Author Archive
အွန်လိုင်းကြော်ငြာလုပ်ငန်းက မြန်မာ့ဝက်ဘ်ဆိုက်များအတွက် ကြော်ငြာရှာပေးမည်ဆို
မြန်မာ ဝက်ဘ်ဆိုက်ပေါင်း ထောင်ကျော်အား ကြော်ငြာပေး၍ အွန်လိုင်းမှ ဝင်ငွေ ရှာဖွေပေးမည့် အစီအစဉ် တစ်ရပ်ကို Myanmar Online Adversing ( Myanmar Version ) မှ ယခုလတွင် စတင် အကောင်အထည် ဖော်တော့မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နည်းပညာ၊ ကဗျာ၊ Social ၊ ဖိုရမ်၊ သတင်း စသော ဝက်ဘ်ဆိုက်ပေါင်း ထောင်ချီ ရှိနေပြီး မြန်မာတို့  ၏ ကုန်ပစ္စည်းများကို မြန်မာဝက်ဘ်ဆိုက် များတွင် ကြော်ငြာခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ မြန်မာများ ကြည့်ရှု နိုင်မည်ဟု ဆိုသည်။
ဝက်ဘ်ဆိုက်များကို ကြော်ငြာ ပေးအပ်ရာတွင် မည်သည့် ISP မှ မပိတ်ထားသော ဝက်ဘ်ဆိုက် တစ်ခု ရှိရမည် ဖြစ်ပြီး ၊ Porn နှင့် Political ဆိုက်များ မဖြစ်စေရဘဲ Post များ Update ဖြစ်ရမည်ဟု သိရသည်။ Visitor Count Widget ပါရှိရမည် ဖြစ်ပြီး တစ်ရက်လျှင် Visitors ကြည့်ရှုသူ အယောက် ၂၀ နှင့် ၂၀ အထက် ရှိသော ဆိုက်ဖြစ်မှ ကြော်ငြာ ရရှိမည် ဖြစ်သည်။
MOA ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဝက်ဘ်ဆိုက် ရေးသူများ သွားရောက် မှတ်ပုံတင် ရမည်ဖြစ်ပြီး မှတ်ပုံတင်ပြီးသော ဆိုက်များကို တစ်ပတ်ခန့်  ကြည့်ရှုပြီး တစ်ပတ်ပြည့် ပါက MOA Admin များမှ ကြော်ငြာနှင့် ကုတ်ကို ပို့ ပေးမည် ဖြစ်သည်။ ကြော်ငြာကို ဆိုက်၏ သိသာ ထင်ရှားသော နေရာတွင် တင်ပေးရမည် ဖြစ်ကာ လူတစ်ယောက်ကို ကြော်ငြာ တစ်ခုသာ စတင် ရရှိမည် ဖြစ်သည်။ ကြော်ငြာတင်ပြီး နောက်တစ်ပတ်တွင် ငွေကျပ် ခြောက်သောင်းကို လာရောက်ထုတ်ယူ နိုင်ပြီ ဖြစ်ပြီး၊ ၆လစာ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
MOA ၏ တရားဝင် ဝက်ဘ်ဆိုက်ကို မကြာမီ ကာလအတွင်း မီဒီယာများသို့  ကြေငြာသွားမည် ဖြစ်ကြောင်း သိရသည်။
7 DAY NEWS သတင်းဂျာနယ်မှ သတင်းတစ်ပုဒ်အား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။
ဟမ်ဘာဂါစားသုံးသော ကလေးများ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေများ
