ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443520
  • Visitors today:36
  • Visitors yesterday:92
  • Visitors last week:640
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Archive for the ‘ဆင်တဲစာမျက်နှာ’ Category

ဆရာကြီး ဒါပဲလား !

ကျွန်တော် ငယ်ငယ်က အရမ်းကိုအဆဲသန်ပါတယ်။ ကျွန်တော်တို့ဆွေမျိုးတစ်စုလုံးမှာ ကျွန်တော်ကအဆဲအသန်ဆုံးပါ။ ကျွန်တော်တို့ရပ်ကွက်ထဲမှာဆိုရင်လည်း…။ ကျွန်တော်တို့ရပ်ကွက်ထဲကို ဧည့်သည်တစ်ယောက်လာလို့ စပ်စပ်စုစုလုပ်ပြီး ဒီရပ်ကွက်ထဲမှာ ဘယ်ကလေးစာအတော်ဆုံးလည်းလို့ မေးလာရင် ရပ်ကွက်ထဲကလူတွေတော်ရုံနဲ့ မဖြေနိုင်ကြပါဘူး။ အဲ..ဒီရပ်ကွက်ထဲမှာ ဘယ်ကလေးအဆဲသန်ဆုံးလည်းဆိုရင်တော့ ကျွန်တော်ကိုမျက်စောင်းလေးမသိမသာထိုးပြကြပါလိမ့်မယ်။ ရောင်ပြီးလက်ညိုးနဲ့တော့ထိုးမပြလေနဲ့ ကျွန်တော်မြင်လို့ကတော့ အဆဲခံရပြီသာမှတ်။

ကျွန်တော်ငယ်ငယ်က ဆိုးတာလည်းမပြောနဲ့ အမျိုးအင်အားကလည်းတောင့်တာကိုး ဘကြီးတစ်ယောက်ကလည်း ဟိုခေတ်ကလူကြီးဟောင်း၊ ဦးကြီးကလည်း အဲဒီခေတ်အချိန်က ဘာညာ ဘာညာ အဖွဲ့အစည်းမှာလူကြီး တစ်ယောက်ဖြစ်နေတဲ့အချိန် ဆွေမျိုးအင်အားကလည်း တရုတ်သိုင်းကားရိုက်လို့ရလောက်အောင်ကို လူအင်အား တောင့်တင်းတယ် ဦးလေးတွေ၊ အကိုတွေ၊ အဒေါ်တွေ၊ အမတွေ တစ်ပြုံကြီးနဲ့ ပျော်စရာကြီးပေါ့။ ခုလိုတရုတ်ကားသာကြည့်ထားမိလို့ကတော့ ဦးလေး တစ်၊ ဦးလေးနှစ်၊ အကိုကြီး ၊အကိုလေး ၊ဒေါ်ဒေါ်ကြီး၊ ဒေါ်ဒေါ်လေး၊ မမလေး၊ မမကြီးနဲ့ တရုပ်ကားထဲကလိုတောင် လျှောက်ခေါ်ပြစ်လို့ရသေးတယ် ဟေးဟေး ..။ တရုပ်ကားတွေမြဝတီကလာတာ နောက်ကြသွားလို့ နို့မို့ဆိုရင် သိုင်းကားထဲကလို ဘာမိသားစု၊ ညာမိသားစုနဲ့ တောင်နာမည်တွေပေးလို့ရသေးတယ်။

ဒီမိသားစုကြီးတစ်ခုလုံးမှာ ကျွန်တော်နဲ့ ညီမဝမ်းကွဲလေးတစ်ယောက်က အငယ်ဆုံးကလေးတွေဆိုတော့ ကျွန်တော်တို့နှစ်ယောက်ကို အရမ်းချစ်ပြီး အရမ်းအလိုလိုက်ကြပါတယ်။ ကျွန်တော်ငယ်ငယ်က မိဘအိမ်မှာနေတဲ့အချိန်တော်တော်နည်းပြီး သူတို့အိမ်မှာနေတာပဲများပါတယ်။ တစ်ခါတစ်လေ မိဘတွေကအိမ်မှာနေဖို့ပြန်လာခေါ်ရင်တောင် ကျွန်တော်က ပြန်မလိုက်ချင်ပါဘူး။ အမျိုးတွေကအရမ်းချစ်ပြီးအလိုလိုက်ကြတော့ ကျွန်တော်ကလည်းတော်တော် ဆိုးပါတယ်။

ရပ်ကွက်ထဲက လူတစ်ယောက်ယောက်က ကျွန်တော့်ကိုစပြီးလာမဆဲလိုက်ပါနဲ့ ကျွန်တော်ကလည်း အထွေအထူးတောင်အားထုတ်စရာတောင်မလိုဘူး ကကြီးကနေ အ အထိအမျိုးပေါင်းတော်တော်လေးကို ဆဲနိုင်အောင်ကိုတော်ပါတယ်။ ဘယ်လောက်ထိအောင်တော်လည်းဆိုရင် ရွယ်တူကလေးချင်းကိုတောင် နွေရာသီ သုံးလပြတ် အဆဲသင်တန်းပေးလို့ ရလောက်အောင်ကို ဆဲတဲ့နေရာမှာကျွမ်းကျင်အဆင့်ပါ။ ဒါပေမဲ့ အခုအရွယ်ရောက်လာတော့ လုံးဝနီးပါးမဆဲတော့ပါဘူး။ အသက်အရွယ်ကြောင့်လည်းပါတယ်။ နောက်ပြီးတော့ကောင်းကင်ဘုံက ဘိုးဘွားတွေမျက်နှာကိုလည်းထောက်တဲ့ အနေနဲ့ မဆဲတော့တာပါ။ ခုတော့ ’’ပေါ့ဆိမ့်’’ လို အိနြေ္ဒရေ ယယ လေးပဲနေတော့တယ်။

