Author Archive
ဟက်ပီဘတ်ဒေး အင်တာဗျူး
ဒီတစ်ပါတ် အတွင်းမှာရောက်လာမဲ့ မောင်ပုံမှန်ရဲ့ မွေးနေ့ကို မောင်ပုံမှန် ကိုယ်တိုင်တောင် သတိတရ မရှိခဲ့ပါဘူး။ အလုပ်ခွင်ထဲမှာ ဘီးဇီးတွေ တအားပြနေတာလည်း တစ်ကြောင်းပေါ့။ တစ်နေ့ကမှ မောင်ပုံမှန်ရဲ့ ဘော်ဘော် တစ်ယောက်က သတိတရနဲ့ လာမေးပြီး သတိပေးလာပါတယ်။
“ဘာလိုလို နဲ့ ကိုပုံမှန် မွေးနေ့တောင်ရောက်လာတော့မယ်နော်တဲ့”
အောင်မာ.. ရုတ်တရက် ဆိုတော့ ဝမ်းသာတော့ မလိုတောင် ဖြစ်သွားသေးတယ်။ ငါ့မွေးနေ့ကို သတိတရ ရှိတဲ့သူတောင် ရှိနေတယ်ပေါ့.. သူ့အမေးကြောင့် ရင်လေးကော့ မလိုလုပ်နေတုန်း.. သူဆက်ပြောလိုက်တဲ့ စကားကြောင့် ကော့မလိုလုပ်နေတဲ့ ရင်လေးတောင် ပြန်ပိန်သွားပါတယ်။
“ဒီနှစ်ရော ဘာဝါးရမှာလဲ”
တဲ့… ပြောပုံက.. ဟင့် စိတ်နာချင်စရာ။ မောင်ပုံမှန် က ငယ်ငယ်ကတည်းက မွေးနေ့ရောက်ပြီဆိုတာနဲ့ အိမ်မှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ တစ်ခုခုလုပ် ဘော်ဘော်တွေဖိတ်ပြီး ဘတ်ဒေးလုပ်နေကြ ကြီးလာတော့လဲ ငယ်ငယ်တုန်းကလိုပဲ တစ်ခုမဟုတ် တစ်ခုလုပ်နေကြ ဒီလိုမှ မလုပ်ဖြစ်ရင် အသက်တစ်နှစ်ကြီးလာတာကို ကိုယ့်ဘာသာလုံးဝ အသိမှတ်မပြုဘူး။ မောင်ပုံမှန်က နှစ်တိုင်း တစ်ခုမဟုတ် တစ်ခုကျွေးနေကြဆိုတော့ ဒီငတိကလည်း ဒီနှစ် အတွက်ဘာများ ဝါးရမလဲဆိုပြီး လာစပ်စုတာ ဘာရမလဲ မောင်ပုံမှန် ကလဲ ဒီငတိကို ပြန်ရစ်ပေးလိုက်တာပေါ့။
“အေးကွာ ကျန်တဲ့ သူတွေကို ဘာကျွေးဖြစ်မလဲတော့မသိဘူး မင်းကိုတော့ ငါကိုယ်တိုင် ခေါက်ဆွဲကြော် ကြော်ကျွေးမယ်ကွာ ကြက်သားများများနဲ့ ကြက်အသဲ အမြစ်ပါထည့်ပြီး ရှယ်ကြော်ကျွေးမယ်” မောင်ပုံမှန် ၏ မက်လုံးကြောင့် ငတိခမျာ မျက်လုံးများ အရောင်တောက်သွားလေရှာ၏။
“အေးဒါပေမဲ့ ..မင်းငါ့ကိုတော့ အင်တာဗျူးပေးရမယ်… ဟက်ဟက်..” မောင်ပုံမှန်ရဲ့ နောက်ဆက်တွဲ စကားကြောင့် ငတိ ခမျာကြောင်စီစီ ဖြစ်သွားရရှာလေ၏။
“ဘာရယ်… အင်တာဗျူးပေးရမယ်… ဘာဖြစ်လို့ ဗျူးပေးရမှာလဲ… ခင်ဗျားက နာမည်ကြီး အနုပညာရှင်လဲ မဟုတ် အားကစားသမားလဲ မဟုတ်ပဲနဲ့ ဘာလို့ ဗျူးရမှာလဲ..”
ဟုကြောင်စီစီဖြင့် ပြန်မေးလေ၏။ သို့သော်… ထွက်ပြီးသား သွားတိုက်ဆေး ဟူသည် ဘူး အတွင်းသို့ ပြန်ဝင်ရိုးထုံးစံမရှိ။ ဝယ်ပြီးသား ပစ္စည်း ဟူသည် ဆိုင်တွင်ပြန်လဲ၍ မရရိုးထုံးစံတို့ ရှိသလိုပင် မောင်ပုံမှန်၏ ပြောပြီးသား စကားတို့သည်လည်း ပြန်ပြင်ရိုး ထုံးစံမရှိပါလေ။ ထို့ကြောင့် ထိုငတိကို မောင်ပုံမှန်တစ်ယောက် ပြင်းထန်သော ရာဇသံပေးရချေတော့၏။
“ကဲ..ကဲ.. ကိုယ့်လူ… ငါပြောသလို အင်တာဗျူးပေးရင်တော့ ခေါက်ဆွဲကြော်စားရမယ် ပြောသလို ဗျူးမပေးရင်တော့ ငတ်ပြီသာမှတ်ပေတော့…”
မောင်ပုံမှန်၏ ရာဇသံ အဆုံးမတော့ ကြက်သားနိုင်းချင်းနှင့် ကြော်ထားသော ခေါက်ဆွဲကြော်ကို မျက်စိထဲက မထုတ်နိုင်ရှာသော ငတိတစ်ယောက် အင်တင်တင် နှင့် မျက်စိစုံမှိတ်ပြီး သဘောတူရရှာလေတော့၏။

မောင်ပုံမှန် ၏ ဘော်ဒါ ငတိဆိုသူမှာလည်း ခေသူတစ်ယောက်တော့ မဟုတ်ချေ။ (သူ့ကိုယ်သူ) နာမည်အတော်ရနေပြီဟု သတ်မှတ်ထားသော ဘလော့ကာ တစ်ယောက်ဖြစ်လေ၏။ “ဒဗလှူ ဒဗလှူ ဒေါ့ ငတိဘာညာကွိကွ ဘလော့စပေါ့ ဒေါ့ကွန်းဆိုရင် မသိသူ ဘလော့ကာ မရှိဆိုပဲ… ဘလော့ကာ တစ်ယောက်လုပ်နေပြီး ငတိကိုမှ မသိရင် အွန်လိုင်းမတက်နဲ့ ဆိုရလောက်အောင် အတော်ပေါက်နေတယ်လို့ ပြောကြတာပဲ အပြင်မှာ တွေ့ရင်နှုတ်ဆက်လို့ရအောင် ဖက်စဖွတ်မှာတောင် သူ့ပုံကြီးကို သွားအဖြီးသားနဲ့ ခန့်ခန့်ကြီး တင်ထားလိုက်သေးတယ်။
သူ့ဘလော့မှာ ဘာတွေတင်ထားလဲလို့ မေးရင်တော့ သူအလကား သွားစားထားခဲ့ဖူးတဲ့ မွေးနေ့တို့ အလှူတို့မှာ အလှူ့ရှင် မမတွေနဲ့ တွဲရိုက်ထားတဲ့ စပ်ဖြီးဖြီး ပုံကြီးတွေကို တဝကြီးခံစားနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး ဘလော့ကာ တွေအကြောင်းတော့ ဘာသိချင်လဲ ငတိကိုသာ သွားမေးဆိုတဲ့ လူမျိုးပေါ့။ တစ်ခါတစ်လေ ရေးစရာမရှိရင် ဘလော့ဂါမလေးတွေ ခြေသည်း လက်သည်း ကျိုးတာတောင် သတင်းလုပ်ရေးတတ်တဲ့ သူမျိုး ဆိုလဲမမှားပါဘူး သတင်းစုံ ဘလော့ကာကြီး ပေါ့။
အဲဒီမှာ စတွေ့တော့တာပါပဲ။ သတင်းစုံ ဘလော့ငတိနဲ့ ဘတ်ဒေး သတင်းတင်ချင်နေတဲ့ မောင်ပုံမှန်နဲ့ ပေါ့ဗျာ။ ဒီငတိက မောင်ပုံမှန် မွေးနေ့ရောက်တိုင်း ခပ်တည်တည် နဲ့ လာဝါးနေကျ ပြီးရင် မေ့ပြစ်တတ်တဲ့ ငတိမျိုး ဒီတစ်ခါတော့ မောင်ပုံမှန်ကလည်း ဘယ်အမေ့ ခံလိမ့်မလဲ။ မှတ်လောက် သားလောက်အောင် အင်တာဗျူးခိုင်းပြီး ဒင်း ဘလော့မှာ တင်ခိုင်းမယ်ဆိုပြီး ဇွတ်အတင်း လုပ်တော့တာပဲ။ အဲဒီမှာ ငတိတစ်ယောက် အစားတစ်လုတ် အတွက်နဲ့ ပျားတုပ်တော့တာပါပဲ။ မောင်ပုံမှန် ရဲ့ ဇွတ်လုပ်ရပ်ကြောင့် ငတိတစ်ယောက် ငှက်ပျောသီး ခိုးမှု့နဲ့ ထောင်ဒါဏ် အနှစ်နှစ်ဆယ် အပြစ်ပေးခံလိုက်ရတဲ့ မျောက်အိုကြီးလို ငေးမှိုင်နေပါတော့တယ်။ ပြီးမှ “ဘာဗျူးရမှာလဲဗျ ဘာတွေမေးရမှာလဲ” ဆိုပြီး မျက်နှာ အိုကြီးနဲ့မေးပါတယ်…
“အာကွာ… မင်း အတော်တုံးတဲ့ကောင်ပဲ ဒါလေးတောင်မသိဘူးလား.. သွားအိမ်ပြန်ပြီး ဂျာနယ် အဟောင်းလေးတွေ ပြန်ရှာဖတ်ပြီး အနုပညာသမားတွေကို ဗျူးထားတဲ့ ဟာလေးတွေ ရှာကြည့်လိုက်… သူများတွေ ဘယ်လို ဗျူးထားတယ်ဆိုတာ သိရအောင်လို့ ဟင်း..ဟင်း..မပြောချင်ပါဘူး..နုံချက်ကတော့..”
ဆိုပြီး မခံချင်အောင် ခပ်ငေါက်ငေါက်လေးပြောလိုက်တော့ ငတိခမျာ မရှိမဲ့ ရှိမဲ့ မာနလေး ထိခိုက်သွားရှာပုံရပါတယ်။
“ဒီလောက်တော့ အထင်မသေးပါနဲ့ဗျာ.. သူတို့တွေဗျူးနေကြ ခေါက်ရိုးကျိုးတွေလို ပုံစံမျိုးဆိုလို့ကတော့ ခုဗျူးခိုင်းရင် ခုရပါတယ်” ဆိုပြိးပြောရှာပါတယ်။
ဂလိုနှင့် ငတိနှင့်မောင်ပုံမှန်တို့၏ ဗျူးပွဲကြီး စတင်ပါတော့တယ်။ မောင်ပုံမှန်ကလဲ သိတယ်မလား တက်သစ်စ အနုပညာသမားလေးများလိုပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် အရမ်း အရမ်းကို ဖြေချင်နေတာလေ.. ဟိဟိ။ ပထမဆုံး သူစမေးတာက “ဒီနှစ်မွေးနေ့ရက်မှာ ဘာလုပ်မလဲ” တဲ့… (သူမေးချင်တာက ခေါက်ဆွဲကြော်၊ကြာဇံကြော်၊မုန့်ဟင်းခါး တစ်ခုခုပေါ့ ဝါးဇယားကို မေးတာပါ)
မောင်ပုံမှန်ကလဲ သိတယ်မလား.. “အင်း……….ဒီနှစ်တော့…စိုင်းစိုင်းလိုပဲ ဘတ်ဒေးရှိုးလုပ်ပြီး အခွေထုတ်ရင် ကောင်းမလားလို့.. မေးစေ့လေးပွတ်ပြီး ငကြွားမလေး နန်းဆုရတီစိုး လို ခပ်ကြွားကြွားလေး ဖြေလိုက်ရာ ငတိတစ်ယောက် မျက်နှာတစ်ခွင်လုံး ရှုံမဲ့သွားလေတော့၏။ သို့သော် ခေါက်ဆွဲကြော် မျက်နှာကိုထောက်ပြီး
“အင်း…အင်း.. သဘောပဲလေ” ဟု အလိုက်သင့် ပြောရှာလေ၏။
ငတိ ။ ။ ဒါနဲ့ ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲ မသိဘူးနော်….
မောင်ပုံမှန် ။ ။ ကြောဘူး..တတ်ရင်တတ်…ဟီ.ဟီ.. အနုပညာသမားလေကွာ.. ဆယ့်ငါးနှစ် ကျော်လောက်ကတည်းက အသက်ကို မှတ်မထားတော့တာ…
ငတိ ။ ။ ဘယ်တုန်းကများ အနုပညာသမားဖြစ်သွားတာလဲ…
မောင်ပုံမှန် ။ ။ ကြာဘီလေ စာတစ်တန် ပေတစ်တန် မောင်ပုံမှန် ဆိုတဲ့ ဘွဲ့နဲ့လေ။ ကိုယ့်ဘာသာ ပေးထားလိုက်တာလေ မပိုင်ဘူးလား ငှဲငှဲ.. ငှဲ.
