Archive for the ‘ဆင်တဲစာမျက်နှာ’ Category
ဟက်ပီဘတ်ဒေး အင်တာဗျူး
ဒီတစ်ပါတ် အတွင်းမှာရောက်လာမဲ့ မောင်ပုံမှန်ရဲ့ မွေးနေ့ကို မောင်ပုံမှန် ကိုယ်တိုင်တောင် သတိတရ မရှိခဲ့ပါဘူး။ အလုပ်ခွင်ထဲမှာ ဘီးဇီးတွေ တအားပြနေတာလည်း တစ်ကြောင်းပေါ့။ တစ်နေ့ကမှ မောင်ပုံမှန်ရဲ့ ဘော်ဘော် တစ်ယောက်က သတိတရနဲ့ လာမေးပြီး သတိပေးလာပါတယ်။
“ဘာလိုလို နဲ့ ကိုပုံမှန် မွေးနေ့တောင်ရောက်လာတော့မယ်နော်တဲ့”
အောင်မာ.. ရုတ်တရက် ဆိုတော့ ဝမ်းသာတော့ မလိုတောင် ဖြစ်သွားသေးတယ်။ ငါ့မွေးနေ့ကို သတိတရ ရှိတဲ့သူတောင် ရှိနေတယ်ပေါ့.. သူ့အမေးကြောင့် ရင်လေးကော့ မလိုလုပ်နေတုန်း.. သူဆက်ပြောလိုက်တဲ့ စကားကြောင့် ကော့မလိုလုပ်နေတဲ့ ရင်လေးတောင် ပြန်ပိန်သွားပါတယ်။
“ဒီနှစ်ရော ဘာဝါးရမှာလဲ”
တဲ့… ပြောပုံက.. ဟင့် စိတ်နာချင်စရာ။ မောင်ပုံမှန် က ငယ်ငယ်ကတည်းက မွေးနေ့ရောက်ပြီဆိုတာနဲ့ အိမ်မှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ တစ်ခုခုလုပ် ဘော်ဘော်တွေဖိတ်ပြီး ဘတ်ဒေးလုပ်နေကြ ကြီးလာတော့လဲ ငယ်ငယ်တုန်းကလိုပဲ တစ်ခုမဟုတ် တစ်ခုလုပ်နေကြ ဒီလိုမှ မလုပ်ဖြစ်ရင် အသက်တစ်နှစ်ကြီးလာတာကို ကိုယ့်ဘာသာလုံးဝ အသိမှတ်မပြုဘူး။ မောင်ပုံမှန်က နှစ်တိုင်း တစ်ခုမဟုတ် တစ်ခုကျွေးနေကြဆိုတော့ ဒီငတိကလည်း ဒီနှစ် အတွက်ဘာများ ဝါးရမလဲဆိုပြီး လာစပ်စုတာ ဘာရမလဲ မောင်ပုံမှန် ကလဲ ဒီငတိကို ပြန်ရစ်ပေးလိုက်တာပေါ့။
“အေးကွာ ကျန်တဲ့ သူတွေကို ဘာကျွေးဖြစ်မလဲတော့မသိဘူး မင်းကိုတော့ ငါကိုယ်တိုင် ခေါက်ဆွဲကြော် ကြော်ကျွေးမယ်ကွာ ကြက်သားများများနဲ့ ကြက်အသဲ အမြစ်ပါထည့်ပြီး ရှယ်ကြော်ကျွေးမယ်” မောင်ပုံမှန် ၏ မက်လုံးကြောင့် ငတိခမျာ မျက်လုံးများ အရောင်တောက်သွားလေရှာ၏။
“အေးဒါပေမဲ့ ..မင်းငါ့ကိုတော့ အင်တာဗျူးပေးရမယ်… ဟက်ဟက်..” မောင်ပုံမှန်ရဲ့ နောက်ဆက်တွဲ စကားကြောင့် ငတိ ခမျာကြောင်စီစီ ဖြစ်သွားရရှာလေ၏။
“ဘာရယ်… အင်တာဗျူးပေးရမယ်… ဘာဖြစ်လို့ ဗျူးပေးရမှာလဲ… ခင်ဗျားက နာမည်ကြီး အနုပညာရှင်လဲ မဟုတ် အားကစားသမားလဲ မဟုတ်ပဲနဲ့ ဘာလို့ ဗျူးရမှာလဲ..”
ဟုကြောင်စီစီဖြင့် ပြန်မေးလေ၏။ သို့သော်… ထွက်ပြီးသား သွားတိုက်ဆေး ဟူသည် ဘူး အတွင်းသို့ ပြန်ဝင်ရိုးထုံးစံမရှိ။ ဝယ်ပြီးသား ပစ္စည်း ဟူသည် ဆိုင်တွင်ပြန်လဲ၍ မရရိုးထုံးစံတို့ ရှိသလိုပင် မောင်ပုံမှန်၏ ပြောပြီးသား စကားတို့သည်လည်း ပြန်ပြင်ရိုး ထုံးစံမရှိပါလေ။ ထို့ကြောင့် ထိုငတိကို မောင်ပုံမှန်တစ်ယောက် ပြင်းထန်သော ရာဇသံပေးရချေတော့၏။
“ကဲ..ကဲ.. ကိုယ့်လူ… ငါပြောသလို အင်တာဗျူးပေးရင်တော့ ခေါက်ဆွဲကြော်စားရမယ် ပြောသလို ဗျူးမပေးရင်တော့ ငတ်ပြီသာမှတ်ပေတော့…”
မောင်ပုံမှန်၏ ရာဇသံ အဆုံးမတော့ ကြက်သားနိုင်းချင်းနှင့် ကြော်ထားသော ခေါက်ဆွဲကြော်ကို မျက်စိထဲက မထုတ်နိုင်ရှာသော ငတိတစ်ယောက် အင်တင်တင် နှင့် မျက်စိစုံမှိတ်ပြီး သဘောတူရရှာလေတော့၏။

မောင်ပုံမှန် ၏ ဘော်ဒါ ငတိဆိုသူမှာလည်း ခေသူတစ်ယောက်တော့ မဟုတ်ချေ။ (သူ့ကိုယ်သူ) နာမည်အတော်ရနေပြီဟု သတ်မှတ်ထားသော ဘလော့ကာ တစ်ယောက်ဖြစ်လေ၏။ “ဒဗလှူ ဒဗလှူ ဒေါ့ ငတိဘာညာကွိကွ ဘလော့စပေါ့ ဒေါ့ကွန်းဆိုရင် မသိသူ ဘလော့ကာ မရှိဆိုပဲ… ဘလော့ကာ တစ်ယောက်လုပ်နေပြီး ငတိကိုမှ မသိရင် အွန်လိုင်းမတက်နဲ့ ဆိုရလောက်အောင် အတော်ပေါက်နေတယ်လို့ ပြောကြတာပဲ အပြင်မှာ တွေ့ရင်နှုတ်ဆက်လို့ရအောင် ဖက်စဖွတ်မှာတောင် သူ့ပုံကြီးကို သွားအဖြီးသားနဲ့ ခန့်ခန့်ကြီး တင်ထားလိုက်သေးတယ်။
သူ့ဘလော့မှာ ဘာတွေတင်ထားလဲလို့ မေးရင်တော့ သူအလကား သွားစားထားခဲ့ဖူးတဲ့ မွေးနေ့တို့ အလှူတို့မှာ အလှူ့ရှင် မမတွေနဲ့ တွဲရိုက်ထားတဲ့ စပ်ဖြီးဖြီး ပုံကြီးတွေကို တဝကြီးခံစားနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး ဘလော့ကာ တွေအကြောင်းတော့ ဘာသိချင်လဲ ငတိကိုသာ သွားမေးဆိုတဲ့ လူမျိုးပေါ့။ တစ်ခါတစ်လေ ရေးစရာမရှိရင် ဘလော့ဂါမလေးတွေ ခြေသည်း လက်သည်း ကျိုးတာတောင် သတင်းလုပ်ရေးတတ်တဲ့ သူမျိုး ဆိုလဲမမှားပါဘူး သတင်းစုံ ဘလော့ကာကြီး ပေါ့။
အဲဒီမှာ စတွေ့တော့တာပါပဲ။ သတင်းစုံ ဘလော့ငတိနဲ့ ဘတ်ဒေး သတင်းတင်ချင်နေတဲ့ မောင်ပုံမှန်နဲ့ ပေါ့ဗျာ။ ဒီငတိက မောင်ပုံမှန် မွေးနေ့ရောက်တိုင်း ခပ်တည်တည် နဲ့ လာဝါးနေကျ ပြီးရင် မေ့ပြစ်တတ်တဲ့ ငတိမျိုး ဒီတစ်ခါတော့ မောင်ပုံမှန်ကလည်း ဘယ်အမေ့ ခံလိမ့်မလဲ။ မှတ်လောက် သားလောက်အောင် အင်တာဗျူးခိုင်းပြီး ဒင်း ဘလော့မှာ တင်ခိုင်းမယ်ဆိုပြီး ဇွတ်အတင်း လုပ်တော့တာပဲ။ အဲဒီမှာ ငတိတစ်ယောက် အစားတစ်လုတ် အတွက်နဲ့ ပျားတုပ်တော့တာပါပဲ။ မောင်ပုံမှန် ရဲ့ ဇွတ်လုပ်ရပ်ကြောင့် ငတိတစ်ယောက် ငှက်ပျောသီး ခိုးမှု့နဲ့ ထောင်ဒါဏ် အနှစ်နှစ်ဆယ် အပြစ်ပေးခံလိုက်ရတဲ့ မျောက်အိုကြီးလို ငေးမှိုင်နေပါတော့တယ်။ ပြီးမှ “ဘာဗျူးရမှာလဲဗျ ဘာတွေမေးရမှာလဲ” ဆိုပြီး မျက်နှာ အိုကြီးနဲ့မေးပါတယ်…
“အာကွာ… မင်း အတော်တုံးတဲ့ကောင်ပဲ ဒါလေးတောင်မသိဘူးလား.. သွားအိမ်ပြန်ပြီး ဂျာနယ် အဟောင်းလေးတွေ ပြန်ရှာဖတ်ပြီး အနုပညာသမားတွေကို ဗျူးထားတဲ့ ဟာလေးတွေ ရှာကြည့်လိုက်… သူများတွေ ဘယ်လို ဗျူးထားတယ်ဆိုတာ သိရအောင်လို့ ဟင်း..ဟင်း..မပြောချင်ပါဘူး..နုံချက်ကတော့..”
