Archive for the ‘ရသစာပေ’ Category
အမြင်ကြည်စေဖို့
အခုတစ်လော ကျနော့်ချစ်သူကိုကြည့်ရတာ အားမရဘူး၊အရမ်းဝါးချင်နေတယ် ၊ အချစ်ကြောင့်လို့ပဲထင်ပြီး အမှု့မဲ့အမှတ်မဲ့ နေလိုက်ပါတယ် ၊ ဒီလိုနဲ့သွားရင်းလာရင်း ကောင်လေးတွေကို ကြည့်တော့ ကြည့်မရဘူးဖြစ်လာပြန်တယ်။ သိပ်အမြင် မကြည်ဘူး ဖြစ်နေတယ်လေ။ ကောင်လေးတွေကိုပဲ ဒီလို ဖြစ်တာလားဆိုပြီး ကောင်မလေးတွေကို ကြည့်လိုက်တော့ …. အင်း…..
သူတို့ကျတော့ ကြည့်ရတာ အားမရဘူးဗျာ … အားလုံးကို ၀ါးချင်နေပြန်တယ် ။ ကျနော်တော်တော် ၀မ်းနည်းသွားတယ် အသက်ကကြီးမယ်မှ မကြံသေးဘူး လက္ခဏာတွေက ပြနေပြီလေ။ တစ်ချို့ကပြောတယ် ဇရာရဲ့ရိုက်ချက်တဲ့ …. ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်လေ သေချာတာကတော့ ကျနော့်မျက်စိ အားနည်းလာပြီဆိုတာပါပဲ။
ဒါနဲ့စကားမစပ် စာဖတ်နေတဲ့ ကိုကို မမ ညီ ညီမတို့ရော အမြင်ကြည်ကြရဲ့လား။ ကြည့်နေရင်းနဲ့ ၀ါးချင်လာတာတွေများ ရှိနေပြီလား။ အကယ်၍ ရှိနေရင် အားမငယ်ကြပါနဲ့ စိတ်မပျက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အခုကျနော့်မှာ မျက်စိအားကောင်းစေမယ့် နည်းလမ်းကောင်းတွေ ရှိနေလို့ပါ။ မျက်မှန်တပ်ရတဲ့ သူတွေတောင် မျက်မှန်မတပ်ရတော့တဲ့ အထိ ပုံမှန်အတိုင်း ပြန်ကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ သက်တော်(၇၀)ကျော်မှ မျက်မှန် မတပ်ရတော့တဲ့ မန္တလေးမြို့က ကျမ်းပြု စာချအကျော် ဆရာတော် ဦးဝိဒါဘိဝံသ ရဲ့ကျင့်စဉ်နဲ့ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ ပျောက်ကျင့်စဉ်ကို ပေါင်းစပ်ထားတဲ့ လေ့ကျင့်ခန်းလေး တစ်ခုပါ ။
ဒီနည်းလေးကို နေ့စဉ်ကျင့်သုံးမယ် ဆိုရင် ဇာတ်ကြောတတ်ခြင်း မျက်ရည်ပူများကျခြင်း၊ မျက်မှန်တပ်ရခြင်းတွေ မရှိတော့ပါဘူး။ မျက်နှာက ၀က်ခြံတွေပျောက်ပြီး အသားအရည်လည်း လှတယ်လို့ ဆိုပါတယ်။ အခုကစပြီး နည်းလမ်းကို ပြောပါတော့မယ်။ သေသေချာချာမှတ် ထားပေးနော်။ ကိုယ်မဟုတ်လည်း လိုအပ်တဲ့သူတွေကို အကူအညီပေးလို့ ရတာပေါ့။
ပထမဆုံး အိပ်ရာနိုးနိုးချင်း မျက်နှာအရင်မသစ်ရပါဘူး ၊ ခြေထောက်နှစ်ဘက်လုံး ဒူးကနေ ရေသုံးခွက်စီလောက်လောင်းပေးပါ ၊ ဒါက တစ်ကိုယ်လုံးမှာရှိတဲ့ အပူငွေ့တွေကို ခြေထောက်ရောက်အောင် ဆွဲချလိုက်တဲ့ သဘောပါ။ မျက်နှာကိုအရင် သစ်လိုက်ရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာကို တစ်ကိုယ်လုံးက အပူတွေ ပြေးဝင်လာပါတယ်။ ဒါကြောင့် မျက်စိကို အပူခိုးအပူငွေ့တွေက လာရိုက်ပြီး မျက်စိမှုန် အားနည်းစေ တတ်ပါတယ်။ ဒူးကနေ ရေလောင်းပြီးတဲ့ အခါ ချိုင်းကြားနှစ်ဘက်မှာ ကပ်နေတဲ့ အပူခိုးတွေ ထွက်အောင် မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြောက်တင်လိုက် အောက်ချလိုက်နဲ့ အနည်းဆုံးအကြိမ် (၂၀) လောက်လုပ်ပေးပါ။ နောက်ပြီး ဇာတ်ကြော လျှော့သွားအောင် ခေါင်းကို နောက်ကျောဘက် ရောက်နိုင် သလောက် လှန်ချရပါမယ်။ ရှေ့ကိုလည်း ရသလောက် ငုံပေးရပါမယ်။ နောက်ပြီး ခေါင်းကို ဘယ် ညာ လှည့်ပေးရပါမယ်။ ဒါတွေကိုလည်း အကြိမ် (၂၀)လောက်လုပ်ပေးရပါမယ်။ ဒါဆိုရင် တစ်ကိုယ်လုံးက အပူငွေ့တွေ ခြေထောက်ကထွက်သွားပြီးပေါ့။ ဇာတ်ကြောလည်း လျော့သွားပြီလေ။
ဒါတွေလုပ်ပြီးရင် မျက်နှာသစ်လို့ရပါပြီ။ သွားတော့မတိုက်ပါနဲ့ဦး ၊ ပါးစပ်ကိုပိတ်ထားပြီးတော့မျက်နှာသစ်ပါ ၊ ပြီးတာနဲ့ မျက်နှာအရင်သုတ်လိုက်ပါ ၊ မျက်နှာမှာရှိတဲ့မွှေးညင်းပေါက်တွေ အကုန်ပွင့်သွားအောင်လို့ပါ ၊ အဲ့လိုလုပ်ပြီးမှ သွားတိုက်ပါ ၊ သွားတိုက်ရင်းနဲ့ သွားကြို သွားကြား ပါးစပ်ထဲက အခိုးအငွေ့တွေဟာ မျက်နှာမှ မွှေးညင်းပေါက်တွေကတဆင့် ထွက်ကုန်တာပေါ့ ၊ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို ကြိုတင်ကာကွယ်တဲ့အပြင် မျက်နှာရဲ့အသားအရည်ကိုလည်း လှပပြီးနုပျိုစေပါတယ် ။ အဲ့ဒါတွေကတော့ မိဘတွေမွေးပေးခဲ့တဲ့ ပကတိမျက်စိ အမြင်ကြည်လင်စေဖို့ နည်းလမ်းတွေပါပဲ ၊ သစ္စာလေးပါးဆိုတဲ့ တရားကိုမြင်စေတဲ့ ဥာဏ်မျက်စိအမြင်ကြည်ဖို့ကတော့ တရားစာအုပ်တွေများများဖတ် တရားတွေများများနာကြားပြီး ရှင်တော်မြတ်ဘုရားဟောကြားထားတဲ့ ၀ိပဿနာတရားကို အားထုတ်ရမှာဖြစ်ပါတယ် ။
ဒူးကနေရေလောင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ် မျက်နှာသစ် သွားတိုက် အဲ့ဒါတွေကို အစဉ်လိုက်လုပ်ရင်း ဘုရားဂုဏ်တော်ပွားခြင်း မေတ္တာပို့ခြင်း ၀ိပဿနာလုပ်တတ်ရင်တော့ ၀ိပဿနာလုပ်ရင်း ဒါမှမဟုတ် ကိုယ်အားသန်ရာ ဘုရားစာတစ်ခုခုရွတ်ရင်း နေ့စဉ်လုပ်ပေးနေရင်တော့ အချိန်ကုန်မှန်းလည်းမသိ ကျန်းမာရေးလည်းဖြစ် ကုသိုလ်လည်းရ အတိုင်းထက်အလွန်ပေါ့ဗျာ ….
ကျနော် အဲ့ဒီနည်းအတိုင်းလုပ်လာတာ တစ်လလောက်ရှိပြီ ၊ နောက်တစ်နှစ်လောက်ဆိုရင် ကျနော်ဟာ လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း တည်ငြိမ်အေးချမ်းတဲ့ စိတ်ဓာတ်တွေရဲ့ပိုင်ရှင် ဖြစ်နေလောက်ပြီပေါ့ ၊ ခင်လို့ပြောတာနော် သူများတွေကိုလျှောက်မပြောနဲ့ဦး ကြွားတယ်လို့ထင်နေဦးမယ်… ၊ မိတ်ဆွေတို့ လက်တွေ့လုပ်ကြည့်ကြပါ ၊ လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း တည်ငြိမ်အေးချမ်းတဲ့စိတ်ဓာတ်တွေရဲ့ ပိုင်ရှင်ဖြစ်လာရင်တော့ ကျနော့်ကို မုန့်ကျွေးဖို့မမေ့နဲ့နော် …..။
သြော်….ဒါနဲ့…ဒီနည်းလေးက မေတ္တာရှင် (ရွှေပြည်သာ)ရေးတဲ့ စာရိတ္တသတ္တိဆိုတဲ့ စာအုပ်လေးထဲကရတာပါ ၊ ပကတိမျက်စိ အမြင်ကြည်ပြီး ဥာဏ်မျက်စိလည်း အမြင်ကြည်ပါစေဆိုတဲ့ ဆန္ဒနဲ့ မျှဝေရေးသားလိုက်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ……..
