Author Archive
ပခုက္ကူဒေသကောလိပ် (P.R.C) ဒုတိယအကြိမ် အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲ
ပခုက္ကူဒေသကောလိပ်တွင် ၁၉၇၆-၇၇ မှ ၁၉၈၁-၈၂ ထိ (၆)နှစ်တာ ပညာသင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဒုတိယအကြိမ်အာစရိယပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲကို အောက်ပါအစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ နယ်ပယ်အသီးသီးသို့ ရောက်ရှိနေကြသော ကျောင်းသား၊ ကျောင်းသူဟောင်းများ မပျက်မကွက် တက်ရောက်ကြပါရန်နှင့် ဆက်သွယ်လှူဒါန်းကြပါရန် နှိုးဆော်အပ်ပါသည်။ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများမှလည်း ဆက်သွယ်ပေးကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။
နေ့ရက် – ၁၇-၁၂-၂၀၁၁ (စနေ)နေ့
အချိန် – ကန်တော့ပွဲ – မနက် (၉)နာရီ၊ ညစာစားပွဲ – ညနေ (၄း၃၀)နာရီ
နေရာ – ပခုက္ကူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ
ဆက်သွယ်လှူဒါန်းရန်ကော်မတီဝင်များ
၁။ ဦးဇော်ဝင်း 09-2300812
၂။ ဒေါ်ခင်စန်းဌေး 09-47207590
၃။ ဦးအောင်မြင့်ဦး 09-2300900
၎။ ဦးဝင်းဆွေ (ရန်ကုန်) 09-6501991
၅။ ဒေါ်စန်းစန်းဌေး (မန္တလေး) 09-91046864
၆။ ဒေါ်ယဉ်ယဉ်အောင် (နေပြည်တော်) 09-49215911
၇။ ဒေါ်ခင်ဦးဆွေ (မကွေး) 09-5341521
၈။ Dr.မောင်မောင်ဆွေ 09-2300506
အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ၊ ပခုက္ကူမြို့။
“ဆင်တဲကဖေးကို ၀င်ရောက်လာကြတဲ့ သူငယ်ချင်း မိတ်ဆွေအပေါင်းတို့ကို နှိုးဆော်ပန်ကြား အပ်ပါသည်။ လာရောက်လည်ပတ်ကြတဲ့ သူများအားလုံးထဲမှ ပခုက္ကူသူ/သားများ ပါရှိခဲ့ပါလျှင် ပြန်လည်ဝေမျှပေးဖို့လဲ အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ ပခုက္ကူသူ/သားများ မဟုတ်ခဲ့လျှင်လဲ အသိမိတ်ဆွေများအားလုံးကို မျှဝေပေးပါရန် အထူး အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။”
နေ့လေးတစ်နေ့ (သို့) ကျွန်မတို့နှစ်ယောက် (သို့) 11-9-2010
(၁)
မနက်ခင်းရဲ့နေရောင်ခြည်အောက်မှာ ကျေးငှက်လေးတွေရဲ့အော်မြည်သံနဲ့အတူ မျက်လုံးပုတ်ခတ် ပုတ်ခတ်နဲ့ နိုးလာခဲ့တဲ့ ice အလောတကြီးနဲ့ အိပ်ရာမှ ထလိုက်မိပါသည်။ တဖက်ခန်းမှ အသံ နားစွင့်မိတော့လည်း အပ်ကျသံပင်မကြားရ တိတ်ဆိတ်နေလေရဲ့။ ဒီနေ့ ice သိပ်ချစ်ရတဲ့ ice ရဲ့သူငယ်ချင်းလေး ပေါ့ဆိမ့် နဲ့ ဘုရားမှာတွေ့ဖို့ ချိန်းထားတဲ့နေ့။ ရှားရှားပါးပါး သူ နိုင်ငံခြားက ပြန်လာတဲ့အချိန်နဲ့ ice ရန်ကုန်မှာရှိနေတဲ့အချိန် တိုက်ဆိုင်လို့ တွေ့ဖို့ချိန်းထားပါမှ အိပ်ရာထ နောက်ကျနေတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မိပါရဲ့။
မဖြစ်ချေဘူး. နှိုးအုံးမှ ချိန်းထားတာ (၉)နာရီဆိုပေမဲ့ သူက စောရောက်ချင်ရောက်နေမှာ` လို့ တွေးမိပြီး ice ညီမလေးတို့ လင်မယားကို နှိုးရပါတော့သည်။ ခါတိုင်း အစောကြီး ထလေ့ရှိတဲ့ တူမတော်ချောကလည်း ဒီနေ့မှ အိပ်ပုတ်ကြီးနေလိုက်တာ တော်တော်နှိုးယူရတယ်. အမြန်အမြန် ရေမိုးချိုးပြီး အိမ်ကထွက်တော့ (၇း၃၀)နာရီ. မုန့်မစားဖြစ်တော့ဘဲ လိုင်းကားပေါ် အပြေးတက် လိုက်ခဲ့တော့သည်။ မြေနီကုန်းရောက်တော့ ညီမလေးက မုန့်အရင်စားမယ်ဆိုလို့ အချိန်တွေ ထပ်ပေးလိုက်ရသေးသည်။ တွေ့ဖို့ရက်က ဒီတစ်ရက်ထဲ။
အချိန်က (၉)နာရီထိုးတော့မယ်။ အပြေးလေး ဘုရားပေါ်ကို တက်ရတော့တာပေါ့။ ချိန်းထားတဲ့နေရာက တနင်္ဂနွေဒေါင့်မှာ။ အောင်မြေမှာ ဘုရားကို ဖြောင့်အောင်မဖူးနိုင်ဘူး။ တနင်္ဂနွေဒေါင့်ကို ပြေးရပါတော့တယ်။ ice ညီမလေးက သူ့ကို အရင်မြင်ပြီးမှ ice က မြင်ပါတော့သည်။ (အမှန်က မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်နေတာ. သူကစပြီးလှမ်းမခေါ်လို့
)
ice လည်း ကိုယ့်နေ့ဒေါင့်မှာ ဘုရားမရှစ်ခိုးနိုင်ဘဲ သူရှိတဲ့နေရာကို အပြေးလှမ်းမိပါတော့တယ်။
(၂)
ငယ်ငယ်လေးကတည်းက မမေ့ခဲ့တဲ့ သူငယ်ချင်းလေး ပေါ့ဆိမ့် မျက်နှာက မတွေ့ရတဲ့နှစ်တွေ (၁၇)နှစ်တိုင် ရှိခဲ့တာတောင် မပြောင်းမလဲ ဒီအတိုင်းပါပဲ။ ice က အစားကြီး အအိပ်မက်တဲ့သူဆိုတော့ သူများနဲ့မတူတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာကို တွေ့တွေ့ချင်း သူက နင် တော်တော်ဝလာတာပဲတဲ့။ ![]()
သူကပိန်တဲ့သူဆိုတော့ မျက်လုံးအိမ် ကျဉ်းကျဉ်းနဲ့ ice ဝ သွားရပါတော့တယ်။ ice မှာ အိမ်မှာကတည်းက တွေ့ရင် ပြောမဲ့စကားလုံးတွေ စီထားခဲ့ပေမဲ့ တွေ့တွေ့ချင်း ဝမ်းသာလွန်းလို့ ဘာစကားမှ သိပ်မပြောနိုင်ခဲ့ပါဘူး။ သူကလည်း ice နဲ့ချိန်းထားတာအပြင် လူကြုံပေးလိုက်တဲ့ပစ္စည်း လာယူတဲ့တယောက်နဲ့ စကားကောင်းနေပါသေးတယ်။
အဲဒီ့လိုအချိန်မှာ ကိုရွှေမိုးက မဖိတ်ခေါ်ဘဲနဲ့ အသော့နှင်လာပြီး ရွာသွန်းလိုက်တော့ ice တို့မှာ ဘုရားပေါ်မှာတင် ငုတ်တုတ်မေ့ရပါတော့တယ်။ အဲဒီ့နေ့က ice တို့နှစ်ယောက်အတွက် ကံကောင်းတယ်လို့ပဲ ပြောရမလား၊ ကံမကောင်းဘူး ပြောရမလား မပြောတတ်နိုင်အောင်ပါပဲ။ အကယ်၍ မိုးသာ ရွာမလာခဲ့ဘူးဆိုရင် ice တို့နှစ်ယောက် ကိုရေနွေးကြမ်းရဲ့ မိဘအိမ်လည်း ရောက်ဖြစ်မယ်ထင်တယ်။ နောက်ပြီး ကိုရေသန့်ဆီလည်း ခရီးနှင်ဖြစ်မယ်ထင်မိပါရဲ့။ မိုးက အဆက်မပြတ် ရွာနေတော့ ဘုရားပေါ်ကနေ ဘယ်မှမသွားနိုင်ဘဲ ရှိနေတာကို သူက အကျိုးရှိရှိ အသုံးချလိုက်ပါတယ်။
သူ့ကွန်ပျူတာကို ဖွင့်ပြီး ice အတွက် အသုံးဝင်မဲ့ ice လိုချင်တဲ့ ဆော့ဝဲတွေကို Memory Stick နဲ့ကူးပေးပါတော့တယ်။ အော်..ice ကြွားဖို့မေ့နေတာ။ ice သူငယ်ချင်းလေးက ice အတွက် လက်ကိုင်အိတ်ရယ်၊ ပုဝါ(၁)ထည်ရယ်၊ ပိုက်ဆံ အတန်သေးသေးလေးရယ် လက်ဆောင်ပေးပါတယ်။ နောက်ထပ် အဆစ်ပါသေးတယ်။ ice မှာ Memory Stick မရှိဘူးဆိုတော့ သူသုံးနေတဲ့ Memory Stick ပါ ice ရလိုက်ပါသေးတယ်။ ကောင်းလိုက်တာနော်။ ice က အဲလိုလေးတွေ ရနေတတ်ရင် အရမ်းပျော်ပါတယ်။ သူက ပြောပါသေးတယ်။ ice ကို အတန်ကြီး ပေးချင်ပေမဲ့ ice အတွက်က အသုံးသိပ်မဝင်လို့ မယူနဲ့နော်တဲ့. နင်လိုချင်ရင် ရေနွေးကြမ်းဆီက တောင်းလိုက်တဲ့ ရေနွေးကြမ်းက ပွင့်ပွင့်လင်းလင်း အဲလိုတောင်းရင် ပေးတယ်တဲ့လေ. ဟဲဟဲ ice လည်း နောက်တခါ တွေ့ရင် ပွင့်ပွင်းလင်းလင်းပဲ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
နောက် သူကပြောသေးတယ် သိလား။ ဘလက်က နင့်ကို iPot ဝယ်ပေးမယ်လို့ ပြောနေသံ သူကြားတယ်တဲ့။ ice လည်း ဝမ်းသာအားရ ကောင်းလိုက်တာ မြန်မြန်ပေးလို့ ပြောခိုင်းလိုက်သေးတယ်။
(စတာနော်. တကယ်ပေးလဲ စိတ်မဆိုးပါဘူးလို့). ဟိဟိ. ဒါနဲ့ ice လည်း သူ့ကို မေးမိပါသေးတယ်. ငါကို ကိုကြီးပုံမှန် ကရော ဘာပေးမယ် ကြားခဲ့သေးလဲလို့ မေးတော့ သူက မကြားမိဘူးဟတဲ့ ဒီကောင်က နည်းနည်းကပ်စေးနည်းတယ်တဲ့ (၁)ကျပ်ကို (၂)ကျပ်မှတ်ပြီး ခွာနေတဲ့ကောင်တဲ့လေ။
ice တို့ ဘုရားပေါ်မှာ မိုးတိတ်နေချိန်လေး ဓာတ်ပုံအတူ ရိုက်ဖြစ်ကြပါသေးတယ်။ မိုးရွာထဲမှာ ယတြာပဲ ချေတာလား။ အချိန်မရလို့ပဲ ထီးတချောင်းနဲ့ ဘုရားလက်ယာရစ် ပူဇော်နေတာလားတော့ မသိဘူး။ သရုပ်ဆောင် ဇေယျ ကို တွေ့လိုက်ပါသေးတယ်။ ice သူငယ်ချင်းလေးက အဆိုတော် ဟဲလေးလင်မယားကိုလည်း သူတွေ့လိုက်သေးတယ်တဲ့လေ။ ice တို့ ဘုရားပေါ်ကဆင်းတော့ ဘယ်ကိုအရင်သွားရမှန်း မသိဖြစ်နေတာကို သူက ဒို့ကျန်းမာရေး အရင်ရှင်းကြမယ်တဲ့. သူကျန်းမာရေး မကောင်းတာကို ice ကို လွှဲချနေသေးတော့ ice လည်း အားနားပါးနာနဲ့ ကျန်းမာရေး သွားခဲ့ပါသေးတယ်။
ice တို့ ဘုရားပေါ်ကဆင်းတော့ မြို့ထဲသွားဖို့ စီစဉ်ထားပြီး ice အဒေါ့်အိမ်ကို လူကြုံဝင်ယူကြပါသေးတယ်။ အဒေါ့်အိမ်က ပြန်တော့ မိုးရွာတာရော၊ ဗိုက်အရမ်းဆာနေကြတာရောနဲ့ မြေနီကုန်းက YKKO မှာ ကြေးအိုးဝင်သောက်ရင်း အချိန်ဖြုန်း လိုက်ကြရပါတော့တယ်။ စီစဉ်ထားတဲ့အတိုင်း မြို့ထဲလည်း မသွားဖြစ်လိုက်ကြပါဘူး။
(၃)
ice တို့ သူငယ်ချင်းနှစ်ယောက် ဟိုးရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောဖြစ်ခဲ့ကြပါသေးတယ်။ သူငယ်ချင်းတွေအကြောင်း မေးတော့ သူက သူငယ်ချင်း တော်တော်များများနဲ့ အဆက်အသွယ်ပြတ်ခဲ့ ပုံရပါတယ်။ သိပ်မသိရတော့ဘူး။ သူသိတာက ice တို့ သူငယ်ချင်း အနည်းအကျဉ်း လောက်ပဲကျန်တော့တယ်။ ငယ်ငယ်တုံးက သူငယ်ချင်း တစ်ယောက်အကြောင်းလည်း စိတ်မကောင်းစွာ သိခဲ့ရပါသေးတယ်။ ဆင်တဲကဖေး (၁)နှစ်ပြည့်အတွက် သူငယ်ချင်းတွေ စီစဉ်ခဲ့တာလေးတွေ ပြောပြပါတယ်။ ပင်ပန်းခဲ့သမျှ အကျိုးခံစားရလို့ ပီတိဖြစ်နေတဲ့ သူ့မျက်နှာက မြင်ရသူအတွက် ကြည်နူးစရာပါပဲ။
