Archive for September, 2010
သူတို့ အပြော သူတို့ အဟော
၂၆.၉.၂၀၁၀ ရက်နေ့ က ကျွန်တော်နှင့် သူငယ်ချင်း ဖြစ်သူ ချိုကျတို့ စင်ကာပူနိုင်ငံတွင် ဒုတိယ အကြိမ်မြောက် ကျင်းပသော အဝေးရောက် စာချစ်သူများ စာပေဟောပြောပွဲသို့  သွားရောက်ခဲ့ကြသည်။ စာပေဟောပြောပွဲ ကျင်းပရာနေရာတွင် ကိုဒီကိုလာ၊ မချစ်ကြည်အေး၊ မဇွန်မိုးစက်၊ အင်ကြင်းသန့် ၊ noblemoe၊ စသည့် ဘလော့ဂါ မောင်နှမ တော်တော်များများကိုလဲ ဆုံတွေ့ ခွင့် ရခဲ့သည်။ စာပေဟောပြောပွဲသို့ နိုင်ငံကျော် စာရေးဆရာကြီးများ ဖြစ်သော ဆရာ လယ်တွင်းသား စောချစ်၊ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) နှင့် ကာတွန်းဆရာ ဆရာ အော်ပီကျယ်တို့ တက်ရောက်ဟောပြော ခဲ့ကြသည်။ ကျွန်တော်နှင့် ချိုကျတို့  အတွက် စာပေဟောပြောပွဲ တက်ရောက်ခြင်းသည် ပထမဆုံး အတွေ့ အကြုံ ဖြစ်သည်။
ဟောပြောပွဲကို ၂နာရီ ကျော်ကျော်လောက်တွင် စတင်ခဲ့ပြီး ဆရာ လယ်တွင်းသား စောချစ်မှ ဘဝမှစာ စာမှဘဝ အကြောင်းကို စတင် ဟောပြောခဲ့သည်။ ဆရာသည် အသက်ကြီးနေပြီ ဖြစ်သလို ကျန်းမာရေးလဲ သိပ်မကောင်းပေ။ ဟောပြောစင်ပေါ်သို့ တက်ရာတွင်ပင် ဘေးမှ အကူတစ်ယောက်ဖြင့် တွဲတက်ရသည်။ ကျန်းမာရေး မကောင်းသည့် ကြားက ရေခြားမြေခြား အဝေးကြီး အထိ အပင်ပန်းခံကာ စာပေဝါသနာ ရှင်များကို ဟောပြောပို့ ချခဲ့သော ဆရာ၏ စိတ်စေတနာကိုလဲ လေးစားမိသည်။ ဟောပြောရာတွင်လဲ ဆရာသည် လေသံအေးအေးလေးဖြင့် ဟသလေးနှောကာ နားထောင်သူ စိတ်ဝင်စား အောင်ဟောပြော နိုင်ကြောင်း တွေ့  ရသည်။ ဆရာက စင်ပေါ်စတက်လာ ကတည်းက အင်း… ကိုယ့်ကိုယ်ကို အသက်ကြီးပြီး ကျန်းမာရေး မကောင်းဘူး ဆိုတာ သိပေမယ့် ဒီပေါ်တက်လာတော့ နောက်က နမိတ်ကြီး သုံးပါးကို မြင်တော့ ပိုသံဝေဂ ရမိတယ်။ ကိုယ်က ဘယ်သူဆိုတာကို မသိတာဟု အရွှန်းဖောက်သည်။ ဒီနေရာတွင် တချက်ချီးကျူးလိုသည်မှာ ဆရာ လယ်တွင်းသား စောချစ်သည် မိမိ ပြောလိုသော အကြောင်းအရာကို မဟောပြောမီ ရယ်စရာ ပုံတို ပတ်စလေးများဖြင့် ပရိသတ်၏ စိတ်ကို ဆွဲခေါ်သွားနိုင်ခြင်း ဖြစ်သည်။ ပထမ ဦးစွာ မိမိပြောလိုသော အကြောင်းအရာကို မပြောမီ သူကိုယ်တိုင် ကိုယ်တွေ့  ကြုံခဲ့ရသော လှတောသားများ၏ စကားကြွယ်ပုံကို ဟာသလေးနှောကာ ပြောသွားခြင်းမှာ ပညာသားပါလှသည်။
ဆရာတို့ ရွှေဘိုမြို့ တွင် စာပေဟောပြောခဲ့စဉ်က လှတောရွာနှင့် နီးသောကြောင့် ကြုံတုန်း စကားပရိယာယ်ကြွယ်ပြီး စကားပြောလျှင် အလင်္ကာလေး များဖြင့် ပြောတတ်သော လှတောသားများကို အပြင်တွင် မြင်ဘူး ချင်သောကြောင့် သွာရောက်တွေ့ ဆုံခဲ့ပုံကို ဗဟုသုတ အဖြစ်ပြန်လည် ပြောပြခဲ့သည်။ လှတောရွာထိပ်ကို ရောက်တော့ အသက် ငါးဆယ်ခန့် ကိုသိန်းမြင့် ဆိုသော လူတစ်ယောက်ကို တွေ့ တော့ သူတို့ ကို လိုက်ပို့ သော ရွှေဘိုသားမှ မိတ်ဆက်ပေး သဖြင့် ဆရာက မိမိတို့ မှာ မြို့ မှ လာသော စာရေးဆရာများ ဖြစ်ပြီး မိမိမှာ လယ်တွင်းသား စောချစ် ဖြစ်ကြောင်း မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။ ထိုအခါ လှတောသားက ဆရာတို့ ကျွန်တော်တို့ နဲ့ တွေ့ လို့  ကတော့ သွားဆရာဝန်နဲ့ တွေ့ တယ်လို့ သာ မှတ်လိုက်ပေတော့ ဟု ပြောသဖြင့် ဆရာက နားမလည်သောကြောင့် ပြန်မေးမှ သွားဆရာဝန်ဖြင့် တွေ့ လျှင် သွားဖြဲပြရ သကဲ့သို့ မိမိတို့ နဲ့ တွေ့ ရင်လဲ ပါးစပ်မစေ့နိုင်ဘဲ သွားတွေ အကုန်ပေါ်သည့် အထိ ရယ်နေရသည့် အတွက် သွားဆရာဝန်နဲ့  တွေ့ သလိုပင် ဖြစ်ကြောင်း ပြန်ရှင်းပြခဲ့သည်။ တဖန် ကားရှေ့ခေါင်းခန်းမှ လိုက်ပါလာသော ဆရာ အီကြာကွေးကို မိတ်ဆက်ပေးရာ လှတောသားက ဟာ… အီကြာကွေးတဲ့ နာမည်က မိုက်လှချည်လား မနက် လက်ဖက်ရည်ဆိုင်သွားရင် လက်ဖက်ရည်နဲ့ ကိုယ့်ကိုယ်ကို တို့ မြည်းလို့ ရတာပေါ့ ဟုပြောလိုက်ရာ နိုင်ငံကျော် ဟာသ စာရေးဆရာကြီး အီကြာကွေးပင် တွန့် ခနဲ ဖြစ်သွားကြောင်း ဆရာက ပြန်ပြောပြခဲ့ သဖြင့် ပရိသတ်များ တဝါးဝါးဖြင့် ပွဲကျ ခဲ့ကြသည်။
နောက်ပြီး ဆရာက ပြောသေးသည် ကျွန်တော်တို့ က စာရေးဆရာပါ ဒီအလင်္ကာစကားတွေကိုလဲ ကျောင်းမှာသင်ခဲ့ရလို့ ကျွန်တော်တို့ လဲ တတ်ပါတယ်။ ဒါပေမယ့် ဒီလှတောသားတွေက ဘယ်မှာ သင်လာလို့ ဘယ်က တတ်လာမှန်းကို မသိတာပါဟု ညည်းပြောလေးပင် ပြန်ပြော ယူခဲ့ရသည် အထိ လှတောသားများ စကားစောင်း ထက်ခဲ့ကြသည်။ ထိုသို့ ဆရာမှ ပြန်လည်ပြောပြခဲ့ရတွင် နိုင်ငံကျော် စာရေးဆရာကြီးများ ဖြစ်ပေမဲ့ လှတောသားများဖြင့် တွေ့ ရာတွင် သူတို့  ကိုယ်တိုင် ခံခဲ့ရပုံကို ရိုးရိုးသားသား ပြန်ပြောပြခဲ့သဖြင့် လေးစားဖွယ်ရာ ဖြစ်ခဲ့သည်။ ထို့ နောက် ဆရာက သူ့ ဘဝတွင် ကြုံတွေ့ ခဲ့ရသော တရုတ်နိုင်ငံတွင် တရုတ်လူမျိုး ဆယ့်လေးယောက်ကို ဟောပြောခဲ့ပုံ၊ စားပွဲထိုး လူငယ်ကလေးများ၏ ဥာဏ်ကောင်းပုံ၊ အမ်းသို့ စာပေသွားရောက် ဟောပြောခဲ့စဉ်က ဆယ့်လေးမိုင် ခရီးကို လေးမိုင်ဟု လိမ်ညာပြီး ခေါ်ရာနောက်သို့ လိုက်ခဲ့ရပုံ စသည့် အကြောင်း အရာများကို ပြန်ပြောပြရင်း ပရိသတ်၏ စိတ်ကို ဆွဲခေါ်သွားနိုင်ခဲ့သည်။
ထို့ နောက်တွင်တော့ ဆရာက ဘဝမှစာ၊ စာမှဘဝ ဆိုသည့် အကြောင်းအရာကို သူ့ ဘဝ ဇာတ်ကြောင်းလေးနှင့် ယှဉ်ကာ ဟောပြော ခဲ့သည်။ ဆရာသည် မိထ္တီလာ ခရိုင်၊ စဥ့်ကိုင်မြို့ နယ် အိမ်ခြေသုံးဆယ်ခန့် သာရှိသော ဝန်သိုရွာလေးတွင် မွေးဖွားခဲ့ပြီး ဆရာခြောက်နှစ်သား အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီး မိခင်မုဆိုးမကြီး မှာလဲ ဆင်းရဲလွန်းသောကြောင့် ဖေကြီးနှင့် မေကြီးတို့  က မွေးစားခဲ့သည်။ ဖေကြီး ဖြစ်သူမှာ သူတို့ ရွာလေး၏ ကျောင်းအုပ်ကြီး ဖြစ်ပြီး ဖေကြီးဖြစ်သူ၏ ကျေးဇူးဖြင့် ကျောင်းပညာကို သင်ယူခွင့် ရခဲ့သည်။
