Archive for the ‘ကျန်းမာရေး’ Category
အမြင်ကြည်စေဖို့
အခုတစ်လော ကျနော့်ချစ်သူကိုကြည့်ရတာ အားမရဘူး၊အရမ်းဝါးချင်နေတယ် ၊ အချစ်ကြောင့်လို့ပဲထင်ပြီး အမှု့မဲ့အမှတ်မဲ့ နေလိုက်ပါတယ် ၊ ဒီလိုနဲ့သွားရင်းလာရင်း ကောင်လေးတွေကို ကြည့်တော့ ကြည့်မရဘူးဖြစ်လာပြန်တယ်။ သိပ်အမြင် မကြည်ဘူး ဖြစ်နေတယ်လေ။ ကောင်လေးတွေကိုပဲ ဒီလို ဖြစ်တာလားဆိုပြီး ကောင်မလေးတွေကို ကြည့်လိုက်တော့ …. အင်း…..
သူတို့ကျတော့ ကြည့်ရတာ အားမရဘူးဗျာ … အားလုံးကို ၀ါးချင်နေပြန်တယ် ။ ကျနော်တော်တော် ၀မ်းနည်းသွားတယ် အသက်ကကြီးမယ်မှ မကြံသေးဘူး လက္ခဏာတွေက ပြနေပြီလေ။ တစ်ချို့ကပြောတယ် ဇရာရဲ့ရိုက်ချက်တဲ့ …. ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်လေ သေချာတာကတော့ ကျနော့်မျက်စိ အားနည်းလာပြီဆိုတာပါပဲ။
ဒါနဲ့စကားမစပ် စာဖတ်နေတဲ့ ကိုကို မမ ညီ ညီမတို့ရော အမြင်ကြည်ကြရဲ့လား။ ကြည့်နေရင်းနဲ့ ၀ါးချင်လာတာတွေများ ရှိနေပြီလား။ အကယ်၍ ရှိနေရင် အားမငယ်ကြပါနဲ့ စိတ်မပျက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အခုကျနော့်မှာ မျက်စိအားကောင်းစေမယ့် နည်းလမ်းကောင်းတွေ ရှိနေလို့ပါ။ မျက်မှန်တပ်ရတဲ့ သူတွေတောင် မျက်မှန်မတပ်ရတော့တဲ့ အထိ ပုံမှန်အတိုင်း ပြန်ကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ သက်တော်(၇၀)ကျော်မှ မျက်မှန် မတပ်ရတော့တဲ့ မန္တလေးမြို့က ကျမ်းပြု စာချအကျော် ဆရာတော် ဦးဝိဒါဘိဝံသ ရဲ့ကျင့်စဉ်နဲ့ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ပျောက်ကျင့်စဉ်ကို ပေါင်းစပ်ထားတဲ့ လေ့ကျင့်ခန်းလေး တစ်ခုပါ ။
ဒီနည်းလေးကို နေ့စဉ်ကျင့်သုံးမယ် ဆိုရင် ဇာတ်ကြောတတ်ခြင်း မျက်ရည်ပူများကျခြင်း၊ မျက်မှန်တပ်ရခြင်းတွေ မရှိတော့ပါဘူး။ မျက်နှာက ၀က်ခြံတွေပျောက်ပြီး အသားအရည်လည်း လှတယ်လို့ ဆိုပါတယ်။ အခုကစပြီး နည်းလမ်းကို ပြောပါတော့မယ်။ သေသေချာချာမှတ် ထားပေးနော်။ ကိုယ်မဟုတ်လည်း လိုအပ်တဲ့သူတွေကို အကူအညီပေးလို့ ရတာပေါ့။
ပထမဆုံး အိပ်ရာနိုးနိုးချင်း မျက်နှာအရင်မသစ်ရပါဘူး ၊ ခြေထောက်နှစ်ဘက်လုံး ဒူးကနေ ရေသုံးခွက်စီလောက်လောင်းပေးပါ ၊ ဒါက တစ်ကိုယ်လုံးမှာရှိတဲ့ အပူငွေ့တွေကို ခြေထောက်ရောက်အောင် ဆွဲချလိုက်တဲ့ သဘောပါ။ မျက်နှာကိုအရင် သစ်လိုက်ရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာကို တစ်ကိုယ်လုံးက အပူတွေ ပြေးဝင်လာပါတယ်။ ဒါကြောင့် မျက်စိကို အပူခိုးအပူငွေ့တွေက လာရိုက်ပြီး မျက်စိမှုန် အားနည်းစေ တတ်ပါတယ်။ ဒူးကနေ ရေလောင်းပြီးတဲ့ အခါ ချိုင်းကြားနှစ်ဘက်မှာ ကပ်နေတဲ့ အပူခိုးတွေ ထွက်အောင် မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြောက်တင်လိုက် အောက်ချလိုက်နဲ့ အနည်းဆုံးအကြိမ် (၂၀) လောက်လုပ်ပေးပါ။ နောက်ပြီး ဇာတ်ကြော လျှော့သွားအောင် ခေါင်းကို နောက်ကျောဘက် ရောက်နိုင် သလောက် လှန်ချရပါမယ်။ ရှေ့ကိုလည်း ရသလောက် ငုံပေးရပါမယ်။ နောက်ပြီး ခေါင်းကို ဘယ် ညာ လှည့်ပေးရပါမယ်။ ဒါတွေကိုလည်း အကြိမ် (၂၀)လောက်လုပ်ပေးရပါမယ်။ ဒါဆိုရင် တစ်ကိုယ်လုံးက အပူငွေ့တွေ ခြေထောက်ကထွက်သွားပြီးပေါ့။ ဇာတ်ကြောလည်း လျော့သွားပြီလေ။
ဒါတွေလုပ်ပြီးရင် မျက်နှာသစ်လို့ရပါပြီ။ သွားတော့မတိုက်ပါနဲ့ဦး ၊ ပါးစပ်ကိုပိတ်ထားပြီးတော့မျက်နှာသစ်ပါ ၊ ပြီးတာနဲ့ မျက်နှာအရင်သုတ်လိုက်ပါ ၊ မျက်နှာမှာရှိတဲ့မွှေးညင်းပေါက်တွေ အကုန်ပွင့်သွားအောင်လို့ပါ ၊ အဲ့လိုလုပ်ပြီးမှ သွားတိုက်ပါ ၊ သွားတိုက်ရင်းနဲ့ သွားကြို သွားကြား ပါးစပ်ထဲက အခိုးအငွေ့တွေဟာ မျက်နှာမှ မွှေးညင်းပေါက်တွေကတဆင့် ထွက်ကုန်တာပေါ့ ၊ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို ကြိုတင်ကာကွယ်တဲ့အပြင် မျက်နှာရဲ့အသားအရည်ကိုလည်း လှပပြီးနုပျိုစေပါတယ် ။ အဲ့ဒါတွေကတော့ မိဘတွေမွေးပေးခဲ့တဲ့ ပကတိမျက်စိ အမြင်ကြည်လင်စေဖို့ နည်းလမ်းတွေပါပဲ ၊ သစ္စာလေးပါးဆိုတဲ့ တရားကိုမြင်စေတဲ့ ဥာဏ်မျက်စိအမြင်ကြည်ဖို့ကတော့ တရားစာအုပ်တွေများများဖတ် တရားတွေများများနာကြားပြီး ရှင်တော်မြတ်ဘုရားဟောကြားထားတဲ့ ၀ိပဿနာတရားကို အားထုတ်ရမှာဖြစ်ပါတယ် ။
ဒူးကနေရေလောင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ် မျက်နှာသစ် သွားတိုက် အဲ့ဒါတွေကို အစဉ်လိုက်လုပ်ရင်း ဘုရားဂုဏ်တော်ပွားခြင်း မေတ္တာပို့ခြင်း ၀ိပဿနာလုပ်တတ်ရင်တော့ ၀ိပဿနာလုပ်ရင်း ဒါမှမဟုတ် ကိုယ်အားသန်ရာ ဘုရားစာတစ်ခုခုရွတ်ရင်း နေ့စဉ်လုပ်ပေးနေရင်တော့ အချိန်ကုန်မှန်းလည်းမသိ ကျန်းမာရေးလည်းဖြစ် ကုသိုလ်လည်းရ အတိုင်းထက်အလွန်ပေါ့ဗျာ ….
ကျနော် အဲ့ဒီနည်းအတိုင်းလုပ်လာတာ တစ်လလောက်ရှိပြီ ၊ နောက်တစ်နှစ်လောက်ဆိုရင် ကျနော်ဟာ လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း တည်ငြိမ်အေးချမ်းတဲ့ စိတ်ဓာတ်တွေရဲ့ပိုင်ရှင် ဖြစ်နေလောက်ပြီပေါ့ ၊ ခင်လို့ပြောတာနော် သူများတွေကိုလျှောက်မပြောနဲ့ဦး ကြွားတယ်လို့ထင်နေဦးမယ်… ၊ မိတ်ဆွေတို့ လက်တွေ့လုပ်ကြည့်ကြပါ ၊ လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း တည်ငြိမ်အေးချမ်းတဲ့စိတ်ဓာတ်တွေရဲ့ ပိုင်ရှင်ဖြစ်လာရင်တော့ ကျနော့်ကို မုန့်ကျွေးဖို့မမေ့နဲ့နော် …..။
သြော်….ဒါနဲ့…ဒီနည်းလေးက မေတ္တာရှင် (ရွှေပြည်သာ)ရေးတဲ့ စာရိတ္တသတ္တိဆိုတဲ့ စာအုပ်လေးထဲကရတာပါ ၊ ပကတိမျက်စိ အမြင်ကြည်ပြီး ဥာဏ်မျက်စိလည်း အမြင်ကြည်ပါစေဆိုတဲ့ ဆန္ဒနဲ့ မျှဝေရေးသားလိုက်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ……..
