Archive for January, 2012
နေရာမှန်

လပြည့်ညရဲ့
အေးချမ်းတဲ့ အရသာခံစားချင်လို့
လပြည့်ဝန်းကို
မြစ်ချောင်းအင်းအိုင်
ကန်ရေပြင်ထဲမှာရှာ
မြင်တွေ့နိုင်ပေမယ့် အရိပ်ပါ
လပြည့်ဝန်း အစစ်က
ကောင်းကင်မှာ …
စိတ်ချမ်းသာခြင်းရဲ့
အေးချမ်းတဲ့ အရသာခံစားချင်လို့
စိတ်ချမ်းသာမှု့ကို
ရုပ်ရည်၊ ဂုဏ်ရည်၊ အာဏာ၊ ဆွေမျိုး
ပညာ၊ ဥစ္စာ ပိုင်ဆိုင်မှုထဲမှာရှာ
မြင်တွေ့နိုင်ပေမယ့် အရိပ်ပါ
စိတ်ချမ်းသာမှု အစစ်က
စိတ်ထဲမှာ …
မိုဘိုင်းဖုန်း အတွက် JuventuZIP ( .ZiP, .RaR ဖြည်/ချုံ့ရန် ဆော့ဝဲ )
ဒီ ဖုန်းဆော့ဝဲလေး JuventuZIP က ကျွန်တော် အရင်ကတင်ခဲ့ဘူးတဲ့ zip ဖြည်တဲ့ ဆော့ဝဲလေးထက် ပိုကောင်းပါတယ်။ ဒီကောင်လေးက .rar နဲ့ ချုံ့ထားတဲ့ဖိုင်တွေကိုပါ ဖြည်လို့ ရပါတယ်။ ဒါအပြင် .zip, tar နဲ့ .tar.gz ဖိုင်တွေကိုလည်း ဖြည်လို့ရပါသေးတယ်။
Open Archieve နှင့် Create Archieve ဆိုပြီးရှိပါတယ်။ Open Archieve က ကိုယ်ဖြည်ချင်တဲ့ .zip နှင့် .rar ဖိုင်တွေကို ဖြည်ရန် အတွက်ပါ။ Create Actieve ကတော့ .zip, .jar, .nth ဖိုင်တွေအဖြစ် ချုံ့ရန် Extension ပြောင်းရန် အတွက် ဖြစ်ပါတယ်။

.zip ဖိုင်တွေဖြည်ရန် Open Archieve ကို နှိပ်ပါ။ c: နှင့် e: ကို တွေ့ပါမယ်။ c: ကဖုန်း Memory ကို ဆိုလိုပြီး e: က Memory Card ကို ဆိုလိုပါတယ်။ ကိုယ်ဖြည်ချင်တဲ့ ဖိုင် အထိ ဆက်နှိပ်ပါ။ နောက် ကိုယ်ဖြည်ချင်တဲ့ .zip ဖိုင်အတွင်းထိတိုင် နှိပ်ဝင်ပါ။ ဆုံးသွားသောအခါ Options/ Exctract ကိုနှိပ်ပါ။ ဖိုင်းများနေပါက Options/Mark/all ကို နှိပ်၍ နောက် Exctract ကို ဆက်နှိပ်ပါ။ Save Path ဆိုပြီး ဖြည်ချမယ့်နေရာကို မေးလာလိမ့်မယ်။ ကိုယ်ဖြည်မယ့် ကြိုက်ရာနေရာကို လမ်းကြောင်းပေးပြီး Options/Choose Current ကို ဆက်နှိပ်လိုက်ပါ။ Unpacking Processing လုပ်ပါလိမ့်မယ် ပြီးတာနဲ့ ကိုယ် လိုချင်တာ ဖြည်ရပြီးသားဖြစ်သွားပါပြီ။ New Folder အသစ်ပေးချင်လည်း ရပါတယ်။

ဒါက ကျွန်တော် .zip, rar တွေ ဖြည်ချပုံ လိုရင်းပဲပြောတာပါ။ Options ကိုဝင်၍ လျှောက်စမ်းကြည့်နိုင်ပါတယ်။ အခြားထူးခြားတာလေးတွေလည်း လုပ်နိုင်ပါသေးတယ်။
.zip ဖိုင် Extension ပြုလုပ်ရန် Create Archieve ကိုနှိပ်ပါ။ Archieve’s Name အကွက်မှာ ကိုယ်ချုံ့မယ့် ဖိုင်နာမည်ကို ရေးပါ။ Format နှင့် Extension ကို .zip ချည်ရွေးပြီး ok နှိပ်ပါ။ ကိုယ့်ချုံ့မယ့်ဖိုင်ကို Options/Add နှိပ်၍ရှာပါ။ တွေ့ရှိသောဖိုင်ကို Options/Save နှိပ်ပါ။ Save Path ဆိုပြီး ကိုယ်ချုံ့လိုက်တဲ့ .zip ဖိုင် ထားရမယ့်နေရာကို မေးလာပါမယ်။ လမ်းကြောင်းပေးပြီး Options/Choose Current နှိပ်လိုက်ပါ။ ဒါဆို Packing Processing လုပ်တာကိုပြီးတဲ့အထိ စောင့်ပေးလိုက်ရင် ကိုယ်လုပ်လိုက်တဲ့ .zip ဖိုင်ကိုရပါပြီ။ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ အောက်ကလင့်မှာ ဒေါင်းယူနိုင်ဖို့ မျှဝေလိုက်ပါတယ်။

ဒေါင်းရန်။ ။ 273.01 KB
ဟက်ပီဘတ်ဒေး အင်တာဗျူး
ဒီတစ်ပါတ် အတွင်းမှာရောက်လာမဲ့ မောင်ပုံမှန်ရဲ့ မွေးနေ့ကို မောင်ပုံမှန် ကိုယ်တိုင်တောင် သတိတရ မရှိခဲ့ပါဘူး။ အလုပ်ခွင်ထဲမှာ ဘီးဇီးတွေ တအားပြနေတာလည်း တစ်ကြောင်းပေါ့။ တစ်နေ့ကမှ မောင်ပုံမှန်ရဲ့ ဘော်ဘော် တစ်ယောက်က သတိတရနဲ့ လာမေးပြီး သတိပေးလာပါတယ်။