နိုင်ငံခြားမှာထွက်အလုပ်လုပ်တော့ ကျွန်တော်လုပ်ရတဲ့စက်ရုံမှာ နီပေါ၊ ဘင်္ဂလား၊ အင်ဒို၊ မြန်မာဆိုပြီး လူမျိုးပေါင်းစုံရှိပါတယ်။ လူမျိုးပေါင်းစုံဆိုတော့ သိတဲ့အတိုင်း အဆဲလေးကလည်းပေါင်းစုံဆိုပါတော့။ သူတို့ အချင်းချင်းလည်းအတော်ကိုဆဲကြပါတယ် ငယ်တဲ့လူတွေကလည်း ကြီးတဲ့လူတွေကို မအေ၊ နှမတွေနဲ့ စုံနေအောင်ကိုဆဲကြတာပါ။ ကျွန်တော် လည်းဘာသာစကားစုံ ဆဲတတ်အောင်လေ့လာထားရပါတယ်။ သိပ်တော့မခက်ပါဘူး ကျွန်တော်ကပါရမီအခံ ရှိတော့အတတ်မြန်တယ်လေ သိတယ်မဟုတ်လား။ အလုပ်သဘောအရတစ်ခါတစ်လေ အဆီအငေါ်မတည့် ဖြစ်တဲ့အခါမျိုးဆိုရင် ဆဲပြီးတော့ပဲဖြေရှင်းလိုက်ရတာပါပဲ။

အဲဒီမှာထူးခြားတာတစ်ခု မြန်မာတွေက သူများဘာသာ စကားတွေနဲ့ စုံနေအောင်သာဆဲတတ်ကြတာ တစ်ခြားလူမျိုးတွေက မြန်မာလိုတစ်လုံးမှ မဆဲတတ်ကြပါဘူး။ အမြော်မြင်ရှိတဲ့လူဟောင်းတွေက သူတို့ကို မင်္ဂလာပါ နဲ့ ကျေးဇူးတင်ပါတယ်ကလွဲရင်ဘာမှသင်ပေးမထားကြပါဘူး။ သူတို့ကသိချင်လို့အတင်းလာမေးရင်တောင် မြန်မာစကားမှာ အဆဲမပါဘူးဆိုပြီး ဗြောင်လိမ်ထားကြပါတယ်။ ဒီကောင်တွေ ကလည်းမယုံပါဘူး ဘယ်တော့ ဆဲမလည်းဆိုပြီး သတိထားပြီးလေ့လာနေကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာအချင်းချင်းကလည်း တစ်ယောက်နဲ့ တစ်ယောက်လုံးဝမဆဲ ကြပါဘူး။ အရမ်း ယဉ်ကျေးကုန်ကျလို့တော့ မဟုတ်ပါဘူး။

စက်ရုံမှာမြန်မာအင်အားကအရမ်းနည်းတဲ့ အပြင်အသက်အရွယ်တွေကလည်း အရမ်းကွာကြပါတယ် အသက်ကြီးတဲ့လူတွေကို ငယ်တဲ့လူတွေက မဆဲကြသလို ငယ်တဲ့ လူတွေကလည်း ပညာတတ်တွေ ဖြစ်တော့ စက်ရုံမှာ စူပါဘိုက်ဆာ တို့ဘာတို့လူကြီးတွေဖြစ်နေတော့ လူကြီးတွေ ကလည်းလူငယ်တွေကို မဆဲသာပါဘူး ပြီးတော့တစ်ယောက်နဲ့ တစ်ယောက် သိပ်လည်းအရောတဝင်မနေကြတော့ မြန်မာလိုမဆဲ ကြတော့ဘူးပေါ့ဗျာ။ သူတို့ကမသိမသာမေးလည်း ဘယ်သူကမှမပြောပြကြပါဘူး။ကျွန်တော်လည်း ရောက်စမကြာသေးခင် လူကြီးတွေက အဆဲသင်မပေးဖို့ နဲ့ မြန်မာလိုမဆဲဖို့ မှာထားကြလို့ ကျွန်တော်လည်းမြန်မာလို လုံးဝမဆဲပဲသူတို့ဆဲနည်းလေးတွေကိုပဲ သင်ထားလိုက်တယ် မှတ်ကရော…။