ဟမ်ဘာဂါစားသုံးသော ကလေးများ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေများ
အသီးအရွက်နှင့် ငါးစားသုံးသော ကလေးများသည် ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းပြီး ဟမ်ဘာဂါ အသားညှပ်ပေါင်မုန့် များ တစ်ပတ်လျှင် ၃ကြိမ်ထက် ပိုမိုစားသုံးသော ကလေးများမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ရန် အန္တရာယ်များကြောင်း သုတေသီများက တွေ့ ရှိထားသည်။ နိုင်ငံပေါင်း ၂၀မှ ကလေးပေါင်း ငါးသောင်းကို လေ့လာခဲ့ရာမှ ယခု အချက်များကို တွေ့ ရှိလာခြင်း ဖြစ်ကြောင်း သစ်သီးများ၊ အသီးအရွက်နှင့် ငါးများသည် ကလေးများအား ပန်းနာရင်ကျပ်ရောဂါ ဖြစ်ခြင်းမှ ကာကွယ် ပေးပုံရကြောင်း Thorax ဂျာနယ်တွင် သုတေသီ များက တင်ပြထားသည်။
ဟမ်ဘာဂါ စားသုံးခြင်းမှာ ကျန်းမာရေးနှင့် မညီညွတ်သည့် အလေ့အကျင့်တွင် ပါဝင်ပြီး၊ ယင်းအလေ့အကျင့်ကြောင့် ရင်ကျပ်ရောဂါ ဖြစ်စေသည့် အကြောင်း အရင်း ဖြစ်နိုင်ကြောင်း သူတေသီများက ပြောကြားသည်။ ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံ နှစ်မျိုး စလုံးမှ ကလေးပေါင်း ငါးသောင်းကို ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ ကလေးများ၏ အစားအသောက် အလေ့အကျင့်ကို မိဘများအား မေးမြန်ခဲ့ပြီး ၎င်းတို့ ကလေး ပန်နာရင်ကျပ်ရောဂါ ခံစားရခြင်းရှိ၊ မရှိကိုလည်း သုတေသီများက မေးမြန်းလေ့လာ ခဲ့ကြသည်။
ဆင်းရဲသော နိုင်ငံများတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စားသုံးခြင်းက ကလေးများအတွက် အထောက်အကူ ဖြစ်စေပြီး ချမ်းသာသောနိုင်ငံများတွင် ငါးများများစားသုံးခြင်းက ကလေးများကို ကူညီနိုင်ကြောင်း သုတေသီများက ကောက်ချက်ဆွဲထားသည်။
ဆိုးဝါးသော အလေ့အထအချို့ ကြောင့် အသက်တိုနိုင်
ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် အစားအသောက် မဆင်ခြင်ခြင်း စသည့် ဆိုးဝါးသော အလေ့အထ ၄မျိုးရှိသူများသည် ယင်းလလေ့မထ မရှိသူများထက် ပျမ်းမျှအားဖြင့် အသက်၁၂ နှစ်ခန့် ပို၍ အိုမင်းရင့်ရော်စေနိုင်ကြောင်း သူတေသနတစ်ရပ်က ဖော်ပြသည်။အရွယ်ရောက်ပြီးသူ ဗြိတိသျှနိုင်ငံသားပေါင်းငါးထောင်ကို နှစ်ပေါင်းနှစ်ဆယ်လေ့လာခဲ့ရာမှ ယခုအချက်များတွေ့ ရှိလာခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေထိုင်မှုပုံစံများ ကျင့်သုံးရေး လိုအပ်ပုံကို သူတေသနကညွှန်ပြနေကြောင်း အေပီသတင်းကဖော်ပြသည်။အားလုံးခြုံကြည့်ပါက ယင်းကျန်းမာရေးနှင့် ကညီညွတ်သော အမူအကျင့်များရှိသူ လူပေါင်း၃၁၄ ဦးတွင် ၉၁ဦး(သို့ မဟုတ်) ၂၉ရာခိုင်နှုန်းမှာ သူတေသနပြုချိန် အတွင်းသေဆုံးခဲ့သည်။နှိုင်းယှဉ်ပါက ယင်းအမူအကျင့်များ မရှိသူ၃၈၇ဦးမှ လူ၃၂ဦး(သို့ မဟုတ်) ၉ ရာခိုင်နှုန်းသာ သူတေသနကာလအတွင်း သေဆုံးခဲ့သည်။ကျန်းမာရေးအတွက် အန္တာရာယ်ရှိသော အပြုအမူများမှာ ဆေးလိပ်သောက်ခြင်း၊ တစ်နေ့ လျှင် အမျိုးသားများ အရက် ၃ပက် (အမျိုးသမီး ၂ပက်) ခန့်  သောက်ခြင်း၊ရက်သတ္တပတ် တစ်ပတ်လျှင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ချိန် ၂နာရီခွဲထက်နည်းခြင်း၊တစ်နေ့ လျှင် ဟင်သီးဟင်းရွက်နှင့် သစ်သီးဝလံ ၃ကြိမ်လျှော့ စားခြင်းဟူ၍ သူတေသီများက အဓိပ္ပာယ်ဖွင့် ဆိုထားသည်။ သူတေသနတွင် ပါဝင်သူများ၏ ပျမ်းမျှအသက်မှာ ၄၄နှစ်ဖြစ်ပြီး ယခုတွေ့ ရှိချက်များကို ဧပြီ ၂၆ ရက်ထုတ် Archives of Internal Medicine တွင် ဖော်ပြထားသည်။