“ဘာလိုလို နဲ့ ကိုပုံမှန် မွေးနေ့တောင်ရောက်လာတော့မယ်နော်တဲ့”
အောင်မာ.. ရုတ်တရက် ဆိုတော့ ဝမ်းသာတော့ မလိုတောင် ဖြစ်သွားသေးတယ်။ ငါ့မွေးနေ့ကို သတိတရ ရှိတဲ့သူတောင် ရှိနေတယ်ပေါ့.. သူ့အမေးကြောင့် ရင်လေးကော့ မလိုလုပ်နေတုန်း.. သူဆက်ပြောလိုက်တဲ့ စကားကြောင့် ကော့မလိုလုပ်နေတဲ့ ရင်လေးတောင် ပြန်ပိန်သွားပါတယ်။
“ဒီနှစ်ရော ဘာဝါးရမှာလဲ”
တဲ့… ပြောပုံက.. ဟင့် စိတ်နာချင်စရာ။ မောင်ပုံမှန် က ငယ်ငယ်ကတည်းက မွေးနေ့ရောက်ပြီဆိုတာနဲ့ အိမ်မှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ တစ်ခုခုလုပ် ဘော်ဘော်တွေဖိတ်ပြီး ဘတ်ဒေးလုပ်နေကြ ကြီးလာတော့လဲ ငယ်ငယ်တုန်းကလိုပဲ တစ်ခုမဟုတ် တစ်ခုလုပ်နေကြ ဒီလိုမှ မလုပ်ဖြစ်ရင် အသက်တစ်နှစ်ကြီးလာတာကို ကိုယ့်ဘာသာလုံးဝ အသိမှတ်မပြုဘူး။ မောင်ပုံမှန်က နှစ်တိုင်း တစ်ခုမဟုတ် တစ်ခုကျွေးနေကြဆိုတော့ ဒီငတိကလည်း ဒီနှစ် အတွက်ဘာများ ဝါးရမလဲဆိုပြီး လာစပ်စုတာ ဘာရမလဲ မောင်ပုံမှန် ကလဲ ဒီငတိကို ပြန်ရစ်ပေးလိုက်တာပေါ့။
“အေးကွာ ကျန်တဲ့ သူတွေကို ဘာကျွေးဖြစ်မလဲတော့မသိဘူး မင်းကိုတော့ ငါကိုယ်တိုင် ခေါက်ဆွဲကြော် ကြော်ကျွေးမယ်ကွာ ကြက်သားများများနဲ့ ကြက်အသဲ အမြစ်ပါထည့်ပြီး ရှယ်ကြော်ကျွေးမယ်” မောင်ပုံမှန် ၏ မက်လုံးကြောင့် ငတိခမျာ မျက်လုံးများ အရောင်တောက်သွားလေရှာ၏။
“အေးဒါပေမဲ့ ..မင်းငါ့ကိုတော့ အင်တာဗျူးပေးရမယ်… ဟက်ဟက်..” မောင်ပုံမှန်ရဲ့ နောက်ဆက်တွဲ စကားကြောင့် ငတိ ခမျာကြောင်စီစီ ဖြစ်သွားရရှာလေ၏။
“ဘာရယ်… အင်တာဗျူးပေးရမယ်… ဘာဖြစ်လို့ ဗျူးပေးရမှာလဲ… ခင်ဗျားက နာမည်ကြီး အနုပညာရှင်လဲ မဟုတ် အားကစားသမားလဲ မဟုတ်ပဲနဲ့ ဘာလို့ ဗျူးရမှာလဲ..”
ဟုကြောင်စီစီဖြင့် ပြန်မေးလေ၏။ သို့သော်… ထွက်ပြီးသား သွားတိုက်ဆေး ဟူသည် ဘူး အတွင်းသို့ ပြန်ဝင်ရိုးထုံးစံမရှိ။ ဝယ်ပြီးသား ပစ္စည်း ဟူသည် ဆိုင်တွင်ပြန်လဲ၍ မရရိုးထုံးစံတို့ ရှိသလိုပင် မောင်ပုံမှန်၏ ပြောပြီးသား စကားတို့သည်လည်း ပြန်ပြင်ရိုး ထုံးစံမရှိပါလေ။ ထို့ကြောင့် ထိုငတိကို မောင်ပုံမှန်တစ်ယောက် ပြင်းထန်သော ရာဇသံပေးရချေတော့၏။
“ကဲ..ကဲ.. ကိုယ့်လူ… ငါပြောသလို အင်တာဗျူးပေးရင်တော့ ခေါက်ဆွဲကြော်စားရမယ် ပြောသလို ဗျူးမပေးရင်တော့ ငတ်ပြီသာမှတ်ပေတော့…”
မောင်ပုံမှန်၏ ရာဇသံ အဆုံးမတော့ ကြက်သားနိုင်းချင်းနှင့် ကြော်ထားသော ခေါက်ဆွဲကြော်ကို မျက်စိထဲက မထုတ်နိုင်ရှာသော ငတိတစ်ယောက် အင်တင်တင် နှင့် မျက်စိစုံမှိတ်ပြီး သဘောတူရရှာလေတော့၏။

မောင်ပုံမှန် ၏ ဘော်ဒါ ငတိဆိုသူမှာလည်း ခေသူတစ်ယောက်တော့ မဟုတ်ချေ။ (သူ့ကိုယ်သူ) နာမည်အတော်ရနေပြီဟု သတ်မှတ်ထားသော ဘလော့ကာ တစ်ယောက်ဖြစ်လေ၏။ “ဒဗလှူ ဒဗလှူ ဒေါ့ ငတိဘာညာကွိကွ ဘလော့စပေါ့ ဒေါ့ကွန်းဆိုရင် မသိသူ ဘလော့ကာ မရှိဆိုပဲ… ဘလော့ကာ တစ်ယောက်လုပ်နေပြီး ငတိကိုမှ မသိရင် အွန်လိုင်းမတက်နဲ့ ဆိုရလောက်အောင် အတော်ပေါက်နေတယ်လို့ ပြောကြတာပဲ အပြင်မှာ တွေ့ရင်နှုတ်ဆက်လို့ရအောင် ဖက်စဖွတ်မှာတောင် သူ့ပုံကြီးကို သွားအဖြီးသားနဲ့ ခန့်ခန့်ကြီး တင်ထားလိုက်သေးတယ်။