ဆရာ သင်ကြားခဲ့ရသော စာသင်ကျောင်းလေးသည် အလွန်နုံခြာပြီး တစ်တန်း တစ်တန်းတွင် ပညာသင်ကြားနေသော ကျောင်းသားဦးရေမှာ လက်ချိုးရေ၍ပင် ရသလို ဆရာမှာလဲ ဆရာ့ ဖေကြီး တစ်ယောက်သာ ရှိသည်။ စာမေးပွဲ ဖြေစရာ မလိုဘဲ တစ်နှစ် တစ်တန်း ပုံမှန်တက်ခွင့် ရသော်လဲ သေစာရှင်စာ ဖတ်တတ်လျှင် တော်ပြီဆိုသော တောဓလေ့ အယူအဆကြောင့် နှစ်တန်း၊ သုံးတန်းရောက်လျှင် မိဘဖြစ်သူတို့ က ကျောင်းမှ ထုတ်၍ နွားကျောင်း၊ လယ်ထဲ ဆင်းခိုင်းသောကြောင့် ဆရာလေးတန်း တက်သည့်နှစ်တွင် ကျောင်းသားဆို၍ ဆရာ တစ်ယောက်သာ ကျန်သည်အထိ ဖြစ်သည်။ ဆရာ လေးတန်းရောက်သည့် နှစ်တွင် စာမေးပွဲ တစ်ခါမှ မဖြေဘူးသော ဆရာသည် စဥ့်ကိုင်မြို့ သို့ တက်၍ မြို့နယ်စာမေးပွဲကို မဖြေချင်သော်လဲ ဖေကြီးဖြစ်သူကို ကြောက်ရသောကြောင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ စာမေးပွဲ အောင်မြင် ခဲ့သည်။
စဥ့်ကိုင်မြို့ ပေါ်တွင် ငါတန်းကို သွားရောက်တက်ရမည် ဖြစ်သောကြောင့် ရွာမှ အသွား ခြောက်မိုင် အပြန်ခြောက်မိုင် ၁၂မိုင် ခရီးကို နေ့ စဉ် သွားတက်ရမည် ဖြစ်သောကြောင့် ဆက်မတက်တော့ရန် ဆုံးဖြတ်ခဲ့သော ဆရာသည် ဖေကြီး ဖြစ်သူ၏ ငါ့မြေး စာတတ်ရမည် ဟူသော ကြွေးကြော်သံဖြင့် ရှိသမျှ ပိုက်ဆံလေးစုကာ ဆရာ့အတွက် စက်ဘီးအဟောင်းလေး တစ်စီး ဝယ်ပေးခဲ့သည်။ ဆရာ့ ပြောစကားအရ သူ့ ဘဝတွင် ထိုစက်ဘီးလောက် ဟောင်းသော စက်ဘီးကို ဒီအရွယ်ထိ မတွေ့ ဘူးသေးကြောင်း ပြောခဲ့သော စကားလေးကို မှတ်မိသေးသည်။ ထိုစက်ဘီး အဟောင်းလေးသည်ပင် သူတို့ ရွာ၏ တစ်စီးတည်းသော စက်ဘီးဖြစ်ပြီး ဆရာစက်ဘီး စီးသွားလျှင် ရွာမှ ကလေးများ နောက်မှ ပြေးလိုက်လာလေ့ ရှိကြောင်းကို ဆရာက ပြန်ပြောင်းပြောပြ ခဲ့သေးသည်။
ရွာမှ မြို့ သို့ နေ့ စဉ် ကျောင်းတက်ခဲ့ရသော ဆရာသည် ရွာတွင် ဟီးရိုး ဖြစ်ခဲ့သော်လဲ မြို့ ပေါ်ရောက်လျှင် အလွန် သိမ်ငယ်စွာ ခံစားခဲ့ရကြောင်း သိရသည်။ တခြား ကလေးများ စက်ဘီး အသစ်၊ အင်္ကျီ အသစ်များဖြင့် ကျောင်းတက်နေချိန်တွင် ရွာမှ မြို့ သို့ စက်ဘီးနင်းကာ ကျောင်းတက်ခဲ့ရသော ဆရာသည် ခရီးကြမ်းသောကြောင့် လမ်းတွင် မကြာမကြာ စက်ဘီးမှောက်ပြီး ဖုန်မှုန့် များဖြင့် ပေကျံနေသော ဆရာသည် စက်ဘီးချင်း ယှဉ်ရင် သိမ်ငယ်ခဲ့ရသလို၊ အင်္ကျီ အဝတ်အစားချင်း ယှဉ်လျှင်လဲ သိမ်ငယ်ခဲ့ရသည်။ ဒါတင်ဘဲလား ဆိုတော့ မဟုတ်သေး ဂုဏ်ပကာ သနအရာတွင် သိမ်ငယ်ခဲ့ရသော ဆရာသည် ကျောင်းစာ အရာတွင်လဲ သိမ်ငယ်ခံစားခဲ့ရ သေးသည်။ တစ်ကျောင်းလုံးတွင် ကျောင်းဆရာ တစ်ယောက်သာ ရှိသော ကျောင်းတွင် စာမေးပွဲ ဖြေစရာ မလိုဘဲ တစ်နှစ်တစ်တန်း အောင်ခဲ့သော ဆရာသည် ကျောင်းစာ အရာတွင်လဲ မြို့ ပေါ်မှ ကျောင်းသားများကို မယှဉ်နိုင်ပေ။ သင်္ချာညံသော ဆရာသည် သင်္ချာ မတွက်တတ် သောကြောင့် ဘေးနားရှိ အတန်းဖော်များထံမှ ကြည့်ရာ အတန်းဖော်များက မပြသောကြောင့် သိမ်ငယ် ခဲ့ရကြောင်းကို ပြန်ပြောပြခဲ့သေးသည်။ အဘက်ဘက်တွင် သိမ်ငယ်ခဲ့ရသော ဆရာသည် အတန်းထဲ အဆင့် စီရာတွင်လဲ အမြဲလေးဆယ်ကျော်ဖြင့် နောက်နားတွင်သာ ရှိနေခဲ့သည်။ ထိုအချိန်ထိ ဆရာ့ဘဝတွင် နံပါတ်တစ်နေရာကို ဘယ်တုန်းကမှ မရောက်ခဲ့ကြောင်း ပြောပြခဲ့သည်။
မြို့ ပေါ်မှ ကျောင်းသားများနှင့် ယှဉ်လျှင် အမြဲသိမ်ငယ်ခဲ့ရသော ဆရာသည် တစ်နေ့ တွင်တော့ အခန်းထဲတွင် လက်မထောင်နိုင်ခဲ့သည်။ ထိုနေ့ က မြန်မာစာ ဆရာမက အတန်းရှေ့ကျောက်သင်ပုန်းတွင် ကဗျာတစ်ပုဒ်ကို ရေးပြပြီး သင့်တော်သလို စကားပြေကို စာစီကုံးခိုင်းသည်။ ထိုအခါ ခင်တန်း၊ ချိုးငှက်ကို မမြင်ဘူးသော၊ နွားများအလွန်ကြိုက်သော မြက်နီ တို့ ကို မမြင်ဖူးသော မြို့ ပေါ်မှ ကျောင်းသားများ ဒုက္ခရောက် တော့သည်။ သူတို့ မသိသော မြို့ ပေါ်တွင် မရှိသော အကြောင်းအရာများကို သူတို့ မရေးတတ်တော့ပေ။ တောသား ဆရာ့အတွက်ကတော့ သူ့ ဘဝတွင် နေ့ စဉ် ထိတွေ့ နေသော အကြောင်းအရာများကို စာဖြင့် ပြန်လည် ဖော်ပြရခြင်း ဖြစ်သောကြောင့် ရေးကောင်းကောင်းနှင့် ရေးလိုက်တာ သုံးမျက်နှာ၊ လေးမျက်နှာခန့် ကို ဆယ့်ငါးမိနစ်ဖြင့် အပြီး ရေးပြီး ဆရာမကို သွားပြနိုင်ခဲ့သည်။ အတန်းထဲတွင် သူတစ်ယောက်သာ ပြီးအောင်ရေးနိုင်ပြီး အခြားကျောင်းသားများ လေးဆယ့်ငါးမိနစ် အချိန်စေ့သည် အထိ ဘယ်သူမှ မရေးနိုင်ခဲ့ပေ။ ထိုနေ့ က ဆရာမက ဆရာ့ကို ကျောင်းသား အားလုံးရှေ့တွင် နောင်စာရေးဆရာ ဖြစ်လာမဲ့သူဟု ချီးမွန်းခဲ့သည် အထိ ဂုဏ်တက်ခဲ့သည်။ ထိုအကြောင်းအရာကပင် ဘဝတွင် အမြဲလိုလို သိမ်ငယ်ခဲ့ရသော ဆရာ့အတွက် ဘဝထဲမှ စာကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။
ဒီလိုနဲ့ တစ်နှစ်တစ်တန်း ပုံမှန်အောင်လာခဲ့သော ဆရာသည် ဆယ်တန်း ရောက်သည့်နှစ်တွင် ဝတ္ထုစာအုပ် တစ်အုပ်ထဲမှ ဇာတ်ကောင် တစ်ကောင်၏ စရိုက်ကို အတုယူ မှားခဲ့ပြီး လမ်းမှားရောက်ခဲ့သည်။ ဇာတ်ကောင်ပြောသော စကားများကို အတုယူပြီး မိခင်ဖြစ်သူကို ဆယ်တန်းကို မဖြေလိုတော့သည့် အကြောင်းကို လှည့်ပတ်လိမ်ညာ ပြောဆိုခဲ့ပြီး ဇာတ်ကောင်ကဲ့သို့ ရည်းစားထားရန်လဲ ကြိုးစား ခဲ့သေးသည်။ ဒီလိုနဲ့ ရည်မှန်းချက် ပန်းတိုင်ပျောက်သွားသော ဆရာသည် ဆယ်တန်း စာမေးပွဲကို မဖြေဘဲ ခြောက်နှစ်တိတိ လေလွင့်နေခဲ့သည်။ ကျောင်းဆက်မတက်တော့ဘဲ လုပ်ငန်းခွင်ဝင်နေပြီ ဖြစ်သော ဆရာသည် တစ်နေ့ တွင် သူငယ်ချင်း ဖြစ်သူ ပေးသော ဆရာကြီး ပီမိုးနင်း၏ အောင်စိတ် ဆိုသော စာအုပ်အတွဲကြီးကို ဖတ်ပြီးနောက် သူ့ ဘဝပန်းတိုင်ကို ပြန်တွေ့ ခဲ့သည်။ ဆယ်တန်း စာမေးပွဲကို မဖြေဘဲ လေလွင့်နေသော အချိန်များ၊ သူ့ ဘဝ အခြေအနေများကို ပြန်သုံးသပ်ပြီး သူ့ ဘဝကို တစ်က ပြန်စရန် အတွက် ဆယ်တန်း စာမေးပွဲကို ပြန်ဖြေရန် ဆုံးဖြတ်ခဲ့သည်။
