ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:434517
  • Visitors today:34
  • Visitors yesterday:89
  • Visitors last week:642
  • Visitors currently online:2
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Author Archive

လွမ်းမောမိတယ် ရင်မောရတယ် ချစ်သောဧရာ…ရယ်

မိုးရွာပြီးခါစ မြစ်ပြင်ကို ဖြတ်၍ တသုန်သုန် တိုက်ခတ်နေသည့် လေပြည်ညင်းက ကွဲကွာနေတာ ကြာပြီ ဖြစ်သည့် သူ့ ကို ဆံပင်၊ အကျီ င်္၊ ပုဆိုးတို့ တဖြတ်ဖြတ် လွင့်လူးသွားသည် အထိ ထွေးပွေ့ ကြိုဆိုသည်။  မိုးရွာပြီးစ အချိန်တိုင်း လေနှင့်အတူ ပါလာတတ်သည့် သူအလွန် နှစ်သက်သော မြေသင်းနံကို ရှူရင်း မြစ်ကမ်းနဖူး (အရင် ဇာတ်ဆိပ်ဟောင်း) နေရာတွင်  ရပ်လိုက်သည်။ သူထွက်သွားစဉ်တုန်းကလို မဟုတ်တော့ ဧရာဝတီမြစ်၏ မြင်ကွင်းတို့ က ပြောင်းလဲနေပြီ။ ဧရာဝတီမြစ်က ဒဏ်ရာဒဏ်ချက်တို့ ဖြင့် မိမိမြင်ကွင်းရှေ့၌ လဲလျောင်းနေသလို စိတ်တွင် ခံစားရသည်။ ဟိုးအရင် ဇက်ဆိပ်ရှိစဉ်က ကားအတက်အဆင်း ပြုလုပ်သော လမ်းတို့  ပျက်စီးနေပြီ ဖြစ်သလို မြစ်ကမ်းပါး တလျှောက်တွင်လဲ ကိုင်းပင်တို့ က အကျည်းတန်စွာ အပြိုင်းအရိုင်း ပေါက်နေကြ၏။

ငယ်ဘဝ တလျှောက်လုံး မြစ်ကမ်းပါးတလျှောက် ပြေးလွှားဆော့ကစားရင်း ကြီးပြင်းခဲ့သည့် သူနှင့် ဧရာဝတီကြားတွင်  အမှတ်ရစရာပေါင်း များစွာ ရှိခဲ့သည်။ သူ့ လိုပင် ဤဆင်တဲရွာကလေးတွင် မှီတင်း နေထိုင်ကြသော လူများသည်လဲ ဧရာဝတီမြစ်နှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြသည်။ တံငါလုပ်သူများ၊ စက်လှေလုပ်ငန်း လုပ်သူများ၊ ရေရောင်းသူများ၊ လယ်၊ ယာလုပ်ငန်းနှင့် ကိုင်းကျွန်းလုပ်သူများသည် ဧရာဝတီမြစ်ကို မှီခို၍ အသက်မွေးဝမ်းကြောင်း ပြုကြရ၏။ ယုတ်စွအဆုံး ဧရာဝတီမြစ် အတွင်းမှ ရေကိုပင် ဆင်တဲတစ်ရွာလုံး သောက်ရေ၊ သုံးရေအဖြစ် ခပ်ယူ သုံးစွဲရ၏။ တချို့ ဆိုလျှင် ပေါင်းမိုးလှေလေးများဖြင့် မြစ်ထဲတွင် နေထိုင်ကြပြီး မြစ်ကမ်းပါးမှာပင် ချက်ပြုတ်စားသောက်ကြ၏။ ကျွန်တော်အပါအဝင် ကလေးများအတွက်တော့ ဧရာဝတီမြစ်ကြီးက အခမဲ့ ကစားကွင်းကြီး ဖြစ်ခဲ့သည်။

ကျွန်တော်နှင့် ဧရာဝတီ ပတ်သက်မှုက  ငယ်ဘဝ လေးနှစ်သား အရွယ်ကပင် စခဲ့သည်ဟု ဆိုရမည်။ ထိုနေ့ ကို ကျွန်တော် အခုအချိန်ထိ မှတ်မိနေသေးသည်။ နောင် နှစ်ပေါင်း များစွာထိလဲ မှတ်မိနေဦးမည်သာ ဖြစ်သည်။ အဲဒီနေ့ က ကျွန်တော့် အဒေါ်ဖြစ်သူနှင့် ကျွန်တော် မြစ်ဆိပ်ကို ရေချိုးလိုက်သွားခဲ့သည်။ ကျွန်တော် ခုရပ်နေသည့် ဒီနေရာရှ့က ကမ်းစပ်လေးမှာပင် ကျွန်တော်နှင့် ညီဝမ်းကွဲ တော်သူတို့ ရေချိုးကြ၏။ အဒေါ်ဖြစ်သူက မလှမ်းမကမ်းတွင် အဝတ်လျှော်နေသည်။ မြောက်ရှူံးအောင် ဆော့သော ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ခရီးသည်များ ချပြီး ပြန်ထွက်သော စက်လှေကို လက်ဖြင့် ခိုပြီးလိုက်သွားကြ၏။ ကမ်းစပ်မှ အဒေါ်ဖြစ်သူနှင့် တခြားသူများ ပွတ်လောရိုက်မတတ် အော်မှ ကြောက်လန့် ပြီး လက်လွှတ်ချ လိုက်တော့ ရေနက်ပိုင်းကို ရောက်နေပြီမို့ ရေနစ်ပါလေတော့သည်။ စက်လှေပေါ်မှ အိမ်နီးချင်း အစ်ကို ဖြစ်သူက ကယ်တင်ခဲ့ခြင်းကြောင့်သာ ဒီနေ့ ထိ ကျွန်တော်  အသက်ရှင် နေနိုင်ခြင်း ဖြစ်သည်။ အဲဒီနေ့ က ကျောပြင် ဗျောတင် ခံခဲ့ရပြီး မြစ်ဆိပ် ရေဆင်း မချိုးရ အမိန့် ထုတ်ခြင်း ခံရသည်။

Read the rest of this entry »

လက်တွဲလို့ ခေါ်ပါ

အလင်းကို ဝါးမြိုကာ အမှောင်တို့ တစစ ကြီးစိုးလာချိန် လူငယ်လေး လေးယောက်သည် ရပ်ကွက်ထိပ်ရှိ အုတ်ခုံလေးတွင် ဂစ်တာ ထိုင်တီးနေကြသည်။ အထက်တန်း စာမေးပွဲ ဖြေပြီးကာစ လွတ်လပ်ရေးရနေသော လူငယ်လေးများ ဖြစ်သည်။ လူငယ်လေးများသည် ယနေ့ ခောတ် နာမည်ကြီး အဆိုတော် ကိုလေးဖြူ၏ သီချင်းတစ်ပုဒ်ကို ခပ်မှန်မှန်ဖြင့် သံစုံ သီဆိုနေကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် လူငယ်လေးများ ဂစ်တာ ထိုင်တီးနေသော ရှေ့လမ်းမကြီးအတိုင်း ရပ်ကွက်ထဲမှ ပိုက်ဆံချမ်းသာသော သားအမိ နှစ်ယောက် စက်ဘီးနင်းရင်း ဖြတ်သွားကြသည်။ ဂစ်တာတီးနေသော ကောင်လေးများ ရှေ့အရောက်တွင် စက်ဘီးနင်းလာသော ကောင်မလေးက ဂစ်တာတီးနေသော ကောင်လေးများကို လှည့်ကြည်ကာ ပြုံးပြလိုက်သည်။ ကောင်မလေး ပြုံးပြသည်ကို မြင်လိုက်ရသော ကောင်လေး တစ်ယောက်ကလဲ ကောင်မလေးကို ပြန်ပြုံးပြ လိုက်သည်။ ဒါကို စက်ဘီးနောက်မှ လိုက်လာသော မိခင်ဖြစ်သူက မြင်သောအခါ လေသံ တိုးတိုးဖြင့်-

“သူတို့ က ဘယ်သူတွေလဲ သမီး အသိတွေလား”

“ဟုတ်တယ် မေမေ သမီးတို့ အခန်းထဲက သမီး သူငယ်ချင်းတွေပါ”

“သမီးတို့ အခန်းထဲမှာလဲ ဒီလို ကောင်လေးတွေ ရှိတယ်လား”

“အဲဒီလို မဟုတ်ဘူး မေမေ သူတို့ တွေက အေးပါတယ် စာလဲတော်ကြတယ်”

“အို… ဘာဖြစ်ဖြစ် လမ်းဘေးက ဒီလို လမ်းဘေးက ကောင်လေးတွေနဲ့ အပေါင်းအသင်း လုပ်တာတော့ မေမေ မကြိုက်ဘူး။ နောက်လမ်းတွေ့ ရင် နှုတ်ဆက်စရာ မလိုဘူး။ ကြားလား သမီး…”

ကောင်မလေးက မျက်နှာ မကြည်မသာဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ခပ်တိုးတိုး လွင့်ပျံ့ လာသော စကားလုံးတို့ ရိုက်ခတ်မှုကြောင့် ပြုံးနေသော ကောင်လေး မျက်နှာပေါ်မှ အပြုံးရိပ်တို့ ပျောက်ကွယ် သွားသည်။ သူ့ မျက်နှာပေါ်တွင် ခံပြင်းသော အရိပ်တချို့  ဖြတ်ပြေးသွားသည်။ ဒါပေမယ့် ကောင်လေးက ဘာမှ ပြန်မပြောဘဲ သူငယ်ချင်းများနှင့် ကိုယ့်သီချင်းကို ဆက်ဆိုနေကြသည်။

ကောင်လေးများသီချင်း ဆက်ဆိုနေစဉ် အုတ်ခုံလေး ရှေ့သို့ ကားတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ်တွင် ပါလာသည်က သူတို့ ရပ်ကွက်နားက နိုင်ငံပိုင် စက်ရုံကြီးမှ အရာရှိ တစ်ယောက် ဖြစ်သည်။ အရာရှိကြီးက ကောင်လေးများထဲမှ တစ်ယောက်ကို-

“ဟေ့… ကောင်လေး မင်း အဖေ အိမ်မှာ ရှိလား”

“ဟုတ်ကဲ့ ကျွန်တော် အိမ်က ထွက်လာတုန်းကအထိတော့ ရှိပါတယ်”

“အေး… အေး… ဒါဆို ဦးခဏဝင်တွေ့ လိုက်ဦးမယ်”

အရာရှိကြီးက ပြောရင်း မျက်မှောင်ကြုတ်ကာ နာရီကို တချက်ကြည့်သည် ပြီးတော့ ကောင်လေးကို တခါ ပြန်ကြည့်ပြီး-

“ကောင်လေး အိမ်မပြန်သေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ ဦးနဲ့ တခါတည်း ပြန်လိုက်ရင် လိုက်ခဲ့ပါလား။ ဦးလဲ မင်းအဖေနဲ့ ဝင်တွေ့ ပြီး ပြောစရာလေးရှိလို့ ”

“ဟုတ်ကဲ့ဦး ကျေးဇူးပါပဲ။ ဒါပေမယ့် ကျွန်တော် သူငယ်ချင်းတွေနဲ့ ခဏနေလိုက်ဦးမယ်”

အရာရှိကြီးက ကောင်လေးများကို တချက်ဝေ့ကြည့်ပြီးနောက် နှာခေါင်း တချက်ရှုံကာ-

“မင်းကတော့ မိဘသိက္ခာကျအောင် လုပ်နေတာပဲ။ ဒီလို လမ်းဘေးက ကောင်တွေနဲ့ ပေါင်းနေလို့ ကတော့ မင်းလဲ လမ်းဘေးရောက်သွားမှာဘဲ”

အရာရှိကြီးက ကားကို “ဝူး” ကနဲ မောင်းထွက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ကျန်ခဲ့သည်။ ဂီတာသံ ရပ်သွားသည်၊ သီချင်းဆိုသံများ တိတ်သွားသည်။ အုတ်ခုံလေးက တဒင်္ဂ တိတ်ဆိတ်ငြိမ်သက် သွားသည်။ ခဏနေတော့မှ ဂစ်တာတီးနေသည့် ကောင်လေးက ဟင်း… ခနဲ သက်ပြင်းချကာ ဂစ်တာကို ပြန်တီးသည်။ သီချင်းသံစဉ်က ခပ်မျှင်းမျှင်း မှန်မှန်လေး ပြန်ထွက်လာသည်။ ဂီတသံ၊ သီချင်းသံစဉ်များ ထဲတွင် လူငယ်များ ပြန်လည် စီးမျောဝင်သွားပြန်သည်။

