Archive for the ‘ကဗျာပန်းခင်း’ Category
မိုးမခပင်ခြေရင်း
တိမ်တိုက်တွေရဲ့အပေါ်မှာ နင့်လေးသည်တော်တွေနေရာယူတော့
စောင်းကြိုးတွေကိုခတ်တဲ့ ရိုက်ချက်သံ သဲ့သဲ့တွေမှာ
ငါ့လိပ်ပြာငယ်မျက်ရည်တွေသီကုံးပြီး
အံသွားတွေအချင်းချင်းဆုံစည်းမိပေါ့
အိမ်တံစက်မြိတ်အောက်က နက္ခတွေကို
ကြိုးနဲ့ချဉ်ပြီးချိတ်ဆွဲခဲ့ရင်တောင်
သိက္ခာတရားကလွဲပြီး ဘယ်အရာကမှ
လူလုံးလှမယ်မထင်ဘူး ။
တစ်ကယ်တော့ ငါကြိုဆိုတာ
ရွှေအိုရောင်ဖြန်းပက်ထားတဲ့ခမ်းနားတဲ့နေ့ရက်များ
ဘဝကခါးခဲ့တယ်…… ။
အတုအယောင်တွေထဲမှာပေါ့
ချစ်ခြင်းကိုတန်ဆာဆင်ဖို့ ငါ့မြို့ရိုးတွေခမ်းနားသလောက်
သူရူးတစ်ယောက်လိုစိတ်မျိုး
အရိပ်လိုမိုးမထားခဲ့တာသေချာတယ် ။
ချစ်သူရယ်……
တေးသွားတစ်လက်သီကျူးဖို့
သံစဉ်တွေခူးဆွတ်ရင်း
ငါ့ရင်ထဲက လ တစ်စင်း သွေးချင်းချင်းကျ
နားထဲကနေဆယ်စင်း နှလုံးသားထိလင်းတော့
ဟောဟို မိုးမခပင်ခြေရင်း
ငါ့ဝိညာဉ်ဝပ်စင်း
ငါ့ခံတွင်းကပျက်လှပေါ့ ။
အသုဘကမ္မဌာန်း
ခြေသည်းလက်သည်း
ကိုက်ဖြတ်ပေးရ ၊ ရေချိုးရနဲ့
တစ်ကိုယ်ရေသန့်ရှင်းရေး
ဘယ်လောက်လုပ်လုပ်
မျက်ချေး ၊ နှပ်ချေး
နားဖာချေးနဲ့
ကျင်ငယ် ၊ ကျင်ကြီး
ယိုစီးဆင်းနေတာ
တားဆီးလို့မရနိုင်တဲ့
အညစ်အကြေးတွေမို့
သြော် …
ကျနော် …
အပေအတေကြီး ပါလား …
မြို့ ပြည
ညက
ညနဲ့ မတူတော့ဘူး….
ရင်ခွင်ထဲ
မီးတိုင်တွေ အစီအရီစိုက်ပျိုး
ထူးထူးခြားခြား တောက်ပနေပြီ။ ။
လျှပ်စစ်မီးရောင်စုံ
ပြိုးပြိုးပြက်ပြက်အောက်
ညက
လကို မေ့ပြီ….
ညလယ်ခေါင်ခေါင်
စက်တပ်ယာဉ် တချို့ 
စီးမျောသံက
ငါ့…
အိပ်စက်ခြင်းကို
လာလာ တံခါးခေါက်တယ်။ ။
မှိုလို ပေါက်လာတဲ့
နိုက်ကလပ်တွေ….
ဟိုတစဒီတစ ကျဲပြန့် လာတဲ့
၂၄နာရီဆိုင်တွေ….
နေ့ ည မှားယွင်းလာတဲ့
လူတချို့ တွေ….
ညက
ညနဲ့ မတူတော့ဘူး….
ညက
ညမဟုတ်တော့ဘူး…
ညက
ထူးထူးခြားခြား အသက်ဝင်နေပြီ….
ဂွမ်းတယ်ဗျာ
ပိုင်ဆိုင်သမျှ သက်ရှိသက်မဲ့များနဲ့ 
ရရှိထားတဲ့ လက်ရှိဘ၀ကို
အမြဲတမ်း တည်မြဲနေမဲ့
သုခချမ်းသာလို့ မှတ်ယူ
ကိုယ့်စိတ်ကြိုက်
လုပ်လို့ ရမယ်အထင်နဲ့ 
လန်းနေပေမဲ့လဲ
ဘ၀ခန္ဓာ ရုပ်နမ်ဆိုတာ
မမြဲ၊ ဆင်းရဲ၊ အစိုးမရ
အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေတဲ့
ဂွမ်းတယ်ဗျာ
ကြယ်ရောင်လင်းတဲ့ စနေတစ်ညနေခင်း
စနေတစ်ညနေခင်းပေါ့
ပန်းတွေလင်းပြီးစိတ်ကူးတွေနဲ့ကျင်းပခဲ့တဲ့ပွဲမှာ
အပြုံးတွေကခုန်ကြတော့
လင်းပေးခဲ့တဲ့ကြယ်ရောင်မှာ
အမှောင်တွေတောင်ဆိပ်သုဉ်းတယ် ။
လင်းပေးခဲ့တဲ့ကြယ်ရောင်အပါးမှာ
အရာဝတ္တုတွေဆန်းပြာခြင်းထက်
ငါ့စိတ်တွေခမ်းနားနေလေရဲ့
ကြယ်ရေ……….
အသင့်ရဲ့အလင်း အသင်ခင်းကျင်းတဲ့ အလင်းတွေထက်
စနေတစ်ညနေခင်းမှာ ငါမှေးဆက်ခဲ့မိတော့
နေ့ရက်တွေမှာပေါ့
တိုက်ဆိုင်မှု့အတိုအထွာတွေကြား
ကြယ်ကိုတောင်းတတာ ပိုပိုများလာသလိုပဲ ။
အဲဒီစနေတစ်ညနေခင်းပေါ့
အရာရာဟာလင်းပြီး ခင်းထားတဲ့လမ်းတွေထက်
လေညှင်းတွေနဲ့ဝေခဲ့ပေါ့
ပန်းတွေလည်းမကြွေကျသလို
ငါ့အတွက်တမ်းတမှု့တွေလည်း
မသေ မသေ တော့ဘူးကွယ် ။
တကယ်တော့ အသေတစ်ကောင်လို
ဆိပ်သုဉ်းနေတဲ့ရင်ခွင်ကို
တိမ်ရောင်တွေပိတ်ဖုံးနေတဲ့ကြားက
ကြယ်ရဲ့အလင်းတွေ ခ ခြင်းနဲ့အတူ
ငါ့စနေတစ်ညနေခင်းလည်း
လင်းခဲ့တယ် ။