အသီးအရွက်နှင့် ငါးစားသုံးသော ကလေးများသည် ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းပြီး ဟမ်ဘာဂါ အသားညှပ်ပေါင်မုန့် များ တစ်ပတ်လျှင် ၃ကြိမ်ထက် ပိုမိုစားသုံးသော ကလေးများမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ရန် အန္တရာယ်များကြောင်း သုတေသီများက တွေ့ ရှိထားသည်။ နိုင်ငံပေါင်း ၂၀မှ ကလေးပေါင်း ငါးသောင်းကို လေ့လာခဲ့ရာမှ ယခု အချက်များကို တွေ့ ရှိလာခြင်း ဖြစ်ကြောင်း သစ်သီးများ၊ အသီးအရွက်နှင့် ငါးများသည် ကလေးများအား ပန်းနာရင်ကျပ်ရောဂါ ဖြစ်ခြင်းမှ ကာကွယ် ပေးပုံရကြောင်း Thorax ဂျာနယ်တွင် သုတေသီ များက တင်ပြထားသည်။
ဟမ်ဘာဂါ စားသုံးခြင်းမှာ ကျန်းမာရေးနှင့် မညီညွတ်သည့် အလေ့အကျင့်တွင် ပါဝင်ပြီး၊ ယင်းအလေ့အကျင့်ကြောင့် ရင်ကျပ်ရောဂါ ဖြစ်စေသည့် အကြောင်း အရင်း ဖြစ်နိုင်ကြောင်း သူတေသီများက ပြောကြားသည်။ ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံ နှစ်မျိုး စလုံးမှ ကလေးပေါင်း ငါးသောင်းကို ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ ကလေးများ၏ အစားအသောက် အလေ့အကျင့်ကို မိဘများအား မေးမြန်ခဲ့ပြီး ၎င်းတို့ ကလေး ပန်နာရင်ကျပ်ရောဂါ ခံစားရခြင်းရှိ၊ မရှိကိုလည်း သုတေသီများက မေးမြန်းလေ့လာ ခဲ့ကြသည်။
ဆင်းရဲသော နိုင်ငံများတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စားသုံးခြင်းက ကလေးများအတွက် အထောက်အကူ ဖြစ်စေပြီး ချမ်းသာသောနိုင်ငံများတွင် ငါးများများစားသုံးခြင်းက ကလေးများကို ကူညီနိုင်ကြောင်း သုတေသီများက ကောက်ချက်ဆွဲထားသည်။
ကျွန်တော်ပြန်တမ်းတမိသောနွေညများ
သြော်….နွေနေ့ ရက်တို့ ကုန်ဆုံးလို့ မိုးဦးကာလတောင် ရောက်တော့မှာပါလား။ ဟိုဟိုဒီဒီတွေးရင်း အတွေးတွေက ဟိုရောက်ဒီရောက်နဲ့  အတိတ်ဆီလွင့်မျောသွားတဲ့ခဏ လွမ်းစရာ့နွေညများက အာရုံတွင်တရေးရေး ပြန်ပေါ်လာသည်။ လူပျိုဝင်စ အရွယ်ရောက်လာသော ကျွန်တော်တို့  ကို ရပ်ကွက်က နေရာပေးလာသည်။ ရက်ရွာ၏ သာရေးနာရေးများတွင် ပါဝင်ကူညီ လုပ်ကိုင်ခွင့်များရလာသည်။
ဟိုအရင် အရွယ်မရောက်ခင်ကဆိုလျှင် ကလေးတွေ လာမရှုပ်နဲ့ ဝေးဝေးသွားနေစမ်းဆိုသော စကားတစ်ခွန်းနဲ့ ဘေးထွက်နေခဲ့ကြရသည်။ ကျွန်တော်တို့  နယ်တွင်သာရေးနာရေးများ၌ ရပ်ကွက်အတွင်းမှ လူငယ်များ ဝိုင်းလုပ်ဝိုင်းစားဖြင့် အလွန်ပင်ပျော်ဖို့ ကောင်းသည်။ ပွင့်လင်းရာသီအချိန်ရောက်လျှင် မီးရေးထင်းရေး စိုးရိမ်ရသောကြောင့် ရပ်ကွက်အတွင်း လူကြီးများကဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့  များဖွဲ့ ကြသည်။ 