တစ်နေ့တော့ နေ့လည်ပိုင်းထမင်းစားနားတဲ့ အချိန်ထမင်းစားပြီး တစ်ယောက်တည်းထိုင်နေတုန်း ဘင်္ဂလားတစ်ယောက်ရောက်လာပါတယ်။ စားပြီး ပြီလား အလုပ်အဆင်ပြေလားဘာညာနဲ့ လာဖောနေပါတယ်။ ပြီးတော့သူ့အိပ်ထဲက စီးကရက်တစ်လိပ်ကိုထုတ်ပြီး ကျွန်တော်ကိုတိုက်ပါတယ်။ ကျွန်တော်လည်းအတော်လေး အံ့သြသွားပါတယ်။ ဘာလို့လည်းဆိုတော့ဘင်္ဂလားတွေဟာ သိပ်ပြီးကပ်စေးနဲပါတယ်။ သိပ်ကတ်သတ်တဲ့ လူမျိုးပါ ခုလိုစီးကရက်တစ်လိပ် အလကားတိုက်ဖို့ဆိုတာ အတော်လေးကိုမလွယ်ကူတဲ့ကိစ္စပါ ပြီးတော့ဒီဘင်္ဂလားကိုကျွန်တော်သိပါတယ်။ ကျွန်တော်အလုပ် လုပ်ရတဲ့နေရာနဲ့ မလှမ်းမကမ်း စက်ရှင်တစ်ခုကပါ အင်္ဂလိပ်လိုအတန်အသင့် ပြောတတ်ပြီးသူတို့ဘင်္ဂလားတွေထဲမှာတော့ လူလည်တစ်ယောက်ပေါ့။ ဒီလိုနဲ့ စပ်မိစပ်ရာလေးတွေပြောကြပြီး နားချိန်ပြည့်တော့ အလုပ်ပြန်ဝင်လုပ်ကြပေါ့။

လေးရက်လောက်ကြာတဲ့အထိတော့ပုံမှန်ပါပဲ နောက်ငါးရက်မြောက်လောက်ရောက်တော့ သူနဲ့အတူနီပေါတစ်ယောက်ပါ ပါလာပါတယ်။ ဒီနီပေါကောင်ကလည်း သူတို့နီပေါတွေထဲမှာတော့ ဆရာပါပဲ လူလည်ပေါ့။ အတော်လေးခင်လာတော့မှ သူတို့နှစ်ယောက်ကကျွန်တော်ကိုမေးပါတယ်။ မြန်မာစကားမှာ ဟိုဟာကိုဘာခေါ်လည်း ဒီဟာကိုဘာခေါ်လည်းနဲ့ မေးကြပါတယ်။ ကျွန်တော်က အကောင်းမေးတာတွေကိုတော့ အမှန်အတိုင်းပဲပြောပြပါတယ်… ဒီလိုနဲ့ အကောင်းမေးနေရင်းက သူတို့နှစ်ယောက်ကဖောက်လာပါရောဗျို့ ။ ယောင်္ကျားတွေဆဲတဲ့ ဟာကို ဘယ်လိုခေါ်လည်းဆိုပြီးမေးပါလေရော။

ကျွန်တော်ကိုလူသစ်ဆိုပြီးအချဉ် လုပ်ပြီးလာမေးတာပါ။ ကျွန်တော်ကလည်းပထမရက်တွေထဲက မေးလာရင်ပြောဖို့စဉ်းစားထားပြီးသားပါ မသိဘူးလို့ပြောရင်မကောင်းဘူးလေ။ ဒါနဲ့ အဲဒါကိုမြန်မာလိုဆရာကြီးလို့ခေါ်တယ်ကွလို့ပြောလိုက်ပါတယ်။ နှစ်ကောင်သားမျက်နှာတွေ ပြုံးရွှင်သွားပြီး ဆရာကြီး…ဆရာကြီးနဲ့ အစမ်းလေ့ကျင့်နေကြပါတယ်.။ ပြီးတော့နီပေါကောင်ကပါ ဒါဆိုငါတို့ နီပေါတွေအမြဲဆဲနေတဲ့ မင်းအမေ…… ကြတော့ရောဘယ်လိုပြောလည်းဆိုတော့ ကျွန်တော်ကတစ်ချက် စဉ်းစားသလိုလုပ်ပြီးကာမှ အဲဒါမြန်မာလိုပြောရင် “ဒါပဲလား” လို့ပြောရတယ်။

