Author Archive
အဘွားပေးတဲ့ အမေ့နာမည်
ပြောရမယ်ဆိုရင်တော့ ကျနော့်တို့အဘိုးဟာ ရှေးအင်္ဂလိပ်မင်းများ လက်ထက်တုန်းက နှစ်လုံးပြူးကိုင်ရတဲ့ သူကြီး ကိုးဗျ….။အင်္ဂလိပ်ခေတ်က သူကြီးမို့လို့ သီဟတင်စိုး တော်လှန်ရေး ကားတွေထဲကလို ဗီလိန်သူကြီး မျိုးတော့ မဟုတ်ရရှာပါဘူး..။ရွာသားတွေက တကယ်ရွေးချယ်တင်မြှောက်ထားတဲ့ သူကြီး..။ အဘိုးနာမည်က ” ဦးလှဟန် တဲ့…….။
အဘွားကတော့ ရွာမှာ ကုန်စုံ ဆိုင်ဖွင့်ပြီး ဈေးရောင်းတယ်။ရွာနီး ချုပ်စပ်က ထွက်တဲ့ ဇီးသီး၊ ခရမ်းချဉ်သီး၊သံပုရာသီး စတဲ့ ကုန်တွေကို အိမ်မှာပဲ ၀ယ်တယ်..။ နောက်ရေနံချေးတွေ ၀နေတဲ့ ကျွန်းသားလှေ မည်းမည်းကြီးတွေနဲ့ ဧရာဝတီမြစ်ကိုဆန်ပြီး ပြည်မြို့ကို သွားရောင်းလေ့ရှိတယ်..။အဘွားဟာ အပြန်မှာ သူ့ဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကိုဝယ်ပြီးပြန်လာတတ်သတဲ့..။ကျနော်တို့ ရွာလေးက ပြည်မြို့ရဲ့အောက်ဘက် ဧရာဝတီ မြစ်ကမ်းနံဘေးက ရွာကလေးကိုးဗျ..။
အဘိုးကလဲ အရပ်က တင်မြှောက်ထားတဲ့ သူကြီး…၊ အဘွားက ဈေးရောင်းဆိုတော့ တပည့်တပန်းတွေကလဲပေါ ၊စာရင်းငှားတွေနဲ့ ဇီးသီးရွေးတဲ့ မိန်းခလေးတွေနဲ့ ဆို တနေ့ကို ဆန်တစိတ်လောက် ချက်ရသတဲ့ ။ အော်..ပြောဖို့မေ့နေလို့…အဘိုးနဲ့အဘွားမှာလဲ သားသမီးကချည်း တကျိပ်တယောက်ရှိတာကိုး…။
အဘိုးဦးလှဟန်က ဆင်တဲမြောက်ပိုင်းသားဗျ..။ဦးလှစံ၊ ဦးလှဟန်နဲ့ ဒေါ်အုံးကြင်ဆိုပြီးမောင်နှမ (၃)ယောက်ရှိတယ်.။ ဆင်တဲသားတွေထဲမှာမှ မြောက်ပိုင်းသားတွေဟာ ရှေး ဆင်တဲသားကြီးတွေဗျ..။အလယ်ပိုင်းနဲ့တောင်ပိုင်းတွေက နောက်ပိုင်း ဆင်တဲမှာ စက်ရုံ ၊အလုပ်ရုံတွေနဲ့ဖြစ်လာခါမှပြောင်းလာတဲ့ သူတွေနဲ့ ဆင်တဲသားတချို့ရောယှက်ပြီးနေကြတာလေ..။ စက်ရုံ အလုပ်ရုံတွေဆိုလို့ သတိရတယ်ဗျာ..။ဆင်တဲမှာ စက်ရုံ ၊ အလုပ်ရုံတွေ အတွက် စီမံကိန်းတွေ အကောင်အထည်ဖော်တော့ အဘိုးတို့အဘွားတို့ ပိုင်တဲ့ဥယျာဉ်ခြံတွေနဲ့ လယ်မြေတချို့လဲ အသိမ်းခံရတဲ့အထဲ ပါသွားသတဲ့..။အဘွားဆို အသက်ကြီးလာလို့ဘယ်မှ မသွားမလာနိုင်တော့တဲ့ အချိန်အထိ ခု (က စ လ) ကျောင်းကြီးဆောက်တုန်းကလယ် ဘယ်နှစ်ကျိပ်စိုက် ( အဘွားက အထကဆင်တဲ ကို ကစလ ကျောင်းကြီး လို့ခေါ်ပါတယ်) ၊ ခု ကပစ စက်ရုံတွေရဲ့ ဘယ်နေရာ ဘယ်နေရာတွေဟာဖြင့် ဟိုတုန်းက ဒို့ သရက်ခြံတွေ၊သံပုရာ ခြံတွေပေါ့ ဆိုတာမျိုးလဲ ပြောတတ်ရဲ့..။( အဲ့အချိန်တုန်းကသာ ရှေ့နေ ကိုဖိုးဖြူတို့လို ပုဂ္ဂိုလ်မျိုး ရှိခဲ့မယ်ဆိုရင် အဘွားဘယ်လိုလုပ်မယ်ဆိုတာ သိချင်စမ်းပါဘိ ..) ဘာလို့လဲ ဆိုတော့ အဘွားဟာ သူ့ခေတ်သူ့အခါက ထက်ထက်မြတ်မြတ် မိန်းမတယောက် ဖြစ်ခဲ့လိုပဲဗျ ။ အဘွား နာမည်က “ဒေါ်အေးရှင်” တဲ့ …။
အဘိုး ဦးလှဟန်ရွာမှာ သူကြီးလုပ်သက်လေးကြာလာတော့ ရွာမှာ ဦးလှဟန်သူကြီးလုပ်တာကို တချို့က မနှစ်မြို့ကြဘူး ၊ဦးသာခင် ကို သူကြီး လုပ်စေချင်ကြတယ် ဆိုတဲ့ အသံလေးတွေ ထွက်လာသတဲ့ ။အဘိုး ကတော့ ” အေးရှင်ရယ် ..သူတို့ မလုပ်နဲ့ ဆိုတော့လဲ မလုပ်ယုံပေါ့ ၊ ငါစိတ်ရှုပ် သက်သာပါတယ် ဟာ ” ဆိုပြီး ပြောရှာပါသေးသတဲ့ ။ ဒါပေမဲ့ အဘွားက ” ကိုလှဟန်..ဒီလို ကြမ်းကြားလေကြား ကြားယုံ နဲ့တော့ သူကြီးကနေ ဘာလို့ ဆင်းပေးရမှာလဲ.၊ ၊အဲ့တော့ ရှင် မနက်ဖြန်ကြရင် ပန်းတောင်းကိုသွားပြီး အရာရှိတွေကိုခေါ်ခဲ့..၊ ရွာက လူတွေရဲ့ သဘောထားကို ကျုပ်သေချာသိချင်သေးတယ်..” ဆိုသတဲ့ ။