ညဘက် အဖွဲ့  များခွဲ၍ လူငယ်များ မီးကင်းစောင့်ကြရသည်။ ကိုယ့်အဖွဲ့ ဖြင့်ကိုယ် အလှည့်ကျ မီးကင်းစောင့်ရခြင်း ဖြစ်သော်လဲ ညဘက်ရောက်လျှင်လူငယ်များ မီးကင်းတွင် စုဝေးရောက်ရှိနေတတ်သည်။ မီးပိတ်ချိန် မီးစစ်တာဝန်ကျသော မီးသတ်လူငယ်များ ပြန်ရောက်လာလျှင် ရွာလမ်းမကြီးပေါ် လူသွားလူလာပြတ်တာနဲ့ ကာလသားများ လူကြီးနှင့်လူငယ်ခွဲ၍ ဘောလုံးကန်ကြသည်။ လူကြီးများက အလျှော့မပေးသလို လူငယ်များကလဲ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် ကစားသောကြောင့် ညဘက်ရွာလမ်းမပေါ်မှ ဘောလုံးပွဲများမှာ အကြိတ်အနယ်ရှိလှသည်။
ဘောလုံးမကန်သောသူများက အားလုံးစားသောက်ဖို့ အတွက် ချက်ပြုတ်ပြင်ဆင်ကြသည်။ ရပ်ကွက်အတွင်းရှိ တတ်နိုင်သောအိမ်များမှ မီးကင်းစောင့်သော ကာလသားလူငယ်များ စားသောက်ရန်အတွက် ဆန်၊ လက်ဖက်၊ ထန်းလျက်၊ ပေါက်ပေါက်ဆုပ်နှင့် စားစရာများ ပေးကမ်းလေ့ရှိသောကြောင့် အစားအသောက်အတွက် မပူရပေ။ ဒါကြောင့်လဲ ဆင်တဲဒေသတွင် ကျွန်တော်တို့ ရပ်ကွက်မှာ လူညီသော ရပ်ကွက်အဖြစ် လူသိများသည်။ ထို့ ပြင် နွေညများ၌ ပျော်ဖို့ ကောင်းသောအချက်မှာ ကာလသားလူငယ်များ ညဘက်တွင် စည်းစည်းလုံးလုံးဖြင့် ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြခြင်း ဖြစ်သည်။
ညဘက်ချက်ပြုတ်စားသောက်ရန်အတွက် နေ့ ခင်းဘက်ကတည်းကပြင်ဆင်ကြလေ့ရှိသည်။ ခြံထဲ သွားသောသူများ ခြံထဲမှ ခါခြင်ထုတ်များ ထိုးလာလေ့ရှိသလို ညနေဘက်ရေချိုးသောအချိန်တွင် မြစ်အတွင်းမှ ခရုများ ငုပ်ထားကြလေ့ ရှိသည်။ တစ်ခါတစ်ခါတွင်လဲ ကာလသားလူငယ်များ ပိုက်ဆံစုစိုက်၍ ကြက်သားကာလသားဟင်း ချက်စားကြလေ့ရှိသည်။ များသောအားဖြင့် ညဘက်ဘောလုံးကစားပြီးလျှင် ကာလသားလူငယ်များ မြစ်အတွင်းရေဆင်းချိုးရင်း ငါး၊ ပုဇွန်များငုပ်ကြသလို တချို့ လဲ လှေဖြင့် မော်တော်များနှင့် ဇက်ရေယာဉ်များတွင် ကပ်နေသော မျက်နှာဖုံးကောင်များ လိုက်ဖမ်းကြသည်။
မှတ်ချက် ။ ။ မျက်နှာဖုံးကောင်ဆိုသည်မှာ ညဘက်မော်တော်များအပေါ် တွားသွားတက်လာပြီး မနက်ဘက်ရောက်လျှင် ပုစဉ်းဖြစ်သွားသောအကောင်များ ဖြစ်သည်။ထိုမျက်နှာဖုံးကောင်များကို ငရုတ်ဆုံထဲတွင် ထည့်ထောင်း၍ ကြော်စားလျှင် အလွန်မှစားကောင်းလှသည်။