နှစ်ကောင်စလုံးဝမ်းသာမှု့တွေက သူတို့မျက်နှာမှာဖုံးမရဖိမရပေါ်နေပါတယ်။ ကျွန်တောလည်းပြောပြီးကာမှ မရယ်မီအောင် အတော်အောင့်ထားရပါတယ်။ သူ့တို့ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဆရာကြီးနဲ့ ဒါပဲလားကို အပြန်အလှန်ရွတ်နေကြပါတယ်။ ညနေအိမ်ပြန်ရောက်တော့ ဟိုငတိနှစ်ကောင်ရဲ့ စက်ရှင်က စူပါဗိုက်ဇာ ကကျွန်တော်တို့အိမ်ကအကိုကြီးတစ်ယောက်ပါ။ သူကကျွန်တော်ကို ညီလေးမင်း ဟိုနှစ်ယောက်ကိုဘာတွေသင်ပေးထားလည်း ငါကဒီနှစ်ကောင်သူများထက်စကားများလို့ အလုပ်တွေပိုပေးလိုက်တာ ငါ့ကို ဆရာကြီး ဒါပဲလားလို့မကြားတကြားနဲု့ပြောနေတယ်။ ဆိုပြီးလာမေးတော့ ကျွန်တော်က ကျွန်တော့်လက်ချာအကြောင်းကို ရှင်းပြလိုက်တော့ အလွန်မျက်နှာတည်တဲ့ အကိုကြီးတောင်ပြုံးစေ့စေ့ ဖြစ်သွားပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ စက်ရုံမှာလည်း မိုးလင်းကနေ မိုးချုပ် ဆရာကြီး ဒါပဲလား ဆိုတဲ့ အသံတွေနေ့စဉ်ကြားနေရပါတယ်။ သူတို့အချင်းချင်း ရန်ဖြစ်ရင်တောင်ဒီလိုပဲ ပြောနေကြပါတယ်။ တစ်ခါတစ်လေ အပြင်ကစက်တွေလာပြင်တဲ့ ကုမ္မဏီတွေက ကျွန်တော်တို့စက်ရုံကစက်တွေလာပြင်တဲ့ စက်ဆရာတွေထဲမှာ မြန်မာလူမျိုးတွေပါလာတတ်ပါတယ်။ သူတို့ကလည်းသိတော့ ဒီလူတွေသူတို့နားကဖြတ်သွားရင် မကြားတကြားနဲ့ ဆရာကြီး ဒါပဲလား ဆိုပြီးလှမ်းလုပ်လိုက်ပါသေးတယ်။ ဟိုလူတွေကြောင်တောင်တောင်ဖြစ်သွားတာပေါ့ ဒါကိုမြင်ရင်သူတို့ကအရမ်းကျေနပ်ကြပါတယ်။ သူတို့မအဘူးဆိုပြီး ဂုဏ်ယူနေကြရှာပါတယ်။နောက်မှ စက်ပြင်ဆရာတွေကို ကျွန်တော်တို့ကဒီအကြောင်းတွေရှင်းပြပြီး ပြန်မပြောဖို့ပိတ်ထားပါတယ် အကြောင်းစုံ သိရတော့ စက်ဆရာတွေလည်းတဟားဟားနဲ့ ပေါ့ဗျာ……

ပုံမှန်ရဲ့ ပို့စ်မှာ သုံးတဲ့ ပုံလေးကို http://www.shutterstock.com ကယူပြီး မြန်မာမှုပြု လိုက်ပါတယ်။ Edited by ပေါ့ဆိမ့်

ပြည်-တောင်ကုတ်ကားလမ်းအဆင့်မြှင့်

ရခိုင်ပြည်နယ်နှင့် ရိုးမအရှေ့ဒေသသို့  ဆက်သွယ်ပေးနေသည့် ပြည်-တောင်ကုတ်ကားလမ်းကို နေလသစ္စာဆောက်လုပ်ရေးအဖွဲ့ မှ (BOT) စနစ်ဖြင့် အဆင့်မြှင့်ခြင်းလုပ်ငန်းများကို မတ် ၁၁ ရက်တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ပြည်-တောင်ကုတ်ကားလမ်းမှာ (၁၀၁) မိုင် လေးဖာလုံ ရှည်လျားပြီး ကုန်တင်ကားကြီးများ လူစီးကားများ ရာသီမရွေး သွားလာနိုင်ရန်အတွက် အဆင်မြင့်ကတ္တရာများ ခင်းကျင်းသွားမည်ဖြစ်ကာ စတင်ဆောင်ရွက်သည့်နေ့ မှ သုံးနှစ်အတွင်းအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။တောင်ကုတ်တောင်ကြားလမ်းမှာ ရခိုင်ပြည်မှ ရိုးမအရှေ့သို့  သွားရောက်သည့် ခရီးသည်များ သွားလာဆက်သွယ်ရေးနှင့် ကုန်စည်သယ်ယူရေးအတွက် အဓိကအရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း သိရသည်။ဆင်တဲ-ပန်းတောင်း-တောင်ကုတ်လမ်းကိုလဲ ပြုပြင်၍ ကတ္တရာအသစ်များခင်းနေကြောင်းသိရသည်။

ဒေါသ ၏ သင်္ကေတများ

ကျွန်တော်တို့ ဆင်တဲမြို့လေးမှာ နာမည်ကြီးကွမ်းယာဆိုင်တစ်ဆိုင်ရှိပါတယ်။ ဆိုင်နာမည်ကတော့ စာဆိုတော် တဲ့ ဆိုင်နာမည်ကထူးခြားနေသလို ဆိုင်ပိုင်ရှင်ကလည်း နည်းနည်းလေးထူးခြားနေပါတယ်။ ဆိုင်ရှင်နာမည်က အောင်ကိုသိန်း လို့ခေါ်ပါတယ်။ အသက် ၄၀ ဝင်းကျင်ခန့်အသားလတ်လတ် မျက်လုံးပြူးပြူး နဲ့ မကြီးမငယ်အရွယ် လူငယ်ကြီးတစ်ယောက်ပါ။ အောင်ကိုသိန်း၏ ကွမ်းယာဆိုင်မှာ မြို့လေးရှိလူစည်ကားရာ ရပ်ကွက်တစ်ခုမှာ ဖွင့်ထားတာဖြစ်သလို ထုံးအစပ် အဟပ်နှင့် ဆက်ဆံရေးကောင်းမွန်မှု့တို့ကြောင့် ဆင်တဲ၏ ရောင်းအားအကောင်းဆုံး ကွမ်းယာဆိုင်တွေထဲ မှာတစ်ဆိုင် အပါအဝင်ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာလူမျိုးတွေမှာက လူအယောက်တစ်ရာရှိရင် ငါးဆယ်လောက်က ကွမ်းစားတတ်ကြပါတယ်။အဲဒီကွမ်းစားတတ်တဲ့လူတွေထဲမှာ ကျွန်တော်လည်း အပါအဝင်ဖြစ်တာမို့ ကျွန်တော်လည်းကွမ်းသမားတစ်ယောက်လို့ပြောပါတော့။ ကျွန်တော်တို့အိမ်နဲ့ အောင်ကိုသိန်း ရဲ့ ကွမ်းယာဆိုင်က နည်းနည်းဝေးပါတယ် ဒါပေမဲ့ကျွန်တော်က ကွမ်းစားရင် အောင်ကိုသိန်း ရဲ့ ကွမ်းယာဆိုင်လေးမှာပဲ အမြဲသွားစားလေ့ရှိပါတယ်။ အောင်ကိုသိန်း နဲ့လည်းရင်းနှီးနေတဲ့ ဖောက်သည်တစ်ယောက်ပေါ့ တစ်ခါတစ်ရံ ပိုက်ဆံပြတ်နေတဲ့ အချိန်မျိုးဆိုရင်လည်း သူ့ဆိုင်မှာ ဘေထုလို့လည်းရပါတယ်။