နေ့လေးတစ်နေ့ (သို့) ကျွန်မတို့နှစ်ယောက် (သို့) 11-9-2010
(၁)
မနက်ခင်းရဲ့နေရောင်ခြည်အောက်မှာ ကျေးငှက်လေးတွေရဲ့အော်မြည်သံနဲ့အတူ မျက်လုံးပုတ်ခတ် ပုတ်ခတ်နဲ့ နိုးလာခဲ့တဲ့ ice အလောတကြီးနဲ့ အိပ်ရာမှ ထလိုက်မိပါသည်။ တဖက်ခန်းမှ အသံ နားစွင့်မိတော့လည်း အပ်ကျသံပင်မကြားရ တိတ်ဆိတ်နေလေရဲ့။ ဒီနေ့ ice သိပ်ချစ်ရတဲ့ ice ရဲ့သူငယ်ချင်းလေး ပေါ့ဆိမ့် နဲ့ ဘုရားမှာတွေ့ဖို့ ချိန်းထားတဲ့နေ့။ ရှားရှားပါးပါး သူ နိုင်ငံခြားက ပြန်လာတဲ့အချိန်နဲ့ ice ရန်ကုန်မှာရှိနေတဲ့အချိန် တိုက်ဆိုင်လို့ တွေ့ဖို့ချိန်းထားပါမှ အိပ်ရာထ နောက်ကျနေတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မိပါရဲ့။
မဖြစ်ချေဘူး. နှိုးအုံးမှ ချိန်းထားတာ (၉)နာရီဆိုပေမဲ့ သူက စောရောက်ချင်ရောက်နေမှာ` လို့ တွေးမိပြီး ice ညီမလေးတို့ လင်မယားကို နှိုးရပါတော့သည်။ ခါတိုင်း အစောကြီး ထလေ့ရှိတဲ့ တူမတော်ချောကလည်း ဒီနေ့မှ အိပ်ပုတ်ကြီးနေလိုက်တာ တော်တော်နှိုးယူရတယ်. အမြန်အမြန် ရေမိုးချိုးပြီး အိမ်ကထွက်တော့ (၇း၃၀)နာရီ. မုန့်မစားဖြစ်တော့ဘဲ လိုင်းကားပေါ် အပြေးတက် လိုက်ခဲ့တော့သည်။ မြေနီကုန်းရောက်တော့ ညီမလေးက မုန့်အရင်စားမယ်ဆိုလို့ အချိန်တွေ ထပ်ပေးလိုက်ရသေးသည်။ တွေ့ဖို့ရက်က ဒီတစ်ရက်ထဲ။
အချိန်က (၉)နာရီထိုးတော့မယ်။ အပြေးလေး ဘုရားပေါ်ကို တက်ရတော့တာပေါ့။ ချိန်းထားတဲ့နေရာက တနင်္ဂနွေဒေါင့်မှာ။ အောင်မြေမှာ ဘုရားကို ဖြောင့်အောင်မဖူးနိုင်ဘူး။ တနင်္ဂနွေဒေါင့်ကို ပြေးရပါတော့တယ်။ ice ညီမလေးက သူ့ကို အရင်မြင်ပြီးမှ ice က မြင်ပါတော့သည်။ (အမှန်က မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်နေတာ. သူကစပြီးလှမ်းမခေါ်လို့
)
ice လည်း ကိုယ့်နေ့ဒေါင့်မှာ ဘုရားမရှစ်ခိုးနိုင်ဘဲ သူရှိတဲ့နေရာကို အပြေးလှမ်းမိပါတော့တယ်။
(၂)
ငယ်ငယ်လေးကတည်းက မမေ့ခဲ့တဲ့ သူငယ်ချင်းလေး ပေါ့ဆိမ့် မျက်နှာက မတွေ့ရတဲ့နှစ်တွေ (၁၇)နှစ်တိုင် ရှိခဲ့တာတောင် မပြောင်းမလဲ ဒီအတိုင်းပါပဲ။ ice က အစားကြီး အအိပ်မက်တဲ့သူဆိုတော့ သူများနဲ့မတူတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာကို တွေ့တွေ့ချင်း သူက နင် တော်တော်ဝလာတာပဲတဲ့။ ![]()
သူကပိန်တဲ့သူဆိုတော့ မျက်လုံးအိမ် ကျဉ်းကျဉ်းနဲ့ ice ဝ သွားရပါတော့တယ်။ ice မှာ အိမ်မှာကတည်းက တွေ့ရင် ပြောမဲ့စကားလုံးတွေ စီထားခဲ့ပေမဲ့ တွေ့တွေ့ချင်း ဝမ်းသာလွန်းလို့ ဘာစကားမှ သိပ်မပြောနိုင်ခဲ့ပါဘူး။ သူကလည်း ice နဲ့ချိန်းထားတာအပြင် လူကြုံပေးလိုက်တဲ့ပစ္စည်း လာယူတဲ့တယောက်နဲ့ စကားကောင်းနေပါသေးတယ်။
အဲဒီ့လိုအချိန်မှာ ကိုရွှေမိုးက မဖိတ်ခေါ်ဘဲနဲ့ အသော့နှင်လာပြီး ရွာသွန်းလိုက်တော့ ice တို့မှာ ဘုရားပေါ်မှာတင် ငုတ်တုတ်မေ့ရပါတော့တယ်။ အဲဒီ့နေ့က ice တို့နှစ်ယောက်အတွက် ကံကောင်းတယ်လို့ပဲ ပြောရမလား၊ ကံမကောင်းဘူး ပြောရမလား မပြောတတ်နိုင်အောင်ပါပဲ။ အကယ်၍ မိုးသာ ရွာမလာခဲ့ဘူးဆိုရင် ice တို့နှစ်ယောက် ကိုရေနွေးကြမ်းရဲ့ မိဘအိမ်လည်း ရောက်ဖြစ်မယ်ထင်တယ်။ နောက်ပြီး ကိုရေသန့်ဆီလည်း ခရီးနှင်ဖြစ်မယ်ထင်မိပါရဲ့။ မိုးက အဆက်မပြတ် ရွာနေတော့ ဘုရားပေါ်ကနေ ဘယ်မှမသွားနိုင်ဘဲ ရှိနေတာကို သူက အကျိုးရှိရှိ အသုံးချလိုက်ပါတယ်။
သူ့ကွန်ပျူတာကို ဖွင့်ပြီး ice အတွက် အသုံးဝင်မဲ့ ice လိုချင်တဲ့ ဆော့ဝဲတွေကို Memory Stick နဲ့ကူးပေးပါတော့တယ်။ အော်..ice ကြွားဖို့မေ့နေတာ။ ice သူငယ်ချင်းလေးက ice အတွက် လက်ကိုင်အိတ်ရယ်၊ ပုဝါ(၁)ထည်ရယ်၊ ပိုက်ဆံ အတန်သေးသေးလေးရယ် လက်ဆောင်ပေးပါတယ်။ နောက်ထပ် အဆစ်ပါသေးတယ်။ ice မှာ Memory Stick မရှိဘူးဆိုတော့ သူသုံးနေတဲ့ Memory Stick ပါ ice ရလိုက်ပါသေးတယ်။ ကောင်းလိုက်တာနော်။ ice က အဲလိုလေးတွေ ရနေတတ်ရင် အရမ်းပျော်ပါတယ်။ သူက ပြောပါသေးတယ်။ ice ကို အတန်ကြီး ပေးချင်ပေမဲ့ ice အတွက်က အသုံးသိပ်မဝင်လို့ မယူနဲ့နော်တဲ့. နင်လိုချင်ရင် ရေနွေးကြမ်းဆီက တောင်းလိုက်တဲ့ ရေနွေးကြမ်းက ပွင့်ပွင့်လင်းလင်း အဲလိုတောင်းရင် ပေးတယ်တဲ့လေ. ဟဲဟဲ ice လည်း နောက်တခါ တွေ့ရင် ပွင့်ပွင်းလင်းလင်းပဲ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
နောက် သူကပြောသေးတယ် သိလား။ ဘလက်က နင့်ကို iPot ဝယ်ပေးမယ်လို့ ပြောနေသံ သူကြားတယ်တဲ့။ ice လည်း ဝမ်းသာအားရ ကောင်းလိုက်တာ မြန်မြန်ပေးလို့ ပြောခိုင်းလိုက်သေးတယ်။
(စတာနော်. တကယ်ပေးလဲ စိတ်မဆိုးပါဘူးလို့). ဟိဟိ. ဒါနဲ့ ice လည်း သူ့ကို မေးမိပါသေးတယ်. ငါကို ကိုကြီးပုံမှန် ကရော ဘာပေးမယ် ကြားခဲ့သေးလဲလို့ မေးတော့ သူက မကြားမိဘူးဟတဲ့ ဒီကောင်က နည်းနည်းကပ်စေးနည်းတယ်တဲ့ (၁)ကျပ်ကို (၂)ကျပ်မှတ်ပြီး ခွာနေတဲ့ကောင်တဲ့လေ။
ice တို့ ဘုရားပေါ်မှာ မိုးတိတ်နေချိန်လေး ဓာတ်ပုံအတူ ရိုက်ဖြစ်ကြပါသေးတယ်။ မိုးရွာထဲမှာ ယတြာပဲ ချေတာလား။ အချိန်မရလို့ပဲ ထီးတချောင်းနဲ့ ဘုရားလက်ယာရစ် ပူဇော်နေတာလားတော့ မသိဘူး။ သရုပ်ဆောင် ဇေယျ ကို တွေ့လိုက်ပါသေးတယ်။ ice သူငယ်ချင်းလေးက အဆိုတော် ဟဲလေးလင်မယားကိုလည်း သူတွေ့လိုက်သေးတယ်တဲ့လေ။ ice တို့ ဘုရားပေါ်ကဆင်းတော့ ဘယ်ကိုအရင်သွားရမှန်း မသိဖြစ်နေတာကို သူက ဒို့ကျန်းမာရေး အရင်ရှင်းကြမယ်တဲ့. သူကျန်းမာရေး မကောင်းတာကို ice ကို လွှဲချနေသေးတော့ ice လည်း အားနားပါးနာနဲ့ ကျန်းမာရေး သွားခဲ့ပါသေးတယ်။
ice တို့ ဘုရားပေါ်ကဆင်းတော့ မြို့ထဲသွားဖို့ စီစဉ်ထားပြီး ice အဒေါ့်အိမ်ကို လူကြုံဝင်ယူကြပါသေးတယ်။ အဒေါ့်အိမ်က ပြန်တော့ မိုးရွာတာရော၊ ဗိုက်အရမ်းဆာနေကြတာရောနဲ့ မြေနီကုန်းက YKKO မှာ ကြေးအိုးဝင်သောက်ရင်း အချိန်ဖြုန်း လိုက်ကြရပါတော့တယ်။ စီစဉ်ထားတဲ့အတိုင်း မြို့ထဲလည်း မသွားဖြစ်လိုက်ကြပါဘူး။
(၃)
ice တို့ သူငယ်ချင်းနှစ်ယောက် ဟိုးရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောဖြစ်ခဲ့ကြပါသေးတယ်။ သူငယ်ချင်းတွေအကြောင်း မေးတော့ သူက သူငယ်ချင်း တော်တော်များများနဲ့ အဆက်အသွယ်ပြတ်ခဲ့ ပုံရပါတယ်။ သိပ်မသိရတော့ဘူး။ သူသိတာက ice တို့ သူငယ်ချင်း အနည်းအကျဉ်း လောက်ပဲကျန်တော့တယ်။ ငယ်ငယ်တုံးက သူငယ်ချင်း တစ်ယောက်အကြောင်းလည်း စိတ်မကောင်းစွာ သိခဲ့ရပါသေးတယ်။ ဆင်တဲကဖေး (၁)နှစ်ပြည့်အတွက် သူငယ်ချင်းတွေ စီစဉ်ခဲ့တာလေးတွေ ပြောပြပါတယ်။ ပင်ပန်းခဲ့သမျှ အကျိုးခံစားရလို့ ပီတိဖြစ်နေတဲ့ သူ့မျက်နှာက မြင်ရသူအတွက် ကြည်နူးစရာပါပဲ။
သူ နဲ့ ice နဲ့ YKKO ထဲမှာ (၂)နာရီလောက် စကားပြောနေဖြစ်ခဲ့ကြပါတယ်။ ပြောတဲ့စကားတွေ များလွန်းလို့ ပြန်မပြောပြတော့ဘူးနော်။ ice က သူငယ်ချင်းတွေနဲ့ ဘုရားဖူးခရီးလေး သွားရရင်ကောင်းမယ်လို့ပြောတော့ သူကလည်း ထောက်ခံပါတယ်။ ကျိုက်ထီးရိုးဘုရား ဖူးထွက်ရရင် ကောင်းမယ်တဲ့လေ။ သူငယ်ချင်းတို့ရေ… သွားကြရအောင်နော်။ အားလုံး မြန်မာပြည်ကို ပြန်ရောက်တဲ့ အချိန် တချိန်ချိန်ပေါ့။