ဆိုပြီး မခံချင်အောင် ခပ်ငေါက်ငေါက်လေးပြောလိုက်တော့ ငတိခမျာ မရှိမဲ့ ရှိမဲ့ မာနလေး ထိခိုက်သွားရှာပုံရပါတယ်။
“ဒီလောက်တော့ အထင်မသေးပါနဲ့ဗျာ.. သူတို့တွေဗျူးနေကြ ခေါက်ရိုးကျိုးတွေလို ပုံစံမျိုးဆိုလို့ကတော့ ခုဗျူးခိုင်းရင် ခုရပါတယ်” ဆိုပြိးပြောရှာပါတယ်။
ဂလိုနှင့် ငတိနှင့်မောင်ပုံမှန်တို့၏ ဗျူးပွဲကြီး စတင်ပါတော့တယ်။ မောင်ပုံမှန်ကလဲ သိတယ်မလား တက်သစ်စ အနုပညာသမားလေးများလိုပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် အရမ်း အရမ်းကို ဖြေချင်နေတာလေ.. ဟိဟိ။ ပထမဆုံး သူစမေးတာက “ဒီနှစ်မွေးနေ့ရက်မှာ ဘာလုပ်မလဲ” တဲ့… (သူမေးချင်တာက ခေါက်ဆွဲကြော်၊ကြာဇံကြော်၊မုန့်ဟင်းခါး တစ်ခုခုပေါ့ ဝါးဇယားကို မေးတာပါ)
မောင်ပုံမှန်ကလဲ သိတယ်မလား.. “အင်း……….ဒီနှစ်တော့…စိုင်းစိုင်းလိုပဲ ဘတ်ဒေးရှိုးလုပ်ပြီး အခွေထုတ်ရင် ကောင်းမလားလို့.. မေးစေ့လေးပွတ်ပြီး ငကြွားမလေး နန်းဆုရတီစိုး လို ခပ်ကြွားကြွားလေး ဖြေလိုက်ရာ ငတိတစ်ယောက် မျက်နှာတစ်ခွင်လုံး ရှုံမဲ့သွားလေတော့၏။ သို့သော် ခေါက်ဆွဲကြော် မျက်နှာကိုထောက်ပြီး
“အင်း…အင်း.. သဘောပဲလေ” ဟု အလိုက်သင့် ပြောရှာလေ၏။
ငတိ ။ ။ ဒါနဲ့ ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲ မသိဘူးနော်….
မောင်ပုံမှန် ။ ။ ကြောဘူး..တတ်ရင်တတ်…ဟီ.ဟီ.. အနုပညာသမားလေကွာ.. ဆယ့်ငါးနှစ် ကျော်လောက်ကတည်းက အသက်ကို မှတ်မထားတော့တာ…
ငတိ ။ ။ ဘယ်တုန်းကများ အနုပညာသမားဖြစ်သွားတာလဲ…
မောင်ပုံမှန် ။ ။ ကြာဘီလေ စာတစ်တန် ပေတစ်တန် မောင်ပုံမှန် ဆိုတဲ့ ဘွဲ့နဲ့လေ။ ကိုယ့်ဘာသာ ပေးထားလိုက်တာလေ မပိုင်ဘူးလား ငှဲငှဲ.. ငှဲ.
ငတိ ။ ။ မွေးနေ့မနက် ရောက်လို့ အိပ်ရာက နိုးလာတာနဲ့ ဘာလုပ်မယ် စိတ်ကူးထားလဲ…
မောင်ပုံမှန် ။ ။ အာ… မျက်နှာသစ်.. သွားတိုက်၊ အိမ်သာတက် ရမှာပေါ့ ဘာလုပ်ရမှာလဲ… မွေးနေ့ ရောက်တာနဲ့ပဲ ဘာမှ မလုပ်ရတော့ဘူးလား.. ဟွန်း…
ငတိ ။ ။ ဟယ်… မဆိုလိုပါဘူး.. မဆိုလိုပါဘူး… အင်း.အင်း.. သဘောပဲဗျာ.. ဟူး… ဒါနဲ့ ကိုပုံမှန်က တစ်ခြား အနုပညာသမားတွေလို မဟုတ်ဘူးနော်။ ဥပမာ ဗျာ မွေးနေ့မနက်ခင်းကို ရောက်တာနဲ့ ဟို စိတ်ကူးယဉ်လေးပေါ့ မနက်ခင်းလေးမှာ နိုးလာတာနဲ့ ချစ်သူကောင်မလေးဆီက ဖုန်းသံလေးကို စောင့်နေမယ်.. နောက်ထပ် သူပို့လာမယ့် မွေးနေ့ လက်ဆောင်လေးကို စောင့်ရင်း ရင်ခုန်နေမယ်… စသဖြင့် ပေါ့ဗျာ… ကျွန်တော် ဆိုလိုချင်တာက.. အဲဒါ.. အဲဒါမျိုး…
မောင်ပုံမှန် ။ ။ ဘာရယ်… ကောင်မလေးဆီက ဖုန်းသံကို မျှော်ရမယ်… အောင်မာ တကယ်လို့ ငါ့မှာ ကောင်မလေးမရှိရင် မင်းကရှာပေးမှာ မိုလို့လား… အပိုတွေ… (မောင်ပုံမှန်၏ အဖြေ စကားများကြောင့် ငတိတစ်ယောက် လွန်စွာမှပင် စိတ်နာလှသော်လည်း ခေါက်ဆွဲကြော် မျက်နှာကို ထောက်ပြီး ကြိတ်မှိတ်ကာ သီးခံလေ၏။)
ငတိ ။ ။ မွေးနေ့မှာ ဘယ်ကို လျှောက်သွားဖို့ ရှိလဲ သွားရင်လဲ သူငယ်ချင်းတွေ နဲ့လား ဒါမှမဟုတ် မိသားစုနဲ့လား…
မောင်ပုံမှန် ။ ။ အင်း.. အဲဒီနေ့မှာ ရှိုးပွဲတွေ ပြောထားတာတော့ ရှိတယ် ဘယ်မှာ ဖြစ်မလဲ တော့မသိဘူး…
ငတိ ။ ။ ဟယ်.. ရှိုးပွဲတွေရှိတယ် ဆိုတော့… စတိတ်ရှိုးလား၊ မော်ဒယ်ရှိုးလား ဘာရှိုးပွဲလဲဟင်… သတင်း လာယူရအုံးမလား… မောင်ပုံမှန် ။ ။ ဟုတ်ပါဘူး… ရှိုးပွဲဆိုတာ ဖဲရိုက်တဲ့ ရှိုးကိုပြောနေတာ.. ဟက်..ဟက် ဆင်တဲတစ်ဘက်ကမ်း ပြည်မြို့မှာဆိုရင်တော့ ကျောင်းသားတွေပေါတဲ့ သရက်တောရပ်ကွက်က အဆောင်တွေဖြစ်ဖြစ်၊ GTC အဆောင်တွေ ဖြစ်ဖြစ် တစ်နေရာမှာ ရှိနေမှာပါ။ တကယ်လို့ ရှိုးပွဲမရှိလို့ မသွားဖြစ်ရင်လဲ နုတ်ခမ်းမွှေး ဆိုင်(ဆင်တဲ၌ရှိသော နုတ်ခမ်းမွေး ကွမ်းယာနှင့်ရှက်ကီဆိုင်) မှာပဲ ဘီအီး တစ်ပိုင်းမှာပြီး ဝက်စွပ်လေးနဲ့ ငြိမ့်နေလိုက်တော့မယ်လေ။
ငတိ ။ ။ မွေးနေ့မှာ နိုင်ငံခြားတို့ ဘာတို ကိုရော သွားလည်ဖို့ ရှိသေးလား ရှော့ပင်းထွက်ရင်းပေါ့…
မောင်ပုံမှန် ။ ။ သွားတော့ သွားချင်ပါတယ်… သူတို့ကလည်း ခေါ်နေကြတယ်… ဒါပေမဲ့ ………. (မောင်ပုံမှန် ၏ စကားမဆုံးခင်.. ငတိက ဝမ်းသာ အားရဖြင့်)
ငတိ ။ ။ ဘယ်သူတွေက ခေါ်နေတာလဲဟင် ဟိုမင်းသမီးလို ဂျပန်မှာ ကုမ္မဏီ ဖွင့်ထားတဲ့ အဖေကခေါ်တာလား။ ဟိုအဆိုတော်မလေးလို အင်္ဂလန်က အမျိုးတွေက ခေါ်တာလား ဟို.. အမေရီးကား မှာရော အမျိုးတွေ ရှိသေးလား…
မောင်ပုံမှန် ။ ။ ထွပ်… ဘာတွေ လျှောက်ပြောနေတာလဲ.. ဘယ်မှာမှ ဘာအမျိုးမှ မရှိဘူး ခေါ်နေတယ်ဆိုတာ ခရီးသွားအေဂျင်စီတွေက ကြော်ငြာပြီးခေါ်နေတာကို ပြောနေတာ အဲဒါ သွားချင်ပေမဲ့ ဘယ်သူမှ လိုက်ပို့မဲ့သူ မရှိလို့ ဘယ်နိုင်ငံမှ မသွားတော့ဘူး…
ငတိ ။ ။ ဟူး…. ပြီးဘီဗျာ မေးစရာ မရှိတော့ဘူး..