ဆရာကြီး ပီမိုးနင်း၏ အောင်စိတ်စာအုပ်တွင် ဖော်ပြထားသည့် အတိုင်း လူသားတိုင်းတွင် မမြင်နိုင်သော အောင်မြင်ခြင်း တံခါးများ ရှိပြီး ထိုတံခါးများသည် လွယ်လွယ်နှင့်ကတော့ မပွင့် မိမိဘက်က မပွင့်မချင်း ခေါက်နေရမည်။ မဖြစ်နိုင်သော အရာဆိုတာ မရှိ၊ ကိုယ့်ဘက်ကသာ စိတ်ရှည်လက်ရှည်ဖြင့် ခေါက်နေလျှင် ထိုအောင်မြင်ခြင်း တံခါးများသည် တစ်နေ့ ပွင့်လာမည်မှာ မုချဟု ဆရာက ပြောကြားခဲ့သည်။ ဆရာ ဆယ်တန်း စာမေးပွဲကို ပြန်ဖြေရန် ကြိုးစားတော့ ခြောက်နှစ် ဝေးကွာခဲ့သောကြောင့် စာများက ဝေးနေပြီ။ I go to school. ကိုပင် မသိတော့။ ဒါပေမယ့် ဆရာကြီး ပီမိုးနင်း၏ လမ်းစဉ်များကို ယုံကြည်လက်ခံခဲ့ပြီ ဖြစ်သော ဆရာ့တွင် နောက်လှည့်ဖို့ အကြောင်း လုံးဝမရှိတော့။ သူ့ မျက်စိထဲတွင် ပန်းတိုင်ကိုသာ မြင်သည်။ ပန်းတိုင်ကို ရောက်ဖို့ ကိုဘဲ သူသိသည်။ အတားအဆီးများကို သူမမြင်တော့ မေ့ချင်သလောက်မေ့ ဝေးချင်သလောက် ဝေးပါစေ ဘာမှ မသိတော့ ဘာဖြစ်လဲ သုညက ပြန်စတော့ ပိုတောင် ကောင်းသေးသည် ဟု ပြန်ပြောခဲ့သည်။
ဒီလို ကြိုးစားခဲ့သော ဆရာသည် ခြောက်နှစ်တိတိ မဖြေဆိုဘဲ ပစ်ထားခဲ့သော ဆယ်တန်း စာမေးပွဲကို ပြန်ဖြေဆိုခဲ့ရာ မည်သည့် တက္ကသိုလ်ကို မဆို တက်ရောက်နိုင်သော အမှတ်ဖြင့် အောင်မြင်ခဲ့သည်။ ဒါပေမယ့် ငါတန်းနှစ်က မြန်မာစာ ဆရာမ ပြောဆိုခဲ့သော စကားအတိုင်း စာရေးဆရာ ဖြစ်ချင်ခဲ့သော ဆရာသည် မြန်မာစာ အဓိက ယူခဲ့သည်။ တက္ကသိုလ်တွင် အမှတ်ဖြင့် နံပါတ်စီရာတွင် အမှတ်ကောင်းသော ဆရာသည် ခုံနံပါတ် တစ် ရခဲ့သည်။ ထိုကဲ့သို့ တစ်ရခဲ့ခြင်းသည် ဆရာ့ဘဝတွင် ပထမဆုံး အကြိမ်ရခဲ့ခြင်း ဖြစ်သည်။ ဝိဇ္ဖာ တက္ကသိုလ်မှ ဆရာနှင့် တခြားကျောင်းသား(၇)ယောက်တို့ ကို စာမေးပွဲများ စစ်ခဲ့ရာတွင်လဲ ဆရာက နံပါတ်တစ်ကို ထပ်မံရရှိခဲ့သည်။ ဒါက ဆရာ့ဘဝတွင် ဒုတိယ အကြိမ်မြောက် ရခဲ့ခြင်းဖြစ်သည်။ ဒီလိုဖြင့် ရည်မှန်းချက် ပန်းတိုင်ပျောက်နေခဲ့သော ဆရာသည် ဆရာကြီး ပီမိုးနင်း၏ အောင်စိတ် စာအုပ်တွဲများကို ဖတ်ပြီး စာထဲမှ ဘဝကို ပြန်လည်တွေ့ ရှိခဲ့သည်။
ထို့ နောက် ဆရာကြီးသည် တောဘိသိတ်ဆရာနှင့် မြို့ ဘိသိတ်ဆရာတို့ ဘိသိတ်ပြိုင်ကြသည့် အကြောင်းကို ဆိုင်းဆရာ တစ်ယောက်မှ ပြန်လည် စာရေးသားခဲ့သည့် ဘိသိတ်ပြိုင် အကြောင်းကို ထပ်မံ ဟောပြောခဲ့သည်။ထိုသို့ ဟောပြောရာတွင် ပညာရှင် တောဘိသိတ်၏ မိမိကိုယ်ကို နှိမ့်ချပုံ၊ မြို့ ဘိသိတ် ဆရာ၏ အရှုံးကို ကျေကျေနပ်နပ် လက်ခံ၍ ကိုယ့်ထက်သာ သူကို ရိုသေလေးစားပုံတို့ ကို ဖွဲ့ နွဲ့ ဟောပြော ခဲ့သည်။ ဆရာက မိမိတို့ ကျင်လည်နေသော ပတ်ဝန်းကျင် ဘဝများ အကြောင်းကို စာရေး၍ ရသကဲ့သို့  မိမိတို့  လေ့လာ မှတ်သားခဲ့သော စာပေ၊ ကျမ်းဂန်များထဲမှလဲ ဘဝကို ရှာဖွေ၍ ရနိုင်ကြောင်းကို ဟောပြောခဲ့ပြီး ဘဝမှစာ၊ စာမှဘဝ ဆိုသည့် အကြောင်းလေးကို နိဂုံးချုပ်ခဲ့သည်။
မှတ်ချက်။ ။ ကျွန်တော် ရေးထားသော အကြောင်းအရာများတွင် ဆရာ လယ်တွင်းသား စောချစ် လက်တန်း ပြောခဲ့သော အကြောင်းအရာများကို တချို့ နေရာများတွင် သင့်သလို စာစီ ရေးသားခဲ့ခြင်းဖြစ်သည်။ ဟောပြောပွဲ ခန်းမတွင် ကျွန်တော် ကြားမိသမျှ ထဲမှ ကျွန်တော် မှတ်မိသမျှ လေးများကို ပြန်လည်ဝေမျှခြင်း ဖြစ်သည်။ အမှား ပါခဲ့လျှင် ခွင့်လွှတ်ဖို့ တောင်းပန်ပါသည်။
ကြယ်ရောင်လင်းတဲ့ စနေတစ်ညနေခင်း
စနေတစ်ညနေခင်းပေါ့
ပန်းတွေလင်းပြီးစိတ်ကူးတွေနဲ့ကျင်းပခဲ့တဲ့ပွဲမှာ
အပြုံးတွေကခုန်ကြတော့
လင်းပေးခဲ့တဲ့ကြယ်ရောင်မှာ
အမှောင်တွေတောင်ဆိပ်သုဉ်းတယ် ။
လင်းပေးခဲ့တဲ့ကြယ်ရောင်အပါးမှာ
အရာဝတ္တုတွေဆန်းပြာခြင်းထက်
ငါ့စိတ်တွေခမ်းနားနေလေရဲ့
ကြယ်ရေ……….
အသင့်ရဲ့အလင်း အသင်ခင်းကျင်းတဲ့ အလင်းတွေထက်
စနေတစ်ညနေခင်းမှာ ငါမှေးဆက်ခဲ့မိတော့
နေ့ရက်တွေမှာပေါ့
တိုက်ဆိုင်မှု့အတိုအထွာတွေကြား
ကြယ်ကိုတောင်းတတာ ပိုပိုများလာသလိုပဲ ။
အဲဒီစနေတစ်ညနေခင်းပေါ့
အရာရာဟာလင်းပြီး ခင်းထားတဲ့လမ်းတွေထက်
လေညှင်းတွေနဲ့ဝေခဲ့ပေါ့
ပန်းတွေလည်းမကြွေကျသလို
ငါ့အတွက်တမ်းတမှု့တွေလည်း
မသေ မသေ တော့ဘူးကွယ် ။
တကယ်တော့ အသေတစ်ကောင်လို
ဆိပ်သုဉ်းနေတဲ့ရင်ခွင်ကို
တိမ်ရောင်တွေပိတ်ဖုံးနေတဲ့ကြားက
ကြယ်ရဲ့အလင်းတွေ ခ ခြင်းနဲ့အတူ
ငါ့စနေတစ်ညနေခင်းလည်း
လင်းခဲ့တယ် ။
မလေးရှားမြေမှ ‘ပ’လေးလုံး
‘သူ’ မလေးရှား မြေကို စတင်ခြေချတော့ အသက်နှစ်ဆယ် အရွယ်ပဲ ရှိသေးသည်။ ပထမ ဆုံးအကြိမ် မိဘအရိပ် အာဝသ အောက်မှ ခွဲခွါင်္ပြီး အိမ်နဲ့  အဝေးဆုံးကို ထွက်ခွါခဲ့ခြင်း ဖြစ်သလို ‘သူ့ ’ ဘဝ၏ ပထမဆုံး နိုင်ငံခြား အတွေ့ အကြုံလဲ ဖြစ်သည်။ ‘သူ’တို့ အဖွဲ့ အယောက်နှစ်ဆယ် ထဲတွင် ‘သူ’က အသက်အငယ်ဆုံး ဖြစ်သည်။ ‘သူ’တို့ မလေးရှားကို ရောက်တော့ ‘သူ’တို့ အိမ်နားက အရင် ရောက်နှင့် နေသော စီနီယာ တစ်ယောက်က မင်းတို့ လူငယ်တွေ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပြီး ငွေစု အပျော်အပါး သိပ်မလိုက်စားနဲ့ ။ ဒီမှာက မလွယ်ဘူး အဓိက ကတော့ မလေးရှားက ‘ပ’လေးလုံးကို လွတ်အောင်ရှောင်ဟု သတိပေးသည်။ ‘သူ’ကလဲ ရောက်ကာစ အချိန်ဆိုတော့ ထိုသူပြောသော စကားကို သိပ်နားမလည် ဒါကြောင့် သေချာရှင်းအောင် ပြန်မေးတော့မှ ပျင်း၊ ပျော်၊ ပျက်၊ ပြေး ဆိုသော ‘ပ’လေးလုံး အဓိပ္ပါယ်ကို သိရသည်။
မလေးရှားကို ရောက်ခါစ တစ်နှစ်လောက် ကတော့ အလုပ်က အရမ်းကောင်းသည်။ မနက် (၈း၀၀) နာရီ ကနေ ည (၉း၀၀) အထိ အလုပ် ဆင်းရသောကြောင့် မနက် အိပ်ယာထ အလုပ်သွား၊ ပြန်လာလျှင် ချက်ပြုတ် စားသောက် ပြီးတာနဲ့  အိပ်ယာဝင်ပြီး မနက်ပြန်ထ အလုပ်သွားဖြင့် အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ် ဘယ်မှ မရောက်ဖြစ်ပေ။ စနေ၊ တနင်္ဂနွေ နှစ်ရက် ကတော့ ၅ နာရီ ပြန်ရသည်။ ဒါတောင် သူဌေးကို မနဲ ပြောယူရသည်။ ပထမ တနှစ်လုံးလုံး MAYDAY 1 ရက်နေ့ သာ နားရပြီး အလုပ်ချည်း ဖိဆင်း နေရသောကြောင့် ဘယ်မှ မရောက်ဖြစ်ပေ။ ‘သူ’ ကတော့ အေးဂျင့်ကို ပေးထားရသော ငွေလေး ကြေအောင် အလုပ်ကိုပဲ ကြုံးရုန်းလုပ်နေရသောကြောင့် ဖုန်းလေးတစ်လုံးပင် မဝယ်နိုင်သေး သဖြင့် ‘သူ့ ’သူငယ်ချင်းများနဲ့ လဲ အဆက်အသွယ် မရပေ။ ဒါကြောင့် ‘သူ’ တစ်ယောက်တည်း သင်းကွဲ နေသလို ဖြစ်နေသည်။ တစ်နှစ်ပတ်လုံး နီးပါး အလုပ်ပဲ ဆင်းနေရသောကြောင့် ကြာတော့ ‘သူ’ ငြီးငွေ့ လာသည်။ ဒီမှာ အလုပ်လုပ် နေရတာ ဘာအဓိပ္ပါယ်မှ မရှိပါလားလို့ ထင်လာသည်။ အလုပ်ချည်း ဆင်းနေရ သောကြောင့်ကြာတော့ လူက ပျင်းရိ ငြီးငွေ့ လာသည်။