သူ့ဘလော့မှာ ဘာတွေတင်ထားလဲလို့ မေးရင်တော့ သူအလကား သွားစားထားခဲ့ဖူးတဲ့ မွေးနေ့တို့ အလှူတို့မှာ အလှူ့ရှင် မမတွေနဲ့ တွဲရိုက်ထားတဲ့ စပ်ဖြီးဖြီး ပုံကြီးတွေကို တဝကြီးခံစားနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး ဘလော့ကာ တွေအကြောင်းတော့ ဘာသိချင်လဲ ငတိကိုသာ သွားမေးဆိုတဲ့ လူမျိုးပေါ့။ တစ်ခါတစ်လေ ရေးစရာမရှိရင် ဘလော့ဂါမလေးတွေ ခြေသည်း လက်သည်း ကျိုးတာတောင် သတင်းလုပ်ရေးတတ်တဲ့ သူမျိုး ဆိုလဲမမှားပါဘူး သတင်းစုံ ဘလော့ကာကြီး ပေါ့။
အဲဒီမှာ စတွေ့တော့တာပါပဲ။ သတင်းစုံ ဘလော့ငတိနဲ့ ဘတ်ဒေး သတင်းတင်ချင်နေတဲ့ မောင်ပုံမှန်နဲ့ ပေါ့ဗျာ။ ဒီငတိက မောင်ပုံမှန် မွေးနေ့ရောက်တိုင်း ခပ်တည်တည် နဲ့ လာဝါးနေကျ ပြီးရင် မေ့ပြစ်တတ်တဲ့ ငတိမျိုး ဒီတစ်ခါတော့ မောင်ပုံမှန်ကလည်း ဘယ်အမေ့ ခံလိမ့်မလဲ။ မှတ်လောက် သားလောက်အောင် အင်တာဗျူးခိုင်းပြီး ဒင်း ဘလော့မှာ တင်ခိုင်းမယ်ဆိုပြီး ဇွတ်အတင်း လုပ်တော့တာပဲ။ အဲဒီမှာ ငတိတစ်ယောက် အစားတစ်လုတ် အတွက်နဲ့ ပျားတုပ်တော့တာပါပဲ။ မောင်ပုံမှန် ရဲ့ ဇွတ်လုပ်ရပ်ကြောင့် ငတိတစ်ယောက် ငှက်ပျောသီး ခိုးမှု့နဲ့ ထောင်ဒါဏ် အနှစ်နှစ်ဆယ် အပြစ်ပေးခံလိုက်ရတဲ့ မျောက်အိုကြီးလို ငေးမှိုင်နေပါတော့တယ်။ ပြီးမှ “ဘာဗျူးရမှာလဲဗျ ဘာတွေမေးရမှာလဲ” ဆိုပြီး မျက်နှာ အိုကြီးနဲ့မေးပါတယ်…
“အာကွာ… မင်း အတော်တုံးတဲ့ကောင်ပဲ ဒါလေးတောင်မသိဘူးလား.. သွားအိမ်ပြန်ပြီး ဂျာနယ် အဟောင်းလေးတွေ ပြန်ရှာဖတ်ပြီး အနုပညာသမားတွေကို ဗျူးထားတဲ့ ဟာလေးတွေ ရှာကြည့်လိုက်… သူများတွေ ဘယ်လို ဗျူးထားတယ်ဆိုတာ သိရအောင်လို့ ဟင်း..ဟင်း..မပြောချင်ပါဘူး..နုံချက်ကတော့..”
ဆိုပြီး မခံချင်အောင် ခပ်ငေါက်ငေါက်လေးပြောလိုက်တော့ ငတိခမျာ မရှိမဲ့ ရှိမဲ့ မာနလေး ထိခိုက်သွားရှာပုံရပါတယ်။
“ဒီလောက်တော့ အထင်မသေးပါနဲ့ဗျာ.. သူတို့တွေဗျူးနေကြ ခေါက်ရိုးကျိုးတွေလို ပုံစံမျိုးဆိုလို့ကတော့ ခုဗျူးခိုင်းရင် ခုရပါတယ်” ဆိုပြိးပြောရှာပါတယ်။
ဂလိုနှင့် ငတိနှင့်မောင်ပုံမှန်တို့၏ ဗျူးပွဲကြီး စတင်ပါတော့တယ်။ မောင်ပုံမှန်ကလဲ သိတယ်မလား တက်သစ်စ အနုပညာသမားလေးများလိုပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် အရမ်း အရမ်းကို ဖြေချင်နေတာလေ.. ဟိဟိ။ ပထမဆုံး သူစမေးတာက “ဒီနှစ်မွေးနေ့ရက်မှာ ဘာလုပ်မလဲ” တဲ့… (သူမေးချင်တာက ခေါက်ဆွဲကြော်၊ကြာဇံကြော်၊မုန့်ဟင်းခါး တစ်ခုခုပေါ့ ဝါးဇယားကို မေးတာပါ)
မောင်ပုံမှန်ကလဲ သိတယ်မလား.. “အင်း……….ဒီနှစ်တော့…စိုင်းစိုင်းလိုပဲ ဘတ်ဒေးရှိုးလုပ်ပြီး အခွေထုတ်ရင် ကောင်းမလားလို့.. မေးစေ့လေးပွတ်ပြီး ငကြွားမလေး နန်းဆုရတီစိုး လို ခပ်ကြွားကြွားလေး ဖြေလိုက်ရာ ငတိတစ်ယောက် မျက်နှာတစ်ခွင်လုံး ရှုံမဲ့သွားလေတော့၏။ သို့သော် ခေါက်ဆွဲကြော် မျက်နှာကိုထောက်ပြီး
“အင်း…အင်း.. သဘောပဲလေ” ဟု အလိုက်သင့် ပြောရှာလေ၏။
ငတိ ။ ။ ဒါနဲ့ ဘယ်နှစ်နှစ်မြောက်မွေးနေ့လဲ မသိဘူးနော်….
မောင်ပုံမှန် ။ ။ ကြောဘူး..တတ်ရင်တတ်…ဟီ.ဟီ.. အနုပညာသမားလေကွာ.. ဆယ့်ငါးနှစ် ကျော်လောက်ကတည်းက အသက်ကို မှတ်မထားတော့တာ…
ငတိ ။ ။ ဘယ်တုန်းကများ အနုပညာသမားဖြစ်သွားတာလဲ…
မောင်ပုံမှန် ။ ။ ကြာဘီလေ စာတစ်တန် ပေတစ်တန် မောင်ပုံမှန် ဆိုတဲ့ ဘွဲ့နဲ့လေ။ ကိုယ့်ဘာသာ ပေးထားလိုက်တာလေ မပိုင်ဘူးလား ငှဲငှဲ.. ငှဲ.