သူ နဲ့ ice နဲ့ YKKO ထဲမှာ (၂)နာရီလောက် စကားပြောနေဖြစ်ခဲ့ကြပါတယ်။ ပြောတဲ့စကားတွေ များလွန်းလို့ ပြန်မပြောပြတော့ဘူးနော်။ ice က သူငယ်ချင်းတွေနဲ့ ဘုရားဖူးခရီးလေး သွားရရင်ကောင်းမယ်လို့ပြောတော့ သူကလည်း ထောက်ခံပါတယ်။ ကျိုက်ထီးရိုးဘုရား ဖူးထွက်ရရင် ကောင်းမယ်တဲ့လေ။ သူငယ်ချင်းတို့ရေ… သွားကြရအောင်နော်။ အားလုံး မြန်မာပြည်ကို ပြန်ရောက်တဲ့ အချိန် တချိန်ချိန်ပေါ့။
ရေနွေးကြမ်းက အစားကြီးတဲ့အကြောင်း (လိုင်းပေါ်မှာတွေ့ရင် ထမင်းပန်းကန်ကြီးနဲ့ ထမင်းစားနေတာတွေ)၊ သူ့ကောင်မလေးနဲ့ အဆက်အသွယ် မရတဲ့အကြောင်း၊ ကိုကြီးပုံမှန်စိတ်က လက်တစ်ဆစ်ဆိုတဲ့အကြောင်း၊ စုံနေတာပါပဲ ပြောဖြစ်ကြတယ်။ ကိုရေသန့်က ငြိမ်းချမ်းတဲ့ နေရာတစ်ခုကို သွားချင်နေတယ် ဆိုတဲ့အကြောင်း၊ ဘလက်ရဲ့အရေးအသားတွေ ကောင်းလာတဲ့အကြောင်း၊ ချိုကျကတော့ အခုတလော လူနဲ့စိတ်နဲ့မကပ်တဲ့အကြောင်း၊ Cappi ကလည်း ဆင်တဲကဖေးနဲ့ အရမ်းကို အလှမ်းဝေး နေတယ်ဆိုတဲ့ အကြောင်းတွေ၊ ကျဆိမ့်ကလည်း အရေးကြဲနေတယ်တဲ့။ နောက်ဆုံး ice ကော်ဖီက အဆိုးဆုံးပဲတဲ့။ ice ကို ဘာစာမှမရေးလို့ ဆူလိုက်တာ အရမ်းပဲ။ ice လည်း မျက်နှာငယ်လေးနဲ့ပေါ့။
“နင် ငါ့ကိုအဲလိုမပြောနဲ့ ငါရေးချင်စိတ်ရှိမှ ရေးမယ် ဒါပဲလို့” မျက်နှာအရမ်းငယ်စွာနဲ့ ပြန်ပြောလိုက်တယ်။ သူလည်း ice ကို အရမ်းသနားသွားပုံရပါတယ်။ ကြေးအိုးဖိုး သူရှင်းလိုက်တယ်။ ကြေးအိုး ဆိုလို့ ပြောပြရအုံးမယ်။ ice သူငယ်ချင်းပေါ့ ice ကို ဆိုင်ထဲဝင်ဝင်ချင်း နင်ဘာစားမှာလဲတဲ့ ဘာအကင်စားမလဲ၊ ဘာဖျော်ရည်သောက်မှာလဲ၊ Tiger သောက်မှာလားတဲ့၊ ကြက်တောင်ပံကြိုက်လား၊ ဘာလား မေးတုန်းကမေးပြီးတော့ နောက်ဆုံးကြေးအိုးလေးတစ်ပွဲရယ်၊ သီးစုံ ဖျော်ရည်လေးတစ်ခွက်ရယ်ပဲ စားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ice ပိုက်ဆံမကုန်တော့ ပျော်လိုက်တာ။ ထခုန်မိမတက်ပဲ။ ဟိ။ သူက သူ့ပိုက်ဆံကုန်သွားတော့ နှမြောလို့လားမသိဘူး ကြေးအိုးလည်း သူမကုန်ဘူး၊ ကော်ဖီလည်းမကုန်ခဲ့ပါဘူး။
ကော်ဖီဆိုလို့ပြောပြရအုံးမယ်။ ကော်ဖီလာချတော့ နို့နည်းနည်းရယ်၊ သကြားခွက်ရယ်၊ အကျရည်ခွက်ရယ် လာချပေးတော့ သူက ice ကို နင် ဖျော်ပေးမလားတဲ့။ နင်ဖျော်ပေးတာ ငါသောက်မယ်တဲ့။ ဟားဟား .. ice လည်း တတ်သလောက် မှတ်သလောက် ဖျော်ပေးလိုက်တာ နောက်ဆုံးတော့ သူဖာသာသူ ပြန်ပြင် သောက်ရတော့တာပဲ။ ဟဲ ice က အရမ်းလက်ရာ ကောင်းတာ။ ice လက်ရာ ကော်ဖီလေး သောက်ချင်ရင် ice ဆီကို လာလည်လှည့်ပေါ့နော်။ အရမ်းကောင်းလွန်းလို့ အရှုံးခံပြီး ဆိုင်ဖွင့်ဖို့တောင် စီစဉ်ထားတယ်။
ice က အတော်အတန်ဝတဲ့သူဆိုတော့ ပူတဲ့ဒဏ်ကို မခံနိုင်ပါဘူး။ နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ ice ကိုယ်ပေါ်က ထွက်တဲ့ဆီတွေကို လူဆီဆိုပြီး ထုတ်ရောင်းလို့ရမယ်ဆိုရင် အခုအချိန်မှာ ice မီလျံနာတစ်ယောက် ဖြစ်နေလောက်ပါပြီ။ အဲလိုဆိုတော့ ice အေးတာကို ကြိုက်တာ အဆန်း မဟုတ်တော့ဘူးပေါ့နော်။ သူက မိုးရွာလို့ လက်ရှည်အင်္ကျီနဲ့ချမ်းနေတဲ့အချိန်မှာ ice က လက်တိုဝတ်ထားပြီး ချွေးထွက်နေတဲ့သူပါ။ အဲဒါကို သူက ကောင်းကောင်း ကြီးသိလိုက်တဲ့အချိန်မှာ YKKO မှာ Aircon ရှေ့တည့်တည့်မှာ ထိုင်ဖြစ်ခဲ့ကြပါတယ်။
အချိန်ကြာလာတာနဲ့အမျှ မိုးအေးတာရော Aircon အေးတာရောနဲ့ ice အေးမှာစိုးလို့တဲ့ သူ့မှာ Aircon ရှေ့မှာ ပိတ်ထိုင်ပေးထား ရပါတယ်တဲ့လေ။ နောက်တော့ သူချမ်းလာပါတယ်။ ice ကတော့ ဒီလိုလေးအေးတာကို ကြိုက်လွန်းလို့။ ice က အအေးသောက်ပြီး မချမ်းရဘူး၊ အပူသောက်ထားတဲ့ သူက ချမ်းနေပါသေးတယ်။ ice သူငယ်ချင်းလေးက အေးတဲ့ဒဏ်ကိုလည်း မခံနိုင်ဘူး၊ အစားကလည်း နည်းသေးတယ်။ လူကလည်း ပိန်ပိန်။ ice ကို ဘာ့ကြောင့် ဒီလိုခန္ဓာကိုယ် ပိုင်ဆိုင်ထားလဲဆိုတာ သူသိသွားပြီတဲ့လေ။
ice တို့ ဆိုင်ထဲကနေ ပြန်ထွက်လာတော့ နောက်ရက်မှာ iceရဲ့မြို့ကို ပြန်မှာဖြစ်တဲ့ ice က အိမ်အတွက်၊ ရုံးအတွက် မုန့်ဝင်ဝယ်ပါသေးတယ်။ နောက်ပြီး ice ညီမလေး မှာလိုက်တဲ့ အိမ်မက်စိမ်းဆိုင်က လက်ကိုင် အိတ်တစ်လုံးလည်း ဝင်ဝယ်ရပါသေးတယ်။ သူ့မှာ ice အဒေါ့်အိမ်က ပေးလိုက်တဲ့အိတ်ကြီးရယ်၊ မုန့်ထုပ်ရယ်၊ အိတ်ရယ် အားလုံးသယ်ရတော့တာပေါ့။ သနားပါတယ် မြင်ယောင်ကြည့်လိုက်ကြပါနော်။ သူ့ကိုယ်ပိုင် ကျောပိုးအိတ်ကြီး(၁)လုံးရယ် (အလေးကြီးနော် အဲဒီ့အိတ်က)၊ ice ပစ္စည်းတွေရယ်၊ ထီးတစ်ဖက်ရယ် မနိုင်မနင်း ကိုးယို့ကားယားနဲ့ အရမ်းကြည့်လှတာပဲ။ ဒီကြားထဲ သူမနေ့ကမှ ဝယ်စီးလာတဲ့ ကတ္တီပါဖိနပ်အသစ်လေးကို မိုးရေစိုတော့ နှမြောတသစွာနဲ့ ရေမစိုအောင် လမ်းလျှောက်ရတဲ့အဖြစ်ရယ်။ ပေါင်းကြည့်ကြည့်လိုက်တော့ တော်တော်လေး ဂလန့်ပုံပေါက်နေတော့တာပေါ့။
သူက ice လောက်တောင် လိုင်းကားမစီးတတ်ပါဘူး။ သူကဘယ်လိုမှမသွားတတ်တော့ရင် Taxi စီးမှာပေါ့တဲ့။ ice အသိ မိန်းကလေး တော်တော်များများက Taxi ဖိုးပေးရမှာကို ဆံပင်ဖြောင့်တာ၊ အင်္ကျီဝယ်တာ၊ မိတ်ကပ်ဗူးဝယ်တာတွေထက် နှမြောပါတယ်။ ice ကတော့ အားလုံးနဲ့မတူပါဘူး။ Taxi ဖိုးပေးရမှာ၊ ဆံပင်ဖြောင့်တာ၊ အင်္ကျီဝယ်တာ၊ မိတ်ကပ်ဗူးဝယ်တာတွေအားလုံးကို နှမြောပါတယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံးထက် အစားအသောက်ကို ဘယ်လောက် ဈေးဖြစ်နေပါစေ လုံးဝမနှောမြောတတ်ဘဲ ဝယ်စားဖြစ်တာ ice အကျင့်ပါပဲ။ ဒါ့ကြောင့် ice မှာ တနေရာသွားမယ်ဆိုရင် မိတ်ကပ်ဗူး၊ အင်္ကျီ၊ စတာတွေကို အမတွေ ညီမတွေဆီက ငှားသုံးရတာ အမြဲတမ်းပါပဲ။ ဒါ့ကြောင့် သူ Taxi နဲ့သွားမယ်ဆိုတော့ လိုင်းကားပဲ တိုးစီးရအောင်ပါလို့ ပြောမိတော့တာပေါ့။ ice အဲလိုပြောတော့ ပင်ပန်းတာ သူပါပဲ။ ပါသမျှအထုပ်တွေ အားလုံး သူပဲ သယ်ရတော့တာပေါ့။
ice က အရပ်ပုတဲ့သူဆိုတော့ လိုင်းကားစီးရင် အပေါ်လက်တန်းတွေမမီတာမျိုးတွေ ဖြစ်ရပါတယ်။ အဲလိုဆိုရင် နီးစပ်ရာ ထိုင်ခုံနောက်မှီကို လှမ်းကိုင်ရတော့ အထုပ်တွေသယ်ဖို့ရာက အဆင်မပြေ ဖြစ်ရတော့တာပေါ့။ အဲလိုနဲ့ ice သူငယ်ချင်းလေးပဲ ပင်ပန်းရပါတော့တယ်။ ice တို့သူငယ်ချင်းနှစ်ယောက် ညီမလေးတို့စုံတွဲနဲ့ ရန်ကင်းစင်တာရှေ့မှာ ချိန်းထားကြတော့ လိုင်းကားစီးပြီး ဒိုးကြရတာပေါ့။ အချိန်ကလည်း ညနေ(၅) နာရီထိုးတော့မယ်။ သူက အထုပ်တွေကို လိုင်းကားပေါ်မှာ အားလုံးသယ်ထားပြီး ice ကို မျက်နှာငယ်လေးနဲ့ ပြောပါတယ်။ ကားပေါ်ကဆင်းရင် ကူသယ်ရမှာနော်တဲ့။ သူ ဘယ်လိုမှမသယ်နိုင်တော့ဘူးလေ။ သနားပါတယ်နော်။ ice က နင်လည်း ငါ့ကြောင့်ပင်ပန်းရပြီလို့ပြောတော့ ရပါတယ်တဲ့လေ ဒီတနေ့လေးပဲ လုပ်ပေးရတာပဲတဲ့။ အမြဲတမ်းသာဆိုရင် ice ကို ကူမပေးလောက်ဘူးထင်တယ်နော်။
ဒါပေမဲ့ ice သိပါတယ်။ ပေါ့ဆိမ့်က အဲလို လူမျိုးမဟုတ်ဘူးဆိုတာကို။
ရန်ကင်းစင်တာရောက်တော့ သက်မွန်မြင့်၊ နေဆန်း၊ ဦးလူမုန်းတို့ ဇာတ်ကားရိုက်နေတာကို ငေးခဲ့ကြပါသေးတယ်။ နောက်တော့ ညီမလေးတို့ မလာနိုင်တာနဲ့ပဲ သူတို့ဆီ ဖုန်းဆက်ပြီး သူတို့ရှိတဲ့ နေရာကို ကိုယ့်ဖာသာကို သွားရပါတော့တယ်။ အိမ်ရောက်တော့ ice သူငယ်ချင်းလေးကို ထမင်းကျွေးတာကို သူက မစားဘူးတဲ့လေ။ သူကပြောသေးတယ်။ သူ့မှာခေါင်းမူးတတ်တယ်တဲ့ ကားစီးရင် အန်တတ်တယ်တဲ့။ ဒါ့ကြောင့် မစားတာပါတဲ့။ ယောက်ျားလေး တယောက်ဖြစ်ပြီးနော်။ ice ကတော့ အဲလိုတွေ တခါမှမဖြစ်ဖူးပါဘူး။ ကားစီးရတာကိုလည်း ပျော်တယ်။ အစားစားရမှာကိုလည်း ကြိုက်တယ်။ ဘာရောဂါမှလည်းမဖြစ်ဘူး။
ice တို့ရဲ့ တနေ့တာ တွေ့ဆုံမှုလေးက အဆုံးသတ်တော့မယ်။ ညနေ(၆)နာရီ ထိုးခါနီးတော့ သူက ပြန်တော့မယ်တဲ့လေ။ ice လေ စိတ်ထဲမှာ ဝမ်းနည်းသွားတယ်။ ice တို့နှစ်ယောက် (၁၇)နှစ်နေမှ ပထမဆုံးအကြိမ် ပြန်ဆုံတဲ့အချိန်ကလည်း နည်းလိုက်တာလို့ တွေးမိတယ်။ ဒါပေမဲ့လည်း အချိန်တန်တော့လည်း ပြန်ရတော့တာပေါ့။ သူ့ကို ကားမှတ်တိုင်လိုက်ပို့တော့ ဘာစကားမှ မဆိုဖြစ်ပါဘူး။ သူကလည်း ဆေးလိပ် ထုတ်သောက်နေလေရဲ့။ ice လည်း ဘာလို့ ဆေးလိပ် သောက်ရတာလဲ မသောက်ပါနဲ့လားလို့ ပြောချင်ပေမဲ့ ပြောဖို့ ခွန်အား မရှိတော့ပါဘူး။ နောင်တချိန် ဒီလိုပြန်ဆုံဖို့ဆိုတာ အချိန်ဘယ်လောက်ကြာအုံးမလဲ မပြောတတ်သေးဘူး။
လိုင်းကားမလာတော့ နောက်ဆုံး သူက သူပြောတဲ့အတိုင်း လုပ်ပါတော့တယ်။ Taxi ငှားပြီး ပြန်ပါတော့တယ်။ ပြန်ခါနီး ice ခေါင်းကိုပုတ်ပြီး ပြန်တော့မယ်နော် တဲ့။ ice လည်း အင်း.. ဆိုတာပဲ ပြောလိုက်နိုင်တယ်။ ဒါပေမဲ့ ice အပြုံးမပြတ် နှုတ်ဆက်နိုင်ခဲ့ပါတယ်။ သူထွက်သွားတာကို လက်ပြနှုတ်ဆက်ပြီး ချက်ချင်း လှည့်ထွက်လာခဲ့ မိပါတော့တယ်။
(၄)