မောင်ပုံမှန် ။ ။ အော်.. မေးလို့ပြီးဘီလား.. ဒါဆို ဓါတ်ပုံရိုက်လေ
ငတိ ။ ။ ဟာ.. ဘာလဲဗျ … ဘာလို့ ရိုက်ရမှာလဲ
မောင်ပုံမှန် ။ ။ ဟယ်…ပုံပါထည့်ပေးလေ ဒါမှ မောင်ပုံမှန် ကို ပရိတ်သတ်တွေမြင်ဖူးမှာပေါ့ ဒါလေးတောင်မသိဘူးလား…
ငတိ ။ ။ ဟူး…. (ငတိတစ်ယောက် လွန်စွာလေးကန်လှ သောအသံကြီးဖြင့်) ဟုတ်ကဲ့ပါ…ဟုတ်ကဲ့ပါ… ဒါပေမဲ့ ကင်မရာက ခုပါမလာသေးလို့ နောက်နေ့မှ ဓါတ်ပုံက လာရိုက်ပေးမယ်နော်…
ဟုဆိုပြီး ငတိတစ်ယောက် လေးဖင့်သော ခြေလှမ်း အစုံဖြင့် ထွက်ခွာသွားလေတော့ သတည်း။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင်ပုံမှန် အဖို့ကတော့ ငတိ ထံမှ မွေးနေ့လက်ဆောင် တစ်ခု ရလိုက်ပြီလို့ သတ်မှတ်ရတော့ မှာပါပဲ။ အဲဒါကြောင့် တစ်ယောက်တည်း အားရပါးရ ထအော်လိုက်ပါတယ် …
ဟက်.. ပီ.. ဘတ်… ဒေး…
မင်္ဂလာဆောင် ခရီးသည်
ကျွန်တော်တို့ မြန်မာပြည်မှာ ဝါလကင်းလွတ် သီတင်းကျွတ်လကို ရောက်ပြီဆိုတာနဲ့ လူသားတွေ အလုပ်ရှုပ်နေကြပါတော့တယ်။ အသက် အရွယ် အနေအထားပေါ် မူတည်ပြီး ပုံစံ အမျိုးမျိုး အလုပ်ရှုပ်ကြပါတော့တယ်။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ အသက် အရွယ်နဲ့ အခြေ အနေပေါ် ကိုမူတည်ပြီး ကွဲပြားသွားတာလောက်ပါပဲ “ဝါကျွတ်တော့မည် ..လူကြီးတွေကို ကန်တော့ ကြရမည်”။ “မိုးလေကင်းလွတ်ပြီ ..မီးပုံးပျံ လွတ်ကြရအောင်…”
ဒါတွေကတော့ ကြားနေကြ စကားသံများ ဖတ်ဖူးနေကြ ဝါကျ များနှင့် ပြောရိုးပြောစဉ် များသာဖြစ်ကြပါတယ်။ တကယ်တန်း မြန်မာပြည်မှာ လူတွေ အလုပ်များသောလုပ်လေ့ လုပ်ထရှိသော ကိစ္စများကတော့ “ကလေး အရွယ် တောင်မရောက် မြောက်မရောက် မျောက်ရှုံးလေးများ ကတော့ သီတင်းကျွတ် ခါတော်မှီ မှောင်ခို ဗျောက်အိုးရောင်းသော ဆိုင်များကို သေသေချာချာ လေ့လာထားပြီး အိမ်တွင်း စီးပွားရှာ ရာမှ ရလာသော တိုငွေ ၊ရှိုငွေ၊ ဘတ်ငွေ နိုင်ငံတကာငွေ များဖြင့် ရနိုင်သလောက်ဝယ်ထားပြီး ရပ်ကွက်လူကြီးများ အလစ်တွင်ဖောက်နိုင်ရန် အတွက် အကြံကြီး ကြံပြီး သီတင်း အကျွတ်ကိုစောင့်နေကြလေ၏။
နောက်ထပ် အကြံပိုင်သော အဖွဲ့ တစ်ဖွဲ့ကတော့ သီတင်းကျွတ် အထူးလျှော့ဈေးတို့ ၊ဘာညာရှိုးပွဲ တို့ သီတင်းကျွတ် တွင် လုပ်လေ့ လုပ်ထရှိသော အရပ်ပွဲ ဘာညာတို့တွင် သုံးစွဲနိုင်ရန် အတွက် ကိတ်မုန့် တစ်လုံးကို အရင်းပြုပြီး လူကြီးများကိုကန်တော့ကာ မုန့်ဖိုးများများ ပြန်တောင်းဖို့ ပရောဂျက် ကြီး ဆွဲထားသော ခေတ်သစ် မဟာဒူး တို့ အရွယ်ပေါင်း စုံ အဖွဲ့ ဖြစ်လေသည်။ နောက်ထပ် အကြံပိုင်သော အဖွဲ့ကတော့ ဝါကျွတ်ပြီ ဆိုတာနဲ့ ရှိသမျှ အမျိုးပေါင်းစုံကို ဖိတ်စာတစ်ခုလုံးပြည့်နေအောင်ရိုက်ထည့်ပြီး လမ်းတွေ့လို့ ပြုံးပြဖူးတာနဲ့ ဖိတ်စာ အတင်းလိုက်ပေးဖို့ မစ်ရှင်ဆွဲနေကြသော မင်္ဂလာ စုံတွဲ လောင်းများပဲဖြစ်ပါတယ်။
သီတင်းကျွတ်ရောက်လာပြီ ဆိုတာနဲ့ သူတို့ ခမျာ ကျားရှေ့ ဘဲကင်ချထားသလိုပဲ တားလို့မရအောင်ကို ဝါးချင်နေကြပြီ။ …အဲ..အဲ.မင်္ဂလာဆောင်ချင်နေကြပြီ။ ဆောင်မယ်….ဆောင်မယ်..တကဲကဲ နှင့် ထရိတ်ဒါး တို့ ဆီဒိုးနား တို့မှာ မဆောင်နိုင်လဲ ဘာဖြစ်လဲ ကိုယ့်အိမ်ရှေ့ မှာကိုယ် တိုင်ထောင် အမိုးမိုး ဖော့ပန်းလေးဆင်လိုက်ရင် မဏ္ဍပ်ဖြစ်ပြီပေါ့ မင်္ဂလာခန်းမကြေး ပေးစရာမလိုပဲ စရိတ်တောင်လွတ်သေး သက်သာလေစွ ဆိုတဲ့ အကြံနဲ့ တိုင်ထောင်၊ကျင်းတူး၊ အမိုး မိုးဖို့ အတွက် ရပ်ကွက်ထဲလှည့် တွေ့သမျှလူ ပြုံးပြ ပြီး လုပ်အားပေးခေါ်ဖို့ အတွက် အပြုံးလေးတွေချွေပြီး ဘွတ်ကင်လိုက်လုပ်နေပါတယ်။
ဒီလို အချိန်ဆိုရင်လဲ ရပ်ကွက်ထဲက အိမ်တွေမှာ တစ်ဖွဲဖွဲ နဲ့ ဝင်လာလိုက်တဲ့ ဖိတ်စာတွေက ပြေးမလွတ် ဒုံးကျည်တွေ အိမ်ထဲကို အလုံးအရင်းနဲ့ ဝင်လာသလိုပဲ ရှိနေပါတယ်။ တစ်ချို့ အကွက်မြင်တဲ့ မိဘတွေက ဒီလို အချိန် ရာသီ မျိုးရောက်လာတာနဲ့ အိမ်ရှေ့ လူမြင်ကွင်းမှာ လက်လွတ်စပါယ် ထိုင်မနေရဲတော့ပဲ တင်းကြပ်တဲ့ လုံခြုံရေး အစီ အမံတွေချပြီး အိမ်ရဲ့ မျက်ကွယ် အရပ်မှာ သတိနဲ့ ဝင်နေကြပြီး လူရည်လည်တဲ့ သားသမီးလေးတွေကိုပဲ အိမ်ရှေ့မှာ ကင်းချထားတတ်ကြပါတယ်။ ဖိတ်စာကိုင်ပြီး အိမ်ထဲကိုဝင်လာတဲ့ လူတစ်ယောက်ယောက် ကိုတွေ့တာနဲ့ “ လူဂျီးတွေ အရှိဘူးဂျ ” ဆိုတဲ့ အကွက်ဟောင်းကြီးနဲ့ ထွက်ငွေ လျှော့ချရေးစီမံကိန်း တွေဆွဲထားတဲ့ အချိန်ပဲဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်ပဲ အိမ်ရှေ့ မှာ ခန့်ခန့်ကြီးထိုင်နေပြီး လာသမျှဖိတ်စာကို လက်ခံနေမိလို့ကတော့ လက်အတင်းဆွဲပြီး “ဦး ဆက်ဆက် လာရမယ်နော်”…“အကိုကြီး..မလာလို့ မရဘူးနော်”..“အဘ…လာမှကို ဖြစ်မှာ” ဆိုတဲ့ …မျက်နှာနာစရာ အပြောမျိုးတွေရဲ့ အောက်မှာ အားနာတတ်တဲ့ မြန်မာလူမျိုး ပီသပြဖို့ အတွက် အိပ်ကပ်ထဲက ဖွတ်ကလိဒင်္ဂါးတွေ အတော်ရင်းပေးလိုက်ရမှာပါ။ ဟဲ..ဟဲ ဒီလိုအပြောမျိုးတွေ ပြောနေပြီဆိုတာနဲ့ မောင်ပုံမှန် ကို ဘာကြီးလဲဟ …ဘယ်လို ဟာကြီးလဲဟ သူကြတော့ရော ဒီလို အကွက်တွေ မလုပ်ခဲ့ ဘူးလား… သူရောကင်းလို့လား ဒါမှမဟုတ်.. ဟိုရုပ်ရှင်တွေထဲကလို မင်္ဂလာပွဲပျက်သွားလို့ မင်္ဂလာဆောင် ကိုမုန်းတီးနေတဲ့ သူတစ်ယောက်များ ဖြစ်နေမလား။ ဒါမှမဟုတ်… အီကိုတွေးတွေးပြီး.. မင်္ဂလာဆောင်ဆိုရင် ဘယ်မင်္ဂလာဆောင်ကိုမှ မသွားတဲ့သူ အီကို ကြီးများလားလို့ လည်းမထင်လိုက်ပါနဲ့။