ဆေးဘုရင် စွန်ဇီမြောင်၏ အသက်ရှည် နည်းလမ်းကောင်းများ
ဆေး
ဘုရင် စွန်ဇီမြောင်သည် တရုတ်ပြည် စီဝေ့မင်းဆက် (ဒီစီ ၅၃၅-၄၆၆) ခရစ်နှစ် ၅၅၀ ခန့်တွင် မွေးဖွားပြီး အသက် ၁၄၁ နှစ် အသက်ရှည်စွာ နေထိုင်ခဲ့ရသည်ဟု ပြောစမှတ်ပြုကြသည်။ သူသည် ငယ်စဉ်က ရောဂါထူပြောပြီး ကျန်းမာရေး ချူချာသူ ဖြစ်သည်။ ထို့ကြောင့် ဆေးပညာကို လိုက်စားသင်ယူခဲ့သည်။ တရုတ် ဒန်မင်းဆက်ခေတ်မတိုင်မီ လက်တွေ့ကုသမှု အတွေ့အကြုံများနှင့် ဆေးပညာ သဘောတရားများကို အနှစ်ချုပ်ပြီး “ရတနာ ဆေးညွှန်းကျမ်း” နှင့် “ရတနာအဆွယ်အပွား ဆေးညွှန်းကျမ်း” ဟူသော ကျမ်းကြီးနှစ်စောင်ကို ပြုစုခဲ့သည်။ ဆရာကြီး၏ ကျန်းမာ၍ အနားရောဂါ ကင်းဝေးစေသော အောက်ပါ အပြုအမှုများသည် စာဖတ်သူတို့အတွက် အကျိုးထူးရစေ လိမ့်မည်ဟု ယုံကြည်ပါသည်။
- ၁) ခဏခဏ ခေါင်းဖြီး
လက်ဖဝါးနှစ်ဖက်ကို ၃၆-ချက်ခန့် အပြန်အလှန် ပွတ်ပေးခြင်းဖြင့် လက်ဖဝါးများ ပူနွေးလာပါစေ။ ထိုနောက် နဖူးမှစ၍ အပေါ်သို့ ခေါင်းကိုသပ်ပါ။ နောက်စေ့မှ လည်တိုင်သို့ ပြန်သပ်ချပါ။ နံနက်နှင့်ည ၁၀-ကြိမ်စီ ပြုလုပ်ပါ။ ဦးခေါင်းတွင် အရေးပါသော အာရုံကြော အချက်အချာနေရာ အမြောက်အမြား ရှိသည်။ ဤကဲ့သို့ ခဏခဏ ခေါင်းဖြီးပေးခြင်းသည် ခေါင်းကိုက်၊ နားအူ၊ ဆံပင်ဖြူ၊ ဆံပင်ကျွတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။
- ၂) ခဏခဏ မျက်လုံးလှည့်
မျက်လုံးအစုံကို မှိတ်လိုက်ပါ။ ထိုနောက် အားနှင့် ပြန်ဖွင့်ပြီး မျက်လုံးကို လှည့်ပေးပါ။ ဘယ်၊ အထက်၊ ညာ၊ အောက် လေးမျက်နှာ ကြည့်ပြီးလျှင် မျက်စိပြန်အပိတ်ပါ။ အားနှင့် မျက်စိပြန်ဖွင့်ပါ။ မျက်လုံးကို လှည့်ပေးပါ။ ညာ၊ အထက်၊ ဘယ်၊ အောက် လေးမျက်နှာကြည်ပါ။ ၃-ကြိမ်ထပ်လုပ်ပါ။ မျက်လုံးကျန်းမာရေး ထိမ်းသိမ်းနိုင်ပြီး မျက်စိမှုန်ခြင်းကို ကုစားနိုင်သည်။
- ၃) ခဏခဏ သွားထိခတ်
ပါးစပ် အသာပိတ်ထားပါ။ အထက်အောက် အသာထိခတ်ပါ။ အားစိုက်စရာ မလိုပါ။ အသံမြည်ရန် သာလိုအပ်သည်။ ၃၆-ချက်ထိ ပြုပါ။ အထက်အောက်မေးရိုး အာရုံကြောများ အသွားအလာ ကောင်းစေသည်။ ဦးနှောက် ကြည်လင်စေသည်။ အစာအိမ်နှင့် အူတို့၏ အာဟာရဓာတ်ကို စုပ်ယူအားကောင်းစေသည်။ သွားပိုးစားခြင်းနှင့် သွားယိုခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။ ပါးစပ်ကို အသာပိတ်ထားပါ။ လျှာကို သွား၏ပြင်ပသို့ထုတ်ပါ။ သွားဖုံး အပေါ်ပိုင်းမစ၍ ဘယ်ဘက်သို့ ဖြည်းဖြည်း ကပ်လှည့်သွားပါ။ ၁၂-ပတ် ပတ်ပြီးလျှင် တံတွေးကို မျိုချပါ။ ထိုနောက် ဆန်ကျင်ဘက်သို့ ၁၂-ပတ် ပတ်ပြီး တံတွေကို မျိုချပါ။ ယခုခတ် ဆေးပညာရှုထောင့်မှ ဆန်းစစ်လျှင် တံတွေးတွင် မြောက်မြားစွာသော အစာချေ အင်ဇိုင်းများရှိသည်။ တံတွေးမျိုခြင်းဖြင့် ဟောမုန်းဓာတ် ထုတ်ခြင်းကို မျှတစေနိုင်သည်။ လက်ဝါးနှစ်ဘက်ဖြင့် နားကိုပိတ်ပါ။ ဖိပြီး လက်လွတ်ပါ။ “ဖု” ဟုသော အသံကြားရမည်။ ၁၀-ကြိမ် လုပ်ပါ။ လက်နှစ်ဘက်နှင့် နားရွက်ကို ရှေ့သို့ချိုးပြီး နားနောက်ပိုင်း နောက်စေ့နှင့် နားရွက်ရင်း