ငယ်ငယ်လေးကတည်းက သန္ဓေတည်ခဲ့တဲ့ ခင်မင်မှုဟာ အခုအချိန်ထိ ခိုင်မြဲနေဆဲပါပဲ။ ice တို့တွေ (၁၇)နှစ်ကြာမှ ပြန်လည်ဆုံတွေ့ပေမဲ့ မနေ့တနေ့ကမှ ခွဲခွာခဲ့ကြသလို ရင်းနှီးမှု နွေးထွေးနေဆဲပါပဲ။ ice နဲ့ ကိုပေါ့ဆိမ့်၊ ကိုရေနွေးကြမ်းနဲ့ လုံးဝ အဆက်အသွယ် မပြတ်ခဲ့ကြပါဘူး။ ကျန်တဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်ခဲ့ပေမဲ့ သူတို့နှစ်ယောက်နဲ့က စာချင်းအဆက်အသွယ် မပြတ်ခဲ့ပါဘူး။ Internet, e-mail, gtalk, vzo တွေ ခေတ်စားလာတော့ ပိုမိုမြန်ဆန်တဲ့ စာချင်းဆက်သွယ်မှု ရရှိခဲ့ပါတယ်။
သူတို့နှစ်ယောက်နဲ့ဆက်နွယ်ပြီး ဆင်တဲကဖေးအဖွဲ့သားတွေနဲ့ ထပ်မံ အဆက်အသွယ် ရခဲ့ပြန်ပါတယ်။ အားလုံးသော သူငယ်ချင်းတွေနဲ့ လူချင်းမနီးပေမဲ့ စိတ်ချင်း၊ စာချင်း၊ အဆက်အသွယ် မပြတ်ခဲ့ကြပါဘူး။ ပထမဆုံးအကြိမ် ဆင်တဲက သူငယ်ချင်းအားလုံးထဲမှာ သူနဲ့ ဆုံတွေ့မှုဟာ အမှတ်တရ ထင်ကျန်နေမှာပါပဲ။ နောင်တချိန်မှာ ဆင်တဲသူငယ်ချင်းအားလုံးနဲ့ ဆုံတွေ့နိုင်ဖို့ မျှော်လင့်တောင့်တ နေဆဲပါပဲ။
အဲဒီ့အချိန်ဟာ ice တို့အားလုံး အိမ်ထောင်ကျပြီးတဲ့ အချိန်လည်း ဖြစ်ချင်ဖြစ်မယ်။ အသက်(၄၀)ကျော်အရွယ်တွေ ဖြစ်ချင်လဲ ဖြစ်နေမယ်။ အသက်(၈၀)အရွယ် ကြီးတဲ့အရွယ် ဖြစ်ချင်ဖြစ်မယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် အခြေအနေပေးရင် ပြန်ဆုံကြမယ်နော်။ သူငယ်ချင်းရေ.. အခုလိုဆုံတွေ့ရတော့ ပျော်လည်းပျော်ရတယ်၊ ဝမ်းနည်းမှုလည်း ဖြစ်ရပါတယ်။ ဒါပေမဲ့လည်း မမေ့နိုင်ပါဘူး။ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာပဲရောက်ရောက် နောက်တခါပြန်ဆုံကြမယ်နော်။
Ps;(ဒီပို့လေး ကံကောင်းလို့ပြန်ရလိုက်တာပါ. Globle.exe က ရက်ရက်စက်စက်ဒုက္ခပေးမှုကြောင့် Window ပြန်တင်လိုက်လို့ ပျက်သွားတဲ့ ဒီစာလေးကို မရမက အတင်းပြန်လိုက်ယူထားရတာပါ။)
ဆင်တဲကဖေး ပထမ အကြိမ် နှစ်ပတ်လည်နေ့
ဒီလမ်းပေါ်မှာ တို့အိမ်ဆောက်တော့
စိတ်ကူးတွေကို ကျောက်ချ
ဗျည်းသရတွေနဲ့ ပုံဖော်
စာတိုပေစ လမ်းခင်းထက်
ငါတို့ လျှောက်နင်းခဲ့တယ် …
ရက်လတွေကြွေလို့
နှစ်သစ်ကိုဝေကာစိုးမိုး
၉ ရက် ၉ လ အရ
သူ ၁ နှစ် သားလူလားမြောက်ခဲ့ပေါ့ …
ရေးဖော်ရေးဖက်တွေရေ
အပြောအဟော ဘ၀အမောအစုံနဲ့
လူဇာတ်ခုံ လူဘုံဘ၀မှာ
သိကြားမြင်မှု ခံစားမှု စာစုတွေကို
ပန်းပုရုပ်တစ်ခုလိုထုလုပ်
ရောင်းတမ်းမ၀င်ပေမယ့်
ဝါသနာ ဟဲ့ လို့ သဘောထား
ဟိုး.. အရှေ့တိမ်တိုက်များထိ
ငါတို့အတူ စီးနင်းလိုက်ကြပါစို့ …
ပြိုးပြိုးပြက်ပြက်နှင့် အစွမ်းကုန် လင်းလက် နေသော ရောင်စုံ မီးလုံးလေးများက စီဒိုးနား ဟော်တယ် မြက်ခင်းပြင်ကြီး ထက်မှာ အစွမ်းကုန် လှပ နေပါသည်။ မြက်ခင်းပြင်ကြီး ပေါ်မှာ ညစာစားပွဲ အတွက် ခင်းကျင်းထားတဲ့ ခုံတွေကလည်း ပြည့်နှက်နေသည်။ ကျွန်တော် တာဝန် ယူထား ရတဲ့ ဘူဖေးစားပွဲကြီးနားကို သွားကြည့်တော့လဲ စားစရာ အမယ်တွေက စုံလွန်းအားကြီးလို့ စားစရာတွေကို လိုက်ကြည့် နေရင်းနဲ့ပဲ ဗိုက်ပြည့် သွားနိုင်လောက်သည်။ ကျွန်တော်တို့ ဆင်တဲကဖေးရဲ့ နှစ်ပတ်လည်နေ့ ပွဲကလေးကို စည်စည် ကားကားနဲ့ ဖြစ်စေချင်တဲ့ ကိုပေါ့ဆိမ့်နဲ့ ကျွန်တော်တို့ ဆင်တဲကဖေး ဝိုင်းတော်သားများရဲ့ ကြိုးစားအားထုတ်မှု့ နဲ့ ဖြစ်ပေါ်လာတဲ့ ပွဲကလေး ဆိုရင်လဲ မမှားပါဘူး။
ဒီပွဲလေးလုပ်ဖို့ အတွက် ကျွန်တော်တို့ စည်းဝေးတိုင်ပင်စဉ်က ကျွန်တော့်အတွက် ခွဲတမ်း ရခဲ့တဲ့ တာဝန်က အစားသောက် တာဝန်ခံတဲ့ မသိရင်တော့ စားစရာတွေ အကုန်လုံးကို ကျွန်တော် တစ်ယောက်ထဲ တာဝန်ခံ ပြီး စားပေး ရမလိုလို ဘာလိုလိုနဲ့ အမှန်တော့ မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ နှစ်ပတ်လည်နေ့ ပွဲလေးကို ကြွရောက်လာကြမဲ့ ဧည့်သည်တော် တွေကို ဧည့်ခံ ကျွေးမွေးဖို့ အတွက် အစားအသောက် တွေကို တာဝန်ယူ စီစဉ်ပေး ရမှာပါ။ အဲဒီမှာ စတွေ့တော့ တာပါပဲ ဘာစားစရာ ဘယ်လိုစီစဉ် ရမယ်မှန်းမသိ ကြွရောက်လာကြမဲ့ ဧည့်သည်တော် စာရင်းကလဲ သေးတာ မဟုတ်တော့ ဘယ်လောက် ကုန်ကျမယ်ဆိုတာ ကလဲတွက်ဖို့ မလွယ် အခက်ဆုံး ကတော့ ဘာအစားစာ ကျွေးရင်ကောင်းမလဲ ဆိုတဲ့ အချက်ပါပဲ။
နောက်ဆုံးတော့ ဘယ်လို မှ စဉ်းစားလို့ မရတော့တဲ့ အဆုံးတော့ အစားအသောက်နဲ့ ပတ်သက်လာရင် ဆရာတစ်ဆူလို့ နာမည်ကြီးနေတဲ့ ကျွန်တော်တို့ အမကြီး နှစ်ယောက် ဖြစ်တဲ့ မချော (အစိမ်းရောင်လွင်ပြင်)နဲ့ မရွှေစင်ဦးတို့ ဆီ အမြန်ဆုံး သွားရောက်ပြီး အကူညီ တောင်းခံ လိုက်တော့မှပဲ အစစ အရာရာ အဆင်ပြေချော မွေ့ သွားပါတော့သည်။ နှစ်ယောက် စလုံးကလည်း အာမခံကတော့ အပြည့်။
ဟင်း … လာပလေ့စေ…. လာပလေ့စေ… တို့ ဟင်းတွေ မြင်ရုံနဲ့ဘူဖေးခင်းထားတဲ့ ခုံရှေ့မှာ မြင်ရုံနဲ့သွားရေ အပုံလိုက် ကျသွားအောင်ကို လုပ်ပစ်လိုက်မယ်။ (အားရစရာကြီးနော် ဟီ..ဟီ)။
ဒီလောက်ထိအောင် တော့ မလုပ်ကြပါနဲ့ မမ တို့ရယ် ဆိုပြီး မနည်းတောင် တားထားရတာ။ ဟင်း.. အကြံ ကောင်းပေလို့ ပေါ့ နို့မို့ဆို ဘာမှ စဉ်းစားလို့ မရတော့ တဲ့ အဆုံးတော့ အနီး အပါးက အလှူပွဲ တွေမှာ အမြဲ လိုက်ချက်ပေးလေ့ ရှိတဲ့ အိုးသူကြီး ဦးလေးတွေကိုပဲ အကူညီ တောင်းပြီး ဆီဒိုးနား ဟိုတယ် မြက်ခင်းပြင်ကြီးပေါ်မှာ ထင်းမီးတွေ ဖိုပြီးတော့ မိုးပြဲဒယ် ကြီးတွေနဲ့ ဝက်သား တို့ ကြက်သားတို့ အညာငါးခြောက် အစိုထိုးတို့ ကို မီးခိုး တစ်လုံးလုံး နဲ့ ချက်ပြုတ်ပြီး အလှူမှာထမင်း ကျွေးသလို ထမင်းရုံကြီး ထိုးကျွေးလိုက်လို့ကတော့ ဟိုတယ်မှာ တည်းနေတဲ့ နိုင်ငံခြားသားတွေပါ အယောင်ယောင် အမှားမှား နဲ့ ဝင်စားကြမှာ မြင်ယောင် ပါသေးတယ်။
ကျွန်တော်လဲ အနားမှာ တောက်တို မယ်ရ လုပ်ရတာနဲ့တင်ပဲ မီးခိုးမှိုင်း ရိုက်ပြီး ချွေးသံ တစ်ရွှဲရွှဲ နဲ့ လူမြင်ကွင်းတောင် ထွက်နိုင် မှာ မဟုတ်တော့ပါဘူး။ ခုတော့ လည်း အားလုံး အဆင် ပြေသွားပါပြီ ။အမကြီး နှစ်ယောက်က အစားသောက် အတွက် စပွန်စာ ယူလိုက် တဲ့ အတွက် ကျွန်တော် လည်း ဘာမှ အထွေ အထူး လုပ်စရာ မလိုတော့ပဲ ယောင်နေပါတော့တယ်။ (ကောင်းလေစွ….ကောင်းလေစွ)။
ဒီလိုနဲ့ ပွဲလုပ်မဲ့ မနက်ခင်း ရောက်လာတော့မှ ရပ်ကွက်ထဲက ဆံပင်ညှပ်ဆိုင်ကို သွားပြီးတော့ ကိုးရီးယားကေလေး ညှပ်ပြီးတော့ ပွဲအတွက် ပြင်ဆင် ရပါတော့သည်။ စကားမစပ် ပြောရရင် ဆံပင်ပုံစံတွေ ထဲမှာ ကိုရီးယားဆံပင် ပုံစံတွေကို ကျွန်တော် အကြိုက်ဆုံးပါ သူများ တွေတော့ ဘာကိုကြိုက်တယ် မသိပါဘူး ကျွန်တော် ကြိုက်တာတော့ တစ်မျိုးပါ ဒီဆံပင်ပုံစံတွေက ညှပ်ပြီးရင် လက်ညောင်းအောင် ခေါင်း ခဏခဏ ဖြီးစရာ မလိုပါဘူး ခေါင်းညှပ်ပြီးတာနဲ့ ခေါင်းလိမ်းဆီလေး လိမ်းပြီးတော့ လေပြင်းပြင်း ဖွင့်ထားတဲ့ ပန်ကာရှေ့ မှာ ခဏလောက် သွားနေလိုက်တာနဲ့ မုန်တိုင်းမိထားတဲ့ ပဲခင်းပုံ ကိုရီးယားကေ ရပါပြီ။
ဒီလို နဲ့ သာယာလှပတဲ့ ညနေခင်းလေး မှာ ကျွန်တော်တို့ အဖွဲ့သားတွေလဲ စုံလင်စွာ ရောက်ရှိလို့လာကြပါသည်။ အံမယ် တစ်ယောက်ချင်းစီကို သေချာလိုက်ကြည့် လိုက်တော့ မဆိုးပါ ကလားကွယ်ရို့ သူတင် ကိုယ်တင်ကို တစ်ယောက် တစ်မျိုး နဲ့ကို ချောနေလိုက် ကြတာများ ဟို ဝက်ဆလိုက် ဆိုတဲ့အဖွဲ့က ကောင်လေးတွေ ကျနေတာပဲ (မှတ်ချက်။ ။ ဝက်ကို ဆလိုက်နှင့် လိုက်ထိုးနေသူများ မဟုတ်ပါ။ west Life အဖွဲ့ ဖြစ်ပါသည်။) အံမယ် ice coffee ကတော့ ဟို M2M အဖွဲ့ထဲက အသားနည်းနည်း ညိုသည့်ကောင် မလေးနဲ့တောင် စိမ်းမစိမ်း ဖြစ်နေပါလား ပရိသတ်။
စီစဉ်ထားတဲ့ စားစရာ အမယ်စုံ ကလည်း ဘူဖေးခုံ တန်းကြီး ပေါ်ကို တစ်မျိုးပြီး တစ်မျိုး ရောက်လို့ လာနေပါသည်။ မုန်တိုင်းမိထား တဲ့ ပဲခင်းပုံ ကိုးရီးယားကေနဲ့ ကျွန်တော်လဲ ဘူဖေးစားပွဲ ကြီးတွေနားမှာ ကြွရောက်လာမဲ့ ဧည့်သည်တော်တွေကို စောင့်စားရင်း စားပွဲပေါ်မှ ဟင်းလျှာများကို တစ်စေ့ တစ်စောင်း အကဲခတ်ကြည့်လိုက်တော့ “ အားပါး” “အမယ်စုံ ပါပဲလား ပရိသတ်”မချောနဲ့ မရွှေစင် တို့ ညွှန်းထားသလိုပဲ ခြေလှမ်း တွေ အခွေလိုက် ပျက်ပြီး သွားရေတောင် အပုံလိုက် ကျသွားလောက်တဲ့ ဟင်းလျှာတွေပါပဲ လိမ္မော်ရည်နဲ့ ချက်ထားသော ငါးလိမ္မော်ဟင်း၊ သံပရာသီးဖြင့် ပေါင်းထားသော ငါးသံပရာပေါင်း၊ ကြက်သား ကချင်ချက်၊ ငါကလီစာ၊ ငါးခူချဉ်စပ်၊ ငါးခုံးမရေခန်း ကိုနံနံပင်လေးအုပ်ချက်၊ ငါးဥချက်၊ ဝက်သား အချိုချက်၊ ဝက်သားကို မရမ်းပြား ထည့်ပြီး ချဉ်ငံလေး ဖြစ်အောင် ချက်ထားတာတစ်မျိုး၊ ကြက်တောင်ပံ အကြွတ်ကြော်၊ကြက်ချဉ်စပ် ဝက်ခြေထောက်စွတ်၊ ကန်စွန်းရွက်နဲ့ မှိုကြော်၊ ရတနာခုနစ်ပါး ငန်းသားဟင်း၊ ဘဲသားနှင့် ကြံမဆိုင် ၊ ငါးထမင်း ချဉ်သုပ်၊ ငှက်ပျောရွက်ထုပ် ငါးကင်၊ အင်းတော်ကြီး ငါးချဉ်သုပ်၊ မျှစ်ချဉ်သုပ်၊ မုန်လာဥဖြူ အစိမ်းသုပ်၊ နှမ်းဖတ်ချဉ် သုပ်၊ မန်ကျဉ်းရွက်သုပ်၊ ညောင်ချဉ်ဖူးသုပ်၊ ပဲကြီးဟင်း ပဲကြီး အခြောက်ချက် ၊ အရည်သောက်ထဲမှာ ဆိုရင်တော့ ဆူးပုတ်၊ ပြည်ပန်းညို၊ သနပ်ရွက်….. အစရှိတဲ့ အရွက်ပေါင်း ဆယ့်နှစ်မျိုးလောက် ပါတဲ့ ဟင်းရွက်စုံ ဟင်းရည်၊ မျှစ်စပ်ဟင်း ၊ပြည်ကြီးငါး၊ ပုစွန် စတဲ့ ပင်လယ်စာတွေနဲ့ ဝက်ရိုးပိန်းဥ၊ ကျောက်ဖရုံသီး ဟင်းချို၊ မှိုကပ်ပေါင်း ကြက်ဥ မှိုကပ်ပေါင်း ၊ဟင်းပြင်းဖူးကြော်၊ ဇင်ပြွန်းသီး သနပ်၊ …. အစရှိတဲ့ ဟင်းတွေပါပဲ ဒါတောင် ကျွန်တော် နာမည် မသိတဲ့ ဟင်းတွေ နောက်ထပ် အများကြီး ရှိပါသေးတယ်… ခုနေကဗျာလေး တစ်ပုဒ် လောက်တောင် ကောက်စပ်လို့ ရပါသေးတယ်။