ဟိုတစ်ချိန်တုန်းက.ဆိုရင် မောင်ပုံမှန် တို့ အဖွဲ့ ကို အကြောင်းမသိတဲ့ သူတွေက “ မင်္ဂလာဆောင်ပွဲစားတွေလို့ ” တောင်ထင်ခဲ့ ကြရအောင်ကို မင်္ဂလာဆောင် အလွန်သွားခဲ့တဲ့ သူတွေပါ။တော်ရုံ မင်္ဂလာဆောင် သွားတဲ့ သူတွေကတော့ မောင်ပုံမှန် တို့ အဖွဲ့ကိုလုံးဝမမှီပါဘူး။ မင်္ဂလာဆောင် တစ်ခုကို သွားပြီ ဆိုရင်လည်း ဘယ်တော့ မှတစ်ယောက်ထဲ မသွားတတ်ပဲ လိုက်ချင်သမျှ လက်လှမ်းမှီရာ ဘော်ဒါတစ်အုပ် တစ်မကြီးကိုခေါ်သွားတတ်ပါတယ်။ တစ်ခါ တစ်လေ ကိုယ့်အိမ်က သွားစရာ မင်္ဂလာဆောင် မရှိလို့ အိမ်မှာထိုင်နေရင်တောင် တစ်ခြားဘော်ဒါ တစ်ယောက်က သွားဖို့ ရှိလို့ ထုံးစံ အတိုင်းလာခေါ်ရင်တောင် ထလိုက်သွားလိုက်တာပါပဲ။
မောင်ပုံမှန် တို့ မိဘတွေကို ဖိတ်မိတဲ့ မင်္ဂလာဆောင်တွေကတော့ အတော်နာမဲ့ သဘောရှိပါတယ်။လက်ဖွဲ့တာက တစ်ယောက်ထဲ လိုက်လာတဲ့ သူတွေက တစ်အုပ်ကြီးဆိုတော့ ..။ ဒီလို အချိန် ရာသီမျိုးကို ရောက်လာပြီဆိုတာနဲ့ ပုံမှန် တို့ အဖွဲ့လည်း အင်္ကျီသစ် ပုဆိုးသစ်တွေ ကိုယ်စီနဲ့ အရပ် တကာလှည့်ပြီး မင်္ဂလာဆောင်ပွဲစားတွေလုပ်နေကြပါပြီ။ လူအုပ် တောင့်တဲ့ ပုံမှန် တို့ အဖွဲ့ အဖို့ တစ်ယောက် သွားဖို့ မရှိတောင် တစ်ယောက်က ရှိနေလို့ ဒီရာသီ ရောက်လာပြီ ဆိုတာနဲ့ နားရက် မရှိအောင်ကို သွားရပါတော့တယ်။
သွားခဲ့ဖူးတဲ့ အတွေ့ အကြုံတွေ အရ မင်္ဂလာဆောင်တွေ ထဲမှာ အမျိုးစား အမျိုးမျိုး နဲ့ တွေ့ခဲ့ဖူးပါတယ်။ မိုင်လို၊ ကိုကိုး တို့ တိုက်ပြီး ဘဲသားပတ်(ပ်) ကျွေးတဲ့ မြို့ဆောင်လေးလား၊ ရေခဲမုန့် နဲ့ ရွှေပုစွန်ကိတ် ကျွေးတဲ့ သားသားနားနား မင်္ဂလာဆောင်လား၊ လက်ဖက်ရည်နဲ့ မုန့်နဲ့ ကျွေးပြီး ရေနွေးကြမ်း နဲ့ လက်ဖက်သုပ်ပါ အဆစ်ထည့်ပေး တဲ့ စေတနာပါပါ မင်္ဂလာဆောင်လား၊ လက်ဖက်ရည် ကျဲကျဲဖျော် ပလိန်းကိတ် တစ်ချပ်ချပေးပြီး ပေါ်တင်အလှူခံတဲ့ မင်္ဂလာဆောင် အစုံပါပဲ။ တစ်ခါတစ်လေ တောဘက်က မင်္ဂလာဆောင်ဆိုရင် မနက်ပိုင်း မုန့်ဟင်းခါးကျွေးပြီး နေ့လည်ပိုင်းမှာ ဝက်သားနဲ့ထမင်း ကျွေးတဲ့ တောရှယ် မင်္ဂလာဆောင် မျိုးဆိုရင်လည်း လှည်းကြုံလှေကြုံ စီးပြီး သွားခဲ့ကြဖူးပါတယ်။ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက ကြည်ဖြူကြပေမဲ့ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက သိပ်အစာကြေပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ကတော့ သွားမြဲ သွားခဲ့ကြတာပါပဲ။
ကျွန်တော်တို့ သွားခဲ့ဖူးတဲ့ မင်္ဂလာဆောင်တွေ အများကြီးထဲမှာမှ မှတ်မှတ်သားသား ထင်ကျန်လောက်တဲ့ မင်္ဂလာဆောင် ကတော့ တစ်ခုပဲရှိပါတယ်။ တစ်နေ့ညနေခင်းမှာပေါ့ အိမ်က မင်္ဂလာဆောင်သွားဖို့ မောင်ပုံမှန်ကို ထုံးစံအတိုင်း ကိုယ်စားလှယ် လွှတ်လိုက်ပါတယ်။ မင်္ဂလာဆောင် သွားဖို့ အတွက် ရှိုးအပြည့်နဲ့ အိမ်ကထွက်လာခဲ့တဲ့ မောင်ပုံမှန် တစ်ယောက် ထုံးစံ အတိုင်း အဖွဲ့ဝင်တွေ လိုက်စုတာ တစ်ယောက်မှ မတွေ့ရပဲ အကြောင်းအမျိုးမျိုးနဲ့ လွဲချော်နေတာကြောင့် နောက်ဆုံးမှာတော့ အခိုင်အမာ မန်ဘာကြီး ပေါ့ဆိမ့် တစ်ယောက်ပဲ အဖော်ရပါတော့တယ်။
နှစ်ယောက်ထဲရှိလည်း ဘာဖြစ်လဲ သွားကြမယ်ဆိုပြီး နှစ်ယောက်သားရင်ကော့ပြီး ထွက်လာကြပါတယ်။ ဟန်နဲ့ပန်နဲ့ လူကြီးစတိုင်ဖမ်းပြီး လာတဲ့ ကလေးနှစ်ယောက် မင်္ဂလာခန်းမကို ရောက်လာတဲ့ အချိန်မှာတော့ ခန်းမတစ်ခုလုံးမှာ မင်္ဂလာဧည့်ပရိတ်သတ်တွေလည်း အတော်များနေပါပြီ။ အဝင်ဝဧည့်ကြိုနေရာကနေ ခန်းမထဲဖြတ်လျှောက်ပြီး လူလွတ်တဲ့ ခုံမှာဝင်ထိုင်နေတဲ့အထိ မောင်ပုံမှန်တို့ လူကြီးလူကောင်း နှစ်ယောက်ကို အဖက်လုပ်ပြီးခေါ်မယ့် သူတစ်ယောက်မှ မရှိပါဘူး။ နှစ်ယောက်သား ဟိုကြည့် ဒီကြည့်နဲ့ အတော်လေးကြာလာကာမှ ဝတ်ကျေတမ်းကျေ လက်ဖက်ရည် နှစ်ခွက် စားပွဲပေါ်ကို ရောက်လာပါတော့တယ်။
ဘေးနားကစားပွဲဝိုင်းတွေကို မကြာခဏ လာနှုတ်ဆက်တဲ့ သူတို့သား၊ သူတို့ သမီးနဲ့ သူတို့မိဘတွေကလည်း ဘေးနားက ဝိုင်းကလူတွေကို သဲသဲလှုပ် ဧည့်ခံနေကြသလောက် မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကိုတော့ ဆေးဖော်ကြောဖက်တောင် မလုပ်ကြပါဘူး။ တကယ်တော့ မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကလည်း သူတို့ကိုပိုက်ဆံပေးဖို့ လာတဲ့ “ကာစတန်မာ” တွေပဲလေ.. လူကြီးတွေမှ ပိုက်ဆံလာပေးတာမှ မဟုတ်ပါဘူး။ ဆူညံနေတဲ့ သီချင်းသံတွေနဲ့ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ရယ်သံတွေကို အကြီးအကျယ် စိတ်ညစ်သွားတဲ့ ကလေးနှစ်ယောက် တိုင်ပင်စရာမလိုပဲ ထထွက်လာခဲ့ကြပါတော့တယ်။ အပွဲပွဲနွဲလာခဲ့တဲ့ ဝါရင့် ပွဲစားကြီးနှစ်ယောက် ဒီတစ်ပွဲကြမှ ခံလိုက်ရတာ အတော်ရင်နာစရာပါပဲ။ လက်ဖွဲ့ငွေထည့်တဲ့ နေရာကိုရောက်ကာမှ ပြန်ကာနီး ပိုက်ဆံထည့်ဖို့ မေ့သွားမှာစိုးလို့ နဲ့တူပါရဲ့ အဝင်တုန်းကတော့ လာကြပါ မခေါ်တဲ့ လူကြီးတစ်ယောက်က တစ်ပေပတ်လည် အပြုံးတုကြီး ဖန်တီးပြီး ပြန်ပြီလားလို့ မေးပါတယ်။ (ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပြန်ချင်လည်း ပြန်ကြတော့ ပိုက်ဆံတော့  ထည့်သွားဦးဆိုတဲ့ သဘောထင်ပါရဲ့)။
ဒီနေရာရောက်လာတော့ ပုံမှန်ရဲ့ ရွှေးချယ်ခွင့်ဖြစ်သွားပါပြီ။ အဲဒီတုန်းက အိမ်ကလက်ဖွဲ့ ခိုင်းလိုက်တဲ့ ငွေ အစိတ်ကို သူ့ရှေ့တင်ပဲ တစ်ဆယ်တန်ကို နှုတ်လိုက်ပြီး ဆယ့်ငါးကျပ်တန် တစ်ရွက်ပဲ လက်ဖွဲ့လိုက်ပြီး ခပ်တည်တည် နဲ့ ပြန်ထွက်လာကြပါတော့တယ်။ သူတို့ဘက်ကလည်း မရှုံးပါဘူး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ကောင်းကောင်းတစ်ခွက်မှ သုံးကျပ်လောက်ပဲရှိတဲ့ ခေတ်မှာ ချိုကျဲ နှစ်ခွက်သောက်ပြီး ဆယ့်ငါးကျပ်တောင် လက်ဖွဲ့ သွားတယ်ဆိုတော့ မြတ်တောင်မြတ် ပါသေးတယ်။