နောက်နေ့ နေ့လယ်ဘက် ရွာလယ်က စာသင်ကျောင်းလေးမှာ ရွာသူရွာသားတွေရယ်၊ မြို့က အရာရှိတွေရယ် အစည်းအဝေးပွဲလေး လုပ်ဖြစ်ကြသတဲ့..။ အစည်း အဝေး ပြီးတော့ အရာရှိ တယောက်က ” ကဲ ဦးလှဟန် ကို သူကြီးလုပ်စေချင်တဲ့သူ က ဒီဘက်ကိုလာ ၊ ဦးသာခင် ကို သူကြီး လုပ်စေချင်တဲ့ သူတွေက ဟိုဘက်ကိုသွား ” ဆိုပြီး ရွာက လူတွေကို မဲ ခွဲလိုက်သတဲ့ ..။ဦးသာမြ ဆိုတဲ့ တယောက်ကတော့ ဟိုဘက်ကိုလဲ မသွား ၊ ဒီဘက်ကိုလဲ မလာပဲ အလည်မှာပဲ ရပ်နေလို့ ရွာက လူတွေက ၀ိုင်းရီကြသတဲ့လေ..။တကယ်တော့ ဦးသာမြ က ဦးသာခင်နဲကလဲ အမျိုး အဘိုး ဦးလှဟန်နဲ့ ကလဲ သူငယ်ချင်းတွေ ဖြစ်နေလို့ ဘယ်ဘက်ကိုမှ မသွားပဲ အလည်မှာပဲ ရပ်နေခဲ့တာပါ..။ အစည်းအဝေး အပြီးမှာတော့ အဘိုးဘက်မှာ လာပြီး ရပ်တဲ့သူ များလို့အဘိုးဦးလှဟန်ကိုပဲ ရွာသူကြီး အဖြစ် ပန်းတောင်းက အရာ၇ှိတွေက ဆက်လုပ်စေပါတယ် ။ အဘွားဟာ လူအများရဲ့ ဆန္ဒကို ပုရိတ်သတ်အလယ်မှာ သိအောင်လုပ်ရဲတဲ့ ၊ လုပ်နိုင်တဲ့ အစွမ်းအစနဲ့ အရည်အချင်း၊ နောက်ပြီး လူအများက ခေါင်းဆောင် မလုပ်နဲ့တော့ ဆိုရင်လဲအဘိုးကို ဂုဏ်သိက္ခာ ရှိရှိ သူကြီး အလုပ်ကနေ နှုတ်ထွက်ရအောင် စီစဉ်နိုင်ခဲ့တယ်..။ ပြောရမယ်ဆို၇င်တော့ ကျနော်တို့ ရွာလေးမှာ အဲ့ခေတ် အဲ့အခါကတည်းက ဒီမိုကရေစီ စနစ် ထွန်းကားလို့နေခဲ့ပါပြီ..။ဘာလျှို့ဝှက်မဲတွေ ၊ ကြိုတင်မဲတွေမှလဲ မရှိခဲ့ပါဘူး..။
ဒို့ဗမာ အစည်းအရုံးက သခင်တွေ ပြည်မြို့မှာ အစည်းအဝေး လာလုပ်ကြတော့လဲ အဘွားဟာ သွားဖို့ ကြိုးစားခဲ့ပါသေးသတဲ့..။ သခင်ကိုယ်တော်မှိုင်း ဆိုတာကလဲ အားလုံးသိတဲ့အတိုင်း ရွှေတောင်နားက ၀ါးလယ်ရွာသားကိုးဗျ..။ ” သခင်အောင်ဆန်း ၊သခင်အောင်ဆန်းနဲ့ အဲ့လောက်တနိုင်ငံလုံးနာမည်ကြီးနေတာ ဒီတခါ ပြည်မှာ တရားလာဟောရင် ကျုပ်သွားနားထောင်ဦးမယ် ကိုလှဟန် ရယ် “ဆိုပြီး အဘိုးကို ပြောရှာသတဲ့..။ မိုးတွင်းပိုင်းတခုမှာ အဘွားဟာ ထုံးစံ အတိုင်း ပြည်ဈေးကြီး ကို ဈေးရောင်းဈေးဝယ်ကိစ္စ တခုနဲ့ရောက်နေတဲ့အချိန်၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ အကြောင်း ကိုကြားသတဲ့..။အဲ့ခေတ် အခါတုန်းက ပြည်မြို့ တမြို့လုံးမှာမှ ရေဒီယိုလေး (၅) လုံးပဲ ရှိရှာ ဆိုပဲ..။ ပြည်ဈေးကြီးကနေ ရွာကို အပြန် လှေပေါ်မှာ အဘွားတို့ တလှေလုံးဟာ ဒီအကြောင်းကိုပဲပြောပြောပြီး ငိုပြီးပြန်လာကြတာ ရွာရောက်တဲ့ အထိတဲ့..။အဲ့အချိန်မှာအဘွားဟာ ကျနော်ရဲ့ မေမေကို ကိုယ်ဝန်လွယ်ထားရတာ (၆) လလောက် ရှိနေပါပြီ..။
အဘွားဟာ သူ့လေးစားရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး သခင်အောင်ဆန်းအတွက် အတော့်ကို စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရပြီး အထူးသဖြင့် အသက်ငယ်ငယ်နဲ့မုဆိုးမဖြစ်ရရှာတဲ့ ကလေး (၃)ယောက်အမေ ဗိုလ်ချုပ်ကတော်ကို မိန်းမချင်း အတော်ပဲ ကိုယ်ချင်းစာမိပုံရပါတယ်..။ ၁၉၄၇ခုနှစ် ရဲ့ အောက်တိုဘာလ(၂၇) ရက်နေ့မှာတော့ အဘွားဟာ ကျနော်မေမေကို