“ဟေ့… ဘယ်ကောင်တွေလဲကွ လမ်းမပေါ်မှာ ဆူညံ ဆူညံ လုပ်နေတာ”

စကားသံဖြင့် အတူ လူနှစ်ယောက် ဂစ်တာ တီးနေသော ကောင်လေးများ ရှေ့သို့ ရောက်လာသည်။ အကျီ င်္ပေါ်တွင် ရာထူး အဆင့်အတန်းများကို ဖော်ပြနေသော ယူနီဖောင်းကို ဝတ်ဆင်ထားသော အစိုးရ အာဏာပိုင် ဝန်ထမ်းများ ဖြစ်ကြသည်။ ခြေလှမ်းတွေက မမှန်၊ လူတွေက ရွှဲ့စောင်းလို့ အရက်နံက တထောင်းထောင်း ထွက်နေကာ တစ်ယောက်ကို တစ်ယောက် အမှီသဟဲ ပြုရင်း လျှောက်လာနေကြသည်။ တစ်ယောက်က ဂစ်တာ တီးနေသော ကောင်လေးများကို လက်ညှိုးငေါက်ငေါက် ထိုးကာ-

“ဟေ့… မင်းတို့ ဘယ်က ကောင်လေးတွေလဲ။ ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ”

“ကျွန်တော်တို့ ဒီရပ်ကွက်ထဲကပါပဲ။ ကျွန်တော်တို့ ဘာမှ မလုပ်ပါဘူး သူငယ်ချင်းတွေစုပြီး ဂစ်တာ တီးနေကြတာပါ”

“ဟေ့ ဘယ်အချိန်ရှိနေပြီလဲ မင်းတို့ ကို မှောင်ရိပ်ခိုမှုနဲ့ ဆွဲစိလို့ ရတယ်ကွ သိလား။ ငါ့ကို ဘာမှတ်နေလဲ အေ့… မင်းတို့ မိဘ နာမည်တွေ ပြောစမ်း။ ဒါငါ့နယ်ကွ ငါ့နယ်မှာ ရုတ်ရုတ် ရုတ်ရုတ်တော့ လာမလုပ်နဲ့ သေသွားမယ်”

“လာပါ သူငယ်ချင်းရာ… လမ်းမပေါ်မှာ ဂစ်တာ တဒေါင်ဒေါင်နဲ့ လမ်းသလားနေမှတော့ မိမဆုံးမ ဖမဆုံးမလေးတွေ ဖြစ်မှာပေါ့။ ဒီတော့ သူတို့ မိဘနာမည် မေးပြီးတော့ကော ဘာလုပ်မှာလဲ”

မေးသူကမေး ဖြေသူက ဖြေပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မှီခိုရင်း ဆက်သွားကြသည်။ “ထောက်” ကနဲ ဂစ်တာကြိုး ပြတ်သံက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည် ထင်ရသည်။ ထို့ နောက် ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်ကျ တိတ်ဆိတ်သွားသည်။ လက်တစ်စုံက ပြတ်သွားသော ဂစ်တာကို ဖလက်တံမှ ပြောင်းပြန် ကိုင်ကာ ဆတ်ကနဲ ထရပ်လိုက်ပြီး နောက်က ပြေးလိုက်ရန်ပြင်သည်။ ဒါကို မြင်သော ကောင်လေးတစ်ယောက်က လက်ကို ဖမ်းဆွဲလိုက်ရင်း ခေါင်းခါပြသည်။

“လူမိုက်နဲ့ ဖက်ဖြစ်လို့ ကတော့ ကိုယ်လဲ လူမိုက် ဖြစ်တော့မှာပေါ့ ထားလိုက်ပါ သူငယ်ချင်း…”

“ဟုတ်တယ် သူငယ်ချင်း… လောကကြီးမှာ ကိုယ့်ကိုယ်ကို မကြည့်ဘဲ သူများကို လက်ညှိုးထိုးချင်ကြတဲ့ လူတွေက အများသားလား။ စိတ်ထဲ ထားမနေပါနဲ့ ကိုယ်ဘဲ ပူလောင်နေရလိမ့်မယ်”

“ခုချိန်မှာ ငါတို့ စိတ်ကို လွှတ်ပေးလိုက်ရင် ငါတို့ ဘဝတွေ အညွှန့် ကျိုးသွားလိမ့်မယ်။ အချိန်တန်ရင် သူ့ အရည်အချင်း အလိုက် သူ့ အဆင့်နဲ့ သူ လောကကြီးထဲမှာ နေသားကျသွားမှာပါကွာ။ မင်းက ခုကတည်းက ကိုယ့်အဆင့် ကိုယ်သတ်မှတ်တော့ မလို့ လား။ နေပါဦး စောပါသေးတယ်၊ ခုတော့ ဒီအတိုင်းဘဲ ထားလိုက်ပါဦး”

ဂစ်တာကို ကိုင်ရင်း ကောင်လေး ငိုင်သွားသည်-

“အေးပါကွာ ငါလဲ နားလည်ပါတယ်။ ဒါပေမယ့် မင်းတို့  မြင်တဲ့ အတိုင်းဘဲလေ ခုလိုဘလိုင်းကြီး အစော်ကားခံ အပြောခံရတော့ နဲနဲတော့ တင်းတာပေါ့”

“တင်းတာတော့ တင်းတာပေါ့ကွာ။ စိတ်ဆိုတာက တင်းတိုင်း လွှတ်ပေးလို့ ကောင်းတဲ့ အရာမှ မဟုတ်တာ”

“အေးပါကွာ ငါမှားသွားတယ်။ ထားပါ ဒါပေမယ့် ငါ နဲနဲတော့ ညစ်သွားတယ်ကွာ။ ငါတို့ စိတ်ထွက်ပေါက် ရလိုရငြား အရက်သွားသောက် ကြရအောင်လား”

“ဘာကြောင့် အရက်သွားသောက်ရမှာလဲ။ ခုလို အနေအထားနဲ့ အရက် သွားသောက်ရင် ငါတို့ ပို အပြောခံရမှာပေါ့။ ခုတောင် ငါတို့ ကို လူတွေက စောင့်ကြည့်နေကြတာ။ ဒီအချိန်မှာ ငါတို့ အနေအထားက အမှားမခံဘူး။ ဘာမှ မမှားဘဲနဲ့ တောင် ပြောချင်နေကြတာ တစ်ခုခုမှားတာနဲ့ ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကို ခံရမှာဘဲ”

“အေး… ဟုတ်တယ် ငါတို့ အနေအထိုင် အသွားအလာ ဆင်ခြင်သင့်တယ်။ ခုအဖြစ်အပျက်တွေကို နမူနာယူပြီး ငါတို့ ဘဝတက်လမ်းကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးရမယ်”

“ဟုတ်တယ် ပြီးတော့ ငါတို့ ဘယ်တုန်းက အရက်သောက်ဖူးလို့ လဲ။ စိတ်ညစ်တိုင်းသာ အရက်သောက်ရမယ် ဆိုရင် ငါတို့ လဲ အရက်သမားဖြစ်ပြီး ခုနက လူတွေလို ဖြစ်သွားတော့မှာပေါ့”

“အေးပါကွာ ငါမှားသွားတယ်။ ဒီတော့ ငါတို့ ခု ဘယ်သွားကြမလဲ”

“ထုံးစံအတိုင်း ငါတို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင် သွားကြတာပေါ့။ ပြီးရင် လက်ဖက်ရည်သောက် စကားစမြည်ပြောဆိုပြီး လေကန် ကြတာပေါ့။ ကဲ… ထကြ လက်ဖက်ရည်ဆိုင် သွားကြရအောင်”

လူငယ်လေးယောက် တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ဆုံးမရင်း တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ တရွေ့ ရွေ့ ထွက်ခွာသွားကြသည်။ အနှစ်ချုပ်လိုက်တော့ သူတို့ လေးတွေထဲက တစ်ယောက်က ဆယ်တန်းတွင် အောင်ချက်ကောင်းသောကြောင့် ဆေးလိုင်းဝင်ကာ ခုဆိုရင် ဆရာဝန်ပေါက်စပင် ဖြစ်နေပြီ။ ကောင်လေး တစ်ယောက်ကတော့ ရေကြောင်းတက္ကသိုလ်တက်ပြီး သင်္ဘောလိုက်နေပြီး နောက်တစ်ယောက်ကတော့ BE ဘွဲ့ ရပြီး စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသည်။ သူတို့ ထဲကတစ်ယောက်ကတော့ မိဘလက်ငုပ်လက်ရင်း အလုပ်များကို ဦးစီးရင်း စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာခဲ့သည်။

တကယ်လို့ သူတို့ သာ စိတ်အလိုလိုက်ခဲ့ရင် ဒီလို နေရာ တစ်နေရာ ရလာနိုင်ပါ့ မလား။ သူတို့ ကိုယ်ပိုင် အသိဥာဏ်လေးတွေနဲ့ ခွဲခြမ်း စိတ်ဖြာပြီး သူတို့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း လျှောက်နိုင်ခဲ့လို့ သူတို့ အတွက် နေရာ တစ်နေရာကို ဖန်တီးနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ တကယ်တော့ ဆယ်တန်းဖြေပြီးကာစ လူငယ်လေးတွေဟာ အညွှန့် တလူလူ တက်နေတဲ့ လူငယ်လေးတွေပါ။ ပြောရရင် မသွေးရသေးတဲ့ ကျောက်ရိုင်းတွေနဲ့ တူပါတယ်။ မသွေးရသေးတဲ့ ကျောက်ရိုင်းတုံးကို တန်ဖိုးဖြတ်ဖို့ ခက်သလို အရွယ်ရောက်လာတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ပိုင် အရည်အချင်းကို အလွယ်တကူ တန်ဖိုးဖြတ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပတ်ဝန်းကျင်က လူတွေ အနေနဲ့ သူတို့ လေးတွေ စိတ်ဒဏ်ရာ ရသွားအောင်၊ သူတို့ လေးတွေ အညွှန့် ကျိုးသွားအောင် ကိုယ်အမူအရာ ဖြင့်သော်လည်းကောင်း၊ အပြောအဆို ဖြင့်သော်လည်းကောင်း မလုပ်သင့်ပါဘူး။ ဒီအရွယ်လေးတွေ အတွက် ပတ်ဝန်းကျင်က အဓိကကျပါတယ်။ ပတ်ဝန်းကျင်ကြောင့် လူတော်လူမွန်လေးတွေ ဖြစ်လာနိုင်သလို ပတ်ဝန်းကျင်ကြောင့်ဘဲ လူဆိုးလူသွမ်းလေးတွေ ဖြစ်လာနိုင်ပါတယ်။

လမ်းဘေးမှာ ဂစ်တာ တဒေါင်ဒေါင် ခေါက်နေတာ မြင်တိုင်း လူရမ်းကားလေးတွေလို့ သတ်မှတ်တော့မှာလား။ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အဆိုတော် ကိုလေးဖြူဆိုရင်လဲ ငယ်ငယ် ကျောင်းသား ဘဝက ကောင်မလေးတွေ အဆောင်ရှေ့မှာ သီချင်းတွေ ဆိုခဲ့တယ် ဆိုတာ သူ့ စကားတွေ အရ သိနိုင်ပါတယ်။ ကျောင်းသား လူငယ်ဘဝမှာ အိုဘားမားကို နောင်တချိန်မှာ အမေရိကန် သမ္မတ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ပြောရဲမှာလဲ။ အညွှန့် တလူလူ တက်နေတဲ့ လူငယ်တိုင်းမှာ သူ့ တန်ဖိုးနဲ့ သူ ရှိနေမှာပါ။ စာမှာ ညံနေပေမယ့် အားကစားဘက်မှာ ထူးချွန်ပြီး နိုင်ငံဂုဏ်ကို ဆောင်ချင် ဆောင်နိုင်မှာပါ။ ဒါမှမဟုတ် စီးပွားရေး နယ်ပယ်၊ လူမှုရေး နယ်ပယ်မှာ အောင်မြင်ချင် အောင်မြင်မှာပါ။ ဒါကြောင့် ကလေးက ကလေးလို နေစမ်းပါကွာ ဆိုတဲ့ စကားနဲ့ လူငယ်တွေရဲ့ စိတ်ကို ဒဏ်ရာ ရအောင်လုပ်သင့် ပါသလား။ လူကြီးတွေ အနေနဲ့ လူငယ်တွေကို လက်တွဲခေါ်သင့်တယ်လို့ မထင်ဘူးလား။ လူငယ်ဆိုတာ အနာဂါတ် တိုင်းပြည်အတွက်အားပါ။ ဒီအားတွေကို လူငယ်တွေကို အရာမသွင်းချင်စိတ်နဲ့ ဖျက်ဆီး ပစ်သင့်ပါသလား။ လူတိုင်း ဘယ်သူမှတော့ မွေးကတည်းက တတ်မလာပါဘူး။ မသိတာကို သိအောင်၊ မတတ်တာကို တတ်အောင် သင်ပေး၊ ပြပေးပြီး လူငယ်တွေကို လက်တွဲ မခေါ်သင့်ဘူးလား။ ဒါကြောင့် အညွှန့် တလူလူ တက်နေသော လူငယ်လေးတွေကို လူတော်လူမွန်လေးတွေ ဖြစ်စေရန်၊ ဖေးမ ကူညီရင်း လက်တွဲခေါ်ယူကာ လူနှင့် လူ့ပတ်ဝန်းကျင်ကို ထိန်းသိမ်း သွားနိုင်ကြဖို့သာ လိုအပ်ပါတော့သည်။