တစ်နှစ်ပြည့် ပြီးသည့် နောက်တွင်တော့ အခြေအနေက တစ်မျိုးဖြစ်လာသည်။ အရင်လို အလုပ်အကိုင်က မကောင်းတော့ ပိတ်ရက်က များလာသည်။ နေ့ စဉ် ညနေ ၅း၀၀ နာရီ အိမ်ပြန်၊ စနေ၊ တနင်္ဂနွေ ဆိုရင် မေးစရာမလို ပိတ်ပြီးသား ဖြစ်နေသည်။ ဒီတော့ အချိန်တွေက ပိုလာသည်။ ‘သူ’ က အချိန်တွေ ပိုလာတော့ ဟိုအရင်က အလုပ်မအား သောကြောင့် မဆက်သွယ် ဖြစ်ခဲ့သော သူငယ်ချင်းများနဲ့ အဆက်အသွယ် ရဖို့ ဖုန်းတစ်လုံး ဝယ်လိုက်သည်။ အဲဒီနောက် စနေ၊ တနင်္ဂနွေ ပိတ်ရက်တိုင်း မတွေ့ တာ ကြာပြီဖြစ်သော သူငယ်ချင်းနဲ့ တွေ့ ပြီးနောက် ဟိုအိမ် လိုက်လည်လိုက် ဒီအိမ် လိုက်လည်လိုက်၊ စတိတ်ရှိုးပွဲ၊ ဘော်လုံးပွဲတွေ လိုက်ကြည့်လိုက်ဖြင့် ပျင်းရိခြင်းတွေ ကွယ်ပျောက်ပြီး တဖြည်းဖြည်းဖြင့် ‘သူ’ ပျော်လာသည်။မလေးရှားမှာ ကိုယ့်ကို မာန်မည့်သူမရှိ ချုပ်ချယ်မည့်သူ မရှိသောကြောင့် မလေးရှားဆိုတာ အလွန်ပျော်စရာ ကောင်းပါလားဟု ‘သူ’ ထင်လာသည်။
ဒီလိုဖြင့် ပိတ်ရက်တိုင်း ဟိုအိမ် လျှောက်လည်လိုက်၊ ဒီအိမ် လျှောက်သွားလိုက်ဖြင့် တဖြည်ဖြည်း အပေါင်းအသင်းက စုံလာသည်။ နေရာစုံတွင် လူစုံဖြင့် ပေါင်းလာသောကြောင့် လူကလဲ လိုင်းစုံလာသည်။ သောက်တတ်၊ စားတတ်၊ ကလပ်တွေ ဘာတွေလဲ တက်တတ်လာပြီး လောင်းကစားကလဲ ဖက်လာသည်။ ကောင်မလေးတွေနဲ့ လဲ ရှုပ်ရှုပ်ထွေထွေးတွေ ရှိလာသည်။ ‘သူ’တို့ တွေ မလေးရှားမှာ ရှိနေတုန်းကတော့ မြန်မာ မိန်းကလေးများ မရှိသေးချေ။ ဒါပေမယ့် အင်ဒို၊ ဗီယက်နမ်၊ ဆာဘက်၊ စာရာဝတ်မှ ကောင်မလေးများ ကတော့ ပေါသည်။ ထိုမိန်းကလေး များကလဲ မြန်မာကောင်လေးများကို အလွန်သဘောကျ ကြသည်။ မူးယစ်ဆေးဝါးကလဲ မလေးရှားတွင် အလွန်ပေါသည်။ ‘သူ’တို့ သူငယ်ချင်းများက ပိတ်ရက်တိုင်း ဝိုင်းဖွဲ့ သောက်ကြပေမယ့် မူးယစ်ဆေးဝါးတော့ ရှောင်ကြသည်။ လက်တည့် စမ်းချင်သည့် သူငယ်ချင်းရှိရင်လဲ ဝိုင်းတားကြသည်။ ဒီလိုနဲ့ သောက်လိုက်စားလိုက်၊ ကလပ် တက်လိုက်ဖြင့် ပျော်လိုက် ပါးလိုက်ဖြင့် လူက ပျက်စီးလာသည်။ ပထမ တစ်နှစ်သာ အိမ်ကို ငွေပို့ ပြီး အလုပ်မကောင်း ဆိုသော အကြောင်းပြချက်ဖြင့် နောက်နှစ်များ မှာတော့ ငွေမပို့  ဘဲ ကိုယ့်ဘာသာ သုံးဖြုန်းနေတော့သည်။ ကြာလေ လူက ပျက်စီးလာလေ ဖြစ်လာသည်။
‘သူ’တို့ ရှိတုန်း ကတော့ မလေးရှားတွင် ပထမ ကျွန်တော် ဆိုခဲ့သည့်အတိုင်း အင်ဒို၊ ဗီယက်နမ် စသဖြင့် ကောင်မလေးများ အလွန်ပေါသည်။ ‘သူ့ ’ သူငယ်ချင်းများ သူတို့ ချစ်သူ၊ ရည်းစားများနဲ့ အလုပ်တွေ ရှုပ်နေတုန်းမှာ ‘သူ’ကတော့ လည်လို့ ပတ်လို့ ကောင်းတုန်း သောက်လို့ စားလို့ ကောင်းနေတုန်းပေါ့။ ဒါပေမယ့် ‘သူ’လဲ တစ်နှစ်ခွဲ လောက်ရောက်တဲ့ အခါ ‘သူ့ ’ စက်ရုံမှ မလေးရှား မလေးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ အဲဒီနောက် အရင်က ‘သူ’နဲ့  လည်ပင်းဖက် ပေါင်းနေကြသော မလေးသူငယ်ချင်းများ ‘သူ့ ’ကို စကားမပြော ကြတော့။ ဟိုအရင်က ဆိုလျှင် မလေးတွေက ‘သူ့ ’ကို တော်တော် ခင်ကြသည်။ ဒီနောက်ပိုင်း မလေးတွေ ‘သူ့ ’ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်လာတာ သိသာလာသည်။ မလေးတွေ ‘သူ့ ’ကို နှစ်လနီးပါး မခေါ်မပြောဘဲ နေကြသည်။ အဲဒီအချိန်များ အတွင်း မလေးတွေ ‘သူ့ ’ ကောင်မလေးကို အမျိုးမျိုး နားချ သိမ်းသွင်းကြသည်။ သူတို့ နှစ်ယောက် ရှေ့ဆက်ဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း ဗုဒ္ဓဘာသာဝင် တစ်ယောက်နှင့် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ကောင်မလေးကို ဝိုင်းနားချ ကြသည်။
ကောင်မလေးက ခေါင်းမာစွာဖြင့် သူတို့ စကားကို နားမထောင်ဘဲ ‘သူ’နဲ့  လက်တွဲမဖြုတ် အရင်အတိုင်း ချစ်သူတွေ အဖြစ်ဆက်ရှိ နေသည့်နောက် သူတို့ ၏ စည်းရုံးရေး လမ်းစဉ်က ‘သူ့ ’ဘက်ကို လှည့်လာသည်။ တနေ့ တနေ့ ’သူ့ ’ကို တစ်ယောက်ပြီး တစ်ယောက် လာလာပြီး နားချ သိမ်းသွင်းကြသည်။ ‘သူ’နဲ့  ကောင်မလေးတို့ ချစ်သူတွေ ဖြစ်နေတာ သူတို့ သိတဲ့အကြောင်း၊ ‘သူ့ ’ကို ဘယ်လို ရှေ့ဆက်ဖို့ စဉ်းစားထား သလဲ ဆိုသည့် အကြောင်းများကို မေးသည်။ ပြီးနောက် ‘သူ’စိတ်ဝင်စားမည် ဆိုလျှင် ‘သူ’တို့ ချစ်သူ နှစ်ယောက်ကို သူတို့ ကူညီမည့်အကြောင်း၊ ကောင်မလေးနှင့် ယူလိုက်မည် ဆိုလျှင် ‘သူ’ဒီမှာ တစ်သက်လုံး နေနိုင်ပြီး ဒီစက်ရုံမှာ ဆက်လုပ်ကာ ‘သူ့ ’ နာမည်ဖြင့် ဆိုင်ကယ်ကို အရစ်ကျ စနစ်ဖြင့် ဝယ်နိုင်ပြီး ကောင်မလေး နာမည်ဖြင့် တိုက်ခန်းတစ်ခန်း အရစ်ကျဖြင့် ဝယ်ပြီး ဘဝကို ထူထောင်နိုင်ကြောင်း ‘သူ့ ’ကို စည်းရုံးသိမ်းသွင်း ကြသည်။ ‘သူ’နဲ့ ကောင်မလေး လက်ထပ်လိုက်လျှင် အရာရာ အဆင်ပြေနိုင်မည့် အကြောင်းနှင့် လက်ထပ်ဖို့ အတွက် ကလဲ ‘သူ့ ’ဘက်က သူတို့ ဘာသာ ထဲကိုဝင်လိုက်လျှင် ရပြီဆိုသည့် အကြောင်းများ ပြောကာ နားချသိမ်းသွင်းကြသည်။ ‘သူ’ ကလဲ ဒီနိုင်ငံတွင် တစ်သက်လုံး နေဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း၊ ‘သူ့ ’ မိဘတွေ ရှိရာ မြန်မာပြည်ကို ပြန်ရမည့် အကြောင်းနှင့် သူတို့ ဘာသာထဲကို ဝင်ဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။