ငတိ ။ ။ မွေးနေ့မနက် ရောက်လို့ အိပ်ရာက နိုးလာတာနဲ့ ဘာလုပ်မယ် စိတ်ကူးထားလဲ…
မောင်ပုံမှန် ။ ။ အာ… မျက်နှာသစ်.. သွားတိုက်၊ အိမ်သာတက် ရမှာပေါ့ ဘာလုပ်ရမှာလဲ… မွေးနေ့ ရောက်တာနဲ့ပဲ ဘာမှ မလုပ်ရတော့ဘူးလား.. ဟွန်း…
ငတိ ။ ။ ဟယ်… မဆိုလိုပါဘူး.. မဆိုလိုပါဘူး… အင်း.အင်း.. သဘောပဲဗျာ.. ဟူး… ဒါနဲ့ ကိုပုံမှန်က တစ်ခြား အနုပညာသမားတွေလို မဟုတ်ဘူးနော်။ ဥပမာ ဗျာ မွေးနေ့မနက်ခင်းကို ရောက်တာနဲ့ ဟို စိတ်ကူးယဉ်လေးပေါ့ မနက်ခင်းလေးမှာ နိုးလာတာနဲ့ ချစ်သူကောင်မလေးဆီက ဖုန်းသံလေးကို စောင့်နေမယ်.. နောက်ထပ် သူပို့လာမယ့် မွေးနေ့ လက်ဆောင်လေးကို စောင့်ရင်း ရင်ခုန်နေမယ်… စသဖြင့် ပေါ့ဗျာ… ကျွန်တော် ဆိုလိုချင်တာက.. အဲဒါ.. အဲဒါမျိုး…
မောင်ပုံမှန် ။ ။ ဘာရယ်… ကောင်မလေးဆီက ဖုန်းသံကို မျှော်ရမယ်… အောင်မာ တကယ်လို့ ငါ့မှာ ကောင်မလေးမရှိရင် မင်းကရှာပေးမှာ မိုလို့လား… အပိုတွေ… (မောင်ပုံမှန်၏ အဖြေ စကားများကြောင့် ငတိတစ်ယောက် လွန်စွာမှပင် စိတ်နာလှသော်လည်း ခေါက်ဆွဲကြော် မျက်နှာကို ထောက်ပြီး ကြိတ်မှိတ်ကာ သီးခံလေ၏။)
ငတိ ။ ။ မွေးနေ့မှာ ဘယ်ကို လျှောက်သွားဖို့ ရှိလဲ သွားရင်လဲ သူငယ်ချင်းတွေ နဲ့လား ဒါမှမဟုတ် မိသားစုနဲ့လား…
မောင်ပုံမှန် ။ ။ အင်း.. အဲဒီနေ့မှာ ရှိုးပွဲတွေ ပြောထားတာတော့ ရှိတယ် ဘယ်မှာ ဖြစ်မလဲ တော့မသိဘူး…
ငတိ ။ ။ ဟယ်.. ရှိုးပွဲတွေရှိတယ် ဆိုတော့… စတိတ်ရှိုးလား၊ မော်ဒယ်ရှိုးလား ဘာရှိုးပွဲလဲဟင်… သတင်း လာယူရအုံးမလား… မောင်ပုံမှန် ။ ။ ဟုတ်ပါဘူး… ရှိုးပွဲဆိုတာ ဖဲရိုက်တဲ့ ရှိုးကိုပြောနေတာ.. ဟက်..ဟက် ဆင်တဲတစ်ဘက်ကမ်း ပြည်မြို့မှာဆိုရင်တော့ ကျောင်းသားတွေပေါတဲ့ သရက်တောရပ်ကွက်က အဆောင်တွေဖြစ်ဖြစ်၊ GTC အဆောင်တွေ ဖြစ်ဖြစ် တစ်နေရာမှာ ရှိနေမှာပါ။ တကယ်လို့ ရှိုးပွဲမရှိလို့ မသွားဖြစ်ရင်လဲ နုတ်ခမ်းမွှေး ဆိုင်(ဆင်တဲ၌ရှိသော နုတ်ခမ်းမွေး ကွမ်းယာနှင့်ရှက်ကီဆိုင်) မှာပဲ ဘီအီး တစ်ပိုင်းမှာပြီး ဝက်စွပ်လေးနဲ့ ငြိမ့်နေလိုက်တော့မယ်လေ။
ငတိ ။ ။ မွေးနေ့မှာ နိုင်ငံခြားတို့ ဘာတို ကိုရော သွားလည်ဖို့ ရှိသေးလား ရှော့ပင်းထွက်ရင်းပေါ့…
မောင်ပုံမှန် ။ ။ သွားတော့ သွားချင်ပါတယ်… သူတို့ကလည်း ခေါ်နေကြတယ်… ဒါပေမဲ့ ………. (မောင်ပုံမှန် ၏ စကားမဆုံးခင်.. ငတိက ဝမ်းသာ အားရဖြင့်)
ငတိ ။ ။ ဘယ်သူတွေက ခေါ်နေတာလဲဟင် ဟိုမင်းသမီးလို ဂျပန်မှာ ကုမ္မဏီ ဖွင့်ထားတဲ့ အဖေကခေါ်တာလား။ ဟိုအဆိုတော်မလေးလို အင်္ဂလန်က အမျိုးတွေက ခေါ်တာလား ဟို.. အမေရီးကား မှာရော အမျိုးတွေ ရှိသေးလား…
မောင်ပုံမှန် ။ ။ ထွပ်… ဘာတွေ လျှောက်ပြောနေတာလဲ.. ဘယ်မှာမှ ဘာအမျိုးမှ မရှိဘူး ခေါ်နေတယ်ဆိုတာ ခရီးသွားအေဂျင်စီတွေက ကြော်ငြာပြီးခေါ်နေတာကို ပြောနေတာ အဲဒါ သွားချင်ပေမဲ့ ဘယ်သူမှ လိုက်ပို့မဲ့သူ မရှိလို့ ဘယ်နိုင်ငံမှ မသွားတော့ဘူး…
ငတိ ။ ။ ဟူး…. ပြီးဘီဗျာ မေးစရာ မရှိတော့ဘူး..