မွေးခဲ့ပါတယ်..။ အဘွားဟာ သူချစ်ခင်လေးစားရတဲ့ နာမည်ပဲ ကြားဖူးပြီး လူချင်းမမြင်ဖူးခဲ့ရတဲ့ အမျိုးသားခေါင်ဆောင်ကြီး ကို သူတတ်နိုင်တဲ့ ဘက်ကနေ ဂုဏ်ပြုတဲ့ အနေနဲ့ မွေးလာတဲ့ သမီးလေး (ကျနော်မေမေ့ကို) နာမည်တခု ပေးခဲ့ပါတယ်…။ကျနော့်မေမေ နာမည်ကတော့ “ဒေါ်ခင်ကြည် “ပါတဲ့..။ (နောက်ပိုင်း ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကို အိန္ဒိယ နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ်နဲ့တာဝန်ထမ်းခိုင်းတော့လဲ အဘွားဟာ မနှစ်မြို့ပါဘူး၊ သီပေါ ဘုရင်ဟာ အနောက်ကို ပါတော်မူခဲ့တယ်၊ အနောက်အရပ်ဟာ နေ၀င်တဲ့ အရပ်ပါ၊ဒါကြောင့်များ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့မိသားစုကို နေ၀င်အောင်များ အနောက်အရပ်ကို ပို့လွှတ်ခဲ့သလား ဆိုတာကတော့ ပို့လွှတ်သူ ကာယကံ ရှင်များမှ အပ………………)
တချို့ အချက်အလက်တွေကို မမှန်ကန်မှာစိုးလို့ မေမေ့ဆီကို ပို့စ်ရဲ့မူကြမ်းလေးကို ပို့ပြီး မေမေရဲ့ အတည်ပြုချက်ကို ရယူခဲ့ပါသေးတယ်.။ ငယ်စဉ်က အဘွားပြောပြဖူးတဲ့ အကြောင်းအရာတွေနဲ့ (၂၇-၁၀-၂၀၁၁)ရက်နေ့မှာ ကျရောက်တဲ့ မေမေရဲ့ (၆၄)နှစ်မြောက် မွေးနေ့ အမှတ်တရ အဖြစ် ဒီပို့စ်လေးကို ရေးပါတယ်…။
” တစ် ” ကနေ

လန်းချင်ပေမဲ့
ကြမ်းခဲ့ရတဲ့ ဒီဘ၀ကြောင့်
တွဲချင်ပေမဲ့
ခွဲခဲ့ရတဲ့ သူရေ….။
အပြစ်မမြင်ပဲ
အချစ်တွေနဲ့ ရှေ့ဆက်ချင်ပေမယ့်
ဒဏ်ရာ အသစ် ၊ အသစ်ဆိုတာတွေကိုလဲ
ဒီ” အချစ်စစ် ” ဆိုတာ တခု အတွက်
ငါနောက်ထပ် မလိုချင်တော့ပါဘူး…..
ဒီလိုနဲ့ပဲ ငါဟာ
အကြိမ်ကြိမ် အခါခါ ” ရှုံး “
အကြိမ်ကြိမ် အခါခါ
” တစ် “ကနေ ပြန်ပြန်စ….
ဒီလို ဒီလိုနဲ့ပဲ……
ငါဟာ ခုထိ ” တစ် ” ကနေ မတက်နိုင်သေးတဲ့
ကောင်တစ်ယောက်လေ….။
ရန်ကုန်ရောက် ဆင်တဲသားများသတင်း
ဆင်တဲ က.စ.လ ၃ တွင် ၁၉၇၂ မှ ၁၉၈၅ ခန့်အထိ စက်ရုံမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ကြီး ကြီးရွှေ (ငြိမ်း)၈၄ နှစ်အား ထိုစဉ်က တာဝန်ထမ်းဆောင်ခဲ့သော တပည့်များက စုပေါင်းကန်တော့ပွဲ ကျင်းပခဲ့ပါသည်။ ထိုကန်တော့ပွဲကို မြောက်ဒဂုံ (၃၅) ရပ်ကွက် ၊ဆရာခြုံလမ်းရှိ ဦးလှညို +ဆရာမဒေါ်လှအေးတို့၏ နေအိမ်တွင် ၃.၁၀.၂၀၁၀ တနင်္ဂနွေနေ့ နံနက် ၁၁နာရီတွင် ကျင်းပခဲ့သည်ဟု သတင်းရရှိပါသည်။
ရပ်ကွက်ထဲမှာ…

ရပ်ကွက်ထဲမှာ ဆိုလို့ ကျနော်တို့နယ် ပြည်မြို့က ကာတွန်းဆရာ ကိုရွှေထူး (ပြည်) ရေးတဲ့ ရပ်ကွက်ထဲမှာ…ဗျာ ဆိုတဲ့ ကာတွန်း စာအုပ်တွေကို ငယ်ငယ်တုန်းက အရမ်းဖတ်ခဲ့တယ်ဗျ..။ ကိုရွှေထူးကတော့ (ပြည်) သားဆိုတော့ သိတဲ့အတိုင်း ပြည်မြို့ပေါ်က ရပ်ကွက်တွေဖြစ်တဲ့ ဆင်စု၊ န၀င်း၊ ရွာဘဲ၊ ကိုးသောင်း ၊ စတာတွေထဲက အဖြစ်အပျက်တွေကို ဟာသ ကာတွန်းတွေ ရေးတာပါ..။ သူကာတွန်း စာအုပ်တွေ တော်တော် ပေါက်ပါတယ်..။ ဗွီဒီယို ဇာတ်လမ်း အဖြစ်ရိုက်ရတဲ့ အဆင့်ထိ ရှိပါတယ်..။ အင်း…ကျနော်တို့ ရပ်ကွက်ထဲမှာတော့…