ရေနွေးကြမ်းက အစားကြီးတဲ့အကြောင်း (လိုင်းပေါ်မှာတွေ့ရင် ထမင်းပန်းကန်ကြီးနဲ့ ထမင်းစားနေတာတွေ)၊ သူ့ကောင်မလေးနဲ့ အဆက်အသွယ် မရတဲ့အကြောင်း၊ ကိုကြီးပုံမှန်စိတ်က လက်တစ်ဆစ်ဆိုတဲ့အကြောင်း၊ စုံနေတာပါပဲ ပြောဖြစ်ကြတယ်။ ကိုရေသန့်က ငြိမ်းချမ်းတဲ့ နေရာတစ်ခုကို သွားချင်နေတယ် ဆိုတဲ့အကြောင်း၊ ဘလက်ရဲ့အရေးအသားတွေ ကောင်းလာတဲ့အကြောင်း၊ ချိုကျကတော့ အခုတလော လူနဲ့စိတ်နဲ့မကပ်တဲ့အကြောင်း၊ Cappi ကလည်း ဆင်တဲကဖေးနဲ့ အရမ်းကို အလှမ်းဝေး နေတယ်ဆိုတဲ့ အကြောင်းတွေ၊ ကျဆိမ့်ကလည်း အရေးကြဲနေတယ်တဲ့။ နောက်ဆုံး ice ကော်ဖီက အဆိုးဆုံးပဲတဲ့။ ice ကို ဘာစာမှမရေးလို့ ဆူလိုက်တာ အရမ်းပဲ။ ice လည်း မျက်နှာငယ်လေးနဲ့ပေါ့။
“နင် ငါ့ကိုအဲလိုမပြောနဲ့ ငါရေးချင်စိတ်ရှိမှ ရေးမယ် ဒါပဲလို့” မျက်နှာအရမ်းငယ်စွာနဲ့ ပြန်ပြောလိုက်တယ်။ သူလည်း ice ကို အရမ်းသနားသွားပုံရပါတယ်။ ကြေးအိုးဖိုး သူရှင်းလိုက်တယ်။ ကြေးအိုး ဆိုလို့ ပြောပြရအုံးမယ်။ ice သူငယ်ချင်းပေါ့ ice ကို ဆိုင်ထဲဝင်ဝင်ချင်း နင်ဘာစားမှာလဲတဲ့ ဘာအကင်စားမလဲ၊ ဘာဖျော်ရည်သောက်မှာလဲ၊ Tiger သောက်မှာလားတဲ့၊ ကြက်တောင်ပံကြိုက်လား၊ ဘာလား မေးတုန်းကမေးပြီးတော့ နောက်ဆုံးကြေးအိုးလေးတစ်ပွဲရယ်၊ သီးစုံ ဖျော်ရည်လေးတစ်ခွက်ရယ်ပဲ စားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ice ပိုက်ဆံမကုန်တော့ ပျော်လိုက်တာ။ ထခုန်မိမတက်ပဲ။ ဟိ။ သူက သူ့ပိုက်ဆံကုန်သွားတော့ နှမြောလို့လားမသိဘူး ကြေးအိုးလည်း သူမကုန်ဘူး၊ ကော်ဖီလည်းမကုန်ခဲ့ပါဘူး။
ကော်ဖီဆိုလို့ပြောပြရအုံးမယ်။ ကော်ဖီလာချတော့ နို့နည်းနည်းရယ်၊ သကြားခွက်ရယ်၊ အကျရည်ခွက်ရယ် လာချပေးတော့ သူက ice ကို နင် ဖျော်ပေးမလားတဲ့။ နင်ဖျော်ပေးတာ ငါသောက်မယ်တဲ့။ ဟားဟား .. ice လည်း တတ်သလောက် မှတ်သလောက် ဖျော်ပေးလိုက်တာ နောက်ဆုံးတော့ သူဖာသာသူ ပြန်ပြင် သောက်ရတော့တာပဲ။ ဟဲ ice က အရမ်းလက်ရာ ကောင်းတာ။ ice လက်ရာ ကော်ဖီလေး သောက်ချင်ရင် ice ဆီကို လာလည်လှည့်ပေါ့နော်။ အရမ်းကောင်းလွန်းလို့ အရှုံးခံပြီး ဆိုင်ဖွင့်ဖို့တောင် စီစဉ်ထားတယ်။
ice က အတော်အတန်ဝတဲ့သူဆိုတော့ ပူတဲ့ဒဏ်ကို မခံနိုင်ပါဘူး။ နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ ice ကိုယ်ပေါ်က ထွက်တဲ့ဆီတွေကို လူဆီဆိုပြီး ထုတ်ရောင်းလို့ရမယ်ဆိုရင် အခုအချိန်မှာ ice မီလျံနာတစ်ယောက် ဖြစ်နေလောက်ပါပြီ။ အဲလိုဆိုတော့ ice အေးတာကို ကြိုက်တာ အဆန်း မဟုတ်တော့ဘူးပေါ့နော်။ သူက မိုးရွာလို့ လက်ရှည်အင်္ကျီနဲ့ချမ်းနေတဲ့အချိန်မှာ ice က လက်တိုဝတ်ထားပြီး ချွေးထွက်နေတဲ့သူပါ။ အဲဒါကို သူက ကောင်းကောင်း ကြီးသိလိုက်တဲ့အချိန်မှာ YKKO မှာ Aircon ရှေ့တည့်တည့်မှာ ထိုင်ဖြစ်ခဲ့ကြပါတယ်။
အချိန်ကြာလာတာနဲ့အမျှ မိုးအေးတာရော Aircon အေးတာရောနဲ့ ice အေးမှာစိုးလို့တဲ့ သူ့မှာ Aircon ရှေ့မှာ ပိတ်ထိုင်ပေးထား ရပါတယ်တဲ့လေ။ နောက်တော့ သူချမ်းလာပါတယ်။ ice ကတော့ ဒီလိုလေးအေးတာကို ကြိုက်လွန်းလို့။ ice က အအေးသောက်ပြီး မချမ်းရဘူး၊ အပူသောက်ထားတဲ့ သူက ချမ်းနေပါသေးတယ်။ ice သူငယ်ချင်းလေးက အေးတဲ့ဒဏ်ကိုလည်း မခံနိုင်ဘူး၊ အစားကလည်း နည်းသေးတယ်။ လူကလည်း ပိန်ပိန်။ ice ကို ဘာ့ကြောင့် ဒီလိုခန္ဓာကိုယ် ပိုင်ဆိုင်ထားလဲဆိုတာ သူသိသွားပြီတဲ့လေ။
ice တို့ ဆိုင်ထဲကနေ ပြန်ထွက်လာတော့ နောက်ရက်မှာ iceရဲ့မြို့ကို ပြန်မှာဖြစ်တဲ့ ice က အိမ်အတွက်၊ ရုံးအတွက် မုန့်ဝင်ဝယ်ပါသေးတယ်။ နောက်ပြီး ice ညီမလေး မှာလိုက်တဲ့ အိမ်မက်စိမ်းဆိုင်က လက်ကိုင် အိတ်တစ်လုံးလည်း ဝင်ဝယ်ရပါသေးတယ်။ သူ့မှာ ice အဒေါ့်အိမ်က ပေးလိုက်တဲ့အိတ်ကြီးရယ်၊ မုန့်ထုပ်ရယ်၊ အိတ်ရယ် အားလုံးသယ်ရတော့တာပေါ့။ သနားပါတယ် မြင်ယောင်ကြည့်လိုက်ကြပါနော်။ သူ့ကိုယ်ပိုင် ကျောပိုးအိတ်ကြီး(၁)လုံးရယ် (အလေးကြီးနော် အဲဒီ့အိတ်က)၊ ice ပစ္စည်းတွေရယ်၊ ထီးတစ်ဖက်ရယ် မနိုင်မနင်း ကိုးယို့ကားယားနဲ့ အရမ်းကြည့်လှတာပဲ။ ဒီကြားထဲ သူမနေ့ကမှ ဝယ်စီးလာတဲ့ ကတ္တီပါဖိနပ်အသစ်လေးကို မိုးရေစိုတော့ နှမြောတသစွာနဲ့ ရေမစိုအောင် လမ်းလျှောက်ရတဲ့အဖြစ်ရယ်။ ပေါင်းကြည့်ကြည့်လိုက်တော့ တော်တော်လေး ဂလန့်ပုံပေါက်နေတော့တာပေါ့။
သူက ice လောက်တောင် လိုင်းကားမစီးတတ်ပါဘူး။ သူကဘယ်လိုမှမသွားတတ်တော့ရင် Taxi စီးမှာပေါ့တဲ့။ ice အသိ မိန်းကလေး တော်တော်များများက Taxi ဖိုးပေးရမှာကို ဆံပင်ဖြောင့်တာ၊ အင်္ကျီဝယ်တာ၊ မိတ်ကပ်ဗူးဝယ်တာတွေထက် နှမြောပါတယ်။ ice ကတော့ အားလုံးနဲ့မတူပါဘူး။ Taxi ဖိုးပေးရမှာ၊ ဆံပင်ဖြောင့်တာ၊ အင်္ကျီဝယ်တာ၊ မိတ်ကပ်ဗူးဝယ်တာတွေအားလုံးကို နှမြောပါတယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံးထက် အစားအသောက်ကို ဘယ်လောက် ဈေးဖြစ်နေပါစေ လုံးဝမနှောမြောတတ်ဘဲ ဝယ်စားဖြစ်တာ ice အကျင့်ပါပဲ။ ဒါ့ကြောင့် ice မှာ တနေရာသွားမယ်ဆိုရင် မိတ်ကပ်ဗူး၊ အင်္ကျီ၊ စတာတွေကို အမတွေ ညီမတွေဆီက ငှားသုံးရတာ အမြဲတမ်းပါပဲ။ ဒါ့ကြောင့် သူ Taxi နဲ့သွားမယ်ဆိုတော့ လိုင်းကားပဲ တိုးစီးရအောင်ပါလို့ ပြောမိတော့တာပေါ့။ ice အဲလိုပြောတော့ ပင်ပန်းတာ သူပါပဲ။ ပါသမျှအထုပ်တွေ အားလုံး သူပဲ သယ်ရတော့တာပေါ့။
ice က အရပ်ပုတဲ့သူဆိုတော့ လိုင်းကားစီးရင် အပေါ်လက်တန်းတွေမမီတာမျိုးတွေ ဖြစ်ရပါတယ်။ အဲလိုဆိုရင် နီးစပ်ရာ ထိုင်ခုံနောက်မှီကို လှမ်းကိုင်ရတော့ အထုပ်တွေသယ်ဖို့ရာက အဆင်မပြေ ဖြစ်ရတော့တာပေါ့။ အဲလိုနဲ့ ice သူငယ်ချင်းလေးပဲ ပင်ပန်းရပါတော့တယ်။ ice တို့သူငယ်ချင်းနှစ်ယောက် ညီမလေးတို့စုံတွဲနဲ့ ရန်ကင်းစင်တာရှေ့မှာ ချိန်းထားကြတော့ လိုင်းကားစီးပြီး ဒိုးကြရတာပေါ့။ အချိန်ကလည်း ညနေ(၅) နာရီထိုးတော့မယ်။ သူက အထုပ်တွေကို လိုင်းကားပေါ်မှာ အားလုံးသယ်ထားပြီး ice ကို မျက်နှာငယ်လေးနဲ့ ပြောပါတယ်။ ကားပေါ်ကဆင်းရင် ကူသယ်ရမှာနော်တဲ့။ သူ ဘယ်လိုမှမသယ်နိုင်တော့ဘူးလေ။ သနားပါတယ်နော်။ ice က နင်လည်း ငါ့ကြောင့်ပင်ပန်းရပြီလို့ပြောတော့ ရပါတယ်တဲ့လေ ဒီတနေ့လေးပဲ လုပ်ပေးရတာပဲတဲ့။ အမြဲတမ်းသာဆိုရင် ice ကို ကူမပေးလောက်ဘူးထင်တယ်နော်။
ဒါပေမဲ့ ice သိပါတယ်။ ပေါ့ဆိမ့်က အဲလို လူမျိုးမဟုတ်ဘူးဆိုတာကို။
ရန်ကင်းစင်တာရောက်တော့ သက်မွန်မြင့်၊ နေဆန်း၊ ဦးလူမုန်းတို့ ဇာတ်ကားရိုက်နေတာကို ငေးခဲ့ကြပါသေးတယ်။ နောက်တော့ ညီမလေးတို့ မလာနိုင်တာနဲ့ပဲ သူတို့ဆီ ဖုန်းဆက်ပြီး သူတို့ရှိတဲ့ နေရာကို ကိုယ့်ဖာသာကို သွားရပါတော့တယ်။ အိမ်ရောက်တော့ ice သူငယ်ချင်းလေးကို ထမင်းကျွေးတာကို သူက မစားဘူးတဲ့လေ။ သူကပြောသေးတယ်။ သူ့မှာခေါင်းမူးတတ်တယ်တဲ့ ကားစီးရင် အန်တတ်တယ်တဲ့။ ဒါ့ကြောင့် မစားတာပါတဲ့။ ယောက်ျားလေး တယောက်ဖြစ်ပြီးနော်။ ice ကတော့ အဲလိုတွေ တခါမှမဖြစ်ဖူးပါဘူး။ ကားစီးရတာကိုလည်း ပျော်တယ်။ အစားစားရမှာကိုလည်း ကြိုက်တယ်။ ဘာရောဂါမှလည်းမဖြစ်ဘူး။