အဲဒီနောက်ပိုင်းတွင် ပြသနာက ပိုကြီးလာသည်။ ကောင်မလေးကို သူ့ အိမ်က အပြင်ကို တစ်ယောက်ထဲ ပေးမထွက်တော့ စက်ရုံကိုလဲ သူ့  အစ်ကိုများက အကြိုအပို့ လုပ်ပေးသည်။ စက်ရုံ အတွင်းတွင်လဲ မလေးများက သူတို့ နှစ်ယောက်ကို အရိပ်တကြည့်ကြည့်ဖြင့် စောင့်ကြည့်နေကြ သောကြောင့် အရင်လို မလွတ်လပ်တော့။ ပိုဆိုးသည်က သူ့ အစ်ကိုတွေက အိမ်အပြန်တွင် ‘သူ့ ’ နောက်က လိုက်ပြီး ‘သူ့ ’အိမ်ကို လိုက်ကြည့်ခြင်း ဖြစ်သည်။ ‘သူ့ ’အတွက် အခြေအနေက တဖြည်းဖြည်း ဆိုးလာပြီး အရင်လို လွတ်လွတ်လပ်လပ် မဟုတ်တော့ဘဲ ကျဉ်းထဲကြပ်ထဲ ရောက်လာသည်။ ‘သူ’နှင့် အတူနေသော သူငယ်ချင်းများကလဲ ‘သူ့ ’ အတွက် စိုးရိမ်ပြီး အပြင်သွားရင် အဖော်ပါမှ သွားဖို့ နှင့် ‘သူ’တစ်ယောက်ထဲ ဘယ်ကိုမှ မသွားဖို့ သတိပေးကြသည်။
‘သူ’နှင့် စက်တစ်လုံးထဲ နှစ်ယောက် အတူတူ မောင်းနေသည့် မလေးသူငယ်ချင်းကလဲ ‘သူ့ ’ ကောင်မလေး အစ်ကိုများနှင့် သူတို့ ၏ ဘာသာရေး အဖွဲ့ ဖြစ်သော ဟာဂျီအဖွဲ့ နှင့် မတွေ့ အောင်ရှောင်ဖို့ ’သူ့ ’ကို သတိပေးသည်။ ‘သူ’လဲ နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်သည့် အဆုံး ‘သူ့ ’အိမ်ကို ဖုန်းဆက်ပြီး ‘သူ့ ’အမေ့အား အကြောင်းစုံကို ရှင်းပြလိုက်သည်။ မိခင်ဖြစ်သူက အကြောင်းစုံကို သိသောအခါ စင်ကာပူရှိ ‘သူ့ ’အစ်ကို ဖြစ်သူအား ‘သူ့ ’ဆီကို လမ်းစရိတ်ပို့ ခိုင်းပြီး ချက်ခြင်း ပြန်လာခိုင်း သဖြင့် ‘သူ’လဲ သူဌေးကို လဲဗီးကြေးများ လျော်ကာ ကိုယ့်လေယောဉ် လက်မှတ် ကိုယ့်ဘာသာ ဝယ်ပြီး မလေးရှားမြေကို လက်ပြ နှုတ်ဆက်ကာ ပြန်ပြေး လာခဲ့ရသည်။
ဒီလိုတွေ ဖြစ်နိုင်လို့  သိတဲ့တတ်တဲ့ သူတွေက ဒီလောက် သတိပေးနေတဲ့ ကြားက ‘ပ’ လေးလုံးနဲ့ တိုးဖြစ်အောင်တိုး ခဲ့ရတဲ့ သူ့ ကို ကြည့်ပြီး သံဝေဂ ရမိသည်။ ဒါကြောင့် အနာဂါတ်အတွက် ရည်မှန်းချက် အမျိုးမျိုးနဲ့ မလေးရှားကို ရောက်ရှိ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေ အားလုံးကိုလဲ ‘သူ့ ’လို လမ်းမှားမျိုးကို မလိုက်မိစေဖို့ စေတနာနဲ့ ဒီဆောင်းပါး ပိုစ့်လေးကို ရေးမိတာပါ။ ဟိုအရင် အိမ်က စထွက် လာကာစက ရည်မှန်းခဲ့ သလို အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ပြီး ငွေကို စုနိုင်သမျှစု ရည်မှန်းချက်တွေ မြန်မြန်ပြည့်ပြီး ကိုယ့်အိမ်ကို အမြန်ပြန်နိုင် ပါစေလို့ လဲ ဆုတောင်း ပေးလိုက်ပါတယ်။ မလေးရှားတွင် အလုပ်လုပ်နေသော သူငယ်ချင်းများ ‘ပ’ လေးလုံး အကြောင်းကို မကြုံဘူး တောင်မှ ကြားတော့ ကြားဘူးမည်ဟု ထင်ပါသည်။ ဒါကြောင့် သတိထား ကြပါလို့ စေတနာ ရှေ့ထား သတိစကားပါးလိုက် ပါကြောင်း………
မှတ်ချက်။ ။’သူ’ ဆိုတာက တကယ် ရှိခဲ့သလို၊ တကယ်ဖြစ်ခဲ့သော ဇာတ်လမ်းလေးပါ။ ဘယ်သူ့ ကိုမှ နစ်နာလိုစိတ်နဲ့ ရေးခြင်း မဟုတ်သလို လုပ်ကြံ ဖန်တီး ထားခြင်းလဲ မဟုတ်ပါဘူး။ အတွေ့ အကြုံလေး တစ်ခုကို ဝေမျှချင်ရုံ သက်သက် ရေးခြင်း ဖြစ်ပါသည်။
ကျေးဇူးတင်ထိုက်သူ
(၁)
စိတ်ငြိမ်ရာ နေရာမှာ ထိုင်ပြီး ရွှေတိဂုံ ဘုရားကြီးကို တစ်ဝကြီး ဖူးမျှော်လိုက်ပါသည်။ အဝေးက နေပြီး ဖူးမျှော် နေခဲ့ရတာ နှစ်ပေါင်းမနည်း တော့ဘူး။ အခုမှပဲ သေသေချာချာ ဖူးမျှော်ခွင့်ရတာ ဆိုတော့ စိတ်ထြဲ ကည်နူးလိုက်ရတာ ၊ဒီနေ့ အဖို့တော့ ကုသိုလ်တွေရလို့ တန်ဖိုးရှိသွား ပြီပေါ့။ ကြားဖူးတယ်မလား လူဟာ နေ့စဉ်နေ့တိုင်း ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရမှ တန်ဖိုးရှိတယ် ဆိုတာကိုလေ။ နောက်ပြီး ကိုယ့်ကို ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရအောင် လုပ်ပေးတဲ့ သူကိုကျေးဇူးတင် ရမယ်လို့လဲ မှတ်သား ရဘူးတယ်။ဒါနဲ့ ဘယ်သူ့  ကို ကျေးဇူးတင် ရမလဲ လို့စဉ်းစား ကြည့်မိတော့ မဝေးသေးသော နေ့ရက်တစ်ခုမှ အကြောင်းအရာလေးတွေက ကျွန်တော့် စိတ်အစဉ်မှာ ပြန်လည် ပုံပေါ်လို့ လာပါ တော့တယ်။
(၂)
ဝူး……. ဆိုတဲ့ စက်နိုးသံနဲ့ အတူ တီဗီဖန်သားပြင်ပေါ်မှာ အရေးပေါ် အသက်ကယ်ဆယ်နည်းတွေ ပြလာပါတယ်၊ ပြနေတာကို ကြည့်ရင်း အပြင်ကို ငေးလိုက်တော့ လေယာဉ်ဟာ ပြေးလမ်းပေါ်မှာ တစ်လှိမ့်ချင်း သွားနေပါပြီ ၊ လေယာဉ် မောင်းနေတာကိုတောင် မသိရအောင် ညင်သာ လွန်းနေပါသည်။ ဂျပန်မြေကို နှုတ်ဆက်တဲ့ အနေနဲ့ ကြည့်လိုက်ရင်း ဘယ်လိုပုံစံ
ဘယ်တော့ဆိုတာ မသိပေမယ့် ပြန်လာပါဦးမယ်လို့ စိတ်ထဲက ပြောနေ လိုက်မိပါသေးတယ်။ လေယာဉ်ပျံကြီး မိုးပေါ်ကို ပြန်တက်သွားတဲ့ အချိန်မှာတော့ ကျွန်တော့် ရင်ထဲ နင့်ခနဲ ဖြစ်သွား ရပါသည်။ နေရစ်ခဲ့ဦးတော့ ဂျပန်မြေနဲ့ ချစ်သူလေးရေ…. လေယာဉ်ပျံကြီး တိမ်ထုကို ကျော်တက်ပြီး ဝေဟင်ထဲ ရောက်တော့ ထိုင်ခုံရှေ့က တီဗီလေးမှာ ကိုယ်ကြိုက်ရာ အစီအစဉ်လေးတွေ ပြောင်းကြည့်ဖို့ ပြောလာပါတယ်၊ အားလုံး ကြည့်ရတဲ့ တီဗီမှာတော့ လေယာဉ်လမ်းကြောင်း၊ အမြင့်ပေ၊ အရှိန်နှုန်း စသည့် သတင်း အချက်အလက်တွေ ပြနေပါသည်။
ဒီအချိန်မှာပဲ လေယာဉ်မယ်တွေက လက်ကိုင်ပုဝါလေးတွေ လာပေးပါတယ်။ ခဏနေတော့ အပူအအေး ကြိုက်တာ သောက်လို့ရအောင် စီစဉ် ပေးပြန်ပါတယ်၊ ကျွန်တော်ကတော့ အအေးပဲ သောက်လိုက်တယ်၊ အအေးခွက်တွေ ပြန်လာ သိမ်းပြီးတဲ့ နောက်မှာတော့ စားစရာတွေ ယူလာပြန်တယ်၊ မီနူးပြားလေးနဲ့ ဘာစားမလဲ ဆိုပြီး ရွေးစရာနှစ်မျိုးနဲ့ နေ့လယ်စာပေါ့။ စားလိုက် သောက်လိုက်နဲ့ အချိန်တွေ ဘယ်လို ကုန်သွားမှန်း မသိလိုက်ပါဘူး၊ ခရီးသည်တွေဟာ ဘီယာ၊ ၀ိုင်၊ သောက်တဲ့သူသောက်၊ တီဗီမှာ ဂိမ်းဆော့တဲ့သူဆော့၊ ရုပ်ရှင်ကြည့်တဲ့သူကြည့်၊ စာဖတ်တဲ့သူဖတ်၊ အိပ်တဲ့သူအိပ်နဲ့ လုပ်ချင်ရာ လုပ်နေကြပါသည်။ သူတို့တစ်တွေ လေယာဉ်ပေါ်မှာ ဆိုတာတောင် သတိမှ ရကြရဲ့လားလို့ တွေးမိလိုက် သေးသည်။ လေယာဉ်ကလဲ ငြိမ်နေတာပဲ ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်လို့သာ ပျံနေမှန်းသိတာ။