ငတိ ။ ။ မွေးနေ့မနက် ရောက်လို့ အိပ်ရာက နိုးလာတာနဲ့ ဘာလုပ်မယ် စိတ်ကူးထားလဲ…
မောင်ပုံမှန် ။ ။ အာ… မျက်နှာသစ်.. သွားတိုက်၊ အိမ်သာတက် ရမှာပေါ့ ဘာလုပ်ရမှာလဲ… မွေးနေ့ ရောက်တာနဲ့ပဲ ဘာမှ မလုပ်ရတော့ဘူးလား.. ဟွန်း…
ငတိ ။ ။ ဟယ်… မဆိုလိုပါဘူး.. မဆိုလိုပါဘူး… အင်း.အင်း.. သဘောပဲဗျာ.. ဟူး… ဒါနဲ့ ကိုပုံမှန်က တစ်ခြား အနုပညာသမားတွေလို မဟုတ်ဘူးနော်။ ဥပမာ ဗျာ မွေးနေ့မနက်ခင်းကို ရောက်တာနဲ့ ဟို စိတ်ကူးယဉ်လေးပေါ့ မနက်ခင်းလေးမှာ နိုးလာတာနဲ့ ချစ်သူကောင်မလေးဆီက ဖုန်းသံလေးကို စောင့်နေမယ်.. နောက်ထပ် သူပို့လာမယ့် မွေးနေ့ လက်ဆောင်လေးကို စောင့်ရင်း ရင်ခုန်နေမယ်… စသဖြင့် ပေါ့ဗျာ… ကျွန်တော် ဆိုလိုချင်တာက.. အဲဒါ.. အဲဒါမျိုး…
မောင်ပုံမှန် ။ ။ ဘာရယ်… ကောင်မလေးဆီက ဖုန်းသံကို မျှော်ရမယ်… အောင်မာ တကယ်လို့ ငါ့မှာ ကောင်မလေးမရှိရင် မင်းကရှာပေးမှာ မိုလို့လား… အပိုတွေ… (မောင်ပုံမှန်၏ အဖြေ စကားများကြောင့် ငတိတစ်ယောက် လွန်စွာမှပင် စိတ်နာလှသော်လည်း ခေါက်ဆွဲကြော် မျက်နှာကို ထောက်ပြီး ကြိတ်မှိတ်ကာ သီးခံလေ၏။)
ငတိ ။ ။ မွေးနေ့မှာ ဘယ်ကို လျှောက်သွားဖို့ ရှိလဲ သွားရင်လဲ သူငယ်ချင်းတွေ နဲ့လား ဒါမှမဟုတ် မိသားစုနဲ့လား…
မောင်ပုံမှန် ။ ။ အင်း.. အဲဒီနေ့မှာ ရှိုးပွဲတွေ ပြောထားတာတော့ ရှိတယ် ဘယ်မှာ ဖြစ်မလဲ တော့မသိဘူး…
ငတိ ။ ။ ဟယ်.. ရှိုးပွဲတွေရှိတယ် ဆိုတော့… စတိတ်ရှိုးလား၊ မော်ဒယ်ရှိုးလား ဘာရှိုးပွဲလဲဟင်… သတင်း လာယူရအုံးမလား… မောင်ပုံမှန် ။ ။ ဟုတ်ပါဘူး… ရှိုးပွဲဆိုတာ ဖဲရိုက်တဲ့ ရှိုးကိုပြောနေတာ.. ဟက်..ဟက် ဆင်တဲတစ်ဘက်ကမ်း ပြည်မြို့မှာဆိုရင်တော့ ကျောင်းသားတွေပေါတဲ့ သရက်တောရပ်ကွက်က အဆောင်တွေဖြစ်ဖြစ်၊ GTC အဆောင်တွေ ဖြစ်ဖြစ် တစ်နေရာမှာ ရှိနေမှာပါ။ တကယ်လို့ ရှိုးပွဲမရှိလို့ မသွားဖြစ်ရင်လဲ နုတ်ခမ်းမွှေး ဆိုင်(ဆင်တဲ၌ရှိသော နုတ်ခမ်းမွေး ကွမ်းယာနှင့်ရှက်ကီဆိုင်) မှာပဲ ဘီအီး တစ်ပိုင်းမှာပြီး ဝက်စွပ်လေးနဲ့ ငြိမ့်နေလိုက်တော့မယ်လေ။
ငတိ ။ ။ မွေးနေ့မှာ နိုင်ငံခြားတို့ ဘာတို ကိုရော သွားလည်ဖို့ ရှိသေးလား ရှော့ပင်းထွက်ရင်းပေါ့…
မောင်ပုံမှန် ။ ။ သွားတော့ သွားချင်ပါတယ်… သူတို့ကလည်း ခေါ်နေကြတယ်… ဒါပေမဲ့ ………. (မောင်ပုံမှန် ၏ စကားမဆုံးခင်.. ငတိက ဝမ်းသာ အားရဖြင့်)
ငတိ ။ ။ ဘယ်သူတွေက ခေါ်နေတာလဲဟင် ဟိုမင်းသမီးလို ဂျပန်မှာ ကုမ္မဏီ ဖွင့်ထားတဲ့ အဖေကခေါ်တာလား။ ဟိုအဆိုတော်မလေးလို အင်္ဂလန်က အမျိုးတွေက ခေါ်တာလား ဟို.. အမေရီးကား မှာရော အမျိုးတွေ ရှိသေးလား…
မောင်ပုံမှန် ။ ။ ထွပ်… ဘာတွေ လျှောက်ပြောနေတာလဲ.. ဘယ်မှာမှ ဘာအမျိုးမှ မရှိဘူး ခေါ်နေတယ်ဆိုတာ ခရီးသွားအေဂျင်စီတွေက ကြော်ငြာပြီးခေါ်နေတာကို ပြောနေတာ အဲဒါ သွားချင်ပေမဲ့ ဘယ်သူမှ လိုက်ပို့မဲ့သူ မရှိလို့ ဘယ်နိုင်ငံမှ မသွားတော့ဘူး…
ငတိ ။ ။ ဟူး…. ပြီးဘီဗျာ မေးစရာ မရှိတော့ဘူး..
မောင်ပုံမှန် ။ ။ အော်.. မေးလို့ပြီးဘီလား.. ဒါဆို ဓါတ်ပုံရိုက်လေ
ငတိ ။ ။ ဟာ.. ဘာလဲဗျ … ဘာလို့ ရိုက်ရမှာလဲ
မောင်ပုံမှန် ။ ။ ဟယ်…ပုံပါထည့်ပေးလေ ဒါမှ မောင်ပုံမှန် ကို ပရိတ်သတ်တွေမြင်ဖူးမှာပေါ့ ဒါလေးတောင်မသိဘူးလား…
ငတိ ။ ။ ဟူး…. (ငတိတစ်ယောက် လွန်စွာလေးကန်လှ သောအသံကြီးဖြင့်) ဟုတ်ကဲ့ပါ…ဟုတ်ကဲ့ပါ… ဒါပေမဲ့ ကင်မရာက ခုပါမလာသေးလို့ နောက်နေ့မှ ဓါတ်ပုံက လာရိုက်ပေးမယ်နော်…
ဟုဆိုပြီး ငတိတစ်ယောက် လေးဖင့်သော ခြေလှမ်း အစုံဖြင့် ထွက်ခွာသွားလေတော့ သတည်း။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင်ပုံမှန် အဖို့ကတော့ ငတိ ထံမှ မွေးနေ့လက်ဆောင် တစ်ခု ရလိုက်ပြီလို့ သတ်မှတ်ရတော့ မှာပါပဲ။ အဲဒါကြောင့် တစ်ယောက်တည်း အားရပါးရ ထအော်လိုက်ပါတယ် …
ဟက်.. ပီ.. ဘတ်… ဒေး…
မင်္ဂလာဆောင် ခရီးသည်
ကျွန်တော်တို့ မြန်မာပြည်မှာ ဝါလကင်းလွတ် သီတင်းကျွတ်လကို ရောက်ပြီဆိုတာနဲ့ လူသားတွေ အလုပ်ရှုပ်နေကြပါတော့တယ်။ အသက် အရွယ် အနေအထားပေါ် မူတည်ပြီး ပုံစံ အမျိုးမျိုး အလုပ်ရှုပ်ကြပါတော့တယ်။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ အသက် အရွယ်နဲ့ အခြေ အနေပေါ် ကိုမူတည်ပြီး ကွဲပြားသွားတာလောက်ပါပဲ “ဝါကျွတ်တော့မည် ..လူကြီးတွေကို ကန်တော့ ကြရမည်”။ “မိုးလေကင်းလွတ်ပြီ ..မီးပုံးပျံ လွတ်ကြရအောင်…”
ဒါတွေကတော့ ကြားနေကြ စကားသံများ ဖတ်ဖူးနေကြ ဝါကျ များနှင့် ပြောရိုးပြောစဉ် များသာဖြစ်ကြပါတယ်။ တကယ်တန်း မြန်မာပြည်မှာ လူတွေ အလုပ်များသောလုပ်လေ့ လုပ်ထရှိသော ကိစ္စများကတော့ “ကလေး အရွယ် တောင်မရောက် မြောက်မရောက် မျောက်ရှုံးလေးများ ကတော့ သီတင်းကျွတ် ခါတော်မှီ မှောင်ခို ဗျောက်အိုးရောင်းသော ဆိုင်များကို သေသေချာချာ လေ့လာထားပြီး အိမ်တွင်း စီးပွားရှာ ရာမှ ရလာသော တိုငွေ ၊ရှိုငွေ၊ ဘတ်ငွေ နိုင်ငံတကာငွေ များဖြင့် ရနိုင်သလောက်ဝယ်ထားပြီး ရပ်ကွက်လူကြီးများ အလစ်တွင်ဖောက်နိုင်ရန် အတွက် အကြံကြီး ကြံပြီး သီတင်း အကျွတ်ကိုစောင့်နေကြလေ၏။
နောက်ထပ် အကြံပိုင်သော အဖွဲ့ တစ်ဖွဲ့ကတော့ သီတင်းကျွတ် အထူးလျှော့ဈေးတို့ ၊ဘာညာရှိုးပွဲ တို့ သီတင်းကျွတ် တွင် လုပ်လေ့ လုပ်ထရှိသော အရပ်ပွဲ ဘာညာတို့တွင် သုံးစွဲနိုင်ရန် အတွက် ကိတ်မုန့် တစ်လုံးကို အရင်းပြုပြီး လူကြီးများကိုကန်တော့ကာ မုန့်ဖိုးများများ ပြန်တောင်းဖို့ ပရောဂျက် ကြီး ဆွဲထားသော ခေတ်သစ် မဟာဒူး တို့ အရွယ်ပေါင်း စုံ အဖွဲ့ ဖြစ်လေသည်။ နောက်ထပ် အကြံပိုင်သော အဖွဲ့ကတော့ ဝါကျွတ်ပြီ ဆိုတာနဲ့ ရှိသမျှ အမျိုးပေါင်းစုံကို ဖိတ်စာတစ်ခုလုံးပြည့်နေအောင်ရိုက်ထည့်ပြီး လမ်းတွေ့လို့ ပြုံးပြဖူးတာနဲ့ ဖိတ်စာ အတင်းလိုက်ပေးဖို့ မစ်ရှင်ဆွဲနေကြသော မင်္ဂလာ စုံတွဲ လောင်းများပဲဖြစ်ပါတယ်။
သီတင်းကျွတ်ရောက်လာပြီ ဆိုတာနဲ့ သူတို့ ခမျာ ကျားရှေ့ ဘဲကင်ချထားသလိုပဲ တားလို့မရအောင်ကို ဝါးချင်နေကြပြီ။ …အဲ..အဲ.မင်္ဂလာဆောင်ချင်နေကြပြီ။ ဆောင်မယ်….ဆောင်မယ်..တကဲကဲ နှင့် ထရိတ်ဒါး တို့ ဆီဒိုးနား တို့မှာ မဆောင်နိုင်လဲ ဘာဖြစ်လဲ ကိုယ့်အိမ်ရှေ့ မှာကိုယ် တိုင်ထောင် အမိုးမိုး ဖော့ပန်းလေးဆင်လိုက်ရင် မဏ္ဍပ်ဖြစ်ပြီပေါ့ မင်္ဂလာခန်းမကြေး ပေးစရာမလိုပဲ စရိတ်တောင်လွတ်သေး သက်သာလေစွ ဆိုတဲ့ အကြံနဲ့ တိုင်ထောင်၊ကျင်းတူး၊ အမိုး မိုးဖို့ အတွက် ရပ်ကွက်ထဲလှည့် တွေ့သမျှလူ ပြုံးပြ ပြီး လုပ်အားပေးခေါ်ဖို့ အတွက် အပြုံးလေးတွေချွေပြီး ဘွတ်ကင်လိုက်လုပ်နေပါတယ်။
ဒီလို အချိန်ဆိုရင်လဲ ရပ်ကွက်ထဲက အိမ်တွေမှာ တစ်ဖွဲဖွဲ နဲ့ ဝင်လာလိုက်တဲ့ ဖိတ်စာတွေက ပြေးမလွတ် ဒုံးကျည်တွေ အိမ်ထဲကို အလုံးအရင်းနဲ့ ဝင်လာသလိုပဲ ရှိနေပါတယ်။ တစ်ချို့ အကွက်မြင်တဲ့ မိဘတွေက ဒီလို အချိန် ရာသီ မျိုးရောက်လာတာနဲ့ အိမ်ရှေ့ လူမြင်ကွင်းမှာ လက်လွတ်စပါယ် ထိုင်မနေရဲတော့ပဲ တင်းကြပ်တဲ့ လုံခြုံရေး အစီ အမံတွေချပြီး အိမ်ရဲ့ မျက်ကွယ် အရပ်မှာ သတိနဲ့ ဝင်နေကြပြီး လူရည်လည်တဲ့ သားသမီးလေးတွေကိုပဲ အိမ်ရှေ့မှာ ကင်းချထားတတ်ကြပါတယ်။ ဖိတ်စာကိုင်ပြီး အိမ်ထဲကိုဝင်လာတဲ့ လူတစ်ယောက်ယောက် ကိုတွေ့တာနဲ့ “ လူဂျီးတွေ အရှိဘူးဂျ ” ဆိုတဲ့ အကွက်ဟောင်းကြီးနဲ့ ထွက်ငွေ လျှော့ချရေးစီမံကိန်း တွေဆွဲထားတဲ့ အချိန်ပဲဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်ပဲ အိမ်ရှေ့ မှာ ခန့်ခန့်ကြီးထိုင်နေပြီး လာသမျှဖိတ်စာကို လက်ခံနေမိလို့ကတော့ လက်အတင်းဆွဲပြီး “ဦး ဆက်ဆက် လာရမယ်နော်”…“အကိုကြီး..မလာလို့ မရဘူးနော်”..“အဘ…လာမှကို ဖြစ်မှာ” ဆိုတဲ့ …မျက်နှာနာစရာ အပြောမျိုးတွေရဲ့ အောက်မှာ အားနာတတ်တဲ့ မြန်မာလူမျိုး ပီသပြဖို့ အတွက် အိပ်ကပ်ထဲက ဖွတ်ကလိဒင်္ဂါးတွေ အတော်ရင်းပေးလိုက်ရမှာပါ။ ဟဲ..ဟဲ ဒီလိုအပြောမျိုးတွေ ပြောနေပြီဆိုတာနဲ့ မောင်ပုံမှန် ကို ဘာကြီးလဲဟ …ဘယ်လို ဟာကြီးလဲဟ သူကြတော့ရော ဒီလို အကွက်တွေ မလုပ်ခဲ့ ဘူးလား… သူရောကင်းလို့လား ဒါမှမဟုတ်.. ဟိုရုပ်ရှင်တွေထဲကလို မင်္ဂလာပွဲပျက်သွားလို့ မင်္ဂလာဆောင် ကိုမုန်းတီးနေတဲ့ သူတစ်ယောက်များ ဖြစ်နေမလား။ ဒါမှမဟုတ်… အီကိုတွေးတွေးပြီး.. မင်္ဂလာဆောင်ဆိုရင် ဘယ်မင်္ဂလာဆောင်ကိုမှ မသွားတဲ့သူ အီကို ကြီးများလားလို့ လည်းမထင်လိုက်ပါနဲ့။