ice တို့ရဲ့ တနေ့တာ တွေ့ဆုံမှုလေးက အဆုံးသတ်တော့မယ်။ ညနေ(၆)နာရီ ထိုးခါနီးတော့ သူက ပြန်တော့မယ်တဲ့လေ။ ice လေ စိတ်ထဲမှာ ဝမ်းနည်းသွားတယ်။ ice တို့နှစ်ယောက် (၁၇)နှစ်နေမှ ပထမဆုံးအကြိမ် ပြန်ဆုံတဲ့အချိန်ကလည်း နည်းလိုက်တာလို့ တွေးမိတယ်။ ဒါပေမဲ့လည်း အချိန်တန်တော့လည်း ပြန်ရတော့တာပေါ့။ သူ့ကို ကားမှတ်တိုင်လိုက်ပို့တော့ ဘာစကားမှ မဆိုဖြစ်ပါဘူး။ သူကလည်း ဆေးလိပ် ထုတ်သောက်နေလေရဲ့။ ice လည်း ဘာလို့ ဆေးလိပ် သောက်ရတာလဲ မသောက်ပါနဲ့လားလို့ ပြောချင်ပေမဲ့ ပြောဖို့ ခွန်အား မရှိတော့ပါဘူး။ နောင်တချိန် ဒီလိုပြန်ဆုံဖို့ဆိုတာ အချိန်ဘယ်လောက်ကြာအုံးမလဲ မပြောတတ်သေးဘူး။
လိုင်းကားမလာတော့ နောက်ဆုံး သူက သူပြောတဲ့အတိုင်း လုပ်ပါတော့တယ်။ Taxi ငှားပြီး ပြန်ပါတော့တယ်။ ပြန်ခါနီး ice ခေါင်းကိုပုတ်ပြီး ပြန်တော့မယ်နော် တဲ့။ ice လည်း အင်း.. ဆိုတာပဲ ပြောလိုက်နိုင်တယ်။ ဒါပေမဲ့ ice အပြုံးမပြတ် နှုတ်ဆက်နိုင်ခဲ့ပါတယ်။ သူထွက်သွားတာကို လက်ပြနှုတ်ဆက်ပြီး ချက်ချင်း လှည့်ထွက်လာခဲ့ မိပါတော့တယ်။
(၄)
ငယ်ငယ်လေးကတည်းက သန္ဓေတည်ခဲ့တဲ့ ခင်မင်မှုဟာ အခုအချိန်ထိ ခိုင်မြဲနေဆဲပါပဲ။ ice တို့တွေ (၁၇)နှစ်ကြာမှ ပြန်လည်ဆုံတွေ့ပေမဲ့ မနေ့တနေ့ကမှ ခွဲခွာခဲ့ကြသလို ရင်းနှီးမှု နွေးထွေးနေဆဲပါပဲ။ ice နဲ့ ကိုပေါ့ဆိမ့်၊ ကိုရေနွေးကြမ်းနဲ့ လုံးဝ အဆက်အသွယ် မပြတ်ခဲ့ကြပါဘူး။ ကျန်တဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်ခဲ့ပေမဲ့ သူတို့နှစ်ယောက်နဲ့က စာချင်းအဆက်အသွယ် မပြတ်ခဲ့ပါဘူး။ Internet, e-mail, gtalk, vzo တွေ ခေတ်စားလာတော့ ပိုမိုမြန်ဆန်တဲ့ စာချင်းဆက်သွယ်မှု ရရှိခဲ့ပါတယ်။
သူတို့နှစ်ယောက်နဲ့ဆက်နွယ်ပြီး ဆင်တဲကဖေးအဖွဲ့သားတွေနဲ့ ထပ်မံ အဆက်အသွယ် ရခဲ့ပြန်ပါတယ်။ အားလုံးသော သူငယ်ချင်းတွေနဲ့ လူချင်းမနီးပေမဲ့ စိတ်ချင်း၊ စာချင်း၊ အဆက်အသွယ် မပြတ်ခဲ့ကြပါဘူး။ ပထမဆုံးအကြိမ် ဆင်တဲက သူငယ်ချင်းအားလုံးထဲမှာ သူနဲ့ ဆုံတွေ့မှုဟာ အမှတ်တရ ထင်ကျန်နေမှာပါပဲ။ နောင်တချိန်မှာ ဆင်တဲသူငယ်ချင်းအားလုံးနဲ့ ဆုံတွေ့နိုင်ဖို့ မျှော်လင့်တောင့်တ နေဆဲပါပဲ။
အဲဒီ့အချိန်ဟာ ice တို့အားလုံး အိမ်ထောင်ကျပြီးတဲ့ အချိန်လည်း ဖြစ်ချင်ဖြစ်မယ်။ အသက်(၄၀)ကျော်အရွယ်တွေ ဖြစ်ချင်လဲ ဖြစ်နေမယ်။ အသက်(၈၀)အရွယ် ကြီးတဲ့အရွယ် ဖြစ်ချင်ဖြစ်မယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် အခြေအနေပေးရင် ပြန်ဆုံကြမယ်နော်။ သူငယ်ချင်းရေ.. အခုလိုဆုံတွေ့ရတော့ ပျော်လည်းပျော်ရတယ်၊ ဝမ်းနည်းမှုလည်း ဖြစ်ရပါတယ်။ ဒါပေမဲ့လည်း မမေ့နိုင်ပါဘူး။ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာပဲရောက်ရောက် နောက်တခါပြန်ဆုံကြမယ်နော်။
Ps;(ဒီပို့လေး ကံကောင်းလို့ပြန်ရလိုက်တာပါ. Globle.exe က ရက်ရက်စက်စက်ဒုက္ခပေးမှုကြောင့် Window ပြန်တင်လိုက်လို့ ပျက်သွားတဲ့ ဒီစာလေးကို မရမက အတင်းပြန်လိုက်ယူထားရတာပါ။)
လူပျိုကြီး-၂
ကျွန်တော်နဲ့ လူပျိုကြီးတို့ ဈေးထိပ်က ဘိုကျောက် လက်ဖက်ရည်ဆိုင်ကို ဆက်လျှောက် လာခဲ့ကြသည်။ လမ်းမှာ မနက်စောစော ကျူရှင်လာတတ်တဲ့ ကျောင်းသူလေး နှစ်ယောက်က လူပျိုကြီးကို မြင်တော့ ပြုံးကြည့်သွားသည်။ ကောင်မလေးတွေ သူ့ ကို ပြုံးကြည့်သွားတာ တွေ့ တော့ လူပျိုကြီး နဲနဲ တွန့်  ခနဲ ဖြစ်သွားသည်။ သူတို့ တွေ ဘာကြောင့် ပြုံးလဲဆိုတာ သိတော့ ကျွန်တော်လဲ ပြုံးမိတာပေါ့လေ။ ဒါကို မြင်တော့ လူပျိုကြီးက ကျွန်တော့်ကို မျက်စောင်း လှမ်းခဲတယ်။ သူပုံကြီး ကြည့်ပြီး ကျွန်တော်လဲ မနေနိုင်တော့ဘဲ ဝါးလုံးကွဲ ရယ်မိတော့တာပေါ့။ ဒီတော့ လူပျိုကြီးက စိတ်ဆိုးတယ်ဗျို့ .. ကျွန်တော်က ခင်ဗျားဘဲ
“အသက်နဲ့ လူလုပ်နေတာ အရှက်နဲ့ လူလုပ်နေတာ မဟုတ်ဘူးဆိုဗျ”
ဆိုတော့ သူက ပြန်ပြောတယ်။
“မင်းတို့ လို ကောင်တွေနဲ့ ဆိုရင်တော့ ဟုတ်တာပေါ့ကွာ ခုလို အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေ ဆိုရင်တော့ နဲနဲတော့ ရှက်တာပေါ့ကွ” ဆိုဘဲ
ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် ဆက်လျှောက်လာကြရင်း ဘိုကျောက် လက်ဖက်ရည်ဆိုင် ပေါက်ဝကို ရောက်တယ် ဆိုရင်ပဲ ဘိုကျောက် မိန်းမ ဒေါ်ဘုတ်ကြီး၏ အောင်မြင်ခန့် ညားသော အသံကို ကြားရလေတော့သည်။
“လူပျိုကြီးတို့ သတင်းကတော့ မွှေးနေတာဘဲတော့်… ဘယ်နှယ့်တော် ဒီလောက် လူအများကြီး ဝိုင်းကြည့်နေတဲ့ ဘော်လုံးကွင်းထဲများ ဘောင်းဘီမပါဘဲ ပြေးဝင်သွားရတယ်လို အရပ်ရပ် နေပြည်တော် ကြားလို့ မကောင်းပါဘူးတော်”
ဆိုပြီး အော်ပြော လိုက်တော့ လူပျိုကြီးခမျာ ပျာယီးပျာယာနဲ့ 
“လူကြားလို့ မကောင်းဘူး ဆိုရင်လဲ ခင်ဗျား ခုနစ်ချီသံ ဟစ်အော်မနေနဲ့ လေဗျာ။ ခုတော့ ခင်ဗျားဟာက လော်စပီကာပါ ငှားပေးရမဲ့ပုံ ပေါက်နေပြီ”
ဟု ဒေါနဲ့ မောနဲ့ ပြောလိုက်သည်။
“ဒါနဲ့ ခင်ဗျားပြောတော့ အရှက်နဲ့ လူလုပ်နေတာ မဟုတ်ဘူးဆို”
ဟု ကျွန်တော်က ဘေးမှ ထောင်ပေးလိုက်တော့ လူပျိုကြီးက
“ကိုရဲ အသာနေစမ်း။ မင်းပါအမှုတွဲထဲ ပါသွားချင်လို့ လား”
ဟု ပြန်ပြောသဖြင့် လူပျိုကြီး တကယ်စိတ်ဆိုး နေသဖြင့် ကျွန်တော်လဲ အသာပြန်ငြိမ်နေလိုက်ရသည်။
လူပျိုကြီး တကယ်စိတ်ဆိုးနေမှန်းသိတော့ ဆိုင်အတွင်းမှ လူများလဲ လူပျိုကြီးကို ထပ်မစကြတော့ချေ။ ဒီလိုနဲ့ တခြားသူငယ်ချင်းမျာ ထပ်ရောက်လာသဖြင့် ဟိုပြောဒီပြောဖြင့် ထုံးစံအတိုင်း ကျွန်တော်တို့ စကားဝိုင်းလေးက စည်ကားလာသည်။ ထိုစဉ် ဥက္ကဌကြီး ဦးစိမ်းစို တစ်ယောက် မလာစဖူး အလာထူးပြီး ဆိုင်အတွင်း ဝင်လာသည်။ ဦးစိမ်းစိုက လူပျိုကြီးကို ကြည့်ကာ
“ဟေ့ကောင်ကြီး မင်းက ဒီမှာလာပြီး လူငယ်တွေနဲ့ လေပေါနေတာကိုးကွ။ သတင်းတွေ ဘယ်လောက် ကျွတ်ကျွတ်၊ မမြင်ရတဲ့ လောကက ဟာတွေ ဘယ်လောက်ကျွတ်ကျွတ် မင်းကတော့ ဘယ်တော့မှ ကျွတ်မှာ လွတ်မှာ မဟုတ်ဘူး”
“ဟာ… ဥက္ကဌကြီးကလဲ မပြောကောင်းမဆိုကောင်း ဘာတွေလာပြောနေမှန်း မသိဘူး။ ဘာဖြစ်လဲဗျာ မကျွတ်တော့” ဟု ဘုပြန်တောသည်။
“အေး.. မင်းအဲဒီလို ဘုတွေပြော ဒါကြောင့်လဲ မင်းလူပျိုကြီး ဖြစ်နေတာ” ဟုပြောကာ ဦးစိမ်းစိုကြီး တစ်ယောက်ဆိုင်ပြင်ပြန် ထွက်သွားသည်။
“ပြောမနေနဲ့ ဥက္ကဌကြီးရေ.. သီတင်းတွေသာ အခါခါ အလီလီ ကျွတ်လို့ နောက်ကားတွေ တစ်စီးပြီးတစ်စီး ကျော်တက်သွားမယ်။ ဒီလူပျို အအိုအဟောင်းကြီးကတော့ ဒီနေရာကနေ ရွေ့မှာမဟုတ်ဘူး” ဟု ဒေါ်ဘုတ်ကြီးက ဦးစိမ်းစိုကို လှမ်းအော်ပြောလိုက်တော့
“ဟာ.. ခင်ဗျားက ဝင်ပါလာပြန်ပြီ။ ဟေ့ကောင် ကျောက်ခဲ မင်းမိန်းမကို ကြည့်ပြောဦး ယောက်ကျားတွေ စကားပြောတဲ့အထဲ ဝင်ဝင်ရှုပ်နေတယ်”
“ပြောပါစေကွာ.. မှန်တာပြောတာဘဲ”
“ဟာ.. မင်းကလဲ ရှေ့နေငှားမှ ထောင်လုံးလုံးကျ ဆိုသလို ဖြစ်နေပြီ။ လင်မယားတွေ သိပ်ညီနေကြတာ ပေါ့လေ။ ဘာဖြစ်လဲကွာ ငါ့ဘာသာ ငါလူပျိုကြီး ဖြစ်တော့ကော” ဟုဆိုကာ ထုံးစံအတိုင်း ဘုတောလိုက်လေသည်။
ထိုအချိန်မှာပင် ကိုသက်တစ်ယောက်က မင်္ဂလာဖိတ်စာတွေ တပွေ့ တပိုက်ဖြင့် လက်ဖက်ရည်ဆိုင်ထဲ ဝင်လာသည်။ ကျွန်တော်တို့ ဝိုင်းတွင် ဝင်ထိုင်ပြီး ဖိတ်စာတစ်ယောက် တစ်စောင်ဝေရင်း လူပျိုကြီးအလှည့်အရောက်တွင်
“ဗျို့ .. လူပျိုကြီး ဖိတ်စာကို လက်ထဲ သေချာထည့်ခဲ့တာနော် ကိုယ့်ကိုယ်ကို သိမ်ငယ်ပြီး မလာဘဲ မနေနဲ့ ဦး”
ဟု ခပ်တည်တည်ဖြင့် နောက်သည်။ လူပျိုကြီးကလဲ အားကျမခံ
“အေး.. လာရမှာပေါ့ကွာ မင်းတို့ ပြီး ငါ့အလှည့်ပဲဟာ..”