ဒီလိုနဲ့ နှစ်ယောက်သား အိမ်ပြန်ရောက်တဲ့အထိ ဒေါသထွက်ထွက် နဲ့ သုငယ်ချင်းနှစ်ယောက်ပြောလို့ မဆုံးနိုင်အောင် ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ပြောနေတာကို ကြားသွားတဲ့ မားသားကြီးက မသင်္ကာလို့ အစ်အောက်ကြည့်လိုက်ကာမှ အမှန်ကို သိသွားပြီး ကျွန်တော်တို့ နှစ်ယောက်ကို အကြီးအကျယ် ဆူပွက်ပါတော့တယ်။ လူကြီးချင်းမျက်နှာပျက်ရမှာကို ကြောက်နေတဲ့ မားသားကြီးက ကျန်တဲ့ တစ်ဆယ်ကို ချက်ချင်းသွားပြန်ထည့်ခိုင်းလိုက်လို့ နှစ်ယောက်သား မသွားချင်သွားချင်နဲ့ နောက်တစ်ခေါက်ပြန်သွားပြီး ကျန်တဲ့ တစ်ဆယ်ကို သွားပြန်ထည့်ရပါတော့တယ်။ ဟိုရောက်တော့ အံ့သြ သွားတဲ့ ငွေလက်ခံတဲ့ ငနဲကြီးကို ခုနက မေ့သွားလို့ ဆိုပြီး မိဘနာမည်ပြောပြီး နောက်တစ်ဆယ်ထပ်ပေးပြီး ခပ်တည်တည် နဲ့ ပြန်လှည့် ထွက်လာခဲ့ပါတယ်….။
ကျွန်တော် မင်္ဂလာဆောင် ပွဲစားလုပ်လာတဲ့ သက်တမ်းတစ်လျှောက် အကြီးကျယ် အဆင်မပြေဆုံး နေ့တစ်နေ့ ဖြစ်လာတဲ့ အဲဒီနေ့ကို အမြဲတမ်း အမှတ်ရနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ဒီရာသီကို ရောက်လာပြီဆိုတာနဲ့ ကလေးဘဝတုန်းကလို ဗျောက်အိုးဖောက်ချင်တာ၊ ကိတ်မုန့် တစ်လုံးဝယ်ပြီး ရင်းနှီးမြုပ်နှံမှု့ လုပ်ကြည့်ချင်တာ သီချင်းသံတွေ ဆူညံနေအောင်ဖွင့် ထားတဲ့ မင်္ဂလာဆောင်တွေကို သူငယ်ချင်း တစ်အုပ်နဲ့ သွားချင်တဲ့ အကျင့်တွေ ရှိနေတုန်ုးပါပဲ……….။
မှတ်ချက်။ ။ မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့် ကျွန်တော်တို့သူငယ်ချင်းတစ်ယောက် အကြောင်းတွေးရင်း ငယ်ငယ်က ကျွန်တော်တို့ ဘရုတ်ကြခဲ့မိတာလေးတွေ ပြန်လည်သိရမိ၍ ပို့စ်တစ်ပိုဒ်အဖြစ် တင်လိုက်မိပါသည်။
၁၃ ကြိမ်မြောက် ဆင်တဲ အထက အာစရိယ ပူဇော်ပွဲ
ဆင်တဲ အထက ကျောင်းမှ ခေတ်အဆက်ဆက် ပညာသင်ပေးခဲ့ကြသော ဆရာများ၏ ဂုဏ်ကျေးဇူးကို ဦးထိပ်ပန်ဆင်ကာ ဆင်တဲ အထက ၏ ၁၃ ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ဆင်တဲ အထက ကျောင်းတွင် ပြုလုပ်ပါဦးမည်။ ဆင်တဲ အထက ကျောင်းကြီး၏ နို့ချိုသောက်သုံးခဲ့ကြသော ရပ်နီး ရပ်ဝေး နိုင်ငံတွင်း နိုင်ငံပြင်ပမှ ကျောင်းသားဟောင်းများအတွက် တစ်ထောင့်တစ်နေရာမှ တတ်အားသ၍ လှူဒါန်းနိုင်ရန် အသိပေး နိုးဆော် လိုက်ပါတယ်။
နေ့ရက် – ၂၄-၁၂-၂၀၁၁ (စနေ)နေ့
အချိန် – မနက် (၉)နာရီ၊
နေရာ – ဆင်တဲ အထက ကျောင်း
ဆက်သွယ်လှူဒါန်းမှုအတွက် လက်ခံလုပ်ဆောင်ပေးမည့်သူများ
၁။ ဦးသိန်းလွင် ဖုန်း ၀၅၃-၄၀၁၈၄
၂။ ဦးဇော်ဝင်း ဖုန်း ၀၅၃-၄၀၁၀၆
၃။ ဦးမောင်ဌေး ဖုန်း ၀၉-၅၃၁၃၁၁၀
အထက်ပါ ဆရာကန်တော့ပွဲသတင်းအား ဆရာကတော့ပွဲ မတိုင်ခင် ဆင်တဲကျောင်းသူ/သားဟောင်းများထံသို လက်ဆင့်ကန်း အသိပေး ပေးကြပါရန် ကျွန်တော်တို့ ဆင်တဲကဖေးအဖွဲ့သားများက အထူးမေတ္တာရပါခံအပ်ပါတယ်။
အဘွားပေးတဲ့ အမေ့နာမည်
ပြောရမယ်ဆိုရင်တော့ ကျနော့်တို့အဘိုးဟာ ရှေးအင်္ဂလိပ်မင်းများ လက်ထက်တုန်းက နှစ်လုံးပြူးကိုင်ရတဲ့ သူကြီး ကိုးဗျ….။အင်္ဂလိပ်ခေတ်က သူကြီးမို့လို့ သီဟတင်စိုး တော်လှန်ရေး ကားတွေထဲကလို ဗီလိန်သူကြီး မျိုးတော့ မဟုတ်ရရှာပါဘူး..။ရွာသားတွေက တကယ်ရွေးချယ်တင်မြှောက်ထားတဲ့ သူကြီး..။ အဘိုးနာမည်က ” ဦးလှဟန် တဲ့…….။
အဘွားကတော့ ရွာမှာ ကုန်စုံ ဆိုင်ဖွင့်ပြီး ဈေးရောင်းတယ်။ရွာနီး ချုပ်စပ်က ထွက်တဲ့ ဇီးသီး၊ ခရမ်းချဉ်သီး၊သံပုရာသီး စတဲ့ ကုန်တွေကို အိမ်မှာပဲ ၀ယ်တယ်..။ နောက်ရေနံချေးတွေ ၀နေတဲ့ ကျွန်းသားလှေ မည်းမည်းကြီးတွေနဲ့ ဧရာဝတီမြစ်ကိုဆန်ပြီး ပြည်မြို့ကို သွားရောင်းလေ့ရှိတယ်..။အဘွားဟာ အပြန်မှာ သူ့ဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကိုဝယ်ပြီးပြန်လာတတ်သတဲ့..။ကျနော်တို့ ရွာလေးက ပြည်မြို့ရဲ့အောက်ဘက် ဧရာဝတီ မြစ်ကမ်းနံဘေးက ရွာကလေးကိုးဗျ..။
အဘိုးကလဲ အရပ်က တင်မြှောက်ထားတဲ့ သူကြီး…၊ အဘွားက ဈေးရောင်းဆိုတော့ တပည့်တပန်းတွေကလဲပေါ ၊စာရင်းငှားတွေနဲ့ ဇီးသီးရွေးတဲ့ မိန်းခလေးတွေနဲ့ ဆို တနေ့ကို ဆန်တစိတ်လောက် ချက်ရသတဲ့ ။ အော်..ပြောဖို့မေ့နေလို့…အဘိုးနဲ့အဘွားမှာလဲ သားသမီးကချည်း တကျိပ်တယောက်ရှိတာကိုး…။
အဘိုးဦးလှဟန်က ဆင်တဲမြောက်ပိုင်းသားဗျ..။ဦးလှစံ၊ ဦးလှဟန်နဲ့ ဒေါ်အုံးကြင်ဆိုပြီးမောင်နှမ (၃)ယောက်ရှိတယ်.။ ဆင်တဲသားတွေထဲမှာမှ မြောက်ပိုင်းသားတွေဟာ ရှေး ဆင်တဲသားကြီးတွေဗျ..။အလယ်ပိုင်းနဲ့တောင်ပိုင်းတွေက နောက်ပိုင်း ဆင်တဲမှာ စက်ရုံ ၊အလုပ်ရုံတွေနဲ့ဖြစ်လာခါမှပြောင်းလာတဲ့ သူတွေနဲ့ ဆင်တဲသားတချို့ရောယှက်ပြီးနေကြတာလေ..။ စက်ရုံ အလုပ်ရုံတွေဆိုလို့ သတိရတယ်ဗျာ..။ဆင်တဲမှာ စက်ရုံ ၊ အလုပ်ရုံတွေ အတွက် စီမံကိန်းတွေ အကောင်အထည်ဖော်တော့ အဘိုးတို့အဘွားတို့ ပိုင်တဲ့ဥယျာဉ်ခြံတွေနဲ့ လယ်မြေတချို့လဲ အသိမ်းခံရတဲ့အထဲ ပါသွားသတဲ့..။အဘွားဆို အသက်ကြီးလာလို့ဘယ်မှ မသွားမလာနိုင်တော့တဲ့ အချိန်အထိ ခု (က စ လ) ကျောင်းကြီးဆောက်တုန်းကလယ် ဘယ်နှစ်ကျိပ်စိုက် ( အဘွားက အထကဆင်တဲ ကို ကစလ ကျောင်းကြီး လို့ခေါ်ပါတယ်) ၊ ခု ကပစ စက်ရုံတွေရဲ့ ဘယ်နေရာ ဘယ်နေရာတွေဟာဖြင့် ဟိုတုန်းက ဒို့ သရက်ခြံတွေ၊သံပုရာ ခြံတွေပေါ့ ဆိုတာမျိုးလဲ ပြောတတ်ရဲ့..။( အဲ့အချိန်တုန်းကသာ ရှေ့နေ ကိုဖိုးဖြူတို့လို ပုဂ္ဂိုလ်မျိုး ရှိခဲ့မယ်ဆိုရင် အဘွားဘယ်လိုလုပ်မယ်ဆိုတာ သိချင်စမ်းပါဘိ ..) ဘာလို့လဲ ဆိုတော့ အဘွားဟာ သူ့ခေတ်သူ့အခါက ထက်ထက်မြတ်မြတ် မိန်းမတယောက် ဖြစ်ခဲ့လိုပဲဗျ ။ အဘွား နာမည်က “ဒေါ်အေးရှင်” တဲ့ …။
အဘိုး ဦးလှဟန်ရွာမှာ သူကြီးလုပ်သက်လေးကြာလာတော့ ရွာမှာ ဦးလှဟန်သူကြီးလုပ်တာကို တချို့က မနှစ်မြို့ကြဘူး ၊ဦးသာခင် ကို သူကြီး လုပ်စေချင်ကြတယ် ဆိုတဲ့ အသံလေးတွေ ထွက်လာသတဲ့ ။အဘိုး ကတော့ ” အေးရှင်ရယ် ..သူတို့ မလုပ်နဲ့ ဆိုတော့လဲ မလုပ်ယုံပေါ့ ၊ ငါစိတ်ရှုပ် သက်သာပါတယ် ဟာ ” ဆိုပြီး ပြောရှာပါသေးသတဲ့ ။ ဒါပေမဲ့ အဘွားက ” ကိုလှဟန်..ဒီလို ကြမ်းကြားလေကြား ကြားယုံ နဲ့တော့ သူကြီးကနေ ဘာလို့ ဆင်းပေးရမှာလဲ.၊ ၊အဲ့တော့ ရှင် မနက်ဖြန်ကြရင် ပန်းတောင်းကိုသွားပြီး အရာရှိတွေကိုခေါ်ခဲ့..၊ ရွာက လူတွေရဲ့ သဘောထားကို ကျုပ်သေချာသိချင်သေးတယ်..” ဆိုသတဲ့ ။