ဟိုတစ်ချိန်တုန်းက.ဆိုရင် မောင်ပုံမှန် တို့ အဖွဲ့ ကို အကြောင်းမသိတဲ့ သူတွေက “ မင်္ဂလာဆောင်ပွဲစားတွေလို့ ” တောင်ထင်ခဲ့ ကြရအောင်ကို မင်္ဂလာဆောင် အလွန်သွားခဲ့တဲ့ သူတွေပါ။တော်ရုံ မင်္ဂလာဆောင် သွားတဲ့ သူတွေကတော့ မောင်ပုံမှန် တို့ အဖွဲ့ကိုလုံးဝမမှီပါဘူး။ မင်္ဂလာဆောင် တစ်ခုကို သွားပြီ ဆိုရင်လည်း ဘယ်တော့ မှတစ်ယောက်ထဲ မသွားတတ်ပဲ လိုက်ချင်သမျှ လက်လှမ်းမှီရာ ဘော်ဒါတစ်အုပ် တစ်မကြီးကိုခေါ်သွားတတ်ပါတယ်။ တစ်ခါ တစ်လေ ကိုယ့်အိမ်က သွားစရာ မင်္ဂလာဆောင် မရှိလို့ အိမ်မှာထိုင်နေရင်တောင် တစ်ခြားဘော်ဒါ တစ်ယောက်က သွားဖို့ ရှိလို့ ထုံးစံ အတိုင်းလာခေါ်ရင်တောင် ထလိုက်သွားလိုက်တာပါပဲ။
မောင်ပုံမှန် တို့ မိဘတွေကို ဖိတ်မိတဲ့ မင်္ဂလာဆောင်တွေကတော့ အတော်နာမဲ့ သဘောရှိပါတယ်။လက်ဖွဲ့တာက တစ်ယောက်ထဲ လိုက်လာတဲ့ သူတွေက တစ်အုပ်ကြီးဆိုတော့ ..။ ဒီလို အချိန် ရာသီမျိုးကို ရောက်လာပြီဆိုတာနဲ့ ပုံမှန် တို့ အဖွဲ့လည်း အင်္ကျီသစ် ပုဆိုးသစ်တွေ ကိုယ်စီနဲ့ အရပ် တကာလှည့်ပြီး မင်္ဂလာဆောင်ပွဲစားတွေလုပ်နေကြပါပြီ။ လူအုပ် တောင့်တဲ့ ပုံမှန် တို့ အဖွဲ့ အဖို့ တစ်ယောက် သွားဖို့ မရှိတောင် တစ်ယောက်က ရှိနေလို့ ဒီရာသီ ရောက်လာပြီ ဆိုတာနဲ့ နားရက် မရှိအောင်ကို သွားရပါတော့တယ်။
သွားခဲ့ဖူးတဲ့ အတွေ့ အကြုံတွေ အရ မင်္ဂလာဆောင်တွေ ထဲမှာ အမျိုးစား အမျိုးမျိုး နဲ့ တွေ့ခဲ့ဖူးပါတယ်။ မိုင်လို၊ ကိုကိုး တို့ တိုက်ပြီး ဘဲသားပတ်(ပ်) ကျွေးတဲ့ မြို့ဆောင်လေးလား၊ ရေခဲမုန့် နဲ့ ရွှေပုစွန်ကိတ် ကျွေးတဲ့ သားသားနားနား မင်္ဂလာဆောင်လား၊ လက်ဖက်ရည်နဲ့ မုန့်နဲ့ ကျွေးပြီး ရေနွေးကြမ်း နဲ့ လက်ဖက်သုပ်ပါ အဆစ်ထည့်ပေး တဲ့ စေတနာပါပါ မင်္ဂလာဆောင်လား၊ လက်ဖက်ရည် ကျဲကျဲဖျော် ပလိန်းကိတ် တစ်ချပ်ချပေးပြီး ပေါ်တင်အလှူခံတဲ့ မင်္ဂလာဆောင် အစုံပါပဲ။ တစ်ခါတစ်လေ တောဘက်က မင်္ဂလာဆောင်ဆိုရင် မနက်ပိုင်း မုန့်ဟင်းခါးကျွေးပြီး နေ့လည်ပိုင်းမှာ ဝက်သားနဲ့ထမင်း ကျွေးတဲ့ တောရှယ် မင်္ဂလာဆောင် မျိုးဆိုရင်လည်း လှည်းကြုံလှေကြုံ စီးပြီး သွားခဲ့ကြဖူးပါတယ်။ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက ကြည်ဖြူကြပေမဲ့ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက သိပ်အစာကြေပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ကတော့ သွားမြဲ သွားခဲ့ကြတာပါပဲ။
ကျွန်တော်တို့ သွားခဲ့ဖူးတဲ့ မင်္ဂလာဆောင်တွေ အများကြီးထဲမှာမှ မှတ်မှတ်သားသား ထင်ကျန်လောက်တဲ့ မင်္ဂလာဆောင် ကတော့ တစ်ခုပဲရှိပါတယ်။ တစ်နေ့ညနေခင်းမှာပေါ့ အိမ်က မင်္ဂလာဆောင်သွားဖို့ မောင်ပုံမှန်ကို ထုံးစံအတိုင်း ကိုယ်စားလှယ် လွှတ်လိုက်ပါတယ်။ မင်္ဂလာဆောင် သွားဖို့ အတွက် ရှိုးအပြည့်နဲ့ အိမ်ကထွက်လာခဲ့တဲ့ မောင်ပုံမှန် တစ်ယောက် ထုံးစံ အတိုင်း အဖွဲ့ဝင်တွေ လိုက်စုတာ တစ်ယောက်မှ မတွေ့ရပဲ အကြောင်းအမျိုးမျိုးနဲ့ လွဲချော်နေတာကြောင့် နောက်ဆုံးမှာတော့ အခိုင်အမာ မန်ဘာကြီး ပေါ့ဆိမ့် တစ်ယောက်ပဲ အဖော်ရပါတော့တယ်။
နှစ်ယောက်ထဲရှိလည်း ဘာဖြစ်လဲ သွားကြမယ်ဆိုပြီး နှစ်ယောက်သားရင်ကော့ပြီး ထွက်လာကြပါတယ်။ ဟန်နဲ့ပန်နဲ့ လူကြီးစတိုင်ဖမ်းပြီး လာတဲ့ ကလေးနှစ်ယောက် မင်္ဂလာခန်းမကို ရောက်လာတဲ့ အချိန်မှာတော့ ခန်းမတစ်ခုလုံးမှာ မင်္ဂလာဧည့်ပရိတ်သတ်တွေလည်း အတော်များနေပါပြီ။ အဝင်ဝဧည့်ကြိုနေရာကနေ ခန်းမထဲဖြတ်လျှောက်ပြီး လူလွတ်တဲ့ ခုံမှာဝင်ထိုင်နေတဲ့အထိ မောင်ပုံမှန်တို့ လူကြီးလူကောင်း နှစ်ယောက်ကို အဖက်လုပ်ပြီးခေါ်မယ့် သူတစ်ယောက်မှ မရှိပါဘူး။ နှစ်ယောက်သား ဟိုကြည့် ဒီကြည့်နဲ့ အတော်လေးကြာလာကာမှ ဝတ်ကျေတမ်းကျေ လက်ဖက်ရည် နှစ်ခွက် စားပွဲပေါ်ကို ရောက်လာပါတော့တယ်။
ဘေးနားကစားပွဲဝိုင်းတွေကို မကြာခဏ လာနှုတ်ဆက်တဲ့ သူတို့သား၊ သူတို့ သမီးနဲ့ သူတို့မိဘတွေကလည်း ဘေးနားက ဝိုင်းကလူတွေကို သဲသဲလှုပ် ဧည့်ခံနေကြသလောက် မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကိုတော့ ဆေးဖော်ကြောဖက်တောင် မလုပ်ကြပါဘူး။ တကယ်တော့ မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကလည်း သူတို့ကိုပိုက်ဆံပေးဖို့ လာတဲ့ “ကာစတန်မာ” တွေပဲလေ.. လူကြီးတွေမှ ပိုက်ဆံလာပေးတာမှ မဟုတ်ပါဘူး။ ဆူညံနေတဲ့ သီချင်းသံတွေနဲ့ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ရယ်သံတွေကို အကြီးအကျယ် စိတ်ညစ်သွားတဲ့ ကလေးနှစ်ယောက် တိုင်ပင်စရာမလိုပဲ ထထွက်လာခဲ့ကြပါတော့တယ်။ အပွဲပွဲနွဲလာခဲ့တဲ့ ဝါရင့် ပွဲစားကြီးနှစ်ယောက် ဒီတစ်ပွဲကြမှ ခံလိုက်ရတာ အတော်ရင်နာစရာပါပဲ။ လက်ဖွဲ့ငွေထည့်တဲ့ နေရာကိုရောက်ကာမှ ပြန်ကာနီး ပိုက်ဆံထည့်ဖို့ မေ့သွားမှာစိုးလို့ နဲ့တူပါရဲ့ အဝင်တုန်းကတော့ လာကြပါ မခေါ်တဲ့ လူကြီးတစ်ယောက်က တစ်ပေပတ်လည် အပြုံးတုကြီး ဖန်တီးပြီး ပြန်ပြီလားလို့ မေးပါတယ်။ (ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပြန်ချင်လည်း ပြန်ကြတော့ ပိုက်ဆံတော့  ထည့်သွားဦးဆိုတဲ့ သဘောထင်ပါရဲ့)။
ဒီနေရာရောက်လာတော့ ပုံမှန်ရဲ့ ရွှေးချယ်ခွင့်ဖြစ်သွားပါပြီ။ အဲဒီတုန်းက အိမ်ကလက်ဖွဲ့ ခိုင်းလိုက်တဲ့ ငွေ အစိတ်ကို သူ့ရှေ့တင်ပဲ တစ်ဆယ်တန်ကို နှုတ်လိုက်ပြီး ဆယ့်ငါးကျပ်တန် တစ်ရွက်ပဲ လက်ဖွဲ့လိုက်ပြီး ခပ်တည်တည် နဲ့ ပြန်ထွက်လာကြပါတော့တယ်။ သူတို့ဘက်ကလည်း မရှုံးပါဘူး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ကောင်းကောင်းတစ်ခွက်မှ သုံးကျပ်လောက်ပဲရှိတဲ့ ခေတ်မှာ ချိုကျဲ နှစ်ခွက်သောက်ပြီး ဆယ့်ငါးကျပ်တောင် လက်ဖွဲ့ သွားတယ်ဆိုတော့ မြတ်တောင်မြတ် ပါသေးတယ်။
ဒီလိုနဲ့ နှစ်ယောက်သား အိမ်ပြန်ရောက်တဲ့အထိ ဒေါသထွက်ထွက် နဲ့ သုငယ်ချင်းနှစ်ယောက်ပြောလို့ မဆုံးနိုင်အောင် ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ပြောနေတာကို ကြားသွားတဲ့ မားသားကြီးက မသင်္ကာလို့ အစ်အောက်ကြည့်လိုက်ကာမှ အမှန်ကို သိသွားပြီး ကျွန်တော်တို့ နှစ်ယောက်ကို အကြီးအကျယ် ဆူပွက်ပါတော့တယ်။ လူကြီးချင်းမျက်နှာပျက်ရမှာကို ကြောက်နေတဲ့ မားသားကြီးက ကျန်တဲ့ တစ်ဆယ်ကို ချက်ချင်းသွားပြန်ထည့်ခိုင်းလိုက်လို့ နှစ်ယောက်သား မသွားချင်သွားချင်နဲ့ နောက်တစ်ခေါက်ပြန်သွားပြီး ကျန်တဲ့ တစ်ဆယ်ကို သွားပြန်ထည့်ရပါတော့တယ်။ ဟိုရောက်တော့ အံ့သြ သွားတဲ့ ငွေလက်ခံတဲ့ ငနဲကြီးကို ခုနက မေ့သွားလို့ ဆိုပြီး မိဘနာမည်ပြောပြီး နောက်တစ်ဆယ်ထပ်ပေးပြီး ခပ်တည်တည် နဲ့ ပြန်လှည့် ထွက်လာခဲ့ပါတယ်….။
ကျွန်တော် မင်္ဂလာဆောင် ပွဲစားလုပ်လာတဲ့ သက်တမ်းတစ်လျှောက် အကြီးကျယ် အဆင်မပြေဆုံး နေ့တစ်နေ့ ဖြစ်လာတဲ့ အဲဒီနေ့ကို အမြဲတမ်း အမှတ်ရနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ဒီရာသီကို ရောက်လာပြီဆိုတာနဲ့ ကလေးဘဝတုန်းကလို ဗျောက်အိုးဖောက်ချင်တာ၊ ကိတ်မုန့် တစ်လုံးဝယ်ပြီး ရင်းနှီးမြုပ်နှံမှု့ လုပ်ကြည့်ချင်တာ သီချင်းသံတွေ ဆူညံနေအောင်ဖွင့် ထားတဲ့ မင်္ဂလာဆောင်တွေကို သူငယ်ချင်း တစ်အုပ်နဲ့ သွားချင်တဲ့ အကျင့်တွေ ရှိနေတုန်ုးပါပဲ……….။
မှတ်ချက်။ ။ မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့် ကျွန်တော်တို့သူငယ်ချင်းတစ်ယောက် အကြောင်းတွေးရင်း ငယ်ငယ်က ကျွန်တော်တို့ ဘရုတ်ကြခဲ့မိတာလေးတွေ ပြန်လည်သိရမိ၍ ပို့စ်တစ်ပိုဒ်အဖြစ် တင်လိုက်မိပါသည်။
လန်ကာဝီ ခရီးသည်