ထိုင်ကြည့်ရုံနဲ့ သွားရေထွက်
ဟင်းစပ်တွေက တကယ်စုံ
တွေးကြည့်ရုံနဲ့ ရင်တွေခုန်
စားဖို့ ခေါ်ရင် မမူအား
ကဗျာကယာ ဝင်ကာစား
နောက်ဆုံးမှာတော့ ဗိုက်ကြီးကား။ ။
ဟင်းခွက် အမယ်စုံကို ကြည့်ပြီး တစ်ယောက်ထဲ တွေးနေလိုက်တာ ကဗျာ တစ်ပုဒ်တောင် ထွက်လာတယ် ဟင်း.. ဟင်း…။ ထမင်း ဆိုရင်လဲ ကြည့်လိုက်ဦး ဒန်ပေါက် ၊အုန်းထမင်း၊ ထောပတ်ထမင်းနဲ့ ရိုးရိုးထမင်း မစားချင်သူတွေ အတွက် ကချင် ငါးထမင်း ချဉ်သုပ် စုံနေအောင်ကို စီစဉ်ထားတာပါ ။ ထမင်း မစားခင် ဂုဏ်ပြုတဲ့ အနေနဲ့ပဲ ဖြစ်ဖြစ်၊ အပျော်သဘောနဲ့ပဲ ဖြစ်ဖြစ် ထမင်း စားကောင်းလေးပဲ ဖြစ်ဖြစ် စီစဉ် ထားတာကတော့ ကချင်ဆေးမြစ်တွေနဲ့ ပေါင်းထားတဲ့ ကချင် ဆေးမြစ်ပေါင်း နှစ်ချို့ ယမကာနဲ့အမြုပ် တစ်ဖွေးဖွေးနဲ့ သောက်ချင်စရာ ကချင်ခေါင်ရေ စစ်စစ်ကတော့ ကိုကိုတွေရဲ့ စိတ်အာရုံကို အတိအကျကို ဆွဲဆောင်လို့နေပါသည်။
နိုင်ငံခြားဖြစ် ဝီစကီ၊ ဘီယာတွေထက်ကို တောက်ပတဲ့ ဆွဲဆောင်မှု့ တစ်ခုပေါ့ ခင်ဗျာ။ ထမင်း သုံးဆောင် ပြီးတာနဲ့ အစာပိတ် သုံးဆောင်ဖို့အတွက် ကတော့ မြန်မာ့ရိုးရာ မုန့် များဖြစ်တဲ့ ဆနွင်းမကင်း အမျိုးမျိုးနဲ့ ကရေကရာ ၊ကျောက်ကျော၊ ထိုး မုန့် လမုန့် ၊ပုသိမ် ဟာလဝါ မုန့် မျိုးစုံ စတာတို့ ပဲဖြစ်ပါတယ်။ အစားအသောက် အစီအစဉ် ကတော့ လုံးဝလန်းပါတယ် ပြည်တွင်းမှာ နေတဲ့ ဘလော့ဂါ တွေအတွက် ကတော့ သိပ်မထူးခြားနိုင်ပေမဲ့ နိုင်ငံရပ်ခြားမှာ နေထိုင်ပြီး ဒီပွဲကို လာရောက်ကြမဲ့ ဘလောဂါတွေ အတွက် ကတော့ အထူးစီစဉ် ထားတဲ့ မြန်မာရိုးရာ အစားအသောက် တွေကို အရမ်းနှစ်သက်မယ်လို့ မျှော်လင့် ပါတယ်။
ကျွန်တော်တို့ ဒေသထွက် အစားအစာတွေ ဖြစ်တဲ့ ဒေါ်ဥ ပြည်ထမင်းသုပ်၊ နွယ်နွယ် မုန့် ဟင်းခါး၊ ရွှေတောင် မုန့် ဟင်းခါး၊ အိုဆာကာ ခေါက်ဆွဲ၊ နို့ မလိုင်လုံး၊ ကျောက်ဖရုံယိုနဲ့ ယိုမျိုးစုံ တို့ ကိုလဲ စီစဉ်ထားသည်။ ကျွန်တော်တို့ ဒေသ အနီးရိုးထဲမှ ရသော တောထွက်ဟင်းလျာများ ဖြစ်သော တောဝက်သား၊ တောကြောင်သား၊ ယုန်သား၊ ချေသား၊ ဆတ်သား၊ မြွေသား၊ ဖားသား၊ ငါရှဥ့်နှင့် ငှက်သားမျိုးစုံ တို့ ကိုလဲ ပရိသတ် အကြိုက် စီစဉ်ထားသည်။ နိုင်ငံခြား အစားအစာမှ ကြိုက်နှစ်သက် သူတွေအတွက်လဲ ဂျပန်နိုင်ငံက ဆူရှီ၊ ကိုရီးယားက ကင်ချီ၊ ပီကင်း ဘဲကင်၊ ဟောင်ကောင်က dimsum၊ ထိုင်းနိုင်ငံက ထိုင်းတုန်ယမ်း ချဉ်စပ်၊ အီတလီ ခေါက်ဆွဲနှင့် ပီဇာမုန့် ၊ KFC ကြက်ကြော်၊ MC donalds ဟမ်ဘာဂါ စသည့် ကမာကျော် ဟင်းလျာများ အပြင် ငါးမန်းတောင် ဟင်းချို၊ ပုဇွန် အမျိုးမျိုးနဲ့ ဂဏန်း အမျိုးမျိုး တို့ ကိုလဲ စီစဉ်ထားပါသည်။
ထမင်းမစားခင် ဖြစ်ဖြစ် စားပြီးတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် အသီးနှံ ကြိုက်နှစ်သက်တဲ့ သူတွေအဖို့ ဒူးရင်း၊ သြဇာ၊ ကြက်မောက်၊ မင်းဂွတ်၊ မာလကာ၊ ငှက်ပျော ၊သင်္ဘော ၊ သခွားမွှေး ၊ သစ်တော် ၊ဖရဲ ၊ သရက် ၊ လိုင်ချီး ၊စတော်ဘယ်ရီ၊ နာနတ် ဒေသထွက် သြဇာသီး စသည့် အသီးနှံ ပေါင်းစုံ ကိုလည်း ခင်းကျင်းပေးထား ပါသေးသည်။ ဒီတိုင်းလှီး ဖြတ်ပြီး မစားချင်သူတွေ အတွက် ကတော့ စက်ဖျော်ပဲ ဖြစ်ဖြစ် လက်ဖျော်ပဲ ဖြစ်ဖြစ် အရည်အဖြစ် သုံးဆောင်လို့ ရအောင် စီစဉ် ပေးထားတဲ့အပြင် သစ်သီးနဲ့ ရောစပ်ဖျော်ထားတဲ့ ယမကာ ပျော့ပျော့ လေးကို သုံးဆောင်ချင်သူများ အတွက် သီးစုံကော့တေးကိုလဲ ဘားဖွင့်ပြီး ဖျော်စပ်ပေးထား ပါသေးသည်။ ဒီလိုနဲ့ အချိန်ကျရောက် လာပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဘလော့ဂါများ အသီးသီး ရောက်လို့ လာကြပါသည်။ ဒီတစ်ခါတော့ ပေါ့ဆိမ်က မှာထားလို့ ကျွန်တော့်မှာ ဧည့်သည်တွေကို သေချာ ဂရုစိုက် နေရပါသည်။ အထူးသဖြင့် အမျိုးသား ဧည့်သည်တော် တွေကိုပေါ့ ဟိုတစ်ခေါက် အစည်းအဝေး လုပ်တုန်းက မမတွေကို ဦးစားပေးမိလို့ ငြိုငြင်နေတဲ့ ကိုကိုတွေကို ဒီတစ်ခါ အထူး ဂရုစိုက်ဖို့ သူက မှာထားပါသည်။
ဒီလို့နဲ့ ပေါ့ ပြိုးပြိုးပြက်ပြက် လင်းလက် နေတဲ့ မီးရောင်အောက်မှာ ဝတ်ကောင်း စားလှတွေ ကိုယ်စီနဲ့ ကျွန်တော် တို့ ရဲ့ မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လို့ လာကြပါသည်။ ပထမဆုံး ဘူဖေးစားပွဲ ကြီးနားကို ရောက်လာတဲ့ သူကတော့ “ကိုဇော်” ပါ ဧည့်ခံ ကြိုဆိုရေး အဖွဲ့ က ပေါ့ဆိမ့် နဲ့ ချိုကျ တို့ နှစ်ယောက်က ဝင်လာတဲ့ ဧည့်သည် မှန်သမျှကို အသံပြဲကြီးနှင့် အော်ပေး နေသဖြင့် ဘယ်သူ ရောက်လာပြီ ဆိုတာကို အလွယ် တကူပဲ သိနိုင်ပါသည်။ “ကိုဇော်” ရောက်လာပါပြီ… ဟု အော်သံ အဆုံးမှာ ဘူဖေးစားပွဲ နားသို့ ရောက်လာသော ကိုဇော် ကို ကျွန်တော် အပြေးလေး သွား၍ နှုတ်ဆက် လိုက်ပါသည် “ဟိုင်း… ကိုဇော် နေကောင်း တယ်နော် ” ကြည့်ပါခင်ဗျာ ဘာဟင်းတွေ သုံးဆောင် မလည်း ကြိုက်ရာ သုံးဆောင်ပါနော် လက်ငင်းတော့ ရှင်းရမယ်…. အယ်… မှားကုန်ပြီ… နောက်တာနော် ဟီး… ကြိုက်ရာ သုံးဆောင်ပါ..” ။ ကိုဇော်က ဘာမှတော့ ပြန်မပြော အသာပဲ ပြုံးပြပြီး “ ပြီးမှပဲ စားတော့မယ် ဟုပြောပြီး ထွက်သွားပါသည်
”အဖြူလေး ရောက်လာပါပြီ” ဟယ် အဖြူလေး ဆိုတဲ့ အတိုင်းပဲ အဖြူရောင် လောင်းကုတ်ကြီးကို ဝတ်ပြီး အောက်ကလည်း အဖြူရောင် ဘောင်းဘီ၊ အဖြူရောင် ဝေါ့ကင်းရှုး ကို ဝတ်ပြီး ရင်ဘတ်တွင် လည်း အဖြူရောင်ကြယ် ပွင့်ပုံ ရင်ထိုးလေးကို တပ်ဆင် ထားလေသည်။ ရန်အောင်နှင့် သူ၏ ချစ်သူများ ရှိုးထဲက လိုပါပဲ ဟီး…။ “ဟယ်…. ကိုအဖြူလေး ကြွပါ ဘာများ သုံးဆောင် ချင်ပါသလဲ ကြည့်ပါနော် ” ကျွန်တော်၏ ဧည့်ဝတ်စကား အဆုံးမှာ “ အင်း… ဖြေးဖြေးပေါ့ ညီလေးရာ” ဟုစကားကို ခပ်လေးလေး ဆိုပြီး ကြက်တောင်ပံ အကြွတ်ကြော် တစ်တုံးကို အသာကောက်၍ မြည်းလိုက်ပြီး ကောင်းသားပဲ ဂွတ်… ပြီးမှ ဆက်ဆော် တော့မယ် ဟုဆိုပြီး ထွက်သွား လေတော့သည်။
“ဆူစီကတိုး လာပြီဟေ့” ကိုယ့်ဘာသာ ကိုယ်ကြေညာ၍ စားပွဲ အနီးသို့ ရောက်လာသော လူတစ်ဦးကို အသာ လှမ်းကြည့် လိုက်တော့ ပုဆိုး တိုက်ပုံ ကတ္တီပါ ဖိနပ် တို့ဖြင့် မြန်မာ ဆန်စွာ ဝတ်ဆင် ထားသော ကိုဆူစီကတိုး ကို တွေ့ရ လေတော့ သည် “လာအကို နောက်တောင်ကျနေပြီ” ကျွန်တော့် ၏ အလှူအိမ် လက်စွဲ ဧည့်ခံစကားကို ဆူစီကတိုးက “အာ…ကုန်ပြီလား.” ဟု အမေး ပြုသဖြင့် “ အလကား နောက်တာပါ စားတောင် မစားကြသေး ပါဘူး ” ကျွန်တော့် ၏ အဖြေ စကားကို ကြားရကာမှ ရင်အေး သွားဟန်ဖြင့် “ဟူး… တော်ပါသေးရဲ့ ပြီးမှပဲ စားတော့မယ်ကွာ လောလောဆယ် သွားပွား လိုက်အုံးမယ်” ဟုဆို၍ ထွက်သွား လေတော့သည်။
“ကိုမြစ်ကြီး” ကြွလာပါပြီ ဧည့်ခံ ကြိုဆိုရေး မှ အသံပင် မဆုံးသေးခင် အရိပ်ဖျောက် ကိုယ်ဖော့ ပညာကို သုံး၍ မြစ်ကျိုးအင်း တစ်ယောက် ရောက်လာ ပါတော့သည် “မင်္ဂလာပါ ကိုမြစ်ရေ လျှာရင်းမြက် ဖို့ ဘာဟင်းခွက်တွေ သုံးဆောင်ချင် ပါသလဲ ” ကျွန်တော့် ၏ အမေး အဆုံးမှာ ကိုမြစ်ကြီးက တစ်ချက်လောက် စဉ်းစားဟန် ပြုနေပြီးမှ “ဒီလိုရှိတယ်ကွဲ့ စားတာတော့ ဟုတ်ပါပြီ တွဲဖက်ပြီး မစားသင့်တဲ့ အစားတွေကို စားမိရင် ဘယ်လို လုပ်မလဲ အဲဒါရှော့ ရှိတယ်နော် ” ဟုပြောလေရာ ကျွန်တော်လည်း မစဉ်းစား တတ်တော့ သဖြင့်“ ဒီလိုလုပ် ကိုမြစ် ရာ ကိုမြစ် စိတ်ထဲမှာ မသင်္ကာ ဖြစ်နေတဲ့ စားစရာ ဆိုရင် တစ်ယောက်ယောက် ကို အရင် ကျွေးကြည့် နာရီဝက်လောက် နေလို့ မှ ဘာမှ မဖြစ်ရင် အိုကေတယ် မှတ်ပေါ့ ဒီအကြံ ကျွန်တော်ပေးတာလို့ တော့ လျှောက်မပြောနဲ့ပေါ့ ဟုတ်ပြီလား” ကျွန်တော့် အကြံပြုချက်ကို သဘောကျသွားသော ကိုမြစ်ကြီး တစ်ယောက် စမ်းသပ်ဖို့ လူရှာရန် ထွက်ခွာ သွားလေ တော့သည်။
ဒီလိုနဲ့ ကျွန်တော်လဲ နောက်ရောက်လာသော ကိုဏီလင်းညို၊ သက်တန့် ချို၊ ကိုအုပ်ကြီး၊ ညအလင်္ကာ၊ ဇော်သိင်္ခ၊ မင်တာရာ၊ အကြမ်းထည်၊ ညဆူးလင်္ကာ၊ ကိုတိုးကြီး၊ မိုးစက်အိမ်၊ ဒေါင်းမင်း၊ ဖိုးသား၊ စိုင်းဇော်ခါး၊ ဒေါင်းမင်း၊ နေမိုးဝေ၊ သင်္ဂါကျော်၊ စိုင်းကိုကို၊ ကိုကိုကြီး၊ သော်ဇင်စိုး၊ တို့ ကို အစဉ်လိုက် ထိုင်ခုံရှည်ကြီး တစ်လုံးပေါ်မှာ တဘက်တချက် စီမှာ နေရာချပေးပြီး လိုအပ်သော အစားအသောက် စီစဉ်ပေးနဲ့ အလုပ်ရှုပ်သွားလို့ ကိုးယိုးကားယား အဲ… ဟုတ်ပေါင် ကိုရီးယား ကေလေးတောင် ပျက်ချင်ချင် ဖြစ်သွားသည်။ ကိုကို ကာလသားတို့ အကြိုက် ဟိုအကြောင်း ဒီအကြောင်းလေးတွေ စကားစမြည် ပြောဆိုရင်း အဲဒီဝိုင်းမှာ အဖွဲ့ ကျနေတော့သည်။