မောင်ပုံမှန် ။ ။ အော်.. မေးလို့ပြီးဘီလား.. ဒါဆို ဓါတ်ပုံရိုက်လေ
ငတိ ။ ။ ဟာ.. ဘာလဲဗျ … ဘာလို့ ရိုက်ရမှာလဲ
မောင်ပုံမှန် ။ ။ ဟယ်…ပုံပါထည့်ပေးလေ ဒါမှ မောင်ပုံမှန် ကို ပရိတ်သတ်တွေမြင်ဖူးမှာပေါ့ ဒါလေးတောင်မသိဘူးလား…
ငတိ ။ ။ ဟူး…. (ငတိတစ်ယောက် လွန်စွာလေးကန်လှ သောအသံကြီးဖြင့်) ဟုတ်ကဲ့ပါ…ဟုတ်ကဲ့ပါ… ဒါပေမဲ့ ကင်မရာက ခုပါမလာသေးလို့ နောက်နေ့မှ ဓါတ်ပုံက လာရိုက်ပေးမယ်နော်…
ဟုဆိုပြီး ငတိတစ်ယောက် လေးဖင့်သော ခြေလှမ်း အစုံဖြင့် ထွက်ခွာသွားလေတော့ သတည်း။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ မောင်ပုံမှန် အဖို့ကတော့ ငတိ ထံမှ မွေးနေ့လက်ဆောင် တစ်ခု ရလိုက်ပြီလို့ သတ်မှတ်ရတော့ မှာပါပဲ။ အဲဒါကြောင့် တစ်ယောက်တည်း အားရပါးရ ထအော်လိုက်ပါတယ် …
ဟက်.. ပီ.. ဘတ်… ဒေး…
မိုဘိုင်းဖုန်း အပစ်အခတ် ဂိမ်းများ
အပစ်အခတ် ၀ါသနာပါတဲ့ ဘော်ဒါတွေအတွက် မိုဘိုင်းဖုန်း Shooting ဂိမ်းများကို မျှဝေလိုက်ပါတယ်။

01. Assault Team 3D
02. Call of Duty 4
03. CStrike mobile
04. Far Cry 2
05. G.R.A.W.2
06. Liquidator by Street_racer
07. LNL-RISE-OF-WAR K750
08. Metal Slug MI
09. Mission Impossible
10. Socom US Navy SEALs
11. Wild West
ဒေါင်းရန် ။ ။ 3.03 MB
မင်္ဂလာဆောင် ခရီးသည်
ကျွန်တော်တို့ မြန်မာပြည်မှာ ဝါလကင်းလွတ် သီတင်းကျွတ်လကို ရောက်ပြီဆိုတာနဲ့ လူသားတွေ အလုပ်ရှုပ်နေကြပါတော့တယ်။ အသက် အရွယ် အနေအထားပေါ် မူတည်ပြီး ပုံစံ အမျိုးမျိုး အလုပ်ရှုပ်ကြပါတော့တယ်။ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ အသက် အရွယ်နဲ့ အခြေ အနေပေါ် ကိုမူတည်ပြီး ကွဲပြားသွားတာလောက်ပါပဲ “ဝါကျွတ်တော့မည် ..လူကြီးတွေကို ကန်တော့ ကြရမည်”။ “မိုးလေကင်းလွတ်ပြီ ..မီးပုံးပျံ လွတ်ကြရအောင်…”
ဒါတွေကတော့ ကြားနေကြ စကားသံများ ဖတ်ဖူးနေကြ ဝါကျ များနှင့် ပြောရိုးပြောစဉ် များသာဖြစ်ကြပါတယ်။ တကယ်တန်း မြန်မာပြည်မှာ လူတွေ အလုပ်များသောလုပ်လေ့ လုပ်ထရှိသော ကိစ္စများကတော့ “ကလေး အရွယ် တောင်မရောက် မြောက်မရောက် မျောက်ရှုံးလေးများ ကတော့ သီတင်းကျွတ် ခါတော်မှီ မှောင်ခို ဗျောက်အိုးရောင်းသော ဆိုင်များကို သေသေချာချာ လေ့လာထားပြီး အိမ်တွင်း စီးပွားရှာ ရာမှ ရလာသော တိုငွေ ၊ရှိုငွေ၊ ဘတ်ငွေ နိုင်ငံတကာငွေ များဖြင့် ရနိုင်သလောက်ဝယ်ထားပြီး ရပ်ကွက်လူကြီးများ အလစ်တွင်ဖောက်နိုင်ရန် အတွက် အကြံကြီး ကြံပြီး သီတင်း အကျွတ်ကိုစောင့်နေကြလေ၏။
နောက်ထပ် အကြံပိုင်သော အဖွဲ့ တစ်ဖွဲ့ကတော့ သီတင်းကျွတ် အထူးလျှော့ဈေးတို့ ၊ဘာညာရှိုးပွဲ တို့ သီတင်းကျွတ် တွင် လုပ်လေ့ လုပ်ထရှိသော အရပ်ပွဲ ဘာညာတို့တွင် သုံးစွဲနိုင်ရန် အတွက် ကိတ်မုန့် တစ်လုံးကို အရင်းပြုပြီး လူကြီးများကိုကန်တော့ကာ မုန့်ဖိုးများများ ပြန်တောင်းဖို့ ပရောဂျက် ကြီး ဆွဲထားသော ခေတ်သစ် မဟာဒူး တို့ အရွယ်ပေါင်း စုံ အဖွဲ့ ဖြစ်လေသည်။ နောက်ထပ် အကြံပိုင်သော အဖွဲ့ကတော့ ဝါကျွတ်ပြီ ဆိုတာနဲ့ ရှိသမျှ အမျိုးပေါင်းစုံကို ဖိတ်စာတစ်ခုလုံးပြည့်နေအောင်ရိုက်ထည့်ပြီး လမ်းတွေ့လို့ ပြုံးပြဖူးတာနဲ့ ဖိတ်စာ အတင်းလိုက်ပေးဖို့ မစ်ရှင်ဆွဲနေကြသော မင်္ဂလာ စုံတွဲ လောင်းများပဲဖြစ်ပါတယ်။
သီတင်းကျွတ်ရောက်လာပြီ ဆိုတာနဲ့ သူတို့ ခမျာ ကျားရှေ့ ဘဲကင်ချထားသလိုပဲ တားလို့မရအောင်ကို ဝါးချင်နေကြပြီ။ …အဲ..အဲ.မင်္ဂလာဆောင်ချင်နေကြပြီ။ ဆောင်မယ်….ဆောင်မယ်..တကဲကဲ နှင့် ထရိတ်ဒါး တို့ ဆီဒိုးနား တို့မှာ မဆောင်နိုင်လဲ ဘာဖြစ်လဲ ကိုယ့်အိမ်ရှေ့ မှာကိုယ် တိုင်ထောင် အမိုးမိုး ဖော့ပန်းလေးဆင်လိုက်ရင် မဏ္ဍပ်ဖြစ်ပြီပေါ့ မင်္ဂလာခန်းမကြေး ပေးစရာမလိုပဲ စရိတ်တောင်လွတ်သေး သက်သာလေစွ ဆိုတဲ့ အကြံနဲ့ တိုင်ထောင်၊ကျင်းတူး၊ အမိုး မိုးဖို့ အတွက် ရပ်ကွက်ထဲလှည့် တွေ့သမျှလူ ပြုံးပြ ပြီး လုပ်အားပေးခေါ်ဖို့ အတွက် အပြုံးလေးတွေချွေပြီး ဘွတ်ကင်လိုက်လုပ်နေပါတယ်။