ရေချိုးပြီး မြစ်ဆိပ်မှ တက်လာပြီးနောက် ရလာသော ငါး၊ ပုဇွန်နှင့်မျက်နှာဖုံးကောင်များအား ချက်ပြုတ်စားသောက်ကြသည်။ တစ်ခါတစ်ခါတွင် အိုးကြီးတစ်အိုးတွင် ရလာသော ငါး၊ပုဇွန်များထည့်၍ ပျော်ပျော်ပါးပါး ဆန်ပြုတ်ပြုတ် သောက်ကြလေ့ရှိသည်။ ရပ်ကွက်အတွင်းရှိ လူကြီး၊လူငယ်များ စည်းစည်းလုံးလုံးဖြင့် စုပေါင်းချက်ပြုတ်စားသောက်ခြင်းကြောင့် အလွန်ပျော်ဖို့ ကောင်းသည်။
ယနေ့ ခေတ်တွင် ထိုကဲ့သို့ သောပျော်ရွှင်မှုမျိုး ပြန်မရနိုင်တော့ပေ။ အားလုံးချက်ပြုတ်စားသောက်ပြီးစီးလျှင် မီးကင်းစောင့်ကျသော လူငယ်များမှလွဲ၍ ကျန်လူငယ်များအားလုံး မြစ်ကမ်းပါးအနီး ဆိုက်ကပ်ထားသော စက်လှေများပေါ် တက်အိပ်ကြသည်။ ကျွန်တော်တို့ ဒေသတွင် ပူပြင်းခြောက်သွေ့ သော နွေညများ၌ များသောအားဖြင့် လူငယ်များသည် မြစ်အတွင်းဆိုက်ကပ်ထားသော စက်လှေများပေါ်တက်၍ အိပ်လေ့ရှိကြသည်။ တခြားသူများ ပူအိုက်သောကြောင့် ယက်တောင်တဖျတ်ဖျတ်ဖြင့် အိပ်မပျော်သောအချိန်တွင် မြစ်ပြင်ကို ဖြတ်၍တိုက်ခတ်လာသော လေပြေလေညင်းက စက်လှေပေါ်၌ အိပ်သော လူငယ်များအတွက် သဘာဝအဲကွန်းပင်ဖြစ်သည်။
ကြယ်ရောင်စုံ၏ အလှဆင်မှုကြောင့် လှချင်တိုင်းလှနေသော မိုးကောင်းကင်အောက် မြစ်ပြင်ကိုဖြတ်၍ တိုက်ခတ်လာသော သဘာဝလေကို ရှုရှိုက်ရင်း ကျော်ဖြတ်ခဲ့ရသော နွေညများကို ပြန်တွေးမိတိုင်း၊ ညအိပ်ခါနီး စက်လှေခေါင်မိုးပေါ် ပက်လက်လှန်ရင်း သူငယ်ချင်းများနှင့် ကြယ်ရောင်စုံဖြင့် လှပနေသော မိုးကောင်းကင်ကြီးထဲ ကြယ်ရှာရင်း၊ စကားနိုင်လုရင်း တစ်ညလုံး မအိပ်ဘဲ မိုးလင်းခဲ့ရသော နွေညများကို ပြန်တမ်းတမိသည်။
အခုအချိန်တွင် ထိုကဲ့သို့ သော နွေညမျိုးများ ပြန်ရနိုင်ဖို့ မလွယ်တော့ပေ။ သူငယ်ချင်းများအားလုံး မွေးရပ်မြေဖြင့် တကွဲတပြားစီ ရောက်နေကြသလို ကိုယ်ကိုယ်တိုင်ကလဲ အဝေးရောက်နေသောကြောင့် ပြန်ဆုံဖို့ ဆိုတာ စိတ်ကူးတွေထဲမှာပဲ ရှိသည်။ အခွင့်အရေးသာရှိဦးမယ်ဆိုလျှင် သူငယ်ချင်းများနှင့်အတူ ထိုကဲ့သို့ သော နွေညများကို တစ်ခါလောက်ဖြစ်ဖြစ် ပြန်ဆုံချင်ပါသေးသည်။ ဒါပေမယ့် လက်ရှိဘဝတွင် ဟိုအရင်ငယ်ဘဝ နွေညများကို ပြန်လည် တမ်းတရုံကလွဲ၍ ဘာမှမတတ်နိုင်ပေ။
ပုံလေးကို ဒီနေရာ မှ ယူထားပါသည်။
နေဝင်ချိန်

ဆည်းဆာက
ညနေခင်းတစ်ခုကို
စုတ်ချက်ကြမ်းကြမ်းနဲ့ 
စိတ်ကြိုက် အလှဆင်ချိန်
တရွေ့ရွေ့နိမ့်ဆင်းလာတဲ့ နေလုံး
တို့ နှစ်ဦးကြား
ဓားလွယ်ခုတ် ဝင်ခုတ်ချိန်
တို့ … အချစ်တွေ
နေဝင်ခဲ့တယ် ။ ။
တကယ်ဆို
နင်မှန်တယ် ငါလဲမမှားဘူး…..
