်နေ့ လူလေး နားလည်လာမှာပါ”
“ဟုတ်ကဲ့ အဘိုး”
ပြုံးပြီး နုတ်ဆက်နေတဲ့ အဘိုးအိုကို ကျော်ခိုင်းပြီး ကျနော် ဆက်လျှောက် လာခဲ့ပါတယ်။ အဘိုးအိုနဲ့ စကားပြောလာလို့လားမသိ အမူးလျော့သွားသလို ခံစားရပါတယ်။

အိမ်အပြန်မှာ အဘိုးအိုရဲ့ စကားတွေကို ပြန်တွေးရင်း ဂျာကုန်းဘုန်းကြီးကျောင်းအကြောင်း ရောက်သွားပါတယ်။ ဂျာကုန်းဆိုတာ ဟိုးအရင်တုန်းက ကြတ်ကုန်းလို့ခေါ်တယ်တဲ့ ကြတ်တွေနေတဲ့ ကုန်းမြေမလို့တဲ့ တောရဘုန်းကြီးတစ်ပါးက ဘုန်းကြီးကျောင်းဆောက်ပြီး နေရာက ကြတ်ကုန်းဘုန်းကြီးကျောင်းလို့ ခေါ်လာကြပြီး အခုတော့ ဂျာကုန်းဘုန်းကြီးကျောင်း လို့ ပြောင်းခေါ်လာတာ လို့ လူကြီးတွေကပြောဘူးတယ်။ အဲ့ဒီ တောရဘုန်းကြီးက ကပ္ပိယတစ်ယောက်နဲ့အတူ နယ်လှည့် သာသနာပြုရင်း ဂျာကုန်းဘုန်းကြီးကျောင်းမှာ နောက်ဆုံး သီတင်းသုံးသွားခဲ့တာလို့လည်း ပြောကြပါတယ်။ အတွေးတွေနဲ့ အိမ်ကိုပြန်ရောက်ပြီး မူးမူးနဲ့အိပ်လိုက်တာ တချိုးတည်းပါပဲ။

နောက်တစ်နေ့ မနက်ပိုင်းမှာတော့ လက္ဘက်ရည်ဆိုင်သွားဖို့ သူငယ်ချင်းတွေ လာခေါ်ပါတယ်။ ဂိတ်စောင့်ကျတဲ့ သူငယ်ချင်းလည်း ပါလာပါတယ်။ သူကကျနော့်ကို မနေ့ညက တော်တော်မူးလာတယ်တဲ့ တစ်ယောက်တည်းစကားတွေ ပြောလာလိုက်တာ သူ့ကို တောင်နုတ်မဆက်ဘူးတဲ့။ အဲ့တော့ ကျနော်က တစ်ယောက်တည်း မဟုတ်ပါဘူး ကျနော်နဲ့အတူတူပါလာတဲ့ အဘိုးအိုနဲ့စကားပြောလာတာပါလို့ ပြောပြပါတယ်။ ဒါပေမယ့် သူငယ်ချင်းက မင်းတော်တော် နောက်တတ်လာပြီပဲ တဲ့ မနေ့ညက မင်းတစ်ယောက်တည်း ပြန်လာတာကို ဘယ်က အဘိုးအို ကပါလာတာလဲ တဲ့……..။ တခြား သူငယ်ချင်းတွေကလည်း ကျနော့်ကို မယုံကြဘူးလေ။ ဒါပေမယ့် ကျနော် အလျော့ မပေးပါဘူး။

ဂျာကုန်းဘုန်းကြီးကျောင်းကို သွားမေးမယ်ဆိုပြီး ဘုန်းကြီးကျောင်းကို သွားခဲ့ပါတယ်။ ဘုန်းကြီးကျောင်းရောက်လို့ ကျောင်းထိုင်ဘုန်းကြီးကို သွားမေးတော့ ညကဘယ်သူမှမ လာဘူးတဲ့….။ ဒါနဲ့ဆရာတော်ကို ဦးချပြီးပြန်မယ်အလုပ် ကျနော့်နာခေါင်းထဲကို ခရေပန်းနံသင်းသင်းလေး တိုးဝှေ့လာပါတယ်။ ဘယ်ကလည်းလို့ ဘေး ဘယ်ညာလှည့်ကြည့်လိုက်တော့ ကျောင်းရဲ့အရှေ့ဘက် သိမ်ရဲ့ဘေးနားမှာ ခရေပန်းတွေ ပွင့်နေတဲ့ ခရေပင်တစ်ပင်ကို တွေ့လိုက်ရပါတယ်။ ခရေပင်အောက်မှာတော့ ဟောင်းနွမ်းနေသော အုတ်ဂူနှစ်လုံးကို ထပ်တွေလိုက်ရ ပြန်ပါတယ်။

ကျနော်အုတ်ဂူကိုကြည့်နေတာတွေ့တော့ ဆရာတော်က
“အဲ့ဒီ အုတ်ဂူတွေဟာ တစ်ခုက ပထမဆုံး ကျောင်းတည်ဆောက်တဲ့ တောရဘုန်းကြီးရဲ့အုတ်ဂူ၊ နောက်တစ်ခုက ကပ္ပိယကြီးရဲ့ အုတ်ဂူ”
လို့ရှင်းပြပါတယ်။ ဆရာတော်ရှင်းပြနေစဉ်မှာ သင်းပျံ့လာသော ခရေပန်းရနံဟာ ကျနော့်ခေါင်းကို နောက်ကျိသွား စေပါတော့တယ်။

တကယ်ပြောတာပါ အဲ့ဒီတုန်းက အဘိုးအိုတစ်ယောက်နဲ့ အတူတူပြန်လာခဲ့တာပါ။ အဘိုးအိုသင်ပေးခဲ့တဲ့ သရဏဂုံအစွမ်းနဲ့ မေတ္တာဘာဝနာအစွမ်းတွေကို တောင် အခုနားလည်လာလို့ အဘိုးအိုကို ကျေးဇူးတင်နေမိပါသေးတယ်။ ဒါပေမယ့် ကျနော်အဘိုးအိုနဲ့ အတူတူပြန်လာတယ်ဆိုတာ ဘယ်သူမှ မယုံကြဘူးလေ။ ဒါကြောင့်ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့တာပါ။ ဘယ်သူမှမယုံပေမယ့် နှစ်တွေကြာသွားပေမယ့် ကျနော့်ရင်ထဲမှာတော့ ဂမ္ဘီရဆန်သောညတစ်ည အဖြစ်
အမှတ်ရနေဆဲဆိုတာ မျိုသိပ်မထားနိုင်တော့လို့ ရင်ဖွင့်လိုက်ရပါတော့တယ်။

Page 1 of 612345...Last »