အောင်ကိုသိန်း ရဲ့ စာဆိုတော် ကွမ်းယာဆိုင်လေး၏ အခင်းကျင်း အပြင်အဆင်မှာ တစ်ခြားဆိုင်များနဲ့ လုံးဝမတူပါဘူး ဆိုင်ခန်းကကျယ်ဝန်းသပ်ရပ်မှု့ ရှိတဲ့အပြင် ဆိုင်နံရံ အပြည့်မှာဆိုရင်လည်းနိုင်ငံခြား မင်းသား မင်းသမီး အဆိုတော် ပုံများနဲ့ပြည်နှက်နေပါတယ်။ အောင်ကိုသိန်း ကိုယ်တိုင်ကလည်း ဂီတာလေး မတောက် တစ်ခေါက်တီးတတ်တဲ့ ဂီတရူးတစ်ယောက်ပါ။ ကျွန်တော်သူ့ဆိုင်ကွမ်းသွားဝယ်တဲ့ အချိန်ကွမ်းလာဝယ်တဲ့သူရှင်းနေတဲ့ အချိန်မျိုးဆိုရင် ဂီတနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်နဲ့ ဂီတအပေါ်ရူးသွပ်နေမှု့စတဲ့အကြောင်းတွေကို အာဘောင်အာရင်းသန်သန်နဲ့ ရှင်းပြတတ်ပါတယ်။ သူကျွန်တော်ကိုပြောလေ့ရှိတာတစ်ခုက သူ သီချင်းတစ်ပုဒ်စပ်နေတဲ့ အကြောင်းပါ ကျွန်တော်အမြဲတမ်းတွေ့နေတာကတော့ ဘာသီချင်းမှမစပ်ပဲနှင့် နေ့တိုင်းထုံးတွေတော့ စပ်နေတာကိုပါပဲ။

သူကကွမ်းယာသာရောင်းနေတာ သူ့လက်ကလေးတွေကိုတော့ အမြဲတမ်းသန့်နေအောင်ထားလေ့ရှိပါတယ်။ သူ့လက်ကလေး တွေကို သသပြီး သူအမြဲပြောလေ့ရှိတဲ့စကားက ‘ဒီလက်ကလေးတွေကပေါ့သေးသေးလက်တွေမဟုတ်ဘူးကွ’ ဂီတသင်္ကေတတွေ သီချင်းစာသားတွေ ရေးပြီး ‘နောင်တစ်ချိနအနုပညာလောက်မှာ ကျော်ကြားလာမယ့် တေးရေးဆရာရဲ့လက်တွေကွ ‘ ဒီလိုသူအမြဲပြောလေ့ရှိပါတယ်။ ကျွန်တော်တောင်တစ်ခါတစ်လေ သူ့ကို အော်တိုပဲကြိုထိုး ခိုင်းထားရင်ကောင်းမလားလို့ စဉ်းစားမိပါတယ်။

တစ်နေ့ကျွန်တော်သူငယ်ချင်းတစ်ယောက် သူ့ဆိုင်မှာကွမ်းသွားဝယ်ရင်းနဲ့ သတင်းတစ်ခု ပါလာပါတယ်။ အောင်ကိုသိန်း တစ်ယောက်ကွမ်းဆိုင်ပိတ်ပြီး တေးရေးဆရာလုပ်တော့မလို့ဆိုပဲ။ မကြံကောင်းမစဉ် အပ်ဗျာ။ တော်ရုံတန်ရုံတန်ရုံတောင် မဟုတ်ဘူး တေးရေးဆရာလောကမှာ နာမည်ကြီးနေတဲ့တေးရေး ကေအေတီ ကိုတောင်နောက်ကောက်ချပြစ်မယ်ဆိုပဲ။ သူ့နာမည် အောင်ကိုသိန်း ကို အေကေတီ လို့ပြောင်းမယ် ကေအေတီ ကတရုတ် သီချင်းတွေကို ကော်ပီလုပ်ပြီးအောင်မြင်လာသလို သူကလည်းခုတစ်လော မြန်မာပရိတ်သတ်တွေ အရမ်းကြိုက်နေကြတဲ့ ကိုရီးယားကားတွေထဲက ဇာတ်ဝင်သီချင်းတွေကို ကော်ပီလုပ်ပြီး အဆိုတော် အာကြီး (Rဇာနည်) ကိုဆိုခိုင်းလိုက်ရင်ပျက်ပီဆိုပဲ။ ‘အဲ… အဲ’ ပြတ်ပြီဆိုပဲ။ ကျွန်တော်တို့သိသလောက်ကတော့ အဆိုတော်အာကြီးမပြောနဲ့ ဆိုက်ကားသမားအာကြီးကတောင် အရူးစာရင်းအသွင်းခံရမှာစိုးလို့သူ့ သီချင်းကိုဆိုမှာမဟုတ်ပါဘူး။

ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့က သူ့ကိုဂုဏ်ပြုတဲ့ အနေနဲ့ ကိုရီးယားနာမည် အသစ်လေးတစ်ခုသူ့ကိုပေးထားပါတယ်။ ကြောင်ကွက်သာ တဲ့နေ့နံတွေဘာတွေကြည့်ပြီးပေးထားတာတော့ မဟုတ်ပါဘူး။ သူ့နာမည်က အောင်ကိုသိန်း နောက်ပြီး ကြောင်တဲ့နေရာမှာလည်း သူများထက်အမြဲတစ်ကွက်သာနေလို့ အောင်ကို ကြောင် လို့ပြောင်းပြီး နောက်နှစ်လုံးကိုပါပြောင်းပေးလိုက်တာပါ။ ကောင်းတယ်နော် နာမည်လေးက။

ခုတစ်လော အောင်ကိုသိန်း တစ်ယောက်ဖောက်နေပါတယ် သူ့ဆိုင်မှာကွမ်း အကြွေးဝယ်ချင်ရင် သူ့နာမည်ကို အေကေတီ ခေါ်မှရောင်းပါတယ်။ သူ့အထာမသိပဲနဲ့ သွားပြီး အောင်ကိုသိန်း ကွမ်းတစ်ထုပ်လောက် ဘေ ယူမယ်နော်ဆိုရင်တော့ ကွမ်းအကြွေးမရောင်းဘူးလို့မျက်နှာသေကြီးနဲ့ ပြောလွှတ်ပါတယ်။ သူ့ရောဂါက မသေးပါဘူး။ ကျွန်နော်တို့ကတော့ဒါမျိုးတွေနပ်တယ်လေ ဘယ်ရမလဲ ပိုက်ဆံမပါလို့ဘေထု ရတော့မယ်ဆိုတာနဲ့ အေကေတီ ကြီးနေကောင်းလား ဘာသီချင်းတွေစပ်ထားသေးလည်း ဘာညာနဲ့ဖောလိုက်တာနဲ့ သူ့မျက်နှာပြုံးဖြီးဖြီးကြီး ဖြစ်သွားပြီး ကျွန်တော်တို့လိုသလောက်ကို ထုပ်ပေးတတ်ပါတယ်။

တစ်နေ့ကဘယ်သူသွားပြောလည်း တော့မသိပါဘူး။ သူ့ကိုနာမည်အသစ်ပေးထားတာသိသွားပြီး အရမ်းးပေါက်ကွဲနေတယ်ဆိုပဲ။ ကျွန်တော်တို့လည်းသူ့ဆိုင်ကိုမသွားရဲကြပါဘူး။ ဒီနေ့တော့ ကျွန်တော် လည်းကွမ်းအရမ်းစားချင်လာတာနဲ့ အောင်ကိုသိန်း ဆိုင်မှာကွမ်းဝယ်ဖို့ထွက်လာခဲ့ပါတယ်။ ဆိုင်ကိုရောက်တော့ လူရှင်းနေတာနဲ့ အောင်ကိုသိန်း တစ်ယောက်ကွမ်းရွက်တွေထိုင်ညှပ်နေတာကို တွေ့ရပါတယ်။

ကျွန်တော်လည်းသူ့ကိုကွမ်းတစ်ထုပ်လှမ်းမှာလိုက်ပြီး’’ အေကေတီကြီး ဘာတွေလုပ်နေလည်း သီချင်းအသစ်တွေဘာတွေ လုပ်ထားသေးလား’’ ဆိုပြီးဖောရှောလေးလုပ်လိုက်တော့ သူကမျက်နှာတည်ကြီးနဲ့ ဘာမှမလုပ်ဖြစ်ပါဘူးကွာတဲ့ ကွမ်းထုပ်ပြီးတော့ သူကကွမ်းရွက်တွေဆက်ညှပ်နေပါတယ်။ ကျွန်တော်လည်းသူ့ကိုမသိမသာ လှမ်းကြည့်လိုက်တော့ သူ့ဘေးမှာချထားတဲ့စာရွက်ကလေးတစ်ရွက်ကိုတွေ့တာနဲ့ ’’အေကေတီကြီး ဟိုစာရွက်ကဘာတွေရေးထားတဲ့စာရွက်လည်း သီချင်းစာရွက်လား ဘာသီချင်းအသစ်တွေရေးထားတာလဲ အံမယ် စာသားဘေးမှာ ဂီတသင်္ကေတတွေ ဘာတွေတောင်ပါသေးတယ်’’ မြင့်လှချည်လားဆိုပြီး’’ ဆက်ပြီးဖောကြည့်လိုက်တော့ သူကကွမ်းရွက်ညှပ်နေရင်းက မျက်လုံးလေးစွေကြည့်ပြီးတော့ ’’ဘာသီချင်းမှရေးထားတာမဟုတ်ပါဘူး အကြွေးစာရင်းတွေပါ’’ လို့လှမ်းပြောပါတယ်။