နောက်နေ့ နေ့လယ်ဘက် ရွာလယ်က စာသင်ကျောင်းလေးမှာ ရွာသူရွာသားတွေရယ်၊ မြို့က အရာရှိတွေရယ် အစည်းအဝေးပွဲလေး လုပ်ဖြစ်ကြသတဲ့..။ အစည်း အဝေး ပြီးတော့ အရာရှိ တယောက်က ” ကဲ ဦးလှဟန် ကို သူကြီးလုပ်စေချင်တဲ့သူ က ဒီဘက်ကိုလာ ၊ ဦးသာခင် ကို သူကြီး လုပ်စေချင်တဲ့ သူတွေက ဟိုဘက်ကိုသွား ” ဆိုပြီး ရွာက လူတွေကို မဲ ခွဲလိုက်သတဲ့ ..။ဦးသာမြ ဆိုတဲ့ တယောက်ကတော့ ဟိုဘက်ကိုလဲ မသွား ၊ ဒီဘက်ကိုလဲ မလာပဲ အလည်မှာပဲ ရပ်နေလို့ ရွာက လူတွေက ၀ိုင်းရီကြသတဲ့လေ..။တကယ်တော့ ဦးသာမြ က ဦးသာခင်နဲကလဲ အမျိုး အဘိုး ဦးလှဟန်နဲ့ ကလဲ သူငယ်ချင်းတွေ ဖြစ်နေလို့ ဘယ်ဘက်ကိုမှ မသွားပဲ အလည်မှာပဲ ရပ်နေခဲ့တာပါ..။ အစည်းအဝေး အပြီးမှာတော့ အဘိုးဘက်မှာ လာပြီး ရပ်တဲ့သူ များလို့အဘိုးဦးလှဟန်ကိုပဲ ရွာသူကြီး အဖြစ် ပန်းတောင်းက အရာ၇ှိတွေက ဆက်လုပ်စေပါတယ် ။ အဘွားဟာ လူအများရဲ့ ဆန္ဒကို ပုရိတ်သတ်အလယ်မှာ သိအောင်လုပ်ရဲတဲ့ ၊ လုပ်နိုင်တဲ့ အစွမ်းအစနဲ့ အရည်အချင်း၊ နောက်ပြီး လူအများက ခေါင်းဆောင် မလုပ်နဲ့တော့ ဆိုရင်လဲအဘိုးကို ဂုဏ်သိက္ခာ ရှိရှိ သူကြီး အလုပ်ကနေ နှုတ်ထွက်ရအောင် စီစဉ်နိုင်ခဲ့တယ်..။ ပြောရမယ်ဆို၇င်တော့ ကျနော်တို့ ရွာလေးမှာ အဲ့ခေတ် အဲ့အခါကတည်းက ဒီမိုကရေစီ စနစ် ထွန်းကားလို့နေခဲ့ပါပြီ..။ဘာလျှို့ဝှက်မဲတွေ ၊ ကြိုတင်မဲတွေမှလဲ မရှိခဲ့ပါဘူး..။
ဒို့ဗမာ အစည်းအရုံးက သခင်တွေ ပြည်မြို့မှာ အစည်းအဝေး လာလုပ်ကြတော့လဲ အဘွားဟာ သွားဖို့ ကြိုးစားခဲ့ပါသေးသတဲ့..။ သခင်ကိုယ်တော်မှိုင်း ဆိုတာကလဲ အားလုံးသိတဲ့အတိုင်း ရွှေတောင်နားက ၀ါးလယ်ရွာသားကိုးဗျ..။ ” သခင်အောင်ဆန်း ၊သခင်အောင်ဆန်းနဲ့ အဲ့လောက်တနိုင်ငံလုံးနာမည်ကြီးနေတာ ဒီတခါ ပြည်မှာ တရားလာဟောရင် ကျုပ်သွားနားထောင်ဦးမယ် ကိုလှဟန် ရယ် “ဆိုပြီး အဘိုးကို ပြောရှာသတဲ့..။ မိုးတွင်းပိုင်းတခုမှာ အဘွားဟာ ထုံးစံ အတိုင်း ပြည်ဈေးကြီး ကို ဈေးရောင်းဈေးဝယ်ကိစ္စ တခုနဲ့ရောက်နေတဲ့အချိန်၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အကြောင်း ကိုကြားသတဲ့..။အဲ့ခေတ် အခါတုန်းက ပြည်မြို့ တမြို့လုံးမှာမှ ရေဒီယိုလေး (၅) လုံးပဲ ရှိရှာ ဆိုပဲ..။ ပြည်ဈေးကြီးကနေ ရွာကို အပြန် လှေပေါ်မှာ အဘွားတို့ တလှေလုံးဟာ ဒီအကြောင်းကိုပဲပြောပြောပြီး ငိုပြီးပြန်လာကြတာ ရွာရောက်တဲ့ အထိတဲ့..။အဲ့အချိန်မှာအဘွားဟာ ကျနော်ရဲ့ မေမေကို ကိုယ်ဝန်လွယ်ထားရတာ (၆) လလောက် ရှိနေပါပြီ..။
အဘွားဟာ သူ့လေးစားရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး သခင်အောင်ဆန်းအတွက် အတော့်ကို စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရပြီး အထူးသဖြင့် အသက်ငယ်ငယ်နဲ့မုဆိုးမဖြစ်ရရှာတဲ့ ကလေး (၃)ယောက်အမေ ဗိုလ်ချုပ်ကတော်ကို မိန်းမချင်း အတော်ပဲ ကိုယ်ချင်းစာမိပုံရပါတယ်..။ ၁၉၄၇ခုနှစ် ရဲ့ အောက်တိုဘာလ(၂၇) ရက်နေ့မှာတော့ အဘွားဟာ ကျနော်မေမေကို
မွေးခဲ့ပါတယ်..။ အဘွားဟာ သူချစ်ခင်လေးစားရတဲ့ နာမည်ပဲ ကြားဖူးပြီး လူချင်းမမြင်ဖူးခဲ့ရတဲ့ အမျိုးသားခေါင်ဆောင်ကြီး ကို သူတတ်နိုင်တဲ့ ဘက်ကနေ ဂုဏ်ပြုတဲ့ အနေနဲ့ မွေးလာတဲ့ သမီးလေး (ကျနော်မေမေ့ကို) နာမည်တခု ပေးခဲ့ပါတယ်…။ကျနော့်မေမေ နာမည်ကတော့ “ဒေါ်ခင်ကြည် “ပါတဲ့..။ (နောက်ပိုင်း ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကို အိန္ဒိယ နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ်နဲ့တာဝန်ထမ်းခိုင်းတော့လဲ အဘွားဟာ မနှစ်မြို့ပါဘူး၊ သီပေါ ဘုရင်ဟာ အနောက်ကို ပါတော်မူခဲ့တယ်၊ အနောက်အရပ်ဟာ နေ၀င်တဲ့ အရပ်ပါ၊ဒါကြောင့်များ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့မိသားစုကို နေ၀င်အောင်များ အနောက်အရပ်ကို ပို့လွှတ်ခဲ့သလား ဆိုတာကတော့ ပို့လွှတ်သူ ကာယကံ ရှင်များမှ အပ………………)
တချို့ အချက်အလက်တွေကို မမှန်ကန်မှာစိုးလို့ မေမေ့ဆီကို ပို့စ်ရဲ့မူကြမ်းလေးကို ပို့ပြီး မေမေရဲ့ အတည်ပြုချက်ကို ရယူခဲ့ပါသေးတယ်.။ ငယ်စဉ်က အဘွားပြောပြဖူးတဲ့ အကြောင်းအရာတွေနဲ့ (၂၇-၁၀-၂၀၁၁)ရက်နေ့မှာ ကျရောက်တဲ့ မေမေရဲ့ (၆၄)နှစ်မြောက် မွေးနေ့ အမှတ်တရ အဖြစ် ဒီပို့စ်လေးကို ရေးပါတယ်…။
လွမ်းမောမိတယ် ရင်မောရတယ် ချစ်သောဧရာ…ရယ်
မိုးရွာပြီးခါစ မြစ်ပြင်ကို ဖြတ်၍ တသုန်သုန် တိုက်ခတ်နေသည့် လေပြည်ညင်းက ကွဲကွာနေတာ ကြာပြီ ဖြစ်သည့် သူ့ ကို ဆံပင်၊ အကျီ င်္၊ ပုဆိုးတို့ တဖြတ်ဖြတ် လွင့်လူးသွားသည် အထိ ထွေးပွေ့ ကြိုဆိုသည်။ မိုးရွာပြီးစ အချိန်တိုင်း လေနှင့်အတူ ပါလာတတ်သည့် သူအလွန် နှစ်သက်သော မြေသင်းနံကို ရှူရင်း မြစ်ကမ်းနဖူး (အရင် ဇာတ်ဆိပ်ဟောင်း) နေရာတွင် ရပ်လိုက်သည်။ သူထွက်သွားစဉ်တုန်းကလို မဟုတ်တော့ ဧရာဝတီမြစ်၏ မြင်ကွင်းတို့ က ပြောင်းလဲနေပြီ။ ဧရာဝတီမြစ်က ဒဏ်ရာဒဏ်ချက်တို့ ဖြင့် မိမိမြင်ကွင်းရှေ့၌ လဲလျောင်းနေသလို စိတ်တွင် ခံစားရသည်။ ဟိုးအရင် ဇက်ဆိပ်ရှိစဉ်က ကားအတက်အဆင်း ပြုလုပ်သော လမ်းတို့  ပျက်စီးနေပြီ ဖြစ်သလို မြစ်ကမ်းပါး တလျှောက်တွင်လဲ ကိုင်းပင်တို့ က အကျည်းတန်စွာ အပြိုင်းအရိုင်း ပေါက်နေကြ၏။