ကျနော်တို့ ဒီရပ်ကွက်ထဲကို ရောက်လာတဲ့ အချိန်၊ ရပ်ကွက်ထဲမှာ မရှိတဲ့ အာရှသားဆိုလို့ ဂျပန်နဲ့ကိုရီးယားပဲ ရှိတာပါ..။ ကျန်တဲ့ အာရှသားမှန်သမျှ ရပ်ကွက်ထဲမှာ အကုန် ရှိပါတယ်..။ ကကြီးကနေ အ အထိကို ရှိတာပါ..။ က ကြီး (ကမ္ဘောဒီးယား)၊ အ (အင်ဒိုနီးရှား) အဆုံး ဆိုပါတော့..။ အို အကုန်ရှိတယ် ဆိုပါတော့ဗျာ…။ ရပ်ကွက်လေးက မြို့ထဲနဲ့ ၁၀ မိနစ်လောက် ကားစီးရတယ်..။ အများစုကတော့ ရွှေတွေ ပါပဲ..။ တခါတလေဆို ကိုယ့်ကိုကိုယ့်တောင် သူများနိုင်ငံ ရောက်နေတယ် ဆိုတာ မေ့မေ့နေတယ်..။ မနက်မိုးလင်းပြီ ဆိုတာနဲ့ အန္တရာယ်ကင်း ပရိတ်တရားခွေ ဖွင့်သံ၊ မင်္ဂလာတေး ဖွင့်တဲ့အသံနဲ့ တကယ်ကို မြန်မာရပ်ကွက်ကြီး တစ်ခုဆိုပါတော့..။
အင်း ..အဲလောက်အစုံ ရှိပါတယ်ဆိုတဲ့ ရပ်ကွက်ထဲမှာ ရှားတာကတော့ မိန်းမပဲဗျို့..။ ရောက်စတုန်းကဆို ရပ်ကွက်ထဲမှာ မြန်မာ အန်တီကြီး (၃) ယောက်လောက်ပဲ ရှိတာပါ..။ သူတို့ကလဲ သူတို့အမျိုးသားတွေနဲ့ လိုက်နေကြတာလေ.။ တရပ်ကွက်လုံး ယောကျာင်္းချည်းပဲ..။
ဒီလိုရပ်ကွက်ထဲကို မြန်မာမလေးတွေ အုပ်စု တခု ပြောင်းပြီး ရောက်လာကြတယ်…။ (၆/ရ) ယောက်လောက်တော့ ရှိမယ်ထင်တယ်…။ အဲ… ရောက်ပြီး (၃) လလောက် အတွင်းမှာ ပဲ မမ တို့တွေက အတွဲလေးတွေ ကိုယ်စီနဲ့ဗျ…။ အမ်မာ.. တချို့များဆို အလုပ်ထဲမှာ ဘဲဘဲက တစ်ယောက်၊ အလုပ်နားလို့ အပြင်တွေ ဘာတွေ သွားရင် ဘဲဘဲ က တစ်ယောက်နဲ့ ထောနေကြတာလေ။
အဲဒီအထဲမှာမှ တဖြည်းဖြည်းနဲ့ အနေကြာလာတော့ ဇင်မာ ဆိုတဲ့ ကောင်မလေးတယောက် တပိန်ပိန် တလိန်လိန် ဖြစ်လာတယ်…။ အလုပ်ဆင်း တရက် မဆင်းတရက် ဖြစ်လာတယ်..။ အနီးအနားက မြန်မာတွေလဲ ၀ိုင်းဝန်းပြီး တတ်နိုင်သမျှ ကူညီကြပေမယ့် ကောင်မလေးရောဂါက တဖြည်းဖြည်း ဆိုးလာတယ်..။ နောက်ဆုံးဆေးရုံ တင်လိုက်ရတယ်..။ ဆေးရုံ တင်တော့ရော.. များပြားလှတဲ့ ကုန်ကျစရိတ်တွေကို မတတ်နိုင်ကြပြန်ဘူး..။
မြန်မာပြည်က အခွင့်ထူးခံ လူတန်းစား တချို့သာ ဒီနိုင်ငံတွေကို ဆေးကုဖို့ လာနိုင်ကြပေမယ့် ကျနော်တို့လို အလုပ်လုပ်ဖို့ အတွက် လာရောက်ကြတဲ့ လူတွေ အတွက်ကြတော့ တကယ့်တကယ် ဖြစ်လာပြီဆိုရင် ကိုယ်နိုင်ငံ ကိုယ်ပဲပြန်ပြီး ကုသတာ အကောင်းဆုံးမို့ ဇင်မာကိုလဲ မြန်မာပြည်ကိုပြန်ပို့ပြီး ဆေးကုဖို့ ဆုံးဖြတ် လိုက်ကြတယ်။ ရပ်ကွက်ထဲမှာက သိတဲ့အတိုင်း မိန်းကလေး ရှားတော့ ဒီမြန်မာမလေးတွေ အဖွဲ့လဲ ရောက်လာရော သုံးလတောင် မခံပါဘူး..။ အားလုံး အတွဲတွေနဲ့ ချည်း ဖြစ်ကုန်တယ်လေ။
ဒီလိုနဲ့ ဇင်မာ တယောက်လဲ မြန်မာပြည် ပြန်သွားမှ မြန်မာ အန်တီကြီးတွေ ပြောပြလို့ သိရတာက ဒါဟာ သားအိမ် အပုပ်ဆန်တဲ့ ရောဂါ ပါတဲ့လေ..။ သိပ်မကြာပါဘူး.. ဇင်မာ တစ်ယောက်လဲ ရန်ကုန်က ဆေးရုံတစ်ခုမှာ ဆုံးတယ်…။ သူ ဆုံးတာတော့ မြန်မာပြည်…။ ထူးဆန်းတာက သရဲ အဖြစ် လာခြောက်တာက တော့ ဒီမှာပါ…။ သူနဲ့ တခန်းတည်း အတူနေတဲ့ အခန်းဖော် ချိုမာ ကိုဝင်းပူးကပ်ပြီး ပြောလို့အားလုံးက စိတ်မကောင်းဖြစ် ကြရတယ်လေ။ အလုပ်ထဲမှာလဲ ဟိုခုံကို ဒီကိုရွေ့၊ ဒီခုံကို ဟိုကိုရွေ့ လုပ်နေလို့ သူ့ရည်းစားခမြာလဲ တော်တော်လေး ကြောက်နေတယ်လို့သိရတယ်..။