ဒါနဲ့ကျွန်တော်က ’’ဒါဆို ဘေးက အဝိုင်းလေးတွေ၊ လေးထောင့်လေးတွေ သင်္ကေတတွေကရော ဘာတွေလည်းဆိုပြီး ဆက်မေးကြည့်လိုက်တော့ ’’ သူကခုမှအသက်ဝင်လာတဲ့ရုပ်နဲ့’’ ဒါက ဒီလိုရှိတယ်ကွကောင်ကြီးရ ’’ ရေးထားတဲ့နာမည်တွေက ငါဆိုင်မှာအကြွေးဝယ်စားထားတဲ့လူတွေစာရင်းပါ’’ ’’ဘေးမှာသင်္ကေတတွေရေးထားတာက.. ဒီလိုကွ……’’ “ငါ့ဆိုင်မှာကွမ်းယာအကြွေးဝယ်စားထားတာကို လာမဆပ်တဲ့အပြင် ငါကိုပေါက်ကရ နာမည်တွေပေးထားတဲ့ကောင်တွေ စာရင်းကို ငါလုပ်ထားတာ’’ ’’ဘေးမှာ အဝိုင်းလေးတွေဆွဲထားတဲ့ ကောင်တွေကို အဝေးကနေချောင်းပြီးလေးခွနဲ့ ဆော်မယ်ကွာ။”

“တုတ်ချောင်းလေးတွေ ဆွဲထားတဲ့ကောင်တွေကိုတော့ ညဖက်ကျမှ ချောင်းရိုက်ရမယ်။ အေး လေးထောင့်ဆွဲထားတဲ့ ကောင်တွေကိုတော့ ဆိုင်ရှေ့ကဖြတ်သွားတာတွေ့တာနဲ့ အုတ်ခဲနဲ့ လိုက်ထုမယ်ကွာ’’ သီချင်းစာသားနဲ့ ဂီတသင်္ကေတ တွေတော့မဟုတ်ဘူးပေါ့ကွာ။ ဒေါသရဲ့စားသားတွေနဲ့ ဒေါသရဲ့သင်္ကေတတွေပေါ့ကွာ ဟုမိန့်မိန့်ကြီးပြောပြပါတယ် ’’ ’’ဟာ’’ သူပြောတဲ့စကားကြီးတွေက ရင်တုန်စရာကြီး ဒီဘဲကြီး နောက်နေတာလား။ ဖောက်နေတာလားဆိုပြီးမသိမသာ လှမ်းကြည့်လိုက်တော့လည်းသူ့ရုပ်ကြီးက မသာကို ထုံဆေးထိုးပေးထားတဲ့ရုပ်မျိုးနဲ့ရုပ်သေကြီး ကျွန်တော်လည်း သူပြောတဲ့လူတွေထဲမှာပါတာမို့ ကိုယ့်နာမည်များပါနေမလားဆိုပြီး သူ့စာရွက်ထဲကိုလှမ်းကြည့်လိုက်တော့…..

’’ဟူး’’ တော်ပါသေးရဲ့ ကျွန်တော်နာမည်ရေးထားတာမတွေ့ရသေးတာနဲ့ ရင်အေးသွားပါတယ်။ အခြေအနေက သိပ်မကောင်းတာနဲ့ ကျွန်တော်လည်း ’’သွားမယ်နော် ’’……… ’’အဟင်း’’ ဆိုပြီးအသာပဲထပြန်လာခဲ့ပါတယ်။ တော်ကြာစိတ်ထဖောက်ပြီး ဖွင့်ပွဲလုပ်နေကာမှ ပြေးပေါက်မှားနေအုံးမယ်။ အိမ်အပြန်လမ်းတစ်လျှောက် နေမင်းကြီးနဲ့ အပြိုင်ကျွန်တော်ရင်ထဲမှာလည်း အစွမ်းကုန်ပူပြင်းနေပါတယ်…….. ကျွန်တော့်အတွေးထဲမှာတော့ အောင်ကိုသိန်း စာရင်းထဲက အသစ်ထည့်ထားတဲ့ ကျွန်တော်နာမည်ဘေးမှာ သူအသစ်ထွင်ထားတဲ့ ချိန်းကြိုးပုံ၊ ဂျင်ဂလိပုံ၊ လက်သီးပုံစတဲ့ဒေါသ သင်္ကေတ အသစ်တွေအပြည့်နဲ့ပေါ့ ခင်ဗျာ……..။