ကိုဏီနဲ့ မလကာမြို့ အကြောင်းကို ဟိုပြောဒီပြောနဲ့ စကားကောင်း နေတော့ တခြားသူတွေက ကျွန်တော့်ကို ကြည့်ပြီး အံသြလို့ ။ မလေးရှားမှာ သုံးနှစ်နီးပါး နေလာခဲ့သော ကျွန်တော့် အတွက်ကတော့ မလကာ ကမ်းခြေ၊ မြို့ ဟောင်းနှင့် zoo တို့ က ကျွန်တော်နဲ့ စိမ်းမနေပါဘူး။ ဒီကြားထဲ ကိုအုပ်ကြီးက ကိုရေသန့် ကို ခဏခဏ မေးနေလို့ အနားက တောက်တိုမယ်ရ ခိုင်းဖို့ ခေါ်ထာတဲ့ ကျဆိမ့်ကို ကိုရေသန့် ကို ရှာခိုင်း လိုက်ရသေးတယ်။ ကျွန်တော်လဲ သူတို့ ဝိုင်းကို ဧည့်ခံရင်း ပတ်ဝန်းကျင်ကို မျက်စိ ဒေါက်ထောက် ကြည့်နေရသည်။ ဧည့်သည်တွေက အရမ်းများလို့ နေရာ အခက်အခဲ ဖြစ်မှာစိုးရိမ်လို့ မျက်ခြေမပျက် ကြည့်နေရသည်။
အဲဒီဝိုင်းက ထလာပြီး sosegado၊ yuyuko၊ noblemoe၊ chocothazin၊ hanna၊ chindwinthu၊ flowerpoem၊ SHINKU၊ တို့ အတွက် စားပွဲတစ်ဝိုင်း စီစဉ်ပေးရင်း ကျွန်တော်လဲ သူတို့ ဝိုင်းမှာ ခဏဝင်ပွား နေလိုက်သေးတယ်။ ကျွန်တော်တို့ ညီမလေး noblemoe က ပိုစ့်တွေကို ရုံးမှာ ခိုးခိုးဖတ်ပြီး ရီရတာ အားမရလို့ အခု ရီစရာလေး နဲနဲြောခဲ့ပါဦး ဆိုလို့ ဟာသလေး နဲနဲပြောပြီး အရွှန်းဖောက်ခဲ့ ရသေးသည်။ သူက ကိုယ့်ဆိုင် လာနေကျ ဧည့်သည်ဆိုတော့ စိတ်ငြိုငြင် သွားလို့ မဖြစ်ပေ။ ကျွန်တော် သူတို့ ဝိုင်းကနေ ထွက်လာတော့ အဝင်ဝ နားမှာ ကိုရေသန့် နဲ့ စကားပြော နေသော မလသာည ကိုတွေ့ တော့ အပြေးအလွှား သွားနှုတ်ဆက်လိုက်သည်။ သြော်… အစ်မ ရောက်တာ ကြာပြီလား ဂျပန် အစားအစာတွေက ဒီဘက်မှာနော် ဆူရှီက အစ်မပြောတဲ့ နည်းအတိုင်း ကျွန်တော် ကိုယ်တိုင် လုပ်ထားတာ အရသာ ဘယ်လိုလဲ ဆိုတာ မြည်းကြည့်ဦးနော် အစ်မ ဘာညာ သကာ ပြောဆိုပြီး ကျွန်တော်လဲ တခြားဝိုင်းတွေဘက် ထွက်လာခဲ့ လိုက်သည်။
ကျွန်တော်တို့ နဲ့ ဌာနေတူသော ဦးသက်ဦး၊ ကိုလင်းဦး(စိတ်ပညာ)၊ သင်္ဂါရမောင်၊ ရွှေပြည်သူ၊ ဧည့်သည်၊ z@wko တို့ ကို ဝိုင်းတဝိုင်း ထဲမှာ တွေ့ လိုက် ရသည်။ အင်ကြင်းသန့် ကိုတော့ မတွေ့ ရပေ မြတ်မွန်တို့ ဝိုင်းကို ရောက်နေတာ ဖြစ်ရမယ်။ သူတို့ နှစ်ယောက်က အရမ်းခင်ကြတာ ဆိုတော့ အဲဒီဝိုင်းမှာပဲ ဖြစ်ရမည်။ အဲဒီကမှ ကျွန်တော်တို့ ၏ မိတ်ဟောင်း၊ ဆွေဟောင်းများ ဖြစ်သော ဇောင်း၊ ကိုမိုး၊ ဖြူစင်ကြယ်၊ ကိုဝင်းကြည်၊ ဘရာဗို၊ calmhill တို့ ဝိုင်းမှာ ခဏ ဝင်ထိုင်ကာ လေကန် နေလိုက်သေးသည်။
ကျွန်တော်လဲ တွေ့ တဲ့လူကို နှုတ်ဆက် ပြုံးပြရင်း ဆက်လျှောက် လာလိုက်တာ ဟိတ်… ဆိုတဲ့ အသံကြားလို့ လှည့်ကြည်လိုက်တော့ ကျွန်တော့် သူငယ်ချင်းတွေ ဖြစ်တဲ့ မြတ်မွန်၊ blackroze တို့ ထိုင်ဝမ် မမတို့ ကို အင်ကြင်းသန့် ၊သဒ္ဒါလှိုင်း တို့ နဲ့ အတူတွေ့ လို့ ဟေးးးး သူငယ်ချင်းတို့ ဘယ်အချိန်က ဘယ်လို ရောက်နေတာလဲ လူတွေ အရမ်းရှုပ်နေလို့ မမြင်လိုက်မိဘူး ဘာညာ ပြောရင်း သူတို့ ဝိုင်းကို သွားနှုတ်ဆက် လိုက်တော့ အောင်မယ် မမြင်ချင်ယောင် ဆောင်ချင် ဆောင်နေတယ်ပေါ့ ဆိုတဲ့ ရန်တွေ့ သံတွေကို မနည်း လွတ်အောင် ရှောင်လိုက်ရတယ်။
မွန် သူငယ်ချင်း အားမနာနဲ့ နော် ထိုင်ဝမ်က အဝေးကြီးကနေ လာရတာ အဝသာစား သိလား လိုအပ်တာ ရှိရင်လဲ ပြောနော် အားမနာနဲ့ ။ ဒါနဲ့  ရောက်တုန်း ရောက်ခိုက် အင်ကြင်းနဲ့ လိုက်ပြီး ပြည်မှာ လျှောက်လည်လိုက်ဦးပေါ့။ သူငယ်ချင်းတွေ တွေ့ တုန်းတွေ့ ခိုက် အေးဆေးပေါ့။ ဘလက် သူငယ်ချင်း စားနော် ဒံပေါက်ရော ကြေးအိုးရောရှိတယ်။ ကြေးအိုးက သူငယ်ချင်း ပြောတဲ့ YKKO ကပဲ အော်ဒါ မှာထားတာ ဒံပေါက်စားမယ် ဆိုရင်လဲ ဒိန်ချဉ်ရော သံပုရာရည်ရော စီစဉ်ထားတယ် အားမနာနဲ့ သိလား။ အင်ကြင်းလဲ ဘာမှစိတ်မပူနဲ့ အပြန်စက်လှေ စင်းလုံး ငှားပေး လိုက်မယ် ဘာညာနဲ့ လေကန်နေတုန်း ဖြူတစ်ယောက် ခန်းမထဲ လျှောက်ဝင်လာတာ တွေ့ လို့ ခရီးဦးကြို ပြုရင်း ခုံတစ်လုံး ဆွဲပြီး သူတို့ ဝိုင်းမှာပဲ နေရာ စီစဉ်ပေးလိုက်သည်။ သူငယ်ချင်း နေကောင်းသွားပြီလား မွေးနေ့ ပွဲပြီး နောက်ပိုင်း မတွေ့ ရတော့ဘူးနော် လိုအပ်တာ ရှိတာပြော သိလား နဲ့ စကားကောင်းနေတုန်း ကိုမိုးယံ တို့ အဖွဲ့ တွေ လာတယ်ဟေ့ ဆိုတဲ့ ပေါ့ဆိမ့်ရဲ့ အသံကွဲ၊ အသံပြဲကြီးကို ကြားလိုက်ရတဲ့ အတွက် ကျွန်တော်လဲ အပြေးအလွှားလေး ထွက်ကြိုလိုက်ရသည်။
ဧည့်သည်တွေကလဲ ဝင်လာမစဲ တသဲသဲ ဆိုသလို ဘဲဗျို့ ကျွန်တော့်မှာ ဧည့်ဝတ်မကျေရင် ဆင်တဲကဖေး အပြောခံထိမှာ စိုးလို့ အပြေးအလွှား လိုက်ဧည့်ခံနေရတာ ကိုရီးယား ကေလေးတောင် နဲနဲ ရွဲ့ စောင်း နေပြီ။ မချစ်ကြည်အေး၊ မဗေဒါ(၈၈)၊ ခိုင်နုငယ်၊ ယွန်း၊ မလင်းပြာ၊ နေဝသန်၊ ဇူး၊ မစိုးရိမ် တို့ ကို တွေ့ လို့ သွားနှုတ်ဆက်ရ သေးသည်။ အစ်မ ဗေဒါ(၈၈) နော်ဝေး ကနေတောင် လာခဲ့ရတာ ဆိုတော့ ခရီးပန်းနေမှာပေါ့နော် ဖြည်းဖြည်းနဲ့ အေးအေး ဆေးဆေးသာ စားနော် ဘာမှ အားနာစရာ မလိုဘူးနော် ဘာညာ အလာသ ပလာသ စကားတွေ ပြောဆို နှုတ်ဆက်ပြီး ထွက်လာ ခဲ့လိုက်သည်။ အဲဒီ ဝိုင်းမှာ ကြာကြာ ထိုင်နေလို့ အမျိုးသမီး ထုနဲ့ ပတ်သတ်လို့ စကားမှား သွားရင် မဗေဒါရဲ့ ဒေါသနဲ့ တွေ့ သွားမှာလဲ စိုးရသေးသည်။
ဆက်လျှောက်လာရင်း ခွန်သဒ္ဒါ၊ မေပယ်၊ ပန်းနုနှင်းဆီ၊ နှင်းဆီဖြူ၊ နန်းလေပြေနု တို့ ဝိုင်းမှာ လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးပြီး ကျွန်တော်လဲ ဆက်ထွက်လာခဲ့ လိုက်သည်။ အံမယ် ဒီဘက်မှာက ကျွန်တော်တို့ မမကြီး တွေဖြစ်တဲ့ မချော၊ မရွှေစင်ဦး တို့ ကို ကျွန်တော်တို့ ဆင်တဲကဖေးရဲ့ ဖောက်သည် အသစ်လေးတွေ ဖြစ်တဲ့ နိုးအိမ်ရှင်၊ မြလေးသျှင်၊ phoe aung၊jpz၊ ရည်ရွယ်သူ၊ ထက်သူရ၊ သိန်းမင်း တို့ နဲ့ စကားစမြည် ပြောဆို ဧည့်ခံနေတာကို တွေ့ ရသဖြင့် လိုအပ်တာလေးတွေ ဝင်ကူညီ လုပ်ကိုင်ပေး ခဲ့ရသေးသည်။
ကျွန်တော်လဲ ဟိုဟိုဒီဒီ လိုက်လံ ဧည့်ခံရင်း ဟာ… တောသားလေး နောက်တောင်ကျ နေပြီ လာ… လာ ဒီဘက်ကို ဘူဖေး စီစဉ်ထားတာနော် ကြိုက်တာ ယူစားလို့ ရတယ် ဘာမှ အားနာစရာ မလိုဘူးနော်နဲ့ လောကွတ်လုပ်ရင်း သုခုမနန်းတော်၊ ခုနစ်စင်ကြယ်အဖွဲ့၊ ကိုကြီးကျောက် တို့ ကို အချိုပွဲတွေ တင်ထားတဲ့ စားပွဲကြီးနားမှာ တွေ့ လို့ သြော်… ရောင်းရင်းကြီးတို့ စားလို့ သောက်လို့ ကောင်းကြရဲ့ လား လိုအပ်တာ ပြောနော်။ ကျွန်တော် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ် လို့ နှုတ်ဆက် စကားဆို လိုက်သည်။ အဲဒီ အချိန်မှာပဲ အချိန်တော်တော်ကြာ ပျောက်နေတဲ့ ကျွန်တော်တို့ ရဲ့ မိတ်ဆွေကြီး ဘရာဗိုကို ပြုံးပြုံး ပြုံးပြုံနဲ့  တွေ့ လို့  ဝမ်းသာအားရ နှုတ်ဆက် စကားတွေ ဖောင်ဖွဲ့ ပြီး အားလုံး လိုလေသေး မရှိရလေအောင် စီစဉ်ပေးနေဆဲ မှာပဲ ပေါ့ဆိမ့်ရဲ့ အသံကွဲ အသံပြဲကြီးကို ထပ်ကြားလိုက်ရ ပြန်သည်။ မိတ်ဆွေတို့ .. အားမနာတမ်း စားကြသောက်ကြပါ စားလို့ သောက်လို့ ပြီးရင်လဲ မပြန်ကြပါနဲ့ ဦး ကျွန်တော်တို့ မှာ အစီအစဉ် လေးတွေ ရှိပါသေးတယ်။
ကျွန်တော် မျက်စိရှမ်းပြီး ကျော်ကျော် သွားတဲ့ သူငယ်ချင်း မိတ်ဆွေ တွေ၊ လူတွေ တအား ရှုပ်နေတော့ တစ်ဦးချင်းလိုက် နှုတ်မဆက် နိုင်ဘူးလေ မိတ်ဆွေ တွေကလဲ အရမ်းများ တာဆိုတော့ တာဝန်မကျေ တာတွေ ဘာတွေ ဖြစ်ခဲ့ရင်လဲ ဆင်တဲကဖေး မိသားစုက တောင်းပန်ပါတယ်။ နာမည်ခေါ်ပြီး လိုက်ဧည့်မခံ ဖြစ်ခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုလဲ တောင်းပန်ပါတယ်။
တနေ့ တနေ့ အလုပ်တွေ ထဲမှာပဲ အချိန်ကုန်နေတဲ့ သူငယ်ချင်းတို့ အတွက် စိတ်အပန်း ပြေစေမယ့် အစီအစဉ်လေးတွေ စီစဉ်ထားပါတယ်။ အောက်မှာ ဆက်လက် ရှုစားကြပါ ဆိုပြီး မိုက်ခရိုဖုန်းကို ကိုင်ပြီး သာယာနာပျော်ဖွယ် မကောင်းတဲ့ အသံကြီးနဲ့ အော်ဟစ် ကြေညာ နေပါတော့သည်။ သူလဲ တော်တော်ပျော်နေပုံပဲ အင်းလေ ပျော်မှာပေါ့ မွေးနေ့ ပွဲမှာ အကြီးအကျယ် ပေါချင်းသောချင်း ဘယ်လောက် ကျွေးကျွေး ပိုက်ဆံ တပြားမှမှ မကုန်တဲ့ဟာ ဒီတော့ သူပျော်မှာပေါ့လေ ဟဲ… ဟဲ….။ ကဲ အောက်မှာ ဆက်လက် ရှုစားကြပါနော်။
မြန်မာ့ အငြိမ့်ကို နှစ်သက်တဲ့ သူများ အတွက် အငြိမ့်အဖွဲ့ တစ်ခုကို စီစဉ်ထားပါ …
မမ ဘလော့ကာ တွေ ကြည့်ချင် နားထောင်ချင်မယ် ထင်လို့ ခန့်ခန့်ချောချောလေး တွေဖြစ်တဲ့ west life အဖွဲ့ကို သွားရောက် ဌားထားတာ သူတို့ တွေ ဖြေဖျော်ဖို့ အဆင်သင့် ဖြစ်နေပါပြီ…
ကိုကိုမောင်မောင် ဘလောကာတွေ နှင့် အကြိုက်ချင်းတူမယ် ထင်လို့ ဒီ အဖွဲ့ လေးကို ပါ ခေါ်ထားတယ်။ သူတို့တွက်လည်း လက်ခုပ်သံ ချပ်.. ချပ် ..