ကြားနေရာခန့် တွင်ရှိသော အာရုံကြော အချက်အချာနေရာကို ၁၀-ချက်စီ တောက်ပေးပါ။ နေ့စဉ် အိပ်ရာဝင် အိပ်ရာထတွင် ပြုလုပ်ပေးလျှင် မှတ်ဉာဏ် တိုးပွားစေပြီး အကြားအာရုံကို သန်စွမ်းစေသည်။ ခန္ဓာကိုယ်နှင့် လက်အစုံ စည်းချက်ကျကျ လှုပ်ခါခြင်း ကိုဆိုလိုသည်။ ခန္ဓာကိုယ် ဘယ်ဘက်ယိမ်းလျှင် ညာလက်သည်ရှေ့၊ လယ်လက်သည်နောက်၊ ရှေ့တွင်ရှိသော ညာလက်သည် ဗိုက်ကိုအသာပုတ်ပြီး နောက်တွင်ရှိသော ဘယ်လက်သည် တည့်တည့်ချိုင့်ဝင် ဒုတိယခါးရိုး အကြောစုံသော ခါးလယ်ကိုပုတ်ပါ။ ဘယ်ပြန်ညာပြန် ထပ်ခါထပ်ခါ အနည်းဆုံး အကြိမ် ၅၀-ခန့်လုပ်ပါ။ အကြိမ် ၁၀၀-လုပ်နိုင်လျှင် ပိုကောင်သည်။ ကျောက်ကပ် ခိုင်စေသည်။ အစာမကြေ၊ အစာအိမ်နာ၊ ခါးနာတို့ကို ကာကွယ်ပေးသည်။ လက်ကို ၃၆-ပွတ်ပြီး လက်ဖဝါးကို နွေးလာသောအခါ နာရီလက်တံအတိုင်း ချက်ကိုပတ်၍ ပွတ်ပါ။ ပွတ်သောနယ်ပယ်သည် ငယ်ရာမှကြီးပြီး ၃၆-ကြိမ် ပြုလုပ်ပါ။ အစာကြေစေ၍ အာဟာရဓာတ် စုပ်ယူအားကောင်းစေပြီး ဝမ်းဗိုက်လေတင်းခြင်းကို ဖယ်ရှားပေးနိုင်သည်။ လေကို ရှူထုတ်ချိန်တွင် စအိုဝကြွက်သားများကို ကျုံ့ပါ။ အသက်အောင့်ထားပါ။ မအောင့်နိုင်တော့သည့် အခါမှ အသက်ပြန်ရှူသွင်းပါ။ အဆုတ်ဝမ်းဗိုက်ပါ တစ်ကိုယ်လုံး လေများ ပြည့်ဖောင်းအောင် ရှူသွင်းပါ။ အောင့်ထားပါ။ မအောင့်နိုင်တော့မှ အသက်ပြန်ရှူထုတ်ပြီး တဖန် စအိုဝကို ရနိုင်သလောက် ကျုံ့ပါ။ ချိန်ခါအရွေး ဤလေ့ကျင့်ခန်း လုပ်နိုင်သည်။ နံနက်တိုင်း၊ ညတိုင်းလည်း အကြိမ် ၂၀၊ ၃၀-ခန့် လုပ်နိုင်လျှင် ပို၍ကောင်းသည်။ ခြေစုံရပ်၊ ဒူးစေ့ အနည်းငယ်ထိုင်သည့် သဏ္ဌာန်နှင့် ဒူးကိုလက်အစုံနှင့် ဖိထားပါ။ ဘယ်မှညာသို့ ဒူးလှည့်ပေးပါ။ အချက် ၂၀-စီ လှည့်ပါ။ ဒူးဆစ်များ သန်စေသည်။ “လူအိုဒူးအလျှင်အို၊ ကျောက်ကပ်မကောင်း ဒူးအရင်ပျော့” ဆိုသည့် ဆိုရိုးစကားအတိုင်း အသက်ရှည်လိုက ဒူးမှစ၍ ကောင်းမွန် သန်စွန်းစေရမည်။ ညာလက်နှင့် ဘယ်ခြေကိုပွတ်၊ ဘယ်လက်နှင့် ညာခြေကိုပွတ်။ ခြေဖနောင့်မှ ခြေချောင်းထိပ်ဖျား ထိုမှတဖန် ခြေချောင်းထိပ်ဖျားမှ ခြေဖနောင့်သို့ တစ်ချက်ဟုမှတ်ပြီး ၃၆-ချက် ခန့်ပွတ်ပါ။ လက်မနှစ်ဘက်နှင့် ခြေဖဝါးဗဟိုတွင် ရှိသော အာရုံကြောမျုား စုစည်းရာ အချက်အချာနေရာကို ၁၀၀-ခန့် တစ်လှည့်စီ ပွတ်နယ်ပေးပါ။ ခြေဖဝါးတွင် လူခန္ဓာကိုယ်အတွင်း ကလီစာများအသီးသီး၏ တုံ့ပြန်မှုဇုန် စုစည်းရာ အရပ်ရှိသည်။ ထိုကြောင့်ခြေကို ခဏခဏ ပွတ်ပေးခြင်းဖြင့် အတွင်းကလီစာများကို သန်စွမ်းစေနိုင်သည်။ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်းတို့ကို ကုစားနိုင်သည်။ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ် လို့ရအောင်၊ တော်ရုံတန်ရုံရောဂါများကို ဆေးမသုံးရအောင်၊ ကျန်းမာ အသက်ရှည်အောင်၊ ကိုယ်တိုင်လုပ်ဆောင်ပြီး အများကိုလည်း ဆေးပညာဗဟုသုတ ပြန်လည်ဝေအမျှနိုင်အောင် ကျွန်တော်လည်း မြတ်မင်္ဂလာစာစောင်မှ ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ) ရဲ့ တရုတ်ဘာသာစာစောင်တစ်ခု ထဲမှဘာသာပြန် ကောက်နုတ်ချက်ကို ထပ်ဆင့်ကူးယူဝေမျှ လိုက်ပါတယ်။
အကြောက်လွန်ဖို့ မလိုသော်လည်းသတိပြုရမယ့်ခွေးရူး