စင်ကာပူနိုင်ငံရောက် ဆင်တဲအသင်းစုပေါင်းအလှူ

နာရေးကူညီမှုအသင်း(ဆင်တဲ) အားကူညီထောက်ပံရန်အတွက် စင်ကာပူနိုင်ငံရောက် ဆင်တဲသားများ စုပေါင်း၍ ဆင်တဲအသင်းကိုဖွဲ့ စည်းခဲ့သည်။ ဆင်တဲ ရွာသစ်နေ ကိုသန်းဇော်ထွေးမှ ဦးစီး၍ အသင်းဝင်များထံမှ အလှူငွေများကောက်ခံကာ ဖေဖဝါရီလက နာရေးကူညီမှုအသင်း(ဆင်တဲ)သို့  အလှူငွေ (၁၀၀၀၀၀)ကျပ်အား လှူဒါန်းခဲ့သည်။ နောက်လများတွင်လဲ လစဉ်ပုံမှန် တစ်လ(၂၀၀၀၀၀)ခန့်  လှူနိုင်ရန်ကြိုးပမ်းသွားမည်ဟု ကိုသန်းဇော်ထွေးမှ အသင်းသားများအား ပြောကြားခဲ့သည်။

ဟိုအရင်ကလည်း ဆင်တဲအသင်းဖွဲ့ ၍ ဆင်တဲ(အ.ထ.က)ကျောင်းသို့ အလှူငွေများ လှူဒါန်းခဲ့သည်။ အသင်းဝင်ဦးရေ နည်းပါးသွားခြင်း၊ အလုပ်အကိုင် အခြေအနေများကြောင့် အလှူငွေကောက်ခြင်းအား ရပ်နားထားရာမှ နာရေးအသင်း(ဆင်တဲ)အား ကူညီရန်အတွက် ယခင်လမှစ၍ အလှူငွေများ ပြန်လည်ကောက်ခံ ခဲ့ခြင်းဖြစ်သည်။ ဆင်တဲအသင်းဟု အမည်တပ်ထားသော်လည်း ကျွန်တော်တို့ နီးစပ်ရာသူငယ်ချင်းများစုဖွဲ့ ၍ group လေးဖွဲ့ ထားခြင်းသာဖြစ်သည်။ ထို့ ကြောင့် စင်ကာပူနိုင်ငံ မြို့ အသီးသီးတွင် ရောက်ရှိနေသော ဆင်တဲသားများထဲမှ စိတ်ဝင်စားသော စေတနာအလှူရှင်များ ကိုသန်းဇော်ထွေး ဖုန်း -၉၈၀၇၄၀၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

နောက်ဆက်တွဲသတင်းအနေဖြင့် ဆင်တဲ(အလယ်ပိုင်း)နေ ဒေါ်လှအေးမှ နာရေးကူညီမှုအသင်း(ဆင်တဲ)မှ ဦစီးဆောက်လုပ်လျက်ရှိသောမီးသဂြိလ်စက်သို့  အလှူငွေ ၁၀သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ မီးသဂြိုလ်စက်ဆောက်လုပ်ရာတွင်လည်း ငွေကြေးအခက်အခဲ အနည်းငယ်ရှိသောကြောင့် အဝေးရောက်ဆင်တဲသား စေတနာအလှူရှင်များ နာရေးကူညီမှုအသင်း(ဆင်တဲ)အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

ရွာအဝင်လမ်း


သူငယ်ချင်း
မွေးဖွားခဲ့သမျှ ပြန်ထွေးပိုက်ဖို့ 
မွေးရပ်မြေက ကြိုဆိုနေတယ်။ ။

အချိန်တန်လို့ ပဲ ပြန်လာလာ
အချိန်မတန်ခင်ပဲ ပြန်လာလာ
အဆင်ပြေလို့ ပဲ ပြန်လာလာ
အဆင်မပြေလို့ ပဲ ပြန်လာလာ
ဘာအကြောင်းကြောင့်ပဲ ပြန်လာလာ
ရွာအဝင်လမ်းက ရင်ဖွင့်လျှက်ပါ
သူငယ်ချင်း။ ။

ပြည်မြို့ တွင် ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူ ပင့်ဆောင်ပူဇော်မည်

ပြည်မြို့ ၊ နဝဒေးရပ်ကွက်၊ ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် သီရိလင်္ကာနိုင်ငံမှပွားယူခဲ့သော ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူအား ပင့်ဆောင်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။ ဗုဒ္ဓမြတ်စွယ်တော်ပွားမှာ သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ ၌ ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွာ၏ လက်ဝဲအောက်စွယ်တော်မြတ်မှ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဓာရ (သာသနာ့ဓဇသီရိ ပဝရဓမ္မာစရိ ယ M.A) အရှင်သူမြတ်ကပွားယူကာ ပင့်ဆောင်တော်မူခဲ့ပြီး၊ ပြည်မြို့ ၊နဝဒေးရပ်ကွက်၊ ရွှေပေါက်ပင်တောရဆရာတော်ဦးသောမာဓာရ အရှင်မြတ်ထံသို့ လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။ ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်ခြင်းကို ၁၃၇၁ ခု၊တပေါင်းလဆန်း ၉ရက်၊ နေ့ တွင် ရန်ကုန်မြို့ မှ ပြည်မြို့ သာသနာ့နယ်မြေသို့ ပင့်ဆောင်လာမည်ဖြစ်ပြီး ပြည်မြို့ ရှိ တပည့်တကာများမှလည်း ခမ်းနားသိုက်မြိုက်စွာ ကြိုဆိုပူဇော်နိုင်ရန် စီစဉ်လျက်ရှိသည်။

Page 5 of 12« First...3456710...Last »