ငယ်ဘဝ တလျှောက်လုံး မြစ်ကမ်းပါးတလျှောက် ပြေးလွှားဆော့ကစားရင်း ကြီးပြင်းခဲ့သည့် သူနှင့် ဧရာဝတီကြားတွင် အမှတ်ရစရာပေါင်း များစွာ ရှိခဲ့သည်။ သူ့ လိုပင် ဤဆင်တဲရွာကလေးတွင် မှီတင်း နေထိုင်ကြသော လူများသည်လဲ ဧရာဝတီမြစ်နှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြသည်။ တံငါလုပ်သူများ၊ စက်လှေလုပ်ငန်း လုပ်သူများ၊ ရေရောင်းသူများ၊ လယ်၊ ယာလုပ်ငန်းနှင့် ကိုင်းကျွန်းလုပ်သူများသည် ဧရာဝတီမြစ်ကို မှီခို၍ အသက်မွေးဝမ်းကြောင်း ပြုကြရ၏။ ယုတ်စွအဆုံး ဧရာဝတီမြစ် အတွင်းမှ ရေကိုပင် ဆင်တဲတစ်ရွာလုံး သောက်ရေ၊ သုံးရေအဖြစ် ခပ်ယူ သုံးစွဲရ၏။ တချို့ ဆိုလျှင် ပေါင်းမိုးလှေလေးများဖြင့် မြစ်ထဲတွင် နေထိုင်ကြပြီး မြစ်ကမ်းပါးမှာပင် ချက်ပြုတ်စားသောက်ကြ၏။ ကျွန်တော်အပါအဝင် ကလေးများအတွက်တော့ ဧရာဝတီမြစ်ကြီးက အခမဲ့ ကစားကွင်းကြီး ဖြစ်ခဲ့သည်။
ကျွန်တော်နှင့် ဧရာဝတီ ပတ်သက်မှုက ငယ်ဘဝ လေးနှစ်သား အရွယ်ကပင် စခဲ့သည်ဟု ဆိုရမည်။ ထိုနေ့ ကို ကျွန်တော် အခုအချိန်ထိ မှတ်မိနေသေးသည်။ နောင် နှစ်ပေါင်း များစွာထိလဲ မှတ်မိနေဦးမည်သာ ဖြစ်သည်။ အဲဒီနေ့ က ကျွန်တော့် အဒေါ်ဖြစ်သူနှင့် ကျွန်တော် မြစ်ဆိပ်ကို ရေချိုးလိုက်သွားခဲ့သည်။ ကျွန်တော် ခုရပ်နေသည့် ဒီနေရာရှ့က ကမ်းစပ်လေးမှာပင် ကျွန်တော်နှင့် ညီဝမ်းကွဲ တော်သူတို့ ရေချိုးကြ၏။ အဒေါ်ဖြစ်သူက မလှမ်းမကမ်းတွင် အဝတ်လျှော်နေသည်။ မြောက်ရှူံးအောင် ဆော့သော ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ခရီးသည်များ ချပြီး ပြန်ထွက်သော စက်လှေကို လက်ဖြင့် ခိုပြီးလိုက်သွားကြ၏။ ကမ်းစပ်မှ အဒေါ်ဖြစ်သူနှင့် တခြားသူများ ပွတ်လောရိုက်မတတ် အော်မှ ကြောက်လန့် ပြီး လက်လွှတ်ချ လိုက်တော့ ရေနက်ပိုင်းကို ရောက်နေပြီမို့ ရေနစ်ပါလေတော့သည်။ စက်လှေပေါ်မှ အိမ်နီးချင်း အစ်ကို ဖြစ်သူက ကယ်တင်ခဲ့ခြင်းကြောင့်သာ ဒီနေ့ ထိ ကျွန်တော် အသက်ရှင် နေနိုင်ခြင်း ဖြစ်သည်။ အဲဒီနေ့ က ကျောပြင် ဗျောတင် ခံခဲ့ရပြီး မြစ်ဆိပ် ရေဆင်း မချိုးရ အမိန့် ထုတ်ခြင်း ခံရသည်။
ဝလုံးလေးမှဝိုင်းအောင်မရေးနိုင်ခင်
ဒီနေ့ ဆင်တဲ အထက ဒဿမတန်း ထဲတွင်ရှိ ကျောင်းသားတစ်ချို့ ကြွက်စိကြွက်စိ ဖြစ်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ကျောင်းလုံးတွင် နှစ်လုံးထဲသာရှိသည့် ကွန်ပြူတာ ဟုခေါ်သော TV နှင့် လက်နှိပ်စက် တွဲထားသောအရာကြီးများအတွက် အနုပညာအသင်း တာဝန်ခံဆရာဦးတိုးကြီးမှ လူလိုက်ရှာနေသည့် သတင်းကြောင့်ဖြစ်ပေတော့သည်။ တကယ်တော့ အဲဒီအရာကြီးနှင့် ကျောင်းသားများ လားလားမှမသက်ဆိုင်ခဲ့တာကြာပြီ။ ဟုတ်ပါသည် တကယ်က ကျောင်းတွင် ကွန်ပြူတာခန်း ဖွင့်ပြီးကတည်းက အလှည့်ကြ ခေါ်ပြ၍ တစ်ခါလားသာ မြင်ဖူးလိုက်သည်။ အဲဒီတုန်းက ကျနော်တို့တွေက ကိုးတန်းနှစ်လားရှိသေးသည်။ ခုတော့လိုက်ရှာနေကြပြီ။ မရှာလည်းခံနိုင်ရိုးလား။ တိုင်းပညာရေးမှူးလာမည်တဲ့လေ။ အဲဒီလာမည့် ဘာမှန်းမသိတဲ့ လူကြီးအတွက် ကျောင်းကအနုပညာအသင်းက အဲဒီအခန်းထဲတွင် ပုံတွေဘာတွေ ဆွဲပြရမည်တဲ့။ တွတ်စိတွတ်စိတွေကြားထဲ အနှီမောင်ချိုကျလည်း ပါပေသည်။ ဟိုကောင် ပေါ့ဆိမ့်ကတော့ ပြောသည်။ ငါ့လာခေါ်ရင်ကတော့ အနွေးထည်ယူသွားမှရမယ်တဲ့။ ပုံဆွဲမဆွဲထက် Aircon ဒါဏ်မခံနိုင်ဘူးတဲ့။ ဒီကြားထဲ black ကဝင်ပြောလေသည်။ ငါကတော့ သွားဘူးကွာ ဆရာဦးတိုးကြီးကိုတော့ နည်းနည်း လန့်တယ်တဲ့။ ပုံမှန်က ဘာဖြစ်လို့လည်းဝင်မေးတော့ black က အင်းးးးးး ဆိုတဲ့သက်ပြင်းရှည်ကြီးဆွဲပြီး ငါတစ်ခုခုကို လန့်နေသလိုဖြစ်နေလို့ပါတဲ့။ အဲဒီကြမှ အကုန်လုံးခေါင်းကို မတိုင်ပင်ပဲ ဆတ်ခနဲ ငြိမ့်မိလိုက်ကြလေသည် ။
ထိုအချိန်မှာပဲ အတန်းပိုင်ဆရာမ ဝင်လာပြီး ချိုကျ ပေါ့ဆိမ့် black ရုံးခန်းကို လိုက်ခဲ့ဟု ပြောပြီးပြန်ထွက်သွားလေတော့သည်။ အင်းတစ်ခုခုတော့ထူးပြီ။ ရုံခန်းဆိုတာက ကျွန်တော်တို့အတွက် နေရာစိမ်းတော့မဟုတ်ပါ။ သို့ပေသည့် နေရာကျက်လည်းမဟုတ်ပြန်။ အဒီအချိန်ကြမှ black ကမေးတော့သည်။ ဟေ့ကောင် ပေါ့ဆိမ့် မင်းမနေ့က ရေအိုးဖိုးတွေ ခန်းဆီးဖိုးတွေ ကောက်ထားတာ ရပြီလား ။ ပေါ့ဆိမ့်ကလည်း ခုလိုအချိန်မှာလာမေးတော့ နည်းနည်းတင်းသွားပုံရသည်။ ငါချိုကျကိုတစ်ဝက်ကောက်ခိုင်းထားတာပဲ။ သူရောရပြီလားမေးကြည့်ဦးဟု ဘောက်ဆတ်ဆတ် ပြန်ဖြေလေတော့သည်။ အနှီမောင်ချိုကျလည်း ကိုယ့်ဘက်တော့ မြားဦးအလှည့်မခံနိုင်ပေ။ black မင်းရော ငါပေးထားတဲ့ တံမြက်စည်းဖိုးတွေ ပါလာလား ဟုမေးလိုက်ရာ black တစ်ယောက် မျက်နှာငယ်လေးနဲ့ ငါအိမ်မှာမေ့ကျန်ခဲ့တယ်ဟုပြောလေသည်။ ထိုအချိန်ကြမှာ ပေါ့ဆိမ့်ကလည်း ချိုကျ မင်းရောပါလားဟုမေးရာ ကျွန်တော်လည်း မေ့ကျန်ခဲ့ကြောင်းနှင့် ပေါ့ဆိမ့်ကလည်း ငါရောအတူတူပဲဟုဖြေလေသည်။ ဒီလိုနဲ့ ရုံခန်းကို စိတ်မပါပဲ ကိုယ်ချည်းသက်သက် သွားကြလေတော့သည် ။
ရုံးခန်းထဲရောက်တော့ ကျောင်းအုပ်ကြီးကို မတွေ့ရပေ။ ဒါပေသည့် ဆရာဦးတိုးကြီးကတော့ မိန့်မိန့်ကြီး ထိုင်လျက်သားတွေ့လိုက်ရသည်။ ကျွန်တော်တို့တစ်သိုက် ဝင်လာတော့ ဆရာက မျက်မှန်အပေါ်မှ ကျော်ကြည့်ပြီး လာကြဟု ပြောလေသည်။ ကျွန်တော်တွေးလိုက်မိသည် ။ မျက်မှန်ပေါ်က ကျော်ကျော်ကြည့်မှ မြင်လျှင် မျက်မှန်ကို ဖြုတ်ကြည့်ရင်ရော ဒါမှမဟုတ် ချွတ်ပြီးကြည့်ရင်ရော ဒါမှမဟုတ်ဘယ်လိုကြည့်ကြည့် မြင်ရတဲ့ မျက်မှန်တတ်လို့ရော မရကြဘူးလား။ ခက်တာက အဲလိုကျော်ကျော်ကြည့်တော့ အကြည့်ခံရတဲ့ လူတွေကို အလိုလို ဦးညွှတ်သလိုဖြစ်နေသည်။ အထူးသဖြင့် ဆရာလိုလူက ဘာမဟုတ်တဲ့ တပည့်တွေကို ဦးညွှတ်နေပုံပေါက်တာ ကျွန်တော်လို တပည့်မျိုးကတော့ လုံးလုံးမှ မနှစ်သက်မိချေ။ ဘာပဲပြောပြော ဆရာရှေ့မှာတော့ သုံးရောက်သား ရင်ကိုကော့ပြီး အသက်ကို ဝဝရှူထားပြီးဖြစ်ချေတော့သည် ။