“လက်ပံပွင့်ချိန်ခွေးရူးချိန်” ဆိုသည့် ရှေးကတည်းက အမှတ်အသားပြုခဲ့သည့် နွေအခါအချိန်တွင် ခွေးရူးရောဂါကြောင့် သေဆုံးသည့် လူများနှစ်စဉ်ရှိတတ်စမြဲဖြစ်သည်။ခွေးရူးရောဂါဟုဆိုသော်လည်း အစွယ်ရှိသော သတ္တဝါတိုင်းတွင် ပူပြင်းသည့်အချိန်၌ ဖြစ်ပွားနိုင်ကြပြီး ခွေးရူးရောဂါပိုးဝင်နေသော ခွေးများတွင်ပင် တစ်ကောင်နှင့်တစ်ကောင်ရောဂါလက္ခဏာပုံစံချင်းမတူကြကြောင်း သိရသည်။တချို့ မှာ ရောဂါဝင်ပြီး အများအမြင်တွင်လည်းရူးနေသည့်သဏ္ဌန်ဖြင့် ၁၀ရက်အတွင်းသေဆုံးသွားသည့် ခွေးများ တစ်လ၊နှစ်လအထိ အသက်ရှင်နေထိုင်သော ခွေးနှင့် ၃၊၄နှစ်အထိ အသက်ရှင်နေထိုင်သော ခွေးများလည်းရှိကြောင်း တိရစ္ဆာန်ဆရာဝန်ဒေါက်တာတစ်ယောက်ကပြောသည်။မျက်စိရှေ့တွင်ရောဂါပိုးဝင်နေကြောင်းသိသာသည့် ခွေးအကိုက်ခံရပါက နီးစပ်ရာဆေးရုံသို့  ကာကွယ်ဆေးထိုးရန် သွာရောက်ကြသော်လည်း ရိုးရိုးခွေးဟုယူဆထားသော ခွေအကိုက်ခံရပါက အများစုမှာ ကာကွယ်ဆေးမထိုးဘဲ ပေါ့ဆနေကြသူက များကြောင်းသိရသည်။“အဲဒီလိုခွေးက မသိသာဘူး။ရောဂါနုတဲ့အတွက် ခွေးလည်းအကြာကြီးအသက်ရှင်တယ်။ အကိုက်ခံရတဲ့သူလည်း အကြာကြီးအသက်ရှင်တယ်”ဟု အဆိုပါဆရာဝန်ကပြောသည်။ ခွေးရူးရောဂါပိုးသည် အများအားဖြင့် အစားအသောက်ပုံမှန်မစားရဘဲ နေပူမိုးရွာ အပြင်မှာနေရသော ခွေးလေ၊ခွေးလွင့်များတွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး၊ အိမ်တွင်မွေးထားသော တိရစ္ဆာန်များ ဖြစ်ပွားမှုနည်းကြောင်း သိရသည်။ “ဒါပေမယ့် တစ်ခါတလေမှာ ခွေးရူးရောဂါပိုးရှိတဲ့ ခွေးက အိမ်မွေးခွေးတွေကိုကိုက်မိပြီး ရောဂါပိုးဖြန့်ဝေနိုင်တယ်”ဟု အဆိုပါ တိရစ္ဆာန်ကုဆရာဝန်ကပြောသည်။ကာကွယ်ဆေးထိုးလျှင်အသက်ရှင်နိုင်သော်လည်း အများစုမှာခွေးရူးမဟုတ်နိုင်ဟုထင်၍ ငွေကုန်ကြေးကျများသောကြောင့် ကာကွယ်ဆေးများကို မထိုးကြခြင်းဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။ ယခင်က ခွေးရူးရောဂါကာကွယ်ဆေးကို
ဗိုက်တွင်ရက်ဆက်ထိုးရသော်လည်း ယခုနောက်ပိုင်း သတ်မှတ်သည့်ရက်အပိုင်းအခြားအလိုက် ၅ကြိမ်သာ အသားဆေးအဖြစ် အသုံးပြုကြကြောင်းသိရသည်။ ကာကွယ်ဆေးတစ်စုံစာလျှင် ဒေါ်လာဈေးအတက်အကျအလိုက် ကျပ်ငါးသောင်းမှ ခုနစ်သောင်းခွဲအထိ ကုန်ကျနိုင်ပြီး အန္တာရာယ်အရိပ်အရောင်ပြနေသည့် ခွေးမဟုတ်ပါက ကြိုတင်ကာကွယ်သည့်အနေဖြင့် သုံးလုံးခန့် ထိုး၍ လည်း ရနိုင်ကြောင်းသိရသည်။“ ခွေးကိုက်ခံရတိုင်း အရမ်းကြီးတော့ ကြောက်စရာမလိုပါဘူး။ အရေပြားစုတ်ပြဲပြိး သွေးတွေထွက်ရင်တော့ သေသေချာချာ ဂရုပြုသင့်တယ်။ သာမန်အရေပြားလေးခြစ်မိတာလောက်ဆိုရင်တော့ အရက်ပျံနဲ့  ဆေးလိုက်တာမျိုးတွေ လုပ်ထားရင် ရပါတယ်”ဟု ဆရာဝန်ကပြောသည်။ကိုက်ပြီးပြီးချင်း သွေးထွက်ပါက အနာတစ်ဝိုက်သွေးများကိုညှစ်ထုတ်ပြီး ရေစင်အောင်းဆေး၍ ကာကွယ်ဆေးထိုးသင့်ကြောင်း သိရသည်။ ခွေးရူးရောဂါပိုးသည် တိရစ္ဆာန်သာမက လူ၏တံတွေးဂလင်းများနှင့် ဦးနှောက်ကိုထိခိုက်စေသဖြင့် အစာမျိုရခက်ခဲခြင်း၊ကယောင်ကတမ်းဖြစ်ခြင်း၊ရေကြောက်ခြင်း၊ရန်လိုခြင်းစသည့်လက္ခဏာများ ပြသ၍ ဦးနှောက်နှင့် နီးသောနေရာ အကိုက်ခံရပါက ပိုမိုအန္တရာယ်များကြောင်း သိရသည်။ ခွေ၊ကြောင်များကို ကာကွယ်ဆေးထိုးလျှင် သုံးလသားအရွယ်ခန့် တွင် စတင်ထိုးရပြီး နှစ်စဉ်ဆက်တိုက်ထိုးရမည်ဖြစ်ကြောင်းသိရသည်။ ခွေးရူးရောဂါကာကွယ်ဆေးကို ဆေးရုံတိုင်းတွင် ထားရှိကြောင်း သိရသည်။