ကမ္ဘာပေါ်တွင် ဟိုးယခင်ခေတ် မှသည် ဒီကနေ့ခေတ် တိုင်အောင် ကမ္ဘာ အနှံ့ ခရီးလှည့်လည်သွားခြင်းဖြင့် နာမည်ကျော်ကြားသူ အမြောက်အမြားရှိပါသည်။ ထိုကဲ့သို့ အမြောက်အမြားရှိသညိ့် အထဲတွင်မှ ကျွန်တော်မှတ်မိသော ခရီးသည် မှာ နှစ်ဖွဲ့သာရှိပါသည်။ ထိုသူများမှာ နာမည်ကျော် ခရီးသည်ကြီး “မာကိုပိုလို” နှင့် သူ့ထက်ရှေးကျသော နောက်တစ်ဖွဲ့ မှာ အနောက်သို့ ခြေလျှင်သွားခဲ့ကြသော “ မျောက်မင်း စွန်းဝူခုံး” တို့ အဖွဲ့ပင်ဖြစ်ပါတော့သည်။ “မာကိုပိုလို” ကိုတော့ စာအုပ်ထဲမှာပဲ မြင်ဖူးခဲ့တာဖြစ်ပြီး “စွန်းဝူခုံး”ကိုတော့ တီဗွီထဲမှာပါ အရှင်လတ်လတ်မြင်ဖူး ခဲ့တာပါ။
ကျွန်တော်တို့ သူငယ်ချင်းတွေဆိုရင်လည်း ငယ်စဉ် ကတည်းက ခရီးသွားရတာကို ဝါသနာပါကြသူများ ဖြစ်ပါတယ်။ အကြောင်းကိစ္စမရှိလို့ ဝေးဝေးလံလံကို မသွားနိုင်ကြရင်တောင် အိမ်နဲ့ ခပ်လှမ်းလှမ်းက တောတန်းလေးထဲကို ထမင်းထုပ်ကိုစီ ဆွဲပြီး တောလည်ထွက်တတ်ကြ တဲ့သူတွေပါ။ ဒီလိုနဲ့ ကြီးပြင်းလာကြတော့လည်း ရောက်ရာဒေသမှာ ကိုယ့်အနီးနားတစ်ဝိုက် ခရီးတို၊ ခရီးရှည်လေးတွေ ဆွဲပြီး ကိုယ့်အစီစဉ်နဲ့ ကို ခရီးထွက်ခဲ့ကြပါတယ်။
တစ်လောက အလုပ်ပိတ်ရက် ပိတ်ရက်ရှည် တစ်ခုမှာတော့ ၁၉၈၆ ခုနှစ်ကတည်းက အပန်းဖြေကျွန်း အဖြစ် စတင်ဖွင့်လှစ်ခဲ့တယ်ဆိုတဲ့ နာမည်ကျော် “လန်ကာဝီ” ကျွန်းကိုခရီးထွက်ခဲ့ပါတယ်။ (လန်ကာဝီ ခရီးသည်ကြီးပေါ့နော်)။ ခရီးသွားအေဂျင်စီ တစ်ခုနဲ့လိုက်သွားဖြစ်ခဲ့တာပါ သွားရတာတော့ မလွယ်လှပါဘူး “ကွာလာလမ်ပူ” ကနေ ခြောက်နာရီကျော် ကြာအောင် ကားစီးလာခဲ့ပြီးနောက်မှာတော့ “ကီဒတ်ပြည်နယ် ကွာလာကတာ ဆိပ်ကမ်းကို ” ရောက်သွားပါတယ်။ အဲဒီကမှ သဘောင်္ဆိပ်မှာလက်မှတ်ဝယ် သင်္ဘောစောင့် ကိုယ်စီးရမဲ့ သင်္ဘောရောက်လာကာမှ ပင်လယ်ကြီးကိုဖြတ်ပြီး တစ်နာရီကြာအောင် သင်္ဘာစီးပြီးတော့မှ နာမည်ကျော် “လန်ကာဝီကျွန်း” ကို ရောက်လာပါတော့တယ်။ ကျွန်းပေါ်ကိုရောက်လာပြန်တော့လဲ ကိုယ်တည်းခိုမဲ့ ဟိုတယ်ကိုရောက်အောင် နောက်ထပ်တစ်နာရီကြာအောင် ကားထပ်စီးရပါသေးတယ်။
“လန်ကာဝီ ကျွန်း” ဆိုပေမဲ့ ဟိုတုန်းက စင်္ကာပူနိုင်ငံ ရဲ့ အကျယ်အဝန်းဟာ လန်ကာဝီကျွန်း နဲ့ အတူတူပဲဖြစ်ပြီး နောက်ကျမှ စင်္ကပူနိုင်ငံက ပင်လယ်ထဲမှာမြေဖို့ပြီး တိုင်းပြည်ချဲ့ထွင်ခဲ့တဲ့ အတွက် ပိုမိုကျယ်ဝန်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ လန်ကာဝီ ကျွန်းကိုရောက်လာခဲ့ ပြီဆိုတော့ လန်ကာဝီ ခရီးသည်ကြီး မောင်ပုံမှန် တစ်ယောက် တစ်ခြား မရောက်ဖူးသေးတဲ့ ဘော်ဒါတွေကိုလည်း ပြန်လည်ဝေမျှပေးနိုင်ဖို့ အတွက် မှတ်တမ်းတင် ဓါတ်ပုံတွေကိုလည်း ဖွတ်ချက် ဖွတ်ချက် ကင်မရာလေး တစ်လုံး အားကိုးနဲ့ ကြိုးစားပန်းစားရိုက်ကူးပြီး မှတ်တမ်း တင်လာခဲ့ပါတယ်။
သတင်းနှင့်ဓါတ်ပုံ (ကိုရင်ပုံမှန်) ပေါ့လေ
ကိုကိုမ
သာယာလှပသော အလုပ်နားရက် တနင်္ဂနွေနေ့ လေးတစ်နေ့၏ မနက်ခင်းလေးတစ်ခုတွင် နေအတော်မြင့်ချိန်ရောက်သည်အထိ အိပ်ဖို့ ရည်ရွယ်ထားသော မောင်ပုံမှန် တစ်ယောက် ဘေးခြင်းကပ် အခန်းမှ ကိုကိုမ ၏ ဆူညံစွာ ဖွင့်နေသော နံနက်ချိန်ခါ တေးသံသာများကြောင့် အလန့်တကြားနိုးထလာခဲ့ ရလေတော့သည်။ တေးသီချင်းများကို ဆူညံစွာ ဖွင့်နေသူကတော့ မောင်ပုံမှန် ၏ အချစ်တော် ကိုကိုမ ဆိုသူပင်ဖြစ်လေတော့၏။ ကျန်အိမ်သားများမှာလည်း နတ်ကန္တားပေးနေသော အသံကဲ့သို့ ဆူညံလှစွာသော တေးသံသာ များကြောင့် ဝေးရာသို့ ရှောင်ရှားသွားကြလေတော့သည်။
“ဟင်း….”
သက်ပျင်းရှည်ကြီး တစ်ချက်ကို မသာမယာ ချလိုက်ရင်း မောင်ပုံမှန် တစ်ယောက်လည်း အိမ်အပြင်သို့ ထွက်လာခဲ့လေတော့သည်။ အိမ်ပြင်ရောက်လာကာမှ မောင်ပုံမှန် တစ်ယောက်ထဲ ကိုကိုမ ၏ အကြောင်းကို စဉ်းစားနေမိတော့သည်။

ကိုကိုမ နှင့် မောင်ပုံမှန် သည် တစ်အိမ်ထဲ နေ၍ တစ်လုပ်ထဲတွင် အတူတကွ လုပ်ကိုင်နေကြသော်လည်း တစ်ယောက်နှင့် တစ်ယောက်ကြည့် မရအောင် အမြင်ကပ်ကြသော လူများဖြစ်ကြလေ၏။ ဘယ်ဘဝက ရေစက်လဲတော့မသိ နေ့တိုင်းရှည်ထွက်နေသော မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးများကို နေ့တိုင်းပြောင်အောင်ရိတ်ပြီး အဖုအထစ်များဖြင့် ခရောင်းလမ်းဖြစ်နေသော သူ၏ မျက်နှာကို ပေါင်ဒါ အဖွေးသားဖို့ထားပြီး ခပ်တောင့်တောင့် ယောင်္ကျားတစ်ယောက်ကို မြင်လျှင် ပြီတီတီ ပြုံးပြတတ်သော ကိုကိုမ ဟု အမည်ရသော အသံ အလွန်ကျယ်သော ထိုငတိကို ဘယ်လိုမှ အဆင်ပြေအောင် ပေါင်းလို့ မရတာကတော့ အမှန်ပင် ဖြစ်လေ၏။
ညသန်းခေါင်ကျော်သည် အထိ ဖုန်းပြောသံ၊ သီချင်းသံ တို့ဖြင့် ဆူညံနေသော ကိုကိုမ တစ်ယောက် အလုပ်တက်ရက် မနက်စောစော အချိန်သို့ရောက်လာသော အခါတွင်မူ စိတ်ရင်းစိတ်ထား ကောင်းလှစွာဖြင့် အိမ်သားများ အိပ်ရာမှ မနိုးစေရန် အတွက်လုပ်စရာ ကိစ္စများကို အလွန်တိုးတိတ်စွာလုပ် ၍ အလုပ်သို့ အသာလစ်သွားလေ့ ရှိသည်။ အလုပ်ပိတ်ရက် နေ့များတွင်မူ နံနက်စောစော အိပ်ရာမှ ထ၍ နံနက်ချိန်ခါ တေးသံသာများကို ဆောင်းဘောက်ကြီးများဖြင့် ဖွင့်၍ အိမ်သားများကို ဖျော်ဖြေလေ့ရှိသည်။
နံနက်လင်း၍ အိပ်ရာမှ နိုးသည်နှင့် မနားတမ်းဖွင့်နေသော အသံများကို နားမခံသာသော အိမ်သားများမှာ အိမ်ရာနိုးသည်နှင့် အဝတ်စားလဲ၍ ခြေဦးတည့်ရာသို့ လစ်ကြရလေတော့သည်။ ကိုကိုမ ဖွင့်နေကြသီချင်းမှာ ဒေါ်လုံးတင်မ(ဘောလုံးဘုရင်မ) မေခလာ (ဘယ်သူပေးထားသော ဘွဲ့လဲတော့မသိပါ) ၏ နာမည်ကျော် ဘောသီချင်းများ ဖြစ်လေ၏။
မေခလာ ကလည်း အလွန်တတ်နိုင်၏ “ရစ်ကီမာတင်” ၏ “ဂိုး…ဂိုး..ဂိုး..အာလေ…အာလေး…အာလေး” သီချင်းကို “ဂိုး..ဂိုး..ဂိုး…ကိုကိုရေ သွင်းပါဂိုး.. လုပ်လိုက်ပြီး။ ခုတစ်ခါ..ရှာကီရာ ၏ ဝါကာ.. ဝါကာ အေ့..အေ.. သီချင်းကို “မြန်မာ.. မြန်မာ.. အေ့အေ့” ဟုလုပ်ချလိုက်ပြန်၏။ ကိုကိုမ ကလည်း ထိုသီချင်းများကို အလွန်ကြိုက်လေသည်။ “မေခလာ” နှင့် သြရသ စုံတွဲဆိုထားသော ဟိုသီချင်းကြီးသည် ဘာကြီးမှန်းကို မသိသော သီချင်းဖြစ်လေသည် ဘာတဲ့…
“အရပ်ကခြောက်ပေ… ကြွက်သားတောင့်တယ်.. ခန္ဓာကိုယ် အချိုးစား ကြီးတယ်မိုက်တယ် ဒီမှာလာပြီ တစ်ဂိုး… သွင်းပါတစ်ဂိုး.. ကစ်ပါအုံး…” သီချင်းကြီးက ဘာကြီးမှန်းမသိပါ အရပ်က ခြောက်ပေ ကြွက်သားတောင့်တယ်…တဲ့ ဟင်းဟင်း ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုမ ကတော့ အလွန်ကြိုက်၏။
တစ်ခါတစ်ရံ တစ်ခြားနိုင်ငံသား ဘော်ဒါများ အိမ်လည်လာကြသော အခါများတွင်လည်း အရှက်နည်းသော ကိုကိုမ က ထိုငပေါသီချင်းများကို ဖွင့်ပြပြီး အကျအန ဧည့်ခံရုံသာမက သီချင်းများ၏ အဓိပ္ပါယ်ကိုပါ အသေအချာရှင်းပြလေ၏။ ထိုအခါ ချန်ပီယံ မြန်မာ အသင်း၏ ခြေစွမ်း အမှန်ကို သိနေသော တစ်ခြားနိုင်ငံသားများက သူတို့ အချင်းချင်း ပြော၍ ရယ်ကြလေ၏။ ကိုကိုမ သည် စရိုက်မကောင်းရုံသာမက ဉာဏ်လည်း အလွန်နည်းလေ၏။ ထိုနိုင်ငံခြားသား ငတိများနှင့် မောင်ပုံမှန် တို့ မြန်မာ ဘောလုံးဝါသနာရှင်များကြားတွင် ဇာတ်လမ်းများရှိခဲ့လေ၏။
မောင်ပုံမှန် တို့ အိမ်သားများသည် ဘောလုံးဝါသနာရှင်များ ဖြစ်ကြကုန်၏။ တစ်ပါတ် တစ်ပါတ် ကြည့်လိုက်ရသော ဘောလုံးပွဲနှင့် ဝယ်ဖတ်လိုက်ရသော စာစောင်မှာ အစုံပင်ဖြစ်လေ၏။ “ဗီယက်နမ်” နိုင်ငံတွင် ကျင်းပခဲ့ သော “ဆူဇူကီး” ဘောလုံးပြိုင်ပွဲ စတင်ခါနီးတုန်းကဆို ဘောလုံးဂျာနယ်တွေ ဝယ်ဖတ်ပြီး မြန်မာ အသင်းအကြောင်းကိုကြည့်ကြ ရုံသာမက အွန်လိုင်းရှိ ဘောလုံးဆိုဒ်ပေါင်းစုံတွင်လည်း မြန်မာအသင်းအကြောင်း ဝင်ကြည့်ရတာ အမော မြန်မာအသင်းနည်းပြ ဦးတင်မြင့်အောင် ၏ ကြွားချက်များကိုလည်း တကယ်ထင်နေကြ ပြီး ဆိုဒ်များတွင် တင်ထားသော မြန်မာအသင်းအကြောင်း တွေကိုလည်း အားလုံး ယုံနေကြလေသည်။ “ဦးတင်မြင့်အောင်”၏ “မြန်မာအသင်း နဲ့တွေ့ရင် ဘယ်အသင်းမှ မချောင်ဘူး ဆိုသောအပြောကို ကြားရုံဖြင့် မြန်မာ အသင်းကို ချန်ပီယံ ဘွဲ့ပေးထားလိုက်တော့သည်။
သို့နှင့် အလုပ်သွားချိန်တွင်လည်း ဂျာနယ်တစ်ပုံကြီး မသွား၍ အလုပ်နားချိန်များတွင် တစ်ခြားနိုင်ငံသား ဘော်ဒါများကို ပြ၍ကြွားကြလေတော့၏။ “ဟက်ရောင်တွေ ဒီမှာကြည့် ဒါ မြန်မာဂျာနယ် စာမဖတ်တတ်ရင်လည်း အရုပ်တွေကြည့်ထား”
“ဒါ မြန်မာ အသင်းပုံ တအားကောင်းတယ် မယုံမရှိနဲ့ …ပြီးတော့ ဒီကောင်တွေက ပရိုတွေနော်… လမ်းဘေးမှာ ကန်နေတဲ့ ကောင်တွေ မဟုတ်ဘူး သိလား.. သွားတော့မယှဉ်လေနဲ့ သေသွားမယ် တုန်းကနဲ သေမသွားတောင် ဆန့်ငင် ဆန့်ငင်နဲ့သေသွားမယ်….”