ကိုယ်ယုံကြည်ရာ ကိုင်စွဲ
ခင်းခဲ့တဲ့ဒီစစ်ပွဲ
မာနတွေတလူလူလွှင့်ရင်း
အဆုံးထိ တိုက်ကြမယ်
ဘာဖြစ်ဖြစ် နောက်မလှည့်ကြေး ။ ။
ဆိုးဝါးသော အလေ့အထအချို့ ကြောင့် အသက်တိုနိုင်
ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် အစားအသောက် မဆင်ခြင်ခြင်း စသည့် ဆိုးဝါးသော အလေ့အထ ၄မျိုးရှိသူများသည် ယင်းလလေ့မထ မရှိသူများထက် ပျမ်းမျှအားဖြင့် အသက်၁၂ နှစ်ခန့် ပို၍ အိုမင်းရင့်ရော်စေနိုင်ကြောင်း သူတေသနတစ်ရပ်က ဖော်ပြသည်။အရွယ်ရောက်ပြီးသူ ဗြိတိသျှနိုင်ငံသားပေါင်းငါးထောင်ကို နှစ်ပေါင်းနှစ်ဆယ်လေ့လာခဲ့ရာမှ ယခုအချက်များတွေ့ ရှိလာခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေထိုင်မှုပုံစံများ ကျင့်သုံးရေး လိုအပ်ပုံကို သူတေသနကညွှန်ပြနေကြောင်း အေပီသတင်းကဖော်ပြသည်။အားလုံးခြုံကြည့်ပါက ယင်းကျန်းမာရေးနှင့် ကညီညွတ်သော အမူအကျင့်များရှိသူ လူပေါင်း၃၁၄ ဦးတွင် ၉၁ဦး(သို့ မဟုတ်) ၂၉ရာခိုင်နှုန်းမှာ သူတေသနပြုချိန် အတွင်းသေဆုံးခဲ့သည်။နှိုင်းယှဉ်ပါက ယင်းအမူအကျင့်များ မရှိသူ၃၈၇ဦးမှ လူ၃၂ဦး(သို့ မဟုတ်) ၉ ရာခိုင်နှုန်းသာ သူတေသနကာလအတွင်း သေဆုံးခဲ့သည်။ကျန်းမာရေးအတွက် အန္တာရာယ်ရှိသော အပြုအမူများမှာ ဆေးလိပ်သောက်ခြင်း၊ တစ်နေ့ လျှင် အမျိုးသားများ အရက် ၃ပက် (အမျိုးသမီး ၂ပက်) ခန့်  သောက်ခြင်း၊ရက်သတ္တပတ် တစ်ပတ်လျှင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ချိန် ၂နာရီခွဲထက်နည်းခြင်း၊တစ်နေ့ လျှင် ဟင်သီးဟင်းရွက်နှင့် သစ်သီးဝလံ ၃ကြိမ်လျှော့ စားခြင်းဟူ၍ သူတေသီများက အဓိပ္ပာယ်ဖွင့် ဆိုထားသည်။ သူတေသနတွင် ပါဝင်သူများ၏ ပျမ်းမျှအသက်မှာ ၄၄နှစ်ဖြစ်ပြီး ယခုတွေ့ ရှိချက်များကို ဧပြီ ၂၆ ရက်ထုတ် Archives of Internal Medicine တွင် ဖော်ပြထားသည်။
ဝမ်းနည်းမှတ်တမ်း
အင်္ဂါနေ့ တစ်နေ့ 
မနက်ခင်းတစ်ခုမှာ
အားလုံးကိုထားခဲ့ပြီး
သူ…ထွက်သွားခဲ့တယ်
သူ…ရက်စက်လွန်းတယ်
ဘာမှမပြင်ဆင်နိုင်သေးခင်
ဘာသံမှမပေးဘဲ
ရုတ်တရက်ထွက်သွားခဲ့တာ
ကျန်ခဲ့သူတွေမှာသာ
ဝမ်းနည်းခြင်းမိုးတိမ်တွေ ပြိုကျ
ကိုယ်စီကိုယ်စီ မျက်ဝန်းတွေ
ကြေကွဲစွတ်စိုလို့ 
ငွေ့ ရည်မဖွဲ့ 
မျက်ရည်ပူတွေပဲ ရွာတဲ့မိုးက
ဒီရင်ခွင်တစ်ခုလုံးကို
မစိမ်းလန်းစေနိုင်ဘူး
သူ့ ကိုမမေ့နိုင်သေးသလို
အဲဒီနေ့ ကိုလဲ မမေ့နိုင်သေးဘူး
အားလုံးသာသာယာယာ ရှိနေချိန်မှာ
သူ…ထွက်သွားခဲ့တာ
သူ့ …ကိုလဲ အပြစ်မတင်ပါဘူး
သူလဲ သွားချင်လို့ 
ထွက်သွားခဲ့တာမှမဟုတ်တာ
သွားချိန်တန်လို့ သွားခဲ့ရတာပဲ
ကံကြမ္မာကိုယိုးမယ်ဖွဲ့ ရင်း
သူ့ …ကိုဂရုမစိုက်မိတဲ့
ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်တယ်
ခွင့်လွှတ်ပါ အစ်မရယ်။ ။
မှတ်ချက်။ ။သူဆိုတာ ကျွန်တော့်ကို အရမ်းချစ်တဲ့ ကျွန်တော်ကလဲ အရမ်းချစ်ရတဲ့ ကျွန်တော့်ရဲ့ အစ်မဝမ်းကွဲပါ။အစ်မ မရှိတဲ့ ကျွန်တော့်အတွက်တော့ တကယ့်အစ်မရင်း တစ်ယောက်လိုပါပဲ။၂၈.၄.၂၀၁၀ နေ့ က ဆုံးပါးသွားသော အစ်မကောင်းရာသုဂတိလားပါစေ။