တနင်္ဂနွေ ပိတ်ရက်တစ်ခု မှာတော့ ဘုန်းကြီးတွေ ပင့် တရားတွေ နာလိုက်လို့ ခုတော့ ဇင်မာ တဖြစ်လဲ သရဲမလေးလဲ မခြောက် နိုင်တော့ပါဘူး..။ ဒါတွေကတော့ ဒီ ရပ်ကွက်လေးထဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အချစ်ပုံပြင်လေးတွေထဲက တခန်းရပ် ပြဇာတ် တစ်ပုဒ်ပဲပေါ့…။ ခုလဲ နောက်ရောက်လာတဲ့ က ကြီးမလေးတွေကို ဖုန်းဝယ်ပေးတဲ့ လူနဲ့၊ ဆိုင်ကယ်နဲ့ အပို/အကြို့ လုပ်တဲ့ လူနဲ့ .. အင်း … ဘာတွေများ ဖြစ်လာ ကြဦးမှာပါလဲ နော်…။
လစာ ထုတ်ရက် ဆိုရင်တော့ ရပ်ကွက်လေးထဲမှာ ဖဲဝိုင်းတွေ တော်တော် ပေါပါတယ်…။ တကယ်ကို ချီးကျူးဖို့လဲ ကောင်းပါတယ်။ မအိပ်မနေနဲ့ ကို ရိုက်နိုင်တဲ့ သူတွေပါ..။ ဒါကြောင့် ရပ်ကွက်ထဲကို အလည်လာ ချင်လို့ ခဏခဏ ပြောနေတဲ့ သူငယ်ချင်း ဘလက် ကို ဆို အလည် မခေါ်ရဲ ဘူးလေ..။ (ဖဲဝိုင်းတွေ့ရင် ဘလက်က မထတတ်လို့ပါ)။ ကောင်မလေးတွေနဲ့ အမြဲ ပတ်ပတ်သတ်သတ် နေတတ်တဲ့ ချိုကျ တကောင်ကတော့ မင်းတို့ ရပ်ကွက်ထဲမှာ ကောင်မလေး ရှားတယ်ဆိုရင် ငါ အလည် မလာတော့ဘူး တဲ့လေ.. (တော်တော်ချစ်ဖို့ ကောင်းတဲ့ ကောင်)..။ ငွေတွေ ဘာတွေ အသုံးပြတ်သွား သလား…။ ဘာမှမပူနဲ့။ ရပ်ကွက်ထဲကိုလာခဲ့.. ဘဏ်ကဒ်ထဲမှာ ပိုက်ဆံမရှိလည်း ဘာမှမဖြစ်ဘူး..။ ဘဏ်ကဒ်တခုကို ရပ်ကွက်ထဲမှာ ၅၀၀ နဲ့ပေါင်လို့ရလို့လေ..။ ပေါ့ဆိမ့်တို့ ကျဆိမ့်တို့ လို အသုံးအဖြုန်းကြီးတဲ့ ကောင်တွေ အတွက်ကြတော့ အားဆေးတစ်ခွက် ဖြစ်ပေမယ့် ပုံမုန် လို ကပ်စေးနဲတဲ့ ကောင်က တော့ နှာခေါင်းရှုံ ရင်ဖိစရာ အချက်ပေါ့။
ဒီရပ်ကွက်လေးထဲမှာပဲ ပျော်ရွှင်ဖွယ် နေ့ရက်တွေ၊ စိတ်ညစ်ဖွယ် နေ့ရက်တွေ၊ စိတ်ဓာတ် တက်ကြွဖွယ် နေ့ရက်တွေ၊ မြောက်များစွာကို ဖြတ်သန်းလာခဲ့တာ ခုတော့ ရပ်ကွက်လေးနဲ့ ကျနော်ကတော့ တစိမ်းတွေ မဟုတ် ကြတော့ဘူးလေ..။ ကျနော် ကိုယ်တိုင်လဲ ဒီရပ်ကွက်လေးထဲ မှာပဲ နေထိုင်ရင်း ကျနော်ရဲ့ လက်ရှိနေ့ရက်တွေကို တစ်ရက်ခြင်း၊ တစ်ရက်ခြင်း ပုံမှန်ပဲ ဖြတ်သန်း နေခဲ့လိုက်တာ .. သြော်.. ခုတော့လဲ ကျနော် ဒီရပ်ကွက်သား လုံးလုံးကြီး ဖြစ်ခဲ့ပြီ ပေါ့ဗျာ..။
ကျွန်တော်နေတဲ့ ရပ်ကွက်ကလေးရဲ့ ပုံကို မြင်စေချင်လွန်းလို့ ခြင်ကိုက်ခံ တောတိုးပြီး တောင်ပေါ်တတ်၍ အမှတ်တရ ရိုက်ထား တာပါ။
နောက်ဆုံးနေ့
“နင်ငါ့ကို ဘာဖြစ်လို့ အဲလို ထင်ရတာလဲဟာ…။ ငါ နင်ထင်သလို မဟုတ်ဘူးနော်… ကောင်မလေး .။ နင်ငါ့ကို မယုံတာတော့ ငါဝမ်းနည်းတယ် ဟာ..။ ဟုတ်မှာပါ..။ ငါကလဲ..သိပ်ယုံကြည်စရာ ကောင်းတဲ့ ကောင်မျိုး မဟုတ်ဘူးလို့ နင် စဉ်းစားမိလို့ ပေါ့နော် ..”

တနေ့မှာ ကျနော် အရမ်းချစ်ရတဲ့ ကောင်မလေးက
“နင့်ကိုငါ မယုံဘူး”
“ဘာ .! ”
“နင်က ဘာဖြစ်လို့ ငါ့ကိုအဲလိုမျိုး ပြောရတာလဲ..။ နင် ယုံကြည်လာအောင် ငါကဘယ်လိုမျိုး နေပေးရမှာလဲ … ငါလဲ ဘာမှ မလုပ်တတ် ဘူးဟာ…။ ငါသိတာက နင့်ကိုငါချစ်တယ်..။ ငါ ဒီကနေ ပြန်လာရင် နင်နဲ့အတူ ရွှေလက်တွဲ မယ်ဟာ..”
ဒါပဲ ..။
………………❤ ❤ ❤…………….