တလွဲဆံပင် ကောင်းနေကြသူများ

သင်္ကြန်အတက်နေ့ ညနေခင်း တစ်ခု။ ။
ပြည်မြို့ ၏ လမ်းမတော်လမ်းတလျှောက် ကားတွေ လူတွေ ကြပ်ညပ်နေသည်။ ကားတန်းရှည်ကြီးက တော်တော်ဖြင့် ဆုံးဖို့ မလွယ်။ သူငယ်ချင်းတချို့ က မဏ္ဍပ်တွင် ကရန် ထွက်သွားကြသည်။ ကားပေါ်တွင် မတ်တပ်ရပ်ရင်း အေးလာသောကြောင့် ကျွန်တော် ကားအောက် ဆင်းလာခဲ့ရင်း

“ကျွန်တော် လမ်းလျှောက်သွားနှင့်မယ်။ ပြီးရင် ညဈေးတန်းထိပ်နားက စောင့်နေမယ်။ အဲဒီနားရောက်ရင် ကျွန်တော့်ကို ရှာကြည့်ဦးနော်”

ဟု ပြောရင်း ကျွန်တော် လျှောက်လာတော့

“ငါလဲ လိုက်မယ်”

ဟု ဆိုကာ ကိုဟိန်းက ကားပေါ်မှ ခုန်ဆင်းရင်း လိုက်လာသည်။ ဒီလိုနဲ့ ကျွန်တော် တို့ နှစ်ယောက် လူနှင့် ကားများကို ရှောင်ရင်း ပလက်ဖောင်းပေါ်မှ လျှောက်လာခဲ့လိုက်သည်။ လမ်းမတော် လမ်းမကြီးတလျှောက် ကားများ လူများဖြင့် ပြည့်ကြပ်ညပ်ပြီး ဆူညံ နေသည်။ ဒီလိုဖြင့် ကျွန်တော်တို့ နှစ်ယောက် တစ်လမ်းမောင်း လမ်းထိပ်ကို လွန်လာခဲ့သည့်နောက် ရှေ့ဘက်နားဆီက ရုတ်ရုတ် ရုတ်ရုတ်ဖြင့် လူများ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို တွေ့ လိုက်ရသည်။

“ဟင် ရှေ့မှာ ဘာတွေ ဖြစ်နေလဲမသိဘူး”

ဟု ကျွန်တော်တို့ နှစ်ယောက်ပြောရင်း ဆက်လျှောက် လာခဲ့တော့ လူငယ်တစ်စု ရုန်းရုန်း ရုန်းရုန်းဖြင့် ဖြစ်နေကြသည်။ တချို့ က ကားတစ်စီးပေါ်ကို လက်ညှိုးထိုးရင်း အော်ဆဲနေပြီး လူငယ်တစ်ယောက်က လမ်းဘေးဆိုင် အဖီတွင် ကြိုးဖြင့် တွဲချည်ထားသော အုတ်ခဲများကို ပြေးဆွဲသည်ကို တွေ့  လိုက်ရပြီး ကျန်အဖော်များကလဲ ထိုလူငယ်လိုပင် တုတ်ဆွဲ၊ အုတ်ခဲ ဆွဲရင်း ကားများရှိရာ လမ်းမဆီကို မကျေမနပ်ဖြင့် လှမ်းကြည့်ရင်း အော်ဆဲနေကြသည်။ ဒါပေမယ့် အော်ဟစ် ဆဲနေကြသော်လဲ နေရာမှ မရွေ့ကြပေ။ သူတို့ နှင့် ပြဿနာ ဖြစ်ဟန်ရှိသော ကားပေါ်မှ လူတစ်စုက သတိအနေ အထားဖြင့် ထိုလူငယ်များကို အကဲခတ်နေဟန်ဖြင့် ကြည့်နေကြသည်။ ထိုစဉ် အခင်းဖြစ်ပွားရာ နေရာသို့ ရဲတစ်ယောက် ရောက်လာပြီး ပြဿနာ မဖြစ်ရန် ဝင်ဖြေရှင်း ပေးနေသည်ကို တွေ့ ရသည်။ ပတ်ဝန်းကျင် အနီးတဝိုက်မှ လူများကလဲ စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။ ထိုစဉ် လူငယ်အုပ်စု ထဲမှ လူငယ်တစ်ယောက်က ခွဲထွက်သွားသည်။

သိပ်မကြာခင်မှာပင် မဏ္ဍပ်ပေါ်နှင့် မဏ္ဍပ်ရှေ့မှ အကျီ င်္စိမ်းများကို ဆင်တူ ဝတ်ဆင်ထားသော လူများ ပြဿနာ ဖြစ်ပွားနေရာသို့ အပြေးအလွှား ရောက်လာ ကြသည်။ ထို့ နောက် ပထမ လူငယ်အုပ်စုနှင့် ပေါင်းမိသွားပြီးနောက် သူတို့ နှင့် ပြဿနာ ဖြစ်သည့် ကားရှိရာသို့ သွားကာ ကားပေါ်မှ လူများကို ဝိုင်းရိုက် ကြတော့သည်။ လူငယ်အုပ်စုမှာ စုစုပေါင်း သုံးဆယ်ကျော် လေးဆယ်နီးပါရှိပြီး သံတုတ်၊ ချိန်းကြိုး၊ သံလက်သီး စသည့် လက်နက်များဖြင့်ပါ ဝိုင်းရိုက်ကြခြင်း ဖြစ်သည်။ ဒီလို အုပ်စုဖွဲ့ ကာ ကြီးနိုင်ငယ်ညှင်း ဝိုင်းရိုက်ကြတာကို မြင်တော့ စိတ်ထဲတွင် တင်းကနဲ ဖြစ်သွားသည်။ ဒါပေမယ့် ဘာမှ မတတ်နိုင် ကိုယ်တွေက နှစ်ယောက်တည်း သွားတားလို့ လဲ ရမည်မဟုတ်။ ပြဿနာကို ဖြေရှင်းပေးနေသည့် ရဲပင် ဘာလုပ်ရမည်မှန်း မသိပဲ ယောင်နနဖြင့် အခင်းဖြစ်ပွားရာ နေရာမှာ ဒီတိုင်းလေး ရပ်နေသည်။ ဘေးပတ်ဝန်းကျင်တွင် လူများ အများအပြားရှိသော်လဲ ဘယ်သူမှ ကိုယ်နဲ့ မဆိုင်သလို ရှိနေကြသည်။

အဒီအချိန်မှာပင် ကျွန်တော့် မျက်လုံးထဲ ပြာခနဲ ဖြစ်သွားသည်။ ကားပေါ်ကို သေချာ ကြည့်လိုက်တော့ မိန်းကလေးများနှင့် ကလေးများ ကိုတွေ့ လိုက်ရသည်။ ကားပေါ်သို့ လူငယ်အုပ်စု များထဲမှ လူဆယ်ယောက်၊ ဆယ့်ငါးယောက်ခန့် တက်ရိုက်ကြသည်။ တချို့ ကလဲ ကားအောက်မှ ဝိုင်းရိုက်ကြသည်။ မိန်းကလေးများ၊ ကလေးများကိုလဲ ဝင်ရိုက်သည်ကို တွေ့ လိုက်ရသည်။ ကားပေါ်မှာ ရှိသမျှ မဲမဲမြင်သမျှကို ရိုက်ခြင်း ဖြစ်သည်။ ကားဘေးပေါ်တွင် ချည်ထားသော ဝါးများ ပြုတ်ထွက်ကုန်သည်။ ပြုတ်ထွက်သွားသော ဝါးလုံးများဖြင့် ရောကာ လူတချို့ လုံးထွေးပြီး အောက်ကို ပြုတ်ကျသွားကြသည်။

“ဟာ… ကားပေါ်မှာ မိန်းမတွေနဲ့ ကလေးတွေ”

နှုတ်မှ စကားလုံး တချို့ အလန့် တကြား ထွက်ကျသွားသည်။ ဘေးနားမှာ ရပ်နေသော အန်တီကြီး တစ်ယောက်ကလဲ

“ဟုတ်ပါ့တော် တော်တော် မိုက်ရိုင်းတဲ့ကောင်လေးတွေ မိန်းကလေးတွေနဲ့ ကလေးတွေကိုတော့ မလုပ်သင့်ပါဘူး။ ယောက်ကျား အချင်းချင်း ချကြပေါ့…”

ဟုတ်တယ် ကလေးတွေနဲ့ မိန်းမများကို တော့ မလုပ်သင့်။ ယောက်ကျား အချင်းချင်း ပြဿနာကို ဖြေရှင်းသင့်သည်။ စည်းလေး တစ်ခုတော့ ရှိသင့်သည်။ အခင်းဖြစ်ပွားရာသို့ တာဝန်ကျ ရဲလေး၊ ငါးယောက်ခန့် အပြေအလွှား ရောက်လာသည်။ ဒါပေမယ့် လူငယ်များက လူအုပ်တောင့်တော့ ရဲများလဲ ဘာမှ မတတ်နိုင် ဝင်ဆွဲမရ ဖြစ်နေသည်။ ကြည့်နေဆဲမှာပင် ကားက လူအုပ်ထဲမှ ဘေးလမ်းသွယ်ထဲသို့ အတင်း မောင်းဝင်သွားသည်။ ကားပေါ်တွင် လူငယ် ဆယ်ယောက် ကျော်ကျော်လောက်က ထိုးရင်းကြိတ်ရင်း ပါသွားသည်။ ထွက်သွားသော ကားနောက်သို့ ရဲများ ပြေးလိုက်သွားသည်ကို တွေ့ လိုက်ရသည်။

ဘယ်ကနေ ဘယ်လို ပြဿနာ စဖြစ်သလဲ မသိလိုက်ရပေမယ့် ပြဿနာ စဖြစ်ကတည်းက လူငယ်များဘက်မှ အုပ်စု ပိုတောင့်သည်။ ကားပေါ်မှာက ယောက်ကျားလေး၊ ငါးယောက်နှင့် ကျန်တာက မိန်းမနှင့် ကလေးများဖြစ်သည်။ ဒီအနေအထားတွင် လူငယ်များက အော်ဟစ် ဆဲဆိုနေကြသော်လဲ တကယ်မချရဲပေ။ နောက်က အကူများ လာမှ ဝိုင်းရိုက်ကြခြင်း ဖြစ်သည်။ အနှစ်ချုပ်လိုက်တော့ အုပ်စု ဖွဲ့ ၍ မိုက်ကြ ခြင်းဖြစ်သည်။ ဒါတွေကို မြင်တော့ မြန်မာပြည် မင်းမဲ့တိုင်းပြည် ဖြစ်နေပြီလားဟု တွေးမိသည်။ လူငယ်တွေက ရဲများကိုလဲ ဂရုမစိုက်ကြတော့ပေ။ ရဲများမှာလဲ အင်အားခြင်း ကွာသဖြင့် ဘာမှ မတတ်နိုင်ကြ ဒါက ပြည်မြို့ မြို့ လယ်ခေါင်တွင် ဖြစ်သွားခြင်းဖြစ်သည်။ ဒါတွေကို မြင်တော့ အနာဂါတ် နိုင်ငံတော် အတွက် ရင်လေးမိသည်။

ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် မြင်ခဲ့ရသည့် ဆိုးသွမ်း လူငယ်လေးများမှာ အသက်နှစ်ဆယ် ဝန်းကျင်နှင့် နှစ်ဆယ်အောက် ကျောင်းသား အရွယ်ကလေးများ ဖြစ်ကြသည်။ ကျွန်တော်တို့ အနာဂါတ် နိုင်ငံတော်အတွက် တကယ်လိုအပ်သည်က ဟိုအရင် ခောတ်က လမ်းစဉ်လူငယ်အဖွဲ့ ၊ ဒီဘက်ခောတ်က နာရေးကူညီမှု အသင်းလိုမျိုး လူငယ် အဖွဲ့ များ၊ ရဲရင့်သည့် ဗိုလ်အောင်ကျော်လို ကျောင်းသားခေါင်းဆောင်မျိုး၊ သခင်ဘသောင်းနှင့် သခင် အောင်ဆန်းတို့ လို တော်သော၊ ထက်မြက်သော ကျောင်းသား လူငယ်များကိုသာ လိုအပ်ပါသည်။ အကြောင်းမဲ့ အုပ်စုဖွဲ့ ရန်ဖြစ် ပြဿနာရှာ တတ်သည့် တလွဲ ဆံပင်ကောင်း နေသည့် လူငယ်များ မလိုအပ်ပါ။ ဒါကြောင့် လမ်းမှားလိုက်ကာ တလွဲ ဆံပင်ကောင်းနေသည့် လူငယ်များ အနေဖြင့် လမ်းမှန်ပေါ် ပြန်ရောက်၍ ရပ်ကျိုး၊ ရွာကျိုး၊ နိုင်ငံအကျိုး သယ်ပိုးထမ်းဆောင် သင့်ပါသည်။

သတိ အဝင်တောင်း အထွက်တောင်းဖြင့် အတောင်းကြမ်းနေသည်

၁။
လေယာဉ် နိမ့်ကနဲ ဆင်းလာ ခြင်းနှင့်အတူ မှေးခနဲ အိပ်ပျော်သွားသော ကျွန်တော်လဲ ဖျတ်ကနဲ နိုးထလာခဲ့သည်။ ပတ်ဝန်းကျင်ကို မျက်စိ ကစားလိုက်တော့ ခါးပတ်များ ပတ်ထားဖို့ လိုက်လံ သတိပေးရင်း ဖြတ်လျှောက်သွားသော လေယောဉ်မယ်လေး၊ လေယာဉ် မြေပြင်ပေါ်ကို ဆင်းတော့မည်မို့  လှုပ်လှုပ်ရွှရွှ ဖြစ်နေသော လူများကို တွေ့ လိုက်ရသည်။ လေယာဉ်နိမ့်ဆင်းလာ ခြင်းနှင့်အတူ နားတွေ အူတက်လာပြီး ပတ်ဝန်းကျင် ရှုခင်းများကလဲ ပြောင်းလဲလာသည်။ ပထမ ကောင်းကင်ကြီးနှင့် တိမ်တိုက်များကိုဘဲ မြင်နေရပြီး ခပ်ရေးရေးသာ မြင်နေရသော အောက်ခြေကို အခု ရှင်းရှင်လင်းလင်း မြင်လာရသည်။ မတွေ့ မမြင်ရသည်မှာ ကြာပြီဖြစ်သော သစ်ပင်စိမ်းစိမ်းများ၊ လယ်ကွင်းစိမ်းစိမ်းများနှင့် ကွေ့ ကောက် စီးဆင်းနေသော မြစ်ချောင်းများကို မြင်လိုက်ရသည်။ သြော်… မိခင်နိုင်ငံကို ပြန်ရောက်တော့မှာပါလား ဟူသော အတွေးက လူကို နွေးကနဲ ဖြစ်သွားစေသည်။

လေယာဉ်ပေါ်မှ ဆင်းပြီး မိခင်မြေပေါ် ခြေချမိသည်နှင့် အနှစ်နှစ်အလလ ခွဲခွါနေခဲ့ရသော ပတ်ဝန်းကျင်က သူစိမ်းဆန်မနေ နွေးနွေးထွေးထွေး ရှိသည်။ ငါ့တို့ နိုင်ငံ၊ ငါတို့ မြေကို ခြေချခွင့်ရပြီ ဆိုသော ပီတိက လူတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ စက်လှေကားမှ အဆင်းတွင် အပြင်မှ လာကြိုနေသော လူအုပ်ကြီးကို ရုတ်ရုတ် ရုတ်ရုတ်ဖြင့် တွေ့ လိုက်ရသည်။ လူအုပ်ကြီးထဲမှ လူတချို့ က ကိုယ်တွေ ရှိရာဘက်ကို လက်ပြနေသလို ကိုယ်တွေဘက်မှ လူတချို့ ကလဲ လက်ပြန်ပြနေ သည်ကို တွေ့ ရသည်။ လူအားလုံး၏ မျက်နှာများတွင် အပျော်တွေ စီးဆင်းနေသည်ကို အတိုင်းသား တွေ့ နေရသည်။ သြော်… သူတို့ အားလုံးလဲ ကိုယ့်လိုဘဲ ပျော်နေကြပါလားဟု တွေးလိုက်မိသည်။

ကျွန်တော်လဲ Immigration ဖြတ်ရန် အတွက် အများနှင့်အတူ တန်းစီလိုက်သည်။ လိုအပ်သော ပတ်စပို့ စာအုပ်နှင့် white card ကိုထုတ်လိုက်ပြီး white card ကို စင်ကာပူ ဒေါ်လာ တစ်ဆယ်နှင့်အတူ ပတ်စပို့ စာအုပ်ထဲတွင် ညှပ်ထည့်လိုက်သည်။ ဒီလိုမှ အစုံစမ်း အမေးမြန်းလွတ်ပြီး အရစ်ခံ သက်သာမည် မဟုတ်လား။ ဒါက အခုခောတ် မြန်မာပြည် လေဆိပ်မှာ ထုံးစံလို ဖြစ်နေပြီ။ ဘေးနားမှ ကိုယ့်လိုပင် စင်ကာပူ ဒေါ်လာ တစ်ဆယ်ကို ထုတ်ကာ ပတ်စပို့ စာအုပ်ထဲ ထည့်နေသော လူတချို့ ကို တွေ့ လိုက်ရသည်။ အချင်းချင်း မျက်လုံးခြင်း စုံမိတော့ အလိုလို ပြုံးမိကြသည်။ တကယ်တော့ မချိပြူံးသာ ဘယ်သူမှ ခုလို အဖြစ်မျိုးကို လက်မခံချင်ကြ။ ဒါပေမယ့် ဒါက ထုံးစံလို ဖြစ်နေပြီ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာသည့် အချိန် စိတ်ညစ်မခံချင်တော့။ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့်သာ ပြန်လိုသည်။ ဒါကြောင့် ငွေတစ်ဆယ်လောက်ကို မြင်မနေတော့ စကားနဲ ရန်ဆဲ သဘောထားကာ ကြည်ကြည်ဖြူဖြူဘဲ ပေးလိုက်တော့သည်။ ခုလို အဖြစ်တွေကို မြင်တော့ ဒီကို အလာမှာ လေယာဉ်ကွင်းကို လိုက်ပို့ သော သူငယ်ချင်း ပြောလိုက်သော

“မြန်မာပြည် လေဆိပ် ရောက်ရင် ကာစတန်က ပိုက်ဆံချမ်းသာတဲ့ လူကြီးလူကောင်းတွေကို စွန့် ကြဲဖို့ ပိုက်ဆံအကြွေပါရဲ့ လား”

ဟူသော အမေးကို ပြန်ကြားယောင်ရင်း တစ်ယောက်တည်း ပြုံးလိုက်မိသည်။ တန်းစီရင်း တစ်ယောက်တည်း အတွေးလွန်နေစဉ်

“ညီလေး မင်းအလှည့်ရောက်ပြီ”

ဟု လက်မောင်းကို လာလှုပ်ရင်း ပြောလိုက်သော စကားကြောင့် အတွေးစများ ပြတ်သွားပြီး ကောင်တာရှိရာကို လျှောက်လာခဲ့လိုက်သည်။ ထို့ နောက် ပတ်စပို့ စာအုပ်ကို တာဝန်ကျ အရာရှိလက်ထဲ ထည့်ပေးလိုက်သည်။ တာဝန်ကျ အရာရှိက စာအုပ်ကို လှန်ကြည့်ရင်း ထွက်ကျလာသော ပိုက်ဆံ တစ်ဆယ်ကို ကျွမ်းကျင်စွာ သိမ်းယူလိုက်ကာ စာအုပ်ကို ဆွဲလှန်ကြည့်ရင်း

“မင်းက ဘယ်နိုင်ငံက ပြန်လာတာလဲ”

“ကျွန်တော် စင်ကာပူက ပြန်လာတာပါ” ဟု လေးလေးစားစား ပြန်ပြောလိုက်တော့

“ဒါဆို ဒါက ဘာတွေလဲ”

“ဒါက ကျွန်တော်တို့ အလုပ်က အင်ဒိုနီးရှားကို အလည်ပို့ တုန်းက ထုထားတဲ့ တုံးတွေပါ”

“မင်း စင်ကာပူမှာ အလုပ်လုပ်နေတာ ကြာပြီပဲ။ မင်းနောက်ဆုံး ဆောင်ထားတဲ့ အခွန်ပြေစာလေး ပြစမ်းပါဦး”

ဒီလူ ရစ်နေပြီ ဆိုတာကို ကျွန်တော်သိလိုက်ပြီ။ ပိုက်ဆံပေးထားသည့် ကြားက ထပ်ရစ်နေတာကို သိလိုက်ရတော့ ကျွန်တော် နဲနဲ တင်းသွားသည်။ ဒါကြောင့် ကျွန်တော်က

“အခွန်ပြေစာက ကျွန်တော့်မှာ ပါမလာဘူး။ ဟိုမှာ ကျန်နေခဲ့တယ်။ leave latter တော့ ပါလာတယ်။ ကျွန်တော်က ခွင့်နဲ့ ခဏပြန်လာတာပါ။ ဗြုန်းစားကြီး လောလော လောလောနဲ့ ပြန်လာတာဆိုတော့ အခွန်မဆောင်ခဲ့ရဘူး။ အခုဆိုရင် ဟိုမှာအခွန်ဆောင်ရတာကလဲ စာအုပ်ပါ အသစ်လဲရတာဆိုတော့ တစ်လလောက် ကြာတယ်လေ။ ဒီတော့ အချိန်မရလို့ မဆောင်ဖြစ်ခဲ့တာပါ။ ပြန်သွားပြီးရင် ဒီနှစ်ကုန်မှာ ပါမစ် ထပ်တင်ရင် စာအုပ်အသစ်လုပ်ရင်းနဲ့ မှ ဆောင်မှာမို့ ခုမဆောင်ဖြစ်သေးတာပါ”

ဟု ကျွန်တော်က သေသေချာချာ ရှင်းပြတော့

“ထိုလူက အမြင်ကတ်စရာ အိုက်တင်ဖြင့် ခေါင်းကို ယမ်းရင်း”

“မင်းတို့ ပြောတာကတော့ ဟုတ်တယ်။ ဒါပေမယ့် မင်းတို့ အခွန်ဆောင်မဆောင် ဆိုတကို ငါတို့ က ဘယ်လို သိမှာလဲကွ။ ခုမင်းဆောင်ဖို့ ကျန်နေတာကလဲ နဲတာမဟုတ်ဘူး။ ဒါတွေကို မင်းမဆောင်ရင် ဘယ်လို လုပ်မလဲ”

“ကျွန်တော်က အခွန်မဆောင်ရင် စာအုပ်ဘယ်လို သက်တမ်းတိုးမလဲ။ စာအုပ်မရှိဘဲနဲ့ ဘယ်လို ပါမစ်လျှောက်မလဲ။ ပါမစ်မရှိဘဲနဲ့ ကျွန်တော်ဘယ်လို အလုပ်ဆက်လုပ်မလဲ။ ဒီတော့ ကျွန်တော် အခွန်ဆောင်ချင်သည် ဖြစ်စေ မဆောင်ချင်သည် ဖြစ်စေ အခွန်က ဆောင်ကို ဆောင်ရမယ်။ အဲဒါကို ဦးလေးနားလည်ရဲ့ လား”

ဟု ကျွန်တော်လဲ နဲနဲတင်းလာသောကြောင့် လေသံက မာလာသည်။ ဒီလိုနဲ့ ကျွန်တော်တို့ အခြေအတင် ဖြစ်နေကြသည်။ နောက်ဆုံး ထိုသူက

“ဘာပဲဖြစ်ဖြစ်ကွာ မင်း အခွန်ဆောင်ဖို့ ကလဲ ကျန်နေသေးတယ်။ ဒီတော့ မင်းတစ်ဆယ်တော့ မလုပ်နဲ့ ကွာ နောက်တစ်ဆယ်လောက်တော့ လုပ်ဦး”

“ဟာ… ကျွန်တော့်လဲ မပါတော့ဘူး ဦးလေး အကြွေက အဲဒါပဲပါတယ်”