လေယာဉ်ပေါ်မှာ လှုပ်ရှားနေတဲ့ လေယာဉ်မယ်များ ဇိမ်ကျစွာ စည်းစိမ်ခံနေတဲ့ ခရီးသည်များကို ကြည့်ရင်း ကျွန်တော့် စိတ်အစဉ်က ဂျပန်မြေနဲ့ ချစ်သူလေးကို လွမ်းလာပြန်သည်။ မျက်ရည်များတောင် ၀ဲတက်လာလို့ မငိုမိအောင် မနည်းထိန်းခဲ့ရ သေးတယ်၊ ချစ်သူလေးနဲ့ ကြည်နူး ခဲ့တာလေးတွေကို ပြန်တွေးလိုက်တာ ဘယ်လောက် ကြာသွားတယ် မသိဘူး လေယာဉ်မယ်က လက်သုတ်ပုဝါလေးတွေ နောက်တစ်ခါ လာပေးမှပဲ အတွေးတွေကို ပြန်စုမိတော့သည်။ မကြာပါဘူး သောက်စရာတွေ လာပေးပြန်တယ်၊ တီဗီဖန်သားပြင်မှာတော့ မကြာမှီ ထိုင်းကို ရောက်တော့မယ့် အကြောင်း၊ အမြင့်ပေ၊ အပူချိန်၊ ပျံသန်းနှုန်း၊ ထိုင်းစံတော်ချိန်၊ လေယာဉ်လမ်းကြောင်း၊ အစရှိတဲ့ သတင်း အချက်အလက်တွေကို ကြေညာ နေပြန်ပါသည်။
(၃)
ကျွီ…… ဆိုတဲ့ အသံနဲ့အတူ လေယာဉ်မယ်တွေဟာ အရေးပေါ် အသက်ကယ်နည်းတွေကို လက်တွေ့ သရုပ်ပြပြီး ကိုယ်တိုင် ပြောပြနေပါတယ်၊ ပြေးလမ်းပေါ်မှာ မလှိမ့်ချင်ပဲလှိမ့်နေရတဲ့ လေယာဉ်ဘီးတွေကို သနားလိုက်ရပါသေးတယ်၊ နောက်ပြီး ကျွတ်သွားမှ ဖြင့်ဆိုပြီး ဘု ရား တ လိုက်ရပါသေးတယ်။ လေယာဉ်ပျံလေး တိမ်ထုကို ကျော်လား မကျော်လားတောင် မသိလိုက်ပါဘူး လေယာဉ်မယ်တွေက လက်သုတ်ဝတ်လေး လာပေးပါတယ်၊ လှမ်းယူမယ် အလုပ် လေယာဉ်က သိမ့်ခနဲ့ ဖြစ်သွားလို့ ကျွန်တော် ဟန်ချက်ပျက်သွားပါတယ်၊ လေယာဉ်မယ် မမ ကတော့ အတွေ့အကြုံ ရှိပုံပါပဲ ဟန်ချက်ထိန်း နိုင်ပြီး ခပ်ယဲ့ယဲ့လေးပြုံးပြ လိုက်ပါသေးတယ်။
မကြာပါဘူး စားစရာ သောက်စရာတွေ လာပေးပါတယ် ၊လိုတာရှိရင် ပြောနော်ဆိုတဲ့ လောကွတ် စကားလေးက ကျွန်တော့်အတွက် ဘာမှ မလိုအောင်ကို ပြည့်စုံ သွားပါတော့သည်။ ခရီးသည်တွေကို လေယာဉ်ပေါ်မှာမှန်း သိအောင် ထင်ပါရဲ့ လေယာဉ်က တော်တော်ကို တုန်ခါပြီး ပျံသန်းနေပါတယ်၊ ကျွမ်းထိုးပြီး ပျံနေမှ ဒုက္ခ …. ကျွန်တော် တခြားဘာကိုမှ မကြည့်နိုင် မလေ့လာနိုင် တော့ပါဘူး၊ မျက်စိကိုမှိတ်ပြီး သရဏဂုံရွတ်လိုက်၊ ဘုရားဂုဏ်တော် ပွါးလိုက်နဲ့ပဲ နေလိုက်ပါတော့တယ်။ မတော်လို့ တခုခုဖြစ်သွားရင် လားရာဂတိ ကောင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့…. တစ်ခါတစ်ခါများ ရင်ထဲ လှပ်ခနဲ နေအောင်ကို ဖြစ်သွားတတ်ပါသေးသည်။ ဈာန်ရတယ် ဆိုတာ ဒါမျိုးကို ပြောတာလားမသိ…. သမာဓိအား ကောင်းလာလို့ ဖြစ်သွားတယ် ထင်ပေမယ့် တကယ်တော့ လေယာဉ်က တိမ်နဲ့တိုက်မိပြီး အောက်ကို ပြုတ်ကျတာပါ….. ဟူးးးး…. ဘုရားဂုဏ်တော် ကိုပဲ အာရုံစိုက်ပွါးမှ…. အ ရ ဟံ…. အ ရ ဟံ ….. အ ရ ဟံ ……
(၄)
ဒူ….. ဆိုတဲ့ ခေါင်းလောင်းထိုးသံကြောင့် ကျနော့်စိတ်တွေ ရွှေတိဂုံဘုရား ပေါ်ကို ပြန်ရောက်လာပါတယ်၊ ကျွန်တော် ကျေးဇူးတင်ရမယ့် သူကို ရှာလို့ တွေ့ခဲ့ပါပြီ၊ ၆ နာရီနီးပါး ဂျပန်လေကြောင်းလိုင်းနဲ့ ထိုင်းအထိ လာတုန်းက ဇိမ်ခံပြီး ဟိုအကြောင်း ဒီအကြောင်း အတွေး စုံခဲ့ရပါတယ်၊ မြန်မာလေကြောင်းလိုင်းက ၁ နာရီလောက် ဆိုပေမယ့် သရဏဂုံရွတ်၊ ဘုရားဂုဏ်တော်ပွါးနဲ့ ကုသိုလ် အလုပ်တွေ လုပ်ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်ကို ကုသိုလ်ရအောင် အကူအညီပေးတဲ့ မြန်မာလေကြောင်းလိုင်းကို ကျေးဇူး တင်ရမှာ ပေါ့နော်…. ဟုတ်တယ်… ဟုတ်… ဘယ်သူတွေ ဘာပြောပြော ကျွန်တော့် ရင်ထဲမှာတော့ စကားတစ်ခွန်း ပဲ့တင်ထပ် သွားပါတော့တယ်…
“ကျေးဇူးတင်ပါတယ်… မြန်မာ အဲယားလိုင်းရယ်”
“ ပလုံ ပလုံ ဂွမ်း ”
တစ်နေ့ သ၌ ကျွန်ုပ်နေထိုင်ရာ အိမ်ဂေဟာလေး ဆီသို့ လွန်စွာ အရပ်ရှည်ပြီး အလွန်ကြုံလှီ လှသောလူတစ်ဦး ရောက်လာ လေသည်။ ထိုသူ၏ အသားအရောင်မှာ ဖရဲသီးရောင်ကဲ့ သို့ စိမ်းမှောင်သော အသား အရောင် ရှိလေ၏။ ဝတ်ထားသော အဝတ်အစားများကို ကြည့်ရသည် ကတော့ ပုံပုံစတိုးမှ အလစ်သုတ် လာသော ဘေလတ် (ဘေထုပ် အလတ်စားများ) ဖြစ်ပုံ ရလေ၏။ ထိုသူ၏ အပြုအမူမှာ လွန်စွာမှပင် ယဉ်ကျေး သိမ်မွေ့ လှသည် ခြံစည်းရိုး တံကားကို တွန်းဖွင့်၍ ကျွန်ုပ်ကို ကျော်ခွပြီး အိမ်ပေါ်ကို တက်သွားသည် အထိ လှေကား ထိပ်တွင် ငုတ်တုတ် ထိုင်နေသော ကျွန်ုပ်ကို အနည်းငယ်မှ အသိမှတ် မပြုပေ။ ဧည့်ခန်းသို့ ရောက်သည်နှင့် တစ်အိမ်လုံးကို ကျီးကန်းတောင်းမှောက် အားရကျေနပ်အောင် ကြည့်ပြီးကာမှ ဧည့်ခန်းရှိ ခုံတစ်လုံးပေါ်သို့ ဘယ်သူ့ မျက်နှာ မှ မထောက်ပဲ ပိုင်ပိုင် ကြီး ထိုင်ချ လိုက်လေတော့သည်။ ထို့နောက်မှ လှေကားထိပ်တွင် အကြောင်သားဖြင့် ထိုင်နေသော ကျွန်ုပ်ကို အနည်းငယ် စွေစောင်း ကြည့်လိုက် ပြီး မှ “ဒီအိမ်က ငရဲမင်းဒေး “ ဂျာနယ်က သတင်းထောက် မောင်ပုံမှန်တို့ အိမ် ဟုတ်ပါတယ်နော်” ဟုလွန်စွာ ညောင်နာနာ နိုင်လှသော အသံဖြင့် မေးလေ၏။ (အော် တစ်လ ကိုးသီတင်း ပျော်သလိုနေ ပြီးမှ မေးပါတော့လား ဘဘ ရယ်..)။ ကျွန်ုပ်လည်း ကဗျာကယာ ခေါင်းကိုငြိမ့် ပြလိုက်လေ၏။ ထိုအခါ ထိုပုဂ္ဂိုလ် အကောင်းစားကြီးက ” ဒါဆိုရင် ခေါ်လိုက်ပါကွာ ဧည့်သည်ရောက်နေတယ်လို့……..”
ကျွန်ုပ်။ ။ အော်…ဟုတ်ကဲ့ ခင်ဗျ အင်းအင်း …အာ …ဘာတွေ လာပြောနေတာဗျ…ကျုပ်က အိမ်ရှင်ပဲ ” ငရဲမင်းဒေး” ဂျာနယ်က ပင်တိုင်သတင်းထောက် အင်တာဗျူး ဆရာမောင်ပုံမှန် ဆိုတာကျုပ်ပဲ ။
ထိုအခါ မှ ထို ပုဂ္ဂိုလ် လည်းအံ့သြ သွားဟန်ဖြင့် “ အော်…. ဂလိုလား မသိလို့နော် … ကြွပါ ကြွပါ ” ဟု ဧည့်သည်က အိမ်ရှင်ကို ပြန်ဖိတ်ခေါ် လေတော့သည်။ ဧည့်ခန်းတွင် ထိုင်မိသည်နှင့် ထိုပုဂ္ဂိုလ်က ပူအိုက်လာဟန်ဖြင့် သူဆောင်းလာသည့် ဦးထုပ်ကို ချွတ်၍ လေပူတစ်ချက်ကို မှုတ်လေ၏။ ထိုအခါမှ ကျွန်ုပ်လည်း ထိုသူ ၏ ကတုံးယောင် ကေသာကိုပါ မြင်တွေ့ခွင့် ရလေတော့သည်။ ထို့နောက် ထိုပုဂ္ဂိုလ်မှ ပင် စတင်၍ သတင်းထောက် မောင်ပုံမှန် ဆိုတာ ဒီကညီလေး ဟုတ်ပါတယ်နော် ..
ကျွန်။ ။ ဗျာ..ဟုတ်ပါတယ် ခင်ဗျ…ဘာကိစ္စ ရှိလို့လည်း မသိဘူးနော်..