သူမနဲ့ စဆုံတဲ့နေ့က ဒီလိုပဲ မသိလိုက် မသိဘာသာ နေခဲ့ မိပေမဲ့ နောက်ပိုင်း ကိုယ့်ကိုကိုယ် သိသိသာသာ သတိထားမိ လာတယ်လေ။ ဒီလိုနဲ့ သူလိုငါလို သမားရိုးကျ နည်းနဲ့ပဲ ကျနော်သူ့ကို ချစ်ရေးဆို လိုက်တယ်..။ သူကလဲ ရည်းစားစကား အပြောခံရတဲ့ တခြားကောင်မလေးတွေ လိုပဲ နည်းနည်း မူပြီးတော့ ပြန်ကြိုက် တာပါပဲ..။ သူနဲ့ကျနော် ချိန်းတွေ့တော့လဲ ဒီပြင့် သမီးရည်းစားတွေလိုပဲ ဟိုပြောဒီပြောနဲ့ပေါ့..။
တခါတလေ ပြောစရာ စကားလုံးတွေ မရှိတော့လို့ တိတ်ဆိတ်သွားတဲ့ အခါမျိုးတွေလဲ ရှိရဲ့..။ လမ်းထိပ်က မုန့်ဟင်းခါး မနက်က စားလို့မကောင်းတဲ့အကြောင်း၊ ကမ္ဘာကြီး ပူနွေးလာတဲ့ အကြောင်း၊ ဒီနှစ်အကယ်ဒမီ ပေးပွဲမှာ ဘယ်သူတွေ ရနိုင်ကြောင်း၊ သူ့မောင်လေး မနေ့က ဘောလုံးကန်တာ ခြေထောက်တစ်ဘက် နာသွားကြောင်း.. စသည်ဖြင့် သူကလဲ စကားတွေ တစ်ခုမဟုတ် တစ်ခု အဆက်မပြတ်အောင် ပြောတတ်လို့တော်သေးတယ်။ ကျနော်ကတော့ နားထောင်သမားပေါ့။ အင်း… အဲ ဒါလောက်ပါပဲ..။
ဒီနေ့တွေ့ပြီး နောက်နေ့ထပ်တွေ့ချင်သေးတယ်လား ဆိုရင်တော့ တွေ့လဲ ဘာမှမဖြစ်ဘူး။ မတွေ့လဲ ဘာမှ မဖြစ်ဘူးလေ။ သူနဲ့တွေ့ပြီး အိမ်ပြန် ရောက်တော့ရော သူ့ကိုသတိရ နေတာမျိုးတွေ.. ပြောတဲ့စကားတွေ ပြန်စဉ်းစားတာမျိုးတွေ ဘာတခုမှ မဖြစ်ဘူး..။ အိမ်ပြန်ရောက်ရင် မီးဖိုခန်းထဲသွား.. အုပ်ဆောင်းလှန်.. တွေ့တဲ့အစားအစား တစ်ခုခုကိုစားလိုက်တာပဲ..။ အုပ်ဆောင်းအောက်မှာ တွေ့တာက ဘာမို့လို့ မစားဘူး ဘာဘူး ရယ်လို့မရှိပါဘူး..။ ဒီလိုပဲ တွေ့တာ၊ အဆင်ပြေတာ စားလိုက်တာပါပဲ။ ဗိုက်နည်းနည်း တင်းသွားပြီးဆိုမှ နေသာထိုင်သာ ရှိတာလေ..။
တနေ့ကောင်မလေးက
“မနက်ဖြန်ကျရင် ဒို့တွေကြရအောင်” တဲ့ ..။
“ကောင်းပြီပေါ့ တွေ့မယ်လေ”
တွေ့တာများ အဆန်းလုပ်လို့..။
ဒါနဲ့ နောက်နေ့ ရောက်ရော ဆိုပါတော့ ..။ ကိုယ့် ကောင်မလေးနဲ့ သွားတွေ့ ရမှာမို့ တက်ကြွနေတာမျိုး မရှိသလို မသွားချင်ဘူးလား ဆိုတော့လဲ မဟုတ်ဘူး..။ ငါသွားရင် ကောင်းမလား၊ မသွားရင် ကောင်မလား ဆိုပြီး နည်းနည်း စဉ်းစားလိုက် သေးတယ်..။
အင်း..သွားတော့ သွားဦးမှပါလေ ဆိုပြီး အိမ်တံခါးတွေ သောခတ်ပြီး အပြင်ကိုထွက်ခဲ့တယ်..။ ဈေးလမ်းထဲကို ချိုးကွေ့လိုက်ပြီး လ္ဘက်ရည်ဆိုင် တစ်ဆိုင်ရှေ့ရောက်တော့ ငယ်နာမည်ကို အားရပါးရ လှမ်းခေါ်လိုက်တဲ့ အသံကို ကြားလို့ လှည့်ကြည့် လိုက်တော့။ လား …လား.. ဆိုင်ထဲမှာ ထိုင်နေတာ ကျနော့် အမေရဲ့အကို (ရွာက ကျနော့်ဘကြီး) ပါလား..။ သူကလဲ ညကားစီး လာကြောင်း..။ ဒီမနက်ပဲ ရောက်ကြောင်း..။ ဒီမှာလဲ တစ်ပတ်လောက် နေမယ် ဆိုတဲ့ အကြောင်းတွေ ပြောတယ်။
ကျနော်လဲ ဘကြီးကို အိမ်ကိုခေါ်လာပြီး ထွေရာလေးပါးတွေ ပြော..၊ အမျိုးတွေ အကြောင်းဟိုရောက် ဒီရောက်ပြောလိုက်ကြတာ ။ အဲ.. ရွာကပေးလိုက်တဲ့ မုန့်တွေကလဲ စားကောင်းတာဆိုတော့ ကောင်မလေးနဲ့ချိန်းထားတာ တွေ အားလုံး သတိမရတော့ ဘူးဗျို့..။
ညနေကျတော့ ကောင်မလေးဆီက စာရောက်လာတယ်..။ စာထဲမှာ
“နင်နဲ့ငါ နောက်ဆုံးတွေ့ ခြင်းအနေနဲ့ မနက်ဖြန် တွေ့ကြမယ် .. နင်ဒီနေ့ ဘာလို့မလာတာလဲ ဆိုတာ ငါမသိချင်ဘူး၊ ငါသိတာက နင်ချိန်းတဲ့ နေရာကို ရောက်မလာတာ ပဲ”
တဲ့လေ..။
…………………………………………………….❤ ❤ ❤………………………………………………………….