အားလုံး သုံးဆောင်ပြီး အပန်ဖြေလို့ အဆင်ပြေမယ် ထင်ပါတယ်။ အိမ်ကို ပြန်ကြတော့မယ် ဆိုရင် အိမ်ပြန်လောက်ဆောင် အဖြစ် ကျွန်တော်တို့ ဆင်တဲကဖေး မိသားစုက ပေးလိုက်ချင်တာလေးတွေက ကျွန်တော်တို့ တစ်နှစ်စာ လုပ်ထားတဲ့ ကဗျာလေး တွေ၊ ၀တ္တုလေးတွေကို စာအုပ်ကလေး ချုပ်ထားပါတယ်
အောက်မှာ ဒေါင်းယူ၍ လက်ဆောင် အဖြစ် အိမ်ပြန်လက်ဆောင် အဖြစ်ယူသွားနိုင်ကြ ပါတယ် ..
ဆင်တဲကဖေး ၀တ္တုတိုများစုစည်းမှု စာအုပ် Download
ဆင်တဲကဖေး ကဗျာပန်းခင်းစာအုပ် Download
ကြွရောက် အားပေးသွားကြသော မိတ်ဆွေအပေါင်းကို ဆင်တဲကဖေး မိသားစု မှ အထူးပဲ ကျေးဇူးတင် ရှိပါတယ်။ ဆင်တဲကဖေး မိသားစုမှ လိုအပ်တာများ အားနည်း ချက်များရှိခဲ့ရင် ခွင့်လွတ် ကြပါ။ နာမည် ကျန်ရစ်ခဲ့သော မိတ်ဆွေ သူငယ်ချင်းများ ရှိနိုင်ပါတယ်။ အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ…
ကျွန်တော်တို့ ဆင်တဲကဖေး ဟာ ဒီနေ့ဆို ၁ နှစ် သက်တမ်း ရှိလာခဲ့ပါပြီ။ ဒီနှစ်တွေအတွင်းမှာ ရင်းနှီးခဲ့ကြသော blog ညီအစ်ကို မောင်နှမများ၊ follow သူငယ်ချင်းများ၊ Register လုပ်ထားကြသော Subscriber သူငယ်ချင်းများ၊ Post နှင့် cbox ထဲမှာ comment များရေးသွားကြတဲ့ သူငယ်ချင်းများ၊ ကျော်ခွပြီး လာရောက်လည်ပတ် ကြသော သူငယ်ချင်းများ၊ တိတ်တိတ်ကလေး လာရောက်သုံးဆောင် သွားကြတဲ့ သူငယ်ချင်းများ၊ မရောက်ဖြစ်သေးတဲ့ သူငယ်ချင်းများ အားလုံး အားလုံး ကို အထူးကျေးဇူးတင် ကြောင်းပြောချင်ပါတယ်။
ဒီပို့စ်လေး ဆင်တဲကဖေး မိသားစု အားလုံး ၀ိုင်းဝန်းပုံဖော် ရေသားပါသည် …
ကူညီပါ
အခုတလော ဘာဖြစ်နေမှန်းကိုမသိဘူး.. ကျွန်မသုံးနေတဲ့ ကွန်ပျူတာကလည်း စက်ပြုတ်ပြုတ်ကျနေတယ်.. ဘာဖြစ်မှန်းလည်း မသိ window ပြန်ပြန်တင်နေရတယ်.. window ပြန်တင်ပြီးလို့မှ မကြာသေးဘူး.. တစ်ယောက်တစ်လှည့်စီ stick လေးတွေကိုင်လာပြီး စာရွတ်ထုတ်ကြတယ်. ထုတ်သွားတဲ့သူတွေတော့ အဆင်ကို ချောလို့.. ကျွန်မသုံးမယ်လုပ်တော့ window မတက်တော့ဘူး. စိတ်ညစ်တယ်. stick မတပ်ပါနဲ့လို့ ဘယ်လောက်ပြောပြော ဘယ်သူမှ ပြောမရဘူး. စက်တွေက virus တွေဝင်ပြီး အကုန် ဖြုတ်ဖြုတ်ချပစ်တယ်.. ဒါနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ သံသရာလည်နေတော့တာပဲ.. အခုတလော့ mgy.exe တဲ့ အဲဒါက ဘောလုံးပုံလေးတွေဖြစ်ပြီး စက်ပြုတ်ကျတတ်တယ်တဲ့.. ကျွန်မစက်ကတော့ ဘောလုံးမပြောနဲ့ ဘာလုံးမှကို ဖြစ်မသွားဘဲ စက်ပြုတ်ပြုတ်ကျသွားတယ်.. kasper 7.0 တင်တော့လည်း အဆင်မပြေ License key မရှိဘူးတဲ့.. ဒါနဲ့ပဲ kasper2010 တင်ပြန်တော့လည်း ဆရာတစ်ယောက်က မသုံးနဲ့တဲ့ အဆင်မပြေဘူးတဲ့ အဲဒါက window ရဲ့ တစ်ချို့ဖိုင်တွေကို ဖျက်ပစ်တတ်တယ်တဲ့လေ. ဘာတင်ရမှာလဲ.. စိတ်ညစ်တော့တာပဲ.. တစ်ခုပြီးတစ်ခု အဆင်မပြေဖြစ်နေလိုက်တာ.. လုပ်ရမဲ့အလုပ်တွေလည်း ပုံအောနေပြီ. စက်ကလည်း မတက်.. ဘာလုပ်လို့လုပ်ရမယ်မှန်းကို မသိတော့ဘူး.. ကိုယ်ကပြောပြန်ရင်လည်း ကိုယ်ဆိုးဖြစ်အုံးတော့မယ်.. မပြောဘဲနေပြန်တော့လည်း အားလုံးက ကိုယ့်ခေါင်းကို တက်နင်းသွားကြတဲ့သူတွေချည်းပဲ.. သူများစက်တွေ virus တွေ တပုံတအော ရှိနေတာ ဘာမှဖြစ်တယ်မကြားမိဘူး.. သူတို့စက်တွေကနေ ခေါ်ခေါ်လာတဲ့ အဲဒီ့အကောင်တွေကြောင့် ကျွန်မစက်မှာ ပြုတ်ပြုတ်ကျနေတော့တာပဲ.. စိတ်နဲ့ ကိုယ်နဲ့ ညစ်တယ်… ကူညီကြပါအုံးနော်…
ခံစားမိသမျှ အမှတ်တရ
သက္ကရာဇ် အထပ်ထပ်ကိုဖြို
သံယောဇဉ် ပြယုဂ် ရထားတစ်စင်း
နှလုံးသား သွေးစစ်စစ်ကို လောင်စာလုပ်
(၁၁-၇-၂၀၀၂) နေ့ကို ရောက်သော်
တစ်စုံတစ်ရာ သစ္စာတစ်ခုကို
ခပ်တင်းတင်း ဆုပ်ကိုင်းထားတဲ့
သူငယ်ချင်းရယ် …
ဒဏ္ဍာရီထဲက နတ်သမီးလေးတစ်ပါး
ပြည့်စုံခြင်းထက်
ကျက်သရေ ရှိပါစေကွာ …
ဆက်လက် ခုတ်မောင်းဆဲ
ပျော်ရွှင်စရာ သစ္စာရထားနဲ့
တို့ဆုံကြမယ့် အနာဂတ်ရဲ့
အကြင်နာ နယ်နိမိတ်
မေတ္တာ ဘူတာလေးဆီ
သက္ကရာဇ် အချို့ကို စီးမျောရင်း
သစ္စာ မေတ္တာ အကြင်နာ
အပြုံးလှလှလေးတွေ
သယ်ဆောင်ခဲ့ပါ ကောင်မလေးရေ …
ကျွန်မ အချစ်ဆုံး သူငယ်ချင်း ပေါ့ဆိမ့်ရဲ့ မွေးနေ့လက်ဆောင် ကဗျာလေးပါ.. ကျွန်မက ဒီနှစ် မွေးနေ့ကို ကဗျာတစ်ပုဒ် ရေးပေးပါလို့ သူ့ကို ပြောတော့ သူက ရေးပေးမယ်တဲ့.. နောက်ပြီး ကျွန်မကိုလည်း ပို့စ်တစ်ပုဒ်လောက် တင်ပါတဲ့ မွေးနေ့အမှတ်တရပေါ့တဲ့.. အဲဒါနဲ့ ကျွန်မကလည်း (၁၁-၇-၂၀၀၂) တုန်းက ကျွန်မအတွက် မွေးနေ့လက်ဆောင် အဖြစ် ပေါ့ဆိမ့် ပို့ပေးထားတဲ့ ကဗျာလေးကို အစပြုပြီး ရေးလိုက်ပါတယ်.. ကျွန်မတို့ ဆင်တဲကဖေး ၀ိုင်းတော်သားတွေ အားလုံး ပေါ့ဆိမ့် စကားဆိုရင် တသွေမတိမ်း လိုက်နာကြပါတယ်.. အာပြဲကြီး နဲ့ တအား ငိုတတ်လို့ .. သိတယ် မဟုတ်လား.. သူကို နည်းနည်း ကြောက်ရတယ်.. ဟဲဟဲ.. ( ငါလည်း ‘မ’ လိုက်ပြန်ပြီ သူငယ်ချင်းရေ ) ဒါနဲ့ပဲ ပို့စ် တစ်ပုဒ်ကို မဖြစ်မနေ စဉ်းစားရတော့တာပေါ့.. စဉ်းသာ စဉ်းစားတယ် ဘာမှ ထွက်မလာဘူး.. ကောင်းလိုက်တဲ့ ဦးနှောက်နော်.. မရေးရင်လည်း မဖြစ်တော့ ရေးတော့ ရေးလိုက်တယ်.. မတောက်တခေါက် စာသားလေးတွေကို နားလည်ပြီး ဖတ်ပေးကြပါလို့… ။ ။
ရက်တွေ၊ လတွေ၊ နှစ်တွေ ပြောင်းလာခဲ့ပြီ.. အသက်လည်း တနှစ်ပြီး တနှစ် ကြီးလာပြီ.. ဘာတွေ ထူးထူးခြားခြား ပြောင်းလဲလဲဆိုတာ ကိုယ့်ကိုကိုယ် စဉ်းစားကြည့်မိတယ်.. ဘာမှလည်း ထူးခြားမလာခဲ့ပါလား…? ပြောင်းလဲလာတဲ့ အချိန်တွေရယ် ပြောင်းလဲလာတဲ့ ကိန်းဂဏန်းတွေရယ်အရ ရုပ်ပိုင်းဆိုင်ရာ အရသာ ရင့်ကျက်လာတယ်.. အခုထိ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက် နိုင်သေးဘူး.. အမြဲတမ်း ငယ်ငယ်ကစိတ်နဲ့ အရာအားလုံးကို တုံ့ပြန် နေမိတော့တယ်..
ဟိုရက်ကလည်း ကိုယ်လည်း လုပ်လိုက်တဲ့ အလုပ်တခုလည်း မဟုတ်.. သိလည်း မသိခဲ့တဲ့ ကိစ္စတခုကို လူကြီးမေးတော့ ကိုယ်ကမသိ.. မသိတော့ အဆူခံထိရော.. ဒါနဲ့ ကိုယ့်ဌာန ပြန်ရောက်တာနဲ့.. ဒီကိစ္စ ဘယ်သူလုပ်တာလဲ.. ဘာကြောင့် အဲလိုလုပ်တာလဲ စိတ်တိုတိုနဲ့ ဒေါသသံနဲ့ ပြောမိပါရော.. ဒါနဲ့ပဲ ဌာနတွင်းက လူတွေက ကိုယ့်အပေါ် မကျေနပ်တဲ့စိတ်တွေ ဖြစ်လာခဲ့တယ်.. တကယ်ဆိုရင် အဲလို ကိုယ် မဖြစ်သင့်တော့ဘူး.. အရာအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းသင့်ပါလျက်နဲ့ ဒေါသစိတ်ကို မထိန်းချုပ်နိုင်ပဲ ပြောမိလုပ်မိတယ်..
အခုချိန်ထိ အဲဒီ့စိတ်ကို မဖျောက်ဖျက်နိုင်သေးဘူး.. အရွယ်လေးလဲ ရလာခဲ့ပြီ.. ထိုက်သင့်တဲ့ အသိပညာတွေလည်း ရှိနေခဲ့ပြီ.. ဒါတောင် ဒီလိုဖြစ်ရတယ်လို့ ကိုယ့်စိတ်ကို မကျေနပ်ဖြစ်မိတယ်.. အိမ်မှာဆိုလည်း ဒီအတိုင်းပဲ.. ကိုယ်မလုပ်ရင် မပြီးတဲ့ကိစ္စတွေမှန်း သိရဲ့သားနဲ့ ဘယ်သူ့ကို စောင့်ပြီး ဘယ်လိုဒေါသထွက်မှန်းမသိ ဒေါသတွေထွက်.. မလုပ်ချင်လည်း မလုပ်ဘဲနေလိုက်.. လုပ်ချင်တဲ့အချိန် အားလုံးကို စုပြုံသိမ်းကျုံး အလုပ်လုပ်လိုက်နဲ့.. တခါတခါ ငါဘာလဲလို့တောင် တွေးမိတယ်.. အခုအချိန်ထိ ကိုယ်ဘာလုပ်ချင်တာလဲ ကိုယ့်ကိုကိုယ် ဆန်းစစ်လို့ကို မရနိုင်သေးဘူး..