ထိုလူ။ ။ အော်… အကို့ နာမည်က ”ဗာလ ” ပါ …ဟဲ..ဟဲ
ကျွန်ုပ်။ ။ ဘုရား..ဘုရား…
ဗာလ။ ။ အခု အကို ဒီကညီလေး ဆီကိုလာ ရတဲ့ အကြောင်းရင်းကတော့ အကို ရိုက်ကူး မဲ့ ရုပ်ရှင် ဇာတ်ကားကြီး အကြောင်းကို ကြော်ငြာ ချင်လို့ ပါ အဲဒါ ညီလေးက အစ်ကို့ ကို အင်တာဗျူး လုပ်ပြီး ညီလေးတို့ ဂျာနယ်မှာ ထည့်ပေးပါ။
ကျွန်ုပ်။ ။ အင်..ဒါကလေ..ဟိုလေ..ပရိတ်သတ်က စိတ်ဝင်စားလို့ မေးလာကြရင်တော့ ကျွန်တော့် အနေနဲ့ ဗျူးပေးလို့ ရပါတယ်…
ဗာလ။ ။ အာ… ညီလေးကလဲ ပရိသတ်က စိတ်ဝင်စားလာမှ အင်တာဗျူး လုပ်ရမယ် ဆိုရင်တော့ နောင်ဆယ် ဘဝတောင် လုပ်ရမှာ မဟုတ်တော့ဘူး… ဘာမှလာရှင်းပြ မနေနဲ့ ခုပဲ လုပ်လိုက်တော့။ ဗျူးခ အနေနဲ့ ညီလေးကို အကိုက ထိုက်ထိုက် တန်တန် ပေးဖို့ အစီ အစဉ်ရှိပါတယ်။ ဇာတ်ကား ကန်တော့ပွဲ ပေးတဲ့ နေ့ကြရင်သာ ဆက်ဆက် လာခဲ့ ကန်တော့ပွဲ ပေးပြီးတဲ့ အုန်းသီး ငှက်ပျောသီးတွေ ညီလေးယူလိုက် ဟုတ်ပလား…. ကိုယ်က အဲဒီလို လက်ဖွာတာ ညီလေးရဲ့..ဟက်..ဟက်။
ကျွန်ုပ်။ ။ သေပြီဆရာ…အော်.ဟုတ်ကဲ့ ဒါနဲ့ ဘယ်ကုမ္မဏီ က ရိုက်မဲ့ ကားလည်းဟင်..
ဗာလ။ ။ နိုး.. နိုး ဘယ်ကုမ္မဏီ ကမှ ရိုက်မဲ့ ကားမဟုတ်ဘူး (ရင်ဘတ်ကို လက်ဖြင့် ပုတ်၍ ) အကို ရိုက်မှာ ဟောဒီ ညီလေးရှေ့ မှာ ထိုင်နေတဲ့ အကိုကြီး ရိုက်မှာ ..
ကျွန်ုပ်။ ။ အော်.. အကိုက ထုတ်လုပ်သူ ပရိုဂျူဆာ ပေါ့နော်..ဒါနဲ့ မင်းသား ကရော ဘယ်မင်းသားနဲ့ ရိုက်ဖို့ စိတ်ကူးထားလဲ မသိဘူးနော်… ဥပမာ။ ။လူမင်း၊ နေတိုး၊ ဟိန်းဝေယံ …
ဗာလ။ ။ဖွတ်… တစ်ယောက်မှ မဟုတ်ဘူး…
ကျွန်ုပ်။ ။ ဒါဆို… ကိုရီးယား မင်းသားတွေများ ခေါ်ရိုက်ဖို့ အစီစဉ်များ ရှိပါသလား..
ဗာလ။ ။တစ်ခုမှ မဟုတ်ပါဘူးကွယ်…
ကျွန်ုပ်။ ။ ဒါဆို မင်းသားက….ဘယ်သူများ ပါလိမ့်…
ဗာလ။ ။ဟက်.. ဟက် မင်းသားကတော့ တခြားလူ မဟုတ်ပါဘူးကွယ် ဟော ဒီက ကိုကိုပါတဲ့ ညီလေးရေ….။
ကျွန်ုပ်။ ။ ဘုရားရေ… ခုမှပဲ ထိုသူကြီး၏ ရုပ်ရည်ကို အသေချာ အကဲခတ်ကြည့် မိတော့သည် ပြူးကျယ်သော မျက်လုံး အစုံ ဟိုနားတစ်ချို့ ဒီနား တစ်ချို့ဖြင့် ဖွေးလက်စွာ တည်ရှိနေသော မညီ မညာသွားများ တောမီးလောင်ထားသော တောင်ကတုံး လို မညီမညာဖြင့် ကြဲပါးစွာဖြင့် ငုံးစိစိ ပေါက်နေသော ကတုံးယောင်ကေသာ တို့အပြင် နှာခေါင်း ပြားပြားကို နှုတ်ခမ်းထူထူ ကြီးဖြင့် အနားသတ်ထားသည့် ဥပဓိ ရုပ်ကို နက်မှောင်စိုနေသော အသားအရောင် ကပါ ပံ့ပိုး ပေးထားသည်မှာ နေ့ခင်းကြောင်တောင်ကြီးတွင် ကပ္ပလီ သရဲကို နေလောင်ထားသကဲ့ သို့ပင် ရှိချေ တော့လေ၏။ ”ဒီလိုရုပ်ရည် မျိုးကို ကျွန်ုပ်၏ စိတ်ထဲတွင် မြင်ဖူးသလိုရှိသည် နှင့် အတန်ကြာပြန်စဉ်းစားကြည့် မိသောအခါမှ ရုတ်တရက် မှတ်မိသွားတော့သည် “ “ခါလာစူး” …ဟာ…ဟုတ်ပါပြီ ကျွန်ုပ်တို့ ငယ်စဉ်ကကြည့်ဖူးသော နိုင်ငံခြား ဟာသကားထဲမှ ကပ္ပလီ သရုပ်ဆောင် ခါလာစူး ကျွန်ုပ်တို့ မြန်မာအခေါ် “အာဖရိကမော့” “ခါလာစူး… ကျွန်ုပ်၏ ပါးစပ်မှပင် ယောင်ရမ်း၍ ထွက်သွား တော့သည် “
ထိုအခါ ထိုသူက အားရဝမ်းသာဖြင့်
ဗာလ။ ။ ရိုက် သက်ရိုက် ဗဲရီးရိုက်…. ညီလေးပြောတာမှန်တယ် ကာလာကို စူးစူးလေးတွေ ဖြစ်သွားအောင် ဒီကားမှာ ဇာတ်ဆောင်တွေ အားလုံးကို ကာလာစူးစူးလေးတွေပဲ ရွေးဝတ်ခိုင်းရမယ်။
ကျွန်ု။ ။ သေဘီဆရာ…. ထားပါတော့.. ထားပါတော့.. ဒါနဲ့ ဒါရိုက်တာကရော ဘယ်ဒါရိုက်တာနဲ့ ရိုက်မှာလဲ… နာမည်ကြီးထဲက..
ဗာလ။ ။နိုး..တစ်ယောက်မှ မငှားဘူး …မငှားနိုင်လို့….ဟစ်ဟစ်..
ကိုယ့်မိတ်ဆွေ ဒါရိုက်တာ တစ်ယောက်ကို ခေါ်ထားတယ် ဒါရိုက်တာ မောင်ဖိုးပျင်း(ရွာတွင်းဖြစ်) တဲ့ သိတယ်မလား…
ကျွန်ုပ်။ ။ ဟင်…. သိဘူးလေ ဘယ်ရွာကလဲ..
“ကျွန်ုပ်၏ အူကြောင်ကြောင်ဖြေပုံကို မကျေနပ်ဟန်ဖြင့် ထိုသူက ပေစောင်းစောင်း တစ်ချက်ကြည့် လိုက်ပြီး”
ဗာလ။ ။ မောင်ဖိုးပျင်း ကိုတောင်မသိဘူးလား ဆရာလေးရဲ့ အိမ်ခြေ လေးသုံးလေးလုံးလောက် ရှိတဲ့ ရွာလေးတစ်ရွာ မှာတောင် ရှိတဲ့ လူလေး သုံးလေးယောက်ထဲက ကြုံရာလူကို မင်းသား မင်းသမီး ဆွဲထုတ်ပြီး စရိုက်သဘာဝ မျိုးစုံ နဲ့ လူမလဲ ဇာတ်ထပ် နဲ့ တစ်နှစ်ကို ဇာတ်ကားပေါင်း သုံးထောင် ကျော်အောင် ရိုက်နိုင်တဲ့ ဒါရိုက်တာ ဆိုလို့ မြန်မာပြည်မှာ သူပဲရှိတာ ဘာမှတ်နေလဲ ဟင့်…။
ကျွန်ုပ်။ ။တော်တယ်နော်…။
ဗာလ။ ။ ဒါတင်ဘယ်ကမလဲ ငါ့ညီရဲ့ သုံးရက်ကို တစ်ကားရိုက် နိုင်တာလောက်ကို မြန်လှပြီလို့ ထင်နေကြတဲ့ ဒီခေတ်ထဲမှာ ဒီဆရာက တစ်ရက်ထဲကို ဖန်စီ၊ ဒရမ်မာနဲ့ အက်ရှင် သုံးကားပြီးအောင် ရိုက်နိုင်တယ်ကွဲ့ ဒါတောင် မနက်အိပ်ရာထ နောက်ကျ သွားလို့ နို့ မို့ဆိုရင် နောက်ဆုံးပိတ် ရာဇဝင်ကားလေး တစ်ကားတောင် မမှောင်ခင် ပြီးအောင်ဆက်ရိုက်လို့ ရသေးတယ်။
ကျွန်။ ။ဘုရား… ဘုရား ကမ္ဘာ့ အံ့ဖွယ်ပဲနော်…
ဗာလ။ ။ ညီလေး လေးစားသွားဘီ မဟုတ်လား… ဟင်း.. ဟင်း..
ကျွန်။ ။ ဗျာ… ဟုတ်.. ဟုတ်ကဲ့
ဗာလ။ ။သိတယ်လေ… ဟင်းဟင်း… ဒါနဲ့ သူနဲ့ တွေ့ချင်သေးလား.. အကို လှမ်းခေါ်လိုက်မယ်လေ..။
ကျွန်ပ်။ ။ အာ.. နေပါစေတော့ သူ့အိမ်က ဝေးလား အကိုက ဟန်းဖုန်းနဲ့ လှမ်းခေါ်လိုက်မှာလား..၊ သူကကားနဲ့ လာမှာလား..။
ဗာလ။ ။ ထပ်..အကိုတို့ နှစ်ယောက်လုံး ဘာဟန်းဖုန်းမှ မရှိပါဘူး ..ဒါရိုက်တာနဲ့ အကို နဲ့ ဒီကိုလိုင်းကားစီးပြီး အတူလာကြတာ အိမ်ရှေ့ နားရောက်တော့ လမ်းဘေးမှာ ဇီးပင် တစ်ပင်တွေ့တာနဲ့ ဇီးသီးကောက်စား ရင်းကျန်နေခဲ့တာ ညီလေးတွေ့ချင်ရင် အကို အော်ပြီး ခေါ်လိုက်မယ်လေ…။
ကျွန်ုပ်။ ။ ရပါဘီ.. ရပါဘီ.. အားလုံး သဘောပေါက်သွား ပါဘီ။ ဒါနဲ့ ဇာတ်လမ်းကရော ဘယ်သူဟာကို ခိုးမယ် စိတ်ကူး ထားသေးလဲ.. အဲ မှားလို့ ဘယ်သူ့ ဝတ္တုကို ဝယ်မှာလဲ ..