“နင့်ကိုငါ ဘာလို့ချိန်းတာလဲ သိလား”
“ဟင့်အင်.. နင်တွေ့ချင်လို့ ချိန်းတာပေါ့” ဆိုတော့
“မဟုတ်ဘူး”
“မနေ့က ဘာနေ့လဲ ဆိုတာ နင် သိလား”
“မနေ့က တနင်္ဂနွေနေ့လေဟာ…။ ငါသိတာပေါ့” ဆိုတော့
“မဟုတ်ဘူး၊ ဘာမှလဲ မမှတ်မိဘူး .. မနေ့က နင်နဲ့ငါ ချစ်သူဖြစ်တာ ၃ လ ပြည့်တဲ့နေလေ .. အဲဒါ နင့်ကိုငါ အမှတ်တရပစ္စည်း တခု လက်ဆောင်ဝယ်ပေးမလို့ နင်မလာတာနဲ့ ငါပြန်သွားတာ .. နင်ကရော ငါကိုဘာဝယ်ပေးမှာလဲ” လို့မေးတယ်..။
“နေစမ်းပါဦး ကောင်မလေးရယ်.. သမီးရည်းစား သက်တမ်း ၃ လပြည့်ရင် အထိမ်းအမှတ် ပစ္စည်းဝယ်ပေးရမယ်လို့ ဘယ်ရှေးရာဇ၀င်ထဲမှာ ပါလို့လဲ..။ နင်ဝယ်ပေးရင်လဲ ငါမယူချင်ဘူး..။ ငါလဲ နင့်ကို ၀ယ်မပေးနိုင် ဘူးဟာ..။ ငါဟာနဲ့ငါတောင်
လ္ဘက်ရည် မနည်းနပ်မှန်အောင် သောက်နေရတာ ကို ..”
“ငါမနေ့ကစဉ်းစား မိသွားတာ က နင်နဲ့အဆင်ပြေရင် ဆက်ပြီးလက်တွဲမယ် .. အဆင်မပြေရင်တော့ ဒီနေ့လမ်းခွဲဖို့ ငါ ဆုံးဖြတ်ထားတယ်”
ထူးဆန်းတာက အဲ့စကားတွေကို ကြားရတဲ့ အချိန်တွေမှာ ဘယ်လိုမှမခံစားရခြင်းပဲ..။
“နင်ငါ့ကိုလမ်းခွဲသွားလဲ ငါဘာမ မဖြစ်သလို .. နင်ငါနဲ့ ဆက်တွဲနေမယ်ဆိုလဲ ငါဘယ်လိုမှ မနေဘူးဟ..။ နင်ငါ့ကိုဘာမှ ထည့်စဉ်းစားမနေနဲ့… ငါကဘာကိုပဲဖြစ်ဖြစ် သိပ်ပြင်းပြင်းထန်ထန် ခံစားတတ်တဲ့ကောင်မဟုတ်ဘူး.။ နင်နဲ့ ငါနောက်ဆုံးတွေ့တဲ့ နောက်ဆုံးနေ့ အထိမ်းအမှတ် စကားတစ်ခွန်း ပြောလိုက်မယ်ဟာ …”
“ငါ နင့်ကို တကယ် မ ချစ် ဘူး …”
ပုံလေးကို ဒီနေရာ က ယူထားပါတယ်။
တိမ်ညိုလေးရဲ့မြစ်တစင်း
တနေ့ မနက်စောစော ကျနော် ပျင်းပျင်းလေး ရှိတာနဲ့ အပြင်ကို ထွက်ခဲ့တယ် ။ ရပ်ကွက်ထဲက လူတွေလဲ တယောက်မှ မနိုးကြသေးလို့ရပ်ကွက်လေးကလဲ တိတ်ဆိတ်ငြိမ်သက်လို့ နေတယ်လေ ။ ဘယ်ကိုရယ် မသိပဲ သွားမိသွားရာ လျှောက်သွားလာလိုက်တာ တဖြေးဖြေးနဲ့ ရပ်ကွက်လေးနဲ့အဝေးကို ရောက် လာတယ် ။ဘေးနားမှာလဲ ဘာ သက်ရှိ /သက်မဲ့ ပစ္စည်းတခုမှ မတွေ့ရတော့ပဲ ဟင်းလင်ပြင်ကြီး တခုထဲကို ရောက်လာခဲ့တယ် ။ ဟိုဟိုဒီဒီကြည့်ရင်း စကားပြောသံကြားလို့ လှည့်ကြည့်လိုက်တော့ ဘေးနားမှာ တိမ်တအုပ် ပျံသန်းလွင့်မျောနေကြတယ်လေ….။ သူတို့က ကျနော့်ကို ” ဘယ်ကိုသွားမှာလဲလို့ ” လဲ မေးကြတယ် ။ ” ဘယ်ရယ်မဟုတ် ပါဘူး ၊ မျောချင်ရာ မျောလွင့်နေတာပါလို့ ” ပြောလိုက်တော့ သူတို့ထဲက တချို့က ” ဟာဒါဆို အတော်ပဲ ၊ ငါတို့နဲ့လမ်းကြောင်းသင့်တယ်တဲ့လေ ” ။
ဒါနဲ့ တယောက်ထဲ မျောချင်ရာ မျောနေမဲ့အတူ အဖော်တွေနဲ့ မျောနေရတာ ပိုကောင်းတာပေါ့လို့ စဉ်းစားမိပြီး သူတို့နဲ့အတူ လိုက်ပါလွင့်မျောပြီး နေလိုက်တာ တဖြည်းဖြည်း သူတို့တွေနဲ့ ပိုမိုခင်မင်လာတယ်လေ ။ အဲဒီတိမ်တွေနဲ့အတူ ပျံသန်းလွင့်မျောရင်း တိမ်အုပ်ထဲက အညိုရောင် မိုးတိမ်လေးကို မထင်မှတ်ပဲ စွဲလန်းသွားခဲ့တယ် ..။ သူ့ကို ရင်ထဲကနေ တိမ်ညိုရောင် ညီမလေးလို့ အမည်ပေးထားဖြစ်ခဲ့တယ် ။တိမ်ညိုရောင် ညီမလေးနဲ့ အတူ လွင့်မျောနေရတဲ့ အချိန်မျိုးတွေမှာ အားလုံးကို မေ့လျော့လို့နေတတ်ခဲ့တယ်လေ..။ ဒီလိုနဲ့စီးမျောနေလိုက်ကြတာ ညီမလေးဘေးနားမှာ အတူတူရှိနေရတာကို အရမ်းကို ပျော်ရွှင်ကျေနပ်နေခဲ့တယ် ။ တခါတလေကြရင် သူကကျနော်ကို စကားတွေ အများကြီးပြောပြီး ၊ကျနော် ပြန်ပြောရင်တော့ သူကနားထောင်ချင်မှ နားထောင်တတ်တယ်လေ ။ ဘယ်လောက်တောင် ကြည်နူးမိနေသလဲဆိုရင် သူ့ဘ၀ကိုသူ မေ့နေတဲ့အထိပေါ့..။