နင်တို့ကိုခေါ်ရတာ တစ်ခြားတော့မဟုတ်ဘူးဟေ့။ ကျောင်းအနုပညာအသင်း ကွန်ပြူတာပန်းချီအတွက် လူလိုနေလို့ နင်တို့ကို ခေါ်လိုက်တာပဲဟုဆရာကပြောလေတော့သည်။ ဆရာက စကားပြောရင် နင် ဟုပဲသုံးတတ်ပါသည်။ အဲလိုသုံးတာလည်း သူ့အကြောင်းနှင့်သူရှိပါသည်။ ဆရာအကြောင်းမို့ ချိုကျ အကြောင်းမဟုတ်တဲ့အတွက် နည်းနည်းမှ မပြောချင်တော့ပါ ။ ဆရာကဆက်ပြောပါသည်။ ချိုကျ နင်က ဒီအသင်းမှာ အတွင်းရေးမှူး အဖြစ်လုပ်လိုက်။ ဘာလို့လည်းဆိုတော့ နင်က လူကြီးလာရင် ရှင်းပြရမှာ။ ဟိုအကောင် black နဲ့ ပေါ့ဆိမ့်က အနုပညာအသင်းရဲ့ ပန်းချီသရုပ်ပြတွေလုပ်ရမယ်။ ထိုကြမှ သုံးရောက်သား သက်ပြင်းရော သက်မပါချနိုင်ကြတော့သည် ။ အားလုံးပေါင်းကျောင်းသားကရော ဘယ်နှစ်ယောက်လည်းဆရာ ဟု ပေါ့ဆိမ့်ကမေးရာ ဆရာက ငါနဲ့ဆို လေးရောက်လေ။ နင်တို့ကို မနက်ဖြန်ကစပြီး ပုံဆွဲသင်ပေးမယ်။ ကာယချိန်တွေမှာ ဘယ်မှသွားစရာမလိုဘူး ငါဆီလာခဲ့ကြ ဟုပြောရာ black တစ်ယောက် ကျောနဲနဲတွန့်သွားတာကို မြင်ဖြစ်အောင် မြင်လိုက်ကြသေးသည် ။
ရုံးခန်းထဲမှအထွက်တွင်တော့ အနွေးထည်ယူလာမည့် ပေါ့ဆိမ့်ရယ် ငါမသွားချင်ဘူးကွာဟု ခပ်လေးလေးပြောသော blackရယ် ဘာတွေပြောရမှန်းမသိဖြစ်နေသော ကျွန်တော်ရယ် သုံးယောက်သား ပူသုံးပူနဲ့ အတန်းသို့ပြန်လာခဲ့ကြလေတော့သည်။ နောက်တစ်နေ့ ကာယချိန်သို့ရောက်သောအခါ ကွန်ပြူတာခန်းထဲတွင် သုံးယောက်သား ကွန်ပြူတာဆိုသောအရာကြီးနဲ့ ဝလုံးတွေကို ဆရာက စ ဝိုင်းခိုင်းပါလေတော့သည်။ ခက်ပါသည်။ သုံးယောက်စလုံးရဲ့ စာအုပ်တွေယူကြည့်ရင်တောင် လက်ရေးလှသူဟု ရွေးပင်မရကြသော ကျွန်တော်တို့သုံးယောက် ဒုက္ခရယ် လှလှရယ် လှလှရဲ့ အစ်မရယ်ပါ ပေါင်းတွေ့ကြပါတော့သည်။ တစ်ရက်လုံးလုံး ဝိုင်းလိုက်ရတဲ့ ဝလုံးဆိုတာ ဟို ကြွက်ဟုခေါ်သော အရာကလေးပေါ်က လက်တွင်ထွက်နေသော ချွေးကိုပင် မပွတ်အားခြေ။ ပေါ့ဆိမ့်ကတော့ အနွေးထည်ဝတ်ပြီး ကွေးနေအောင်ထိုင်နေတာ တွေ့ရသည်။ black ကတော့ ဆရာ၏ လက်ထပ်သင်ပေးမှုအောက်တွင် နှဖူးကချွေးများ ခရမ်းသီးလုံးလောက် ကျကျနေတာတွေ့ရသည်။ အနှီမောင်ချိုကျ တစ်ယောက်ကတော့ ဝလုံးလည်းမသိ ကွန်ပြူတာဆိုတာလည်း စိတ်မဝင်စား ဖြစ်နိုင်ရင် ကျောင်းအိမ်သာအဟောင်းဆီသို့သာ သွားနေချင်တော့သည်။ အကြောင်းမှာ ဆေးလိပ်ကို ဟန်ပါပါ ဖွာနေမည့် ပုံမှန်၏ မျက်နှာကိုသာ ပြေးပြေးမြင်နေသောကြောင့်ပေတည်း။
ဤသို့ဤနှယ်ပေါ့ အချိန်တွေသာကြာသွားတယ် ဝလုံးကလည်းဝိုင်းမလာ ဆရာဆွဲပေးတဲ့ပုံကြမ်းလောက်သာ ဆေးရောင်ချယ်တတ်ကြသော အနှီအတွင်းရေးမှူးနှင့် တကွ ပန်းချီဆရာအပေါင်း အတွက် ဆရာတစ်ယောက် ခေါင်းခြောက်ရပေတော့သည်။ ဝလုံးဝိုင်းမလာပေမင့် လာမည့်လူကြီးဆိုသော အရာကြီးကတော့ လာရက်နီးနေပါပြီ။ နောက်ဆုံးတော့ ဆရာ လက်တင်မက စိတ်ပါလျှော့ချလိုက်ပုံရပါသည်။ လူကြီးလာမည့် နှစ်ရက်အလိုတွင်မတော့ ကျွန်တော်တို့ကို ခေါ်ကာ စကားပြောလေတော့သည်။ ကဲ….နင်တို့ဆွဲတဲ့ ပုံသာစောင့်ရရင် လူကြီးအိမ်ပြန်ရုံမကဘူး ရွာဦးကျောင်းက ဘုန်းကြီး နတ်ရွာစံရင်တောင် ပြီးကြမယ့် အကောင်တွေမဟုတ်ဘူး။ အဲဒီတော့ ငါပဲပုံကြမ်းဆွဲပေးထားမယ် ချယ်ရမယ့်အရောင်တွေရဲ့ နေရာတွေပါ ပြောပြမယ်။ ဒီနေ့ကစပြီး စာကျက်သလိုမှတ်ထားလိုက်ကြတော့ဟု ပြောလေတော့သည်။ ဟိုကောင်တွေကတော့ ပျော်သွားပုံရပေမယ့် ကျွန်တော်တစ်ယောက် မပျော်နိုင်သေးပါ။ ထို့ကြောင့် ဆရာ…..အဲဒီနေ့ကြ ဒီလိုပုံတွေနဲ့ စကားထပြောလည်း ကျွန်တော်အကြောင်းကျွန်တော်သိတယ် ဆရာ အကုန်လုံးပေါ်သွာလိမ့်မယ် ဟုပြောရာ ဆရာရဲ့ မျက်နှာကြီး အိုစာသွားပုံကို နှိုင်းပြရရင် စာဆိုတို့လက်မှိုင်ချရမလောက်ဆိုတော့ ဒီနေရာမှာတော့ နှိုင်းပြမနေတော့ပါ။ ဆရာက အေးပါဟယ် လုပ်ကြပါ လုပ်ကြပါ ဒီအချိန်မှာ ငါ့ဘဝ နင်တို့လက်ထဲမှာပဲရှိပါတော့တယ် ဟု တစ်ခွန်းတည်းသာပြောနိုင်ပါတော့သည်။
ထို့နောက်တွင်မတော့ ဆရာတစ်ယောက် ပုံတွေဆွဲပါတော့သည်။ ဆရာက လက်ရေးပန်းချီမှာ တော်တော်လေးကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲနိုင်ပေသည်။ သို့ကြောင့် လက်ရာလှလှပုံလေးများထွက်လာပါတော့သည် ။ ကျန်တာကတော့ ကျွန်တော်တို့ တာဝန်မို့ ကိုယ့်တာဝန်ကိုယ် ကျေရပါတော့သည်။ ဆရာက သေချာအောင် ထပ်ခါထပ်ခါ ဆေးချယ်ခိုင်းသည်။ အလွတ်ကျက်ထားသော ကျွန်တော်တို့ကလည်း ထပ်ခါထပ်ခါချယ်ပါသည်။ သို့ပေမင့် ဆေးသာချယ်ရသည် စိတ်ကမပါ။ အဘယ်သို့ဆိုသော် ဆရာဆွဲထားသောပုံများမှာ ချိုကုတ်တဲ့နေရာကုတ်ပြီး ဒူးကြီးတဲ့နေရာတွေက ကြီးနေသည်။ ထပ်ခါထပ်ခါ မြင်ရတော့ ကြက်သရေပင် မရှိချင်တော့ ကိုယ့်ကိုကိုယ်ပြောပါတယ် ။
ရောက်ပါပြီ လူကြီး……..။ ပုဆိုးက ဗိုက်ပေါ်တက်ပြီး စည်းထားသည်။ လူကြီးလို့ခေါ်ရလောက်အောင် အသက်တော်တော်ကြီးနေပုံရပါသည်။ အခန်ထဲသို့ ဆရာဆရာမများ ဝိုင်းရံကာ ဝင်လာပါလေတော့သည်။ အနှီမောင်ချိုကျတို့ကတော့ မပူပါ။ အလွတ်ကျက်ထားသော နေရာများမှာ အလွတ်ကျက်ထားသော အရောင်များကို စချယ်နေပါပြီ။ ပုံလေးတွေက သူတို့အတွက် တော်တော်ကြက်သရေရှိသည်ထင်သည်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာမှသိပ်မပြောပဲ ခဏကြည့်ကာ ထွက်သွားလေတော့သည် ။ ချနိုင်ကြပါပြီ သက်ပြင်း။ သုံးရောက်သားတစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လက်မပြိုင်တူထောင်လိုက်ကြလေတော့သည်။ နောက်တော့ ကွန်ပြုတာဖန်သားပြင်ပေါ်က ခန့်ခန့်ထည်ထည်ကြီးများကို ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်မထားပဲ ဝါးလုံးကွဲရီချလိုက်ပါတော့သည်။ အော်…..ဝလုံးကလေးတောင် ဝိုင်းအောင်မရေးနိုင်ကြပေမယ့် ပတ်လည်ဝိုင်းနေသော ပြဿနာများကိုတော့ ဝလုံးထဲဝိုင်းနေအောင် ညီညီညာညာထည့်ခဲ့နိုင်ကြပေသည် မဟုတ်ပါလား။