ဟု ပြောလိုက်သဖြင့်
“ဟား… ဟား.. လူပျိုကြီးကို ယူမဲ့ မိန်းမက ရှိသေးလို့ လားဗျ မနောက်ပါနဲ့ ဗျာ”
ဟု ကိုသက်က ထပ်နောက်လိုက်ရာ
“ဟ.. ငါက မင်းတို့ ကို ဘာကိစ္စ နောက်ရမှာလဲ ငါက အတည်ပြောနေတာ”
ဟု လူပျိုကြီးက အတည်ပေါက်ဖြင့် ပြောသဖြင့် လူငယ်များ နဲနဲတော့ ရှိန်သွားသည်။ ဘိုကျောက်ကလဲ
“မင်းတို့ လူပျိုကြီးကို လျှော့တော့မတွက်ကြနဲ့ နော်။ လူပျိုကြီး ‘ဇ’ကလဲ သေးတာမဟုတ်ဘူး။ လူပျိုကြီးက လူပျိုပေါက်ဝင်စ ကတည်းက မိန်းမနှစ်ယောက်ကို တပြိုင်တည်းရဖို့ နဲနဲဘဲလိုတယ်။ အသဲအသန် ငြင်းလိုက်ရလို့ သာ ခုထိ လူပျိုကြီးဖြစ်နေရတာ”
လူငယ်များ တော်တော်အံသြသွားကြသည်။
“ဗျာ.. နှစ်ယောက်တောင် တပြိုင်တည်း ရဖို့ ဟုတ်လား။ ဟုတ်မှလဲ လုပ်ပါ ဘိုကျောက်ရာ ဒီလူကြီး ဥပဓိရုပ်နဲ့ မဖြစ်နိုင်တာ”
ဟု ပုံမှန်က ဝင်တွယ်သည်။
“ဟ.. တကယ် ငါ့ကောင့်တွေရ။ (၈၈) အရေးအခင်း ဖြစ်တော့ လူပျိုကြီးက လူပျိုပေါက်အရွယ် ရောက်နေပြီ။ မင်းတို့ သူ့ အဖေသိတယ် မဟုတ်လား”
“အင်း.. သိတယ်”
“အေး.. သူ့ အဖေက နဲနဲဂေါက်နေပေမဲ့ သူ့ သား အရွယ်ရောက်လာတာတော့ သိတယ်။ ဒါကြောင့် သူ့ သားအတွက် ဆိုပြီး မိန်းမနှစ်ယောက် တခါတည်း ခေါ်လာတာ။ ဒါကို မင်းတို့ လူပျိုကြီးက ငယ်ပါသေးတယ် အိမ်ထောင် မပြုချင်သေးပါဘူး ဘာညာ ပြောပြီး ပြန်ထားလိုက်ရတာ”
လူငယ်များက အံသြသွားပြီး
“ဟာ.. ဟုတ်လား လူပျိုကြီး.. ”
“အလကားနေ အလကား.. အလကားရတာကို လူပျိုကြီးရာ..”
“ညံပါ့လူပျိုကြီးရာ ကြုံတောင့် ကြုံခဲ မဟာအခွင့်အရေးကြီးကို”
စသဖြင့် ဝိုင်းပြောကြတော့ လူပျိုကြီးက ခေါင်းငုံ့ သွားသည်။
“လူပျိုကြီး အဖေခေါ်လာတဲ့ မိန်းမနှစ်ယောက်ကိုလဲ ကြည့်ဦးလေ။ တစ်ယောက်မှ ခေါင်းမပါဘူး။ ခေါင်းပြတ်ကြီးတွေ မလာတာ။ ဒါကြောင့် မင်းတို့ လူပျိုကြီးက အသဲအသန်ငြင်းပြီး ပြန်ထားလိုက်တာပေါ့။ ဟင်း… နို့ မို့ ကတော့ မင်းတို့ လူပျိုကြီးလား..”
ဟုဘိုကျောက်က မျက်စောင်းခဲကာ ပြောသည်။
ဒီလိုနဲ့ အားလုံးက လူပျိုကြီးကို ဝိုင်းပြောနေကြတာကို မြင်တော့ ကျွန်တော်လဲ သနားသွားသည်။
“ခင်ဗျားတို့ ကလဲ လူပျိုကြီးပဲ ဝိုင်းပြောနေကြတာဘဲ။ တော်ရုံတန်ရုံ တော်ရောပေါ့ဗျာ။ ဒီလောက်လဲ မပြောကြပါနဲ့ ။ ဒီသတင်းကျွတ်တာနဲ့ လူပျိုကြီးလဲ လူပျိုကြီး ဘဝက ကျွတ်တော့မှာပါဗျ။ လူပျိုကြီးအမေက လူပျိုကြီးအတွက် အားလုံး စီစဉ်ပြီးသွားပြီ။ ဒီိသတင်းကျွတ်တာနဲ့ သူတို့ မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပပေးတော့မှာ”
ဟုပြောလိုက်တော့ လူပျိုကြီးက မျှော်လင့်ချက် တောက်ပလာသော မျက်လုံးများဖြင့် ကျွန်တော့်ကို ကြည့်ပြီး
“မင်းပဲ ကြည့်ပြောလိုက်ပါတော့ ကိုရဲရာ ဒီကောင်တွေ ငါ့ကို တော်တော် အထင်သေးကြတယ်” ဟုပြန်ပြောသည်။ ကျွန်တော့် စကားကို စိတ်ဝင်စားကြသဖြင့် လက်ဖက်ရည်ဆိုင် အတွင်းမှ လူအားလုံး ကျွန်တော့်ကို ဝိုင်းကြည့်ကြသည်။
“ဟာ.. ဟုတ်လို့ လား..”
“ငါတို့ လဲ ဒီသတင်းမကြားပါလား..”
“သူတို့ သားအမိတွေ ကျိတ်စီစဉ်နေတာ ဖြစ်မယ်”
“လူပျိုကြီးက ဘယ်သူနဲ့ ယူမှာလဲ”
စသည့် မေးသံများဖြင့် ပွတ်လောရိုက်သွားသည်။ လူပျိုကြီးကလဲ ကျွန်တော့်ကို အားကိုးတကြီးဖြင့် ကြည့်သည်။ ဆိုင်အတွင်းမှ လူအားလုံး၏ အသံ ငြိမ်သွားသည့် အချိန်တွင် ကျွန်တော်က ဆက်ပြောသည်။
“လူပျိုကြီး ဘယ်သူနဲ့  ယူမလဲဆိုတာ အားလုံးလဲ သိချင်နေကြ မှာပါ။ သူက သူ့ အမေ ပေးစားတဲ့ သူကို ယူမှာပါ။ သူ့ အမေ သဘောတူတဲ့ သူကတော့ သူ့ အမေ ငယ်သူငယ်ချင်းနဲ့ ပါ”
ဟု ကျွန်တော် ပြောလဲပြော ပြေးလဲပြေး ထွက်လာခဲ့လိုက်သည်။ ပြောပြေးလေး ပြေးထွက်မှ နို့ မို့ က မလွယ် ဒီလူကြီးက လက်မြန်ခြေမြန်နဲ့ ထိပ်ပေါက် ခေါင်းကွဲ ဖြစ်နေမည်။ ဒါတောင် ဆိုင်ပေါက်ဝ ရောက်သည့်အချိန် အယုတ်တ အနတ္တ ဆဲဆိုလိုက်သံတွေက လေထုထဲက လွင့်ပျံလာသေးသည်။ အင်းလေ.. သူတောင် အသက်က လေးဆယ်နားနီးနေတာ သူ့ အမေက ခြောက်ဆယ်ကျော်ပြီ။ သူ့ အမေ ငယ်သူငယ်ချင်း ဆိုတော့… သူလဲ စိတ်ဆိုးရှာမှာပေါ့… ဟဲ.. ဟဲ.. ကျွန်တော်က အဲလို ထောင်ပေးပြီးမှ ရိုက်ချရတာကို သဘောကျတယ်လေ သိတယ်မလား…
လူပျိုကြီး
သာသာယာယာ ရှိသော နံနက်ခင်းတစ်ခုတွင် ထုံးစံအတိုင်း မနက်စာစားရန်အတွက် ကျွန်တော်ဈေးထိပ်ရှိ ဘိုကျောက် လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့သည်။ တစ်ယောက်တည်း ဟိုတွေးဒီတွေး ကိုယ့်ဖီးလေးနဲ့ ကိုယ် လျှောက်လာစဉ် နောက်ဘက်မှ ခေါ်သံလိုလို ကြားမိသဖြင့် လှည့်ကြည့်လိုက်သည်။ လား… လား… ကျွန်တော့်နာမည် အော်ခေါ်ရင်း နောက်မှ ခပ်ကုပ်ကုပ်ဖြင့် ခပ်သုတ်သုတ် လျှောက်လိုက်လာနေသော လူပျိုကြီးကို တွေ့ လိုက်ရသည်။
“ဗျို့ … လူပျိုကြီး ကျွန်တော့်ကို ခေါ်လိုက်လား။”
“အေး… ခေါ်ရတာ ဒီမှာ လျှာတောင်ထွက်တော့မယ်။ ဒီလမ်းပေါ်မှာ မင်းနဲ့ ငါ နှစ်ယောက်ဘဲရှိတာ ငါက မင်းမခေါ်လို့ ဘယ်သူ့ ခေါ်ရမှာလဲ ငါ့ကိုယ်ငါ ပြန်ခေါ်ရမှာလား”
ဟုလူပျိုကြီး၏ ပြေပြေပစ်ပစ် ပြန်ပြောလိုက်သံက နားစည်ကို ခါးခါးသီးသီးလာရိုက်သည်။ ဒီလူကြီးက ဒီလိုပင် စကားကို ဘယ်တော့မှ အကောင်းမပြော ပြောလိုက်ရင် ဘယ်တော့ဖြစ်ဖြစ် ဘုဂလန့် ပြောသည်။ ပြီးတော့ သူက ထပ်ပြောလိုက်သေးသည်။
“လူတွေ့ ရင် နေကောင်းလား ဘာလားမေးပြီး မင်းတို့ ကတော့ လောကဝတ် လုပ်တာပေါ့ကွာ။ တကယ်တော့ ဒါတွေက မလိုပါဘူးကွာ။ လူတစ်ယောက်ကို တွေ့ တာနဲ့ နေကောင်းလား မကောင်းဘူးလားဆိုတာ မြင်ရုံနဲ့ သိသာပါတယ်။ မေးနေစရာ မလိုပါဘူး။ နေမကောင်းတော့ရော ဘာဖြစ်သေးလဲ မင်းကကုပေးမှာမို့ လား။ မင်းတို့ က ဆရာဝန်မို့ လား။ အပိုအလုပ်တွေကွ”
ဟုဆိုကာ ပါးစပ်က ပွစိပွစိပြောရင်း အနားရောက်လာသည်။ အနားရောက်လာသော လူပျိုကြီးကိုမြင်မှ မနေ့ က အဖြစ်အပျက်များကို သွားသတိရမိသည်။ မနေ့ က ပုံရိပ်တွေက မျက်စိထဲ ကွက်ကွက်ကွင်းကွင်းဖြင့် မြင်ယောင်လာသောကြောင့် တစ်ယောက်တည်း ပြုံးမိသသည်။ ကျွန်တော် ပြုံးတာကို မြင်တော့ လူပျိုကြီးက ကျွဲမြီးတို သွားပြီး
“မင်းက ဘာပြုံးတာလဲ”
ဟု ပြန်မေးသည်။ ကျွန်တော်လဲ မနေနိုင်တော့ဘဲ အော်ရယ်ရင်း
“မနေ့ က ဖြစ်ခဲ့တဲ့ ခင်ဗျား အကြောင်းကို ပြန်မြင်ယောင်ပြီး ပြုံးမိတာပါဗျာ။ ဒါနဲ့ ခင်ဗျား တော်တော် သတ္တိကောင်းပါလား။ မနေ့ က ကိစ္စကြီးက ဖြစ်ထားတာ လတ်လတ် ဆတ်ဆတ်ကြီး ရှိသေးတာတောင် ဒီနေ့ ခင်ဗျား အပြင်ထွက် လက်ဖက်ရည်ဆိုင်တွေ ဘာတွေ ထိုင်ရဲသေးတယ်နော်။”