တိမ်ညိုလေးနဲ့ တဖွဲ့တည်း လွင့်မျောနေတဲ့ တိမ်နွယ်မမ တချို့က သူ့ကိုသတိပေးတယ်။ ” တိမ်သစ်လေးတဲ့ … မင်းတိမ်ညိုလေးကို အဲဒီလောက်အထိစွဲလန်းနေရင် တချိန်မှာ မင်းအရမ်းခံစားရလိပ်မယ်တဲ့ ” လေ ..။သူ…မချိပြုံးလေး ပြုံးနေလိုက်မိတယ် ထင်တယ်..။တခါတလေ ..သူနဲ့ညီမလေးတို့ စကားတွေပြောရင်း အဆင်မပြေဖြစ်လာ တဲ့အခါမျိုးတွေဆိုလဲ သူအမြဲတမ်း အလျော့ပေးခဲ့တယ်..။နင်နော်တဲ့…ငါငိုချလိုက်မှာတဲ့ …။ ငိုတော့ မချလိုက်ပါနဲ့.. ငါရဲ့တိမ်ညိုရောင် ညီမလေးရယ်…။နင်ငိုချလိုက်ရင် နင် ငါရှေ့ကနေ ထာဝရ ပျောက်ကွယ်သွားမှာပေါ့..။ အဲလိုမျိုးတွေ ငါမဖြစ်ချင်ဘူး..။နင်ငါနဲ့ အခုလိုမျိုး အမြဲတမ်း စီးမျောနေပေးပါဟာ….။သူ တိုးတိုးတိတ်တိတ်လေး တောင်းပန်ခဲ့ရတယ်လေ…။
လွင့်မျောနေဆဲ တနေ့မှာ တိမ်ညိုလေးရဲ့မျက်နှာ အရမ်းကြည်လင် လန်းဆန်းနေတဲ့ နေ့တနေ့ကို သူအံ့သြတကြီးတွေ့လိုက်တယ်..။သူ့ဘေးနားက တိမ်သူငယ်ချင်း တချို့ကို မေးကြည့်တော့ သူတို့လဲမသိဘူးတဲ့ ..။သူကိုယ်တိုင် တိမ်ညိုလေးကိုမေးကြည့်တော့မှ ဟိုအရင်တချိန် ကျနော်တိမ်အဖြစ်နဲ့ ဟင်းလင်ပြင်ကြီးထဲမှာ မလွင့်မျောခင် ကတည်းက သူနဲ့အတူလွင့်မျောခဲ့ဖူးတဲ့တိမ်ဖြူလေးကို သူပြန်တွေ့လိုက်မိလိုတဲ့လေ..။ သြော်..တိမ်ညိုရောင် ညီမလေးရယ်…။ဒါဆို တိမ်ဖြူလေးနားကို နင်ဒီကနေ အပြီးအပိုင်ထွက်သွားတော့မှာပေါ့နော်….။ ငါဟာ…..ငါ..။သူမှာပြန်ပြောစရာ စကားလုံးမရှိတော့လောက်အောင် ဆွံအနေခဲ့ရပြီပေါ့…။သူရဲ့ မျက်ဝန်းထဲမှာလဲ မီးခိုးတွေဝင်လာသလိုမျိုး အနည်းငယ် စွတ်ဆိုထိုင်းမှိုင်းသွားခဲ့တယ်…။ရင်ဘတ်ထဲမှာလဲ အောင့်လာတယ်လေ..။ ” ပြော ..ငါ့ကိုမုန်းတယ်ဆိုလဲ ပြော…ငါကိုမချစ်တော့ရင်ပြော…အရာရာဟာ မင်းအတွက် နောက်မကျသေးဘူး..ပြော…မင်းရင်ထဲကအမှန်အတိုင်းပြော… ” ဆိုတဲ့ဘယ်သူဆိုထားမှန်းမသိတဲ့ အလွမ်းသံစဉ်တပုဒ်ကိုလဲ နားထဲမှာကြားမိလိုက်တယ်လေ..။
တကယ်တော့
ညီမလေးရေ
မြစ်တစင်းဆိုတာ
တောင်တန်းတွေရဲ့ မျက်ရည်စီးကြောင်းတခုပါကွဲ့..။
အဲသလိုမြစ်တစင်း
နင်ဆိုတဲ့ကောင်မလေးတယောက်ကြောင့်
ငါရင့်မှာစီးဆင်းခဲ့ ငါ့ရင်ကမ်းပါတစုံကိုတိုက်စားလို့
ရင်တွေပြိုကျနေတဲ့အသံ
ဝုန်းဒိုင်းကြဲဆူညံလွန်းလို့
ဒီညလဲငါ အိပ်မပျော်သေးပါဘူး.. မြစ်တစင်း
ငါရဲ့ခံစားချက်တွေကို
တိုက်စားသယ်ဆောင်လို့
တနေရာမှာ အနယ်ချ..
အလွမ်းနည်းပါတဲ့ရာသီ
အနယ်ကျတဲ့တနေ့မှာ
ငါရဲ့ဒဏ်ချက်တွေကို
သဲသောင်ပြင်အဖြစ်နဲ့
အသွင်ပြောင်း မြင်ကြရလိမ့်မယ်.
အဲဒါသဲသောင်ပြင်မဟုတ်ဘူး..
အဲဒါငါရဲ့…ငါရဲ့
ကျိုးပျက်ကြွေမွခဲ့တဲ့
ရင်တွင်းအစိတ်အပိုင်းတွေ….
နောင်တချိန် ငါအခုလို နင်နဲအတူ လွင့်မျောနေခွင့်မရတော့တဲ့အချိန်မျိုးမှာ နင်ငါ့ကို တခါတလေတော့ သတိရနေပေးပါ ငါရဲ့တိမ်ညိုရောင် ကောင်မလေးရယ်..။ ငါလေ ..ငါ..နင့်ကို….။
မနက်မိုးလင်းပြီးစအချိန်တွေမှာ ကောင်းကင်ပေါ်ကိုမော့ကြည့်ဖူးပါသလား..? တိမ်တွေအစုလိုက် ပျံသန်းနေကြတာကို တွေ့ရပါလိမ့်မယ်..။အဲဒီတိမ်တွေထဲကို ကျနော်တကယ် ရောက်ဖူးခဲ့တယ်လေ…။