“ပါပါတယ်ကွာ။ လုပ်ဦး လုပ်ဦး တစ်ဆယ်လောက်တော့ လုပ်ဦး။ မင်းလဲ ဟိုမှာ အလုပ်လုပ်နေတာ ကြာပြီ တော်တော် စုမိနေမှာဘဲ ဒီတော့ တစ်ဆယ်လောက်တော့ လုပ်ဦး ဟုတ်ပြီလား”

ကျွန်တော်လဲ သက်ပြင်းရှည်ကြီးကို ချရင်း ဘာမှ ထပ်မပြောတော့ဘဲ ငွေတစ်ဆယ် ထပ်ထုတ်ပေးလိုက်သည်။ ထို့ နောက် အထုပ်များကို ဆွဲပြီး လှည့်အထွက်တွင် ဘေးမှ အရာရှိတစ်ယောက်က

“ဟာ… ဆေးလိပ်တွေ အရက်တွေ ပါလာတာဘဲ ကိုယ့်အစ်ကိုကြီးတွေဖို့ လဲ နဲနဲ လုပ်ပေးခဲ့ဦးလေကွာ။ အစ်ကိုကြီးတို့ လဲ သောက်တတ်ပါတယ်ကွ”

“ဟာ… သောက်တတ်လဲ ဝယ်သောက်တော့ဗျာ… ခင်ဗျားတို့ ဟာက နဲနဲ မဟုတ်တော့ဘူး လွန်လာပြီဗျာ တော်ရုံတန်ရုံ တော်ရောပေါ့”

ဟု ဆိုကာ ကျွန်တော်လဲ အထုပ်အပိုးများကို ဆွဲရင်း လှည့်ထွက်လာခဲ့လိုက်သည်။ လေဆိပ်တွင် အရစ်ခံလိုက်ရသောကြောင့် ကျွန်တော် တော်တော် စိတ်ညစ်သွားသည်။ ဒါကြောင့် ပြန်အထွက်တွင် နောက်တခါ ထပ်အရစ်မခံရအောင် ကျွန်တော့် နောက်မှ လိုက်ပြန်လာမည့် အစ်ကိုနဲ့ အခွန်ဆောင်ထားသော အခွန်ပြေစာ စာရွက်များ ယူလာခဲ့ပေးဖို့ မှာလိုက်သည်။

၂။
ဒီလိုနဲ့ ကျွန်တော် ခွင့်ရက်စေ့၍ စင်ကာပူကို ပြန်ထွက်ချိန် ရောက်လာခဲ့သည်။ ပြန်လာတုန်းက တက်ကြွလန်းဆန်းခဲ့သော ခြေလှမ်းတို့ အပြန်တွင်တော့ နှေးကွေး လေးလံနေကြပြီ။ လိုက်ပါ ပို့ ဆောင်ကြသူများကို လက်ပြနှုတ်ဆက်ပြီးနောက် အထုပ်အပိုးများကို ကီလိုချိန်ပြီးနောက် အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ ဒီလိုဖြင့် တန်းစီလာရင်း ကျွန်တော့် အလှည့်ရောက်သောကြောင့် ကျွန်တော်လဲ ရှေ့တိုးလာရင်း ဓာတ်ပုံတွေ ဘာတွေရိုက်ပြီးသည် အထိ ကျွန်တော့်အရှေ့မှ ကောင်မလေးကို စစ်နေတာ မပြီးသေး။ ဒါနဲ့ ကျွန်တော်လဲ နောက်နားလေးမှ စောင့်နေလိုက်သည်။ ကောင်မလေးက D-Fome မပါသောကြောင့် ရစ်နေခြင်းဖြစ်သည်။ ဒီကောင်မလေးကလဲ တကယ့်ဟာမှ မေ့ကျန်ခဲ့ခြင်း ဖြစ်သည်။

“မင်း D-Fome မပါဘဲနဲ့ တော့ ထွက်လို့ မရဘူး”

ကောင်မလေး နဲနဲ ပြာသွားသည်။ ဟုတ်တယ်လေ ဒီနေရာထိ ရောက်လာပြီးမှ ပြန်ဖို့ ဆိုတာကတော့…

“အဲလိုတော့ မလုပ်ပါနဲ့ ဦးလေးရယ်။ ကျွန်မကို ကူညီပါဦး”

ဟု ဆိုကာ ကောင်မလေးက တစ်ထောင်တန် နှစ်ရွက်ထုတ်ပေးသည်။ ဒါကို ငတိက ကောက်တောင် ကိုင်မကြည့်ဘဲ။

“နှစ်ထောင်နဲ့ ကတော့ မရဘူး”

“ဒါဆို ဘယ်လောက်ပေးရမလဲရှင် သမီးမှာကလဲ သိပ်မပါဘူး”

“မင်းအခု ဘယ်ကလာတာလဲ”

“သမီး မြောက်ဒဂုံ ကနေ လာတာပါ”

“မင်း… ဒီကို တက္ကစီနဲ့ လာတာ ဘယ်လောက်ပေးရလဲ”

“မြောက်ဒဂုံကနေ ဒီကို သမီး ငါထောင် ပေးခဲ့ရပါတယ်”

“မြောက်ဒဂုံကနေ ဒီထိတောင် ငါးထောင်ပေးရတယ် ဆိုရင် ဒီကနေ စင်ကာပူ သွားဖို့ က ငါးထောင်တော့ တန်ပါတယ်နော် ဟုတ်တယ်… ဟုတ်”

ဟု ဆိုကာ ပေါ်တင်ကြီး တောင်းလေသည်။ နောက်ဆုံး ကောင်မလေးလဲ ဘာမှ မတတ်နိုင်တော့ဘဲ ပိုက်ဆံ ငါးထောင် ထုတ်ပေးလိုက်ရတော့သည်။ ဒီလိုနဲ့ ကျွန်တော့် အလှည့် ရောက်လာတော့သည်။

“အခွန် ပြေစာလေး တစ်ချက်လောက် ပြပါဦး”

“ဟုတ်ကဲ့ ဒီမှာပါ ခင်ဗျ”

“ဟင် မင်းက အခွန်ဆောင်ဖို့ တော်တော် ကျန်နေသေးတာဘဲ”

“အင်း.. ဟုတ်တယ် ကျွန်တော် ခုပြန်မှ ပါမစ် အသစ်တင်ရင်း ဆောင်ရမှာ”

“အင်း… အခွန်ဆောင်ဖို့ ကျန်နေသေးတော့ မင်းနဲနဲတော့ လုပ်ခဲ့ဦးလေကွာ”

“ကျွန်တော်က ဘာကို လုပ်ခဲ့ရမှာလဲ။ ကျွန်တော်က ခုမှ နိုင်ငံခြားကို ထွက်မှာ မဟုတ်ဘူး။ ဒါကြောင့် အခွန်ဆောင်ဖို့ ကျန်ခြင်း မကျန်ခြင်းက ဦးလေးတို့ နဲ့ မဆိုင်ဘူး။ အဓိကက စာအုပ်မှာ သက်တမ်း ခြောက်လ ကျန်ရင် ဝင်ခွင့် ထွက်ခွင့်ရှိတယ်။ ဒါပေမယ့် ဦးလေးတို့ က ပိုက်ဆံရမှ ဖြစ်မယ် ဆိုရင်လဲ ကျွန်တော် ပေးခဲ့မယ်။ ကြောက်လို့ မဟုတ်ဘူးနော် အရစ်မခံချင်လို့ နဲ့ နောက်က တန်းစီနေတဲ့သူတွေကို အားနာလို့ ဟုတ်ပြီလား။ ရော့… ဒီမှာ ပိုက်ဆံ ငါးထောင်”

ဟု ဆိုကာ စားပွဲပေါ်သို့ ပိုက်ဆံ ငါးထောင် ပစ်တင်လိုက်ပြီး ကျွန်တော်လဲ တန်အောင်ပြောကာ လှည့်ထွက်လာခဲ့လိုက်သည်။ ကျွန်တော်တစ်ယောက်တည်း အတောင်းခံ ရခြင်း မဟုတ်ပါ။ ကျွန်တော့် သူငယ်ချင်းများနှင့် အခြား အခြားသော သူများလဲ ဒီလိုပင် အတောင်းခံနေရသည်။ ဒါကြောင့် သူငယ်ချင်း မိတ်ဆွေများကို ပြောချင်တာကတော့

“သတိ အဝင်တောင်း အထွက်တောင်းဖြင့် အတောင်းကြမ်းနေသည်”

သေရွာပြန် မဲကြီး

ပြည်တက္ကသိုလ်အတွင်း ကျောင်းကန်တင်းကတော့ ရုတ်ရုတ်သဲသဲဖြင့် သက်ဝင် လှုပ်ရှားနေသည်။ ညီရဲသစ် ကန်တင်းနားကို ရောက်တော့ သူငယ်ချင်းများ စုံစုံညီညီ ရောက်နေကြသည်ကို တွေ့ လိုက်ရသည်။ ကန်တင်းထဲသို့ မဝင်မှီကပင် သစ်လွင်၏ ဟောင်ဖွာဟောင်ဖွာ အသံကို ထုံးစံအတိုင်း အဝေးမှပင် ကြားနေရသည်။ အနားကို ရောက်လာသော ညီရဲသစ်ကိုပင် သတိမထား မိနိုင်အောင်ပင် အားလုံး သစ်လွင်၏ တော်ကီထဲတွင် မျောနေကြသည်။ သစ်လွင်က တစ်ဝိုင်းလုံးကို ထိန်းထားခြင်း ဖြစ်သည်။ သစ်လွင်က ကျွန်တော် မကြာခဏ ခိုင်းနှိုင်း ပြောလေ့ရှိသည့် ငှက်ဆိုးထိုးသံကြီးဖြင့်-

“နင်တို့ စိုးမိုးကို သေချာမကြည့်လို့ ဒီကောင်က လူချောဟ ခက်တာက ဝက်ခြမ်းပြားလို ပိန်နေလို့ ကိုယ်ရောင်ကိုယ်ဝါ မထွက်တာ။ လူက ပိန်တော့ မျက်လုံးက ပြူးတယ်ထင်ရတာ တကယ်က ဒီကောင့် မျက်လုံးက ပြူးတာမဟုတ်ဘူး ရွဲတာဟ။ နင်တို့ လဲ ကြားဖူးမှာပါ ပုလဲတစ်လုံး ရွဲတစ်လုံး ဆိုတာကိုလေ။ ဒါပေမယ့် ဒီကောင့်ကို အထင်မသေးနဲ့ နော်။ ဒီကောင်က ပိန်သာပိန်တာ… ”

ဟုဆိုကာ သစ်လွင်က စကားစကို ရပ်ထားပြီး အာခြောက်သွားဟန်ဖြင့် ရေးနွေးတစ်ခွကို ငှဲ့ သောက်လိုက်သည်။ အဲဒီအခါမှာ မွေးရာပါ ဗီဇအရ စပ်စုတာကို ဝါသနာထုံသည့် ကောင်မလေးတစ်သိုက်က သစ်လွင်ကို အတင်း မေးပါလေတော့သည်။

“ဟင်… သူက ပိန်သာပိန်တာ ဘာဖြစ်လဲ ဆက်ပြောလေ သစ်လွင်”

“အာ… နင်က စကားကို ဆက်ပြောတာ မဟုတ်ဘူး။ တိုးလန်းတန်းလန်းနဲ့ ဒီရေနွေးက နောက်မှ သောက်လဲ ဖြစ်တဲ့ဟာကို…”

စသဖြင့် သစ်လွင်ကို ဒိုင်လူကြီးအား ဘော်လုံးသမားများ ကွန်ပလိန်း ဝိုင်းတက်ကြသလို ကောင်မလေးများ ဝိုင်းစောဒက တက်ကြသည်။ အဲဒီတော့မှ သစ်လွင်က အောင်နိုင်သူ စစ်သူကြီး တစ်ယောက်လေသံဖြင့်-

“အေးဟ… ဒီကောင်က လူက ပိန်သာပိန်တာ အရိုးချည်းပဲ။ ပိန်တာမှ အရေပေါ် အရိုးတင်နေတာ ဟား ဟားးး”

ဟု ဆိုကာ သစ်လွင်က သူ့ စကားကို သူ့ ဘာသာ သဘောကျကာ တဟားဟားဖြင့် ရယ်သည်။ ဒီတော့ ကောင်မလေးများက-