ဒီလို အချိန်ဆိုရင်လဲ ရပ်ကွက်ထဲက အိမ်တွေမှာ တစ်ဖွဲဖွဲ နဲ့ ဝင်လာလိုက်တဲ့ ဖိတ်စာတွေက ပြေးမလွတ် ဒုံးကျည်တွေ အိမ်ထဲကို အလုံးအရင်းနဲ့ ဝင်လာသလိုပဲ ရှိနေပါတယ်။ တစ်ချို့ အကွက်မြင်တဲ့ မိဘတွေက ဒီလို အချိန် ရာသီ မျိုးရောက်လာတာနဲ့ အိမ်ရှေ့ လူမြင်ကွင်းမှာ လက်လွတ်စပါယ် ထိုင်မနေရဲတော့ပဲ တင်းကြပ်တဲ့ လုံခြုံရေး အစီ အမံတွေချပြီး အိမ်ရဲ့ မျက်ကွယ် အရပ်မှာ သတိနဲ့ ဝင်နေကြပြီး လူရည်လည်တဲ့ သားသမီးလေးတွေကိုပဲ အိမ်ရှေ့မှာ ကင်းချထားတတ်ကြပါတယ်။ ဖိတ်စာကိုင်ပြီး အိမ်ထဲကိုဝင်လာတဲ့ လူတစ်ယောက်ယောက် ကိုတွေ့တာနဲ့ “ လူဂျီးတွေ အရှိဘူးဂျ ” ဆိုတဲ့ အကွက်ဟောင်းကြီးနဲ့ ထွက်ငွေ လျှော့ချရေးစီမံကိန်း တွေဆွဲထားတဲ့ အချိန်ပဲဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်ပဲ အိမ်ရှေ့ မှာ ခန့်ခန့်ကြီးထိုင်နေပြီး လာသမျှဖိတ်စာကို လက်ခံနေမိလို့ကတော့ လက်အတင်းဆွဲပြီး “ဦး ဆက်ဆက် လာရမယ်နော်”…“အကိုကြီး..မလာလို့ မရဘူးနော်”..“အဘ…လာမှကို ဖြစ်မှာ” ဆိုတဲ့ …မျက်နှာနာစရာ အပြောမျိုးတွေရဲ့ အောက်မှာ အားနာတတ်တဲ့ မြန်မာလူမျိုး ပီသပြဖို့ အတွက် အိပ်ကပ်ထဲက ဖွတ်ကလိဒင်္ဂါးတွေ အတော်ရင်းပေးလိုက်ရမှာပါ။ ဟဲ..ဟဲ ဒီလိုအပြောမျိုးတွေ ပြောနေပြီဆိုတာနဲ့ မောင်ပုံမှန် ကို ဘာကြီးလဲဟ …ဘယ်လို ဟာကြီးလဲဟ သူကြတော့ရော ဒီလို အကွက်တွေ မလုပ်ခဲ့ ဘူးလား… သူရောကင်းလို့လား ဒါမှမဟုတ်.. ဟိုရုပ်ရှင်တွေထဲကလို မင်္ဂလာပွဲပျက်သွားလို့ မင်္ဂလာဆောင် ကိုမုန်းတီးနေတဲ့ သူတစ်ယောက်များ ဖြစ်နေမလား။ ဒါမှမဟုတ်… အီကိုတွေးတွေးပြီး.. မင်္ဂလာဆောင်ဆိုရင် ဘယ်မင်္ဂလာဆောင်ကိုမှ မသွားတဲ့သူ အီကို ကြီးများလားလို့ လည်းမထင်လိုက်ပါနဲ့။
ဟိုတစ်ချိန်တုန်းက.ဆိုရင် မောင်ပုံမှန် တို့ အဖွဲ့ ကို အကြောင်းမသိတဲ့ သူတွေက “ မင်္ဂလာဆောင်ပွဲစားတွေလို့ ” တောင်ထင်ခဲ့ ကြရအောင်ကို မင်္ဂလာဆောင် အလွန်သွားခဲ့တဲ့ သူတွေပါ။တော်ရုံ မင်္ဂလာဆောင် သွားတဲ့ သူတွေကတော့ မောင်ပုံမှန် တို့ အဖွဲ့ကိုလုံးဝမမှီပါဘူး။ မင်္ဂလာဆောင် တစ်ခုကို သွားပြီ ဆိုရင်လည်း ဘယ်တော့ မှတစ်ယောက်ထဲ မသွားတတ်ပဲ လိုက်ချင်သမျှ လက်လှမ်းမှီရာ ဘော်ဒါတစ်အုပ် တစ်မကြီးကိုခေါ်သွားတတ်ပါတယ်။ တစ်ခါ တစ်လေ ကိုယ့်အိမ်က သွားစရာ မင်္ဂလာဆောင် မရှိလို့ အိမ်မှာထိုင်နေရင်တောင် တစ်ခြားဘော်ဒါ တစ်ယောက်က သွားဖို့ ရှိလို့ ထုံးစံ အတိုင်းလာခေါ်ရင်တောင် ထလိုက်သွားလိုက်တာပါပဲ။
မောင်ပုံမှန် တို့ မိဘတွေကို ဖိတ်မိတဲ့ မင်္ဂလာဆောင်တွေကတော့ အတော်နာမဲ့ သဘောရှိပါတယ်။လက်ဖွဲ့တာက တစ်ယောက်ထဲ လိုက်လာတဲ့ သူတွေက တစ်အုပ်ကြီးဆိုတော့ ..။ ဒီလို အချိန် ရာသီမျိုးကို ရောက်လာပြီဆိုတာနဲ့ ပုံမှန် တို့ အဖွဲ့လည်း အင်္ကျီသစ် ပုဆိုးသစ်တွေ ကိုယ်စီနဲ့ အရပ် တကာလှည့်ပြီး မင်္ဂလာဆောင်ပွဲစားတွေလုပ်နေကြပါပြီ။ လူအုပ် တောင့်တဲ့ ပုံမှန် တို့ အဖွဲ့ အဖို့ တစ်ယောက် သွားဖို့ မရှိတောင် တစ်ယောက်က ရှိနေလို့ ဒီရာသီ ရောက်လာပြီ ဆိုတာနဲ့ နားရက် မရှိအောင်ကို သွားရပါတော့တယ်။