“မနေ့ ကကိစ္စလား… ဘာဖြစ်လဲကွ မနေ့ က ကိစ္စဖြစ်ထားတာနဲ့ ငါက အပြင်ထွက် လက်ဖက်ရည်ဆိုင် မထိုင်ရတော့ဘူးလား။ ဒီကိစ္စ ဖြစ်ထားတာနဲ့ ပဲ ငါက အပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေရမှာလား။ မဆိုင်လိုက်တာကွာ။ ဘာမှမဟုတ်တာတွေကို ပုံကြီးချဲ့ နေပြန်ပြီ။ မင်းတို့ တွေနဲ့ ငါ အဲဒါတွေ မဖြစ်တာ” ဟုလူပျိုကြီးက ရှုံကာမဲ့ကာဖြင့် ပြန်ပြောသည်။ ကျွန်တော်လဲ လူပျိုကြီး စကားကြောင့် အံသြသွားပြီး
“ခင်းဗျား မနေ့ က ကိစ္စကို နဲနဲလေးတောင် မရှက်ဘူးလား” ဟုမေးလိုက်တော့-
“လူပျိုကြီးက ဟကောင်ရ ဘာရှက်စရာ ရှိလို့ လဲကွ။ ရှက်စရာကောင်းတော့ရောကွာ ဘာဖြစ်သေးလဲ။ အသက်နဲ့ လူလုပ်နေတာကွ အရှက်နဲ့ လူလုပ်နေတာ မဟုတ်ဘူး”
ဟုပြန်ပြောသဖြင့် ကျွန်တော်လဲ ဘာမှ ပြန်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။
အရှက်နဲ့ လူလုပ်နေတာ၊ အသက်နဲ့ လူလုပ်နေတာ မဟုတ်ဘူးပဲ ကြားဖူးပါတယ်။ သူ့ ကျမှ အရှက်နဲ့ လူလုပ်နေတာ မဟုတ်ဘူး၊ အသက်နဲ့ လူလုပ်နေတာလို့ ကြားဘူးတော့တယ်။ အင်းလေ.. သူပြောတာလဲ ဟုတ်တာပဲ လူတွေက အသက်နဲ့ လူလုပ်နေကြတာပဲ။ ဒီလူကြီးက တကယ့်လူ့ ဂွစာကြီး.. ပြောလိုက်ရင်လဲ ဘယ်တော့ဖြစ်ဖြစ် ကန့် လန့် ။ မနေ့ က ကိစ္စကိုဘဲကြည့် သူမို့ ပေါ့ ကျွန်တော်ဆို တစ်လလောက် အိမ်ထဲက အိမ်ပြင်တောင်ထွက်ရဲမှာ မဟုတ်တော့ဘူး။
လူပျိုကြီး အသက်က (၄၀) မပြည့်တပြည့်။ ဒါပေမယ့် ပေါင်းလိုက်ရင် ကျွန်တော်တို့ လူငယ်တွေနဲ့ ပဲပေါင်းသည်။ ကျွန်တော်တို့ နဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ ဘိလိယက်ထိုး၊ ဘော်လုံးကန် စသည့်အပြင် ညဘက် လမ်းထိပ်ထွက် ဂီတာတီးတော့လဲ သူပါတာပင်။ မနေ့ က ကိစ္စကလဲ ရပ်ကွက်ပေါင်းစုံ ဖလားဘော်လုံး ပြိုင်ပွဲမှာ ဖြစ်တာ။ ဒီနှစ် ကျွန်တော်တို့ မိုးရာသီ ဆင်တဲ ရပ်ကွက်ပေါင်းစုံ ဖလားပွဲအတွက် ကျွန်တော်တို့ ရပ်ကွက်က အသင်းဖွဲ့ တော့ အရမ်းကန်ချင်နေတဲ့ လူပျိုကြီးကို အသက်ကြီးနေလို့ နည်းပြ လုပ်သူက မရွေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ လူငယ်တွေ ဝိုင်းကူပြောပေးတာကြောင့်ရော အသင်းမှာ လူမပြည့်တာကြောင့်ရော အသင်း လူစာရင်းမှာ သူပါလာတယ်။
အသင်းမှာ ပါဖို့ အတွက်လဲ သူတော်တော်ရင်းလိုက်ရတယ်။ အသင်းဂျာစီ အင်္ကျီ၊ ဘောင်းဘီကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဝယ်ရသည့်အပြင် အသင်းရံပုံငွေ အတွက်လဲ သူတော်တော်ထည့်လိုက်ရသည်။ ဒါ့အပြင် အသင်းပြိုင်ပွဲရှိသည့် နေ့ တိုင်း ကျွန်တော်တို့ လူငယ်တွေကို လက်ဖက်ရည် တိုက်ရသေးသည်။ ကျွန်တော်တို့ ကြောင့် သူအသင်းမှာ ပါရတာကိုး။ ဒီလိုအရင်အနှီး ကြီးကြီးနဲ့ ပေးဆပ်ပြီး သူအသင်းမှာ ပါဝင်ခွင့် ရခဲ့ပေမယ့် အုပ်စုပွဲ နှစ်ပွဲသာပြီးသွားတယ် သူတစ်ပွဲမှ မကန်ရသေးဘူး။ သူ့ မှာ ဘော်လုံးကန်ချင်တာဖြင့် ဖင်တကြွကြွ ဖြစ်နေပေမယ့် နည်းပြကိုလဲ မပြောရဲဘူး။ ဒီတော့ ကျွန်တော်တို့ ကို လက်ဖက်ရည်တိုက်ပြီး အပူကပ်ပြန်သည်။ ဒီတော့ ကျွန်တော်တို့ လဲ သူ့ လက်ဖက်ရည်သောက် ရဲရတော့သည်။ နည်းပြကို ဒီနေ့ အုပ်စုနောက်ဆုံးပွဲက နိုင်တက်၊ ရှုံးတက် ဖြစ်သောကြောင့် အနိုင်အရှုံး အရေးမပါတော့သောကြောင့် ဒီပွဲမှာ လူပျိုကြီးကို ထည့်ကန်ဖို့ ဝိုင်းပြောကြတော့ နည်းပြက အခြေအနေကြည့် ကစားခိုင်းမည်ဟု ပြောသည်။
မနေ့ က အုပ်စုနောက်ဆုံးပွဲမှာ သူကစားရမည် ဆိုသောကြောင့် လူပျိုကြီးတစ်ယောက် မနက်စောစော ကတည်းက ဘော်လုံးအသင်း ဂျာစီထက်အောက် ဝမ်းဆက် ဝတ်ပြီး လမ်းသလားနေတာ မျက်စိတောင်နောက်သည်။ တနေကုန် တက်ကြွနေသော လူပျိုကြီး ညနေဘက် ဘော်လုံးကွင်းထဲ ရောက်လို့ ပထမ ကစားသမား (၁၁)ယောက် စာရင်းကြေညာတော့ သူ့ နာမည် မပါသောကြောင့် တော်တော် စိတ်ဓာတ်ကျ သွားသည်။ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ပုံမှန်ကလဲ နောက်အရေးကြီးတဲ့ ပွဲအတွက် သူ့ ကို ဒီပွဲမှာ အနားပေးပြီး လူပျိုကြီးကို သုံးမယ်ထင်ပြီး ဘောင်းဘီပါမလာလို့ သူ့ ဘောင်းဘီကိုပါ ပုံမှန့် ကို ချွတ်ငှားလိုက်ရလို့ လူပျိုကြီးခမျာ မိုးလေးတဖွဲဖွဲ ရွာနေတဲ့အောက် ဘော်လုံးကွင်းဘေးမှာ ပုဆိုးလေး ခြုံပြီး ထိုင်နေရရှာသည်။ တကယ်တော့ ဒီနေ့ ပွဲက အုပ်စုနောက်ဆုံပွဲစဉ် ဖြစ်သည်။ အနိုင်အရှုံးက ကျွန်တော်တို့ အသင်းအတွက် အရေးမပါတော့ဘူး။ သရေကန်နိုင်ရင်ကို ကျွန်တော်တို့ က အုပ်စု ပထမနဲ့ ကွာတားဖိုင်နယ်တက်မည် ဖြစ်သည်။ ဒီလို ပွဲမျိုးမှာမှ လူပျိုကြီး မကန်ရဘူး ဆိုလျှင် နောက်ပွဲတွေမှာ ကန်ရတော့မည် မဟုတ်ပေ။ ဒါကြောင့်လဲ လူပျိုကြီး တော်တော်စိတ်ဓာတ်ကျ သွားခြင်းဖြစ်သည်။
လူပျိုကြီး တစ်ယောက်ဘော်လုံးပွဲကို စိတ်မဝင်စားဘဲ ဟိုဟိုဒီဒီ စဉ်းစားနေစဉ် ပထမပိုင်း မိနစ် (၃၀)ခန့် မှာပင် တဘက်အသင်းက လူချ ကစားလိုက်သောကြောင့် ပုံမှန်နာသွားသည်။ ပုံမှန်က ဘော်လုံးကို ကန်မည်အလုပ်တွင် တဘက်အသင်းမှ ဘော်လုံးသမားက ရှေ့မှ စုံခုန်နင်းလိုက်သောကြောင့် ခြေသလုံးတည့်တည့်ကို ဘော်လုံးကန် ဖိနပ်ဖြင့် တည့်တည့် နင်းမိခြင်းဖြစ်သည်။ အခြေအနေက တော်တော်ဆိုးသည် အထဲက ခြေသလုံးရိုးဖြူဖြူကိုပင် မြင်နေရသည်။ အချက်နှစ်ဆယ်ခန့် ချုပ်ရမည့်အပြင် ခြေသလုံးလဲ ကျိုးသွားပုံပေါက်သည်။ တခါတည်း မေ့သွားတာဖြင့် နှာနှပ်၍ပင်မရ သေသလား၊ ရှင်သလားပင် သေချာမသိရသည့် အခြေအနေ ဖြစ်သည်။ အသင်း၏ အဓိက ကစားသမား တစ်ယောက်နာသွားခြင်းကြောင့် နည်းပြဖြစ်သူလဲ ပြာယာခတ် သွားပြီး လူပျိုကြီးကို အလောတကြီး လူစားလဲလိုက်သည်။ အခြေအနေက ရုတ်ချည်း ဖြစ်သွားခြင်းကြောင့် လူပျိုကြီးလဲ ယောင်တိယောင်တောင် ဖြစ်နေစဉ် နည်းပြက ကွင်းထဲ အတင်းဝင်ခိုင်းနေသဖြင့် လူပျိုကြီးလဲ ခြုံထားသော ပုဆိုးလေးချွတ်ကာ ကွင်းထဲ ပြေးဝင်သွားလေတော့သည်။
ကွင်းအတွင်း ပြေးဝင်လာသော လူပျိုကြီးကို ကြည့်ပြီး နှစ်ဘက်အသင်း ကစားသမားများ၊ အော်ဟစ်အားပေးနေသော ပရိသတ်များပါမကျန် လူပျိုကြီးကို ဝိုင်းကြည့်ကြပြီး တကွင်းလုံး တိတ်ဆိတ်သွားသည်။ ထို့ နောက် တိုင်ပင်ထားသည့် အလား လူပျိုကြီးကို ကြည့်ပြီး အားလုံး ဝိုင်းရယ်လိုက်သော အသံကြီးက အုန်းဆို ဆင်တဲတခွင် ပွက်လောရိုက်သွားလေတော့သည်။ နည်းပြဖြစ်သူ၏ လောဆော်မှုကြောင့် ပုံမှန့်  ကို ဘောင်းဘီ ငှားထားတာကို မေ့ပြီး ခြုံထားသော ပုဆိုးလေး ချွတ်ကာ ကွင်းအတွင်း ပြေးဝင်လာသော လူပျိုကြီးမှာတော့ ကွင်းလယ်ခေါင်တွင် ယောင်တောင်တောင်ဖြင့် လက်ကလေး တကာကာ လုပ်ကာ ရှိုးပြနေလေတော့သည်။ ဒီလောက် လူအများကြီးရှေ့ အရှက်တကွဲ ဖြစ်ခဲ့တာတောင်မှ သူက အရှက်နဲ့ လူလုပ်နေတာ မဟုတ်ဘူး၊ အသက်နဲ့ လူလုပ်နေတာ ဆိုပြီး ဘုဂလန့် က တိုက်ချင်သေးသည်။ သြော်… လူပျိုကြီး…… လူပျိုကြီး…..