“ဟောဒီကောင်ကိုကြည့်..“ရန်ပိုင်” လို့ခေါ်တယ် တအားကောင်းတာ ကစ်တအားပြင်းတယ်.. ဖရီးကစ်တွေဘာတွေ သူကန်လို့ ကတော့ ဂိုးပေးရမှာ ကြောက်ပြီး ဂိုးရှေ့မှာ သွားမကာကြနဲ့ သူ့ကန်ချက်ထိလို့ ကတော့ အူတောင် အခွေလိုက်ထွက်သွားမယ်….. တအား.. ပြင်းတဲ့ကောင်.. ဟင်း.. ဘာမှတ်နေလဲ” လက်ကုန်ကို လွှတ်ကြွားထားတာပါ ဟက်…ဟက်..
ဒါတောင် တစ်ချို့လူတွေက … “မြန်မာဘောလုံးသမားတွေက ပိန်တယ်နော်တဲ့”
ဒါမျိုးကတော့ မခံဘူး “ပိန်ပေမဲ့ တစ်အားသန်တယ်” လို့ ချက်ချင်း ပြန်ပြောလိုက်တာ (ဘာသန်တာလဲတော့ မသိဘူး.. ဟီဟီ..)….
ဂလိုနဲ့ ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာတော့ လေးသင်းအုပ်စုမှာ မြန်မာ အသင်းက နံပါတ်လေး ချိတ်ပြီး ဇယားအောက်ဆုံးမှာ နေရာယူထားရုံသာမက ပြိုင်ပွဲမှာ ပေးဂိုး အများဆုံး အသင်းအဖြစ် စာရင်းဝင်လေ၏။ ဖွင့်ပွဲမှာပင် ခုနှစ်ဂိုးပေး၍ စိတ်ရင်း စိတ်ထားကောင်းကြောင်းကို အထင်ရှားပြသ ခဲ့ကြ၏။ မောင်ပုံမှန် တို့ အဖွဲ့မှာတော့ အရှက်ကြီးပြဲ ၍ အလုပ်နှစ်ရက် မသွားပဲနေရာ ထိုလက ရက်မှန်ကြေးပါ ပြုတ်လေ၏။
တလောကလည်း မြန်မာပြည်တွင် ကန်ခဲ့သော အာရှခြေစစ်ပွဲများတွင် အိမ်ရှင်အဖြစ်ကန်ရပြီး အောက်သင်းများနှင့် တွေ့ပါလျက် သုံးပွဲကန် တစ်မှတ်ဖြင့် ဇယားအောက်ဆုံးတွင် ပင်တိုင်နေရာယူ၍ သဘောထားကြီးကြောင်းကို ထပ်မံပြသလေ၏။ ထိုအချိန်မှစ၍ မောင်ပုံမှန် တို့ အဖွဲ့မှာ မြန်မာ အသင်းအကြောင်းကို လူရှေ့တွင် မပြောရဲ သလောက် ဖြစ်သွားကြလေ၏။ သို့သော် အရှက်နည်းသော ကိုကိုမ ကတော့ ဧည့်သည်များကို ဘောသီချင်းခွေများ ဖွင့်ပြပြီး စာသားတွေကို ရှင်းပြနေတုန်းပင် ဖြစ်၏။ ထိုကဲ့သို့ ပိတ်ရက် အိပ်ကောင်းခြင်း မအိပ်ရသော ဒုက္ခ ဧည့်သည်လာလျှင် မျက်နှာပူရသော ဒုက္ခများလွတ်ကင်းစေရန် အတွက် ကျွန်တော်တို့ အဖွဲ့ ကိုကိုမ ကို ပညာပေးရန်ကြံစဉ် ကြရလေတော့၏။
အလုပ်နားရက် တစ်နေ့ မနက်ခင်းတစ်ခုတွင် ကိုကိုမ တစ်ယောက် အိပ်ရာမှ နိုးလာပြီး ငပေါ သီချင်းများစဖွင့် သည်နှင့် မောင်ပုံမှန်တို့ အဖွဲလည်း ဧည့်ခန်းတွင်နေရာယူပြီး ဆောင်းဘောက်များ ကို ကိုကိုမ အခန်းဘက်သို့ လှည့်ထားလိုက်ပြီး မိုက်ကိုဖွင့်၍ ဂီတစာဆို မောင်ရင်ပုံမှန် ရေးစပ်သီကုံးထားသော ဘောသီချင်းများကို တီးလုံးသံ မပါပဲနှင့် ကိုကိုမ ၏ သီချင်းသံများနှင့် အပြိုင် လိုက်၍ ကဗျာလွတ်အော်ဆို ကြလေ၏။ ရေးစပ်သီကုံး ထားသော တေးသီချင်းများကလည်း ရေလယ် မန်းကီးဖြစ်လေ၏ တစ်ခါရွတ်ရုံဖြင့် တစ်သက်စွဲသွားစေနိုင်၏။
သီချင်း..ဝါကာ…ဝါကာ
မူရင်း.. ရှာကီရာ
ကော်ပီ…မေခလာ
ထပ်ဆင့်ကော်ပီ… မောင်ရင်ပုံမှန် (ဆင်တဲကဖေး)
(ဖိုးလှ….ဖိုးလှ) ၂ သံပြိုင်…
“အဝါရောင် အရည်သောက်ကာ.. အမြည်းလေးနဲ့ပေါ့ကိုရေ.. နောက်တစ်ပိုင်းဆိုရင် ပိုမူးမယ်… ပွဲစဖို့ကို အရမ်းနီးကပ်လို့နေပြီ.. မဖြစ်ဘူးဆိုရင် ကြိုပြောကွယ်.. အခြေနေမဟန်ရင် နားရွက်လှန် သံပရာရေသာ ညှစ်လေ မူးမူးနဲ့ လေးဖက်ထောက်ကွင်းထဲ ဆင်းတယ် အရက်ကြိုက်တဲ့ ဘောလုံးသမား”
ရှက်ကီ..ရှက်ကီ..အေ့အေ့ အိုပီ…အိုပီ..အေ့အေ့ မူးမူး နဲ့ကြွားပြီးတော့ တလွဲများလုပ်တယ် အရှက်မရှိတဲ့ ဘောလုံးသမား”
“ပြိုင်ပွဲ မကန်ခင် ပိုကြွားမယ် တကယ်တမ်း ကန်ရင် ခြေမထွက်တယ် မူးမူး နဲ့ ကွင်းပတ်ပြေးတယ် အသုံးမကျတဲ့ ခြေစွမ်းများ… ရှက်ကီ သံကို ကြားရင် မနေ မထိုင်အေ့အေ့.. ပွဲစလို့ ငါးမိနစ် မကြာ အနားတောင်းတဲ့ ကစားအား”
(ရှက်ကီ..ရှက်ကီ..အေ့အေ့.. ဘီယာ..ဘီယာ အေ့အေ့…)
သီချင်းက လွန်စွာမြူးကြွ သဖြင့် ဝါသနာရှင် အဆိုတော် မိုက်ခဲကြီးများသာမက အကဝါသနာရှင်များကလည်း နတ်ကတော် စပ်ဆလူး ဓါတ်လိုက်ခံရ သကဲ့သို့ ပင်တွန့်လိမ်နေအောင်ကကြလေ၏။ အတီးမှုတ်ဝါသနာရှင်များကလည်း မီးဖိုချောင်မှ ဒန်အိုး ဒန်ခွက်များ(အင်စတုမန့် အစစ်တွေပေါ့) ပိန်လိမ်ကုန်အောင် လက်စွမ်းပြတီးမှုတ် ကြလေ၏။
နောက်ထပ်တစ်ပုဒ်ဖြစ်သော “မေခလာ” နှင့် သြရသ တို့ စုံတွဲဆိုထားသော သီချင်းက ပို၍ပင်မြူးကြွလေ၏။ ထိုသီချင်းကို ဆိုရာတွင် မီးဖိုချောင် “အင်စတုမန့်များ” ပို၍ ပိန်ကြလေ၏။
“ဒုန်တတုံ..တုံ… ဒုန်တတုံ…တုံ…ချမ်း”၂ “အိုးနာနာ…အိုး ပိန်ပိန် ထုပါဟေ့..”၂ (သံပြိုင်)
“အရပ်က ၄ ပေ.. ဘီအီးသောက်တယ်.. ခန္ဓာကို အချိုးစားသေးတယ် လေးတယ်.. ခေါင်းခုန်တိုက်ရင် တစ်ထွာလောက်မြောက်တယ်… ပိုကာ ပြိုင်ဒေါင်းမလား အရမ်းကို ကျွမ်းတယ်…
{”ကိုကိုရေ လာပြီ တစ်ဂိုး တစ်ဂိုးလောက်ထပ်ပေးလိုက်အုံး… ကိုကိုရေ လာပြီးနှစ်ဂိုး အရှက် မရှိထပ်ပေးလိုက်အုံး (ပေးလိုက်တစ်ဂိုး.. ထပ်ပေးလိုက်အုံး… ပေးမှာပေါ့… မရှက်ပါဘူး)}
ခေါင်းကိုမော့လို့ အရှက်လဲ ကင်းတယ် ဘယ်နှစ်ကြိမ် ရှုံးမလဲ ဂရုကို မစိုက်တယ် …. အရမ်းကို ဒေါင်းတဲ့ ဘောလုံးသမားတွေ စတိုင်အပိုတွေထုတ်လို့ ပဲတွေများတယ်…..