သွားခဲ့ဖူးတဲ့ အတွေ့ အကြုံတွေ အရ မင်္ဂလာဆောင်တွေ ထဲမှာ အမျိုးစား အမျိုးမျိုး နဲ့ တွေ့ခဲ့ဖူးပါတယ်။ မိုင်လို၊ ကိုကိုး တို့ တိုက်ပြီး ဘဲသားပတ်(ပ်) ကျွေးတဲ့ မြို့ဆောင်လေးလား၊ ရေခဲမုန့် နဲ့ ရွှေပုစွန်ကိတ် ကျွေးတဲ့ သားသားနားနား မင်္ဂလာဆောင်လား၊ လက်ဖက်ရည်နဲ့ မုန့်နဲ့ ကျွေးပြီး ရေနွေးကြမ်း နဲ့ လက်ဖက်သုပ်ပါ အဆစ်ထည့်ပေး တဲ့ စေတနာပါပါ မင်္ဂလာဆောင်လား၊ လက်ဖက်ရည် ကျဲကျဲဖျော် ပလိန်းကိတ် တစ်ချပ်ချပေးပြီး ပေါ်တင်အလှူခံတဲ့ မင်္ဂလာဆောင် အစုံပါပဲ။ တစ်ခါတစ်လေ တောဘက်က မင်္ဂလာဆောင်ဆိုရင် မနက်ပိုင်း မုန့်ဟင်းခါးကျွေးပြီး နေ့လည်ပိုင်းမှာ ဝက်သားနဲ့ထမင်း ကျွေးတဲ့ တောရှယ် မင်္ဂလာဆောင် မျိုးဆိုရင်လည်း လှည်းကြုံလှေကြုံ စီးပြီး သွားခဲ့ကြဖူးပါတယ်။ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက ကြည်ဖြူကြပေမဲ့ တစ်ချို့ မင်္ဂလာဆောင်ရှင်တွေက သိပ်အစာကြေပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ကတော့ သွားမြဲ သွားခဲ့ကြတာပါပဲ။
ကျွန်တော်တို့ သွားခဲ့ဖူးတဲ့ မင်္ဂလာဆောင်တွေ အများကြီးထဲမှာမှ မှတ်မှတ်သားသား ထင်ကျန်လောက်တဲ့ မင်္ဂလာဆောင် ကတော့ တစ်ခုပဲရှိပါတယ်။ တစ်နေ့ညနေခင်းမှာပေါ့ အိမ်က မင်္ဂလာဆောင်သွားဖို့ မောင်ပုံမှန်ကို ထုံးစံအတိုင်း ကိုယ်စားလှယ် လွှတ်လိုက်ပါတယ်။ မင်္ဂလာဆောင် သွားဖို့ အတွက် ရှိုးအပြည့်နဲ့ အိမ်ကထွက်လာခဲ့တဲ့ မောင်ပုံမှန် တစ်ယောက် ထုံးစံ အတိုင်း အဖွဲ့ဝင်တွေ လိုက်စုတာ တစ်ယောက်မှ မတွေ့ရပဲ အကြောင်းအမျိုးမျိုးနဲ့ လွဲချော်နေတာကြောင့် နောက်ဆုံးမှာတော့ အခိုင်အမာ မန်ဘာကြီး ပေါ့ဆိမ့် တစ်ယောက်ပဲ အဖော်ရပါတော့တယ်။
နှစ်ယောက်ထဲရှိလည်း ဘာဖြစ်လဲ သွားကြမယ်ဆိုပြီး နှစ်ယောက်သားရင်ကော့ပြီး ထွက်လာကြပါတယ်။ ဟန်နဲ့ပန်နဲ့ လူကြီးစတိုင်ဖမ်းပြီး လာတဲ့ ကလေးနှစ်ယောက် မင်္ဂလာခန်းမကို ရောက်လာတဲ့ အချိန်မှာတော့ ခန်းမတစ်ခုလုံးမှာ မင်္ဂလာဧည့်ပရိတ်သတ်တွေလည်း အတော်များနေပါပြီ။ အဝင်ဝဧည့်ကြိုနေရာကနေ ခန်းမထဲဖြတ်လျှောက်ပြီး လူလွတ်တဲ့ ခုံမှာဝင်ထိုင်နေတဲ့အထိ မောင်ပုံမှန်တို့ လူကြီးလူကောင်း နှစ်ယောက်ကို အဖက်လုပ်ပြီးခေါ်မယ့် သူတစ်ယောက်မှ မရှိပါဘူး။ နှစ်ယောက်သား ဟိုကြည့် ဒီကြည့်နဲ့ အတော်လေးကြာလာကာမှ ဝတ်ကျေတမ်းကျေ လက်ဖက်ရည် နှစ်ခွက် စားပွဲပေါ်ကို ရောက်လာပါတော့တယ်။
ဘေးနားကစားပွဲဝိုင်းတွေကို မကြာခဏ လာနှုတ်ဆက်တဲ့ သူတို့သား၊ သူတို့ သမီးနဲ့ သူတို့မိဘတွေကလည်း ဘေးနားက ဝိုင်းကလူတွေကို သဲသဲလှုပ် ဧည့်ခံနေကြသလောက် မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကိုတော့ ဆေးဖော်ကြောဖက်တောင် မလုပ်ကြပါဘူး။ တကယ်တော့ မောင်ပုံမှန်တို့ ကလေးနှစ်ယောက်ကလည်း သူတို့ကိုပိုက်ဆံပေးဖို့ လာတဲ့ “ကာစတန်မာ” တွေပဲလေ.. လူကြီးတွေမှ ပိုက်ဆံလာပေးတာမှ မဟုတ်ပါဘူး။ ဆူညံနေတဲ့ သီချင်းသံတွေနဲ့ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ရယ်သံတွေကို အကြီးအကျယ် စိတ်ညစ်သွားတဲ့ ကလေးနှစ်ယောက် တိုင်ပင်စရာမလိုပဲ ထထွက်လာခဲ့ကြပါတော့တယ်။ အပွဲပွဲနွဲလာခဲ့တဲ့ ဝါရင့် ပွဲစားကြီးနှစ်ယောက် ဒီတစ်ပွဲကြမှ ခံလိုက်ရတာ အတော်ရင်နာစရာပါပဲ။ လက်ဖွဲ့ငွေထည့်တဲ့ နေရာကိုရောက်ကာမှ ပြန်ကာနီး ပိုက်ဆံထည့်ဖို့ မေ့သွားမှာစိုးလို့ နဲ့တူပါရဲ့ အဝင်တုန်းကတော့ လာကြပါ မခေါ်တဲ့ လူကြီးတစ်ယောက်က တစ်ပေပတ်လည် အပြုံးတုကြီး ဖန်တီးပြီး ပြန်ပြီလားလို့ မေးပါတယ်။ (ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပြန်ချင်လည်း ပြန်ကြတော့ ပိုက်ဆံတော့  ထည့်သွားဦးဆိုတဲ့ သဘောထင်ပါရဲ့)။
ဒီနေရာရောက်လာတော့ ပုံမှန်ရဲ့ ရွှေးချယ်ခွင့်ဖြစ်သွားပါပြီ။ အဲဒီတုန်းက အိမ်ကလက်ဖွဲ့ ခိုင်းလိုက်တဲ့ ငွေ အစိတ်ကို သူ့ရှေ့တင်ပဲ တစ်ဆယ်တန်ကို နှုတ်လိုက်ပြီး ဆယ့်ငါးကျပ်တန် တစ်ရွက်ပဲ လက်ဖွဲ့လိုက်ပြီး ခပ်တည်တည် နဲ့ ပြန်ထွက်လာကြပါတော့တယ်။ သူတို့ဘက်ကလည်း မရှုံးပါဘူး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ကောင်းကောင်းတစ်ခွက်မှ သုံးကျပ်လောက်ပဲရှိတဲ့ ခေတ်မှာ ချိုကျဲ နှစ်ခွက်သောက်ပြီး ဆယ့်ငါးကျပ်တောင် လက်ဖွဲ့ သွားတယ်ဆိုတော့ မြတ်တောင်မြတ် ပါသေးတယ်။