ပြန်လာချိန်လေး
မနေ့က အတန်းပိုင် ဆရာကြီး လုပ်ခိုင်းလိုက်သော အိမ်စာများ နှင့် ကျက်စာများကို ဘာတစ်ခု မှ လုပ်မလာ၊ ကျက်မှတ်မလာ ပဲနှင့် ကျောင်းကို ခပ်တည်တည်လာ ကျောင်းခန်းထဲသို့ ပတိနှင့် ဝင်ထိုင်ပြီး ဆရာကြီး လာသော အခါ ကောင်းကောင်း အနှက်ခံ ရမည့် အဖြစ်ကို ကျကျ နန ထိုင်စဉ်းစား ပြီး ဒူးတုန်နေရသော အရသာကို ကြုံဖူးပါသလားမိတ်ဆွေ ? ကျွန်တော်တို့ ဆင်တဲကဖေး အဖွဲ့ သားများမှာ ယခုတော့ ထိုကဲ့သို့ ပင်ဖြစ်နေချေတော့၏။
ကျွန်တော် တို့ ဆင်တဲကဖေး မှ ဆရာကြီး ပေါ့ဆိမ့် တစ်ယောက် မြန်မာပြည် သို့ အလည် အပတ် ခရီး ပြန်သွားခဲ့ သည်မှာ ရက်အတန်ကြာပင် ရှိချေတော့သည်။ ယခု အချိန် ဆိုလျှင် ပေါ့ဆိမ့် တစ်ယောက် မြန်မာပြည် ၏ နာမည် အကြီး ဆုံး အပန်းဖြေ စခန်း များတွင် ငွေကို ရေလို သုံး၍ မော်ဒယ်ကောင်မလေးများ တစ်ဖက် လေးငါးရာ ဖြင့် ပျော်နေလောက်ချေ၏။ (ပေါ့ဆိမ့် ၏ အလည် အပတ် ခရီးစဉ်ကို ကြည့်လိုပါက CNN channel မှ နေ့စဉ်ထုတ်လွှင့်နေသော နိုင်ငံ တကာ သတင်းများတွင် ကြည့်နိုင်ပါသည်။)
ပေါ့ဆိမ့် တစ်ယောက် ခရီးမထွက် ခင်က ကျွန်တော်တို့ အဖွဲ့ သားများ ကို site နှင့်ပတ်သက် သည့် ကိစ္စ အဝဝ နှင့်ပတ်သက်၍ လုပ်ဆောင်ရန် အပိုင်းများ ကို သေသေချာချာ မှာထားခဲ့လေ၏။ ပို့စ် အသစ်များ မှန်မှန် တင်ပေးရန် ၊ အခြား မိတ်ဆွေ site များကို မှန်မှန် အလည်သွားရန်၊ အလည်ထွက်ရန် အစ ရှိတဲ့ ကိစ္စ များပေါ့။ သူမြန်မာပြည် ပြန်သည့် နေ့က ကျွန်တော်တို့ site နှစ်ပါတ်လည် နေ့ နှင့် တိုက်ဆိုင်နေသည့် အတွက် သူ့ခမျာ ခရီးသွားဖို့ ပြင်ရသည့် အထဲ site ကိစ္စ အဝဝ ကိုပါဝင်ရောက်လုပ်ကိုင်နေ ရင်းဖြင့် အချိန် အတော်ကုန်သွားခဲ့ လေသည်။
ကျွန်တော်တို့ ဆင်တဲကဖေး အဖွဲ့ သားများမှာ စာဖတ် ဝါသနာ အလွန်ပါကြသော်လည်း စာရေး လွန်စွာပျင်း ၍ စာရေး မသွက်ကြချေ။ ပေါ့ဆိမ့် တစ်ယောက် တွန်းလွန်း ၍ သာ ဆီမရှိသော ဘီးဟောင်းကြီး များကဲ့ သို့ တကျီကျီ အသံပေး ၍ တစ်လိမ့်ခြင်း လိမ့်ကြခြင်းဖြစ်လေသည်။ ပေါ့ဆိမ့် တစ်ယောက် ခရီးထွက်နေသည့် ရက်အတွင်း တွင် သူပေးခဲ့ သော တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နေသူ ဆို၍ ဘလက်ကော်ဖီ တစ်ယောက်သာ ရှိလေ၏။ ကျွန်တော် အပါ အဝင် ကျန်ပုဂ္ဂိုလ် များကတော့ ဝေလေလေ လုပ်နေကြလေ၏။ ထို့ကြောင့် ပေါ့ဆိမ့် တစ်ယောက်ပြန်လာချိန်တွင် ကောင်းကောင်း အဆူခံ ကြရပေတော့မည်။ ပြီးတော့ ပေါ့ဆိမ့် ကတအားဒေါသကြီးတာ ဟိုတစ်လောကတောင် ကြားလိုက်ရသေးတာ “ကရာတေး ချန်ပီယံ ကာယဗလမောင်” တစ်ယောက် နှင့် စကားများရာ အလွန် စိတ်ကြီးသော ပေါ့ဆိမ့်က ဟို ငတိကို စကူဒရိုင်ဘာ တို့ ပလာယာ တို့တောင် မသုံးပဲနှင့် ကားဘီးချွတ်သလို ဟိုငတိ ၏ နံတွေ၊ ကိုင်းတွေကို တစ်စစီ ဖြစ် သွားအောင် သပ်သပ် ရပ်ရပ် ဆွဲဖြုတ်ပြစ်ပြီး ခွေးစာ ချကျွေးလိုက်ရာ ဟိုငတိ ခမျာ ဖွဲ့စည်းပုံ အရိုးများ မရှိတော့ သဖြင့် တစ်သက်လုံး ပက်လက်နေ ရမည့် ကိန်းဆိုက် သွားသည် ဆိုပဲ။ ထို့ကြောင့် ပေါ့ဆိမ့် ၏ ဒေါသကို တစ်ဖွဲ့ လုံးကြောက်နေကြလေ၏။
ပေါ့ဆိမ့် ပြန်ရောက်လာသည် နှင့် တပြိုင် နက် အားလုံး အဆူခံ ရပေတော့မည်။ ငယ်စဉ် ကျောင်းသားဘဝက လိုပေါ့ စာလည်း မရ စာလည်းလုပ် မလာသည့် ကျောင်းသား ကို ဆရာကြီးက ဟောက်စားလုပ်သလို အားလုံးကို ပေါ့ဆိမ့် တစ်ယောက် ဟောက်စားလုပ်တော့မည်။ ကျွန်တော် ကတော့ ငယ်စဉ် ကတည်းက ဒါမျိုးတွေ ဖြစ်နေကြမို့ ရိုးလို့နေပါသည်။ ကျွန်တော် ငယ်ငယ် ကတည်းက မဟုတ် မခံစိတ် အလွန်ရှိသူဖြစ်ပါတယ်။ အတန်းထဲမှာ ဆရာက အိမ်စာလုပ် မလာသောသူ၊ စာကျက်မလာသောသူ မတ်တပ်ထကြ ဟုဆိုတာနှင့် ဆရာပြော စကားတောင် မဆုံးသေးခင် ကျွန်တော်က ဝုန်းကနဲ ထပြီးသား အဲဒီလိုကို အမှန် အတိုင်းနေတာ “မရပဲ နှင့် ရသည်ဟု လိမ်မပြောချင်ပါ” ။တစ်ခါ တစ်လေ ဆရာက အပြောင်းလဲလေး လုပ်ပြီးတော့ “ဟက်ရောင် ငါပြောတာမဆုံးသေးဘူးကွ စာရတဲ့ သူတွေထလို့ ပြောမလို့ကွ” ဒီလိုပြောရင်တော့ ဝုန်းကနဲ နေအောင်ထိုင်ချလိုက်တာ။ ဆရာမေးရင် ဘယ်တော့မှ လိမ်မပြောဘူး အမှန် အတိုင်းပဲ မရရင် မရဘူးပြောလိုက်တာ(နေ့တိုင်းကို မရတာပါ)။ခုဆို ကျွန်တော်တို့ အဖွဲ့တွင် သူပြောခဲ့ သလိုလုပ်ထားသူ ဆို၍ ဘလက်ကော်ဖီ တစ်ယောက် သာရှိ၏။
ခုလို ဘလက်ကော်ဖီ တစ်ယောက်ထဲ တာဝန်ကျေနေတာ ကိုတွေ့ရတော့ ဘလက်ကော်ဖီ နဲ့ပတ်သက်တဲ့ ငယ်ငယ်တုန်းက အဖြစ်လေးကိုသွားသတိရမိပါတယ်။ အဲဒီတုန်းက ဘလက်ကော်ဖီ နဲ့ ကျွန်တော် စာသင်ခန်း တစ်ခုထဲမှာ အတူတူ စာသင်ခဲ့ ရတာလေ။တစ်ရက်တော့ အရိုက်ကြမ်းတယ်လို့ နာမည်ကြီးနေတဲ့ အပျိုကြီးဆရာမ တစ်ယောက်က မကုန် မခမ်းနိုင်အောင် များပြားလှတဲ့ ကျက်စာတွေကို ကျက်ဖို့ ကျွန်တော်တို့ တွေကို ပေးလိုက်ပါတယ်။ ကျွန်တော့် ရဲ့ ပုံမှန် ဒသနတွေကတော့ “ဒါတွေ အကုန်လုံးကျက်ပြီးတော့ စာမေးပွဲ သွားဖြေရင်လည်း အလွန်ဆုံးရ အမှတ် တစ်ရာပေါ့ တစ်ရာကျော် အောင်ဘယ်တော့မှ ရမှာ မဟုတ်။မေးထားသလောက်ပဲ ဖြေရမှာ ကိုယ်ရတိုင်း ဖြေချင်သလောက်ဖြေလို့ မရပါ အမှတ်တွေ အများကြီးရ ရင်လည်း သူများ မနာလိုတာ ခံရအုံးမယ် အောင်မှတ်ရတော်ရောပေါ့ အမှတ် နည်းတယ်များ တယ်ဆိုတာ ပကာသနတွေပါ ဒါတွေက သေရင်ကိုယ့်နောက် ပါမှာမဟုတ်” ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော့် စာကျက်နည်းက ကျက်နိုင် သလောက် တစ်ပုဒ် နှစ်ပုဒ်လောက်ကျက်သွားလိုက်မယ် ကျောင်းရောက်လို့ ဆရာမမေးတာနဲ့ ကိုယ်ကျက်သွားတာ ကိုက်နေရင် အိုကေပေါ့။ ဒီလိုမှ မဟုတ်ပဲ ကိုယ်ကျက်တာ တစ်ပုဒ် ဆရာမ မေးတာ တစ်ပုဒ် ဆိုရင်တော့ ထုံးစံ အတိုင်း မဟုတ်မခံ ထလုပ်လိုက်တာပေါ့။ ဒီလို နဲ့ ကိုယ်ထင်တဲ့ တစ်ပုဒ် နှစ်ပုဒ်လောက်ကို စပေါ့ရိုက် ကျက်ပြီး ကျောင်းကို ချီတက်ခဲ့ပါတယ်။ စာမေးတဲ့ အချိန်လည်းရောက်ရော ဆရာမ ကလည်း စာရကြလား တပည့်တို့ပေါ့ အားလုံးကလည်း ရပါတယ် ဆရာမပေါ့။ ကျွန်တော် ကတော့ အစဉ်လာမပျက်ပါပဲ ဆရာမမေးတာ ကိုမရတော့ ဆရာမက ကျွန်တော်ရတဲ့ အပုဒ်ကို ဆိုခွင့်ပေးပါတယ့် ကျွန်တော်လည်း အားရပါးရ စဆိုလိုက်ပါတယ် “ဧရာဝတီ မြစ်သည် မြန်မာပြည်တွင် အကြီးဆုံးမြစ်ဖြစ်ပြီး မြောက် မှ တောင် သို့ စီးဆင်းနေပါသည်…”ဆိုတဲ့ စာတစ်ကြောင်း ဆိုပြီးသည်နှင့် ထုံးစံ အတိုင်း လက်နက်ချလိုက် ရပါတော့တယ် (ရမှ မရတာပဲ….ဟီဟီ..။)
တစ်ခန်းလုံး အတူတူပါပဲ တစ်ယောက်မှ မရကြပါဘူး ဒီအချိန်မှာပဲ သူရဲကောင်း ဘလက်ကော်ဖီက တစ်ယောက်တည်းသော စာရသူ အဖြစ်ပေါ်ထွက်လာခဲ့ ပါတယ်။ကျွန်တော် လောက် နည်းပါး ဉာဏ်ကောင်းတဲ့ ဘလက်ကော်ဖီ က သူကျက်လာတဲ့ စာတွေကို မာတိကာ ကနေ နောက်ဖုံး အထိ ဆိုလိုက်တာမှ ဗျန်းဗျန်းကွဲပါပဲ ။စာတွေ ကများလည်းများ ဆိုရတာ လည်းကြာလာတော့ ဇောချွေးတွေ ပြန်ပြီး မျက်လုံးပါ ပြူးလာတဲ့ အထိပါပဲ။ဘေးကနေ မလိုတမာ ဖြစ်နေတဲ့ ကျွန်တော် တို့ အဖွဲ့တွေက “ကြိတ်ထားကွ ကောင်လေးရ (ငြုပ်သီး မှုန့်တွေ)” ၊ လှော်ထားကွ (ပိန်းကောကြီးကို) ၊လုပ်လိုက်စမ်း ကောင်လေး (ဓါးပြဗိုလ်)၊ ဟုတ်နေပြီကွ (တရားခံ) ” စတဲ့ နားဝင်ပီယံ စကားလုံးံ များနဲ့ မကြားတကြား ပြောနေကြလည်း သူ ကဂရုမစိုက်ပါဘူး။ အတော်ဆို ပြီ့း မောလာတော့ ဆရာမက “ဟဲ့ ကောင်တွေ ငါ့သားလေးမောနေပြီ ရေခပ်ပေးကြစမ်း ” ဆိုတော့ ကျွန်တော် တို့ အဖွဲ့ ကလည်း ရွဲ့ပြီး ပျာပျာ သလဲ ရေဘူးတွေ၊ ရေခွက်တွေ အစုံ အလင်နဲ့ ရေတွေခတ်ပြီး သူ့ ကို အတင်းဝိုင်းတိုက်ကြပြီး ကျော်ဟိန်း ကားထဲကလို “အဘရေ သောက်သောက် ” ဆိုပြီးလုပ်ကြသေးတာ။ ဘလက်ကော်ဖီ ကမလုပ်ရင် မလုပ်ဘူး လုပ်ပြီဟေ့ ဆိုရင် မလွယ်ဘူး အဲဒီ တုန်းကဆို နားကိုငြီးနေတာပါပဲ။ ခုလည်း ဒီလိုပါပဲ ကျွန်တော် အပါဝင် တစ်ဖွဲ့ လုံးယောင်နေကြတာ ကြာပါပြီ။ ဘလက်ကော်ဖီ တစ်ယောက်ပဲ လှုပ်လျှားနေတာလေ။