အဆို အတီးတို့ဖြင့် ဖန်တီးအပ်သော “ဘောဂီတ” ပွဲကြီးက ဝက်ဝက်ကွဲ အောင်မြင်လေ၏။ နောက်တစ်ပါတ် အလုပ်ပိတ်ရက် နံနက်စောစောတွင် အထုတ်လေးလွယ်၍ အိမ်မှ ထွက်သွားသူကတော့ ကိုကိုမ ဖြစ်သွားလေတော့သတည်း။
လမ်းကွေ့
အချိုးကွေ့ များ အလွန်ပေါများလှတဲ့ လူ့ဘဝ လမ်းကွေ့လေး တစ်ခုမှာကြုံတွေ့ ခဲ့ရတဲ့ အဖြစ်ပျက်လေးတစ်ခုပါ။ မြန်မာစကားတစ်ခု ရှိပါတယ် “ရောမ ရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတဲ့” လူပြောများတဲ့ စကားလေးပါ။ ကျွန်တော် “မလေး”မှာ အလုပ်လုပ်ခဲ့စဉ်က “ရောမ ”ကို ရောက်နေသော်လည်း ရောမလို မကျင့်တတ်တဲ့ သူတစ်ယောက် ကိုတွေ့ခဲ့ ဖူးပါတယ်။ မလေးကို ရောက်လာတော့ ကုမ္မဏီ မှ စီစဉ်ပေးထားသော (မိသားစု ငါးယောက်လောက်သာနေလို့ ရနိုင်သော) အိမ်တစ်လုံးမှာ ကျွန်တော် အပါဝင် လူဆယ့်လေးယောက် နေခဲ့ကြရပါတယ်။ ကုမ္မဏီမှ လူကြီးများ ၏ စေတနာပါ “စည်းစည်းလုံးလုံး နေထိုင်တတ် စေရန် ရည်ရွယ်သည်” ဟုဆိုပါသည်။ လူတစ်ကိုယ် စရိုက်တစ်မျိုး ဆိုတော့ “လူဆယ်လေးယောက်” မှာ ဘယ်လောက်ရှိမလဲဆိုတာ တွေးကြည့်ပေတော့…။

ကျွန်တော် နေထိုင်သော ရပ်ကွက် မှာ“ သူခိုး၊ ဓါးပြ ”အလွန်ပေါ ပါတယ်။ ဘယ်လောက်ပေါလဲ ဆိုရင် ရဲကားတောင် ရဲရဲ မလှည့်ရဲပါဘူး။ ကျွန်တော်တို့ အိမ်မှာ လူဘယ်လောက်တောင့် လဲဆိုရင် သူခိုး ဓါးပြ ပေါပြီး ဒီလောက် ဆိုးတဲ့ ရပ်ကွက်ထဲ မှာတောင် ညအိပ်ရင် အိမ်တံခါးတွေ ဖွင့်ပြီး အိပ်ကြပါတယ်။ တစ်အိမ်လုံး အနှံ့မှာ အိပ်နေကြတာ ခြေချ စရာတောင်မရှိပါဘူး။ ဒီလို လူအားကောင်း ရတဲ့အထဲ မကြာ ခဏဆိုသလို ရောက်လာတတ် တဲ့ အကြောင်း အမျိုးမျိုး နဲ့ ဧည့်သည်တွေပါ ပေါင်းလိုက်ရင်တော့ ပြောမနေပါနဲ့တော့။
ထိုများပြားလှသော လူများအနက်မှ ကျွန်တော် မှတ်မိနေသော လူတစ်ဦးမှာ မြန်မာပြည် အောက်ပိုင်း ရွာလေးတစ်ရွာ မှ လာရောက်အလုပ် လုပ်ကိုင်သော “မောင်စန်း” ဟု အမည်ရသော အသက်အရွယ် လေးဆယ်ခန့် ရှိပြီဖြစ်သော ပေါကြောင်ကြောင် လူတစ်ယောက် ရှိ၏။ ထိုသူမှာ လူချစ် လူခင် အလွန်ပေါ၏။ လူဆယ့်လေးယောက်ရှိသော မြန်မာ အိမ်တွင် သူနှင့် ရန် မဖြစ်ဘူးသူ တစ်ယောက်မှ မရှိချေ။ တစ်ခါ တစ်ရံ အိမ်သို့ လာအိမ် တတ်သော ဧည့်သည် နှင့်ပါ ရန်ဖြစ် လိုက်သေး၏။
ပညာ အရည်အချင်း မှာလည်း “အသုံးလုံး ” ပင်တက်ဖူးပုံ မရ၍ သူ့၏ နာမည်ကို ပင် မြန်မာလို မှန်အောင် မပေါင်းနိုင် ရှာပေ။ ကြွယ်ဝချမ်းသာမှု့ကို ပိုပို သာသာလေး ခန့်မှန်းကြည့်ရသော် စက်ဘီးတောင် မလေးရှား ရောက်မှ စီးဖူးပုံ ရ၏။ စက်ဘီးစီးလည်း လွန်စွာကျွမ်းကျင်၏ တစ်ပါတ်တွင် နှစ်ကြိမ် ခန့် အက်ဆီးဒင့် ဖြစ်လေ့ရှိ၏။ “သူများကို သူကဝင်တိုက်လျှင်တိုက် မတိုက်ရလျှင် သူများ ၏ အတိုက်ကို အားတက်သရော ခံလေ့ရှိ၏။” စက်ဘီး ချင်းတိုက်ရတာ ငြီးငွေ့ လာလျှင် အပြောင်းလဲ လေးဖြစ်သွားအောင် ကားတွေ ဘာတွေကို တောင် ရဲရဲတင်းတင်း သွားတိုက်လေ့ ၇ှိ၏။ နောက်ဆုံး တိုက်စရာ ပြိုင်ဖက် မရှိလျှင် တစ်ယောက်ထဲ ပြစ်လှဲတတ်၏။
သူစကားပြောလျှင် သူ့အိမ်တွင် လယ်ဧက ဘယ်လောက်ရှိကြောင်း နွားဘယ်နှကောင် လယ်ထွန်စက် ဘယ်နှလုံး ရှိကြောင်းကို နားထောင်သည့် လူ ထမသွား မချင်း အာဘောင် အာရင်း သန်သန်ဖြင့် မနားတမ်းကြွားလေ့ ရှိသည်။ သူ့လို လူအတွက် မလေးကို လာရခြင်း သည်ပင် ပါရမီ ဖြည့်ကျင့် နေရသကဲ့ သို့ပင် ဖြစ်လေ့ ရှိကြောင်း ကြုံတိုင်းပြောလေ့ရှိ၏။ ပညာ အရည်အချင်း မှာလည်း “အသုံးလုံး ” ပင်တက်ဖူးပုံ မရ၍ သူ့၏ နာမည်ကို ပင် မြန်မာလို မှန်အောင် မပေါင်းနိုင် ရှာပေ။ စကားလွန်စွာ ပြောနိုင်သူ တစ်ယောက်ဖြစ်ပါသည် တစ်ခါ တစ်ရံ နားထောင်သူ မရှိလျှင်တောင် တစ်ယောက်ထဲ ထိုင်ပြောနေလေ့ ရှိသော ကမ္ဘာ့ အံ့ဖွယ် လူသားတစ်ယောက်ဖြစ်ပါတယ်။
ထိုသူနှင့်အတူ အခြား လူလေးယောက်တို့သည် ကျွန်တော်၏ ရှေ့ သုံးနှစ်လောက် စော၍ ရောက်နေသူများ ဖြစ်၍ ကျွန်တော် ရောက်လာ စတွင်ပင် ကျန်လူများမှာ မလေးလို အတော် အသင့် ပြောနိုင်နေကြပြီ ဖြစ်သော်လည်း မောင်စန်း မှာ မလေးလို ဆို၍ သာရ(thida) ဟူသောစကား တစ်လုံးသာ ပြောနိုင်ရှာ၏။ မလေးလို သာရ thida ဆိုသည်မှာ မရှိဟု အဓိပ္ပါယ်ရ၏။ သုံးနှစ်တာ ကလအတွင်း မလေးလို ထိုစကားတစ်လုံးကို သာ ပိုင်ပိုင် နိုင်နိုင် ပြောနိုင်နေသော မောင်စန်းတစ်ယောက်မှာ လွန်စွာပင်ပျော် နေလေ၏။ တွေ့သမျှ လူအပေါင်း ကိုလည်း ဟုတ်ဟုတ် မဟုတ်ဟုတ် ထိုစကားဖြင့် လိုက်ပြောလေ့ ရှိ၏။
တစ်နေ့ မနက်တွင် မောင်စန်းတို့ ဆက်ရှင်မှ စူပါဗိုက်ဆာ က မောင်စန်း အကြောင်းကို သိနေသော်လည်း ဘာရယ် ညာရယ် မဟုတ် “ဂွတ်တမော နင်း” ဟု နှုတ်ဆက်လိုက်မိရာ သူကလည်း အားကျမခံ “သာရ” ဟု အားရ ပါးရ ပြန်ပြော လိုက်လေရာ အနီး အနားတွင် ရှိနေသော နီပေါတစ်အုပ်က အုန်းကနဲ ထရီ(ရယ်) လိုက်ကြသဖြင့် မောင်စန်းကို နှုတ်ဆက်မိသော“စူပါ” ခမျာ လည်း ရှက်ရှက်ဖြင့် လစ်ပြေးရ ရှာလေ၏။
ထိုအချိန်မှ စ၍ ကျွန်တော် တို့စက်ရုံတွင် မောင်စန်း သည် မြန်မာ့ဂုဏ်ဆောင် ဘာသာစကား ဆရာကြီး “မစ္စတာ သာရ” ဟု အမည်တွင် သွားလေတော့သည်။ စက်ရုံတွင်လည်း မကြာခဏ ရန်ဖြစ်လေ့ရှိ၍ မန်နေဂျာ ကပင် “သာရ” ဆိုသည်နှင့် သူမှန်းသိနေ၏။ မောင်စန်း ဆိုလျှင်တော့ မသိပါ။ ကျွန်တော်ရောက်စက မောင်စန်း သည် ကျွန်တော့်ကိုလည်း ဆရာလာ လုပ်နေသေး၏။ သူ့ စိတ်ထဲတွင် ဘုန်းကြီးကြောင်းမှ ဘုန်းကြီးကျောင်းသား များလိုပင် ကျောင်းသား အသစ်ရောက်လာပါက နောက်မှ ရောက်တဲ့ ငတိ ငါ့တပည့် လုပ်ချင်နေပုံရ၏။
ကျွန်တော်တို့ အိမ်တွင် လူဆယ့်လေးယောက် ရှိသည့် အတွက် လူအမျိုးမျိုး ဝါသနာ အထွေထွေ ရှိကြသော်လည်း ကိုယ်နှင့် ပတ်သက်သည့် မကောင်းသည့် ကိစ္စများကို အပြင်တွင်သာထားခဲ့ကြ၏။ လူများပြည့်သိပ်နေသော အိမ်လေးထဲသို့ ယူလာလေ့ မရှိကြချေ။ သောက်တတ်သူများက သောက်လာကြသော်လည်း အထွေထူး စကားမများကြပါ ထမင်းစား ၊တီဗီ ကြည့် ပြီးတာနှင့် အိပ် ဒီလိုပဲနေကြပါတယ်။ သူတစ်ကာထက် ထူးပြီး နဖူးတွင် ဂျိုတက်ပေါက်နေသော မောင်စန်း တစ်ယောက်ကတော့ အမြဲလိုလို အရက်သောက်လေ့ရှိပြီး အရက်သောက်လာပြီးလျှင် သူတစ်ပါးအား စကားနာထိုးခြင်း ၊အငြင်း အခုန်လုပ်ခြင်း စသဖြင့် ပွဲဆူအောင်လုပ်လေ့ရှိပါတယ်။
သူ့ကို အဖက်လုပ်မဲ့ သူတစ်ယောက်မှ မရှိတော့ရင်တော့ ….. ဘဲမ ပြာမျိုထားသော အသံနှင့်တူသော ပြာရှပ်ရှပ် အသံ အားကိုးဖြင့် ကျွန်တော်တို့ လွန်စွာမကြိုက်သော “တော” သီချင်းများကို ကာရာအိုကေ စက်ဖြင့် အကျအန သီဆိုပါတော့တယ် သေချာ နားထောင်ကြည့်လေ လမ်းဘေး ခွက်ခံ “ကိုသန်းတန်” နှင့် တူလေပါပဲ။ အိမ်မှာနေကြသူ အများစုမှာ မြို့အသီးသီး မှ လာရောက်ကြသူများဖြစ်သဖြင့် ပေါပ် ၊ရော့ခ်၊ ဟစ်ဟော့ သီချင်းများသာ နားထောင်လေ့ ရှိသူအများစု ဖြစ်သဖြင့် တောကြိုက်သီချင်းများဆိုလျှင် မူရင်း အသံဖြင့် ဖွင့်ပြလျှင်ပင် အချိန်ကုန်ခံ ၍ နားထောင်ကြသူများ မဟုတ်ကြပေ။ ခုလို လမ်းဘေး ခွက်ခံ အသံဖြင့် ဆိုသံကို နားထောင်နေရသည်မှာ အတော်ပင် နားဒုက္ခ ရောက်ကြပါတယ်။
ဘယ်လောက်ပင် နားမထောင်ချင်ဘူး ပြောကြသော်လည်း တစ်အိမ်လုံးရှိ လူများမှာ “ထွေးညိုတို့” “ဆရာမလေးတို့” “ရွှေကျီးညို” တို့စသဖြင့် တောသီချင်းများနဲ့ အတော်ကို ရင်းနှီးနေကြပါတယ်။ တစ်ခါ တစ်လေ စိတ်အချဉ်ပေါက်လာရင်တော့ ကျန်တဲ့သူတွေပါ တောသီချင်းတွေ ဘာတွေ ထအော်နေတတ်ကြပါတယ်။ အလုပ်ကပြန်လာချိန် စောသည့် ရက်များတွင် အဝတ်လျှော် ရေမိုးချိုး မြို့ထဲသွား ထမင်း စားပြီးချိန်ဆို ရင်တော့ မောင်စန်း တစ်ယောက် ရူးကြောင် မူးကြောင် နှင့် အပြင်မှ ပြန်လာပြီး “ဟယ်လို တယ်စီတင် တောက်….တောက်” လုပ်နေပါတော့တယ်…။ နားပူလာတဲ့ အိမ်ကလူတွေကတော့ အပြင်ထွက် လမ်းလျှောက်နေကြပါတယ် လူတွေကများ ရာသီဥတု ကပါ ပူတော့ နေရတာ မကောင်းရတဲ့ အထဲ လူလို မသိတဲ့ လူ ကနားဒုက္ခ ပေးလာတော့ တစ်အိမ်လုံး ရှိတဲ့ သူများ အိမ်ရှေ့ လမ်းမထွက်ပြီးအုပ်လိုက် လမ်းလျှောက်နေကြရပါတယ်။