ဆေးလိပ်သောက်သူများအတွက် ဘားဂါး (buerger) ရောဂါ
ဆေးလိပ်သောက်သူများ အတွက် ဘားဂါး (Buerger) ရောဂါ
ဘားဂါးဆိုတာဘာလဲ ။

ဘားဂါးဆိုတာဟာ ခြေထောက်နဲ့ လက်တွေမှာ ရှိတဲ့ သေးငယ်သော သို့မဟုတ် အလယ်အလတ်ရှိသော သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေ ယောင်ရမ်းခြင်း နှင့် ပိတ်ဆို့ခြင်းတို့ ခဏခဏ ဖြစ်ပေါ်နေခြင်းကို ဆိုလိုပါတယ် ။ ဒါဟာ ဆေးလိပ် သောက်သုံးခြင်းနဲ့ အလွန်အမင်း သက်ဆိုင်လျက် ရှိပါတယ် ။ ဆေးလိပ် သောက်သုံး သူများအပါအ၀င် ဆေးလိပ်မသောက်ပေမယ့် လည်း ဆေးရွက်ကြီးစားသုံးသူတွေ Tobacco နဲ့ပါတ်သတ်တဲ့ထုတ်ကုန်မှန်သမျှ သုံးစွဲသူတွေမှာ ဖြစ်စေနိုင်ပါတယ် ။
အဖြစ်များစေတဲ့ အချက်တွေ ။
စီးကရက်သောက်သုံးခြင်းဟာ ဘားဂါးကို အဖြစ်များစေတဲ့ အဓိက အချက်ပါ ။ ဆေးလိပ်အရမ်းသောက်သူတွေ ဥပမာ တစ်နေ့ကို တစ်ဗူး နှုန်း သောက်သုံးသူတွေဟာ ဘားဂါးဖြစ်စေဖို့ အခွင့်အလမ်းများသူတွေ ဖြစ်ပါတယ် ။ ဆေးရွက်ကြီး ငုံတဲ့လူတွေ ကွမ်းစားရင်ဆေးရွက်ကြီးထည့်စားသူတွေ လည်း ဘားဂါးရောဂါ ဖြစ်ပွားစေနိုင်ပါတယ် ။ လက်နဲ့လိပ်တဲ့ ဆေးပေါ့လိပ် (ဖက်ကြမ်း) ကိုသောက်သုံးတွေက ဖြစ်ပွားနိုင်ခြေ ပိုများပါတယ် ။ Tobacco မှာပါဝင်တဲ့ ဓါတုပစ္စည်းတွေက သင့်သွေးကြောနံရံတွေကို ထိခိုက်စေပါတယ် ။ သူတို့ကိုရောင်ရမ်းလာစေပါတယ် ။ ဘားဂါးဖြစ်ပွားမှုနှုန်းဟာ ဆေးလိပ်သောက်မှုများတဲ့ Middle East နဲ့ East မှာ ပိုများပါတယ် ။ သင်ဟာ ဆေးလိပ်သောက်သုံးသူ တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ သင့်မှာ ဘားဂါး ဖြစ်နေပြီ ဆိုရင်တော့ ဆေးလိပ်သောက်သူများနဲ့ ဝေးဝေးနေသင့်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဆေးလိပ်ငွေ့ကလည်း သင့်ကို ထိခိုက်စေပါတယ် ။
ဘားဂါးရဲ့ ရောဂါ လက္ခဏာတွေ ။

၁ ။ ခြေထောက်မှာ နာကျင်လာခြင်းနဲ့ အားနည်းလာခြင်း လက်များ နာကျင်လာခြင်း လက်မောင်းများ နာကျင် လာခြင်းနဲ့ အားနည်းလာခြင်း ။
၂ ။ သင့်ရဲ့ လက်တွေ ခြေထောက်တွေ ရောင်ရမ်းလာခြင်း ။
၃ ။ လက်ချောင်းလေးတွေနဲ့ ခြေမ ၊ ခြေချောင်းလေးတွေဟာ ဖြူဖျော့လာပြီး အထူးသဖြင့် အေးတဲ့အခါမှာ ပိုသိသာပါတယf။ ဒါကို Raynaud’s phenomenon လို့ခေါ်ပါတယ်။
ဘားဂါးကနေ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ။

ဘားဂါးရောဂါက ပိုဆိုးလာပြီဆိုရင် သင့်ရဲ့ လက်တွေ ခြေထောက်တွေကို သွေးပို့မှုနှုန်းသွေး စီးဆင်းမှုနှုန်း နည်းလာပါတယ် ။ ဒါဟာ သွေးတွေက လက်ချောင်းလေးတွေ ခြေချောင်းလေးတွေစီ စီးဆင်းရာမှာ ပိတ်ဆို့တဲ့ အတားအဆီးတွေ (Blood clots) ရှိနေတဲ့အ တွက်ကြောင့်ပါ ။ ဒါကြောင့် သွေးတွေက အောက်ဆီဂျင်နဲ့ အာဟာ ရတွေကို တစ်ရှုးတွေဆီကို မပို့ပေးနိုင်တော့ ပါဘူး ။ ဒါကြောင့် ခြေဖျားလက်ဖျားလေးတွေမှာ ရှိတဲ့ တစ်ရှုးလေးတွေ သေဆုံးသွားပါတယ် ။ ဒါကို gangrene လို့ခေါ်ပါတယ် ။ ဂမ်ဂရင်း ရဲ့ လက္ခဏာတွေကတော့ ရေပြားဟာ အမဲေ၇ာင် အပြာရောင်ပြောင်းသွားခြင်းဖြစ်တဲ့ ခြေချောင်းလက်ချောင်းမှာ အာရုံခံစားမှု မရှိတော့ခြင်း ဖြစ်တဲ့ နေရာမှာ အနံ့ နံလာခြင်း စသည်တို့ ဖြစ်ပါတယ် ။ဂမ်ဂရင်း ဖြစ်ပြီဆိုရင်တော့ ဖြစ်တဲ့ ခြေချောင်းလက်ချောင်းကို ဖြတ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ် ။