မေမေကတော့ ပြောတယ်.. သစ်ရွက်လှုပ်ရင် ရယ်တတ်တဲ့အရွယ်လည်း မဟုတ်တော့ပါဘူးတဲ့.. သစ်ရွက်လှုပ်တာကြည့်ပြီး ရယ်လည်း မရယ်ချင်သလို ငိုလည်း မငိုချင်တော့ပါဘူး.. ဒါပေမဲ့ အခုချိန်ထိ ကိုယ့်စိတ်ဘာလဲဆိုတာ မသိသေးဘူး.. ကိုယ်လုပ်ချင်တဲ့ အလုပ်လား.. မလုပ်ချင်တဲ့ အလုပ်လား.. သေချာ မပိုင်းခြားနိုင်ဘူး.. အဲလို သေချာမသိတဲ့ စိတ်တွေနဲ့ပဲ အသက်တစ်နှစ် ကြီးလာခဲ့ပြီ..။ ။
အသက်တစ်နှစ် တိုးလာခဲ့တော့ ဒီနှစ် ငါ့မွေးနေ့မှာ ငါဘာလုပ်မှာလဲ စဉ်းစားမိတယ်.. မသေချာတဲ့ အတွေးတွေနဲ့ပဲ.. ဒါနဲ့ မွေးနေ့ကျရင် မနက်စောစော ဘုရားသွားမယ်.. ဘုရားမှာ ဘုရားဝေယျာဝစ္စတွေ လုပ်မယ်.. အမှိုက်လှည်းပေးမယ်.. ရေဖြည့်စရာရှိရင် ရေဖြည့်မယ်.. အတွေးက တမျိုး.. နောက်တမျိုးကကျတော့ သူငယ်ချင်းတွေကို မုန့်ကျွေးမယ်.. ဒီနှစ်က ထူးခြားတယ်ပေါ့ မွေးနေ့ မွေးလကျတယ်.. အမှတ်တရ မုန့်ကျွေးမယ်.. အိမ်မှာ ကြာဇံဟင်း ချက်စားမယ်ပေါ့.. သူငယ်ချင်းတွေ ဖိတ်မယ်ပေါ့.. ဒါပေမဲ့ မေမေက လုပ်ပေးနိုင်ပါ့မလား.. မေမေ ပင်ပန်းမှာလည်း မလိုလား.. တော်ပါပြီ.. အပြင်မှာပဲ လိုက်ကျွေးလိုက်တော့မယ်.. လို့ တမျိုးတွေးပြန်ရော.. ဒါမှ မဟုတ်.. မုန့်ဟင်းခါး ချက်ရင်တော့ မေမေလည်းနိုင်တယ်.. သူငယ်ချင်းတွေလည်း ကြိုက်တယ်ပေါ့..
အတွေးတွေ စုံနေတာပဲ.. အတွေးထဲမှာပဲ လှည့်လည်နေမိပြန်ရော.. အဲဒါတွေလည်း ကိုယ့်စိတ်ကို မနိုင်တဲ့ အတွေးတွေ.. အဲဒါ ဟိုအရင်လတွေ ကတည်းက တွေးလာခဲ့ ကိုယ့်စိတ်ကို မပိုင်နိုင်ခဲ့တဲ့ အရာတွေပေါ့.. အဲလိုစိတ်တွေက ငယ်ငယ်လေး ကတည်းက ရှိနေခဲ့တာ.. ပြောပြရင် ကုန်မှာမဟုတ်တော့ဘူး.. ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တာတွေကို.. ကျွန်မ အချစ်ဆုံး သူငယ်ချင်း.. ပေါ့ဆိမ့်ကတော့ ဆုံးမပါရဲ့.. စိတ်ကို တည်တည် ငြိမ်ငြိမ်ထားတဲ့ .. ဆရာတော် ဦးဇောတိက စာတွေကိုလည်း များများ ဖတ်ပါတဲ့လေ.. အခုထိတော့ သူပြောသလို မလုပ်နိုင်သေးဘူး.. အဟဲ..။ ။
ဒီနှစ်တော့ အပီအပြင်ကို ပြောင်းလဲတော့မယ် ဆုံးဖြတ်ချက်ကလေးနဲ့ စိတ်ဆုံးဖြတ်လိုက်တယ်.. မွေးနေ့ကျရင် ညနေပိုင်း ကျမှ အေးအေးဆေးဆေး ဘုရားသွားမယ်.. မနက်ခင်းကို မေမေ့ကို ကူပြီး မုန့်ဟင်းခါး ချက်စားမယ်.. သူငယ်ချင်းတွေကို ဖိတ်မယ်.. နောက်ရက်ကနေစပြီး.. နေ့တိုင်း ဘုရားရှစ်ခိုးမယ်.. လူတွေကို အပြုံးလေးနဲ့ အမြဲကြိုဆိုမယ်.. ကိုယ်ဘယ်လောက် ဒေါသထွက်ထွက် လုံးဝ အပြုံးမပျက်စေရဘူး.. လူတိုင်းနဲ့ တည့်အောင်ပေါင်းမယ်.. မေမေကို စိတ်ချမ်းသာအောင် ထားမယ်.. သူငယ်ချင်းလေး ပေါ့ဆိမ့် ပြောသလို စာများများဖတ်ပြီး စိတ်ဓာတ် ခိုင်မာအောင် ကြိုးစားမယ်.. နောက်ဆုံးတခု (ကြွားပြောလေးနဲ့) နောက်နှစ်ဆန်းမှာ ချစ်သူနဲ့အတူ ဘ၀ခရီးကို အတူ လက်တွဲသွားမယ်..။ ။
သူငယ်ချင်း ပေါ့ဆိမ့်ရဲ့ မွေးနေ့အမှတ်တရ ကဗျာလေးကို ပြန်ရှာရင်းနဲ့ ငယ်ငယ်တုံးက ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေရဲ့ စာများစွာကို သွားတွေ့တယ်.. သူတို့တွေ ရေးထားတဲ့ စာတွေအားလုံး ကျွန်မဆီမှာ အကုန် ရှိနေပါသေးတယ်.. အမှတ်တရ ပို့ပေးထားတဲ့ ပုံလေးတွေ ကဗျာလေးတွေ အားလုံးလည်း အမှတ်တရ ရှိနေဆဲပါပဲ.. ကျွန်မ သူငယ်ချင်းလေးတွေကို အရမ်းလွမ်းမိပါတယ်..
ဆင်တဲမြေကနေ ခွဲခွာခဲ့ရတာ (၁၆)နှစ်ကျော် ကြာခဲ့ပေမဲ့ အခုချိန်ထိ မမေ့နိုင်သေးဘူး.. အခုဆို ပိုအမှတ်ရ မိပါသေးတယ်.. ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်း ပေါ့ဆိမ့် ရဲ့ (11-7-2010) ရက်နေ့မှာ ကျရောက်မဲ့ ice ရဲ့မွေးနေ့အတွက် အမှတ်တရ တင်ပေးတဲ့ စာလေးတွေ ကြောင့်ပါ.. ကျွန်မကို မမေ့ဘဲ အခုချိန်ထိ ချစ်ခင်နေကြတဲ့ သူငယ်ချင်းလေးတွေကို ကျွန်မကလည်း အရမ်းချစ်ပါတယ်လို့ ပြောချင်ပါတယ်.. အခုချိန်ထိ ပြန်မဆုံနိုင် သေးပေမဲ့ တနေ့နေ့မှာ ဆုံနိုင်မယ်လို့ ယုံကြည်ရင်း……။ ။
ပုံလေးများကို ဦးဦး ဂူဂယ် ဆီမှ တောင်းထား ပါတယ်ရှင် …
ဆင်တဲ က မြေနီလမ်း

တစ်ခါဖူးမှ၊ မလုပ်ဖူးပေမို့ 
ဒီတစ်ခါဖြင့်၊ တကယ်ပန်းလှကွဲ့ …
ဒူးပေါင်စုတ်ပြဲ၊ အလုပ်ကြမ်းပေမို့ 
လက်ဖဝါးနုနု၊ သွေချည်ဥရပြီ …
နဖူးကချွေး၊ အသွင်ပြောင်းပြီမို့ 
တောင်ကျချောင်းနှယ်၊ ခြေမရင်းအထိ
စီးဆင်းခဲ့ရပြီ …
ကိုယ်သွားမယ့်လမ်း၊ ကိုယ်ခင်းရပေမို့ 
သွေးချွေးရောထွေး၊ မြစ်ချောင်းဖြစ်ပါစေ
သုတ်အားသေးဘူးကွဲ့ …
( ဘလက်ကော်ဖီ )
ရုံးပိတ်ရက်ဆိုရင် စောစောထပြီး လမ်းလျှောက် တောင်ကုန်းလေးပေါ်တက် အသက်ရှု လေ့ ကျင့် ခန်းလုပ်ရင်း သဘာဝ ပန်းချီကားကိုကြည့် ရှု့ နေထွက်လာပြီဆိုမှ ပန်းတောင်းတောင်ကုတ် လမ်းမပေါ်ကနေတဆင့်  ဆင်တဲဈေးကိုသွားကြတာ။ ကျနော်တို့ မိသားစုရဲ့ အလေ့ အကျင့် တစ်ခုပါ။ အိမ်ရှေ့ ကွန်ကရစ်လမ်းအတိုင်း ဆင်းလာရင် ဆင်တဲကျောင်းကို ဖြတ်သွားမှသာ ပန်းတောင်း-တောင်ကုတ်လမ်းမ ပေါ်ရောက်ပါတယ်။ လမ်းရဲ့ ဘယ်ဘက်မှာ မူလတန်းနဲ့  အထက်တန်း ကျောင်းဝန်းရှိပြီး ညာဘက်မှာတော့  အလယ်တန်း ( ၂ထပ်ကျောင်းဆောင်သစ် ) ကျောင်းဝန်း ရှိပါတယ်။
ကျောင်းသားတွေ များလာတာနဲ့  ၂ထပ်ကျောင်းဆောင်ကို အသစ်ဆောက်ပြီး အလယ်တန်းအတွက် သတ်မှတ်လိုက်တာပါ။ ကျောင်းဆောင်သစ် ရဲ့ ဘယ်ဘက်မှာ တောင်ကုန်းလေး တစ်ခုရှိပါတယ်။ နံနက်စောစော တောင်ကုန်းပေါ်ကနေ ၂ ထပ်ကျောင်းဆောင်၊ပန်းတောင်း-တောင်ကုတ်လမ်း၊ ဧရာဝတီမြစ် ၀ဲယာဘက်ခြမ်းက မှုန်ပျပျမြင်ရတဲ့ ပဲခူးရိုးမနဲ့ ရခိုင်ရိုးမ တောင်းတန်း၊ အရှေ ဘက်က ထွက်သစ်စနေလုံးကြီးကို ကြည့် ရတာ ခွန်အားတွေ ရလာသလိုပါပဲ။ ကျနော့် အတွက်တော့ ခွန်အားပေးတဲ့ သဘာဝ ပန်းချီကားကြီး တစ်ခုပေါ့ ဗျာ … ။
၂ ထပ်ကျောင်းရဲ့ ညာဘက်မှာတော့  ကွန်ကရစ်လမ်းကနေ ရွာသစ်ကိုသွားတဲ့ လေးပေလောက်ရှိပြီး လမ်းမဟုတ်တဲ့  လမ်းကျဉ်းလေး တစ်ခုရှိတယ်။ မှတ်မှတ်ရရ တနင်္ဂနွေတစ်နေ့ မှာပေါ့  … ထုံးစံအတိုင်း ကျနော်တို့ မိသားစု အိမ်ကနေ ထွက်ခဲ့တယ်။ တောင်ကုန်းလေးပေါ် တက်ပြီး သဘာဝ ပန်းချီကားကိုကြည့် နေလိုက်ပါတယ်။ ဒါပေမယ့်  ကျောင်းရဲ့ တစ်ဖက် လမ်းကျဉ်းလေးကတော့  အရင်လိုမဟုတ်ဘူး။ မြေတူးတဲ့ စက် လမ်းကြိတ်စက် နောက်ပြီး မြေတင်ကားတွေနဲ့ အလုပ်ရှုပ် နေကြတယ်လေ… ဒါနဲ့ ကျနော့် ဖေဖေကို မေးကြည့် တော့ လမ်းဖောက် နေကြတာတဲ့ …
နောက် ၂ ပတ်လောက်ကြာတော့ ကားကြီးတစ်စီး ကောင်းကောင်း သွားလို့ ရတဲ့ မြေနီလမ်းတစ်ခု အဖြစ် ပြောင်းလဲသွားတယ်။ ဓါတ်မီးတိုင်လေးတွေ နဲ့ပေါ့။ တစ်လလောက် ကြာတော့ မြေနီလမ်းဘေးမှာ ဘောလုံးကွင်းတစ်ခု ဖြစ်လာပြန်တယ်။ကျောင်း ဘောလုံးကွင်း အနေနဲ့ ပေါ့။ အခု တော့ကျနော့် ရဲ့သဘာဝ ပန်းချီကားလေးထဲမှာ မြေနီလမ်းလေးနဲ့ ကျောင်းဘောလုံးကွင်းလေး တိုးလာလို့  လှချင်တိုင်း လှနေပြန်ပြီလေ … ( ရေသန့် )
အနီရောင်လမ်းကလေး မိုးတစ်ပြိုက်ရွာသွန်းပြီးမှ ပြန်ထွက်လာသော နေမင်းကြီး၏ ဆည်းဆာချိန်သည် ဆုံးထွန်းလင်းမှူ့ အပြည့်ဖြင့် တစ်နေ့တာကိုနှူတ်ဆက်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ မိုးရွာသွန်း ပြီးကာစ မြေပြင်တစ်ခုလုံးကို ညနေခင်း၏ နေရောင်ဖြင့်ပြတ်သားစွာ မြင်နေရပါတယ်။ မိုးရေတို့ဖြင့် ရေပြည့်နေသော လယ်ကွင်းထဲမှ မြစိမ်းရောင် အဆင်းဖြင့် အလေ့ကျ ပေါက်ပင်များကလည်း ကောက်ပင်များ ရောက်မလာခင် လယ်ကွင်းများကို တစ်နည်းတစ်ဖုံဖြင့် သူတို့ တတ်နိုင်သလောက် စွမ်းအားများဖြင့် အစွမ်းကုန် အလှဆင် နေကြရှာပါတယ်။ လယ်ကန်သင်း ပေါ်မှာလည်း ကဏန်းကောင်များက တစ်ရွေ့ရွေ့သွားနေ ကြပါတယ်။ ရေပြည့်နေတဲ့ လယ်ကွက်ထဲမှာတော့ မိုးရာသီရဲ့ အဆိုတော် ကိုရွှေဖားတို့မှာလည်း လယ်ကွင်း ပြည့်အောင် ရွာသွန်းထားတဲ့ မိုးရေတို့နဲ့အပြိုင် မြူးတူးအော်ဟစ် နေကြပါတယ်။