တစ်နေ့မှာတော့ အဆိုတော် တစ်ယောက် အဆိုရပ်သွားစေမယ့် အကြောင်းတစ်ရပ် ပေါ်လာခဲ့ ပါတော့တယ်။ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ မနက်ခင်းတစ်ခုမှာ အိပ်ရာမှ ကျွန်တော် အတော် နေမြင့်နေချိန်မှာ ထလာတော့ တစ်အိမ်လုံးမှာ မောင်စန်းတစ်ယောက်ကလွဲရင် ဘယ်သူမှ မရှိကြတော့ပါဘူး။ အပြင် သွားကုန်ကြပြါ့ပီ။ သူများတွေ အပြင်သွားချိန်မှာ ဘယ်မှာ မသွားတဲ့ “မောင်စန်း” က သူ့အကြိုက်ထွေးညို တို့ ဘာတို့ကို စက်ကုန်ဖွင့်ပြီး သူလည်း နားမထောင်ပဲ အိမ်အပြင် ထွက်ထိုင်နေပါတယ်။ အတော်ကို အသိတရားမရှိတဲ့ လူပါ။ အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတာ ဒီလိုလူမျိုး ကိုခေါ်တာနဲ့တူပါရဲ့။
ကျွန်တော်လည်း အိပ်ရာ နိုးလာတာနဲ့ အပြင်သွားဖို့ ရေချိုးခန်းထဲကို ဝင်ပြီး ရေချိုးနေပါတယ်။ အဲဒီ အချိန်မှာ ပဲ ပြသနာကို အိမ်ထဲ ခေါ်လာသူ ကတော့ မောင်စန်းပါ သူ့ဘာသာ အိမ်ရှေ့က ဖြတ်သွားတဲ့ ရဲကားကို မြင်တာနဲ့ မောင်စန်း တစ်ယောက် အိမ်ထဲကို အူယားဖားယား ပြေးဝင်လာပါတယ်။ ရဲကားပေါ်က ရဲကလည်း ပုဆိုးကြီး တစ်ကားကားနဲ့ အိမ်ထဲကို ဝင်ပြေးသွားတဲ့ မောင်စန်းကို မြင်တာနဲ့ အပိုင်ပဲ ဂွင်တည့်ပြီ ဆိုပြီး အိမ်ထဲကို ဝင်လိုက်လာကြပါတယ်။ အမှန်က မောင်စန်း ရဲ့ အမှားပါ ကိုယ်က အမှန်ဖြစ်နေရဲ့သားနဲ့ ဒါပေမယ့် မောင်စန်းမှာ အားနည်းချက်ရှိနေတာက စကားလုံးဝ မရတဲ့ အတွက် ရဲဆိုရင်မြင်တာနဲ့ ကြောက်နေတာပါ။ ပြီးတော့ ရဲ သွားခဲတဲ့ ဒီလိုလမ်းပေါ်မှာ ရဲကားကိုတွေ့တော့ အကြောက်လွန်ပြီး အိမ်ထဲကိုပြေးဝင်လာတာပါ။
ရဲတွေအိမ်ထဲကို ရောက်လာတာနဲ့ မောင်စန်း တစ်ယောက် ရေချိုး ခန်းထဲမှာ ရေချိုးနေတဲ့ ကျွန်တော်ကို ရေချိုးခန်း တံကားခေါက်ပြီး အတင်းလာခေါ်ပါတော့တယ်။ ကျွန်တော်လည်း ရောက်တာ မကြာသေးလို့ စကားသိပ်မပြောတတ်ပေမယ့် အီးလို ဖွတ်ချက်ဖွတ်ချက် တော့ ပြောတတ် တာကို သိနေတော့ အားကိုး တကြီးနဲ့ လာခေါ်တာပါ။
ဒါနဲ့ ကျွန်တော်ထွက်လာတော့ ကျွန်တော်လည်း
“ဦးရဲကြီး နေကောင်းလား” “ဘာကိစ္စရှိလို့လဲ”
ဘာညာနဲ့ ဖွတ်ချက်ဖွတ်ချက် စပီကင်နဲ့ ရွှီးလိုက်တော့ ရဲကြီးကလည်း ဖွတ်ချက်ဖွတ်ချက်နဲ့ ပြန် စပိ ပါတယ်။့ နှစ်ယောက်သားက “စိမ်းမစိမ်း” တွေဖြစ်နေတော့ ဟန်ကျ သွားပါတယ်။ ဒါနဲ့ ကျွန်တော်က ကျွန်တော်တို့ အလုပ်လုပ်တဲ့ ကုမ္မဏီ ကတ်တွေဘာတွေထုတ်ပြ သူမေးတာတွေ ဘာတွေနားလည် သရွေ့ ဖြေပေးတော့ သူတို့ နည်းနည်း ကျေနပ်သွားပါတယ်။
“ဒါနဲ့ ဟိုငတိ ကဘာလို့ဝင်ပြေးတာလဲ ရောက်တာဘယ်လောက်ကြာပြီလဲ”
“ဒီလူ ဒီကိုရောက်တာ သုံးနှစ်ကျော်သွားပြီ မလေးလို “သာရ” တစ်လုံးပဲ တတ်သေးတယ်”
ဆိုတဲ့ အကြောင်း ပြောပြတော့ ရဲကြီး က မောင်စန်းကို အသေချာကြည့်ပြီး အတော်ဖျင်းတဲ့ အကြောင်း မလေးရှား မှာ နေမယ်ဆိုရင် မလေးလို ပြောတတ်ရမှာ ဖြစ်ကြောင်း မလေးရှားမှာ မလေးလန်းဂွေ့ရှ် ကဘယ်လောက် အရေးကြီးတဲ့ အကြောင်း လန်းဂွေ့ရှ် မတတ်ရင် အရူးလိုပဲ ဆိုတဲ့ အကြောင်း ဘိုသံ ပါပါနဲ့ အတော်လေးစပိ သွားပါတယ်။
နောက်တစ်ခုရှိသေးတာက ရဲကြီး နဲ့ အတူပါလာတဲ့ ရဲလေးက ဖွင့်ထားတဲ့ တီဗီ ထဲကပြကွက်တွေကို စိတ်ဝင်စားနေတာပါ။ သီချင်းထဲမှာက ပထမ ပြကွက်ထဲမှာ ကောက်ရိုးပုံကြီး နားမှာ “သာအေး နဲ့ စာဥ” တို့နှစ်ယောက်သား သီချင်းတွေဆို ပြီး ပတ်ပြေးနေကြပြီး နောက်တစ်ကွက် ရောက်သွားတော့… စာဥ တစ်ယောက်ထဲ ရွာထိပ်က လက်ပံပင်ကြီး အောက်မှာ တစ်ယောက်ထဲ ငိုနေတာပါ။ ရဲလေး လည်း တအံ့ တသြောနဲ့ လိုက်ကြည့်နေပါတယ်။ ဒီမှာ မကြည့်နိုင်တာက ရဲကြီးပါ ဂွင်တည့်ပြီ ထင်ပြီး ပြစ်ဝင်လာတာ ဘာမှလည်း မဟုတ်တော့ အီလည်လည် ကြီးနဲ့ တီဗီ ကိုကြည့် လိုက် ဘာတွေလဲဟ နဲ့ရေရွတ်လိုက်နဲ့ နောက်ဆုံးကြတော့ အလုပ်ပျက်သွားလို့လက်ဖက်ရည်ဖိုး ပေးကွာတဲ့ ငါတို့ အချိန်ကုန်တယ်တဲ့ (ဘာမှလဲ မဆိုင်ဘူးနော် ဟီဟီ)။
ဒါနဲ့ ကျွန်တော်လည်းရဲတွေကို ကြောက်ပြီး မျက်နှာပျက် ဒူးတွေတုန်နေတဲ့ မောင်စန်းကို ပိုက်ဆံထုတ်ပေးခိုင်းတော့ မောင်စန်းက ဘာဖြစ်လို့ပေးရတာလည်းတဲ့ ကျွန်တော်လည်း စိတ်ပေါက်ပေါက် ရှိတာနဲ့ ခင်ဗျား သီချင်းဖွင့်တာ ကျယ်လို့် ဒဏ်ရိုက်တာလို့ ပြီးတော့ ဒီနိုင်ငံ မှာ ဒီသီချင်းတွေဖွင့်တာ သူတို့ မကြိုက်ဘူးလို့ ဒီခွေတွေကလည်းအောက်လမ်းက သွင်းလာတာတွေမို့ ဖမ်းလို့ ရတယ်ဆိုတဲ့ အကြောင်းကို ပြောရင်းက နောက်ဆို ရင် သူတို့ ဒီနားက လမ်းကွေ့ ကို ကင်းအမြဲ လာလှည့် မယ်ဆိုတဲ့ အကြောင်း လမ်းကွေ့နား ကိုရောက်လို့ သီချင်းသံ ကြားရင် ဒီတစ်ခါတော့ စခန်းကို ခေါ်သွားမယ်ဆိုတဲ့ အကြောင်း ခပ်တည်တည် နဲ့ ရွှီးလိုက်တော့ ငတိ အတော်ကြောက်သွားပါတယ်။
ဒါနဲ့ အရူးပါးက ဒဏ်ကြေးဆိုပြီး ငါးကျပ်ထုတ်ပေးပါတယ် ဒီအခါ ဦးရဲကြီးက နှစ်ယောက်ဖြစ်လို့ ငါးကျပ်နဲ့ တော့ မကိုက်ကြောင်း ခပ်တည်တည် နဲ့ ပြောလို့ (မကိုက်ဆို အရင်းနှီးများလို့နေမယ်နော် ဟီဟီ…) ကျွန်တော် ကလည်းမောင်စန်း ကို များများလေးမပေးတဲ့ အနေနဲ့ အစိတ်ယူဗျာ ဆိုပြီး နောက်ထပ် နှစ်ဆယ်ထပ်ပေးဖို့ ပြောလိုက်တော့ မောင်စန်း ခမျာ တုန်ယင် ချည့်နဲ့ နေတဲ့ လက်အစုံနဲ့ မပေးချင်ပေးချင်နဲ့ ထပ်ပေးလိုက်ရပါတော့တယ်။ နှစ်ဆယ့် ငါးကျပ်ဆိုတာ မလေးငွေနဲ့ ကြည့်ရင်တော့ မနည်းပါဘူး တစ်နေ့ လခ မှ ဆယ်ကိုးကျပ် ပဲရတဲ့ မောင်စန်း အနေနဲ့ တော့ သေပြီဆရာ ဖြစ်သွားလောက်တဲ့ နှုန်းပါ။
လက်ဖက်ရည်ဖိုးလေးရသွားကာမှ ရဲကြီးနှစ်ယောက်လည်း အိမ်ထဲကထွက်ပြီး ကားပေါ်တက်သွားပါတော့တယ်။ ကားပေါ်ရောက်သွားတော့ ရဲကြီးက မောင်စန်းကို လက်ညှိုးထိုးပြီး လန်းဂွေ့ရှ် လန်းဂွေ့ရှ် နဲ့ သတိပေးသွားပါတယ်။ ရဲကြီးတွေထွက်သွားတော့မှ မောင်စန်းက
“ဘာပြောသွားတာလဲတဲ့”
“ခင်ဗျား ကိုမဆူဖို့ ထပ်သတိပေးသွားတာ. သူတို့ လမ်းကွေ့ နားကို နေ့တိုင်းလာကြည့်မယ်တဲ့ ပြောသွားတာ မကြားဘူးလား လမ်းကွေ့ လမ်းကွေ့ နဲ့” အရူးပါးကလည်း လည်တော့လည်ပါတယ်။
“လမ်းကွေ့ ဆိုတာ မလေးလို နဲ့ မြန်မာလို တူလို့လားတဲ့” ဒါနဲ့ ကျွန်တော်လည်း
“မြန်မာလို မီးချစ် ” “မလေးလို မန်ချက်၊” “မြန်မာလို အစ” “ မလေးလို မူလ ” ဒါမျိုးတူတဲ့ စကားတွေ အများကြီး ရှိတယ် ဘာသိလို့လဲ ဘာညာနဲ့ ခပ်တည်တည် နဲ့ ဟောက်လိုက်တာ ငတိခမျာ မျက်ရည် အဝိုင်းသားလေးနဲ့ ရဲနောက်ပါသွားတဲ့ ငွေအစိတ်ကို နှမြောနေရှာပါတယ်။
ကျွန်တော်လည်း အပြင်ကို ကဗျာ ကယာ သွားပြီး ကျန်တဲ့ အိမ်သားတွေကို တွေ့အောင်ရှာပြီး အမြန် သတင်းဖြန့်ထားလိုက်ရပါတယ် အိမ်သားတွေ အားလုံးလည်း ဝမ်းသာ အားရနဲ့ ကျွန်တော့် အကြံ ထောက်ခံပြီး သူတို့ ကိုမေးရင်လည်း တသံတည်းထွက်ဖို့ သဘောတူကြပါတယ်။ အဲဒီ အချိန်က စပြီး ကျွန်တော် တို့ အိမ်မှာ“ ထွေးညိုတို့ ရွှေကြီးညို”တို့ တိတ်တိတ် ပျောက်သွားပါတော့တယ်။
တစ်ခါ တစ်လေ ကျန်တဲ့ သူတွေက အပျင်းပြေ စတဲ့ အနေနဲ့ မောင်စန်း လုပ်ပါအုံးဟ ထွေးညိုတို့ ဘာတို့ ဆရာမလေး တို့ လုပ်ပါအုံး ဟဆိုပြီး ခပ်တည်တည်နဲ့ ပြောကြရင်တောင် မောင်စန်း တစ်ယောက် ဘာမှ ပြန်မပြော နိုင်တော့ ပါဘူး။ဒါတောင် သိပ်စိတ်က မကုန်ချင်သေးဘူးနဲ့ တူပါရဲ့ စက်တွေကို လှမ်းကြည့်လိုက်ပါသေးတယ်။ စက်တွေကို ကြည့်ပြီးတော့ နောက်ဆုံး ရောက်သွားတဲ့ သူ့အကြည့်က မလှမ်း မကမ်း မှာ လှမ်းမြင်နေရတဲ့ လမ်းကွေ့လေးကိုပါ………။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ အိမ်ကလူတွေကတော့ ကျွန်တော်တို့ အိမ်နားက လမ်းကွေ့လေးကို ကျေးဇူးတင်နေကြပါတယ်………
ပြန်လာချိန်လေး
မနေ့က အတန်းပိုင် ဆရာကြီး လုပ်ခိုင်းလိုက်သော အိမ်စာများ နှင့် ကျက်စာများကို ဘာတစ်ခု မှ လုပ်မလာ၊ ကျက်မှတ်မလာ ပဲနှင့် ကျောင်းကို ခပ်တည်တည်လာ ကျောင်းခန်းထဲသို့ ပတိနှင့် ဝင်ထိုင်ပြီး ဆရာကြီး လာသော အခါ ကောင်းကောင်း အနှက်ခံ ရမည့် အဖြစ်ကို ကျကျ နန ထိုင်စဉ်းစား ပြီး ဒူးတုန်နေရသော အရသာကို ကြုံဖူးပါသလားမိတ်ဆွေ ? ကျွန်တော်တို့ ဆင်တဲကဖေး အဖွဲ့ သားများမှာ ယခုတော့ ထိုကဲ့သို့ ပင်ဖြစ်နေချေတော့၏။