ကုသမှုနဲ့ ဆေးဝါးတွေ ။
ဘာကုသမှုမှ ဘားဂါးကို မကုနိုင်ပါဘူး ။ သင့်ရဲ့ ဆရာဝန်ကလည်း သင်ဖြစ်နေတဲ့ ခံစားမှုတွေ လက္ခဏာတွေကို လျော့နည်းသွားအောင် ကုသမှု အမျိုးမျိုးနဲ့ ချဉ်းကပ်ယုံပဲ ရှိပါလိမ့်မယ် ။ အဲဒါတွေကတော့
၁။ သင်ဆေးလိပ်ဖြတ်ဖို့ အကူအညီ ပေးနိုင်တဲ့ ဆေးဝါးတွေ နှစ်သိမ့် ဆွေးနွေးပေးခြင်း သင့်ရဲ့ သွေးကြောတွေ ရောင်ရမ်းမှုသက်သာအောင် ဆေးပေးခြင်း ။
၂။ သင့်ရဲ့ သွေးလည်ပတ်မှု ကောင်းအောင် ခဲနေတဲ့သွေးတွေ ပြန်ကျဲသွားအောင် ဆေးပေးခြင်း (ဥပမာ Cilostazol )
၃ ။ ဖြစ်ပွားတဲ့ နေရာက အာရုံကြောတွေကို ဖြတ်တောက်ပစ်ခြင်း (ဒါကတော့ နာတာကို သက်သာစေဖို့ပါ )
၎ ။ ခြေထောက် လက် ဖြတ်ထုတ်ပစ်ခြင်း (အကယ်၍ ပိုးဝင်နေတယ် ပုပ်နေပြီဆိုရင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ် )
ဘယ်လိုကာကွယ်မလဲ ။
သင်ဟာ ဘားဂါးဖြစ်နေပြီ လို့ သိတာနဲ့ တပြိုင်နက် ဆေးလိပ်သောက်သုံးတာကို ချက်ချင်းဖြတ်ပစ်ရမှာ ဖြစ်ပါတယ် ။ ထူးဆန်းတာတစ်ချက်က တော့ သင်ဆေးလိပ်ဖြတ်လိုက်တာနဲ့ တပြိုင်နက် သင့်ရဲ့ ခြေလက်တွေ သွေးကြောတွေရောင်ရမ်း နေတာတွေ ချက်ချင်းသက် သာသွားခြင်း ဖြစ်ပါတယ် ။ ဆေးလိပ်အချိန်မှီဖြတ်ပစ်တဲ့ လူအများစုဟာ ခြေလက်တွေ ဖြတ်ပစ်စရာ မလိုအပ်တော့ပါဘူး ။ ဆက်သောက်နေမယ်ဆိုရင်တော့ သင်ရဲ့ ဘားဂါးကို ပိုဆိုးစေပြီး သင့်ရဲ့ ခြေလက်တွေ ဖယ်ရှားပစ်ခံရမှာ ဖြစ်ပါတယ် ။
ဆေးလိပ်ဖြတ်ဖို့ဟာ ခက်ခဲလှပါတယ်။ သင်ဟာ ဆေးလိပ်သောက်သုံးသူ အများစုထဲက တစ်ယောက်ဆိုရင် သူတို့လိုပဲ အတိတ်တုန်းက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးမှာပါ ။ဒါပေမယ့် အောင်မြင်ခဲ့မှာမဟုတ်ပါဘူး ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့် ပြဿနာကို ပြောပြပါ ။ သင့်ဒုက္ခကို ကူညီပေးနိုင်မယ့် ဆေးဝါးတွေ ရှိပါတယ် ။ ပီကေ၀ါးခြင်းနဲ့ စိတ်အာရုံပြောင်းခြင်း ။ နောက်တစ်ခုကတော့ နီကိုတင်းအစားထိုး ထုတ်ကုန်တွေကို သုံးစွဲခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နီကိုတင်းကလည်း ဘားဂါးကို ပိုဆိုးစေတဲ့အရာဖြစ်တဲ့အတွက်ပါ ။ နောက်တစ်နည်းကတော့ ဆေးလိပ်ဖြတ် ပရိုဂရမ်ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ် ။ ဒါကတော့ ဆေးရုံ ဆေးခန်းမှာ ရက်အနည်းငယ်သွားနေပြီး ကုသမှု ခံယူခြင်းပဲ ဖြစ်ပါတယ် ။ အဲဒီအချိန်တွေမှာ သင်ဟာ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်း ကုသိုလ်ရေး တွေ လုပ်ဆောင်ခြင်းအားဖြင့် သင့်ကို Tobacco free world ထဲကိုခေါ်ဆောင်သွား မှာ ဖြစ်ပါတယ် ။
အိမ်မှာနေရင်းနဲ့ ဘာတွေ လုပ်ဆောင်မလဲ ။
သင့်မှာ ဘားဂါး ရှိနေပြီဆိုရင် သင့်ခြေချောင်းတွေလက်ချောင်းတွေကို ဂရုစိုက်ပါ ။ သင့်ရဲ့ အရေပြားပေါ်က ခြစ်ရာ ရှရာတွေကို သတိထားပါ သင်ဟာ အာရုံခံစားမှုရှိနေသေးလားမရှိတော့ဘူးလား ဆိုတာ စမ်းစစ်ပါ ။ ခြေလက်တွေ အေးနေခြင်းဟာ သင်ဟာ ပိုးမွှားအလွယ်တကူ ၀င်ေ၇ာက်ကူးစက်ခံနိုင်ရတဲ့ အခြေအ နေဖြစ်ပါတယ် ။
From: ကိုသက်တန့်ချို blog