ဗာလ။ ။ ဘယ်သူ့ ဝတ္တုမှ မဝယ်ဘူး ပိုက်ဆံပေးရမှာစိုးလို့ ဟီးဟီး..။
ကျွန်ုပ်။ ။ ကောင်းမယ်ထင်သလို သာ လုပ်ကြပါတော့။ ဒါဆို ဇာတ်လမ်းကရော ဘယ်လို ပုံစံမျိုး ဖြစ်လာမလဲ ပန်းခြံ ထဲမှာသီချင်းဆိုပြီး ပတ်ပြေးနေတဲ့ အခန်းရယ်၊ ချောင်းတစ် ဟွတ်ဟွတ် ဆိုးနေတဲ့ နှလုံးရောဂါ သည် အမေ အိုကြီး နဲ့ မောင်နှမ ခုနှစ်ယောက်ကို ငဲ့ပြီး ရုပ်ဆိုးဆိုး အသက်ကြီးကြီး ကုမ္မဏီပိုင်ရှင်ကို လက်ထပ်ပြီး ရည်းစားနဲ့ ကွဲသွားရတဲ့ ကုလားကား ဇာတ်ကွက်နဲ့ ဇာတ်ကွက် ထွင်မလား ဒါမှမဟုတ် ကင်ဆာပေါင်းစုံနဲ့ ရောသမ မွှေပြီး မင်းသား ပိန်ပိန်လေးကို မင်းသမီး ဝတုတ်မကြီး ကို ထမ်းခိုင်းပြီး ပရိတ်သတ် မျက်ရည်ချူမဲ့ ကိုးရီးယား ဇာတ်ခွံကို ယူမလား.. ဘယ်လို လုပ်ဖို့ အစီစဉ် ရှိပါသလဲ။
ဗာလ။ ။ အို အဲဒီလောက်ကြီး စဉ်းစား မနေနိုင်ပါဘူး.. ဘာဇာတ်ကွက်မှတော့ သေချာ စဉ်းစားထားတာ မရှိသေးပါဘူး။ ပေါချောင်ကောင်း မော်ဒယ် အယောက် ၂၀ လောက်ငှားပြီး အာဖရိကတိုက်နဲ့ မြန်မာပြည်မှာ ကြုံရာ ဇာတ်ကွက်တွေ ချပြီး တော်သလို လှည့်ရိုက်ဖို့ စီစဉ်ထားပါတယ်။
ကျွန်ုပ်။ ။ဟာ… ပိုက်ဆံတွေ အလကားဖြစ်ကုန်တော့မှာပဲ.. နှမြောစရာဗျာ..။
ဗာလ။ ။ ဒုန့်ဝါရီ…. ညီလေး မပူပါနဲ့ကွယ်… ဒီလို ရူးကြောင်ကြောင် အလုပ်တွေလျှောက်လုပ်ြ ပစ်လို့ ပိုက်ဆံတွေကုန် မယ်ဆိုလို့ ကတော့ ကုန်ချင်သလောက် ကုန်ပါစေကွယ်။ အကို ကပေါပါတယ် ညီလေးရဲ့ ..တကယ်ပေါတာပါ။
ကျွန်ုပ်။ ။ ဒါဆို… အကိုက ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီကားကို ရိုက်တာလဲ။ ပေါလို့ သက်သက် ပဲလားဟင်…။
ဗာလ။ ။ပြောရမှာပေါ့ကွယ် …ဒီလိုကွဲ့ တစ်နေ့ ကိုယ့်သူငယ်ချင်း တစ်ယောက် အိမ်ကို သွားလည်ရင်းက ဂျာနယ်တစ်စောင် ကိုဖတ်ကြည့်ပြီး ဒီရောဂါ စတာပဲလို့ ပြောရမှာပါပဲ။ ဂျာနယ်ထဲ မှာပါလာတဲ့ အကြောင်းက ဆွတ်ဇာလန် နိုင်ငံသား မြန်မာလူမျိုးတစ်ဦးက မြန်မာငွေ သိန်းထောင်ချီ အကုန်ကျ ခံပြီး ဥရောပနဲ့ မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီး ဇာတ်ကားကြီး တစ်ကားရိုက်တော့ မယ်ဆိုတဲ့ အင်တာဗျူးတစ်ခုကို ဖတ်ခဲ့ ရတယ်ကွဲ့ ။ကိုယ်လည်း သူ့ကို အားကျပြီး ဇာတ်ကားတစ်ကား ရိုက်ဖို့ စီစဉ်နေတာပါကွယ်။ အကိုလဲ သူ့လောက်တော့ ကြွားနိုင် ပါတယ်….. အဲအဲ သူ့လောက်တော့ လုပ်ပြနိုင်ပါတယ် ဆိုပြီး ပရိတ်သတ်ကို ပြချင်လို့ပါ။
ကျွန်ုပ်။ ။ အတော်လေးကို မွန်မြတ်ပါတယ် ခင်ဗျာ။ ကုန်မှ ရပ်မဲ့ သဘောကို သိသွားပါပြီ။ ဒါနဲ့… အကို့ ရဲ့ အကြောင်းကို နည်းနည်းလောက် ပြောပြပါအုံး ဘယ်မှာမွေးတယ်… ဘာဘွဲ့တွေ ရထားတယ် ဆိုတာပေါ့။
ဗာလ။ ။ အို… ပြောမယ်… ပြောမယ်… သိပ်ပြောချင် နေတာပေါ့ကွယ်.. အကို့ ကိုယ်မွေးတာကတော့ ဆိုမာလီယာ နိုင်ငံမှာပါ အရွယ်ရောက်လာတော့ အီသီယိုးပီးယား နိုင်ငံကို သွားပြီးဘေထုပ်နဲ့ အစားအစာ တောင်းခံရေး ပညာရပ်တွေ သင်ခဲ့တာလေ.. အကိုက ပညာစုံတယ်ညီလေးရဲ့ အနုနည်းနဲ့ တောင်းလို့ မရရင် အကြမ်းနည်းနဲ့ တောင်းရအောင်လို့ ဟေတီနိုင်ငံ ကို သွားပြီး တော့ “ဗူဒူးအတတ်” လို့ခေါ်တဲ့ အောက်လမ်း အတတ်ပညာတွေကို ဒေါက်တာဘွဲ့ ရတဲ့ အထိ သင်ထားတာ ညီလေးရဲ့ တောင်းတာပေးရင်ပေး မပေးရင် ပြုတ်စားပြစ်တာ …အဲအဲ.. ပြုစားပြစ်တာ.. ဟီဟီ။
ကျွန်ုပ်။ ။ကျွန်တော်ကိုတော့ နှစ်ခုလုံး မလုပ်ပါနဲ့နော်..။ မေးရမှာတောင် ကြောက်လာပြီ…. ဒါဆို မေးရိုး မေးစဉ်လေးတစ်ခုကို မေးကြည့် ရအုံးမယ်… ဖြေနေကြ လူတွေလိုပဲ လိမ်သာပြောပေါ့..။ အကို့ရဲ့ အချစ်ရေး ကရော ဘယ်လိုရှိလည်း မသိဘူးနော်…။
ဗာလ။ ။ဒါကတော့လေ… ဟီး. ဟက်ဟက်… သတ်ချင်သတ်.. မပြောဘူး(မမေးရင်)။
ကျွန်ုပ်။ ။အနုပညာ အလုပ်နဲ့ လက်ရှိ အလုပ် ဘယ်အလုပ်ကို အဓိကလုပ်သွားဖို့ ရည်ရွယ်ထားပါ သလဲလို့ မေးရင်ရော ထပ်လိမ်ဖို့ အစီစဉ် ရှိပါသလား။
ဗာလ။ ။အော်.. ဒါက ဒီလိုရှိ တယ်ကွဲ့ ကိုယ်ကလေ ကိုယ့်ကိုယ်ကို ပညာသည် တစ်ယောက်အနေနဲ့ မြင်ထားတယ် ညီလေးရဲ့ ဆယ့်နှစ်ကြိုးတို့ ရှစ်ကြိုးတို့ ခြောက်ကြိုး တို့ (အာ ဂစ်တာကြိုးတွေနဲ့ ရောကုန်ပါပြီ)။ဒီလို ပညာစုံ ရထားတဲ့ ပညာသည် တစ်ယောက် အနေနဲ့ ပေါ့ နောက်ပြီး ကိုယ်က ရူပါလဲ ရှိတယ်လေ…
ကျွန်ုပ်။ ။ ရဘီ.. ရဘီ..
ဗာလ။ ။ ပြီးသေးဘူးကွဲ့.. ဟီး နောက်ပြီး ကိုယ့်လိုမျိုး အလုပ်မျိုး လုပ်နိုင်တဲ့ သူက ဒီနိုင်ငံ မှာတောင် သိပ်မရှိဘူးလေ ကိုယ်ရဲ့ ဆုံးဖြတ်ချက် တစ်ခုမှားသွားတာနဲ့ ဘေထုပ်တွေ ရာနဲ့ချီပြီး ဆုံးရှုံးကုန်တာလေ။ သိပ်အရေးကြီးတဲ့ အလုပ်ပေါ့ အီသီယိုးပီးယား၊ ကင်ညာ၊ ဇင်ဘာတွေ၊ ဂါနာ၊ အိုင်ဗရီကို့၊ ဇမ်ဘီယာ၊ဟေတီ… စတဲ့ နိုင်ငံကြီးတွေနဲ့ ဆက်ပြီး လုပ်နေရတာလေ။ ကိုယ့်လို အလုပ်မျိုးကို လုပ်နိုင်တဲ့ သူက လူငါးဆယ်တောင် ပြည့်အောင်မရှိဘူးလေ..။
ကျွန်ုပ်။ ။ ထားပါတော့… ထားပါတော့… ဒီဇာတ်ကားရဲ့ နာမည်လေးကိုလည်း ပြောပြပေးပါ အုံး
ဗာလ။ ။ဒီဇာတ်ကား ရဲ့ နာမည်ကတော့ အာဖရိက အသံထွက်နဲ့ မြန်မာဘာသာ ကိုပေါင်းပြီးတော့ “ ပလုံ ပလုံ ဂွမ်း ”လို့ အမည်ပေးထားပါတယ်။ ဒီဇာတ်ကား ထွက်လာရင်လဲ မြန်မာပြည်မှာသာ မကသေးဘူး အီသီယိုးပီးယား က ရုပ်ရှင်ရုံ တွေမှာပါ ပြဖို့ လိုက်စပ်ထားပါတယ်…။ သေချာပေါက် အောင်မြင်မဲ့ ဇာတ်ကားပေါ့ကွယ်…။ အကယ်ဒမီတွေ ဘာတွေတော့ မလိုချင်ပါဘူး ကိုယ်က အလုပ်များတယ်ကွဲ့ လာနိုင်မယ် မထင်ဘူး….ဟီး။
မြန်မာပြည်မှာ အောင်မြင်ရင်တော့ တရုပ်ပြည်မှာ ကျင်းပတဲ့ “ရွှေဝက်မ” ရုပ်ရှင်ပွဲတော်မှာ သွားပြအုံးမယ်။
ကျွန်ုပ်။ ။“ရွှေကြက်ဖ” ရုပ်ရှင်ပွဲတော်လို့တော့ ထားလိုက်ပါ။ ဒါနဲ့ ပရိတ်သတ်ကို ဘာများ ပြောချင်သေးပါသလဲ။
ဗာလ။ ။ကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ပြောချင်ပါတယ်… ဟက်ဟက်…။
သို့နှင့် ပရိုဂျူဆာ၊ မင်းသား၊ အတတ်ပညာရှင် အသိပညာရှင်ကြီး မစ္စတာ ဗာလ တစ်ယောက် ကျွန်ုပ်၏ နေအိမ်မှ အောင်မြင်စွာ ထွက်ခွာသွားလေတော့သည်။