ကျွန်တော် တို့ ဆင်တဲကဖေး မှ ဆရာကြီး ပေါ့ဆိမ့် တစ်ယောက် မြန်မာပြည် သို့ အလည် အပတ် ခရီး ပြန်သွားခဲ့ သည်မှာ ရက်အတန်ကြာပင် ရှိချေတော့သည်။ ယခု အချိန် ဆိုလျှင် ပေါ့ဆိမ့် တစ်ယောက် မြန်မာပြည် ၏ နာမည် အကြီး ဆုံး အပန်းဖြေ စခန်း များတွင် ငွေကို ရေလို သုံး၍ မော်ဒယ်ကောင်မလေးများ တစ်ဖက် လေးငါးရာ ဖြင့် ပျော်နေလောက်ချေ၏။ (ပေါ့ဆိမ့် ၏ အလည် အပတ် ခရီးစဉ်ကို ကြည့်လိုပါက CNN channel မှ နေ့စဉ်ထုတ်လွှင့်နေသော နိုင်ငံ တကာ သတင်းများတွင် ကြည့်နိုင်ပါသည်။)
ပေါ့ဆိမ့် တစ်ယောက် ခရီးမထွက် ခင်က ကျွန်တော်တို့ အဖွဲ့ သားများ ကို site နှင့်ပတ်သက် သည့် ကိစ္စ အဝဝ နှင့်ပတ်သက်၍ လုပ်ဆောင်ရန် အပိုင်းများ ကို သေသေချာချာ မှာထားခဲ့လေ၏။ ပို့စ် အသစ်များ မှန်မှန် တင်ပေးရန် ၊ အခြား မိတ်ဆွေ site များကို မှန်မှန် အလည်သွားရန်၊ အလည်ထွက်ရန် အစ ရှိတဲ့ ကိစ္စ များပေါ့။ သူမြန်မာပြည် ပြန်သည့် နေ့က ကျွန်တော်တို့ site နှစ်ပါတ်လည် နေ့ နှင့် တိုက်ဆိုင်နေသည့် အတွက် သူ့ခမျာ ခရီးသွားဖို့ ပြင်ရသည့် အထဲ site ကိစ္စ အဝဝ ကိုပါဝင်ရောက်လုပ်ကိုင်နေ ရင်းဖြင့် အချိန် အတော်ကုန်သွားခဲ့ လေသည်။
ကျွန်တော်တို့ ဆင်တဲကဖေး အဖွဲ့ သားများမှာ စာဖတ် ဝါသနာ အလွန်ပါကြသော်လည်း စာရေး လွန်စွာပျင်း ၍ စာရေး မသွက်ကြချေ။ ပေါ့ဆိမ့် တစ်ယောက် တွန်းလွန်း ၍ သာ ဆီမရှိသော ဘီးဟောင်းကြီး များကဲ့ သို့ တကျီကျီ အသံပေး ၍ တစ်လိမ့်ခြင်း လိမ့်ကြခြင်းဖြစ်လေသည်။ ပေါ့ဆိမ့် တစ်ယောက် ခရီးထွက်နေသည့် ရက်အတွင်း တွင် သူပေးခဲ့ သော တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နေသူ ဆို၍ ဘလက်ကော်ဖီ တစ်ယောက်သာ ရှိလေ၏။ ကျွန်တော် အပါ အဝင် ကျန်ပုဂ္ဂိုလ် များကတော့ ဝေလေလေ လုပ်နေကြလေ၏။ ထို့ကြောင့် ပေါ့ဆိမ့် တစ်ယောက်ပြန်လာချိန်တွင် ကောင်းကောင်း အဆူခံ ကြရပေတော့မည်။ ပြီးတော့ ပေါ့ဆိမ့် ကတအားဒေါသကြီးတာ ဟိုတစ်လောကတောင် ကြားလိုက်ရသေးတာ “ကရာတေး ချန်ပီယံ ကာယဗလမောင်” တစ်ယောက် နှင့် စကားများရာ အလွန် စိတ်ကြီးသော ပေါ့ဆိမ့်က ဟို ငတိကို စကူဒရိုင်ဘာ တို့ ပလာယာ တို့တောင် မသုံးပဲနှင့် ကားဘီးချွတ်သလို ဟိုငတိ ၏ နံတွေ၊ ကိုင်းတွေကို တစ်စစီ ဖြစ် သွားအောင် သပ်သပ် ရပ်ရပ် ဆွဲဖြုတ်ပြစ်ပြီး ခွေးစာ ချကျွေးလိုက်ရာ ဟိုငတိ ခမျာ ဖွဲ့စည်းပုံ အရိုးများ မရှိတော့ သဖြင့် တစ်သက်လုံး ပက်လက်နေ ရမည့် ကိန်းဆိုက် သွားသည် ဆိုပဲ။ ထို့ကြောင့် ပေါ့ဆိမ့် ၏ ဒေါသကို တစ်ဖွဲ့ လုံးကြောက်နေကြလေ၏။
ပေါ့ဆိမ့် ပြန်ရောက်လာသည် နှင့် တပြိုင် နက် အားလုံး အဆူခံ ရပေတော့မည်။ ငယ်စဉ် ကျောင်းသားဘဝက လိုပေါ့ စာလည်း မရ စာလည်းလုပ် မလာသည့် ကျောင်းသား ကို ဆရာကြီးက ဟောက်စားလုပ်သလို အားလုံးကို ပေါ့ဆိမ့် တစ်ယောက် ဟောက်စားလုပ်တော့မည်။ ကျွန်တော် ကတော့ ငယ်စဉ် ကတည်းက ဒါမျိုးတွေ ဖြစ်နေကြမို့ ရိုးလို့နေပါသည်။ ကျွန်တော် ငယ်ငယ် ကတည်းက မဟုတ် မခံစိတ် အလွန်ရှိသူဖြစ်ပါတယ်။ အတန်းထဲမှာ ဆရာက အိမ်စာလုပ် မလာသောသူ၊ စာကျက်မလာသောသူ မတ်တပ်ထကြ ဟုဆိုတာနှင့် ဆရာပြော စကားတောင် မဆုံးသေးခင် ကျွန်တော်က ဝုန်းကနဲ ထပြီးသား အဲဒီလိုကို အမှန် အတိုင်းနေတာ “မရပဲ နှင့် ရသည်ဟု လိမ်မပြောချင်ပါ” ။တစ်ခါ တစ်လေ ဆရာက အပြောင်းလဲလေး လုပ်ပြီးတော့ “ဟက်ရောင် ငါပြောတာမဆုံးသေးဘူးကွ စာရတဲ့ သူတွေထလို့ ပြောမလို့ကွ” ဒီလိုပြောရင်တော့ ဝုန်းကနဲ နေအောင်ထိုင်ချလိုက်တာ။ ဆရာမေးရင် ဘယ်တော့မှ လိမ်မပြောဘူး အမှန် အတိုင်းပဲ မရရင် မရဘူးပြောလိုက်တာ(နေ့တိုင်းကို မရတာပါ)။ခုဆို ကျွန်တော်တို့ အဖွဲ့တွင် သူပြောခဲ့ သလိုလုပ်ထားသူ ဆို၍ ဘလက်ကော်ဖီ တစ်ယောက် သာရှိ၏။
ခုလို ဘလက်ကော်ဖီ တစ်ယောက်ထဲ တာဝန်ကျေနေတာ ကိုတွေ့ရတော့ ဘလက်ကော်ဖီ နဲ့ပတ်သက်တဲ့ ငယ်ငယ်တုန်းက အဖြစ်လေးကိုသွားသတိရမိပါတယ်။ အဲဒီတုန်းက ဘလက်ကော်ဖီ နဲ့ ကျွန်တော် စာသင်ခန်း တစ်ခုထဲမှာ အတူတူ စာသင်ခဲ့ ရတာလေ။တစ်ရက်တော့ အရိုက်ကြမ်းတယ်လို့ နာမည်ကြီးနေတဲ့ အပျိုကြီးဆရာမ တစ်ယောက်က မကုန် မခမ်းနိုင်အောင် များပြားလှတဲ့ ကျက်စာတွေကို ကျက်ဖို့ ကျွန်တော်တို့ တွေကို ပေးလိုက်ပါတယ်။ ကျွန်တော့် ရဲ့ ပုံမှန် ဒသနတွေကတော့ “ဒါတွေ အကုန်လုံးကျက်ပြီးတော့ စာမေးပွဲ သွားဖြေရင်လည်း အလွန်ဆုံးရ အမှတ် တစ်ရာပေါ့ တစ်ရာကျော် အောင်ဘယ်တော့မှ ရမှာ မဟုတ်။မေးထားသလောက်ပဲ ဖြေရမှာ ကိုယ်ရတိုင်း ဖြေချင်သလောက်ဖြေလို့ မရပါ အမှတ်တွေ အများကြီးရ ရင်လည်း သူများ မနာလိုတာ ခံရအုံးမယ် အောင်မှတ်ရတော်ရောပေါ့ အမှတ် နည်းတယ်များ တယ်ဆိုတာ ပကာသနတွေပါ ဒါတွေက သေရင်ကိုယ့်နောက် ပါမှာမဟုတ်” ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော့် စာကျက်နည်းက ကျက်နိုင် သလောက် တစ်ပုဒ် နှစ်ပုဒ်လောက်ကျက်သွားလိုက်မယ် ကျောင်းရောက်လို့ ဆရာမမေးတာနဲ့ ကိုယ်ကျက်သွားတာ ကိုက်နေရင် အိုကေပေါ့။ ဒီလိုမှ မဟုတ်ပဲ ကိုယ်ကျက်တာ တစ်ပုဒ် ဆရာမ မေးတာ တစ်ပုဒ် ဆိုရင်တော့ ထုံးစံ အတိုင်း မဟုတ်မခံ ထလုပ်လိုက်တာပေါ့။ ဒီလို နဲ့ ကိုယ်ထင်တဲ့ တစ်ပုဒ် နှစ်ပုဒ်လောက်ကို စပေါ့ရိုက် ကျက်ပြီး ကျောင်းကို ချီတက်ခဲ့ပါတယ်။ စာမေးတဲ့ အချိန်လည်းရောက်ရော ဆရာမ ကလည်း စာရကြလား တပည့်တို့ပေါ့ အားလုံးကလည်း ရပါတယ် ဆရာမပေါ့။ ကျွန်တော် ကတော့ အစဉ်လာမပျက်ပါပဲ ဆရာမမေးတာ ကိုမရတော့ ဆရာမက ကျွန်တော်ရတဲ့ အပုဒ်ကို ဆိုခွင့်ပေးပါတယ့် ကျွန်တော်လည်း အားရပါးရ စဆိုလိုက်ပါတယ် “ဧရာဝတီ မြစ်သည် မြန်မာပြည်တွင် အကြီးဆုံးမြစ်ဖြစ်ပြီး မြောက် မှ တောင် သို့ စီးဆင်းနေပါသည်…”ဆိုတဲ့ စာတစ်ကြောင်း ဆိုပြီးသည်နှင့် ထုံးစံ အတိုင်း လက်နက်ချလိုက် ရပါတော့တယ် (ရမှ မရတာပဲ….ဟီဟီ..။)
တစ်ခန်းလုံး အတူတူပါပဲ တစ်ယောက်မှ မရကြပါဘူး ဒီအချိန်မှာပဲ သူရဲကောင်း ဘလက်ကော်ဖီက တစ်ယောက်တည်းသော စာရသူ အဖြစ်ပေါ်ထွက်လာခဲ့ ပါတယ်။ကျွန်တော် လောက် နည်းပါး ဉာဏ်ကောင်းတဲ့ ဘလက်ကော်ဖီ က သူကျက်လာတဲ့ စာတွေကို မာတိကာ ကနေ နောက်ဖုံး အထိ ဆိုလိုက်တာမှ ဗျန်းဗျန်းကွဲပါပဲ ။စာတွေ ကများလည်းများ ဆိုရတာ လည်းကြာလာတော့ ဇောချွေးတွေ ပြန်ပြီး မျက်လုံးပါ ပြူးလာတဲ့ အထိပါပဲ။ဘေးကနေ မလိုတမာ ဖြစ်နေတဲ့ ကျွန်တော် တို့ အဖွဲ့တွေက “ကြိတ်ထားကွ ကောင်လေးရ (ငြုပ်သီး မှုန့်တွေ)” ၊ လှော်ထားကွ (ပိန်းကောကြီးကို) ၊လုပ်လိုက်စမ်း ကောင်လေး (ဓါးပြဗိုလ်)၊ ဟုတ်နေပြီကွ (တရားခံ) ” စတဲ့ နားဝင်ပီယံ စကားလုံးံ များနဲ့ မကြားတကြား ပြောနေကြလည်း သူ ကဂရုမစိုက်ပါဘူး။ အတော်ဆို ပြီ့း မောလာတော့ ဆရာမက “ဟဲ့ ကောင်တွေ ငါ့သားလေးမောနေပြီ ရေခပ်ပေးကြစမ်း ” ဆိုတော့ ကျွန်တော် တို့ အဖွဲ့ ကလည်း ရွဲ့ပြီး ပျာပျာ သလဲ ရေဘူးတွေ၊ ရေခွက်တွေ အစုံ အလင်နဲ့ ရေတွေခတ်ပြီး သူ့ ကို အတင်းဝိုင်းတိုက်ကြပြီး ကျော်ဟိန်း ကားထဲကလို “အဘရေ သောက်သောက် ” ဆိုပြီးလုပ်ကြသေးတာ။ ဘလက်ကော်ဖီ ကမလုပ်ရင် မလုပ်ဘူး လုပ်ပြီဟေ့ ဆိုရင် မလွယ်ဘူး အဲဒီ တုန်းကဆို နားကိုငြီးနေတာပါပဲ။ ခုလည်း ဒီလိုပါပဲ ကျွန်တော် အပါဝင် တစ်ဖွဲ့ လုံးယောင်နေကြတာ ကြာပါပြီ။ ဘလက်ကော်ဖီ တစ်ယောက်ပဲ လှုပ်လျှားနေတာလေ။
ဆရာကြီး ပေါ့ဆိမ့် ကတော့ ကြိမ်းနေတယ်လို့ ပြောသံကြားပါတယ်.“.ချိုကျ ကို ပိုချိုသွားအောင်လို့ ချကျိုပြစ်မယ်တဲ့။ ”“ကျဆိမ့် ကိုတော့ ဆယ်ထပ်တိုက်ပေါ်က ကန်ချပြီး ကျကျခြင်း ဆိမ့်သွားအောင်လုပ် မတဲ့”…“၊ရေနွေးကိုတော့ ရေနွေးရုံတင် မကဘူး အိုးပါ မီးလောင်အောင် မီးပြင်းတိုက် မတဲ့”…။“အိုက်ကော်ဖီ ကိုတော့ ပိုပြီး အိုက်သွားအောင် မီးခံသေတ္တာ ထဲ ထည့်ပြီး နေလှန်းထား မတဲ့…”.၊“ကပ္ပချီနို ကိုတော့ ဈေးကြီးပေး ရတဲ့ကော်ဖီ ဖြစ်ပြီး ဘာမှ မဟုတ်လို့ ရေကျက်အေးနဲ့ ဖျော်ပြီး အရူး ကိုချတိုက် မတဲ့..။”ဒါပေမဲ့ “ပေါ့ဆိမ့်  ကတော်ပါတယ်” ကျွန်တော့် ကိုတော့ ဘာမှ မပြောရှာပါဘူး “ဒီကောင် မအားလို့ ဖြစ်မယ်ကွ ဒီကောင်က တအား အလုပ်များတာ ငါသိတယ်တဲ့ ” ဒီလိုတောင် ပြောရှာတယ် ဆိုပဲ…။