“ဒီသစ်လွင်ကတော့ လုပ်တော့မယ်။ အရိုးပေါ် အရေတင်ပဲ ကြားဖူးပါတယ် သူ့ ကျမှ အရေပေါ်တင် ရတယ်လို့ မကြားဖူးပါဘူး”
ဟု ပြောတော့ သစ်လွင်က-
“ဟ နင်တို့ က ဘာသိလို့ ပြောရတာလ။ဲ ဒီကောင်က အရိုးပေါ် အရေတင်တာထက်ဆိုးတယ်။ ကြည့်ပါလား အရိုးတွေက ငေါငေါထွက်နေတာ အရေးပြားတွေကို ဖောက်ထွက်တော့မဲ့ အတိုင်းဘဲ။ ဒါကြောင့် အရေပေါ် အရိုးတင်တယ်လို့ ပြောတာပေါ့”

ဟု သစ်လွင်က သူနဲ့ ရည်းစားလုဘက် စိုးမိုးကို လူပုံအလည်တွင် အသားလွတ်ကို တဖက်သတ် အပေါ်စီးမှ အနိုင်ယူနေတော့သည်။ စိုးမိုးတစ်ယောက်မှာတော့ မျက်နှာလေး အောက်ချပြီး ဘာမှ ခွန်းတုန့် မပြန်နိုင် ဖြစ်နေရှာသည်။ အဲဒီအချိန်မှာပင် ညီရဲသစ်က-

“အဲဒီလောက်လဲ မပြောပါနဲ့ သစ်လွင်ရာ…
သူများကို မှိုချိုး မျှစ်ချိုးပြောရအောင် မင်းကရော ခြောက်ပစ်ကင်း သဲလဲစင်မို့ လား။ ကိုယ်ရုပ်လဲ ကိုယ်ကြည့်ဦး အာလူးမီးဖုတ် ထားတဲ့ ရုပ်နဲ့ ။ ဒီကျောင်းထဲမှာ မင်းထက် ရုပ်ဆိုးတဲ့သူ လိုက်ရှာမယ် ဆိုရင်တောင် လက်တဖက် မပြည့်ပါဘူး”

ဟု ပြောရင်း စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ညီရဲသစ်ကို တွေ့ တော့ သစ်လွင်တစ်ယောက် ပါးစပ်ပိတ်သွားသည်။ မပိတ်လို့ လဲ မဖြစ် ဒီအဖွဲ့ ထဲတွင် ညီရဲသစ် တစ်ယောက်ကိုတော့ သူရှိန်သည်။ ညီရဲသစ် စကားသံကို ကြားတော့ စိုးမိုးတစ်ယောက် အားကိုးတကြီးဖြင့် မော့ကြည့်လာသည်။ မော့ကြည့်လာသော စိုးမိုး မျက်ဝန်းထဲတွင် အရောင်တချို့ လက်ကနဲ တောက်သွားသည်ကို တွေ့ လိုက်ရသည်။ စိုးမိုးကို ကြည့်ရင်း ညီရဲသစ် စိတ်မကောင်းဖြစ်သွားသည်။ သစ်လွင်ကို လှည့်ကြည့်လိုက်တော့ သူနဲ့ မဆိုင်သလို မခုတ်တတ်သည့် ကြောင်ပုံစံမျိုးဖြင့် ထိုင်နေသည်။ ကောင်မလေးများက ညီရဲသစ်ကို တွေ့ တော့ ဝိုင်းနှုတ်ဆက် ကြသည်။

“ဟဲ့… ကောင်စုတ် နောက်ကျလှချည်လား…”

“အေးလေ ရဲစုတ် ရဲပဲ့ ဘယ်တွေ သဝေထိုးနေလို့ ခုမှ ရောက်လာ ရတာလဲ”

“အာ… နင်တို့ ကလဲ ငါက ခုမှ သင်တန်းပြီးလို့ ပါဟ။ အခုလဲ သင်တန်းပြီးပြီးချင်း နင်တို့ ဆီကို တန်းလာခဲ့တာပဲ”

“ဘာ… နင်က ဘာသင်တန်းတွေ တက်နေလို့ လဲ ငါတို့ လဲ မသိရပါလား”

“အေးလေ နင်က ငါတို့ ကို အသိမပေးဘဲ တစ်ယောက်တည်း ကျိတ်လုပ်နေတယ်ပေါ့။ နင်က သစ္စာဖောက် တယ်ပေါ့လေ ဟုတ်လား”

“ဟာ… မဟုတ်ပါဘူးဟာ။ နင်တို့ ကလဲ ဘာမှ မသိဘဲ ရမ်းမတုတ်နဲ့ လေ။ ငါက စနေ၊ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်မှာ ကွန်ပြူတာ သင်တန်း တက်ဖို့ သွားစုံစမ်းတာ။ အဲဒါ သင်တန်း ဆရာက စိတ်ဝင်စားရင် ခဏဝင်တက် သွားလိုက်ဆိုလို့ ငါက အစမ်း သဘောမျိုး ဝင်တက်ကြည့်တာပါ။ အားလုံးစုံစမ်းပြီးမှ နင်တို့ နဲ့ အတူတူ တက်ဖို့ လေ ဘယ်လိုလဲ နင်တို့ စိတ်ဝင်စားလား”

“အေး ငါတို့ တောင် ပြောနေသေးတယ်။ ပိတ်ရက်မှာ သင်တန်း တစ်ခုခု တက်ကြရင် ကောင်းမယ်လို့ ။ ခုနင်က စုံစမ်းလာခဲ့ပြီ ဆိုတော့ အဆင်ပြေတာပေါ့။ နင်တော်တယ် ညီရဲသစ်”

“နင်တော်တော် ညံတာဘဲ ငါနဲ့ တွဲနေပြီး ခုမှ သိလား။ ငါက နဂိုကတည်းက တော်တာကို…”

“အေးပါ ဟုတ်ပါပြီ ကိုဖိုးတော်ကြီးရယ်။ ငါတို့ ကိုလဲ နင်စုံစမ်း လာတဲ့ အကြောင်းလေးတွေ ရှင်းပြပါဦး”

“အဲဒီအကြောင်း မပြောခင် ငါနင်တို့ ကို သတင်း စကားတစ်ခု ပြောဖို့ ပါလာတယ်။ သတင်းဦး သတင်းထူ ဆိုတော့ နင်တို့ လဲ စိတ်ဝင်စားကြမှာဟ”

ဟု ညီရဲသစ်က သစ်လွင်ကို တချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။ ဒီိတော့ သစ်လွင်တစ်ယောက် ဂနာမငြိမ် ဖြစ်သွားသည်။ အစကတည်းကမှ သူက ညီရဲသစ်ကို လန့် နေသည် မဟုတ်လား။ သူ ညီရဲသစ်ကို တစ်ခုခု ပြောချင်ပေမယ့် ဘာကို ဘယ်က စပြောရမှန်းမသိ ဖြစ်နေသည်။ ဒီတော့ ဘာမှ မပြောပဲ ငြိမ်နေလိုက်သည်။ ကျောထဲကတော့ စိမ့်သလိုလို ဖြစ်နေသည်။ သတင်းဦး သတင်းထူးဆိုသောကြောင့် စပ်စုတတ်သော မိန်းမတို့ သဘာဝအတိုင်း ကောင်မလေးတစ်သိုက် စိတ်ဝင်စားသွားကြပြီး တစ်ယောက် တစ်ပေါက်ဖြင့် ဝိုင်းမေးကြသည်။ တစ်ယောက် တစ်ပေါက်မို့ သာ တော်တော့သည်။ နို့ မို့ ညီရဲသစ် နားတွေပင် ကွဲသွားလောက်သည်။

“ဒီလိုဟ ငါသင်တန်းတက်ဖို့ စုံစမ်းရင်း သင်တန်းဆရာက ခဏဖြစ်ဖြစ် အစမ်း ဝင်တက်ကြည့်ပါလား ဆိုလို့ ငါလဲ ဝင်တက်ကြည့်တော့ ငါဘေးနားခုံမှာ ထိုင်နေတဲ့ ကောင်မလေးက အလန်းလေးဟ။ တော်တော်ကို လှတာ…။ အဲဒါနဲ့ ငါလဲ အတင်းဝင်ရော ပစ်လိုက်တယ်”

“စောက်ကောင် နှာဘူး ဖွန်ကြောင်ဖို့ ဘဲ သိတယ်။ ဘယ်နေရာ ရောက်ရောက် မီးတောက်လိုက်ရမှ နဲနဲလေးမှ မတောက်လိုက် ရရင် မနေနိုင်ဘူး”( မှတ်ချက်။ ။ စာရေးသူတို့ သူငယ်ချင်းများ ကြားတွင် ဖွန်ကြောင်သည်ကို မီးတောက်သည်ဟု နာမ်စားသုံး ခေါ်ဝေါ်လေ့ ရှိသည်)

ဟု ဝိုင်းထောပနာ ပြုကြသည်။

“ဟ ဟ နေကြပါဦးဟ… နင်တို့ ကလဲ တွယ်မယ်ဆိုတာ ချည်းပဲ။ စကားကိုလဲ သေချာ နားထောင်ဦးလေ ကြားထဲက ဖြတ်ဖြတ်ပြီး ဝင်မတွယ်နဲ့ လေ။ နင်တို့ က အဲဒီလို ဖြတ်ဖြတ် ပြောနေရင် ငါက ဘယ်လို ဆက်ပြောရမလဲ”

“မသိဘူးလေ နင်ပြောတာကိုလဲ ကြည့်ဦးလေ။ စပြောကတည်းက ကောင်မလေး အကြောင်းက စပြောတာ ဆိုတော့ ငါတို့ က ပြောတာပေါ့။ ကဲ… ဆက်ပြော”

“အဲဒီမှာ ကောင်မလေးနဲ့ စကားစပ်မိလို့ မေးကြည့်တော့ ကောင်မလေးက သစ်လွင်တို့ ရွာက ဖြစ်နေတယ်။ ဒါနဲ့ ငါက အဲဒီရွာမှာ သစ်လွင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သိလားလို့ မေးကြည့်တော့ ကောင်မလေးက ပြန်မေးတယ်။ ဘယ်သစ်လွင်လဲတဲ့။ အဲဒီမှာ ငါနဲနဲ အံသြသွားတယ်။ ဒါနဲ့ ငါလဲ ပြန်မေးလိုက်တယ်။ သစ်လွင်က ဘယ်နှစ်ယောက်များ ရှိလို့ လဲလို့ ပေါ့။ ကောင်မလေးက သစ်လွင်နှစ်ယောက် ရှိတယ် ပုံသဏ္ဍန်ကို ပြေပြပါတဲ့။ ဒါနဲ့ ငါက ကျွန်တော့် သူငယ်ချင်း သစ်လွင်က အသားမဲမဲ ပုပုဝဝနဲ့ အားလူးမီးဖုတ်ထားတဲ့ ရုပ်နဲ့ လို့ ပြောလိုက်တော့ ကောင်မလေးက သြော်… ဒါဆို မဲကြီးပေါ့။ ငါလဲ ဗျာ… မဲကြီး ဟုတ်လား။ အင်းလေ ဟုတ်တယ် သူ့ ကို ရွာမှာ မဲကြီး သေရွာပြန် မဲကြီးလို့ ခေါ်ကြတာလေ။ သူငယ်ချင်း ဖြစ်ပြီး ဒါတောင်မသိဘူးလားတဲ့”

“ဘာ… မဲကြီး သေရွာပြန်မဲကြီး ဟုတ်လား”

“ဟဲ့ ဘယ်လို သစ်လွင်က ဘယ်နှယ့် သေရွာပြန် မဲကြီး ဖြစ်သွား ရတာလဲ”
ဟု ကောင်မလေးများက တစ်ယောက် တစ်ပေါက်ဖြင့် ဝိုင်းမေးကြသည်။ ညီရဲသစ်က မျက်လုံး တစ်ချက် ဝေ့ကြည့်ပြီး အကဲခတ်လိုက်တော့ အားလုံး သူ့ စကားကို စိတ်ဝင်တစား နားထောင်နေကြောင်း တွေ့ လိုက်ရသဖြင့် ကျေနပ်သွားသည်။ သစ်လွင်က ညီရဲသစ်ကို တခုခု ပြောမည့် ဟန်ဖြင့် ပါးစပ်ပြင်လိုက်သည်။

“ညီရဲသစ် မင်း…. မဟုတ်…”

ညီရဲသစ်က သစ်လွင်ကို စကား အဆက်မခံ-

“သူတို့ တွေက အရမ်း သိချင်နေပြီ သစ်လွင် ငါမပြောဘဲ နေလို့ မရတော့ဘူး။ ဒီတော့ ငါ့ကို ခွင့်လွှတ်ကွာ”
ဟု ညီရဲသစ်က ခပ်တည်တည်ဖြင့် ပြောလိုက်တော့-

“အေးလေ သစ်လွင် နင်က ဘာတွေ မဟုတ်တာတွေ လုပ်ထားလို့ လဲ”