နေရောင် ပြန်ထွက်လာတာနဲ့တစ်ပြိုင်နက် ခုနက ရွာသွန်းခဲ့တဲ့မိုးကြောင့် ကောင်းကင်ထက်မှာ ခဏတာ ပျောက်ကွယ်နေခဲ့တဲ့ အရောင်သွေးပေါင်းစုံနဲ့ ငှက်ကလေးများကလည်း ညနေခင်း၏ နောက်ဆုံး တောက်ပနေသော နေရောင်ကို အားပြုပြီး သူတို့ရဲ့ အသိုက်မြုံရှိရာ အိမ်ပြန်လမ်းကို ဦးတည်နေကြပါပြီ။ တစ်ချို့ ငှက်ကလေးများက အနီးအပါးမှာ နေထိုင်ကြတာ ဖြစ်ဟန်တူပါတယ်။ အနီးအပါးမှာ တစ်ခဏတာပျံဝဲပြီး ပျောက်ကွယ်သွား ကြပါတယ်။ တစ်ချို့ငှက်ကလေးများကတော့ ဝင်လုဆဲဆဲ နေမင်းကြီး၏ အောက်ဖက် ကောင်းကင်ယံမှာ ကောင်းကင်၏ အရောင်လို ပြာမှိုင်းညို့ နေတဲ့ ရခိုင်ရိုးမ တောင်တန်း ကြီးတွေရှိတဲ့ ဘက်ကို ဦးတည်ပြီး ပျံသန်း သွားတာကိုတွေ့ နေရပါတယ်။ သူတို့ဘယ်ဆီမှာ နေတယ် ဆိုတာကိုတော့ မသိနိုင်ဘူးလေ။ ဒီညတော့ အိမ်ပြန်ချိန် မှီအောင် ပြန်ရောက် ပါ့မလားတော့ မသိဘူး။ ကောင်းကင်ကြီး အောက်မှာရှိတဲ့ စိမ်းစိုစပြု နေတဲ့ မိုးဦးကြို လယ်ကွင်းတွေရဲ့ အလယ်မှာတော့ အနီရောင် မြေနီလမ်းလေး ကတော့ မပြောင်းလည်းပဲ လဲလျောင်းပြီး တည်ရှိ နေပါတယ်။ (ပုံမှန်)
ဘိုဖြူ သီချင်းထဲကလို မြေနီလမ်းလေးကနေ စောင့်နေမဲ့သူ ကျွန်မမှာမရှိပါဘူး. ဒီမြေနီလမ်းပေါ်မှာ ချစ်သူနဲ့အတူ လက်ချင်းချိတ်လို့ ကြည်နူးဖွယ် စကားလေးတွေ ပြောရင်း လမ်းမလျှောက်နိုင်ခဲ့ပါဘူး. ဒါပေမဲ့ ကျွန်မ အဲဒီ့လမ်းလေးကို မေ့လို့မရခဲ့ပါဘူး. ကျွန်မ ငယ်ငယ်က ဖြတ်လျှောက်ခဲ့ဖူးတဲ့. ပြေးလွှား ဆော့ကစားခဲ့ဖူးတဲ့. စက်ဘီးလေးနဲ့ ပျော်ခဲ့ဖူးတဲ့ ဒီလမ်းလေးကို အခုအချိန်ထိ အိမ်မက်ထဲမှာ တ၀ဲလည်လည် ရှိနေဆဲပါပဲ. မိုးလေး ဖြိုင်ဖြိုင် ကျလာပြီဆိုတာနဲ့. လယ်ကွင်းပြင်မှာ ရေဖွေးဖွေးတွေ မြင်တွေ့နိုင်သလို မြေနီလမ်းလေးရဲ့ အနိမ့်ပိုင်း နေရာတွေကို ရေ လွှမ်းမိုး သွားတက် ပြန်ပါသေးတယ်. မြေနီလမ်းလမ်းလေး ရဲ့ အဆုံး ရွာသစ်ထိပ်က အကြော် ဆိုင်လေးကိုလည်း လွမ်းမိ ပါသေးတယ်. ညီအစ်မ နှစ်ယောက် အကြော် သွားဝယ်ရင်း မြေနီလမ်းလေး ကနေ စက်ဘီးစီး ပြန်ခဲ့ကြတဲ့ အချိန်တွေကို ပြန်တမ်းတမိ ပါသေးရဲ့…
ကျူရှင်အပြီး ကျောင်းကို အပြေး သွားခဲ့ကြတာလဲ ဒီမြေနီလမ်းလေး ပေါ်မှာပါပဲ.. ဒီမြေနီလမ်းလေးနဲ့ ကျွန်မ ဘယ်လောက်တောင် တွဲမိသလဲ ဆိုရင် ကျွန်မ ဆင်တဲမြေက ခွဲခွာ သွားပြီးကတည်းက အခုချိန်ထိ တောက်လျှောက် ဒီမြေနီလမ်းလေးကို အိမ်မက်ထဲမှာ စွဲစွဲမြဲမြဲ မက်နေဆဲပါပဲ. မက်လိုက်တိုင်းလည်း မြေနီလမ်းလေးက မြေနီလမ်းပျောက်ပြီး.. ရေဖွေးဖွေးပေါ်မှာ ကျွန်မ ပြေးတယ်. စက်ဘီးစီးတယ်. အဲဒီ့လမ်းပေါ်က ရေပေါ်မှာ အမြဲရှိနေတတ်ခဲ့ ပါသေးတယ်.. ရေထဲပြုတ်ကျမှာ စိုးတဲ့ ကျွန်မစိတ်က ဒါက မြေနီလမ်းလေး တစ်ခုပဲဆိုတဲ့ အတွေးနဲ့ ပျော်ရွှင်နေမိ ပြန်ပါသေးတယ်.. ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် ကျွန်မနဲ့ မြေနီလမ်းလေးက အမြဲတွဲလျက် ရှိနေအုံးမှာပါ… ( Ice ကော်ဖီ )
ရင်ခွင်မှာ အလွမ်းတွေ တို့လို့ တန်းလမ်းနဲ့ အပြုံးကို ထမ်းပြီး အဲဒီလမ်းလေးပေါ်က ဖြတ်ကာ ကျွန်တော် အိမ်ပြန်ဖူးတယ်။ ခြေဖဝါးကိုလာထိတဲ့ အတွေ့က မိသားစုဆန်ပြီး နွေးထွေးတယ်။ ဘယ်အချိန်သွားသွား တည်ငြိမ်တဲ့ သွင်ပြင်တဲ့ သွင်ပြင်နဲ့ သူ့ရင်ခွင်ကို ပေးဆပ်ထားတယ်။ ဒီလမ်းလေးပေါ်မှာ ကျွန်တော် အောင်မြင်မှု့တွေနဲ့ အပြုံးတွေ ဖိတ်စင်ကျခဲ့ဖူးသလို ကြေကွဲမှု့တွေ အမှီးအမှောက် မတည့်စွာနဲ့ ဝင်လာတဲ့အခါ ဒီလမ်းလေးထက်မှာ ကျွန်တော် ဒူးထောက်ခဲ့ရဖူး ပြန်တယ်။
ချစ်သူနဲ့ ကျောင်းအတူ သွားပြီး ချစ်သူ ထားသွားခဲ့တာလည်း ဒီလမ်းလေးပေါ်မှာ ပါပဲ။ လူငယ်ဘဝ မွန်းကျပ်မှု့တွေကို ဖောက်ထုတ်ဖို့ ဂစ်တာသံတွေနဲ့ ညတွေကို နေသားကျ ခိုင်းခဲ့တာ ဒီလမ်းလေး ထက်မှာပေါ့။ ရသပေါင်းစုံ ပေးခဲ့တဲ့ ကျွန်တော့်ဘဝ ဇာတ်ထုတ်တွေ ထဲမှာတော့ လမ်းကလေးဟာ ဗီလိန် မဟုတ်တဲ့ ဇာတ်ပို့ သက်သက်ပေါ့။ ခုတော့ ကံကြမ္မာ အလိုကျ ကျွန်တော်တို့ ဝေးနေရတော့ ဘဝခရီးကြမ်းနဲ့ အိမ်ကို လွမ်းတဲ့အခါ တမ်းတမ်းတတ နဲ့ ဒီလမ်းကလေးကိုပါ လွမ်းနေရတယ်။ ( ချိုကျ )
မြေနီလမ်း ဆိုတဲ့ နာမည် လေးကြားတာနဲ့ အရင်ကအတိတ်ကို ပြန်သတိရနေမိတယ်။ ဘာကြောင့် လည်းဆိုတော့ ကျွန်တော်မှာ မြေနီလမ်း နဲ့ ပတ်သတ်တဲ့ ကြေကွဲစရာ အဖြစ်အပျက် အတိတ်တခုရှိခဲ့ ဖူးတယ် … ကျွန်တော်တို့ အနားမှာ ရှိတဲ့ မြေနီလမ်း လေးရဲ့ အကျယ်ကတော့ ၁၀’ ပေ ၀န်းကျင်လောက် ရှိမယ်ထင်တယ်။ လမ်းဘေး ၀န်းကျင်မှာလဲ ပေါက်ပင် တွေ လက်ပံပင်၊ မယ်ဇလီ ပင် တွေနဲ့ သာယာလှပါတယ်။ တနေ့သောညနေခင်း ဒီမြေနီလမ်းလေးမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ စက်ဘီးလျှောက် စီးနေတုန်း.. မထင်မှတ်ပဲ သူနဲ့ စတင်ဆုံတွေ့ ခဲ့ ပါတယ်။ စကားတွေ စတင်ပြောဖြစ်ခဲ့ ကြတယ်။ ဆုံတွေခဲ့ ပုံလေးကတော့ … စက်ဘီးချင်း ချိတ်မိရာက စခဲ့ ကြတယ်ဆိုပါတော့ အဲ့ ဒီအချိန်က စပြီးတော့ ကျွန်တော် နှလုံးသားထဲ သူစတင်ရောက် ရှိခဲ့ ပါတယ်။ စက်ဘီးချိတ်ရာကို အကြောင်းပြုပြီး ကျွန်တော် သူနဲ့ မြေနီလမ်းလေးရဲ့ ဘေး ပေါက်ပင်လေးရဲ့ အောက်မှာ စကားတွေ ပြောဖြစ်ခဲ့ ကြပါတယ်။
ဒီလိုနဲ့ လေးငါးလလောက် ကြာတဲ့ အခါမှာ ကျွန်တော် သိပ်ချစ်နေမိတဲ့ အကြောင်း သူ့ကို ဖွင့်ပြောလိုက်တယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် ချစ်သူတွေဖြစ်ခဲ့ ကြတယ်။ ချစ်သူတွေစဖြစ်တဲ့ နေ့မှာပဲ ပေါက်ပင်လေးရဲ့ အောက်မှာသူနဲ့ ကျွန်တော်သစ္စာပြု ခဲ့ကြတယ်။ တစ်ဦးပေါ်တစ်ဦး ခွင့်လွတ်နားလည်ရင်း သစ္စာရှိရှိ နဲ့ တဘ၀လုံးချစ်ကြမယ်လို့။ ဒါပေမယ့် သူကျွန်တော်ကို အရမ်းရက်စက်သွားခဲ့တယ်။ ကျွန်တော်ကတော့ သူ့ကိုချစ်လိုက်ရတာ ဘ၀နဲ့ ရင်းပြီး သူကတော့ ကျွန်တော်ကို လုပ်ရက်တယ် သူကျွန်တော်ကို ချစ်တယ်ဆိုတဲ့ အချစ်က ဘာလဲ ကျွန်တော့်မှာတော့ ခံစားလိုက်ရတာ ကြေကွဲမတက်ပဲ။ ဒီမြေနီလမ်းမှာစတဲ့ ဇတ်လမ်း ဒီမြေနီလမ်းမှာပဲ အဆုံးသတ် လိုက်ပါပြီ။ ( ကျဆိမ့် )
ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရယ်၊ နောက် စက်ရုံ / အလုပ်ရုံတွေကို သွားတဲ့ လမ်းတွေကလွဲလို့ ဆင်တဲမှာက မြေနီလမ်းတွေပဲ များပါတယ်။ တချို့နေရာတွေက တကူးတက ခင်းထားရတာ ဖြစ်ပြီး တချို့နေရာတွေ ကြတော့ အောက်ခံမြေသား ကိုက မြေနီနဲ့ ကျောက်စရစ် ရောပြွန်းတဲ့ မြေမျိုးတွေပါ…။ ဒီ မြေနီလမ်းလေးတွေရဲ့ အပေါ်မှာ… တချိန်ကတော့ ကျောင်းသွား/ကျောင်းပြန်ချိန်တွေဆို အဖြူအစိမ်းဝတ် ကျောင်သား/ ကျောင်းသူတွေနဲ့ အတူ ကိုယ်ကိုတိုင် ဒီ မြေနီလမ်းလေးတွေရဲ့ အပေါ်မှာ နင်းလျှောက် ခဲ့ဖူးတယ်လေ..။
နှင်းတွေ တအားကျတဲ့ ဆောင်းမနက်ခင်းပိုင်း တွေဆို ဒီ လမ်းလေးတွေ ပေါ်မှာ နင်းလျှောက်ရတာ အရမ်း ကဗျာဆန်ပါတယ်။ လမ်းဘေးက မြက်ခင်း စိမ်းစိမ်းလေးတွေ အပေါ်မှာ နှင်းစက်လေးတွေ စိုရွဲလို့ ပတ်ဝန်းကျင် တခုလုံးကလဲ အေးမြ စွတ်စိုလို့လေ..။ တချက် တချက် တိုက်လိုက်တဲ့ မြောက်ပြန်လေ အေးအေးလေးတွေကြောင့် ပတ်ဝန်းကျင်တခုလုံးကလဲ အေးမြစွတ်စိုလို့လေ..။ ကျနော် တခုခုကို မကျေမနပ် ဖြစ်နေတဲ့ အချိန်မျိုးတွေဆို ဒီမြေနီလမ်းလေးတွေအပေါ်က ခဲလုံးလေးတွေကို အကြောင်းမဲ့ အဝေးကို ကန်ပစ်ခဲ့ဖူးတယ်..။
ရန်ကုန်မှာတင် မြေနီကုန်းရှိတာ မဟုတ်ပါဘူး..။ ဆင်တဲမှာလဲ မြေနီကုန်း ရှိပါတယ်..။ အတွဲတွေ ချိန်းတွေ့တဲ့ နေရာဆိုတော့ နာမည် ကျော်တာပေါ့နော်..။ (ချိုကျ တို့ ဂွင်တွေပေါ့၊ တချိန်က..) အဲ မြေနီလမ်း အကြောင်း ရေးနေတာကနေ မြေနီကုန်းကို ရောက်သွားပြီ..။
(ပေါ့ဆိမ့်ကတော့ ဒီလမ်းလေးတွေ အပေါ်မှာ လိုက်တွန်းဖူးတယ်လေ…၊ စက်ဘီး ) ![]()
ဒီလမ်းလေးတွေ အပေါ်မှာ လျှောက်ခဲ့ရစဉ်တုန်းကတော့ နောင်တချိန်ကြရင် ဒီလမ်းလေးတွေ အကြောင်းကို ခုလို ရေးရလိမ့်မယ်လို့ တခါမှ မတွေးမိပါဘူး..။ ခုတော့လဲဗျာ… ဆင်တဲအကြောင်းကို တွေးမိလိုက်တိုင်း ဒီမြေနီလမ်းလေးတွေကတော့ အမှတ်တရ ရှိနေဦးမှာပါ…။ ( ရေနွေးကြမ်း )
ငွေကြယ်ရောင်မစင်
ဝေဟင်မှာ နေမမြင်ခင်
ကြင်သူ့ခြေရာထင်
သေချာအောင်ဆီးကြို
ရောင်နီပျိုမှ မှောင်ရီခို
သူ့သတင်းကချို
အလှပိုကာဆန်း
သဘာဝရဲ့ ပန်းချီခန်း
ငါတို့ မြေနီလမ်း …
…(ပေါ့ဆိမ့်)…
ကျမတို့ ဆင်တဲကဖေး ၀ိုင်းတော်သားတွေ ကျမတို့ ဆင်တဲ က မြေနီလမ်းလေးကို ခံစားမိ သလောက် စုပေါင်း ရေးဖွဲ့ ထားတာ ဖြစ်လို့ တစ်ယောက်တစ်ပေါက် ဖြစ်နေ ပါတယ်။ အဆက်အစပ် မရှိတာ ဖြစ်နေ တဲ့ အတွက် သီးခံ ခွင့်လွှတ် နားလည်ပေး ပြီး ခံစားပေး စေလို့ ပါတယ်။ စာဖတ်သူ သူငယ်ချင်း အားလုံးကို ကျေးဇူး တင်ပါတယ်ရှင်။