ဆရာကြီး ပေါ့ဆိမ့် ကတော့ ကြိမ်းနေတယ်လို့ ပြောသံကြားပါတယ်.“.ချိုကျ ကို ပိုချိုသွားအောင်လို့ ချကျိုပြစ်မယ်တဲ့။ ”“ကျဆိမ့် ကိုတော့ ဆယ်ထပ်တိုက်ပေါ်က ကန်ချပြီး ကျကျခြင်း ဆိမ့်သွားအောင်လုပ် မတဲ့”…“၊ရေနွေးကိုတော့ ရေနွေးရုံတင် မကဘူး အိုးပါ မီးလောင်အောင် မီးပြင်းတိုက် မတဲ့”…။“အိုက်ကော်ဖီ ကိုတော့ ပိုပြီး အိုက်သွားအောင် မီးခံသေတ္တာ ထဲ ထည့်ပြီး နေလှန်းထား မတဲ့…”.၊“ကပ္ပချီနို ကိုတော့ ဈေးကြီးပေး ရတဲ့ကော်ဖီ ဖြစ်ပြီး ဘာမှ မဟုတ်လို့ ရေကျက်အေးနဲ့ ဖျော်ပြီး အရူး ကိုချတိုက် မတဲ့..။”ဒါပေမဲ့ “ပေါ့ဆိမ့်  ကတော်ပါတယ်” ကျွန်တော့် ကိုတော့ ဘာမှ မပြောရှာပါဘူး “ဒီကောင် မအားလို့ ဖြစ်မယ်ကွ ဒီကောင်က တအား အလုပ်များတာ ငါသိတယ်တဲ့ ” ဒီလိုတောင် ပြောရှာတယ် ဆိုပဲ…။
မင်္ဂလာဆောင်ကြရာဝယ်
ခေါင်းစဉ်ဖတ်ပြီး နည်းနည်းတော့ဇဝေဇဝါ ဖြစ်သွားကြမယ်ထင်ပါတယ်။ အနှီမောင်ချိုကျရဲ့ မင်္ဂလာဆောင်ခြင်းအမှု့ မဟုတ်ပါ။ ကြုံတုန်းကြွားရပါသည်။ ဒီလိုပါ တနင်္ဂနွေတစ်ရက်ပေါ့ မနက်စောစော ထမိတဲ့ချိုကျတစ်ယောက် ပျင်းရိစွာနဲ့သကာလ net ကမ္ဘာထဲ ခြာခြာလည်နေခိုက် ဆူးရှတဲ့သီချင်းသံတွေက ဝုန်းကနဲ နားဝကိုတိုင်းဝင်လို့လာပါတော့တယ်။ ဟယ်….. ဘာသံတွေပါလိမ့်ဆိုပြီး စပ်စုလိုက်တော့ လားလား အိမ်အောက်တည့်တည့်မှာ မလေးလူမျိုးတွေရဲ့ မင်္ဂလာဆောင် တစ်ခုပါ။ မနေ့က စနေတစ်ရက်လုံး အိမ်အောက်မဆင်းပဲ သူငယ်ချင်းဝယ်လာတဲ့ p3 game စက်ကို ဝိုင်းကလိနေတော့ကာ ဘယ်အချိန် အခန်းအနားတွေ လာပြင်သွားမှန်းတောင်မသိလိုက်ပါ။ သီချင်းတွေဆိုကြ စားကြသောက်ကြနဲ့ ပျော်မြူးနေကြပါတယ်။ အော်….. သူတို့သိပ်ပျော်နေကြပါလားဆိုပြီးတော့ ကိုမင်းအောင် လေသံနဲ့ ချိုကျလည်း ပြောမနေတော့ပါ။ သူများမင်္ဂလာဆောင်ကို ချိုကျလည်း မသိချင်ရောင်ဆောင်နေလိုက်ပါတော့တယ်။
တကယ်တမ်းပြောရရင်မင်္ဂလာဆောင်ဆို ချိုကျတို့လန့်နေပါပြီ။ အဲအဲ ဒီလိုပါ ချိုကျဘဝမှာ မင်္ဂလာဆောင်တစ်ခုကို အချိန်အကြာဆုံး နေခဲ့ဖူးပါတယ်။ အဲဒီင်္မင်္ဂလာဆောင်က လွန်ခဲ့တဲ့ ၁၀ နှစ်နီိးပါလောက်ကပါ။ အနှီမောင်ချိုကျရဲ့ တစ်ဦးတည်းသော အစ်မတော်ရဲ့ မင်္ဂလာဆောင်ပါ။ အစ်မတော်မင်္ဂလာဆောင်မယ် ဆိုတော့ နှစ်ဘက်လူကြီးတွေ စကားပြောကြ ပြင်ကြ ဆင်ကြနဲ့ သူအိမ်ကိုယ်အိမ် ဝင်ကြထွက်ကြ တစ်ရုံးရုံးနဲ့ပေါ့။ အနှီမောင်ချိုကျက လူကသာဘာမှမဟုတ်တာ လူရှုပ်ရှုပ်ဆိုသိပ်မုန်းပ။ သူတို့ဘက်က သတို့သမီးရဲ့ မောင်ဆိုတော့ ဟိုလူကပြုံးပြ ဒီလူကပြုံးပြနဲ့ ချိုကျမှာတော့ တော်တော်အခံရခက်လှပါတယ်။ အမယ် ဒီကြားထဲ သတို့သမီးရဲ့မောင်ဆိုတာ မမြင်ဖူးလို့လာကြည့်တဲ့ သူတွေတောင်ရှိသေး ဟေးဟေး ။ ဤသို့ ဤနှယ်ပေါ့ မင်္ဂလာပွဲစတင်မယ့်နေ့ရောက်လို့ မင်္ဂလာချိန်စပြီဆိုတာနဲ့ လူတွေလေ လူတွေ မျက်နှာစိမ်းစိမ်းတွေရော မျက်နှာကျက်ကျက်တွေရော မကျက်တကျက်တွေရော စုံနေတာပါပဲ။ တကယ်တန်းစပြီဟေ့ဆိုတော့ အနှီမောင်ချိုကျ ဘာလုပ်ရမှန်းမသိပါ။ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ချင်ပါ။ ဟုတ်တယ်လေ ဒီလိုပွဲမျိုးဆိုတာ လက်လက်ထပြီး ပျော်စလူးတက်နေလို့မှမဖြစ်တာ။ ကိုယ်က သတို့သမီးမောင်ကိုး ။ တကယ်လဲမပျော်နိုင်ပါ။ အစ်မတော်က ကျွန်တော်ကို ပါးစပ်နဲ့မချစ်တတ်ပဲ အလုပ်နဲ့ပဲချစ်ပြတတ်တဲ့ အစ်မမျိုးပါ။ ဥပမာ လက်သည်းခြေသည်းဆို ချိုကျ ၁၀ တန်းသာရောက်တယ် အစ်မတော်က စိတ်ရှည်လက်ရှည် ညှပ်ပေးနေတုန်းရယ်။ အပြင်သွားစရာရှိရင်လဲ ဟိုကောင်လေး ဒီအင်္ကျီင်္ိဝတ် ဒီဟာကဘယ်လို အရောင်ကဘယ်လို လာစမ်းအင်္ကျီလက်တောင်မခေါက်တတ်ဘူး။ ဤသို့ ဤနှယ်အစ်မတော် ပါတော်မူတော့ မောင်ချိုကျ နည်းနည်းတော့နှမျောမိပါတယ်။ တစ်ဘက်ကကြည့်တော့ နည်းနည်းလည်းပျော်ပါတယ်။ မုန့်ဖိုးပိုရပဟဲ့ ဆိုပြီးတော့ပေါ့။
ဒီလိုနဲ့ မင်္ဂလာပွဲစလို့ သီချင်းတွေဖွင့်ကြ လူတွေဧည့်ခံကြနဲ့ လူရှုပ်ပွဲကြီးစတော့ စိတ်ညစ်စလည်းပြုလာပါပြီ။ အရေးထဲ အဒေါ်ကြီးတွေ ဦးလေးအရွယ်တွေက လာလာစကြသေး။ အစ်မပါသွားတော့ ဘယ့်နှယ့်နေလဲတို့ ဘာတို့။ ချိုကျလည်း ရယ်ပြရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ အဲဒီတော့ လူတွေမဖမ်းမိအောင် ဟိုဘက်သွား ဒီဘက်သွားနဲ့ လူထူထူကင်းလှည့်နေသလိုဖြစ်နေပါတော့တယ်။ အိမ်ပြန်ပြေးဖို့ကြံပြန်တော့ မာတာပီတ မိနှင့်ဖ က ဖမ်းမိထားလို့ အိမ်မပြန်ရအမိန့်ထဲမှာ ချိုကျတစ်ယောက် ကားယားကြီးကိုမိနေတော့ကာ နွေခေါင်ခေါင် အဖျားတက်လို့ စောင်ခြုံအိပ်နေရတဲ့သူလိုရှိနေပါတော့တယ်။ အစ်မရှိတဲ့ မောင်တွေအစ်မ မင်္ဂလာဆောင်ရင် ဘယ်လိုခံစားကြရလဲ မသိပေမယ့် ချိုကျရဲ့ ရင်တွင်းဖြစ်တွေကတော့ ဤသို့ဤနှယ်ရှိပါပေတော့တယ်။ black coffee ကတော့ပြောပါတယ် ငါတို့က ဘယ်အချိန်ပဲဖြစ်ဖြစ် ၂ဂိုး ဂိုးမရှိနဲ့နိုင်ပြီးသားတဲ့။ ဟုတ်တော့ဟုတ်တယ် သူတို့က ညီအစ်ကိုနှစ်ယောက်ကိုး။
ဒီလိုနဲ့ မင်္ဂလာဆောင်ပြီးလို့ ပစ္စည်းတွေသိမ်းမယ်ပြုမယ်ဆိုတော့မှ ချိုကျလည်း ဘယ်သူလာပေးထားမှန်းမသိတဲ့ ဝန်ထုတ်ကြီးကို လွှတ်ချဒီတစ်သက် ယောက်ဖအခေါ်ခံရလွတ်ပဟဲ့ဆိုပြီး ဝမ်းသာလိုက်သည့်ဖြစ်ခြင်း သက်ပြင်းကို ဟင်းကနဲ ချလိုက်နိုင်ပါတော့တယ်။ တစ်ခါဆိုဆိုသလောက်ပါပဲ မှတ်ကိုသွားတော့တာ။ အစ်မေလုပ်တဲ့သူကိုလည်း တော်တော်လေးကို ကျေးဇူးတင်သွားမိတယ်တကယ်။ အစ်မတစ်ယောက်ပဲ မွေးထားပေးလို့။ မဟုတ်လို့ နှစ်ယောက် သုံးယောက်သာဆို ချိုကျတော့ အိမ်ကထွက်ပြေးရတာ များနေလောက်ပြီ။ ဒါတောင် နောက် ၅နှစ်လောက်ကြာတော့ အမျိုးထဲက ညီမဝမ်းကွဲ တစ်ယောက်က မင်္ဂလာဆောင်ပါလေရော။ သူက ချိုကျကို အစ်ကိုအရင်းလိုပဲ သူ့မှာက ညီမတစ်ယောက်ကလွဲပြီး မွေးခြင်းအကြီးမရှိလေတော့ကာ ချိုကျကိုပဲ ဆိုးတိုင်ပင် ကောင်းတိုင်ပင်လုပ်နေရရှာတာလေ။ ဘယ်ရမလဲ ဒီတစ်ခါတော့ ချိုကျတို့လည်သွားပြီ။ စိတ်ဒုက္ခကိုမခံတော့တာ။ ရမယ်တွေရှာ အကြောင်းတွေပြ ခရီးထွက်ဖို့ပြင်ပြီး မင်္ဂလာဆောင်နဲ့ဝေးနိုင်သမျှ ဝေးရာကိုထွက်ပြေးပြီးတဲ့သကာလ နီးစပ်ရာဘုရားသွား ဆုကလေးတောင်တောင်းလိုက်သေး။ ဒီလိုလေ ဆုတောင်းလေးက ( ရောက်လေရာဘဝ ညီတွေ အစ်ကိုတွေနဲ့တွဲလို့ အစ်မ ညီမတွေနဲ့လွဲရပါလို၏ ) လို့ ။ အော်….. မင်္ဂလာဆောင်ကြရာဝယ်ပေါ့ ကျွန်တော့်ဘဝ ဤသို့ဤနှယ် ရှိခဲ့ပါလေတော့တယ်။
မှတ်ချက် ( ဘာရယ်မဟုတ်ပါဘူး post တွေအရေးကျဲလို့ အော်နေကြတဲ့ black နဲ့ ပုံမှန်တို့ကို အားနာတာနဲ့ အိမ်အောက်က မင်္ဂလာဆောင်လေးကို မြင်ပြီး ဟိုတုန်းက စိတ်ခံစားမှုလေးကို ရေဖွဲ့လိုက်ပါတယ် )