ဒီလိုနဲ့ နှစ်ယောက်သား အိမ်ပြန်ရောက်တဲ့အထိ ဒေါသထွက်ထွက် နဲ့ သုငယ်ချင်းနှစ်ယောက်ပြောလို့ မဆုံးနိုင်အောင် ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ပြောနေတာကို ကြားသွားတဲ့ မားသားကြီးက မသင်္ကာလို့ အစ်အောက်ကြည့်လိုက်ကာမှ အမှန်ကို သိသွားပြီး ကျွန်တော်တို့ နှစ်ယောက်ကို အကြီးအကျယ် ဆူပွက်ပါတော့တယ်။ လူကြီးချင်းမျက်နှာပျက်ရမှာကို ကြောက်နေတဲ့ မားသားကြီးက ကျန်တဲ့ တစ်ဆယ်ကို ချက်ချင်းသွားပြန်ထည့်ခိုင်းလိုက်လို့ နှစ်ယောက်သား မသွားချင်သွားချင်နဲ့ နောက်တစ်ခေါက်ပြန်သွားပြီး ကျန်တဲ့ တစ်ဆယ်ကို သွားပြန်ထည့်ရပါတော့တယ်။ ဟိုရောက်တော့ အံ့သြ သွားတဲ့ ငွေလက်ခံတဲ့ ငနဲကြီးကို ခုနက မေ့သွားလို့ ဆိုပြီး မိဘနာမည်ပြောပြီး နောက်တစ်ဆယ်ထပ်ပေးပြီး ခပ်တည်တည် နဲ့ ပြန်လှည့် ထွက်လာခဲ့ပါတယ်….။
ကျွန်တော် မင်္ဂလာဆောင် ပွဲစားလုပ်လာတဲ့ သက်တမ်းတစ်လျှောက် အကြီးကျယ် အဆင်မပြေဆုံး နေ့တစ်နေ့ ဖြစ်လာတဲ့ အဲဒီနေ့ကို အမြဲတမ်း အမှတ်ရနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ဒီရာသီကို ရောက်လာပြီဆိုတာနဲ့ ကလေးဘဝတုန်းကလို ဗျောက်အိုးဖောက်ချင်တာ၊ ကိတ်မုန့် တစ်လုံးဝယ်ပြီး ရင်းနှီးမြုပ်နှံမှု့ လုပ်ကြည့်ချင်တာ သီချင်းသံတွေ ဆူညံနေအောင်ဖွင့် ထားတဲ့ မင်္ဂလာဆောင်တွေကို သူငယ်ချင်း တစ်အုပ်နဲ့ သွားချင်တဲ့ အကျင့်တွေ ရှိနေတုန်ုးပါပဲ……….။
မှတ်ချက်။ ။ မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့် ကျွန်တော်တို့သူငယ်ချင်းတစ်ယောက် အကြောင်းတွေးရင်း ငယ်ငယ်က ကျွန်တော်တို့ ဘရုတ်ကြခဲ့မိတာလေးတွေ ပြန်လည်သိရမိ၍ ပို့စ်တစ်ပိုဒ်အဖြစ် တင်လိုက်မိပါသည်။
မိုဘိုင်းဖုန်းတွင် မြန်မာ ပြက္ခဒိန် ၂၀၁၂ အတွက် Install လုပ်နည်း
ကိုဇော်ပဲ ကျွန်တော်ကို နောက် ခဲ့သလားတော့ မသိပါဘူး။ ကျွန်တော် နားလည်သလိုလေးပဲ Install လုပ်ပုံလုပ်နည်းလေးကို ရေးလိုက်ပါတယ်။ ဆော့ဝဲလေးကို Application ပါသော ဖုန်းများ၊ jar platform လက်ခံသော ဖုန်းများဖြစ်မှသာ သုံးလို့ရမှာပါ။
မိုဘိုင်းဖုန်းတွင် မြန်မာ ပြက္ခဒိန် ၂၀၁၂ အတွက် Install လုပ်ရန် 356 ဆော့ဝဲလေး ကို ဒီနေရာ မှာဒေါင်းလုတ်လုပ်ပါ။ Download လုပ်ပြီးရလာတဲ့ ဆော့ဝဲလေးတွေကို ဖုန်း Memory ထဲဖြစ်ဖြစ် Memory card ထဲဖြစ်ဖြစ် Folder တစ်ခုလုပ်ပြီး ထည့်လိုက်ပါ။ ပြီးရင် ဖုန်းထဲက မိမိထည့်ထားတဲ့ ဆော့ဝဲလေးတွေကို သွားဖွင့်ပါ။ Install လုပ်ပါလိမ့်မယ်။ ဖုန်း ၊ card ထဲက Application ထဲဖြစ်ဖြစ် Game ထဲဖြစ်ဖြစ် Save လုပ်ပါ။ အချို့ NOKIA ဖုန်းများမှာ မိမိကိုယ်တိုင် Install လုပ်ပေးရမှာဖြစ်ပြီး အချို့ NOKIA ဖုန်းများမှာ ဆော့ဝဲကိုထည့်ရုံပါဘဲ ကိုယ်တိုင် install လုပ်စရာမလိုပါဘူး။ ဖုန်းကသူအလိုအလျှောက် Install လုပ်ပေးသွားပါတယ်။ Install လုပ်ပြီး ဖွင့်ကြည့်ပါက အောက်ပါအတိုင်း ပေါ်လာပါမယ်။
Update Code A အကွက်ထဲမှာ 2508
Update Code B အကွက်ထဲမှာ 9125 ဟုရိုက်ထည့်ပြီး OK ကို နှိပ်ပေးပါ။ ဖုန်းရဲ့ DATE ကိုလိုက်ပြီး အောက်က ပုံစံမျိုးအတိုင်း ပေါ်လာပါမယ်။ ဒါဆို ၂၀၁၂ တစ်နှစ်လုံးစာအတွက် မြန်မာ ပြက္ခဒိန်ကို စတင်သုံးလို့ ရပါပြီ။
sony electronics နှင့် sony electronics လို system တူတဲ့ဖုန်းတွေမှာဆိုရင် အဲဒီဆော့ဝဲလေးတွေကို Computer သုံးပြီးဖုန်းထဲမှာ Floder တစ်ခုတည်ဆောက်ပြီး ထည့်ထားရင် Bluetooth နဲ့ အခြားဖုန်းတွေကို ပေးလို့ရပါတယ်။ Bluetooth ဖြင့်ရထားတဲ့ဖုန်းတွေက အခြားဖုန်းတွေကို ထပ်ပြီး send လို့မရတော့ပါဘူး။ Bluetooth လုပ်စဉ်က တစ်ခါတည်း Install လုပ်လိုက်လို့ ဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ…