“အာ… ငါက ဘာမဟုတ်တာမှ လုပ်မထားပါဘူးဟာ”

“ဒါဆို နင်က ဘာဖြစ်လို့ ညီရဲသစ်ကို တားနေရတာလဲ”

“အေးလေ နင်မဟုတ်တာ ဘာတစ်ခုမှ လုပ်မထားရင် နင်ဘာကြောက် နေစရာ ရှိလဲ”

“ညီရဲသစ် ဆက်ပြော”

သူငယ်ချင်း တသိုက် စကားအဆုံးမတော့ သစ်လွင် ခေါင်းကြီး ငုံသွားပြီး ဘာမှ ထပ်မပြောတော့ပဲ မြေကြီးကို သုတေသန လုပ်နေသည်။ ညီရဲသစ် သူ့ ကို ရိုက်ချဖို့ ခွင်ဆင်နေသည်ကို သူသိသည်။ သူတခုခုကို ပြောချင်နေသည်။ ဒါပေမယ့် ဘာကို ဘယ်ကနေ စပြောရမှန်း မသိပေ။ သူ့ ကိုယ်သူ သတ်ကွင်း တစ်ခုထဲ ရောက်နေသလို ခံစားနေရသည်။ ဒါပေမယ့် ဒီသက်ကွင်းထဲက သူဘယ်လို ရုန်းထွက်ရမလဲ ဆိုတာ စဉ်းစားမရ ဖြစ်နေသည်။

“ညီရဲသစ် ဆက်ပြောလေ ဘာလုပ်နေတာလဲ”

“အေးပါ ငါပြောပြမှာပါ မလောပါနဲ့ ဖြေးဖြေးပေါ့။ ဒီလိုဟာ အဲဒီကောင်မလေးကလဲ ငါ့ကို သေသေချာချာကို ပြောပြတာဟေ့…။ သစ်လွင် ငယ်ငယ်က အရမ်း အဆော့သန်တယ်တဲ့။ အဲဒါ တစ်နေ့ သူတို့ တွေ အတူတူ ဆော့နေကြတုန်း ဘယ်လိုကနေ ဘယ်လို သစ်လွင် လက်ကမြင်း လိုက်လဲ မသိဘူး။ သစ်လွင် တစ်ယောက် ဓာတ်လိုက်တာတဲ့။ ဘေးနားက လူကြီးတစ်ယောက်က ကပျာကယာ ဝါးလုံးခြောက်တစ်လုံး ဆွဲပြီး ဖြတ်ရိုက်လိုက်လို့ သစ်လွင် တစ်ယောက် ကံကောင်းသွားတာ ပြောတာဘဲ”

“ဟယ်… ဟုတ်လား ဒါဆို သစ်လွင် တစ်ယောက် ကံကောင်းသွားတာပေါ့နော်”

“ဒါပေါ့ ကံကောင်းသွားတာပေါ့။ ဒါမျိုးက အသက်ပါ သေသွားနိုင်တယ်လေ”

“အေးနော် တော်သေးတာပေါ့။ စကားမစပ် ဒါနဲ့ ဒီကိစ္စနဲ့ သစ်လွင် သေရွာပြန် မဲကြီး ဖြစ်သွားတာနဲ့ ဘာဆိုင်လို့ လဲ”

“အေးလေ ဘာဆိုင်လို့ လဲ နင်ဟာကလဲ မဟုတ်သေးပါဘူး”

“ဆိုင်ပါပြီကောဟာ နင်တို့ ကလဲ အဲဒီအဖြစ်အပျက်မှာ သစ်လွင်က သေတော့ မသေဘူး။ ဒါပေမယ့် သေလုမျောပါး ခံစားလိုက်ရတယ်။ ဆေးရုံကို မြန်မြန်ရောက်လို့  အသက်ကိုတော့ လုလိုက်နိုင်တယ်။ ဒါပေမယ့် ကံကောင်းလို့ အသက်ကို လုလိုက်နိုင်ပေမယ့် အသားတွေတော့ မဲသွားတယ်။ ကုလို့ 
မရတော့ဘူးတဲ့။ အရင် သစ်လွင်က ဒီလို အသားမဲနဲ့ မဟုတ်ဘူးတဲ့ အသားဖြူတယ်တဲ့… ။ ဒါပေမယ့် ဒီကိစ္စဖြစ်ပြီး နောက်ပိုင်းမှာ အသားမဲတာက ဘယ်လိုမှ ကုမရတော့လို့ ဒီလိုပုံစံ ဖြစ်သွားပြီး အဲဒီနောက်ပိုင်းလဲ သေရွာပြန် မဲကြီးလို့ နာမည်တွင် သွားခဲ့တယ်ပြောတာပဲ”

“ဟယ် ဟုတ်လား ဒီလိုဆိုတော့လဲ သစ်လွင် ဘဝက သနားစရာပါလားနော်”

“အေးဟယ် ငါဖြင့် သနားလိုက်တာ”

ဟူသော ကောင်မလေးများ ရေရွတ်သံများ အဆုံးတွင် သစ်လွင် တစ်ယောက် ဝုန်းကနဲ ကန်တင်းထဲမှ ထွက်ပြေး သွားလေတော့သည်။ ထိုနေ့ မှ စ၍ သစ်လွင်လဲ သေရွာပြန် မဲကြီး ဆိုသော နာမည်တစ်လုံးကို အပိုင်စား ရသွားလေတော့သည်။

စင်ကာပူ မြေပေါ်မှ အလွဲများ-၃

ကျွန်တော် အရင်က စင်ကာပူ မြေပေါ်မှ အလွဲများ ခေါင်းစဉ်နဲ့ အတွဲ ၁+၂ ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ကြာတော့ ကြာခဲ့ပါပြီ။ အခု ဒါလေးကတော့ အတွဲ ၃ ပေါ့။ စင်ကာပူ မြေပေါ်မှာ တကယ် ကြုံတွေ့ ခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ပြန်ရေးသား ထားခြင်း ဖြစ်ပါသည်။ တချို့ လဲ သူငယ်ချင်းတွေ ပြန်ပြောပြတဲ့ အတွေ့ အကြုံလေးတွေကို တဆင့်စကား တဆင့်နားနဲ့ ပြန်ရေးသား ထားခြင်း ဖြစ်ပါသည်။ ဒါကြောင့် တိုက်ဆိုင်မှု ရှိက တောင်းပန်ပါကြောင်းနှင့် မည်သူ့ ကိုမှ ရည်ရွယ် တိုက်ခိုက်ခြင်း မဟုတ်ပါကြောင်း ကြိုတင် အသိပေး တောင်းပန်အပ်ပါသည်။ ဟာသ သက်သက်သာ ရေးသားခြင်း ဖြစ်ပါကြောင်း…

၁။
ကျွန်တော်နှင့် သူငယ်ချင်း တစ်စု အားလပ်ရက် အလုပ်ပိတ်ရက်တစ်ရက်တွင် စင်ကာပူနိုင်ငံ၏ နာမည်ကျော် Sentosa Island ကို အလည်အပတ် အပန်းဖြေရန် ရောက်နေခြင်းဖြစ်သည်။ အလုပ်ထဲတွင် နစ်မြုပ်နေသော စိတ်ဖိစီးမှုများ လျော့ပါးအောင် အပျော်သက်သက် ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ ဒီရောက်ပြန်တော့လဲ ထုံးစံအတိုင်း ကိုဘိုကြီးက ပြဿနာ ရှာပြန်သည်။

“အဲဒီလောက်ထိလဲ ဒေါသတွေ ကြီးပြမနေပါနဲ့ ကိုကြီးဘိုကြီးရာ…။ နဂိုကမှ မလှတဲ့ရုပ် ပိုရုပ်ဆိုးသွားပါဦးမယ်” လို့ ကျွန်တော်က ပြောလိုက်တော့-

“ငရဲ… မင်းပါစပ်ကို ပိတ်ထားရင် ကောင်းလိမ့်မယ်။ ငါအခု တကယ် ဒေါသထွက်နေတာနော်။ ငါ့ဒေါသတွေ မင်းပေါ် အကုန် ပြိုကျ ကုန်မယ်”

“ဟုတ်ပါပြီ ကိုကြီးဘိုကြီးရယ် ဟိုကောင်တွေ လွန်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ ကလဲ ကိုကြီးဘိုကြီးကို ခင်လို့ စတာပဲ။ ဒါကြောင့် ဒီလူနဲ့ ဒီလူ ဒီလောက်ထိလဲ ဒေါသတွေ ထွက်ပြနေစရာ မလိုပါဘူး ကိုကြီးဘိုကြီးရာ…”

“ဟ… ဒေါသမထွက် ခံနိုင်ရိုးလားကွ။ စတာက စတာပဲလေ။ ဒါပေမယ့် အတိုင်းအတာ တစ်ခုထိပဲ စပေါ့ကွ။ မင်းပဲ စဉ်းစားကြည့်ဦး ဒီကောင်တွေ လုပ်ပုံ ကောင်းသလားလို့ ။ ဒီနေ့ ဒီအချိန်မှာ ငါ့ကောင်မလေးနဲ့ ချိန်းထားလို့ ဒီ Sentosa ကို မလိုက်ချင်ပါဘူး ဆိုတာကို ခဏတော့ လိုက်ခဲ့ပါ ဆိုပြီး အတင်း ခေါ်လာတယ်။ ဒီရောက်တော့လဲ ဟိုပြော ဒီပြော ဟိုကောင်ကဆွဲ ဒီကောင်ကဆွဲနဲ့  ငါ့မှာ မပြန်ရဘူး။ ငါ့ကောင်မလေးကလဲ ဖုန်းတဂွမ်ဂွမ်နဲ့ စိတ်ကောက်နေပြီ။ ဒါပေမယ့် သြော်… အချင်းချင်းတွေပဲ ဆိုပြီး ငါသည်းခံပြီး သူတို့ စိတ်ကျေနပ်တဲ့အထိ နေခဲ့တယ်။ အခုလဲကြည့် အားလုံး စိတ်ကျေနပ်လောက်တဲ့ အထိ ငါသည်းခံနေပြီး ငါ့ကောင်မလေးဆီကိုလဲ ခုပဲ လာခဲ့တော့မယ်လို့ ဖုန်းဆက်ပြီးတော့မှ ငါ့ကို ပင်လယ်ထဲ ဝိုင်းပြီး ဆွဲချကြတယ်။ ခုအားလုံး ရွှဲစိုကုန်ပြီ။ အခုလဲ ရေချိုသွားချိုး ရဦးမယ်ဆိုတော့ ငါ့ကောင်မလေးဆီကို နောက်ကျမှ ရောက်မယ် ဒီတော့ ဟိုက ငါ့ကို စိတ်ထပ်ကောက်ဦးမယ်။ မင်းစဉ်းစားကြည့် ငရဲ ငါစိတ်မဆိုး သင့်ဘူးလားလို့ ”

ကျွန်တော့်ကို စကားအရှည်ကြီး ပြောကာ  ပွစိပွစိဖြင့် ရင်ဖွင့်ရင်း ရှေ့မှ ဘောက်ဆတ်ဘောက်ဆတ်ဖြင့် လမ်းကို အလျင်စလို လျှောက်နေသော ကိုဘိုကြီးကို ကြည့်ရင်း ညီရဲ တစ်ယောက် ပြုံးမိသည်။

“အင်း… ဟိုကောင်တွေကလဲ ဟိုကောင်တွေဘဲ အစအနောက်က အလွန်သန်ကြတယ်” ဟုလဲ တွေးမိလိုက်သည်။

ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် ရေချိုချိုးသည့် နေရာရောက်တော့ ရေပန်းတစ်ခု လွတ်နေတာကို မြင်တော့ အလျင်လိုနေသော ကိုဘိုကြီး တစ်ယောက် ရေပန်းရှိရာသို့ အလျင်အမြန် လျှောက်သွားသည်။ အဲဒီအချိန်မှာပဲ သူ့ ရှေ့က ကုလားတစ်ယောက်က ရေပန်းအောက်ကို ဖြတ်ဝင်သွားတော့ ကိုဘိုကြီး တော်တော် နှာတင်းသွားသည်။ တဆက်တည်း- ပါစပ်ကလဲ ပွစိပွစိဖြင့် မြည်တွန်တောက်တီး တော့သည်။

“ဟာ… တောက်… ဒီက အရမ်း အရေးကြီးနေပါတယ် ဆိုမှ အရေးထဲ ဒီကုလားက တမှောင့်။ ငါနောက်က လုပ်ထည့်လိုက်ရင် နာတော့မယ်” ဟု စိတ်ဆိုး မာန်ဆိုးနဲ့ ပြောဆိုလိုက်သည်။ အဲဒီချိန်မှာပဲ ရှေ့က ကုလားက နောက်ကို လှည့်လာပြီး။

“ဟာ… အစ်ကို့ မလုပ်ပါနဲ့ ဗျ… အရေးကြီးရင်လဲ အရင်ချိုးပါ။ ကျွန်တော်လဲ မြန်မာပါဗျ… ”

ဟု ပြန်ပြောလိုက်တော့ ကိုဘိုကြီး တစ်ယောက် နဲနဲ တွန့် သွားတာ ကျွန်တော်တွေ့ လိုက်ရသည်။ ဒါပေမယ့် သူက ခပ်တည်တည်ပင် ရေဝင်ချိုးလာ ခဲ့လိုက်သည်။ ကျွန်တော့်မှာသာ သူတို့ နှစ်ယောက်ကို ကြည့်ပြီး ရယ်ချင်စိတ်ကို မနဲထိမ်းထားရသည်။

၂။
တစ်နေ့ ကျွန်တော် တစ်ယောက်တည်း ပျင်းပျင်းနဲ့ ဘယ်မှ မထွက်ဖြစ်ဘဲ ဧည့်ခန်းမှာ စာထိုင်ဖတ်နေတုန်း ကျွန်တော်တို့ အိမ်သူကြီးရဲ့ မိန်းမနဲ့ သူ့ အစ်မ နှစ်ယောက် မောကြီး ပန်းကြီးနဲ့ အပြန်က ပြန်ရောက်လာတာကို တွေ့ လိုက်ရသည်။ ဒီမှာက သိတဲ့ အတိုင်းလေ တိုက်တိုင်းမှ ဓာတ်လှေကား ရှိတာဆိုတော့ ဘာကြောင့် သူတို့ ဒီလောက် မောကြီးပန်းကြီးနဲ့ ပြန်လာတာလဲ ဆိုတာ ကျွန်တော်လဲ နားမလည် နိုင်အောင်ဖြစ်သွားသည်။ ဒါကြောင့်-

“ဘယ်လိုတွေ ဖြစ်လာတာလဲ အစ်မ” လို့ မေးလိုက်တော့-
“မပြောချင်တော့ပါဘူး ညီရဲရယ်” လို့ ပြောပြီး တောက်လျှောက် လွှတ်တော့တာဘဲဗျို့ -

“ငါတို့ ညီအစ်မ နှစ်ယောက်ဈေးဝယ် ပြန်လာပြီး ဓာတ်လှေကားထဲ ရောက်တော့ အပေါ် တက်ခါနီးလေး မှာဘဲ ကုလားကြီးတစ်ယောက် အထုပ်တွေ လက်နှစ်ဘက်က ဟိုတဖက် ဒီတဖက် ဆွဲပြီး ဝင်လာတယ်။ သူ့ ကိုယ်ကလဲဟယ် နံလိုက်တာ ဆိုတာ မပြောချင်တော့ ပါဘူး”

“ဒီတော့ အတင်းတုတ်လိုက် တယ်ပေါ့” လို့ အကြောင်းသိ ကျွန်တော်က စကားထောက်ပေးလိုက်တော့-

“အေးပေါ့ဟယ် ငါတို့ ကလဲ ဘယ်နေပါ့မလဲ။ ငါကလဲ အစ်မကို ဒီကုလားကြီး ကိုယ်ကလဲ နံလိုက်တာအေ ရေရော ချိုးရဲ့ လား မသိဘူး” လို့ လဲပြောလိုက်ရော-
ကုလားကြီးက ချာကနဲ လှည့်လာပြီး-
“အစ်မ ဒီလို မပြောပါနဲ့ … ကျွန်တော် ဒီနေ့ ရေချိုးတာ နှစ်ခါ ရှိပါပြီ” လို့ လဲ ပြောလိုက်ရော-
“ငါတို့ ညီအစ်မ နှစ်ယောက်လဲ နီးရာ အထပ်က ဆင်းပြီး ဓာတ်လှေကားနဲ့ မတက်တော့ဘဲ လှေကားနဲ့ တက်လာ ခဲ့တာပဲ ဟေ့…”
ဆိုပြီး ရှင်းပြပါတော့သည်။

၃။
အလုပ်ရက်ရှည် ပိတ်သောကြောင့် ကျွန်တော်၊ ကျွန်တော့် အခန်းဖော် သူငယ်ချင်းနှင့် အိမ်သူကြီးတို့ ပျင်းနေကြသည်။ တခြားသူတွေကတော့ အပြင်ထွက် လည်ပတ်နေကြသည်။ ကျွန်တော်တို့ ကတော့ အရင်နေ့ တွေက အပြင်ထွက် လည်ပတ်ထားသောကြောင့် ဒီနေ့ တော့ အပြင်မထွက် ဖြစ်တော့ ဘိုင်ခမ်းနေတာလဲ ပါသည။် အဲဒီအချိန်မှာပဲ တိုက်အောက်က ပေါ် ပီ ပွမ် ပွမ် ဖြင့် အသံများ ကြားလိုက်ရသည်။ ထိုအသံကို ကြားလိုက်ရသည့် ခဏ တစ်မနက်လုံး ဘိုင်ခမ်းနေ၍ လဒမှိုင်မှိုင်ပြီး ငိုင်နေသော ကျွန်တော်တို့ အိမ်သူကြီး ဆတ်ကနဲ ခေါင်းထောင်လာသည်။ ပြီတော့-

“ဟာ… ဒါ သတင်းစာတွေ ပုလင်းခွံ၊ ဘူးခွံတွေ လိုက်ဝယ်တာကွ” ဟု ပါးစပ်က ပြောရင်း သူနဲ့ ကျွန်တော့် အခန်းဖော် သူငယ်ချင်းတို့ ဝုန်းကနဲ ဝုန်းကနဲ ခုန်ထကြပြီး သတင်းစာထုတ် များကို ပြေးဆွဲကြသည်။ သူတို့ တွေ တဝုန်းဝုန်းနဲ့ သတင်းစာထုတ်တွေ ဝိုင်းဆွဲကြတော့ ယောင်တောင်ပေါင်တောင် ဖြစ်နေတဲ့ ကျွန်တော့်ကို-

“ညီရဲ… မင်း ဘာလုပ်နေတာလဲ လာကူဦးလေကွ” ဆိုတော့ ကျွန်တော်လဲ

“ဟာ… ကျွန်တော် မပါဘူး။ ကိုယ့်ဘာသာ ကိုယ်ရောင်းပြီး ကိုယ့်ဘာသာသာ ယူကြ…” လို့ ပြောပြီး

ကျွန်တော်လဲ ပြန်ထိုင်နေလိုက်သည်။ ဒါနဲ့ သူတို့ နှစ်ယောက် သတင်းစာ ထုပ်တွေကို မနိုင်မနင်းနဲ့ ဆွဲထုတ်သွားကြသည်။ အိမ်မှာ ကလဲ သတင်းစာတွေက နဲတာ မဟုတ်ဘူး။ အလုပ်လာရှာရင်း လာနေသွားသည့် လူတွေ ဝယ်ထားသည့် သတင်းစာတွေ၊ အိမ်ရှေ့ကို မနက်မနက် လာလာ ချထားသည့် အလကားရသည့် သတင်းစာတွေအပြင်၊ အိမ်သူကြီး ယူလာလေ့ ရှိသည့် မနက် MRT မှာ အလကား ဝေသည့် သတင်းစာ တွေက နဲတာ မဟုတ်။ သူတို့ တော်တော်ရမယ် ဟု ကျွန်တော်လဲ တွေးလိုက်မိသည်။ ကျွန်တော်လဲ မြန်မာပြည်မှာ လက်ဖက်ရည်ဖိုး ပြတ်သည့် အချိန် ခုလို အိမ်က သတင်းစာတွေ ရောင်းပြီး လက်ဖက်ရည်ဖိုး ရှာခဲ့ရသည်ကို ပြန်စဉ်းစား မိသည်။ ခဏနေတော့ သူတို့ နှစ်ယောက် မှုန်ကုတ်နေသော မျက်နှာ များဖြင့် ပြန်လာကြသည်။ ကျွန်တော်လဲ တခုခုတော့ တခုခုပဲ ဟု တွေးမိလိုက်သည်။ အိမ်သူကြီး၏ အသံကို အရင် ကြားရသည်။

“တောက်… အဲဒါမှန်းသိရင် အပင်ပန်းခံပြီး သွားမရောင်းပါဘူးကွာ”

“အင်းလေ ဒီလိုသာ သိရင် ဘယ်သွားရောင်းပါ့ မလဲ”

ဟု ကျွန်တော့် အခန်းဖော်ကလဲ ပြန်ပြောလိုက်သည်။ ကျွန်တော်သာ အူတူတူနဲ့ သူတို့ ပြောတာ ဘာမှ နားမလည်ပေ။

“ဘာတွေ ဖြစ်နေကြတာလဲ ကျွန်တော်ကိုလဲ ရှင်းပြ ကြပါဦး” လို့ မေးလိုက်တော့မှ အိမ်သူကြီးက-

“ငါတို့ မှာကွာ။ ရှစ်လွှာကနေ မနိုင်မနင်းနဲ့ သတင်းစာ ထုပ်ကြီးတွေ မပြီး အောက်ကို သယ်သွားရတာ ဟိုရောက်တော့ ကုလားတွေက ပြားသုံးဆယ်ပဲ ပေးတယ်။ ငါက ပြားငါးဆယ်ပြည့်အောင်တော့ ပေးပါလို့ ပြောတာတောင် မရဘူး။ ပြားသုံးဆယ်ဘဲ ရမယ်တဲ့ ငါ့မှာ ဒေါသ ထွက်လိုက်တာ ပြောမနေနဲ့ တော့”

“ဒါနဲ့ သတင်းစာတွေကို ဘယ်လို လုပ်ခဲ့လိုက်လဲ”

“ဟ… ဘယ်လိုလုပ်ရမှာလဲ။ ဒါတွေကို ဘယ်လို ပြန်သယ်မလဲ။ ဒီတော့ သူတို့ ပေးတဲ့ ပြားသုံးဆယ်ကို ယူပြီးတော့ ပြန်လာခဲ့ ရတာပေါ့”

အိမ်သူကြီး စကားလဲ ကြားရော ကျွန်တော်လဲ မနေနိုင်တော့ဘဲ တဟား ဟားနဲ့ ရယ်မိပါတော့သည်။ ဒီတော့မှ သူတို့ လဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ကြလေတော့သည်။

၎။
အလုပ်ထဲတွင် ထမင်းစား နားချိန် ထမင်းစားပြီး ကျွန်တော် တစ်ယောက်တည်း ထိုင်နေစဉ် တရုတ်တစ်ယောက် ကျွန်တော့် အနားရောက်လာသည်။ ပြီးတော့ သူက ကျွန်တော့်ကို နှုတ်ဆက်သည်။ ဒါပေမယ့် သူပြောတာကို ကျွန်တော်က နားမလည်ပေ။ သူ့ ကို ပြန်မေးတော့ သူက ကျွန်တော့်ကို စိတ်ပျက် လက်ပျက်ဖြင့် ကြည့်သည်။ ပြီးတော့ သူက ကျွန်တော့်ကို ထပ်ပြောပြန်သည်။ သူပြောတာကို ကျွန်တော်ကလဲ နားမလည်တော့ ကြာတော့ သူက စိတ်ဆိုးလာပြီး ကျွန်တော့်ကို အင်္ဂလိပ်စကားဖြင့် မင်းမြန်မာလို မပြောတတ်ဘူးလား ဟု မေးသည်။ ကျွန်တော်လဲ နဲနဲ နင်သလို ဖြစ်သွားသည်။ စဉ်းစားကြည့်လေ မြန်မာကို လာပြီး မြန်မာစကား မတတ်ဘူးလား ဆိုတော့။ ပြီးတော့ သူက ငါမင်းကို ထမင်းစားပြီး ပြီလားကို မြန်မာလို မေးနေတာလို့ ပြောပြီး ကျွန်တော့်ကို နောက်တခါ ပြန်ပြောသည်။ ဒီတော့မှ ကျွန်တော်လဲ သူပြောတာကို နားစိုက်ထောင်ကြည့်မှ ထမင်းစားပြီးပြီလားလို့ မေးတာကို နားလည်တော့သည်။ ဒါတောင် အဓိပါယ် သိပြီးသားကိုတောင် မနဲ အဓိပါယ် ဖော်ယူ ရသည်။ သြော်… ဒီလိုပဲ မြန်မာလူမျိုးကို လာပြီး မြန်မာလို နားမလည်ဘူးလားလို့ အမေးခံခဲ့ ရဘူးသည်။

Page 1 of 151234510...Last »